အခန်း ၂၀ - အနမ်းတစ်ပွင့် ခိုးယူခြင်း
ဘီယာတစ်ဘူး ကုန်သွားသည်နှင့် ဟယ်ရူကောလည်း မျက်လုံးပင်မဖွင့်နိုင်အောင် မူးယစ်ရီဝေနေလေပြီ။
ယိုင်တိုင်တိုင်ဖြင့် ဘီယာဘူးကို ပြန်ချလိုက်ပြီးနောက် ဟယ်ရူကောက မီးဖုတ်ထားသလိုမျိုး နီရဲတောက်နေသော ပါးပြင်ကို လက်ဖြင့် စမ်းလိုက်မိသည်။
‘ပူလိုက်တာဟ’
သူ့နှုတ်မှလည်း တိုးတိုးလေး ရေရွတ်လိုက်မိသည်။
"ငါတော့... နေလောင်လို့ ကျက်သွားပြီတင်တယ်..."
ပြောလက်စစကားမှာလည်း ရုတ်တရက်ထွက်လာသော လေချဥ်တက်သံကြောင့် ပြတ်တောက်သွားရသည်။
ဟယ်ရူကောက ကြောင်တောင်တောင်ဖြင့် သူ့ဗိုက်ကိုသူပြန် စမ်းလိုက်ပြီးနောက်မဖွင့်ရသေးသော ထမင်းဘူးကို သံသယမျက်လုံးများဖြင့် ကြည့်လိုက်သည်။
‘ထူးဆန်းလိုက်တာ’
‘ထမင်းလည်း မစားရသေးဘဲ ဘယ်လိုလုပ် လေတွေတက်နေတာလဲ’
‘ပျော်လွန်းလို့ ဗိုက်ပြည့်သွားတာများလား’
ဟယ်ရူကောက အူကြောင်ကြောင်ဖြင့် ရယ်မောလိုက်ပြီးနောက် ခပ်နွေးနွေး ထမင်းဘူးလေးကို ဖွင့်လိုက်သည်။
ဗိုက်တင်းနေသည်ဖြစ်စေ မတင်းနေသည်ဖြစ်စေ ထမင်းဘူးကိုတော့ စားရမည်။
သူက ဈေးအကြီးဆုံး ထမင်းဘူးကိုမှ သေချာ အမှတ်တရ ဝယ်ထားတာမို့ အလဟဿ လွှင့်ပစ်လိုက်ရလျှင် သူ့စိတ်ထဲ နေလို့ကောင်းမည်မဟုတ်ပေ။
ထိုသို့တွေးပြီးနောက် သူက ထမင်းဘူးကို တစ်လုတ်ချင်းထိုင်စားတော့သည်။
ထမင်းစားလို့ပြီး၍ ထရပ်ဖို့ကြိုးစားချိန်တွင် သူ့ခေါင်းက အတော်လေးချာချာလည်နေကာ ခြေလှမ်းများမှာလည်း မြေကြီးနှင့်မကပ်တော့သလို ယိုင်နေတာကြောင့် ဟယ်ရူကောလည်း သူ့ကိုယ်သူ မနည်းထိန်းလိုက်ရသည်။
‘တကယ်ကို ထူးဆန်းလိုက်တာ’
‘ဒီအခန်းကြီးက ဘာလို့ လှုပ်နေရတာလဲ.. ငလျင်များလှုပ်နေတာလား’
ဟယ်ရူကောက အူကြောင်ကြောင်ဖြင့် နံရံကို အားပြုပြီးလျှောက်လာရင်းမှ
ယိုင်တိုင်တိုင်ဖြင့် ကွန်ပျူတာဆီသို့ ရောက်လာသည်။
QQ တွင်လည်း သူ့သူငယ်ချင်း ပို့ထားသည့် မဖတ်ရသေးသော စာများကို တွေ့လိုက်ရသည်။
စိတ်ခံစားချက်ကင်းမဲ့သော စာရိုက်စက် :
"V ဝင်တာ ဂုဏ်ယူတယ်နော် ဟေ့"
စိတ်ခံစားချက်ကင်းမဲ့သော စာရိုက်စက် :
