အခန်း ၅ - ချစ်စရာကောင်းစွာသရုပ်ဆောင်ရင်း မင်းဆီသို့
စောင့်ကြည့်ရေးကင်မရာကို ဆယ်မိနစ်ကြာ ပိတ်ထားသည့်အချိန် ကုန်သွားသောအခါ..ဟယ်ရူကောမှာ အနည်းငယ် နှမြောတသဖြစ်သွားသည့်စိတ်ကလေးဖြင့် ကျားဖြူလေးကို ပွတ်သပ်ခြင်းအား အဆုံးသတ်လိုက်သည်။
၂၈ မှတ်အထိတက်သွားသည့် နှစ်သက်မှုအဆင့်ကို ကြည့်ရင်းလည်း သူ့ စိတ်ထဲမှာ နောက်တစ်ကြိမ် ပျော်ရွှင်လာပြန်၏။
ပင်မမစ်ရှင်မှာ ခြောက်ကြိမ်မြောက်စမ်းသပ်မှု ပြီးဆုံးသည့်အခါ နှစ်သက်မှုအဆင့် အနည်းဆုံး၆၀ အထိ ရောက်အောင်လုပ်ရန်ဖြစ်သည်။
အောင်မှတ်က အလွယ်တကူရောက်နိုင်မည့်ပုံပင်။
အခုမှ ပထမဆုံးစမ်းသပ်မှုပဲ ရှိသေးတာကို ၂၈ဆို၊ သုံးကြိမ်မြောက်စမ်းသပ်မှုလောက်ရောက်လျှင် နှစ်သက်မှုအဆင့် ၉၀ လောက်အထိများ ရအောင်လုပ်နိုင်မလားပဲ။
အလားအလာကတော့ အလွန်ကောင်းမွန်နေပုံရသော်လည်း ဟယ်ရူကောသည် တစ်နေရာ၌ တစ်ခုခုမှားနေသလို ခံစားနေခဲ့ရသည်။
စာရေးဆရာတစ်ယောက်အနေနှင့် သူသိနေခြင်းက စာရေးသည့်အခါ သတိထားရမည့်အရာတစ်ခုမှာ စာဖတ်သူများကို ငါးစာ စောစောကျွေးတာမျိုးပင်။
ဒီဂိမ်းသည်လည်း ယင်းသဘောတရားအတိုင်း ဖြစ်မှာပင်။
ကစားသမားများကို ပျော်ရွှင်စွာဖြင့် တစ်လမ်းလုံး ပြေးလိုက်လာစေရန်အတွက် ဒိန်ခဲ အတုံးသေးသေးလေးတွေဖြစ်အောင်ချိုးပြီး ဖြည်းဖြည်းချင်း ကြဲချပေးသင့်တယ် မဟုတ်ပါလား။
ဟယ်ရူကော သေချာမစဉ်းစားရသေးခင်မှာပင် B6 အခန်း၏တံခါးမကြီးက တွန်းဖွင့်ခြင်းခံလိုက်ရသည်။
မျက်နှာဖုံးနှင့် လက်အိတ်များဝတ်ဆင်ထားပြီး အပြည့်အစုံလက်နက်တပ်ဆင်ထားသည့် ဝန်ထမ်းတစ်ယောက်က တံခါးဝမှာရပ်ရင်း ဟယ်ရူကော ကို လက်ယပ်ခေါ်လိုက်သည်။
ထိုသူ၏အမှတ်အသားဖြစ်သည့် အဝါရောင်ဆံပင်သာ မရှိလျှင် ဟယ်ရူကော သူ့အား မှတ်မိလိမ့်မည် မဟုတ်ပေ။
သူ ဒီ NPC ကို မှတ်မိသည်။
ဂိမ်းအစပိုင်းဇာတ်လမ်းမှာ ကျားဖြူလေးကို သယ်လာသည့် ဝန်ထမ်းပင်။
ဂိမ်းထဲကနေတစ်ဆင့် သူလည်း ရှေ့ကိုတက်သွားပြီး၊ ထိုဝန်ထမ်းဘေးမှ စင်္ကြံမှာရပ်လိုက်သည်။
ထို NPC ကို မောက်စ်ဖြင့် နှိပ်လိုက်သောအခါ စကားပြောသည့်နေရာလေး ပေါ်ထွက်လာသည်။
ဟွမ်ယုံး : [ ဒီနေ့ ငါ အစမ်းသပ်ခံတွေရဲ့ အချက်အလက်တွေကို မှတ်တမ်းတင်ရမယ်၊ မင်းက မျက်နှာဖုံးနဲ့ လက်အိတ်ကို ဝတ်ထားလိုက်၊ ငါက အခန်းလေးကိုဖွင့်ပြီး အချက်အလက်တွေတိုင်းတာတဲ့အခါ၊ မင်းက ကြောင်သဲပုံးကို သန့်ရှင်းရေးလုပ်၊ ဘာပဲလုပ်လုပ် အသံမထွက်စေနဲ့ ]
[နေ့စဥ်တာဝန် :ကြောင်သဲပုံးကို သန့်ရှင်းရေးလုပ်ရန် (၀/၂၀)]
ဟယ်ရူကောက ဟွမ်ယုံးပိုင်ဆိုင်သည့် အဆင့်မြင့်နည်းပညာများဖြင့် ပြည့်နှက်နေသည့် သတ္တုခေါင်းစွပ်အသေးလေးကို တိတ်တဆိတ်ကြည့်လိုက်ပြီးနောက် သူ၏လက်ထဲက အနက်ရောင်ပလတ်စတစ်အိတ်နှင့် ကြောင်သဲပုံးတွင်သုံးသောဂေါ်ပြားကို ငြိမ်သက်စွာဖြင့် ပြန်ကြည့်လိုက်သည်။
စကားဖြင့် ဖော်ပြရခက်သည့် အဆင့်အတန်း ကွာဟသလို ခံစားချက်တစ်ခုကလည်း သူ့စိတ်ထဲတွင် ပျံ့နှံ့လာသည်။
ဟွမ်ယုံး က ရှေ့မှဦးဆောင်ပြီး အခန်းနံပါတ် ၁ တံခါးကို ဖွင့်လိုက်သည်။
တံခါးနောက်ကွယ်မှာတော့ အဝါရောင်ခွေးပေါက်လေးတစ်ကောင် ရှိနေသည်။
ခွေးပေါက်လေးက လက်နက် အပြည့်အစုံတပ်ဆင်ထားသည့် ဟွမ်ယုံးနှင့်ဟယ်ရူကော ကို မြင်သောအခါ၊ ကြောက်ရွံ့သည့်အရိပ်အယောင်သိပ်မရှိဘဲ၊ သူ၏အနက်ရောင်စပျစ်သီးလေးလို မျက်လုံးများထဲမှာတော့ လင်းလက်တောက်ပနေသည့် စူးစမ်းလိုစိတ်များဖြင့် ပြည့်နှက်နေသည်။
သူက အသိုက်လေးထဲမှ ပျော်ရွှင်စွာထလာပြီးနောက် ဟွမ်ယုံး၏ ခြေထောက်နားသို့ ပြေးလာကာ အမြီးလေးကိုလည်း ဝှေ့ယမ်းနေသည်။
လူကြီးကို ချွဲနွဲ့ချင်သည့်ပုံစံဖြင့် သူ၏လက်နုနုလေးနှစ်ဖက်က ဟွမ်ယုံး၏ ဘောင်းဘီအောက်နားစကို ကုတ်ခြစ်ရင်း၊ မြည်သံပေးနေတော့သည်။
ဒီဂိမ်း၏ အသံပိုင်းဆိုင်ရာက အရမ်းကောင်းတာမို့၊ တကယ့်လက်တွေ့ဆန်လှသည်။
ဟယ်ရူကောက အသံကိုကြားရုံဖြင့် တိရစ္ဆာန်လေးတွေ၏ စိတ်အခြေအနေကို ခန့်မှန်းနိုင်နေပြီဖြစ်သည်။
သူ့နားကြပ်ထဲမှ ကြားလိုက်ရသည့် သေးသွယ်နုနယ်သော တိရစ္ဆာန်ငယ်လေး၏အသံကြောင့် ဟယ်ရူကော၏ နှလုံးသားမှာ အရည်ပျော်ကျမတတ်ပင်။
သူ၏အပြုံးလေး ပေါ်လာကာစမှာပင်၊ နောက်တစ်စက္ကန့်မှာတော့ ထိုအပြုံးမှာ အေးသွားရသည်။
ဟွမ်ယုံး သူ၏ဖိနပ်ထိပ်ဖြင့် ခွေးငယ်လေး၏ နူးညံ့လှသော ဝမ်းဗိုက်ကလေးကို ရက်စက်စွာ ကန်လိုက်ရာ၊ နုနယ်လှစွာအော်နေသည့် အသံလေးမှာလည်း ချက်ချင်းဆိုသလို အလွန်စူးရှသောအသံအဖြစ်ပြောင်းလဲသွားသည်။
ထိုအသံလေးမှာ သံထည်တစ်ခုဖြင့် မှန်ကိုခြစ်ပါက နားထဲစူးဝင်စေသောအသံနှင့်တူသလို၊ ထိတ်လန့်သွားသည့် ငှက်ကလေးတစ်ကောင်၏ အော်သံနှင့်လည်း ဆင်တူနေသည်။
အခန်းထဲရှိ တခြားတိရစ္ဆာန်ငယ်လေးများ၏ ကျီကျီကျာကျာအသံများမှာလည်း ရပ်တန့်သွားကာ၊ သူတို့အားလုံး ထိတ်လန့်သွားပုံရသည်။
ခွေးငယ်လေးမှာလည်း ကန်ချက်ကြောင့် မြေပေါ်သို့ လဲကျသွားသည်။
ဘာဖြစ်သွားသည်ကို သူနားမလည်သေးခင်မှာပင်၊ အားကောင်းလှသော လက်ကြီးတစ်ဖက်က သူ့လည်ပင်းကို ဆွဲကိုင်လိုက်ပြီးနောက်
အေးစက်လှသော သတ္တုခေါင်းစွပ်ကို သူ့ခေါင်းပေါ်သို့ စွပ်ပေးလိုက်သည်။
ဟယ်ရူကော၏ မျက်လုံးများက အနည်းငယ်ပြူးကျယ်သွားပြီး၊
ဟွမ်ယုံး က ခေါင်းစွပ်ပေါ်မှ အနီရောင်ခလုတ်ကို ဖြစ်သလိုနှိပ်လိုက်သည်ကို ကြည့်နေမိသည်။
ခေါင်းစွပ်အတွင်းမှ မျက်စိစူးလောက်အောင်ဖြူလင်းနေသည့် အလင်းရောင်က အပြင်သို့ အနည်းငယ်လျှံထွက်ကာ။ ထို့နောက်တွင်တော့ ခွေးလေး၏ အသည်းခိုက်မတတ် အော်ဟစ်သံများက ထွက်ပေါ်လာသည်။
ထိုအသံမှာ အလွန်ပြင်းထန်သည့် နာကျင်မှုကို ခံစားနေရပုံရပြီး ခွေးငယ်လေးမှာ တစ်ကိုယ်လုံး တုန်တက်နေတော့သည်။
အလောတကြီးအော်ဟစ်နေသည့်အသံထဲတွင် ကြောက်ရွံ့မှုများပါဝင်နေပြီးသူဒီနေရာမှ လွတ်မြောက်ရန် အစွမ်းကုန်ကြိုးစားနေသော်လည်း လုံးဝယှဥ်မနိုင်သည့် အင်အားက ခုခံမရအောင် ဖိနှိပ်ထားသည်။
ထိုသတ္တုခေါင်းစွပ်က ကွပ်မျက်ရေးကိရိယာတစ်ခုနှင့်တူနေပြီး ကွပ်မျက်သူ ဟွမ်ယုံးတွင် သနားညှာတာစိတ် တစ်စိုးတစ်စိမှမရှိပေ။
သူက ခေါင်းမော့ပြီး ဟယ်ရူကောကို ကြည့်ကာ၊ ကြောင်သဲပုံးကို သန့်ရှင်းရေးလုပ်ရန် မျက်လုံးဖြင့် အချက်ပြလိုက်သည်။
[ကစားသမားအသစ်များအတွက် လမ်းညွှန် :မစင်ကို နှိပ်ပြီး၊ ဂေါ်ပြားဖြင့် မစင်ကို အိတ်ထဲသို့ ထည့်ပါ]
ဂိမ်းက လက်တွေ့နှင့်လွန်စွာတူနေရာ၊ ထိုအသံများကလည်း စိတ်ထဲစွဲကျန်နေစေသည်။
ဟယ်ရူကောက အချက်အလက်တိုင်းတာသည့် လုပ်ငန်းစဥ်ကို ကြောင်ကြည့်နေမိသည်။
တစ်ခဏတာမျှတော့ ထိုအရာအားလုံးက တကယ်ဖြစ်ပျက်နေသည်ဟု သူထင်သွားမိသည်။
နာကျင်စွာဖြင့် အော်ဟစ်ငိုယိုနေသည့်အသံက နောက်ခံတေးသံလိုဆက်လက်ထွက်ပေါ်နေပြီး မောက်စ်ကို ရွှေ့နေသည့် သူ၏လက်များကလည်း အနည်းငယ်လေးလံနေသည်။
[နေ့စဥ်တာဝန် : သဲပုံးကို သန့်ရှင်းရေးလုပ်ရန် (၁/၂၀)]
ထိုအချိန်မှာပင် ဟွမ်ယုံးကလည်း တိုင်းတာခြင်းကို အဆုံးသတ်လိုက်သည်။
သူ ခေါင်းစွပ်ကို ချွတ်လိုက်သောအခါ ခွေးငယ်လေးက မြေပြင်ပေါ်မှာ လဲလျောင်းရင်း တဆတ်ဆတ်တုန်ရီနေတော့သည်။
အခန်းငယ်လေး၏တံခါး ပြန်ပိတ်သွားသည့်အချိန်အထိ ထိုခွေးငယ်လေးမှာ ခေါင်းမော့မလာခဲ့ပေ။
သေမလောက်တိတ်ဆိတ်နေသည့် အခြေအနေထဲမှာပင် အခန်းနံပါတ် ၂ မှ သံတံခါးက ဖြည်းညင်းစွာ ပွင့်လာသည်။
ဝါဂွမ်းအသိုက်လေးက မြေပေါ်၌ မှောက်လျက်အနေအထားဖြစ်နေပြီး အခန်းထဲမှ တိရစ္ဆာန်ငယ်လေး၏ အရိပ်အယောင်ကို မတွေ့ရပေ။
ဟွမ်ယုံးက ဝါဂွမ်းအသိုက်လေးရှေ့တွင် ရပ်လိုက်ပြီး စိတ်ဝင်တစားဖြင့် ဂွမ်းအသိုက်ကို ပတ်ကြည့်လိုက်သည်။
နောက်ဆုံးတွင်တော့ သူသည် မြေပေါ်သို့ ဝမ်းလျားမှောက်ချလိုက်ပြီး
သူ၏မျက်နှာကို ဝါဂွမ်းအသိုက်အနားသို့ ကပ်ကာ မှောက်နေသည့် အသိုက်ကို ဖြည်းညင်းစွာဖြင့် လှန်လိုက်၏။
ထိုအခိုက်ခွေခေါက်နေသည့် မြေခွေးငယ်လေးနှင့် အသံတိတ် မျက်နှာချင်းဆိုင်လိုက်ရသည်။
"ဂါး..!"
