no

Font
Theme

အခန်း ၂၂ - သူ၏ အမည်

ကိုယ်တွင်းအင်္ဂါအစားထိုးတာလား…

အင်းဆက် အတောင်ပံတွေကို စမ်းသပ်ခံ သတ္တဝါထဲ အစားထိုးလိုက်တာလား…

ဟယ်ရူကော သည် “လျှို့ဝှက်‌ဆေးရုံ” အရံမေးခွန်းအား ပြီးမြောက်သည့်အချိန်က စတုတ္ထထပ်တွင် တွေ့ခဲ့ရသည့် သဏ္ဍာန်ပြောင်းလင်းနို့ နှင့်တူသော မကောင်းဆိုးဝါးကို ပြန်လည် အမှတ်ရသွားသည်။

ခပ်မြန်မြန် တွေ့လိုက်ရခြင်း ဖြစ်သော်လည်း ထိုမြင်ကွင်းသည် သူနှင့်ပတ်သက်၍ နက်ရှိုင်းသော ထင်မြင်ချက်များကို ချန်ထားခဲ့သည်။

သူ၏ ကျားဖြူလေးက မကောင်းဆိုးဝါးအဖြစ် ပြောင်းလဲသွားတာများ ဖြစ်နိုင်မည်လား…

... အဲ့လိုသာဆိုရင် တအား နာကျင်ရမှာပဲ…

လူတစ်ယောက်၏ ခန္ဓာကိုယ်ထဲတွင် အခြားမျိုးစိတ်များမှ ပြင်ပအင်္ဂါများ တပ်ဆင်ချုပ်လုပ်ခဲ့လျှင်—၎င်းသည် ဖာထေးထားသည့်အရုပ်တစ်ရုပ်ကဲ့သို့ဖြစ်လာမည်ဖြစ်သည်။ ကျားဖြူလေး၏ နောက်ဆုံးပုံသဏ္ဌာန်သည် လက်ခံရန် မည်မျှပင် သည်းမခံနိုင်‌စရာကောင်းကြောင်း ထုတ်ပြောရန် မလိုပေ။ မညှာမတာ တွဲချုပ်ခံရသော ဖြစ်စဉ်၏ နာကျင်မှုသည် စိတ်ကူးထားသည်ထက်ပင် ကျော်လွန်‌နိုင်၏။ ၎င်းသည် အသက်ရှင်နေသည့် အသွေးအသားဖြစ်ကာ နာကျင်မှုအား မခံစားနိုင်သည့် အရုပ်မဟုတ်ပေ။

ဒုတိယစမ်းသပ်ချက်၏ဖော်ပြချက်အား ဖတ်ကြည့်ရုံမျှ ဖြင့်ပင် ဟယ်ရူကော၏ နှလုံးသားသည် နာကျင်လာသည်။ အကယ်၍ ဒုတိယစမ်းသပ်ချက်ကပင် ဤမျှ နာကျင်စရာ ဖြစ်နေလျှင် နောက်ပိုင်းစမ်းသပ်ချက်များသည် မည်ကဲ့သို့ဖြစ်မည်နည်း။ တတိယ ၊ စတုတ္ထ...

ကျားဖြူလေးသည်စမ်းသပ်ချက်ခြောက်ခုလုံးအား ခံနိုင်ရည်ရှိခဲ့၍ အသက်မသေခဲ့လျှင်ပင် သူ၏အရေပြားသည် ကွာကျသွားလိမ့်မည် ဖြစ်သည်။

၎င်းသည် စိတ်ကူးယဉ် ဂိမ်းတစ်ခုဖြစ်ကြောင်း သိနေပြီးသား ဖြစ်သော်လည်း ဟယ်ရူကော သည် နှလုံးကွဲကြေသွားသလို ခံစားနေရသည်။ ဂိမ်းဖန်တီးသူသည် ကစားသမားများအား ချစ်ခြင်းမေတ္တာထားကာ သနားစာနာ တတ်စေရန် ရည်ရွယ်ပါက ၎င်းသည် သေချာပေါက် အောင်မြင်သည်ဟု ဆိုရပေမည်။

မြေပုံအသစ်တစ်ခုအား ဖွင့်လိုက်န်ိုင်ခြင်း၏ ပျော်ရွှင်မှုသည်ပင်လျှင် ဤသနားစရာ ကောင်းလှသော လှိုင်းလုံးကြီး အောက်၌ တိမ်မြုပ်သွားခဲ့သည်။

ဟွမ်ယုံးသည် အခန်း 19 ကိုဖွင့်လိုက်ပြီး ဘောလုံးလေးကဲ့သို့ ကွေးနေသော ယုန်ကလေးကို သံလှောင်အိမ်ထဲ၌ သော့ခတ်ထားလိုက်သည်။ တစ်ချိန်တည်းမှာပင် ဂိမ်းထဲမှ "ကိုယ်တိုင်" သည်လည်း ကျားဖြူလေးအား သံလှောင်အိမ်ထဲ၌ အကျဉ်းချလိုက်သည်။