"V ဝင်ပြီးရင် သေမလောက် Update တွေ တင်ဖို့ရော စာမူကြမ်းတွေ အဆင်သင့်ဖြစ်ပြီလား၊မင်းပြောထားတာ မင်းမမေ့နဲ့နော်၊ V ဝင်တာနဲ့ တစ်နေ့ကို စာလုံးတစ်သောင်းရေးရမယ်"
တိတ်ဆိတ်နေသော အခန်းငယ်လေးထဲတွင်၊ မွန်းတည့်ချိန်၏ နေရောင်ခြည်ကလေး ကျရောက်နေပြီး... သူ့နှလုံးသားကလည်း ဘီယာထဲတွင် နစ်မြုပ်နေရာ ဟယ်ရူကောသည်လည်း ရုတ်တရက်ကြီး ခံစားချက်တွေ ပြင်းထန်လာတော့သည်။
ရူကော : "ကျိကျိ၊ မင်း ငါ့ကို တစ်နေ့ကို စာလုံးတစ်သောင်းရေးဖို့အတွက် မညည်းမညူ တိုက်တွန်းပေးခဲ့တာတွေရော၊ ငါ့ရဲ့ စာမူကြမ်းတွေကို ကူဖတ်ပေးခဲ့တာတွေရော၊ ပြီးတော့ ငါ့ဝတ္ထုကို သေချာဝေဖန်ပြီး အားနည်းချက်တွေကို ရှာပေးခဲ့တာတွေရော အရာရာအတွက် ကျေးဇူးပါကွာ"
အတိတ်က အဖြစ်အပျက်လေးက သူ့စိတ်ထဲတွင် တစ်ခုပြီးတစ်ခု ပေါ်လာရာ
ဟယ်ရူကောက ကီးဘုတ်ကို တဖျောင်းဖျောင်းရိုက်လိုက်သည်။
"မင်းမရှိရင် ဒီနေ့လိုမျိုးနေ့လည်း ရှိလာမှာမဟုတ်ဘူး သူငယ်ချင်းကောင်းရာ... ငါတို့ တစ်ဘဝလုံး၊ တစ်သက်လုံး အတူတူရှိသွားကြမယ်"
ခံစားချက်တွေမရှိတော့တဲ့ စာရိုက်စက် :
"... ဝိုး၊ ဘာကို ကျိကျိတုန်း၊ ဘယ်သူက ကျိကျိတုန်း၊ ဒီကောင် စိတ်လွတ်သွားတာလား ဒါမှမဟုတ် မူးနေတာလား"
(Adm note: ရူကောပေးထားတဲ့ ခံစားချက်တွေမရှိတော့တဲ့ စာရိုက်စက် ရဲ့ nickname က ကျိကျိ(机机) = စက်ကလေး လို့အဓိပ္ပာယ်ရပါတယ်)
ရူကော : "ကျိကျိ၊ ငါ..."
ခံစားချက်တွေမရှိတော့တဲ့ စာရိုက်စက် :
"ငါ့ကို ကျိကျိလို့ မခေါ်ပါနဲ့ဆို"
ရူကော : "ကျိကျိ၊ ငါမမူးပါဘူးကွ၊ ဘီယာလေး နည်းနည်းပဲ သောက်ထားတာပါ"
စိတ်ခံစားချက်ကင်းမဲ့သော စာရိုက်စက်:
"အာ... မူးတဲ့ကောင်ကတော့ သူကိုယ်သူ မမူးဘူးလို့ပဲ ပြောမှာပေါ့၊ လိမ်လိမ်မာမာနဲ့ အခုချက်ချင်း ကုတင်ပေါ်သွားအိပ်လိုက်တော့ သွား"
ရူကော : "ဒါပေမဲ့ ကျိကျိကလည်း၊ ငါက ဂိမ်းလေးခဏလောက် ဆော့ချင်သေးတာ"
စိတ်ခံစားချက်ကင်းမဲ့သော စာရိုက်စက် : "ဘုရားရေ၊ မင့်ဒီလောက် မူးနေတာကို၊ ဘာဂိမ်းတွေ ထပ်ဆော့နေမှာလဲ"
ရူကော : "ကျားဖြူလေးကို နို့တိုက်မယ့်လူ မရှိဘူးလေ၊ ငါမရှိရင် သူ ဗိုက်ဆာနေလိမ့်မယ်"
စိတ်ခံစားချက်ကင်းမဲ့သော စာရိုက်စက် :
"... ကောင်းပြီလေ၊ မင်းစိတ်ကြိုက်လုပ်၊ ငါမင်းကို နာရီဝက် ဆော့ခွင့်ပေးမယ်၊ နာရီဝက်ပြည့်တာနဲ့ ချက်ချင်း ကုတင်ပေါ်တက်အိပ်၊ မဟုတ်ရင်တော့ မင်းရဲ့စာဖတ်သူတွေကို 'အရက်မူးနေတဲ့ခိုသား' လုပ်ကျွေးပစ်မယ်"
ခွင့်ပြုချက်ရသွားသည့် ဟယ်ရူကောလည်း အလွန်ပျော်ရွှင်သွားသည်။
သူက ဒီလောက်မူးနေတာတောင် ဂိမ်းကစားချိန်ကို ညှိဖို့ရာ မမေ့သေး။
သူက လက်တစ်ဖက်ဖြင့် သူ၏ တဒိတ်ဒိတ်သွေးတိုးနေသော နားထင်ကို ထောက်ထားရင်းမှ၊ နောက်လက်တစ်ဖက်နှင့် ဂိမ်းထဲမှ အကောင်ပေါက်လေးများကို နို့တိုက်ရန်အတွက် မောက်စ်ကို နှိပ်လိုက်သည်။
အခုဆိုရင် အကောင်ပေါက်လေးတွေထဲ ငါးကောင်ပဲ ကျန်တော့တာမို့၊ ကျားဖြူလေးအလှည့်က ခနလေးနဲ့ ရောက်လာသည်။
နံပါတ် ၂၀ ၏ အခန်းတံခါးလေးပွင့်လာပြီးနောက်၊ ဟယ်ရူကော၏ အရက်ခိုးတို့ဝေနေသော မျက်ဝန်းများက ကျားဖြူလေးကို မြင်လိုက်ရသည့်အခိုက်တွင် ချက်ချင်း ပြူးကျယ်သွားရသည်။
ဟယ်ရူကောက ကျားဖြူလေးကို သေချာကြည့်ရန် အနီးကပ်တိုးသွားရာ၊ သူ့နှာခေါင်းနဲ့ screen နဲ့ပါ သွားဆောင့်မိမတတ်ပင်။
သူက ခပ်ဖွဖွရယ်လိုက်ပြီးနောက် ဆိုလာသည်။
"ပေါင်ပေ့ မင်းကကွာ တအားချစ်ဖို့ကောင်းတာပဲ"
ဂွမ်းအသိုက်လေးထဲတွင် ထိုင်နေသည့် ကျားဖြူလေးမှာလည်း လန့်သွားသလိုမျိုး တစ်ချက်တုန်သွားပြီးနောက် ဟယ်ရူကောကို အံ့သြတကြီးဖြင့် မော့ကြည့်လာသည်။
ဟယ်ရူကောက 'ရင်းနှီးစွာတုံ့ပြန်ရန်’ ဆိုသည့် ခလုတ်ကို မနှိပ်လိုက်ပေ။
သူက တဒုတ်ဒုတ်ဖြင့် ကိုက်နေသော နားထင်ကို အသာပွတ်လိုက်ပြီးနောက် သူ့နှာတံပေါ်မှ မျက်မှန်ကိုင်းမှာလည်း လေးလာသလို ခံစာရတာမို့ မျက်မှန်ကိုပါ ချွတ်ပစ်လိုက်သည်။
‘တကယ်ထူးဆန်းတာပဲ’
‘Screen ပေါ်မှာ ဘာလို့ ကျားဖြူလေး နှစ်ကောင်ရှိနေတာပါလိမ့်’
ဟယ်ရူကောက မျက်လုံးများကို ပွတ်သပ်လိုက်ပြီး၊ နောက်တစ်ကြိမ် သေချာစိုက်ကြည့်လိုက်သည်။
ကျားဖြူလေးက နှစ်ကောင်ဖြစ်နေတုန်း
ထိုကျားဖြူလေးနှစ်ကောင်လုံး၏ မျက်နှာလေးတွေမှာလည်း
