အခန်း ၁၅ - နူးညံ့မွှေးကြိုင်သော ရင်ခွင်
[တီ၊ သင်၏ သီးသန့်ချစ်သူ ဟယ်ရူကောက ‘မှတ်တမ်းပြန်ဖွင့်ခြင်း’ လုပ်ဆောင်ချက်ကို အသုံးပြုလိုက်ပါပြီ၊ ဂိမ်းအချိန်ကို နောက်ပြန်ရစ်နေပါသည်——]
[‘မှတ်တမ်းပြန်ဖွင့်ခြင်း’ (Load File) ဆိုသည်မှာ ဂိမ်းများတွင် ယခင်က save လုပ်ပြီး သိမ်းဆည်းထားခဲ့သော နေရာ (Save Point) မှ ပြန်လည်စတင်ကစားခြင်းကို ရည်ညွှန်းသည်]
ဘယ်လို အချိန်ကိုနောက်ပြန်ရစ်တာလဲ။
‘မှတ်တမ်းပြန်ဖွင့်ခြင်း’ ဆိုတာက ဘာလဲ။
ရှီကွေ့ချန်က သူနားကြားမှားနေသည်ဟု သံသယဝင်သွားသည်။
ထို့နောက်တွင် မျက်စိကျိန်းမတတ်ဖြူဖွေးသော အလင်းရောင်က အရာအားလုံးကို ဖုံးလွှမ်းသွားပြီးနောက် သူမျက်လုံးပြန်ဖွင့်လိုက်ချိန်တွင်၊ သူနှင့်ရင်းနှီးနေသော မှောင်မိုက်သည့်အခန်းလေးထဲသို့ သူပြန်ရောက်လာပြန်သည်။
တစ်ခုတည်းသော ကွာခြားချက်မှာ ဟယ်ရူကော၏ ကိုယ်ဟန်အနေအထားက ပြောင်းလဲသွားခြင်းပင်။
[တီ—— ဂိမ်းအချိန်ကို နောက်ပြန်ရစ်ခြင်း အောင်မြင်ပါသည်]
သူ့မျက်စိရှေ့မှသူက အင်္ကျီအနားစကို လိပ်တင်ထားရာ သူ၏သွယ်လျသော ခါးတစ်ပိုင်းက ပေါ်ထွက်လာသည်။
ထိုအသားအရေမှာ အလင်းရောင်များပင် ထွက်နေသယောင် ဖြူဖွေးနေသည်။
သူ့ မျက်စိရှေ့မှလူက အခြားအစိတ်အပိုင်းများကို လုံခြုံစွာဖုံးကွယ်ထားပြီး၊ အနည်းငယ်မျှပင် မပေါ်စေရသော်လည်း သူ၏နူးညံ့သောခါးလေးကိုမူ မသိမသာလေး အနည်းငယ် ဖော်ပြထားသည်။
ထိုခါး၏ကောက်ကြောင်းများက အလွန်တရာ ကွေးညွတ်ပြီး နူးညံ့လွန်းနေရာ စိတ်ကိုဖောက်ပြန်စေသလို ဖြစ်နေသည်။
ထိုမြင်ကွင်းက ရှီကွေ့ချန်ကို ယင်းသွယ်လျသောခါးလေးအား လာရောက်ပွေ့ဖက်ရန် သွေးဆောင်နေသလိုပင်။
ဟယ်ရူကောက ဒီလောက် ပိန်ကြောင်းကိုလည်း ရှီကွေ့ချန် တစ်ယောက် ပထမဆုံးအကြိမ် သိရှိသွားခြင်းဖြစ်သည်။
သူ၏အသားအရေကလည်း ဖြူလွန်းနေသောကြောင့် အထိမခံနိုင်ပဲ နုနယ်ပြီးပျက်စီးလွယ်သည့် ပုံပေါက်နေသည်။
အားဖြင့် အနည်းငယ် ထိလိုက်ရုံမျှဖြင့် ပျက်စီးသွားနိုင်သလိုပင်။
ကျားဖြူလေးက ကြောင်တောင်တောင်ဖြင့် ကြည့်နေစဉ်မှာပင် ရုတ်တရက် ရင်ခွင်တစ်ခုထဲသို့ ဆွဲသွင်းပွေ့ဖက်ခြင်း ခံလိုက်ရသောကြောင့် ထိုအသားအရေနှင့် အနီးကပ်ဆုံး ထိတွေ့မိသွားသည်။
ပါးလွှာသော အဝတ်စကို ပြန်ချလိုက်ပြီးနောက်၊ သူက နှင်းဘောလုံးလေးကို ရင်ခွင်ထဲတွင် တင်းကျပ်စွာဖုံးအုပ်လိုက်သည်။
ရှီကွေ့ချန် : “……”
လက်တစ်ဖက်က ကျားဖြူလေး၏ တင်ပါးကို ပင့်မထားရင်း ဟယ်ရူကောလည်း ကျားဖြူလေးကို ပွေ့ချီကာ လျှောက်လာသည်။
သူဝင်နေရသည့် ရင်ခွင်မှာ ယိမ်းထိုးနေပြီး နည်းနည်းလေးလည်း ဆောင့်မိသေးသည်။
လှုပ်ရှားမှုအရှိန်ကြောင့် ကျားဖြူလေး၏ မျက်နှာလေးတစ်ခုလုံးမှာလည်း ထိုနွေးထွေးနေသော အသားအရေပေါ်သို့ ဖိကပ်သွားသည်။
နူးညံ့တယ်၊ ချောမွေ့တယ်၊ ပြီးတော့ မွှေးတယ်..
သူ၏နှာခေါင်းလုံးလုံးလေးက ဟယ်ရူကော၏ခါးကို သွားဆောင့်မိရာ
လူကိုငိုက်မျဉ်းစေသည်အထိ နွေးထွေးသောရနံ့များက သူ၏နှာသီးဖျားထဲသို့ တိုးဝင်လာသည်။
ဒါဟာ ဟယ်ရူကော၏အသားအရေမှ ပျံ့လွင့်ထွက်ပေါ်လာသည့် ဆွဲဆောင်မှုရှိသော ရနံ့တစ်ခုဖြစ်သည်။
ကျားဖြူလေး၏ မျက်နှာလေးမှာ ချက်ချင်းဆိုသလို နီရဲတောက်သွားပြီးနောက် မျက်နှာမှတစ်ဆင့် လည်ပင်းနှင့် ကျောရိုးအထိပင် နီရဲသွားသည်။
အမွှေးများဖြင့်သာ ဖုံးထားခြင်း မရှိခဲ့ပါလျှင် သူက ရေနွေးဖြင့် ပြုတ်ထားသော ပုစွန်တစ်ကောင်လိုပင် နီရဲနေလိမ့်မည်ပင်။
ထိုအခိုက်တွင် ခန္ဓာကိုယ်၏ အားနည်းမှုကိုပင် လျစ်လျူရှုထားမိသော ကျားဖြူလေး၏ ကိုယ်လုံးလေးက ထိုသူ၏ အသားအရေပေါ်တွင် တောင့်တင်းစွာ ကပ်နေသည်။
သူ၏ကျားနားရွက်လေးများကလည်း ညင်သာစွာ လှုပ်ရှားသွားသည်။
အလွန်နီးကပ်သော အကွာအဝေးတွင်ရှိနေသောကြောင့် ဟယ်ရူကော ၏ ရင်ဘတ်ထဲမှ ထွက်ပေါ်လာသော နှလုံးခုန်သံကိုလည်း သူကြားနေရသည်။
တဒိန်း တဒိန်း တဒိန်း
တဒိန်းဒိန်း တဒိန်းဒိန်းဒိန်းဒိန်း!
ပို၍ လျင်မြန်နေသည့်အသံက သူ၏ကိုယ်ပိုင် နှလုံးခုန်သံပင်။
သူ့နှလုံးက ရုတ်တရက်ကြီး အရမ်းမြန်မြန်တွေခုန်လာရသည်။
ရှီကွေ့ချန်က သူ့မျက်စိရှေ့မှ ဖြူဖွေးနေသော အရာကို ကြောင်ပြီး စိုက်ကြည့်နေမိသည်။
ကြည့်လေလေ ပူတင်းပေါင်မုန့် တစ်လုံးနှင့် ပိုတူလာလေလေ ဖြစ်သည်။
အပေါ်ယံအခွံက ပါးလွှာပြီး အတွင်းက အနှစ်လေးတွေက ချိုမြကာ နူးညံ့ပြီး နွေးထွေးနေမှာပင်။
မွှေးကြိုင်ပြီး နူးညံ့အိစက်နေပြီးတော့တစ်ချက်လျက်ကြည့်လိုက်တော့... ချိုမြနေတုန်း သူ့လျှာဖျားလေးက ချောမွေ့သော အသားအရေကို ညင်သာစွာ လျက်လိုက်မိသည်။
ကျားဖြူလေးက သူဘာလုပ်လိုက်မိသည်ကို သတိပြုမိသွားသောအခါတွင် သူ၏အမြီးမှ အမွှေးများပင် ထောင်ထသွားသည်အထိ ထိတ်လန့်သွားရသည်။
သူ၏လက်သည်းများကလည်း စပရင်တပ်ထားသလိုမျိုး ကိုယ်လုံးလေးကို အနည်းငယ် နောက်သို့တွန်းထုတ်လိုက်သည်။
ကံကောင်းထောက်မစွာဖြင့် အဝတ်များက ကျားဖြူလေးကို တင်းတင်းပတ်ထားပြီး ဟယ်ရူကော ၏ လက်များကလည်း သူ့ကိုယ်လုံးလုံးလေးကို သေချာ ပင့်မထားသဖြင့် ထိတ်လန့်သွားသည့်တိုင် ကျားဖြူလေးက ပြုတ်ကျမသွားခဲ့ပေ။
'ငါလုပ်တာကို သူသိသွားပြီလား'
ရှီကွေ့ချန်၏ အသက်ရှူသံများအပြင် နှလုံးခုန်သံလေးပါ တစ်ချက်ရပ်သွားရသည်။
သူ၏တစ်ကိုယ်လုံးကလည်း တောင့်တင်းသွားရပြီး သူ၏ပြစ်မှုကို စစ်ဆေးမေးမြန်းခြင်း မခံရကြောင်း တွေ့ရှိမှသာ သက်ပြင်းတစ်ချက် ချနိုင်တော့သည်။
'ငါ..ငါက ခဏလေးပဲ လျက်လိုက်မိတာ တကယ်တော့ အထိအတွေ့က လက်သည်းနဲ့ မတော်တဆ ထိမိသွားသလိုပဲ..အဲ..လက်သည်းကတော့ စိုစိုကြီးဘယ် ခံစားရမလဲ..ဒါဆိုလည်း ငါ့နှာခေါင်းနဲ့ မတော်တဆ ပွတ်မိသွားတာလည်း ဖြစ်နိုင်ပါတယ် ဟုတ်တယ်.. ဒီလိုပဲ ဖြစ်ရမယ်'
သူ၏ကျားနှုတ်ခမ်းမွှေးလေးများက တခါခါဖြင့် လှုပ်ရှားသွားသည်။
ကျားဖြူလေးက ဗုံတီးနေသကဲ့သို့ ခုန်နေသောနှလုံးသားဖြင့် သူခုနက လျက်လိုက်သော နေရာလေးကို အကဲခတ်ကြည့်လိုက်သည်။
ဖြူဖွေးသော အသားအရေပေါ်တွင် ပန်းနုရောင်လေးများ သန်းနေသည်။
ဟယ်ရူကောက နုနယ်သော အသားအရေရှိသည်ကို သူသိသော်လည်း ဒီအခြေအနေထိ... နုနယ်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
နို့မလိုင်လွှာတက်နေသော နွားနို့မျက်နှာပြင်လိုမျိုး လက်ချောင်းထိပ်ဖြင့် ညင်သာစွာ တွန်းလိုက်ရုံမျှဖြင့် အရေးအကြောင်းများ ထင်သွားနိုင်ပုံပင်။
ဖြစ်နိုင်သည်မှာ သူ၏လျှာက အလွန်ကြမ်းတမ်းနေတာကြောင့်လား။
လျှာပေါ်မှ ဆူးချွန်လေးများရှိသောကြောင့် သူ့အနေနှင့်လည်း ထိုသူ၏ကိုယ်ပေါ်တွင် အမှတ်အသားများ ချန်ထားခဲ့ရန် ပိုမိုလွယ်ကူသည်။
ကျားဖြူလေး၏မျက်နှာက ပိုပိုပြီး ပူလောင်လာကာ သူရှူရှိုက်မိသော ရနံ့များကလည်း ပိုမိုမွှေးကြိုင်လာသည်။
ကျားဖြူလေးက သူဟာ ဤရနံ့ကြောင့် မူးမေ့သွားတော့မလိုလို အပူရှိန်ကြောင့်ပဲ သတိလစ်သွားတော့မလိုလို ဖြစ်ချင်လာရသည်။
သူက ဟယ်ရူကော၏ တုံ့ပြန်မှုကို စမ်းသပ်လိုသော ရည်ရွယ်ချက်ဖြင့် သူ၏လုံးဝိုင်းဝိုင်း မျက်နှာကလေးကို အင်္ကျီလည်ပင်းပေါက်မှ အားယူပြီး ထိုးထွက်လိုက်သည်။
အပြင်ဘက်မှ အလင်းရောင်မှာ အင်္ကျီအတွင်းမှ နူးညံ့သည့်အလင်းရောင်မျိုး မဟုတ်သဖြင့် ရုတ်တရက် ခေါင်းထွက်လိုက်သောအခါ အနည်းငယ် အသားမကျ ဖြစ်သွားရသည်။
ကျားဖြူလေးက မျက်တောင်လေးများကို ပုတ်ခတ် ပုတ်ခတ် လုပ်လိုက်ပြီးနောက် အဖြူစင်ဆုံးနှင့် အန္တရာယ်အကင်းဆုံး အမူအရာလေးကို ပြရန် ကြိုးစားကာ ဘာမှမသိသလို ဟန်ဆောင်လိုက်သည်။
သူ့တွင် ချစ်စရာကောင်းအောင် လုပ်ပြဖူးသည့် အတွေ့အကြုံမရှိသောကြောင့် ထိုတစ်ခဏတွင် သူလည်း စက္ကန့်အနည်းငယ်ကြာ 'တောင့်ခဲ' သွားရပြီး သူ၏မျက်နှာအမူအရာမှာလည်း ဗလာ ဖြစ်သွားသည်။
ထို့နောက်တွင်တော့ နားမလည်နိုင်ဖြစ်နေသော ကျားဖြူလေးအား ရက်စက်သော လက်တစ်ဖက်က အင်္ကျီအောက်သို့ ပြန်ဖိထားလိုက်သည်။
ရှီကွေ့ချန် : “!!!”
သူတို့ ပထမဆုံးတွေ့ဆုံစဉ်က ဟယ်ရူကော၏ နူးညံ့သိမ်မွေ့ပြီး ဂရုစိုက်တတ်သော အမူအရာကို ရှီကွေ့ချန် မှတ်မိနေသေးသည်။
ဘယ်လိုဖြစ်ပြီး တစ်ရက်ပဲ ကြာသေးတာကို သူ့အပေါ် ဆက်ဆံတဲ့ပုံစံ ဒီလောက်တောင် အနုတ်တွေဖြစ်သွားရတာလဲ။
အကြီးအကျယ် ထိခိုက်သွားသော ကျားဖြူလေးမှာ ကြောင်ပန်းကိတ်လေး တစ်ခုလို ပျော့ခွေသွားပြီးနောက် သူ၏ကိုယ်တစ်ပိုင်းလုံးကို နူးညံ့နွေးထွေးသော အသားအရေပေါ်သို့ ကပ်ထားလိုက်သည်။
ပန်းရောင်လက်နုနုလေးတစ်ဖက်ကလည်း မသိစိတ်ဖြင့် သူ့ဘေးမှသူ၏ အသားရည်အား အဆင်မပြတ်ဆုပ်နယ်နေသည်။
ထို့နောက်တွင် တံခါးဖွင့်သံနှင့် ပိတ်သံတို့က ရှေ့ဆင့်နောက်ဆင့်ထွက်ပေါ်လာသည်။
"ကျွန်တော် ဆေးခန်းလာပြတာပါ"
ရှီကွေ့ချန်က ဟယ်ရူကော ၏ အသံကို ကြားလိုက်ရသည်။
သူက ခဏတာ ကြောင်ငေးသွားပြီးမှ၊
သူကိုယ်တိုင်က 'လူနာ' ဖြစ်ကြောင်းကို သဘောပေါက်သွားတော့သည်။
...ထိုသူက နေမကောင်းသလို ပြုမူခဲ့တာကြောင့် အန္တရာယ်ကို မမှုပဲ သူ့(ရှီကွေ့ချန်ကို ဆေးခန်းလာပြပေးတာလား။
“မင်းက အရင်တစ်ခေါက်က လူလေးဟွမ်ယုံးနဲ့ အတူလာတဲ့သူမဟုတ်လား.. မင်းက နေမကောင်းလို့လား.. ငါ့ဆေးဖိုးက စျေးတော့ မပေါဘူးနော်”
ရင်းနှီးနေသော အသံတစ်ခု ထွက်ပေါ်လာသည်။
ကျားဖြူလေးလည်း ခေါင်းပြူထွက်လာပြီးနောက် စာအုပ်စာအုပ်ပေါ်တွင် ထိုင်နေသော ရွှင်ယောက်ရှူကို တွေ့လိုက်ရသည်။
မောက်ကျန်းယုံ
ရှီကွေ့ချန် က သူ မေ့လျော့လုနီးပါးဖြစ်နေသော နာမည်တစ်ခုကို ပြန်သတိရလိုက်သည်။
"Anlahuos ဆေးပညာဆု" ကို ရရှိပြီးနောက် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့သည့် ဆေးပညာရှင် ကြွက်ကြီးပင်။
ထိုဆုကို မရရှိမီက သူဟာ နာမည်မရှိသော ကြွက်တစ်ကောင်မျှသာ ဖြစ်ပြီး၊ လူငယ်ဘဝကတည်းက သူ၏ခေတ်ပြိုင် မျိုးဆက်သစ် ပါရမီရှင်များ၏ အရောင်အဝါအောက်တွင် ဖိနှိပ်ခံခဲ့ရသည်။
သက်လတ်ပိုင်းအရွယ်တွင် ဖက်ဒရေးရှင်း သုတေသနဌာန သို့ ဝင်ရောက်ခဲ့သော်လည်း အောင်မြင်မှုမရခဲ့ပေ။
မူလကတော့ မောက်ကျန်းယုံအနေနှင့် သူ၏ဘဝကို ထင်ပေါ်ခြင်းမရှိဘဲ သာမန်အတိုင်း ကုန်ဆုံးရမည်ဖြစ်ပြီး ဤဘဝတွင် Anlahuos ဆေးပညာဆုနှင့် ဘယ်လိုမှ ပတ်သက်နိုင်ဖွယ် မရှိခဲ့ပေ။
သို့သော်လည်း လူတို့က ဥစ္စာဓနအတွက် သေဆုံးပြီး ငှက်တို့က အစာအတွက် သေဆုံးကြသည်ဟူသော စကားပုံအရ ဤဆေးပညာရှင်ကြွက်ကြီး ဂုဏ်ပကာသနဟု ခေါ်ဆိုနိုင်သော အရာအတွက် သူ၏ကိုယ်ပိုင် အသိစိတ်ကိုပင် ထုတ်ယူနိုင်ခဲ့သည်။
သူက နွေးထွေးနေဆဲ နှလုံးသားကို ကိုင်မြှောက်ရင်း အေးစက်သော ခွဲစိတ်ဓားတစ်လက်ဖြင့် ထိုအရာကို လှီးဖြတ်ကာ သုတေသန ပြုလုပ်ခဲ့သည်။
ရှီကွေ့ချန်က ဆေးပညာရှင်ကြွက်အဘိုးကြီးကို စိုက်ကြည့်နေသည်။
သူ၏မျက်လုံးအစုံတွင်လည်း ရွံရှာမုန်းတီးမှုနှင့် သနားကြင်နာမှုတို့က ရောယှက်နေသည်။
ရွှင်ယောက်ရှူက "ဆံပင်ပေါက်စေဖို့ လျှို့ဝှက်နည်းလမ်း" ဟု ပြောလိုက်သောအခါတွင်မူ ကျားဖြူလေး၏ မျက်လုံးထဲမှ နည်းပါးလှသော သနားကြင်နာမှု အစအနတို့မှာ ချက်ချင်း ပျောက်ကွယ်သွားသည်...။
(Adm note: ရွှင်ယောက်ရှူ က ဒီရှင်းဟိုင်မှာသူ့ကိုခေါ်တဲ့နာမည်ပြောင်ပါ နာမည်ရင်းကကျ မောက်ကျန်းယုံပါ )
တကယ်ပါပဲ၊ ဒီနံစော်နေတဲ့ ကြွက်က သေသွားတာ အကောင်းဆုံးပင်။
ကိုယ့်ကိုယ်ကိုယ် မြန်မြန် အဆုံးစီရင်ပြီးရင် သူ့ရုပ်အလောင်းကို သုတေသနဌာနကို လှူဒါန်းလိုက်သင့်သည်။
ပူဖောင်းငါးတစ်ကောင်လိုမျိုး ဒေါသဖြင့် ဖောင်းကားနေသော ကျားဖြူလေးကို ဟယ်ရူကောက ပွေ့ချီသွားသည်။
ကျားဖြူလေးကလည်း ဟယ်ရူကော၏ ရင်ခွင်ထဲတွင် ရုန်းကန်ရင်း လူးလွန့်နေပြီ သူ၏မျက်နှာတွင်လည်း မကျေနပ်ကြောင်းကို ဖော်ပြလျက် ဟယ်ရူကောကို သူ၏ထူထဲသော အမွှေးများကို ပြသနေသည်။
——ငါ အမွေးတွေမပြောင်သေးဘူး။
——တကယ် မပြောင်တာ။ ခင်ဗျား ကြည့်စမ်း။
——ဒီမှာ၊ ဒီမှာ၊ ဒီနေရာတွေအကုန်လုံး အမွေးတွေချည်းပဲ။
“မင်းလည်း ကလေးလေးကို ခေါ်သွားတဲ့အခါ သတိထားသွာ ဖျက်ဆီးရေးစီမံကိန်းက ပြန်စနေပြီ မသန့်ရှင်းတဲ့အရာတွေ နေရာအနှံ့မှာ ရှိနေတယ်…}
'ဖျက်ဆီးရေးစီမံကိန်း' လား။
ရှီကွေ့ချန်က သူ အစောပိုင်းက ခေါင်းပြူးထွက်လာစဉ် ဟယ်ရူကော ၏ မျက်နှာအခြေအနေ မကောင်းသည်ကို ပြန်သတိရလိုက်သည်။
ဟယ်ရူကောမှာ အစကတည်းက အသားအရေက ဖြူဖွေးနေသူဖြစ်ပြီးရာ ထိုအချိန်ကဆိုလျှင် သွေးမရှိတော့သလို ဖြူဖျော့နေခဲ့သည်။
ထိုစဉ်က 'ဖျက်ဆီးရေးစီမံကိန်း' ကို အကောင်အထည်ဖော်နေသည်နှင့်
မတော်တဆ သွားတိုးမိခဲ့တာလား။
စမ်းသပ်ခံပစ္စည်းများကို ရှင်းလင်းဖျက်ဆီးသည့် လှုပ်ရှားမှုများမှာ၊ ဖျက်ဆီးခံရသည့် ဘက်တွင်ဖြစ်စေ အကောင်အထည်ဖော်သူ၏ ဘက်တွင်ဖြစ်စေ နှစ်ဦးနှစ်ဖက်လုံးအတွက် အိပ်မက်ဆိုးများ မက်စေသည့် ဖြစ်တည်မှုတစ်ခုပင်။
'ဒါဆို သူ လန့်သွားခဲ့တာပေါ့'
ကျားဖြူလေးက မျက်တောင်လေးများကို ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ပြီးနောက် လူတို့၏စိတ်ကို ကုစားပေးနိုင်မည့် ပုံစံလေးတစ်ခုကို လုပ်ပြရန် ပြင်ဆင်နေစဉ်မှာပင် ကြိုတင်ပြင်ဆင်ချိန်မရလိုက်ပါဘဲ ဟယ်ရူကော ၏ ရင်ခွင်ထဲသို့ တစ်ဖန်ပြန်လည် ထိုးသွင်းခြင်း ခံလိုက်ရသည်။
ဒုတိယအကြိမ် ပြန်ထိုးထည့်ခံလိုက်ရသော ရှီကွေ့ချန် မှာ အံ့ဩတုန်လှုပ်ခြင်း မရှိတော့ပေ။
နူးညံ့မွှေးကြိုင်သော ရင်ခွင်ထဲတွင် ရှိနေသဖြင့် ဒေါသထွက်ရန်ပင် အချိန်မရတော့ သူက သူကြိုက်နှစ်သက်သော အနေအထားတစ်ခုကို ရှာဖွေပြီး သက်တောင့်သက်သာလေး ခွေအိပ်နေလိုက်သည်။
ဤသည်မှာ သုံးနှစ်တာကာလအတွင်း သူ၏ အနားအယူရအကောင်းဆုံး အခိုက်အတန့် ဖြစ်ကောင်းဖြစ်နိုင်သည်။
သူ၏ပတ်ဝန်းကျင်တစ်ခုလုံးက နွေးထွေးနေပြီး ဝေ့ဝဲလာသည့် နွေးထွေးမှုမှ ရနံ့များက နှာသီးဖျားတွင် ဝေ့ဝဲနေသည်။
ထိုရနံ့များမှာ သူ၏စိတ်ကို အေးချမ်းတည်ငြိမ်စေသည့် အငွေ့အသက်လေးများလည်း ဖြစ်သည်။
သူ၏ အသိစိတ်ပင်လယ်တွင် ပြဿနာရှိနေသောကြောင့် ရှီကွေ့ချန်မှာ အိပ်စက်ချိန်တိုင်းတွင် ကောင်းမွန်စွာ အိပ်စက်ခွင့်မရပဲ ထူးဆန်းသောအိပ်မက်များကို မကြာခဏ မက်လေ့ရှိသည်။
အလွန်တရာ ထူးဆန်းသော အိပ်မက်များပင်။
အိပ်မက်ထဲမှ သူက အစွမ်းထက်ပြီး ရူးသွပ်နေကာ ဇာခ့်မျိုးနွယ်များကို ဦးဆောင်ပြီး ဖက်ဒရေးရှင်းကို ကျူးကျော်တိုက်ခိုက်သည်။
လူများစွာက ငိုယိုပြီး အသက်ကို ချမ်းသာပေးပါရန် သူ့ကို တောင်းဆိုကြသည်။
အပြစ်ကင်းစင်သူတွေရော၊ အပြစ်မကင်းသူတွေရော၊ ငယ်ရွယ်သူတွေ၊ လူအိုတွေရော...
သို့သော်လည်း အိပ်မက်ထဲမှ သူက ခေါင်းတွေအရမ်းကိုက်ခဲနေပြီးသတ်ဖြတ်ခြင်းကသာ သူ၏နာကျင်မှုကို သက်သာစေနိုင်သည်။
နောက်ဆုံး သတ်ဖြတ်စရာ မည်သူမှ မကျန်တော့သည့်အခါတွင် သူက ဇာခ့်မျိုးနွယ်တစ်ခုလုံးကိုပါ ဖျက်ဆီးပစ်ပြီး သူ့ကိုယ်သူလည်း လက်စတုံးပစ်လိုက်သည်။
ထို့နောက်တွင် သူ၏ရုပ်ကြွင်းက အဆုံးမဲ့သော ချောက်နက်ကြီးအတွင်းသို့ အဆက်မပြတ် ကျဆင်းနေတော့သည်။
ပြင်းထန်လှသည့် ဗလာနတ္တိခံစားချက်ကြီးက သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံထားပြီး သူ၏စိတ်နှလုံးမှာလည်း ဟာတာတာကြီး ဖြစ်နေကာ တစ်စုံတစ်ခုကို အမြဲတမ်း လိုအပ်နေသလိုပင်။
ရှီကွေ့ချန်က ဒီအိပ်မက်တွေကို မုန်းတီးသည်။
အကယ်၍ ဂိမ်းထဲမှ ဟယ်ရူကောကို အိမ်သို့ ပွေ့ချီခေါ်ဆောင်သွားပြီး အတူတူအိပ်စက်နိုင်မည်ဆိုလျှင် သူလည်း အိပ်မက်ကောင်းတစ်ခုလောက် မက်နိုင်မလားမသိပေ။
သို့သော်လည်း ဂိမ်းထဲမှလူကို အပြင်လောကတွင် လက်တွေ့ဖြစ်လာစေရန် ပြုလုပ်ခြင်းမှာ လက်တွေ့မကျသော အတွေးတစ်ခုသာ။
ပုံရိပ်ယောင်ဂိမ်းများ တည်ရှိနေသောကြောင့် ကြယ်တာရာခရီးသွားသူ အနည်းစုမှာ ဂိမ်းထဲမှာတွေ့သော ချစ်သူများကို ချစ်ကြိုက်သွားကြပြီး ဂိမ်းထဲတွင် မင်္ဂလာပွဲများပါ ကျင်းပကာ ထိုပုံရိပ်ယောင်ချစ်သူများနှင့် တစ်သက်တာလုံး အတူနေထိုင်သွားကြသည်။
ရှီကွေ့ချန်က ချစ်သူတစ်ယောက်ကို မလိုချင်ပေ။
သူလိုချင်သည်မှာ "ဟယ်ရူကော" ဆိုသည့် ထာဝရ နွေးထွေးပြီး လှပနေမည့် ဂိမ်းဇာတ်ကောင်တစ်ဦးကိုသာ ဖြစ်သည်။
ကျားဖြူလေး၏အပြာရောင်မျက်လုံးများက ဟယ်ရူကောကို စူးစိုက်ကြည့်နေသည်။
——မင်းကရော ထာဝရ လှပနေမှာလား။
——ထာဝရ ဖြူစင်သန့်ရှင်းပြီး အမှောင်ထုရဲ့ စွန်းထင်းခြင်းကို မခံရဘဲနဲ့လေ။