ဟွမ်ယုံးသည် “သေခြင်းတရား၏ အတောင်ပံများ” တွင် ပါဝင်ရန် အရည်အချင်းမပြည့်မီ သည့်အတွက် ယုန်လှောင်အိမ်အား လွှဲပြောင်းပေးလိုက်ရသည်။ ဟယ်ရူကောသည် ဘယ်ဘက်လက်တွင် ယုန်က‌လေးအား ကိုင်ထားပြီး ညာဘက်လက်တွင် ကျားဖြူလေးအားကိုင်ထားကာ အခန်း B6 သို့ထွက်ခွာသွားသည်။

ဝန်ထမ်းသည် လမ်းပြရုံကလွဲ၍ တစ်ခါမှ စကားမပြောဖူး‌ပေ။

သူသည် အကာအကွယ်မျက်နှာဖုံးကို ဝတ်ဆင်ထားပြီး အလုပ်ဝတ်စုံ အထူကြီးကို ၀တ်ဆင်ကာ စင်္ကြံလမ်းတစ်လျှောက်တွင် တစ္ဆေတစ်ကောင်ကဲ့သို့ လျှောက်သွားနေ၏။

ဟယ်ရူကော၏ နံဘေးမှ လှောင်အိမ်ထဲတွင် ထိန်းသိမ်း‌ထားသော ယုန်ငယ်လေးသည် အတော်လေး စိတ်လှုပ်ရှားနေပြီး မရပ်မနား အော်ဟစ်နေသည်။ သူသည် ဘယ်၊ညာ တစ်ဖက်စီ လှည့်လိုက် ကြည့်လိုက် လုပ်နေသည်။ အထူးသဖြင့် စင်္ကြံအဆုံးမှ ပြတင်းပေါက်အား ဖြတ်သွားသည့် တခဏတွင် ဖြစ်သည်။ သူ၏ ပတ္တမြားကဲ့သို့ တောက်ပနေသော မျက်ဝန်းများသည် အပြင်ဘက်မှ နေရောင်အား ငေးကြည့်ရင်း ပိုမိုတောက်ပလာ၏။

ယုန်လေးနှင့် နှိုင်းယှဉ်လျှင် ကျားဖြူလေးသည် ပို၍ တည်ငြိမ်နေသည်။ သူသည် တောက်ပသည့် ပြတင်းတံခါးကိုပင် တစ်ချက်လှည့်မကြည့်ခဲ့ပေ။ ထိုအစား သူသည် ဟယ်ရူကောကိုသာ တိတ်တဆိတ်စိုက်ကြည့်နေ၏။

"သေခြင်းတရား၏ အတောင်ပံများ" လေ့ကျင့်ရေး နေရာသည် ဒုတိယမြောက် မြေအောက်အဆင့် ဖြစ်သည်။ ဟယ်ရူကော သည် ပထမအဆင့်သို့ ဝင်ရောက်ပြီးချိန်တွင် ယုန်ကလေးသည် ရုတ်တရက် တိတ်ဆိတ်သွားပြီး သူ့ကိုယ်သူ ဘောလုံးလေး တစ်လုံးကဲ့သို့ ကွေးညွှတ်ထားသည်။

‌အခြေစိုက်နေရာသည် မှောင်မဲနေသည်။ —အလွန်မှောင်မဲလွန်းသည့်အတွက် တစ္စေများပင် ပေါက်ဖွားလာနိုင်သည်ဟု ထင်ရ၏။

ဟယ်ရူကော သည် "သေခြင်းတရား၏ အတောင်ပံများ" လေ့ကျင့်ရေးနေရာကို ဂိမ်းမျက်နှာပြင်မှ မြင်နေရခြင်း ဖြစ်သော်လည်း ကျောချမ်းစေသော ခံစားချက်ကို ရနေသည်။

သူ၏အရှေ့တွင် ခန်းမကြီးတစ်ခုရှိသည်။

မရေမတွက်နိုင်သော သံလှောင်အိမ်များကို ပြွတ်သိပ် စုပုံထားသည်။ အချို့သည် ဆင်တစ်ကောင် ဝင်ဆံ့နိုင်လောက်သည် အထိ ကြီးမားပြီး အချို့မှာ သေးငယ်လွန်းသဖြင့် ဟမ်စတားတစ်ကောင်ပင်လျှင် မဝင်နိုင်ပေ။ လှောင်အိမ်များအောက်မှ ကြမ်းပြင်သည် နီညိုရောင် စွန်းထင်းနေပြီး နဂို အရောင်ဖျော့ဖျော့ ကြမ်းပြင်အား ဆန့်ကျင်ဘက် အရောင်ဆိုးထားသကဲ့သို့ ဖြစ်နေ၏။