…
တိုင်းတာခံရသည့် တိရစ္ဆာန်ငယ်လေးများ တစ်ဝက်ကျော်သွားသောအခါထူးဆန်းသည့်ဖြစ်ရပ်တစ်ခု ပေါ်ပေါက်လာသည်။
တိုင်းတာပြီးသား တိရစ္ဆာန်ငယ်လေးများက အသံကျယ်ကျယ်မပြုတော့ဘဲ အလောင်းကောင်များကဲ့သို့ အခန်းငယ်ထဲမှာ ပိတ်လှောင်နေကြခြင်းပင်။
မသိသေးသည့်အရာကို ကြောက်ရွံ့နေကြသည့် တိရစ္ဆာန်ငယ်လေးများကတော့ စိတ်ဓာတ်ကျစွာဖြင့် ရှိုက်ငိုနေကြပြီး မူလက တိတ်ဆိတ်နေသည့်အခန်းမှာ ငိုသံများဖြင့် ဆူညံသွားသည်။
ထိုခံစားချက်က horror ဂိမ်းတစ်ခုကို ကစားနေရသလို စိတ်လှုပ်ရှားဖွယ်ကောင်းလှသည်။
သူ၏လက်ချောင်းများက မျက်မှန်ဘောင်ကို အဆက်မပြတ်ပွတ်သပ်နေရင်းမှ ဟယ်ရူကောက အသံကို အနိမ့်ဆုံးသို့ လျှော့ချလိုက်ပြီး အာရုံမလွှဲဘဲ မစင်များကိုသာ အာရုံစိုက်ပြီး ကျုံးနေခဲ့သည်။
သူ၏လက်ရှိပုံစံမှာ ခေါင်းကိုဖွက်ပြီး ကိုယ့်ကိုယ်ကို လိမ်ညာနေသည့် လိပ်တစ်ကောင်နှင့်တူလှပြီး၊ ခေါင်းကို အခွံထဲသို့ သွင်းထားလိုက်လျှင် ပတ်ဝန်းကျင်က အရာအားလုံးက မဖြစ်ပျက်ခဲ့သလိုမျိုး ဟန်ဆောင်နေသလိုပင်။
သို့သော်လည်း npcပုံရိပ်က အခန်းနံပါတ် ၂၀ သို့ ပြောင်းသွားသောအခါတွင်တော့ မျက်မှန်ဘောင်ကို ပွတ်သပ်နေသည့်သူပလက်က ရပ်တန့်သွားသည်။
ဟယ်ရူကောက အသက်ကိုပြင်းပြင်းတစ်ချက်ရှူလိုက်ပြီးနောက်
ဖန်သားပြင်ကို ကြည့်နေသည့် သူ၏အကြည့်များက ရုတ်တရက် စူးရှသွားသည်။
'ဘာပဲဖြစ်ဖြစ် ငါပဲရင်ဆိုင်လိုက်မယ်..ငါ့ကျားဖြူလေးရဲ့ အမွှေးတစ်ပင်တောင် ထိခွင့်မပြုဘူးကွ'
ဟယ်ရူကော၏ စိတ်အာရုံက သေချာစူးစိုက်ထားကာ..သံတံခါးကို စေ့စေ့ကြည့်နေခဲ့သည်။
ဟွမ်ယုံးက ရှေ့မှာရပ်ရင်း သံတံခါးကို ဖွင့်လိုက်သည်။
သံတံခါးက အပြည့်မပွင့်သေးခင်မှာပင် တောင်ပေါ်မှနှင်းများပြိုကျလာသယောင် နှင်းဘောလုံးလေးတစ်လုံးက လေထဲတွင် ဝှီးခနဲမြည်သံပေးရင်း ထွက်ပေါ်လာပြီး ဟွမ်ယုံး၏ ဝမ်းဗိုက်ကို တည့်တည့်တိုက်ပစ်လိုက်သည်။
ဟွမ်ယုံးလည်း နာကျင်မှုကြောင့် ခန္ဓာကိုယ်ကို ကွေးညွှတ်လိုက်သည်။
ကျားပေါက်လေး၏ အံ့ဩစရာကောင်းသည့် ခုန်ပျံနိုင်စွမ်းက နို့စို့အရွယ် တိရစ္ဆာန်ငယ်လေးတစ်ကောင်နှင့် လုံးဝမတူပေ။
သူက မွေးရာပါ တောင်တက်ကျွမ်းကျင်သူလိုမျိုး သူ၏လက်သည်းငယ်လေးများဖြင့် ဟွမ်ယုံး၏ အထည်စကို ချိတ်လိုက်ရင်း ဝမ်းဗိုက်မှ ရင်ဘတ်အထိ လျင်မြန်စွာတက်သွားကာ ဟွမ်ယုံး၏ တစ်ကိုယ်လုံးတွင် အနုနယ်ဆုံးဖြစ်သည့် မျက်လုံးကို ပြင်းထန်စွာ ကုတ်ခြစ်လိုက်သည်။
ထိုအခိုက်တွင် ရင်းနှီးနေသည့် အေးစက်သောအရောင်အဝါတစ်ခုက လက်ခနဲပေါ်လာသည်။
ထို့နောက်တွင် သွေးများက ပန်းထွက်လာပြီး ဟွမ်ယုံး၏ မျက်နှာဖုံးပေါ်သို့ ကျရောက်သွားသည်။
ဟွမ်ယုံးက နာကျင်စွာဖြင့် မျက်လုံးကိုအုပ်ကိုင်ရင်း သူ၏ကိုယ်ပေါ်မှ ကျားဖြူလေးကို ဆွဲခါပစ်ရန် လက်ကိုဆန့်ထုတ်လိုက်သော်လည်း မထင်မှတ်ထားတာက ကျားဖြူလေးက သူထိုသို့မလုပ်နိုင်ခင်မှာ ဟယ်ရူကော၏ ရင်ခွင်ထဲသို့ လျင်မြန်စွာခုန်ဝင်သွားခဲ့၏။
ကျားဖြူလေး သူ့ထံသို့ ခုန်ပျံလာသည့်အချိန်၌ မျက်စိရှေ့က မြင်ကွင်းအားလုံးက အနှေးပြကွက်များအဖြစ်သို့ ပြောင်းလဲသွားသည်။
ကျားဖြူလေး၏ ပန်းနုရောင်လက်ဖဝါးလေးများနှင့် ဖြူဖွေးနူးညံ့သော ဝမ်းဗိုက်လေးက လေထဲတွင် ပေါ်နေပြီး သူ၏အမြီးလေးကလည်း အနည်းငယ်လှုပ်ယမ်းနေကာ သူက ဟယ်ရူကောဆီသို့ စိတ်ပိုင်းဖြတ်သားသလိုမျိုး ပြတ်ပြတ်သားသား ပြေးဝင်လာသည်မှာ သူအိပ်မက်ထဲတွင်တောင့်တနေခဲ့သည့် ချစ်စရာအကောင်လေးတစ်ကောင် ကောင်းကင်မှ ကျလာသလိုပင်။
ဟယ်ရူကော: "…?!"
ဒါ.. ဒါ..ဒါက ကျားဖြူလေး ငါ့ရင်ခွင်ထဲကို တိုးဝင်လာတာလား?!
သူ၏ရင်ခွင်ထဲက ကျားဖြူလေးမှ ခြေလေးချောင်းလုံးက ဟယ်ရူကော၏ လက်မောင်းကို တင်းကျပ်စွာတွယ်ကပ်ထားသည်။
ကျားဖြူလေးက ခေါင်းလေးကိုလှည့်ပြီး ဟွမ်ယုံးကို ကြည့်လိုက်ချိန်တွင်တော့သူ၏အမွှေးများကထောင်နေပြီး သူ၏အပြာရောင်မျက်လုံးများထဲတွင်လည်း တစစီကိုက်ဖြတ်စားသောက်ချင်သည့် ကြမ်းကြုတ်သောအငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။
သူက သွားဖြဲပြီး ခြိမ်းခြောက်သည့်အနေဖြင့် ဟိန်းဟောက်လိုက်ရာ ဒီလိုနို့နံ့စွဲနေသည့် အကောင်ပေါက်လေးက သားရဲဘုရင်၏အရှိန်အဝါကို ပိုင်ဆိုင်ထားလိမ့်မည်ဟု မထင်ရက်စရာပင်။
ဟွမ်ယုံးက မြေပြင်ပေါ်မှာ ဒူးတစ်ဖက်ထောက်ရင်း အော်ဟစ်ငြီးငြူနေကာသူ၏အင်္ကျီထဲမှ စပရေးဘူးတစ်ခုကို ထုတ်ယူပြီး တုန်ရီနေသောလက်များဖြင့် သူ၏ညာဘက်မျက်လုံးကို ဖြန်းလိုက်သည်။
ခဏအကြာမှာသွေးများတဖြည်းဖြည်းတိတ်သွားသော်လည်း သူ့မျက်လုံးသူငယ်အိမ်ကသွေးနီရောင်သို့ ပြောင်းသွားပြီး အတော် လန့်စရာကောင်းနေသည်။
ထိုသူ၏ မျက်နှာကိုမျက်နှာဖုံးဖြင့် ဖုံးကွယ်ထားသော်လည်း သူ၏ မျက်လုံးနှစ်ဖက်က ပေါ်လွင်နေပြီး ယင်းမျက်လုံးများထဲမှာ အမုန်းတရားတို့က မျက်နှာဖုံးအပြင်ဘက်သို့ တွားသွားထွက်လာချင်နေသယောင်ပင်။
ဟွမ်ယုံးက ဟယ်ရူကော ကို ကြည့်၍ အံကြိတ်ကာ ပြောလိုက်သည်။
"သူ့ကို ငါ့ကိုပေး..ငါ သူ့ကို သတ်ပစ်မယ်!!!"
ကျားဖြူလေးက ဟယ်ရူကော၏ ရင်ခွင်ထဲမှာ ကိုယ်ကို သေမတတ်ကျုံ့နေရင်းက ခေါင်းလေးတစ်ခုသာ ထွက်ပေါ်နေသည်။
သူ၏မျက်နှာလေးကမူ ဘုရင်တစ်ပါး၏ မထီမဲ့မြင်အကြည့်မျိုးဖြင့် ဟွမ်ယုံးကို အပေါ်စီးမှ ကြည့်နေရင်း အေးစက်စွာ ဟိန်းလိုက်ပြီးနောက် ဟယ်ရူကော ဘက်သို့ လှည့်ကြည့်လိုက်သည်။
အမြဲတမ်း မျက်နှာတည်နေသည့် ကျားဖြူလေးက ယခုအချိန်မှာတော့ ရှားရှားပါးပါး နူးညံ့သည့်အမူအရာသို့ ပြောင်းလဲသွားသည်။
သူ၏လက်ဖဝါးလေး ထွက်လာပြီးနောက် ဟယ်ရူကော ၏ ပခုံးပေါ်သို့ ညင်သာစွာတင်လိုက်သည်။
သူ၏အပြာရောင်မျက်ဝန်းများထဲ၌ ရှုပ်ထွေးနေပြီးတွေဝေနေသည့်အရိပ်အယောင်တစ်ခု ပေါ်လာသော်လည်း မကြာမီမှာပင် ကျားဖြူလေးက ရဲရင့်စွာဖြင့် အသက်စွန့်တော့မည့် သူရဲကောင်းပုံစံဖြင့် ဟယ်ရူကော နားသို့ ကပ်သွားပြီးနောက်သိပ်ပြီးမကျွမ်းကျင်သေးသော်လည်း ရှက်ကိုးရှက်ကန်းပုံစံလေးဖြင့် ဟယ်ရူကော၏ မျက်နှာဖုံးနားကို တိုးပြီးပွတ်သပ်လိုက်သည်။
ဟယ်ရူကော: "!!!"
အား သေလိုက်ပါတော့၊ ဘာလုပ်ရမှန်းမသိအောင် ချစ်ဖို့ကောင်းနေလိုက်တာကွာ!!!
___
ရှီကွေ့ချန် pov:
ပါးစပ်ထဲက သကြားလုံးက မကုန်သေးခင်မှာပင် မျက်စိရှေ့ကလူက ထွက်သွားသည်။
ရှီကွေ့ချန်မှာ ထိုသူထွက်သွားပြီးနောက် အကြောင်းပြချက်မရှိဘဲ စိတ်ထဲတွင် အနည်းငယ် အားငယ်သလို ခံစားလိုက်ရသည်။
ကျားဖြူလေးက သူ၏စိတ်ထဲမှ ခံစားချက်များကို သတိပြုမိသွားချိန်တွင် ချက်ချင်းခေါင်းခါလိုက်ပြီး ဒီလိုအားနည်းပြီး အဓိပ္ပာယ်မရှိသည့် ခံစားချက်ကို လေထဲသို့လွှင့်ပစ်လိုက်၏။
သူ အကောင်ပေါက်လေး ဘဝကတည်းက ဒီလိုခံစားချက်တွေကို ဖြတ်တောက်ရန် ဆုံးဖြတ်ခဲ့ပြီးသားဖြစ်သည်။
ရှင်းဟိုင်မိဘမဲ့ဂေဟာက တိရစ္ဆာန်ငယ်လေးများအတွက်တော့ သူတို့အသက်ရှင်နေရခြင်း၏ တစ်ခုတည်းသောတန်ဖိုးမှာ စမ်းသပ်ခံဖြစ်ရန်ပင်။
ငိုယိုခြင်းက ရိုက်နှက်ခြင်းကိုသာ သယ်ဆောင်လာလိမ့်မည်။
လူတူပေမယ့် ကံကြမ္မာမတူဘူးဆိုတာ ဒါကိုပြောတာဖြစ်လိမ့်မည်။
ရှီကွေ့ချန်က ဒီဂိမ်းထဲတွင် အကြာကြီးမနေချင်ပေ။
ဟယ်ရူကော မရှိသည့်အချိန်များတွင် အလွန်အမင်းလက်တွေ့ကျသည့်ဒီဂိမ်းက သူ့အတွက်မကောင်းသည့်အမှတ်တရများကိုသာ ပြန်လည်နှိုးဆွပေးလိမ့်မည်ပင်။
သူက ဂိမ်းထဲမှ ထွက်မလို့ကြံရွယ်လိုက်သော်လည်း လျှာဖျားပေါ်က ချိုမြိန်သည့် သကြားလုံးအရသာလေးကြောင့် ရှီကွေ့ချန်မှာ တွေဝေသွားရသည်။
ဒီသကြားလုံး... မကုန်သေးဘူး။
သကြားလုံးတစ်လုံးကုန်ဆုံးရန် စောင့်ဆိုင်းနေချိန်မှာပင် ရှီကွေ့ချန်သည် ရင်းနှီးနေပြီးသား အော်ဟစ်သံများကို ကြားလိုက်ရသည်။
ကြောက်ရွံ့မှုနှင့် အားကိုးရာမဲ့မှုတို့ဖြင့် ပြည့်နှက်နေသည့် ငိုယိုသံကြောင့် မူလက ဝါဂွမ်းအသိုက်ထဲတွင် သက်တောင့်သက်သာ လှဲလျောင်းနေသည့် သူ၏ကိုယ်လေးက တောင့်တင်းသွားပြီး ရုတ်တရက်ထရပ်လိုက်သည်။
သူ့သွားများက "တကျွတ်ကျွတ်" မြည်အောင် ပါးစပ်ထဲမှ သကြားလုံးကို ကိုက်ချေလိုက်ပြီးနောက် ခံစားချက်ကင်းမဲ့စွာဖြင့် မျိုချလိုက်၏။
သူ့နားထဲမှာ ကြားနေရသည့် ငိုယိုသံများက ပိုကျယ်လာလေ သူ၏အပြာရောင်မျက်လုံးများက ပိုပိုပြီးအေးစက်လာလေဖြစ်ကာ နောက်ဆုံးမှာတွင်တော့အရည်မပျော်နိုင်တော့သည့် ရေခဲတမျှ အေးစက်သွားတော့သည်။
ထိုအသံကိုကြားရုံဖြင့် အရှင်းလင်းဆုံးပုံရိပ်များကို သူ့စိတ်ကူးထဲမှာ ပုံဖော်နိုင်ပြီဖြစ်သည်။
လက်နက်အပြည့်အစုံတပ်ဆင်ထားသည့် ဝန်ထမ်းများက စိတ်စွမ်းအင်ပင်လယ်ကို လှုံ့ဆော်သည့်ကိရိယာကို ကိုင်ဆောင်ရင်း "နှိပ်စက်ရေးကိရိယာကြီး" ကို တိရစ္ဆာန်ငယ်လေး၏ ခေါင်းပေါ်သို့ တပ်ဆင်ပေးလိုက်သည်။
သူတို့ကြားရသည်မှာ အထူးချွန်ဆုံး ကြယ်တာရာအဖွဲ့သားများပင်လျှင်
သူတို့၏ စိတ်စွမ်းအင်ပင်လယ်ကို ၂၀% သာ ဖွံ့ဖြိုးအောင်လုပ်နိုင်သည်ဟု ဆိုကြသည်။
ထို့ကြောင့် ဖက်ဒရေးရှင်းသုတေသနဌာနက စိတ်စွမ်းအင်ပင်လယ်ကို ဖိအားပေးပြီးလှုံ့ဆော်ပေးမည့်ကိရိယာကို တီထွင်ထုတ်လုပ်ခဲ့သည်။
ထိုကိရိယာက အကြမ်းနည်းဖြင့် စိတ်စွမ်းအင်ပင်လယ် ဖွံ့ဖြိုးမှုကို လှုံ့ဆော်ပေးနိုင်သည့် ကိရိယာတစ်ခုပင်။
လှုံ့ဆော်မှုပြင်းအားက ကြီးမားလေ၊ နာကျင်မှုက ပိုပြီးကြီးမားလေဖြစ်၏။
အကယ်၍ လှုံ့ဆော်မှုပြင်းအားက သေးငယ်လွန်းလျှင်တော့ ဘာပြောင်းလဲမှုမှ ဖြစ်ပေါ်လာမည်မဟုတ်ပေ။
ထို့အပြင် စိတ်စွမ်းအင်ပင်လယ် ဖွံ့ဖြိုးမှုအတွက် အကောင်းဆုံးအချိန်မှာ ငယ်စဥ်အချိန်များဖြစ်သည်။
လူအများစုက သူတို့၏ကလေးများကို အလွန်အမင်းနာကျင်မှုမျိုးကို မခံစားစေချင်ကြပေ။
မိဘအချို့ကတော့ သူတို့၏ဆန္ဒအလျောက် ကိရိယာအသစ်၏ စမ်းသပ်မှုတွင် ပါဝင်ခဲ့ကြသည်။
ရလဒ်ကတော့ ထိုတိရစ္ဆာန်ငယ် အကောင်ပေါက်လေးများအားလုံး သေဆုံးသွားခဲ့ခြင်းပေ။
လျှို့ဝှက်ဆန်းကြယ်သည့် စိတ်စွမ်းအင်ပင်လယ်ကို လူတိုင်းက စူးစမ်းရှာဖွေနေကြရာ တိရစ္ဆာန်ငယ်လေးများအတွက် လှုံ့ဆော်မှု ဘယ်လောက်အတိုင်းအတာက အသင့်တော်ဆုံးဖြစ်သင့်သည်ကိုတော့ မည်သူမှမသိရှိပေ။
ထိုကဲ့သို့သော အချက်အလက်များကို ရရှိရန်အတွက် နှစ်ရှည်လများ ထပ်ခါတလဲလဲ စမ်းသပ်မှုများကို ပြုလုပ်ရမည်ဖြစ်သည်။
ဘယ်သူကမှ ကိုယ့်ကလေးကို သေမင်းထံသို့ မပို့ချင်ကြပေ။
တစ်ချိန်က ကျော်ကြားခဲ့သည့် စိတ်စွမ်းအင်ပင်လယ် လှုံ့ဆော်ရေးကိရိယာလည်း နောက်ဆုံးမှာတော့ တိမ်မြုပ်ပျောက်ကွယ်သွားခဲ့ရသည်။
သို့သော်လည်း ရရှိနိုင်သည့် အကျိုးအမြတ်က လူတို့၏စိတ်ကို လုံလောက်စွာ လှုပ်ရှားစေနိုင်သောကြောင့် လူသားများက ဥပဒေနှင့် အသိတရားအားလုံးကို ချနင်းနိုင်ကြသည်။
ကြယ်တာရာစစ်ပွဲ ပြီးဆုံးပြီးနောက် အဓိကစစ်မြေပြင်ဖြစ်သွားရသည့် ကြယ်အမှတ် ၁၇ မှ မိဘမဲ့လေးများ များပြားလာခဲ့၏။
ထိုအခါ၌ ရပ်သင့်ပြီဖြစ်သည့် စမ်းသပ်မှုကလည်း… နောက်တစ်ဖန်ပြန်လည်စတင်ခဲ့သည်။
ICE Project က တကယ်တော့ ယူဆချက်တစ်ခုကို သက်သေပြရန်ဖြစ်သည်။
မျှော်လင့်ချက်ထက်စာလျှင် စိတ်ပျက်အားငယ်ခြင်းက စိတ်စွမ်းအင်ပင်လယ်ကို ပိုပြီးလှုံ့ဆော်ပေးနိုင်သလား။
လူတစ်ယောက်က မျှော်လင့်ချက်မရှိသည့် ပတ်ဝန်းကျင်တွင် အချိန်ဘယ်လောက်ကြာကြာ အသက်ရှင်နိုင်မလဲ။
ရှီကွေ့ချန် မသိပေ။
ဖြစ်နိုင်သည်မှာ သူက ICE Project စတင်ကတည်းက သေဆုံးသွားခဲ့ပြီး အခုအသက်ရှင်နေသည်မှာတော့ ပိန်လိမ်ပြီးကောက်ကွေးနေပြီဖြစ်သည့် သူ၏ဝိညာဉ်တစ်ပိုင်းတစ်သာဖြစ်သည်။
သူ့နားထဲတွင် ငိုသံများဖြင့် ပြည့်နှက်နေ၏။
တကယ်တော့ မျက်လုံးကိုမှိတ်ထားလိုက်လျှင် ရှင်းဟိုင်မိဘမဲ့ဂေဟာနှင့် စစ်မြေပြင်သည် ဘာမှမခြားနားပေ။
နေရာတိုင်း၌ ဆင်းရဲဒုက္ခများ ပျံ့နှံ့နေ၏။
နေရာတိုင်းတွင် အရိုးများရှိနေပြီး ပတ်ပတ်လည်၌ သေလွန်ပြီးသားဝိညာဉ်တွေရှိနေကာ ငရဲပြည်တွင်ဟာလာဟင်းလင်းဖြစ်နေပြီး မကောင်းဆိုးဝါးများကတော့ လူ့ပြည်တွင်ရှိနေသည်။
သံတံခါးဖွင့်လာသောအခါ၌ ရှီကွေ့ချန်က အပြင်သို့ပြေးထွက်သွားသည်။
သူ အကြိမ်ကြိမ်အခါခါ တိုက်ပွဲဝင်ခဲ့သလိုမျိုး လေကဲ့သို့လျင်မြန်စွာ ကိုယ်ကိုလွှဲပစ်လိုက်ပြီး ရန်သူထံသို့ ပြေးဝင်သွားသည်။
သူ၏လက်ဖဝါးက စေးကပ်နေသည့် သွေးများကို ထိတွေ့လိုက်ရသည်။
ထို့နောက်ရန်သူက ပြန်လည်တိုက်ခိုက်ခြင်းမပြုမီမှာပင် ရှီကွေ့ချန်က သူ၏ဆင်းသက်မည့်နေရာနှင့် ခိုလှုံရာကို ရွေးချယ်ပြီးသားဖြစ်သည်။
ထိုနေရာမှာ အခြေအနေကို လုံးဝနားမလည်သေးသည့် ဟယ်ရူကော ပင်။
ထိုသူသည် ဂိမ်းက သူ့အတွက် သီးသန့်ပေးထားသည့် ချစ်သူဖြစ်သောကြောင့် သူ့တွင်ရွေးချယ်စရာမရှိဘဲ ဒီလူကိုပဲယုံကြည်ရမည်ဖြစ်၏။
ဟယ်ရူကောသည်လည်း မျက်နှာဖုံးတပ်ဆင်ထားသည့်အတွက် မျက်နှာဖုံးအတွင်းမှကြည်လင်တောက်ပသည့် မျက်ဝန်းနက်များကိုသာ မြင်နေရသည်။
ထိုမျက်ဝန်းများက မိုးရွာထားသည့် ညကောင်းကင်နှင့်တူပြီး အလွန်တရာ သန့်စင်နေကာ ဒီနေရာမှ ညစ်နွမ်းနေသည့် အရာအားလုံးနှင့် လုံးဝမအပ်စပ်ပေ။
သူ ထိုသူ့ထံသို့ ခုန်ဝင်သွားသောအခါ ထိုသူက အလိုအလျောက်ပင် သူ့အတွက် လက်နှစ်ဖက်ကို ဖွင့်ပေးခဲ့ပြီး ထိုသူက သူ၏မျက်ဝန်းများကိုလည်း မဖုံးပဲ ရှေ့တည့်တည့်မှာ ထားရှိခဲ့သည်။
ဘာလို့ ဒီလောက်တောင် မိုက်မဲရတာလဲ။
ရှီကွေ့ချန်က ခုနကမှ သူ့လုပ်ဖော်ကိုင်ဖက်ရဲ့ မျက်လုံးကို ကုတ်ပစ်လိုက်တာကို မမြင်ဘူးလား။
သူရော ဒီလိုမျိုး ကြုံရမှာကို မကြောက်ဘူးလား။
ဖွင့်ထားသည့် လက်များက ရှီကွေ့ချန်ကို ဆီးပြီး နူးညံ့စွာပွေ့ဖက်လိုက်ပြီးနောက် သူ့နှာခေါင်းထဲသို့ ရနံ့သင်းသင်းလေးတစ်ခု ဝင်ရောက်လာခဲ့သည်။
သူ ဒီလိုနူးညံ့တဲ့ရနံ့လေးကို ကြိုက်သည်။
သွေးညှီနံ့လည်းမဟုတ် အေးစက်တဲ့သံနံ့လည်းမဟုတ် ကျဥ်းမြောင်းပြီးထောင့်တစ်နေရာမှာ တဖြည်းဖြည်းပုပ်သိုးသွားသည့် အနံ့လည်းမဟုတ်ပေ။
ယင်းရနံ့လေးက သူ၏ စိတ်အေးချမ်းစေသည့် စွဲမက်ဖွယ်ကောင်းလုနီးပါး မွှေးရနံ့ဖြစ်သည်။
ဒီရနံ့ထဲတွင် နစ်မြုပ်နေရင်း သူ၏တင်းမာနေသည့်အာရုံကြောများက တဖြည်းဖြည်း ပြေလျော့လာပြီး ကိုက်ခဲနေသည့်ဦးနှောက်ကလည်း အချိန်ကြာမြင့်စွာ မခံစားခဲ့ရသည့် သက်သာစိတ်တစ်မျိုးကို ခံစားလိုက်ရသည်။
ရှီကွေ့ချန်က မျက်လုံးများကိုမှိတ်လိုက်ပြီး သူ၏ခြေလေးချောင်းလုံးက ထိုသူ၏အဝတ်အစားများထံတွင် တင်းကျပ်စွာတွယ်ကပ်ထားလိုက်သည်။
ထိုပုံစံမှာ စွန့်ပစ်ခံရမှာကို စိုးရိမ်နေသကဲ့သို့ပင်။
မင်း… က ကိုယ့်ရဲ့ သီးသန့်ချစ်သူပဲ။
ဒါပေမဲ့ ချစ်သူဆိုတာ ဘာလဲ။
ကျားဖြူလေးက တွေဝေစွာဖြင့် သူ၏လက်ကို ထိုသူ၏ပခုံးပေါ်သို့ တင်လိုက်ရာ သွေးစွန်းနေသည့် ခြေဖဝါးနုနုလေးက အလုပ်ဝတ်စုံပေါ်မှာ သွေးရောင် ဇီးပန်းပွင့်လေးတစ်ပွင့်ကို ချန်ထားခဲ့သည်။
(Adm note: ခြေရာနီနီလေးကိုပြောတာပါ)
မင်း ကိုယ့်အပေါ်ကို အမြဲကောင်းပေးမှာလား။
ရှီကွေ့ချန် ခေါင်းမော့လိုက်ရာ သူ၏အပြာရောင်မျက်လုံးများထဲတွင် စိတ်ရှုပ်ထွေးပြီး တွေဝေနေသည့်အရိပ်အယောင်များ ပေါ်ပေါက်လာသည်။သူ့ပုံစံက လမ်းပျောက်နေသည့် သိုးငယ်လေးတစ်ကောင်နှင့်တူနေသည်။
သူ ဒီလိုပုံစံလေးဖြင့် အသက်အောင့်ထားရင်းမှ လောကကြီးအပေါ်တွင် သူထားရှိသည့် တစ်ခုတည်းသောယုံကြည်မှု ဟယ်ရုကော၏ အေးစက်နေသည့်မျက်နှာဖုံးကို ညင်သာစွာ ပွတ်သပ်လိုက်သည်။
… မင်းကတော့ ဘာတွေပဲဖြစ်ဖြစ် ကိုယ့်ကို ကာကွယ်ပေးမှာပဲ..ဟုတ်တယ်မဟုတ်လား..