"ဘာတွေထကြောင်နေပြန်တာလဲဟ" ဆိုသည့် ပုံစံမျိုးဖြင့်၊ ဟယ်ရူကောကို နားမလည်နိုင် စိုးလည်း စိုးရိမ်နေသည့် မျက်နှာလေးတွေဖြင့်ကြည့်နေသည်။
အပြာရောင်မျက်လုံးလေးတွေကလည်း တလက်လက်တောက်ပနေပြီး၊ သူတို့ခြေထောက်ကလေးတွေကလည်း ကြမ်းပြင်ကပဲပူနေသလိုမျိုး တလှုပ်လှုပ်ဖြစ်နေသည်။
‘အရမ်းချစ်ဖို့ကောင်းတာပဲ’
ဟယ်ရူကောလည်း အူယားသွားကာ ရယ်လိုက်မိသည်။
‘ကျားဖြူလေး နှစ်ကောင်ဆိုတော့၊ ချစ်စရာလေးတွေ နှစ်ဆ ဖြစ်သွားတာပေါ့’
‘အား၊ အရမ်းကြိုက်တာပဲ’
"ကျားလေးနှစ်ကောင်~ ကျားလေးနှစ်ကောင်~ မြန်မြန်ပြေး~ မြန်မြန်ပြေး~"
ဂွမ်းအသိုက်လေးထဲတွင် ထိုင်နေသည့် ကျားဖြူလေးမှာမူ သူပြောနေသည့် နောက်ကျားတစ်ကောင်က ဘယ်မှာပါလိမ့်ဟု ရှာနေသလိုမျိုး၊
ခေါင်းလေးကို တယမ်းယမ်းလုပ်နေသည်။
ထိုအခိုက်တွင် ဟယ်ရူကော၏ လက်က ကျားဖြူလေး၏ နားရွက်ကိုသွားတို့လိုက်သည်။
"တစ်ကောင်က နားရွက်မရှိဘူး"
ပန်းပွင့်လေးလို ကျားနားရွက်လေးကလည်း အောက်သို့ ကွေးသွားကာ ကျားပေါက်လေး၏ အပြစ်ကင်းစင်သော အပြာရောင်မျက်လုံးလေးများက ရှေ့မှ ဟယ်ရူကောကို တွေဝေစွာ မော့ကြည့်နေသည်။
"တစ်ကောင်က အမြီးမရှိဘူး"
ဟယ်ရူကော၏ လက်ချောင်းသွယ်သွယ်တို့က ကျားဖြုလေး၏ အမြီးလေးကို ဖွဖွလေးတို့ထိသွားပြီးနောက် လုံးတစ်နေသော တင်ပါးလေးကိုပါ တစ်ချက်တို့လိုက်သည်။
ကျားဖြူလေးမှာလည်း ချက်ချင်းပင် အမွေးများထောင်ထသွားပြီး
ရှက်စိတ်ရော ဒေါသစိတ်ပါရောကာ ဟယ်ရူကောကို စူးစူးရဲရဲစိုက်ကြည့်လာသည်။
ဟယ်ရူကောက ခပ်တိုးတိုးရယ်လိုက်သည်။
"ထူးဆန်းလိုက်တာ~ ထူးဆန်းလိုက်တာ~"
မူးချင်တိုင်းမူးနေသော ဟယ်ရူကောမှာ သီချင်းစာသားကို ဆုံးအောက် မနည်းဆိုပြီးနောက် ကွန်ပျူတာရှေ့တွင် ခေါင်းမှောက်ကျကာ အိပ်ပျော်သွားတော့သည်။
အရင်တစ်ခေါက် ရေချိုးခန်းထဲဝင်ရတုန်းက စမ်းသပ်ခံသတ္တဝါလေးတွေ တဖြည်းဖြည်း နည်းလာကြောင်းကို သတိပြုမိခဲ့သည်။
ဒီတစ်ခါတော့ ဟယ်ရူကော သူ့အရှေ့က စမ်းသပ်ခံသတ္တဝါလေးတွေကို နို့တိုက်နေရင်း သိခဲ့ရသည်ကသူ့အပြင် တခြားအကောင်လေး လေးကောငိပဲ ကျန်တော့တယ်ဆိုတာကို သိလိုက်သည်။
ဂိမ်းက ဇာတ်လမ်းအရှိန်ကို မြှင့်လိုက်တာဖြစ်ရမည်။
ရှီကွေ့ချန်က တည်ငြိမ်စွာဖြင့် သုံးသပ်နေမိသည်။
'ice project' က သုံးလ ကြာမြင့်ခဲ့သည်။
အကယ်၍သာ အရှေ့ကို မမြန်ထားပါက ရှီကွေ့ချန်သည်လည်း အရင်က ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များကို သုံးလတိုင်တိုင် အသေးစိတ်ကအစ ပြန်လည်ခံစားရမည်ဖြစ်ရာ၊ အနားမှာ ဟယ်ရူကော ရှိနေသည့်တိုင်၊
သူစိတ်တွေ အလွန်တရာ မွန်းကျပ်နေလိမ့်မည်ပင်။
သူအရင်က တွေ့လိုက်သည့် ဗိုင်းရပ်စ်ဆိုသည်မှာလည်း ဂိမ်း၏ ချို့ယွင်းချက်တစ်ခုခုကြောင့် ပေါ်လာတာဖြစ်မှာပင်။
ထို့နောက်တွင် ဟယ်ရူကောဟု ထင်ရသည့် ယိုင်တိုင်တိုင် ခြေသံများကသူ့အခန်းရှေ့တွင် ရပ်တန့်သွားပြီးနောက် သံတံခါးက ဖြည်းညှင်းစွာ ပွင့်လာသည်။
ရှီကွေ့ချန်၏ ရှေ့တွင် ပေါ်လာသော...
‘သူ့မျက်နှာက နီနေတာလား’
ဟယ်ရူကော၏ မျက်နှာပေါ်မှ အနီရောင်တို့က မပြယ်သေးပေ။
လေ့ကျင့်ခန်းလုပ်ပြီးလို့ သွေးတွေနွေးကာ နီလာတာမျိုးလည်း မဟုတ်သလို၊
ရှက်လို့ နီလာတာမျိုးလည်း မဟုတ်ပေ။
ဒီအနီရောင်ကို တိတိကျကျ ဖော်ပြရန် ခက်ခဲလှသည်။
ဟယ်ရူကော၏ ဖြူဖွေးနေသော အသားအရေပေါ်တွင် နွေဦးကာလ၊ သုံးလပိုင်းတွင်ပွင့်သည့် မက်မွန်ပန်းဖျော့ဖျော့လေးများ လွှမ်းခြုံနေသလို...
သူ့လည်ပင်းမှာလည်း ပန်းရောင်ဖျော့ဖျော့လေးသန်းနေပြီး၊ အဲဒီပန်းရောင်ဖျော့ဖျော့လေးက အပေါ်ကို တဖြည်းဖြည်းတက်သွားတာမျိုးပင်။
ထိုပန်းရောင်ဖျော့ဖျော့ကလေးက အပေါ်တက်လာသည်နှင့် အရောင်လေးက တစ်ဆင့်ပိုရဲလာကာ၊ နှုတ်ခမ်းရဲရဲလေးတွေကနေ နှာတံလေးတွေ၊ နောက်ပြီး ပါးပြင်နှစ်ဖက်... သူ့မျက်နှာလေးတစ်ခုလုံးက တိမ်တိုက်နီနီလေးကြားမှ ပြန်ထွက်လာသလိုမျိုး တက်ပနေသည်။
ဟယ်ရူကောက ဘယ်လောက်တောင် မထိရက် မကိုင်ရက်လောက်အောင် ချောကြောင်းကို ရှီကွေ့ချန်လည်း သိပြီးသားဖြစ်သည်။
သု့အလှက သန့်စင်ပြီး ကြည်လင်လွန်းသဖြင့် တစ်ယောက်ယောက်က အနားကပ်ပြီး ထိတွေ့လိုက်လျှင်ပင် ထိုအဖြူရောင်လေးကို စွန်းထင်းသွားတော့မလား ထင်ရလောက်သည်။
သို့သော်လည်း အခု လက်ရှိမှာတော့ သူ့ရှေ့က ဟယ်ရူကောက မတူသည့်ခံစားမှုကို ပေးနေသည်။
အနီရောင် အချိုရည်တွေစွန်းထားလိုမျိုး။
ဒီလိုဆိုတော့လည်း အဖြူရောင်သာမက... အနီရောင်ကပါ ဟယ်ရူကောနှင့်တွဲဖက်လိုက်ပါက ထင်မှတ် မထားလောက်အောင် လိုက်ဖက်နေသည်။
အနီရောင်တွေစွန်းထင်းနေသည့် ဟယ်ရူကော၏ခန္ဓာကိုယ်လေးကလည်း ပျော့ပျောင်းနေပြီး။
လမ်းလျှောက်နေပုံကလည်း ယိမ်းခါနေသည်။
အမူးသမားက ရှီကွေ့ချန်၏ ရှေ့မှောက်သို့ ရောက်ရှိလာချိန်တွင်၊
သူ၏ လှုပ်ရှားမှုတိုင်းမှာ ဇာတ်ကားကို အနှေးကွက် ဖြင့် ပြသနေသလိုပင်။
ဟယ်ရူကောက ရုတ်တရက် ရပ်တန့်လိုက်ပြီးနောက် သူ့ကိုယ်ကို ညွှတ်ကိုင်းလာချိန်တွင်တော့ ရုတ်တရက်ကြီးပြန်မြန်သွားပြန်သည်။
ဘီယာနံ့ပျော့ပျော့ထွက်နေသည့် ဟယ်ရူကောက ကြိုတင်အသိပေးခြင်းမရှိဘဲ ရှီကွေ့ချန်နားသို့ တိုးကပ်လာရာ၊ သူ၏ နီမြန်းနေသော မျက်နှာက ရှီကွေ့ချန်နှင့် အလွန်နီးကပ်လာသည်။
ရှီကွေ့ချန်လည်း ဘာလုပ်ရမှန်းမသိ ဖြစ်သွားပြီးနောက် ထိတ်လန့်သွားသည့် သားပေါက်လေးတစ်ကောင်လို တစ်ကိုယ်လုံး တောင့်တင်းသွားရသည်။
သူ၏ ကျောဘက်မှ အမွေးလေးတွေမှာလည်း ထောင်ထလာမတတ်ဖြစ်နေရသည်။
‘အရမ်းနီးလွန်းတယ်’
သူတို့ကြားမှ အကွာအဝေးမှာ ရှီကွေ့ချန်အတွက် သတိလက်လွတ်ဖြင့် မူးရီရီမျက်ဝန်းနက်များထဲသို့ တိုးဝင်သွားမိလောက်အောင် နီးကပ်နေသည်။
မျက်ဝန်းလဲ့လဲ့များက အလွန်တရာချိုမြိန်ပြီး လူကိုစွဲလမ်းစေသည့် ဝိုင်တစ်မျိုးကို သယ်ဆောင်လာသလိုပင်။
ဟယ်ရူကော၏ နှာခေါင်းထိပ်မှ လေငွေ့နွေးနွေးကလည်း ရှီကွေ့ချန် ၏ မျက်နှာပေါ်သို့ ကျရောက်လာသည်။
ဒါက အရက်နံ့ ဖြစ်သော်လည်း သာမန်အရက်နံ့နှင့် မတူပေ။
မွှေးရနံ့ယဥ်ယဥ်လေးတစ်ခုက ရောနေပြီး လွင့်ပျံနေသော မွှေးနံ့များကြားတွင် နီရဲနေသော နှုတ်ခမ်းများက အဖွင့်အပိတ်လုပ်လိုက်တာကို ရှီကွေ့ချန်လည်း မြင်လိုက်ရသည်။
ထို့နောက်တွင် စကားသံ ရွှင်ရွှင်ပျပျလေးက ပျံ့လွင့်လာသည်။
" ပေါင်ပေ့ မင်းကကွာ တအားချစ်ဖို့ကောင်းတာပဲ"
ခပ်ထွေထွေဖြင့် ပြောလာသောကြောင့် သူ့စကားတွေက မပီသသော်လည်း " ပေါင်ပေ့" ဆိုသည့် စကားလုံးလေးနှစ်လုံးကတော့ အလွန်တရာ ရှင်းလင်းပြတ်သားနေသည်။
ပေါင်ပေ့တဲ့!!!
ရှီကွေ့ချန်၏ ဦးနှောက်ထဲတွင် တာတမံကြီးက ဝုန်းခနဲကျိုးကျလာသလိုမျိုး ချိုမြိန်မှုများက တလဟောစိမ့်ဝင်လာလိုပင်။
ပန်းနုရောင် နှုတ်ခမ်းများက ပွင့်လာလိုက် ပိတ်သွားလိုက် ဖြစ်သွားတိုင်းမှာ သာယာသည့် တေးသံလေးများက ထွက်ပေါ်လာသည်မှာ ဖန်ခွက်ထဲသို့ ဝိုင်အမျိုးအစားကောင်းကောင်း တစ်ပုလင်းကို လောင်းချလိုက်သလိုပင်။
လေပြေလေးလို နူးညံ့ပြီး ပင်လယ်လိုလည်း ကျယ်ပြန့်နေသည့် ငြိမ်းချမ်းခြင်း၏ တေးသွားလေးတစ်ပုဒ်လိုပင်။
ထိုတေးသံလေးက ရှီကွေ့ချန်၏ အသိစိတ်ပင်လယ်ထဲသို့ တစ်စက်ချင်း
တစ်စက်ချင်း စီးဝင်လာသည်။
အက်ကြောင်းပေါင်းများထကာ ပျက်စီးနေသော သူ၏ အသိစိတ်ပင်လယ်မှာလည်း ထိုတေးသံလေးကြောင့် တစ်ချက်တုန်ခါသွားပြီးနောက် နာကျင်မှုအားလုံး လွင့်ပြယ်သွားတော့သည်။
ပျက်စီးနေသော အနာအဆာများသည်လည်း ခပ်ဖွဖွလေး ကုသပေးလိုက်သလိုပင်။
ရှီကွေ့ချန်အတွက် ဒီလောက်ထိ ငြိမ်းချမ်းပြီး နေလို့ကောင်းသည့် ခံစားချက်ကို ဘယ်တုန်းကမှ မခံစားခဲ့ရဖူးပေ။
အခုအချိန်မှာ သူ့စိတ်က မတ်မတ်မရပ်နိုင်သလို ထိုင်လည်း မထိုင်တတ်သေးသည့် ကျားဖြူသေးသေးလေးတစ်ကောင် ဖြစ်သွားသလိုပင်။
သူက ပုခက်ထဲ ပြန်ရောက်သွားပြီးနောက် တစ်စုံတစ်ယောက်က ပုခက်ကို လွှဲပေးနေရင်းမှလည်း တေးတစ်ပိုဒ်ကို ညည်းနေသလို ခံစားလိုက်ရသည်။
ထိုအခိုက်တွင် လက်ချောင်းတစ်ချောင်းက ရှီကွေ့ချန်၏ နားရွက်ကို လာထိရာ ရှီကွေ့ချန်၏ နားရွက်ဖျားလေးမှာလည်း ချက်ချင်းပင် နီရဲတက်သွားရသည်။
သူ့ စိတ်ထဲမှာ တင်းသွားမိသော်လည်း တကယ်တမ်း ဒေါသထွက်လို့လည်းမရပေ။
နားထဲတွင် ကြားနေရသည့် တေးသံကလေးက သာယာလှတာမို့ ထိုတေးသံသာလေးထဲတွင် နစ်မြုပ်နေသည့် ရှီကွေ့ချန်၏ အသိစိတ်ပင်လယ်မှာလည်း အလွန်တရာ သက်တောင့်သက်သာ ရှိနေသညါ။
လောကကြီးမှာရှိတဲ့ အပူပင်တွေအားလုံးကိုပါ မေ့သွားလုနီးပါး…
သို့သော်လည်း လက်ချောင်းရှည်ရှည်တွေက သူ့တင်ပါးကို လာတို့တာကို ခံစားလိုက်ရသည်။
ရှီကွေ့ချန်လည်း အတင့်ရဲလွန်းသည့် အမူးသမားလေးကို စိုက်ကြည့်လိုက်ရာ
ဟယ်ရူကောက ရယ်မောလာသည်။
သူ၏ စိုစွတ်နေသော မျက်တောင်လေးများက တဖြည်းဖြည်း အိစင်းလာပြီးနောက်ပိုက်ကွန်မှ ရုန်းထွက်ဖို့ကြိုးစားနေသည့် အကောင်လေးလိုမျိုး ဟယ်ရူကောကအိပ်ချင်စိတ်ကို အသည်းအသန်တွန်းလှန်နေသည်။
သူက မျက်တောင်တွေကို တဖြည်းဖြည်းခတ်နေရာမှ မျက်တောင်ခတ်သည့် အရှိန်ကလည်း တဖြည်းဖြည်း နှေးကွေးလာသည်။
နောက်ဆုံးမှာတော့ မှတ်သွားသည့် မျက်တောင်လေးတွေ နောက်တစ်ကြိမ် ပြန်ပွင့်မလာတော့ဘဲ ဟယ်ရူကောလည်း အားမရှိတော့သလိုမျိုး နှစ်ခြိုက်စွာ အိပ်ပျော်သွားတော့သည်။
ရှီကွေ့ချန်ကြားနေရသော တေးသံလေးကလည်း ရုတ်တရက် ရပ်တန့်သွားသည်။
အကယ်၍ သူ၏ အသိစိတ်ပင်လယ်သာ သူ မရတာကြာပြီဖြစ်သည့် အေးချမ်းမှုနှင့် သက်တောင့်သက်သာ ခံစားချက်တို့ကို မရရှိခဲ့ပါက ဒါတွေအားလုံးက အိပ်မက်တစ်ခုလို ဖြစ်နေလိမ့်မှာပင်။
ထို့နောက်တွင်တော့ ပြင်းလာလိုက် ပျော့သွားလိုက် ဖြစ်နေသော အရက်နံ့လေးက လေထဲတွင် စွဲကျန်ရစ်သည်။
အလင်းရောင်ပျပျသာရှိသော အခန်းငယ်လေးထဲတွင် ဖုန်မှုန့်လေးများက အလင်းရောင် အနည်းငယ်ရှိရာတွင် ဝေ့ဝဲနေကြသည်။
ကောင်ငယ်လေးကလည်း ကြမ်းပြင်ပေါ်တွင် တစောင်းလေး အိပ်ပျော်နေသည်။
သူက နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်နေတာပင်။
ရှီကွေ့ချန်လည်း ဟယ်ရူကော၏ အသားအရေပေါ်မှ အနီရောင်လေးတွေ အခုထိ မပြယ်သေးသည်ကို မြင်လိုက်ရသည်။
အရာရာက နူးညံ့ပြီး နွေးထွေးနေကာ ပြောမပြတတ်လောက်အောင် ချိုမြိန်နေသည်။
ဟယ်ရူကော၏ ပိတ်ထားသည့် မျက်တောင်လေးတွေကလည်း ရှည်လျားပြီး ကော့ညွတ်နေကာ နှုတ်ခမ်းတွေကလည်း ပုံမှန်ထက် ပိုမိုနီရဲနေသည်။
ကျားဖြူလေးမှာလည်း အလိုလိုပင် သွေးဆောင်ခံလိုက်ရကာ ကောင်လေး၏ အနားသို့ တိုးကပ်သွားသည်။
သူက လက်ဖဝါးလေးဖြင့် ကောင်လေး၏ ပါးပြင်လေးကို ဖွဖွလေး တို့ထိလိုက်သည်။
‘နွေးလိုက်တာ’
ကျားဖြူလေး၏ လက်ဖဝါးလေးက မီးစနှင့် ထိမိသလိုမျိုး ချက်ချင်းပင် ပြန်ရုတ်သွားသည်။
ခဏအကြာတွင်မူ ကျားဖြူလေးက သတိကြီးကြီးဖြင့် ခေါင်းလေးကို ပြန်ငုံ့လိုက်သည်။
သူက အသက်ရှူသံကိုလည်း မပြင်းအောင် မနည်းထိန်းထားရင်းမှ မမြင်ရသော စွမ်းအားတစ်ခုက သူ့ကို တွန်းပို့လိုက်သလိုမျိုး သူ့ရှေ့က နှုတ်ခမ်းလေးကို ဖွဖွလေး နမ်းလိုက်သည်။
‘ချိုလိုက်တာ’
သစ်သီးအရသာ သကြားလုံးလေးတွေထက် ပိုချိုပြီး လွင့်ပါလာသော အရက်နံ့တစ်စွန်းတစ်စကလည်း မူးယစ်သွားစေရာ အလွန်တရာ ဆွဲဆောင်နိုင်လွန်းသည်ပင်။