ဟယ်ရူကောအား ကျောချမ်းစေသော အကြောင်းရင်းမှာ လှောင်အိမ်အားလုံး၏ အတွင်းတွင် အရိုးစုများသာ ရှိနေသည့် အတွက်ကြောင့် ဖြစ်သည်။ သင်္ချိုင်းဂူများကဲ့သို့ပင် ၎င်းတို့သည် တိတ်ဆိတ်ငြိမ်သက်သော ခန်းမကြီးအတွင်းတွင် သေဆုံးသွားခဲ့ကြသည်။

ဝန်ထမ်းသည် စကားတခွန်းပင် မပြောဘဲ တောင်ပုံရာပုံ ဖြစ်နေသော လှောင်အိမ်များကိုလည်း လှည့်မကြည့်ခဲ့ပေ။ သူသည်ရှေ့တည့်တည့်သို့သာ ဆက်လျှောက်သွားနေ၏။

ခန်းမအား ဖြတ်သန်းပြီးနောက်တွင် သူသည် ရပ်တန့်သွားပြီး အရှေ့သို့ ညွှန်ပြလိုက်သည်။

ဝူရာ (ကျီးကန်း)-

[ဒါက စွန့်ပစ်နယ်မြေပဲ။ နောက်ကျရင် အမှိုက်တွေ့တဲ့အခါတိုင်း ဒီနေရာမှာ ပစ်ပါ။ သန့်ရှင်းရေးသမားတွေက ဖြေရှင်းပေးပါလိမ့်မယ်။]

ခန်းမအကျော်တွင် တင်းတင်းကြပ်ကြပ် ပိတ်ထားသော တံခါးများနှင့် အလင်းရောင်မှိန်မှန်လေး ကျရောက်နေသော စင်္ကြံတစ်ခု ရှိသည်။ ဝူရာသည် အခန်း “၂၁၄” ကို ဖွင့်လိုက်သည်။ ဟယ်ရူကောအတွက် အံ့အားသင့်ရသည့်အ‌ကြောင်းမှာ အခန်းသည် သေးငယ်သော်လည်း အခန်းတစ်ဝက်ခန့် နေရာယူထားသော လှောင်အိမ်ကြီး တစ်ခု ရှိနေခြင်းကြောင့် ဖြစ်သည်။

အတွင်း၌ ကြီးမားသော ရွှေရောင်စပါးအုံးမြွေကြီး ခွေလျက် နေနေပြီး ၎င်း၏နောက်ကျောတွင် ပုံဆိုးပန်းဆိုး အသားများနှင့် အတောင်ပံကြီး တစ်ခု ပါရှိသည်။ ၎င်း၏ကြီးမားသောကိုယ်ထည်နှင့် နှိုင်းယှဉ်ပါက အတောင်များသည် ရယ်စရာကောင်းစွာ သေးငယ်လှ၏။ အတောင်ပံများနှင့် မြွေအကြေးခွံများ ပေါင်းစပ်ထားသည့် အဆစ်များတွင် အသားများ သည်ပုပ်ပွနေပြီး မှိုများပင် ပေါက်နေလေသည်။

ဝူရာ:

[အခန်းက နည်းနည်းကျဉ်းပေမယ့် မကြာခင် နေရာလွတ် ရလာပါလိမ့်မယ်။]

သူ၏ စကားလုံးများသည် ယင်း ရွှေရောင် စပါးအုံး မြွေကြီးမှာ မကြာခင် သေတော့မည် ဖြစ်ကြောင်း ရည်ညွှန်းနေသည်။

စပါးအုံးမြွေ၏ နီညိုရောင် မျက်ဆံများအား မီးခိုးနှင့်အဖြူရောင် အလွှာတစ်ထပ်ဖြင့် ဖုံးလွှမ်းထားသည်။ ၎င်းသည်အခန်း၏နေရာအများအပြားအား ယူထားသော်လည်း လုံးဝငြိမ်သက်နေပြီး ၎င်း၏တည်ရှိမှုသည် တိတ်ဆိတ်ခြင်း၌ နစ်မြုပ်နေ၏။

ကျားဖြူလေးနှင် ယုန်လေးတို့၏ လှောင်အိမ်များကို ထောင့်တစ်ထောင့်၌ ချထားလိုက်သော တခဏတွင် ရွှေရောင် စပါးအုံးမြွေကြီးသည် ရုတ်တရက် သူ၏လျှာအား ထုတ်လိုက်သည်။ ထိုတခဏတွင် ယုန်ကလေးသည် ကြော်လန့်မှုများဖြင့် တောင့်ခဲသွား၏။

ကျားဖြူလေးသည် စပါးအုံးမြွေအား တစ်ချက်ကြည့်လိုက်သည်။ သူ၏ အပြာရောင်မျက်ဝန်းများသည် ဖျော့တော့ပြီး မရေရာသော သနားမှုလေး တစ်ခု ပြသနေသည်။

ဝူရာ :

[လက်ဆတ်တဲ့ ပစ္စည်းတွေက မနက်ဖြန်ရောက်ပါလိမ့်မယ်။ "သေခြင်းတရား၏ အတော်ပံများ" ရဲ့ အပိုင်းသစ်သည် တရားဝင် အစပြုနိုင်ပါတော့မယ်။ ကျွန်တော် ခင်ဗျားကို ဝန်ထမ်းအိမ်ရာကို ခေါ်သွားပေးပါမယ်။]

စပါးအုံးမြွေသည် သေလုမျောပါးပုံပေါက်နေပြီး လှောင်အိမ်ထဲတွက် ပိတ်လှောင်ခံထားရသော်လည်း ဟယ်ရူကော သည် ကျားဖြူလေးနှင့် ယုန်က‌လေး အား ၎င်းနှင့်အတူထားခဲ့ရမည်ကို စိုးရိမ်နေသည်။

ဝူရာသည် စင်္ကြံအဆုံးရှိ ဝန်ထမ်းအိမ်ရာများသို့ ဟယ်ရူကောအား ခေါ်ဆောင်သွားခဲ့သည်။ ယခုအချိန်တွင် ၎င်းတို့သည် လုပ်ဖော်ကိုင်ဖက်များသာမက အခန်းဖော်များပင်ဖြစ်လာပြီ ဖြစ်သည်။

"Ice project"ထဲ၌ ၊ ဂိမ်းသည် ဇာတ်ကောင်၏နေထိုင်မှုပတ်ဝန်းကျင်အား တစ်ခါမျှမဖော်ပြခဲ့ပေ။ "သေခြင်းတရား၏ အတောင်ပံများ” တွင် ဝန်ထမ်းများ၌ အဘယ်ကြောင့် ရုတ်တရက် အိမ်ရာ ရှိနေရသနည်း။

ဟယ်ရူကောသည် မျက်မှောင်ကြုံ့လိုက်ပြီး သူ၏ မျက်မှန်အားပင့်တင်လိုက်သည်။

ဝူရာ:

[ "သေခြင်းတရား၏ အတောင်ပံများ" ပရောဂျက်က မနက်ဖြန်မှာ တရားဝင် စတင်ပါမယ်။ အခုကစပြီး မင်းရဲ့ နေ့စဉ်တာဝန်တွေ ပြီးတဲ့ နောက်မှာ ဒီဝန်ထမ်းအိမ်ရာမှာ အနားယူနိုင်ပါတယ်။ ဒါမှမဟုတ်ရင်လည်း စင်္ကြံက ဘယ်တံခါးကို မဆို ဖွင့်နိုင်ပါတယ်။ သေဆုံးပြီးသား စမ်းသပ်ခံတွေကို တွေ့ရင် သူတို့ရဲ့ အကြွင်းအကျန်ကို စွန့်ပစ်နေရာမှာ ပစ်ပေးပါ။]

သူစကားပြောနေသည့် အချိန်တွင် ဝူရာသည် ၎င်း၏မျက်နှာဖုံးအား ဖယ်ရှားလိုက်သည်။ သူ့တွင် အနက်ရောင်ဆံပင်နှင့် မျက်ဝန်းများရှိသော်လည်း သူ၏မျက်နှာကျသည် ထင်ရှားပြီး အနောက်တိုင်းဆန်၏။

ဝူရာ :

[မင်း ဒီစင်္ကြံလမ်းတစ်လျှောက်မှာရှိတဲ့ ကြိုက်တဲ့ အခန်းကို ဖွင့်လို့ရတယ်။ ဟိုဘက် အစွန်ဆုံးမှာ ရှိတဲ့ တံခါးက လွဲရင်ပေါ့။ ခွင့်ပြုချက် ရှိတယ်ဆိုရင်တောင် မဖွင့်‌သင့်ဘူး။"

သူ၏အသံသည် တင်းကျပ်ပြီး သူ၏မျက်ဝန်းများသည် တည်ငြိမ်ကာ ယိမ်းယိုင်မှု မရှိပေ။

ဝူရာ :

[မင်းသိပါတယ်..စပ်စုတာခြင်းက ကြောင်ကို သေစေတယ်ဆိုတာလေ]

ဟယ်ရူကော သည် မူလက သေခြင်းတရားအား ရှာဖွေရန် ရည်ရွယ်ချက်မရှိခဲ့သော်လည်း သူ၏ စကားအား ကြားပြီးနောက်တွင် နှလုံးသားအား ကြောင်လက်သည်းဖြင့် စနောက်၍ ကုတ်ခြစ်ခံလိုက်ရသလိုပင် သူ၏ စူးစမ်းချင်စိတ်မှာ နိုးထလာ၏။

ဟယ်ရူကော: "..."

——

ရှီကွေ့ချန် ဂိမ်းထဲသို့ ဝင်ရောက်လာသည့်အချိန်တွင် ice project မှာ အဆုံးသတ်ခါနီးနေပြီ ဖြစ်သည်။ နံပါတ် ၁၉ ၏ မမျှော်လင့်ထားသော ပြောင်းလဲမှုမှ လွှဲ၍ အခြားသူများအားလုံးသည် လက်တွေ့ဆန်ဆန်ပင် သေဆုံးသွားခဲ့ကြပြီး ဖြစ်သည်။

ပထမတော့ ရှီကွေ့ချန် သည် နံပါတ်၁၉ ၏ စိတ်အခြေအနေ သည် အဘယ်ကြောင့် ထိုမျှ တည်ငြိမ်နေသည်ကို နားမလည်ခဲ့ပေ။ သို့သော်လည်း ဟယ်ရူကောသည် သူ့အား နောက်ဆုံးတစ်ခေါက်က သီချင်းဆိုပြပြီးနောက်တွင် သူသည် နားလည်သွားခဲ့သည်။

ဟယ်ရူကော ၏ အသံသည် လျှို့ဝှက်ဆန်းကြယ်ပြီး အားကောင်းသော စွမ်းအားတစ်ခုကို သယ်ဆောင်လာသည်။ ရှီကွေ့ချန် သည် ထိုစွမ်းအား၏ အနည်းငယ်မျှသာ စိမ့်ထွက်လာခဲ့သော်လည်း ထိုမျှလောက်လေးသည်ပင် သူ၏ကွဲအက်သွားသော စိတ်ပင်လယ်အား တည်ငြိမ်စေနိုင်သည်အထိ အားကောင်းကြောင်း ပြောနိုင်၏။

ဟယ်ရူကော သည် ယုန်ကလေးအတွက် တစ်ကြိမ် သီချင်းဆိုခဲ့ဖူးသည်။ ယုန်ကလေး၏ စိတ်ပိုင်းဆိုင်ရာပင်လယ်သည်လည်း ထိုလျှို့ဝှက်ဆန်းကြယ်သောစွမ်းအင်ဖြင့် ဆေးကြောခြင်းခံခဲ့ရသည် ဖြစ်ရာ အကျိုးမနည်းလောက်ပေ။

ရှီကွေ့ချန် ၏ကိုယ်ပိုင်စိတ်ပင်လယ်သည် အပြည့်အဝ မကုသရသေးသော်လည်း သူ၏အခြေအနေအား တည်ငြိမ်အောင် ထိန်းထားနိုင်ရုံနှင့်ပင် အံ့ဩစရာကောင်းစွာ လုံလောက်နေပြီ ဖြစ်သည်။

မနေ့ကအထိ "ဝိဉာဉ်စွမ်းအားစီးဆင်းမှု နှောင့်နှေးသော ရောဂါ" သည် ရွှင်ယောက်ရှူ(ဆေးဝါးရှာဖွေရေးကြွက်)အတွက်ပင် အကူအညီ မဲ့စေသော ရောဂါ တစ်ခု ဖြစ်သည်။ မောက်ကျစ်ရှဲသည် ရှီကွေ့ချန်အား ဤရောဂါကို ကုသရန် အဆင့်မြင့်ထားသော ကုသရေးဂိမ်း အကြောင်း ပုဂ္ဂိုလ်ရေးအရ ပြောပြခဲ့သည်။

ရှီကွေ့ချန်သည် ၎င်းနှင့်ပတ်သက်၍ ပို၍စဉ်းစားလေလေ Your exclusive lover(မင်းရဲ့မူပိုင်ချစ်သူ) ဂိမ်း ဖန်တီးသူအကြောင်းအား ပို၍ သိချင်လာလေ ဖြစ်သည်။ ဝိဉာဉ်စွမ်းအား စီးဆင်းမှု နှောင့်နှေးသည့် ရောဂါ ကို ကုသပေးနိုင်‌သော ရှန်းဟိုင်မိဘမဲ့ဂေဟာ၏ လျှို့ဝှက်ချက်များကို သိသော ဟယ်ရူကော ကဲ့သို့ ဇာတ်ကောင်ကို ဖန်တီးနိုင်သည့် ၎င်းဆန်းကြယ်သော ဖန်တီးသူသည် မည်သို့သော သူ ဖြစ်လောက်သနည်း။

သူသည် မနေ့ညက ကုသရေးဂိမ်းအား စမ်းသပ်ခဲ့သည်။ ၎င်းသည် ကြယ်တာရာစစ်ပွဲ တစ်ခုအား အတုယူ၍ ဇာခ့်များကို တိုက်ခိုက်သတ်ဖြတ်ရန် ပြန်လည် ဖန်တီးပေးထားသည်။ ဆယ်မိနစ်ခန့်ကြာပြီးနောက် တွင် သူသည် ပြန်ထွက်လိုက်သည်။—ဂိမ်း၏ အကြီးမားဆုံးသော အကျိုးကျေးဇူးမှာ ဒေါသအား ထုတ်လွှတ်နိုင်ခြင်း ဖြစ်သည်ကို သူ နားလည်သွားသည်။

အတိတ်တွင် ထိန်းချုပ်မှု လွတ်သွားသည့်အချိန်တိုင်း၌ သတ်ဖြတ်ခြင်းကသာလျှင် သူ၏ စိတ်အား ငြိမ်ချမ်းသွားစေခဲ့သည်။ မောက်ကျစ်ရှဲ နှင့် အခြားသူများသည် ထိုကဲ့သို့သော အတွေ့အကြုံများကို အခြေခံ၍ ဂိမ်းအား ဒီဇိုင်းထုတ်ခဲ့ကြခြင်း ဖြစ်သည်။

သို့သော် ယခုအချိန်တွင် အရာအားလုံးသည် ကွဲပြားသွားပြီ ဖြစ်သည်။

ယခု ဤနေရာ၌ ဟယ်ရူကော ရှိနေသည်။

ဤနာမည်အား သူ၏ နှလုံးသားထဲ၌ တိတ်တဆိတ် ရေရွတ်လိုက်ရုံမျှ ဖြင့်ပင် သူ့အတွက် မှိန်ဖျော့ဖျော့ ကြည်နူးမှုတစ်ခုအား ယူဆောင်လာပေး၏။

——

အခန်း ၂၀ ၏တံခါးသည်ပွင့်လာသည်။ ကျားဖြူလေးသည် မော့ကြည့်လိုက်ရာ သံလှောင်အိမ်တစ်ခုကို သယ်ဆောင်လာသော ဟယ်ရူကောအား တွေ့လိုက်ရသည်။

၎င်းတို့သည် လေ့ကျင့်ရေးနေရာ အသစ်သို့ သွားကြတော့မည် ဖြစ်၏။

လွန်ခဲ့သည့် နှစ်များစွာက ကျားဖြူလေးသည် သူ့အား ဖမ်းဆီးထားသူများကို အသေခံ၍ ရူးရူးမိုက်မိုက် ကြိုးစားတိုက်ခိုက်ခဲ့သည်။ ထို့ကြောင့်ပင် သူသည် ဒဏ်ခတ်ခံရကာ ရိုက်နှက်ခံရပြီး လှောင်အိမ်ထဲသို့ အတင်းအကြပ် အထည့်ခံခဲ့ရသည်။

သို့သော်လည်း ယခုအချိန်တွင် သူသည် နာခံတတ်ရုံသာမက စာနာထောက်ထား တတ်လာသည်။ မည်သည့် တိုက်တွန်းမှုမှ မပါရှိဘဲနှင့် သူသည် လှောင်အိမ်ထဲသို့ ကိုယ်တိုင်ကိုယ်ကျ ဝင်၍ တံခါးပိတ်ရာ၌ပင် ကူညီပေးလိုက်သည်။

လှပသော လက်ကလေးဖြင့် အမ ခံလိုက်ရသော လှောင်အိမ်ကြောင့် ရှီကွေ့ချန်သည် ရယ်စရာကောင်းသော စိတ်ကူး တစ်ခုအာစ ရုတ်တရက် တွေးမိသွားသည်။

သူ၏ကမ္ဘာတစ်ခုလုံးသည် ဟယ်ရူကော ၏ လက်ထဲ၌ ရှိနေသည်နှင့် တူ၏။

ထိုနူးညံ့သည့် လက်ဖဝါးလေးသည် တစ်ခါတရံတွင် နို့နံ့သင်းသင်းလေးရတတ်သည်။

ရှီကွေ့ချန် သည် ထိန်းချုပ်ခံရသည်ကို မုန်းတီးသည်။ သို့သော်လည်း ဤအခိုက်အတန့်တွင် သူသည် မုန်းတီးမှုအား လုံးဝမခံစားရသည့်အပြင်… သူသည် ငြိမ်းချမ်းမှုကိုပင် ခံစားလိုက်ရ၏။

လှောင်အိမ်သည် ဟယ်ရူကော လမ်းလျှောက်လိုက်ချိန်တွင် အနည်းငယ် ခါရမ်းနေသော်လည်း ခုန်ပေါက်နေခြင်းမျိုးတော့ မရှိပေ။ ဟယ်ရူကော သည် ၎င်းအား ဂရုတစိုက်နှင့် တည်တည်ငြိမ်ငြိမ် ‌သယ်ဆောင်ထားသည့် အတွက် ကြောင့် ဖြစ်သည်။

သူ၏ နံဘေးမှ ယုန်ကလေးသည် စိတ်လှုပ်ရှားစွာ စကားပြောနေသော်လည်း ဝမ်းသာမှုများဖြင့် ပြည့်နေသော ရှီကွေ့ချန်သည် ၎င်းအား ချက်ချင်း နားမလည်ခဲ့ပေ။

သူသည် ဟယ်ရူကော ၏ ခန္ဓာကိုယ်၊ မျက်နှာနှင့် ဆံပင်များတွင် ရွှေရောင်ဖြင့် တောက်ပနေသော နေရောင်ခြည်လေးအား မြင်လိုက်ရသည့် အချိန်ထိပင်။ လူငယ်လေး၏ ရှည်လျားသော မျက်တောင်များသည် တလက်လက် တောက်ပနေပြီး တစ်ဝက်မျှ အရိပ်ကျနေသော မျက်နှာသည် နူးညံ့သော အလင်းရောင်အောက်တွင် နစ်မြုပ်နေသည်။ သူ၏ နက်မှောင်တောက်ပသော မျက်ဝန်းများတွင်လည်း ရွှေရောင်အရည်လေးများ ဝင်းလဲ့နေ၏။

အလွန်တောက်ပ၊ရှင်းလင်းပြီး နွေးထွေးကာ တလက်လက် တောက်ပနေသည်။

အလင်းထဲမှ ထွက်လာသော လူတစ်ယောက်နှင့်ပင် တူ၏။

ရှီကွေ့ချန်သည် ငေးကြည့်ရင်း အထဲသို့ ဝင်သွားသည်။ အစမှအဆုံးအထိတိုင်အောင် သူလိုချင်တောင့်တခဲ့သော နေရောင်ခြည်ကို တစ်ခါမျှ နောက်ပြန်လှည့်မကြည့်ခဲ့ပေ။

"ကုကျိ~ အလင်းရောင်ပဲ။"

ယုန်ကလေးသည် ဝမ်းသာအားရ အော်လိုက်သည်။

ကျားဖြူလေးသည် ဟယ်ရူကော အား ဗလာသက်သက် စိုက်ကြည့်နေ၏။

ဟုတ်တယ်… အလင်းရောင်ပဲ…

သူဘဝတစ်လျှောက်လုံး လိုက်ဖမ်းချင်နေခဲ့သည့် အလင်းရောင်ပဲ…

နောက်ထပ် ဦးတည်သွားမည့် နေရာသည် ‘သေခြင်းတရား၏ အတောင်ပံများ’ ဓာတ်ခွဲခန်းဖြစ်နေလျှင်ပင် ရှီကွေ့ချန် ၏နှလုံးသားထဲတွင် ကြောက်ရွံ့မှုအနည်းငယ်သာ ရှိတော့၏။

——

အခန်း ၂၁၄ တွင် ရှီကွေ့ချန် သည် ရင်းနှီးသော ရွှေရောင်စပါးအုံးမြွေကြီးအား တွေ့လိုက်ရသည်။ ice project တွင် ရှီကွေ့ချန် တစ်ယောက်တည်းသာ ကျန်ရှိခဲ့ခြင်း ဖြစ်သည်။ သူသည် ရှင်းဟိုင်မိဘမဲ့ ဂေဟာမှ ဝန်ထမ်းတိုင်းကို မထီမဲ့မြင်ပြုခဲ့သော်လည်း ကံကြမ္မာတူသည့် ထိုသူများအား တစ်ခါမှ မမုန်းတီးခဲ့ပေ။

တိတ်တိတ်ဆိတ်ဆိတ်နှင့် မည်သည့် အရိပ်အယောင်မှ မချန်ဘဲ ကွယ်ပျောက်သွားရန် ဆန္ဒမရှိသော စပါးအုံးမြွေကြီးသည် မသေဆုံးခင်တွင် သူ၏ဇာတ်လမ်းအား ရှီကွေ့ချန်ထံ တစ်ကြိမ်ပြောပြခဲ့ဖူးသည်။

ထို စပါးအုံးမြွေကြီး၏ နာမည်သည် ရှီရှင်း ဖြစ်သည်။

သူ၏ခန္ဓာကိုယ်ပေါ်မှ ရွှေရောင်အကြေးခွံများသည် ကောင်းကင်မှ ကြယ်များနှင့် တူသည်ဟု အဓိပ္ပာယ်ရ၏။ သူသည် သေခြင်းတရား၏ အတောင်ပံများ ၏ အစားထိုးကုသမှုကို လေးကြိမ်တိုင်တိုင် ခံယူခဲ့ရသည်။

ပထမအကြိမ်တွင် သူသည် အင်းဆက်အတောင်ပံများနှင့် ပြီးပြည့်စုံစွာ ပေါင်းစပ်နိုင်ခဲ့သည်။ သူသည် အလွန်ပင် ပျော်ရွှင်ခဲ့၏။ ၎င်းသည် သူအသက်ရှင်ပြီဟူသည့် အဓိပ္ပာယ်ဟု ထင်ခဲ့သည်။

သို့သော်လည်း သူတို့သည် ထိုအတောင်ပံများအား သူ၏နောက်ကျောမှ ဖြတ်ပစ်လိမ့်မည်ဟု တစ်ခါမှ မမျှော်လင့်ထားပေ။

“…အတောင်ပံတွေက အဆင့်နိမ့်လွန်းတယ်.. ဒီအကောင်က အရည်အသွေး ပိုမြင့်‌တဲ့ ဟာတွေကို ကြိုးစားလို့ရနိုင်တယ်။”

ဤသို့ဖြင့် သွေးထွက်နေသော အတောင်ပံအသစ်များကို သူ၏ အပေါ်၌ တပ်ဆင်ခဲ့သည်။ ၎င်းတို့ အတွင်းပိုင်းမှ စွမ်းအင်များသည် ပြင်းထန်လွန်းသည့်အတွက် သူ၏ခန္ဓာကိုယ်သည် ၎င်းတို့အား ပြင်းပြင်းထန်ထန် ငြင်းဆန်ခဲ့သည်။

တောင်ပံအသစ်များသည် ထပ်မံဖြတ်တောက်ခံခဲ့ရပြီး ၎င်း၏မူရင်း "အဆင့်နိမ့်" တစ်စုံဖြင့် ပြန်လည် အစားထိုးခဲ့သည်။ သို့သော်လည်း သူ၏ခန္ဓာကိုယ်ထဲတွင် မြင့်မားသည့် အင်းဆက်စွမ်းအင်များ ရှိနေရာ အဆင့်နိမ့် အတောင်ပံများဖြင့် ပေါင်းစပ်၍ မရပေ။

သူ့အား ကိုင်တွယ်နေကြသူများသည် စိတ်ပျက်သွားသည်။ အဆုံးတွင် ၎င်းတို့သည် ဈေးအပေါဆုံးနှင့် အားအနည်းဆုံးအတောင်ပံများအား သူ၏နောက်ကျောတွင် တပ်ဆင်လိုက်ကြသည်။

ထို့နောက်တွင် သူတို့သည် သူ့အား စွန့်ပစ်ခဲ့သည်။

သို့သော် သူသည် ရှင်သန်ခြင်း၏ မျှော်လင့်ချက်ကို တစ်ကြိမ်ထိတွေ့ခဲ့ဖူးလေသည်။ ၎င်းသည် အလွန်ပင် နီးကပ်နေသည်မို့ သူသည် ဆက်ရှင်သန်နိုင်လိမ့်မည်ဟု ထင်ခဲ့သည်။

သို့သော်လည်း ထိုအစား သူသည် ဤလှောင်အိမ်ထဲမှ ပုပ်ပွနေသည့် ခန္ဓာကိုယ်ထဲတွင် ပိတ်မိနေသည်။ သူသည် မျက်လုံးများအား မှိတ်လိုက်ပြီး ကြိုးစား၍ ခေါင်းမော့ကာ တီးတိုးရွတ်ဆိုလိုက်သည်။ :

“တကယ်တော့ … ပထမအကြိမ် အောင်မြင်ခဲ့တုန်းကတော့ တကယ်ကို ပျော်ရွှင်မိခဲ့တယ် … ဒီပျက်စီးနေတဲ့နေရာကနေ ငါရခဲ့တဲ့ အတောင်ပံတွေနဲ့ ပျံသန်းပြီး စွန့်ခွာသွားမယ်… အသက်ရှည်ရှည်…နေနိုင်မယ်လို့ ထင်ခဲ့တာ…”

"...ကောင်းကင်ထဲကို မြင့်မြင့် ပျံသန်းသွားပြီးတော့ ကြယ်လေးတစ်ခုဖြစ်လာမယ်"

သူသည် "ကြယ်တစ်ခု" အကြောင်းပြောသည့်အခါ သူ၏မျက်လုံးများသည် ရုတ်တရက် တလက်လက် တောက်ပလာပြန်၏။

——

အတော်လေး ကြာပြီးနောက်တွင် နံပါတ်၂၀ သည် အလွန်စွမ်းအား ကြီးမားလာရာ သူ့အား မည်သူမှ နံပါတ်တပ်မခေါ်ရဲတော့ သဖြင့် နာမည်တစ်ခု လိုအပ်လာသည်။

သူ၏ကိုယ်ပိုင်နာမည်တစ်ခု။

သူသည် ရွှေရောင်စပါးအုံးမြွေကြီးကို ရုတ်တရက် သတိရသွားသည်။ လူတို့သည် သေပြီးနောက်၌ ဝိညာဉ်များမှာ ကြယ်များအဖြစ်သို့ ပြောင်းလဲသွားသည်ဟု ပြောကြသည်။

ဤသို့ဖြင့် သူ၏အမည်မှာ ရှီကွေ့ချန်ဖြစ်လာပြီး သူသည် ဘဝတွင် မည်သည့်အရာများ ကြုံတွေ့ခဲ့ရပါစေ သေဆုံးပြီးနောက်တွင် ကြယ်များထံ ပြန်လည်ရောက်ရှိသွားပြီး ရောင်စဉ်များဖြင့် တောက်ပနေလိမ့်မည် ဖြစ်သည်။

(Adm note: 席归璨 ရှီကွေ့ချန် - သေဆုံးပြီးလျှင်တောင် ကြယ်တစ်လုံးအဖြစ်လင်းလတ်‌တောက်ပ‌နေမည်။ ရှီကတော့ ရှီရှင်းရဲ့မျိုးရိုးနာမည်ပါ

ဝူရာ 乌鸦ကကျီးကန်းပါ သူတို့က မူလသူတို့ဇစ်မြစ်အကောင်တွေနာမည်နဲ့ codeသဘောမျိုးခေါ်တာမို့ စမ်းသပ်ခံသတ္တဝါတွေနဲ့မရောအောင်လို့ အသံထွက်အတိုင်းပဲရေးလိုက်ပါတယ်)

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment