no

Font
Theme

အခန်း ၁၈ - မျက်ရည်တို့ ပုလဲဖြစ်စေသော်

ကျားဖြူလေးရဲ့စိတ်နှလုံးက ပင်လယ်အောက်က အပ်တစ်စင်းပမာဟယ်ရူကော က ကြောင်ဆေးပင်ကို သိမ်းလိုက်ပြီးနောက် [ကျောကိုပွတ်သပ်မည်] ဆိုသည့်ခလုတ်ကို ပြန်နှိပ်လိုက်သည်။

ဒီတစ်ခါတော့ ကျားဖြူလေးက ရှောင်တိမ်းမသွားပေ။

သို့သော်လည်း သူက အရင်ကလိုမျိုး နှစ်နှစ်ခြိုက်ခြိုက်ခံစားနေပုံမရဘဲ စိုးရိမ်ပူပန်နေသည့်ဟန်လေးဖြင့် တိုးတိုးလေးညည်းညူလာသည်။

နံပါတ် ၂၀

[ဝေါင်း - ဖြည်းဖြည်းပွတ်လေ]

ဟယ်ရူကော : "???"

ပွတ်သပ်ပေးတဲ့အရှိန်ကို သူက ထိန်းချုပ်လို့မှမရတာကို။

သို့သော်လည်း ကျားဖြူလေးက အဲ့ဒီလိုပြောလိုက်ပြီးနောက်မှာတော့

ဂိမ်းထဲက သူ့အမွေးလေးတွေကို ပွတ်ပေးနေသည့်လက်သည်လည်း အားကိုသိသိသာသာလျှော့ချလိုက်သည်။

ကျားဖြူလေးလည်း သက်သောင့်သက်သာဖြစ်သွားပြီးနောက်

သူ့၏ 'နှစ်သက်မှုအမှတ်' လက်ကျန်လေးကလည်း ဒီရေတက်သလိုမျိုး တဖြည်းဖြည်းတိုးလာပြီးနောက် အမှတ် ၂၀ အထိ ရောက်သွားတော့သည်။

ဟယ်ရူကောအတွက် ဂိမ်းထဲကနေ ကြောင်လေးတစ်ကောင်မွေးရသည့် ပျော်ရွှင်စရာအချိန်လေးများက အမြဲလိုလို တိုတောင်းလှသည်။

ည ၁၁ နာရီခွဲထိုးသည်နှင့် ဟယ်ရူကောလည်း သူ့ကို ယခုပဲလာသတ်တော့မလို အကြိမ်ကြိမ်လာဆော်သြနေသော သူ့သူငယ်ချင်းဖြစ်သူကြောင့် အမှောင်ခန်းလေးထဲသို့ မဝင်ချင်ဝင်ချင်ဖြင့် ဝင်ကာ စာသွားရေးရတော့သည်။

ဟယ်ရူကောက မနက် ၆ နာရီအထိ စာရိုက်လိုက်ပြီးနောက် သူရေးထားသော စာလုံးရေငါးထောင်ကို စာမူကြမ်းပုံးထဲသို့ ထည့်လိုက်သည်။

မနက်ဖြန်က သူ V ဖြစ်လာမည့်နေ့ ဖြစ်သည်။

(Adm note :jjwxcမှာ VIP chapter တွေ paid စဖွင့်လို့ရတဲ့နေ့)

သူ၏မူကြမ်းပုံးကို ပြန်စစ်ကြည့်လိုက်သောအခါတွင် စာလုံးရေလေးသောင်းတိတိရှိနေပြီဖြစ်သောကြောင့်သူ့စိတ်ထဲတွင် အနည်းငယ်တော့ အားရှိသွားသလို ခံစားလိုက်ရသည်။

ထို့ကြောင့် ဟယ်ရူကောလည်း ပျော်ရွှင်စွာဖြင့် ဂိမ်းလေးကိုတစ်ဖန်ပြန်ဖွင့်လိုက်ပြီးနောက် အကောင်လေးတွေကို ညစာကျွေးပြီးချိန်တွင် တာဝန်အသစ်တစ်ခုကို လက်ခံရရှိခဲ့သည်။

[ရေချိုးမည့်နေ့ :ရေချိုးရတာကို တစ်ကိုယ်လုံးလန်းဆန်းသွားစေလို့ အားလုံးကြိုက်ကြတဲ့အလုပ်ဖြစ်ပါတယ်။

ကျေးဇူးပြုပြီး ဟွမ်ယုံး ညွှန်ကြားတဲ့အတိုင်း၊ အစမ်းသပ်ခံလေးတွေကို သန့်စင်ဆေးကြောပေးရမယ့်အလုပ်ကို ပြီးမြောက်အောင်လုပ်ဆောင်ပေးပါ]

ဟွမ်ယုံးက လက်တွန်းလှည်းတစ်စီးကို ဆွဲလာပြီး သူ၏လှည်းပေါ်တွင် ကြီးမားသောသံလှောင်အိမ်ကြီးတစ်လုံးရှိနေသည်။

ဟွမ်ယုံးက အခန်းတံခါးများကို လိုက်ဖွင့်ပြီးနောက် သိပ်မကျန်တော့သည့် အကောင်ငယ်လေးများကို သံလှောင်အိမ်ထဲသို့ တစ်ကောင်ပြီးတစ်ကောင် ပစ်ထည့်လိုက်သည်။

နံပါတ် ၂၀ ၏ အခန်းတံခါးကို ဖွင့်လိုက်သည့်အခါတွင် ကျားဖြူလေး၏ပုံစံမှာ ထောင့်လေးတွေမှာကွေးနေသည့် အခြားအကောင်ငယ်လေးများနှင့် လုံးဝမတူညီပေ။

သူက တံခါးဝမှာ ခန့်ခန့်ငြားငြားရပ်နေရင်း ဟွမ်ယုံးကိုကြည့်ပြီး တစ်ချက်ဟိန်းဟောက်လိုက်သည်။

ကျားဖြူလေး၏ လည်ကုတ်ကို ဖမ်းဆွဲရန်ပြင်နေသည့် ဟွမ်ယုံး၏လက်ကလည်း တုန့်ခနဲရပ်သွားပြီးနောက် ဟွမ်ယုံးက ခြေတစ်လှမ်းပြန်ဆုတ်လိုက်သည်။

ကျားဖြူလေးက သူ၏ခြေတံတိုတိုလေးများဖြင့် လှောင်အိမ်ထဲသို့ လျှောက်ဝင်သွားသည်။

သူ၏အရှိန်အဝါကလည်း အလွန်တရာ သန်မာပုံပေါက်နေရာ လှောင်အိမ်အတွင်းမှ တုန်ရီနေသည့် အကောင်ငယ်လေးများကြားထဲတွင် ကြက်အုပ်ထဲက ကြိုးကြာငှက်တစ်ကောင်လို ထင်ပေါ်နေသည်။

တခြားအကောင်ငယ်လေးများက သူတို့ကိုယ်ကိုလေးတွေကျုံ့ထားရင်းက ကျားဖြူလေးအတွက်လည်း အသင့် နေရာဖယ်ပေးလိုက်ကြသည်။

ဟယ်ရူကောလည်း တံ့တသြဖြင့် ကြောင်ကြည့်မိနေစဥ်၊ ကျားဖြူလေးက တည်ငြိမ်စွာဖြင့် လှောင်အိမ်တံခါးကို သူ့ဘာသာသူ ပိတ်လိုက်ပြီးနောက် သံလှောင်အိမ်၏နေရာတစ်ဝက်လောက်ကို ပိုင်စိုးပိုင်နင်းဖြင့် သိမ်းပိုက်လိုက်ကာ မျက်နှာချင်းဆိုင်က ယုန်ငယ်လေးဘက်သို့ လှည့်ပြီး သွားဖြဲပြလိုက်သည်။

ယုန်ငယ်လေးမှာလည်း "ကျိ" ခနဲ အသံလေးထွက်သွားကာ ငိုတော့မလိုဖြစ်နေရှာသည်။

ကျားဖြူလေးက မထီမဲ့မြင်ဟန်ဖြင့် ဟယ်ရူကော အပါအဝင် ဒီနေရာမှာရှိနေသည့် တစ်ယောက်ချင်းစီတိုင်းကို အမှိုက်များကို ကြည့်နေသည့်အကြည့်မျိုးဖြင့် တစ်ချက် ဝေ့ကြည့်လိုက်သည်။

ဟယ်ရူကော: "..."

ဟွမ်ယုံး က အကောင်ငယ်လေးများပါသည့် လှည်းကို ရေချိုးခန်းဆီသို့ တွန်းသွားသည်။

ဟယ်ရူကောက အကောင်ငယ်လေးများကို ချစ်ခင်မြတ်နိုးစွာကြည့်ရင်းမှ ခဏအကြာတွင် သူတို့လေးတွေကို ဖြူဖြူဖွေးဖွေးလေးဖြစ်သွားအောင် ရေချိုးပေးရတော့မည့် ချစ်စရာမြင်ကွင်းလေးကို ကြိုပြီးမြင်ယောင်နေလိုက်သည်။

ရေချိုးခန်းမှာ အလွန်ကြီးမားပြီး တည်ဆောက်ပုံကလည်း ထူးဆန်းနေသည်။

အများသုံးရေချိုးကန်ကြီးလည်းမဟုတ်သလို ရေကန်မရှိ သီးသန့်အခန်းများလည်းမရှိသော နေရာတစ်ခုသာဖြစ်နေရာ အကယ်၍ 'ရေချိုးခန်း' ဆိုသည့် စာလုံးသုံးလုံးကိုသာ တပ်မထားခဲ့လျှင် ဒီအခန်းအလွတ်ကြီးက အပြီးမသတ်ရသေးသည့် အခန်းတစ်ခန်းလို့ပင် ထင်ရမှာဖြစ်သည်။

ဟွမ်ယုံး က သံလှောင်အိမ်ကို ဖွင့်လိုက်ပြီးနောက် အကောင်ငယ်လေးများထဲမှ လေးကောင်ကို တစ်ခါတည်း ဆွဲထုတ်လိုက်သည်။

ထိုအထဲတွင် ယုန်ငယ်လေးလည်း ပါဝင်သည်။

ဟွမ်ယုံး၏ လက်က လှောင်အိမ်အတွင်းသို့ဝင်လာသည်နှင့်

ကျားဖြူလေးက လျင်မြန်စွာ ရှောင်တိမ်းလိုက်ပြီး သံလှောင်အိမ်၏ ဒေါင့်တစ်နေရာမှာ ပုန်းကွယ်လိုက်သည်။

ထို့နောက်သူက သံတိုင်များကြားမှတစ်ဆင့် သူ့မျက်စိရှေ့က အဖြစ်အပျက်အားလုံးကို တည်ငြိမ်စွာ ကြည့်ရှုနေခဲ့သည်။

ယုန်ငယ်လေးကို ဟွမ်ယုံးက နားရွက်ရှည်နှစ်ဖက်ကနေ ဆုပ်ကိုင်လိုက်ပြီးနောက် အသည်းအသန်ရုန်းကန်နေသည့်ကြားမှ မုန်လာဥတစ်လုံးကို ဆွဲနှုတ်လိုက်သလိုမျိုး ဆွဲထုတ်လာသည်။

သတိလစ်မတတ် ထိတ်လန့်နေဆဲဖြစ်သော ယုန်ငယ်လေးနှင့် တခြားအကောင်ငယ်လေး သုံးကောင်သားမှာ အခန်းလွတ်ကြီး၏အလယ်သို့ ပစ်ချခံလိုက်ရသည်။

သူတို့အားလုံးမှာ အတုန်တုန်အယင်ယင်ဖြစ်နေကြကာ ငုံးကလေး လေးကောင်နှင့်ပင် တူနေသေးသည်။

ထို့နောက်တွင် ဟွမ်ယိုက အခန်းထဲမှ ခလုတ်တစ်ခုကို ဖွင့်လိုက်ရာ၊ ကြည်လင်နေသည့် မှန်နံရံတစ်ခုပေါ်လာပြီး ထိုအကောင်ငယ်လေး လေးကောင်နှင့် ကျန်သူတို့ကို ခြားနားသွားစေသည်။

မှန်နံရံပေါ်တွင် ရေပိုက်ရှည်တစ်ချောင်းလည်း ရှိနေသည်။

ဟယ်ရူကော၏ စိတ်ထဲတွင် ရုတ်တရက်ဆိုသလို မကောင်းသည့်အငွေ့အသက်တစ်ခုကို ခံစားလိုက်ရသည်။

ထို့နောက်တွင်တော့ သူထင်သည့်အတိုင်းပင် ဟွမ်ယုံးက ရေပိုက်ကို ကိုင်ပြီး မှန်နံရံအတွင်းမှ အကောင်ငယ်လေး လေးကောင်ထံသို့ အားပြင်းလှသည့် ရေစီးဖြင့် ထိုးပစ်လိုက်သည်ကို တွေ့လိုက်ရသည်။

အကောင်ငယ်လေးများသည်လည်း ချက်ချင်းဆိုသလိုပင် ရေစိုနေသည့်ကြက်ပေါက်လေးများအဖြစ်သို့ ပြောင်းလဲသွားကြပြီး ပြင်းထန်လှသည့် ရေပိုက်မှရေအရှိန်ကြောင့် ခြေလှမ်းအနည်းငယ်ပင် နောက်သို့ဆုတ်သွားရသည်။

ယုန်ငယ်လေးဆိုလျှင် မြေပြင်ပေါ်သို့ လဲကျသွားရှာသည်။

ကျန်အကောင်ငယ်လေးများလည်း သတိဝင်လာကြပြီးနောက် အသည်းအသန် ထွက်ပြေးတိမ်းရှောင်ကြသော်လည်း တုံးအလွန်းသည့် ယုန်ငယ်လေးတစ်ကောင်တည်းသာ ကြောက်လန့်တကြားဖြင့် နေရာမှာပင် ခွေခေါက်နေရှာသည်။

ယုန်ငတုံးလေးက သူ့တစ်ကိုယ်လုံး တဆတ်ဆတ်တုန်ယင်ကာ ငိုယိုနေရင်းမှ ပြင်းထန်သည့်ရေစီးကြောင်းကြီးက သူ့ကိုယ်ကိုလာမှန်တာကိုလည်း ငြိမ်ခံနေရှာသည်။

ဟွမ်ယုံးက ယုန်ငယ်လေးကို နှိပ်စက်ရတာ ငြီးငွေ့သွားပြီးနောက် တခြားအကောင်ငယ်လေးများကို ရေပိုက်ကြီးဖြင့် လှည့်ပတ်ဖျန်းတော့သည်။

"ရေချိုးပွဲ" ပြီးဆုံးသွားသည့်အချိန်တွင် အကောင်ငယ်လေး လေးကောင်လုံးမှာ နွမ်းနယ်ပျော့ခွေနေကြပြီး ယုန်ငယ်လေးဆိုလျှင် အချိန်မရွေး အသက်ထွက်သွားတော့မလိုမျိုး အတော်လေးအဖြစ်ဆိုးနေရှာသည်။

ဟယ်ရူကော၏ မျက်ခုံးများက အလိုမကျသလိုမျိုး တွန့်ချိုးသွားကြသည်။

သူက ဖန်သားပြင်ပေါ်မှ ယုန်ငယ်လေးကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေရင်းမှ ဒီအငိုသန်ကလေး မငိုတော့အောင် သကြားလုံး တစ်ထုပ်လောက် ပေးလိုက်ချင်စိတ်ပေါက်သွားရသည်။

ဟွမ်ယုံးက အအေးဒဏ်ကြောင့် တုန်ရီနေသည့် အကောင်ငယ်လေးများကို အခြောက်ခံသည့်နေရာသို့ ပို့လိုက်သည်။

ယုန်ငယ်လေးက သူ့ပတ်ဝန်းကျင်က နွေးထွေးလာသည်ကို သတိပြုမိသွားချိန်တွင်မူနှာရည်တရွှဲရွှဲဖြင့် ငိုယိုနေရာမှ ရုတ်တရက် ရှိုက်သံများရပ်တန့်သွားသည်။

ယုန်ငယ်လေးက လေနွေးနွေးတို့ လာနေသည့် အပေါက်ရှိရာသို့ သူ၏ဗိုက်လေးကို သေသေချာချာလှည့်လိုက်ပြီးသည်။

ခဏအကြာမှာတော့ ယုန်ကလေးက လိမ်လိမ်မာမာဖြင့် ကိုယ်လေးကို တစ်ပတ်လှည့်ကာ သူ၏စိုစွတ်နေသည့် တင်ပါးလေးကို အခြောက်ခံရန် ကြိုးစားပြန်သည်။

ဟွမ်ယုံးကပြောလာသည်။

[သဘောပေါက်ပြီလား၊ နောက်ဆို မင်းကိုယ်တိုင် ရေချိုးပေးရမယ်]

လူသစ်များအတွက် လမ်းညွှန် :

[ခလုတ် "↓" နှိပ်၍ မှန်နံရံကို ထုတ်ပါ]

[ခလုတ် "←" နှင့် "→" ကို နှိပ်၍ ရေစီးကြောင်းကို ဘယ်ညာရွှေ့ပါ]

[ရေအားနှင့် အပူချိန်ကို ကိုယ်တိုင်ထိန်းညှိနိုင်ပါသည်]

ဟယ်ရူကောလည်း နောက်ဆုံးတစ်ချက်ကို တွေ့လိုက်ရသည့်အချိန်တွင် စိတ်ထဲမှ အလုံးကြီးတစ်လုံး ပြုတ်ကျသွားသလို ခံစားလိုက်ရသည်။

ရေစီးအားနှင့် အပူချိန်ကို ထိန်းချုပ်နိုင်ပါက သူက ရေကို ရေစီးကြောင်းပျော့ပျော့လေးအဖြစ် ပြောင်းလဲနိုင်ပြီး အပူချိန်ကိုလည်း မပူမအေး နေလို့ကောင်းသည့် ရေအပူချိန်အဖြစ် ထားရှိနိုင်မည်ဖြစ်သည်။

ဟယ်ရူကောက ဂိမ်းမှ ဖန်တီးထားသည့် ရေဆေးပေးရမည့်စနစ်မှာ ဟွမ်ယို ပြသသွားသည့် "နှိပ်စက်ညှဉ်းပန်းသလို" ပုံစံမျိုး ဖြစ်နေမည်ကို အစကစိုးရိမ်နေခဲ့တာပင်။

အကယ်၍ ဒီရွေးချယ်မှုတစ်ခုတည်းသာ ရှိခဲ့ပါက သူ မလုပ်နိုင်တာကြောင့်

ဒီအဆင့်မှာတင် ပိတ်မိနေနိုင်ပြီး ဒီဂိမ်းကိုပင် ဆက်ဆော့ဖြစ်ချင်မှ ဆော့ဖြစ်တော့မှာပင်။

ကံကောင်းထောက်မလို့က ဒီဂိမ်းက သူ့ဟာသူ အချစ်ဂိမ်းဆိုတာကို မမေ့သေးဘဲ ကစားသမားတွေကို စိတ်ရောဂါရအောင် တွန်းမပို့သေးပေ။

ဟွမ်ယုံးက သံလှောင်အိမ်ထဲတွင် ကျန်ရှိနေသည့် သတ္တဝါငယ်လေးငါးကောင်ကို ဆွဲထုတ်ရန် ပြင်လိုက်သည်။

သို့သော်လည်း ထိုအကောင်ငယ်လေးတွေမှာလည်း တခြားအကောင်လေးများ၏ အဖြစ်အပျက်ကို မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ခဲ့ရပြီးဖြစ်ရာ အလွယ်တကူ အဆွဲထုတ်မခံချင်ကြပေ။

အားလုံး ဖရိုဖရဲဖြစ်နေသည့် အခိုက်တွင် ကျားဖြူလေးကသာ သူ့ဟာသူ ထရပ်လိုက်ပြီးနောက် ဟွမ်ယိုကို ကြောက်မက်ဖွယ်ရာအသံဖြင့် တစ်ချက်ဟိန်းလိုက်သည်။

ထို့နောက်တွင် ဟွမ်ယုံးက သတိပြန်မဝင်ခင်မှာပင် သူက လှောင်အိမ်အပြင်သို့ ပြေးထွက်လာပြီး အခန်းလွတ်၏အလယ်တွင် သူ့ဟာသူ သွားထိုင်နေလိုက်သည်။

ခပ်တည်တည် ဝင်ထိုင်နေသည့် ကျားဖြူလေးနှင့်မတူဘဲ ကျန်သည့်အကောင်ငယ်လေး လေးကောင်မှာ ဟိုဒီပြန့်ကျဲနေအောင် ပစ်ချခံလိုက်ရသည်။

ဟယ်ရူကော က ခလုတ် "↓" ကို နှိပ်လိုက်ရာ မှန်နံရံက အလိုအလျောက် ကျဆင်းလာပြီး အကောင်ငယ်လေးများကို အတွင်းတွင် ပိတ်လှောင်လိုက်သည်။

ဟယ်ရူကော က ရေချိုးပေးရမည့်ရေကို သေချာပြန်ညှိလိုက်သည်။

သူက ရေစီးအားကို အနည်းဆုံးအဆင့်သို့ လျှော့ချထားသည့်အတွက် ရေပန်းသေးသေးလေးက အဝေးကြီးကို မရောက်နိုင်တော့ပေ။

ထို့ကြောင့် အဝေးမှာပြေးပုန်းနေသည့် အကောင်ငယ်လေးများဆီသို့ ပို၍ပင်မရောက်နိုင်။

ထိုအခါမှပဲ ဟယ်ရူကောလည်း ဟွမ်ယုံး က ဘာကြောင့် ရေအားကို အမြင့်ဆုံးတင်ထားခဲ့ရသလဲကို ရုတ်တရက် နားလည်သွားသလို ခံစားလိုက်ရသည်။

အကြောင်းကတော့၊ ဒီလိုလုပ်မှသာလျှင် အကောင်ငယ်လေးများက ဘယ်နေရာမှာပဲ ပုန်းနေပါစေ ရေချိုးပေးလို့ရမှာမို့ပင်။

ဟယ်ရူကော၏ ရေချိုးပေးမည့်အစီအစဉ်က ရှေ့မရောက်ပဲ ဖြစ်နေသည့် အချိန်တွင် တောင်တစ်လုံးသဖွယ် မလှုပ်မယှက်ရပ်နေသည့် ကျားဖြူလေးက နောက်တစ်ကြိမ် ထရပ်လိုက်ပြန်သည်။

သူက ရေပိုက်ရှိရာသို့ ဖြည်းညှင်းစွာ လျှောက်လာပြီးနောက် ဦးစွာ သူ၏လက်ကလေးကို မြှောက်လိုက်ပြီး ရေအပူချိန်ကို စမ်းသပ်လိုက်သည်။

ထို့နောက်တွင်မူ သူ၏ မျက်လုံးများကို မှိတ်လိုက်ပြီး ရေစီးကြောင်းအောက်တွင် ရပ်လိုက်ကာ နွေးထွေးသောရေက သူ၏ကိုယ်ပေါ်သို့ စီးဆင်းသွားသည်ကို ခံယူလိုက်သည်။

ဟယ်ရူကော လည်း ရေစီးကြောင်းလေးကို အမြန်ထိန်းချုပ်လိုက်ပြီးရေနွေးနွေးလေးဖြင့် ကျားဖြူလေး၏ ကျောကုန်းနှင့် ဘေးနှစ်ဖက်သို့ ဖြန်းပေးလိုက်သည်။

သူက ကျားလေး၏နားရွက်ထဲ ရေတွေဝင်သွားမည်ကိုလည်း စိုးရိမ်နေသည်။

ကံကောင်းထောက်မစွာဖြင့် ကျားဖြူလေး၏ နားရွက်လေးများက

အစောတည်းက ပိတ်ထားပြီးသားဖြစ်သည်။

သူ၏ ပွယောင်းနူးညံ့နေသည့် အမွှေးများက ရေစိုသွားပြီးနောက် သူ့ကိုယ်လေးပေါ်တွင် ကပ်ကပ်လေးဖြစ်နေသည်။

အစက ဘောလုံးတစ်လုံးလိုမျိုး လုံးဝိုင်းနေသည့် ကျားဖြူလေးမှာလည်း ချက်ချင်းပင် ပိန်ပိန်ကပ်ကပ်လေးဖြစ်သွားရသည်။

ထို့နောက်တွင် သူ၏တင်းကျပ်စွာမှိတ်ထားသည့် အပြာရောင်မျက်လုံးများက ဖြည်းညှင်းစွာ ပွင့်လာသည်။

ရေစက်လေးတစ်စက်က သူ၏ပန်းရောင်နှာခေါင်းထိပ်လေးမှ လျှောကျသွားရာ၊ ကျားဖြူလေးက သူ၏လက်ကလေးဖြင့် သူ့နှာခေါင်းလေးကို ပွတ်သုတ်လိုက်သည်။

သူ့ကျောကုန်းတစ်ခုလုံး ရေစိုသွားပြီးနောက် ကျားဖြူလေးက မြေပြင်ပေါ်သို့ လှဲချလိုက်ပြီး ဟယ်ရူကောကို သူ၏ ဖြူဖွေးနူးညံ့လှသော ဝမ်းဗိုက်သားလေးကို ပြလိုက်သည်။

ဟယ်ရူကော : "!!!"

‘ဒါက ငါ သူ့ဗိုက်လေးကို နမ်းဖူးသွားတဲ့သဘောပဲပေါ့’

ကျားဗိုက်လေးလည်း ရေစိုသွားချိန်တွင် ကျားဖြူလေးက ပြန်ထိုင်လိုက်ပြီး၊

သူ၏အမြီးလေးကို ကိုင်ကာ ရေစီးကြောင်းဘက်သို့ မျက်နှာမူရင်း

အမြီးကို သေချာပွတ်တိုက်ဆေးကြောနေသည်။

ဟယ်ရူကောမှာ မျက်စိရှေ့က မြင်ကွင်းလေးကြောင့် ကြည်နူးလွန်းသဖြင့် စိတ်ပင်မမှန်ချင်တော့ပေ။

ကျားဖြူလေး ရေချိုးပြီးသွားသည့်အခါ သူက အနောက်မှ အကောင်ငယ်လေးများဆီသို့ လျှောက်သွားလိုက်သည်။

သူက အကောင်ငယ်လေးများကို အကြိမ်အနည်းငယ်ဟိန်းပစ်လိုက်ရာ ထိုအကောင်ငယ်လေးများလည်း အမြီးလေးများကုပ်ရင်း လိမ်လိမ်မာမာဖြင့်

ရေချိုးရန် ပြေးလာကြသည်။

ကျားဖြူလေး၏ အကူအညီကြောင့် ရေချိုးသည့်ဖြစ်စဉ်တစ်ခုလုံးက

မယုံနိုင်လောက်အောင် အဆင်ပြေချောမွေ့သွားတော့သည်။

(ရှီကွေ့ချန် pov)

ရှီကွေ့ချန် က ရှင်းဟိုင်မိဘမဲ့ဂေဟာကို အရိုးစွဲအောင် မုန်းသည်။

ဒီဂိမ်းထဲမှာ ရှိနေသည့် စက္ကန့်တိုင်းက သူ့ကို စက်ဆုပ်ရွံရှာဖွယ် အမှတ်တရပေါင်းများစွာဆီသို့ ပြန်လည်ဆွဲခေါ်သွားသည်။

ဥပမာ ပြောရရင် ရေချိုးသည့်အချိန်။

သူတို့အဖြစ်မှာ ပက်ဖျန်းလာသည့် တစ်ခန်းလုံးကို လိုက်ပြီး ရေပိုက်ပြင်းပြင်းနဲ့ အညှာအတာမရှိအထိုးခံရသည့်အပြင် ထိုရေအေးများကကိုယ်ပေါ်သို့ ကျရောက်လာလျှင်လည်း အလွန်စူးရှနာကျင်ပြီး နုနယ်သော ဝမ်းဗိုက်နှင့် မျက်နှာပေါ်သို့ ကျရောက်လာလျှင်တော့ အသက်ရှူပင် မှားလောက်အောင် ခံရခက်လှသည်။

ဒါကြောင့် နံပါတ် ၁၉ ယုန်ငယ်လေးက ဘောလုံးတစ်လုံးလို ကွေးပြီး ရေစီးကြောင်းကို ကျောပေးထားသည်ကို တွေ့လိုက်ရချိန်တွင် ရှီကွေ့ချန်၏စိတ်ထဲ၌ သဘောကျသွားသလို ခံစားလိုက်ရသည်။

အကြိမ်ကြိမ်အခါခါ ရေချိုးခဲ့ရသောကြောင့် အကျင့်ရပြီးသား အကောင်လေးများက အတွေ့အကြုံရှိနေကြသည်။

သူတို့က မြေပြင်ပေါ်မှာ ငြိမ်ငြိမ်လေးမှောက်နေပြီး ရေစီးကြောင်းကို ကျောဖြင့် ခုခံခြင်းက အသက်သာဆုံးနှင့် အလုံခြုံဆုံးနည်းလမ်းဖြစ်ကြောင်း သိနေကြပြီဖြစ်သည်။

အကယ်၍ အော်ဟစ်ဆူညံပြီး ဟိုပြေးဒီပြေးလုပ်နေမည်ဆိုလျှင် ရေချိုးပေးသူများက အာရုံစိုက်ပြီး ပိုညှိုးတာကိုခံရမှာပင်။

ထိုနည်းတူစွာပင် ရေချိုးပြီးလျှင် ကိုယ့်ကိုယ်ကိုယ် အမြန်ဆုံးအခြောက်ခံရမည်။

အကြောင်းမှာ အခြောက်ခံချိန်က အကန့်အသတ်ဖြင့်သာရှိရာ

အကယ်၍ သူတို့ကိုယ်ပေါ်ကအမွှေးများ မခြောက်သေးလျှင် အခန်းပြန်ရောက်သည့်အခါ အလွယ်တကူ ဖျားနာနိုင်သောကြောင့်ပင်။

ရှီကွေ့ချန်က နံပါတ် ၁၉ ကို အကြိမ်အနည်းငယ် ထပ်ကြည့်လိုက်မိသည်။

ကြည့်လေကြည့်လေ ပိုပြီးစိတ်ဝင်စားဖို့ကောင်းလေပင်။

ဒီယုန်ပေါက်စလေးက တခြားအကောင်ငယ်လေးတွေနဲ့ အများကြီးကွာခြားနေသည်။

သူ၏စိတ်အခြေအနေလေးက အံ့ဩစရာကောင်းလောက်အောင် အကောင်းမြင်တတ်နေဆဲဖြစ်ပြီး မျက်လုံးထဲမှာလည်း အလင်းရောင်များ တောက်ပနေဆဲပင်။

တက်ကြွလန်းဆန်းပြီး အားမာန်ပြည့်ဝသည့် ရှင်သန်လိုစိတ်လေးတစ်ခုက သူ့ထံတွင် ကိန်းအောင်းနေသည်။

စိတ်ပင်လယ်ကို နှိုးဆွသည့်စက်ဖြင့် သုံးကြိမ်တိုင်တိုင် ဖျက်ဆီးခံထားရသည့် စမ်းသပ်ခံတစ်ယောက်နှင့် ဒီယုန်လေးက လုံးဝမတူပေ။

အကယ်၍ ဒီလိုစိတ်အခြေအနေအတိုင်းသာဆိုလျှင် နံပါတ် ၁၉ က ice project ကိုလည်း ကျော်လွှားနိုင်ခြေ များသည်။

ဘယ်လိုအရာကများ နံပါတ် ၁၉ ရဲ့ အခြေအနေကို ဒီလောက်ကောင်းနေစေတာလဲ။

အတွေးနက်နေသည့် ရှီကွေ့ချန်လည်း ဘေးနားက ဆူဆူညံ့ဖြင့် အသံထွက်လှုပ်ရှားမှုများကြောင့် သတိဝင်လာရသည်။

သူ့ကို သူများက လာဆွဲထုတ်တာ ခံရမည့်အစား ကိုယ့်ဘာသာကိုယ် ထွက်သွားတာက ပိုကောင်းသည်ဟု တွေးလိုက်ပြီးနောက် ကျားဖြူလေးက ရှေ့ဆုံးမှဦးဆောင်ကာ ရေချိုးသည့်နေရာသို့ ဝင်သွားလိုက်သည်။

သူက မျက်ဝန်းများကို ပင့်ပြီး ရှေ့တည့်တည့်က ဟယ်ရူကော ကို စိုက်ကြည့်လိုက်သည်။

ဒီလိုပတ်ဝန်းကျင်မှာ ရေချိုးရတာကို ကိုယ် သိပ်မုန်းတယ်... ဒါပေမဲ့ ရေချိုးပေးမယ့်လူက မင်း သာဆိုရင်တော့..ဒါက ထင်သလောက်ကြီး မုန်းစရာ မကောင်းတော့ပါဘူး...

ရှီကွေ့ချန် က ရှေ့သို့ ခြေတစ်လှမ်းချင်း လျှောက်သွားပြီးနောက်

သူ၏လက်ဖဝါးများက စိုစွတ်နေသည့် မြေပြင်ပေါ်သို့ နင်းချလိုက်သည်။

သူ့နောက်တွင်လည်း အကောင်ငယ်လေးများက မရပ်မနားဖြင့် ကြောက်လန့်တကြား အော်ဟစ်အကူအညီတောင်းနေသံများကို ကြားနေရသည်။

ထို စိုစွတ်စွတ်အထိအတွေ့နှင့် ကြားနေရသော အသံများက သူ၏ကမ္ဘာကြီးကို ဇောက်ထိုးမိုးမျှော် ဖြစ်သွားစေသည်။

ပတ်ဝန်းကျင်တစ်ခုလုံးက အသက်ကို ဝါးမြိုတော့မည့် ရွှံ့နွံအိုင်ကြီးအဖြစ် ပြောင်းလဲသွားပြီးသူက ထိုရွှံ့နွံထဲတွင် နစ်မြုပ်နေသလိုပင်။

စေးကပ်နေသည့် အညစ်အကြေးများက သူ့ခြေဖဝါးတွင် ကပ်ငြိနေပြီး၊ သူ ခြေတစ်လှမ်းလှမ်းလိုက်တိုင်း ထိုစေးကပ်နေသည့် ခံစားချက်ကြီးက အရိပ်သဖွယ် လိုက်ပါလာသည်။

အရာရာက သူ့ကို အော့အန်ချင်စိတ်တွေ ပေါက်သွားစေသည်။

ဟုတ်တယ် ရှင်းဟိုင်မိဘမဲ့ဂေဟာမှာရှိတဲ့ အရာအားလုံးက အစကတည်းက စက်ဆုပ်ရွံရှာစရာတွေချည်းပဲ။

ရှီကွေ့ချန်က ရေစီးကြောင်းရှေ့တွင် ရပ်လိုက်ပြီးနောက် ကြည်လင်ပြီး နွေးထွေးနေသည့် ရေစက်များက ပက်ဖျန်းလာသည်ကို ငေးကြည့်လိုက်သည်။

ထိုရေစက်လေးများက အမြင့်မှ ကျဆင်းလာသည်မှာ ကြိုးပြတ်သွားသည့် ပုလဲလုံးများ မြေပြင်ပေါ်သို့ ကြွေကျသွားသလိုပင်။

တက်လာသည့် ရေနွေးငွေ့များက မှန်ကို ဝေဝါးသွားစေသော်လည်း ထိုမသဲမကွဲမြင်ကွင်းက သူ့ရှေ့ကကောင်လေး၏ ချောမောလှပသော မျက်နှာကိုတော့ မဖုံးကွယ်နိုင်ခဲ့ပေ။

ရှီကွေ့ချန် က ရုတ်တရက် ရေသူမများအကြောင်း ဒဏ္ဍာရီတစ်ခုကို သတိရသွားသည်။

ဒဏ္ဍာရီထဲမှာတော့ ရေသူမလေးများ၏ မျက်ရည်က ပုလဲအဖြစ်သို့ ပြောင်းလဲသွားသည်ဟု ဆိုကြသည်။

ရှီကွေ့ချန်လည်း တစ်ချိန်က တွေးခဲ့ဖူးသည်။

အကယ်၍ သူသာ ရေသူမ တစ်ယောက်ကို ဖမ်းမိခဲ့လျှင် သူ့မျက်ရည်တွေ ခန်းခြောက်သွားသည်အထိ ငိုခိုင်းပြီး ပင်လယ်သမုဒ္ဒရာတစ်ခုစာ

ပုလဲများကို ရယူမည်ဟုပင်။

သို့သော်လည်း ယခု ဒီလိုမျိုး ရေနွေးငွေ့များဖုံးလွှမ်းနေသည့်ကြားမှ ဟယ်ရူကော၏ မျက်နှာကို တိတ်ဆိတ်စွာ ကြည့်နေရင်း သူ၏အတိတ်က အတွေးများကို ရှီကွေ့ချန်က ပယ်ချလိုက်မိသည်။

ရှီကွေ့ချန် က တွေးလိုက်သည်။

တစ်ချိန်က ငါက ဘယ်လောက်တောင် စိတ်တွေအမှောင်ကျနေခဲ့လို့ ဒီလောကကြီးမှာရှိတဲ့ အလှတရားအားလုံးကို ငါနဲ့အတူ နစ်မြုပ်ပျက်စီးသွားစေချင်ခဲ့ရတာလဲ။

သူ၏ခေါင်းထိပ်မှ ရေစက်များက တဖြည်းဖြည်း ကျဆင်းလာပြီးနောက် သူ့ကိုယ်ပေါ်သို့စီးလာသည်။

နူးညံ့ပြီး နွေးထွေးလှသည်...။

ရှီကွေ့ချန်က မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်လိုက်ရာ ရေစက်တစ်စက်က မျက်တောင်များပေါ်မှ လျှောကျသွားသည်က မျက်ရည်တစ်စက်နှင့်ပင် တူနေတော့သည်။

သူ ခံစားလိုက်ရသည်မှာ

သူ့ကိုယ်ပေါ်မှ ဘယ်လိုမှ ဖယ်ရှားလို့မရနိုင်သည့် စေးကပ်နေသော အညစ်အကြေးများက ထိုအခိုက်အတန့်လေးတွင် တဖြည်းဖြည်းချင်း ဆေးကြောသန့်စင်ခြင်းကို ခံလိုက်ရပြီဖြစ်ကြောင်းပင်...။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment