အခန်း(၂): ရင်းနှီးသောဆက်ဆံရေး
ဟယ်ရူကောက စိတ်ရှုပ်ထွေးနေပေမယ့် ဂုဏ်ယူနေ ဟန်ပေါ်သော ခပ်မိုက်မိုက် ကောင်လေးကတ်ပုံစံကို မျက်နှာတွင် ဆင်မြန်းထားလိုက်သည်။
အနက်ရောင်ဘောင်ခတ်ထားသော မျက်မှန်ဘေးတွင် ရွေးချယ်စရာနှစ်ခု ပေါ်လာ၏။
[မျက်မှန်တပ်ပါ]နှင့်
[မျက်မှန်ချွတ်ပါ]
လက်တွေ့ဘဝတွင်သာဆိုလျှင်တော့ ဟယ်ရူကောအနေနှင့် မျက်မှန်တပ်မည်ကိုသာ သေချာပေါက်ရွေးချယ်မည်ဖြစ်သော်လည်း ဂိမ်းထဲရှိ ကျားဖြူလေး၏ သဘောထားကို ပြန်တွေးမိသွားတော့ မျက်မှန်ချွတ်ရန်ကိုသာ ပြတ်ပြတ်သားသား ရွေးချယ်ပြီး [ထိတွေ့မည်] ကို စိတ်လှုပ်ရှားစွာနှိပ်လိုက်သည်။
စိတ်သဘောထားအခြေအနေက ရန်လိုခြင်းကနေ လျစ်လျူရှုခြင်းကို ပြောင်းလဲသွားတာဆိုတော့ အခြေအနေက တိုးတက်လာသင့်တယ်...
No.20
[No.20 သည် သင်၏လက်ကို လျင်မြန်စွာ ရှောင်ရှားလိုက်သည်]
စခရင်ပေါ်ရှိ ကျားဖြူလေးက ကုတ်ခြစ်ခြင်း သို့မဟုတ် ကိုက်ခြင်းမျိုး မလုပ်သော်လည်း ခေါင်းမော့ကာ သူ့ကို အထင်သေးစွာ ကြည့်လာသည်။
မဟုတ်ဘူး! ငါအရိုက်မခံရဘူးကွ!
ထို့ကြောင့် ဟယ်ရူကောလည်း မျှော်လင့်ချက်အပြည့်ဖြင့် [စကားပြောခန်း] ကို ဖွင့်လိုက်သည်။
No.20 က သင်၏အပြုအမူကြောင့် စိတ်ရှုပ်နေပါသည်။
ကျားဖြူလေးက ဝါဂွမ်းအိပ်ယာထဲတွင် ခပ်မတ်မတ်ထိုင်နေကာ သူ့ရှေ့မှလူကို နက်ရှိုင်းသောအပြာရောင်မျက်လုံးတစ်စုံဖြင့် စိုက်ကြည့်နေ၏။ ထို့နောက် အမူအရာမဲ့စွာဖြင့် ခေါင်းယမ်းလိုက်တာကြောင့် သူ၏ ဆီးနှင်းကဲ့သို့ ဖြူစွတ်နေပါသော နှုတ်ခမ်းမွှေးများက ထိုလှုပ်ရှားမှုအရှိန်ကြောင့် အနည်းငယ်လှုပ်ခါသွားလေသည်။
...ချစ်ဖို့ကောင်းလိုက်တာနော်
ဟယ်ရူကောလည်း တည်ငြိမ်ဟန်ဆောင်ကာ မျက်မှန်ကိုပင့်တင်၍ မောက်စ်ကိုရွှေ့ကာ [အစာကျွေးမည်] ကို နှိပ်လိုက်သည်။ အစားအစာရွေးချယ်မှုတွင် Beginner အဆင့်၌ လက်ဆောင်ရထားသော သကြားလုံးသာရှိသည်။
【သုံးလိုက်သော သကြားလုံးအရေအတွက်*1】
အကုတ်ခံထားရသည့်လက်က လက်သီးဆုပ်အသွင်ဖြစ်သွားပြီး ကျားဖြူလေး၏ သတိအပြည့်နှင့် အကြည့်အောက်တွင် ဖြန့်လိုက်သည့်အခါ ထိုလက်ဖဝါးပေါ်၌ သကြားလုံးတစ်လုံးပေါ်လာခဲ့သည်။
No.20
[No.20 သည် အမွှေးနံ့ရပါသော်လည်း ဘာမှမလုပ်ဘဲ သင့်ကိုသာ အေးစက်စွာ စိုက်ကြည့်နေပါသည်]
ကျားဖြူလေးက ဟယ်ရူကောထံ၌ သူ့ကိုတိုက်ခိုက်လိုသည့် ရည်ရွယ်ချက်မရှိသည်ကို သတိပြုမိသဖြင့် သူ့အသိုက်ထဲ၌သာ ဝင်လှဲနေတော့သည်။ သူ့ခန္ဓာကိုယ်လေးဟာ နှမ်းစေ့ဖြူးထားသော ဂျုံမုန့်ညက်လေးကဲ့သို့ဖြစ်နေ၏။ မျက်လုံးပြာများထဲ၌ ယခင်ကလို ရန်လိုမှုများမရှိတော့ဘဲ မျက်လုံးသေဖြင့်သာ သူ့ရှေ့မှလူကို ပျင်းရိစွာကြည့်နေလေသည်။
ငါတော့ပါသွားပြီ...
ဒီအကောင်လေးကို အိမ်ခေါ်သွားချင်လိုက်တာ။
ဟယ်ရူကော လေးလေးနက်နက် တွေးကြည့်လိုက်သည်။ ထို့နောက် [စကားပြောခန်း]၊ [ကြင်နာစွာပွတ်သပ်ခြင်း]၊ နှင့် [အစာကျွေးခြင်း] သုံးခုကိုပေါင်းစပ် စမ်းသပ်ကြည့်ရန်ကြိုးစားလိုက်သော်လည်း ဆယ်မိနစ်ကြာ အနီးကပ်ဆက်ဆံမှုမှာ အချိန်ကုန်သွားသည်ကို မြင်လိုက်ရတာကြောင့် နောင်တအပြည့်ဖြင့် ထိုအခန်းငယ်လေးထဲမှ ထွက်လာခဲ့လိုက်သည်။
သူအခန်းထဲမှထွက်ချိန်၌ ကျားဖြူလေး သူ့ထံ ခုန်ပေါက်လာကာ ထွက်ပြေးဖို့ ကြိုးစားလိမ့်မည်ဟုထင်ခဲ့သော်လည်း ကျားဖြူလေးကသို့မလုပ်ခဲ့ပေ။ ကျားဖြူလေးဟာ သူ၏ဝါဂွမ်းအသိုက်ပေါ်၌သာ လှဲလျောင်းနေလျက် ဟယ်ရူကော ထွက်သွားသည်ကို တည်ငြိမ်စွာကြည့်နေခဲ့သည်မှာ အမြှီးလေးပင် လှုပ်မနေပေ။
~~~
ရှီကွေ့ချန်သည် ဂိမ်းအခန်းထဲတွင် အိပ်နေ၏။
သူ့နားထဲ၌ ဆူညံသံများကိုကြားနေရပြီး သွေးနံ့ခပ်ပြင်းပြင်းကိုလည်းရနေရာ အဆက်မပြတ် အေးစိမ့်မှုကိုခံစားနေရသည်။ သုံးဖက်မြင်ဂိမ်း၏ မြင့်မားသော လက်တွေ့ဆန်မှုသည် ရှီကွေ့ချန်အား လက်တွေ့တွင်ရှိနေသကဲ့သို့ ခံစားမိစေသည်။
ရှီကွေ့ချန် သူ၏ မျက်လုံးတို့ကိုဖွင့်လိုက်ရာ ရှင်းဟိုင်မိဘမဲ့ကျောင်းနှင့် အလုပ်ရှုပ်နေပါသော ဝန်ထမ်းများကို တွေ့လိုက်ရသည်။
ဒါကဂိမ်းတစ်ခုပဲ...
သူယခုတွေ့ကြုံနေရတာတွေ အားလုံးဟာ ဂိမ်းတစ်ခုသာဖြစ်ကြောင်းကို ရှီကွေ့ချန် ရှင်းရှင်းလင်းလင်းနားလည်၏။
အကြောင်းမှာ... တစ်ခါက သူ ဒီနေရာမှာရှိတဲ့ အရာအားလုံးကို ဖျက်ဆီးပစ်ခဲ့ဖူးသည်။
ရုတ်တရက် သူ့လည်ဂုတ်ပေါ်ရှိအရေပြားဟာ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ခံလိုက်ရသလို ခံစားလိုက်ရသည်။ ဤဂိမ်း၌ နာကျင်မှုသည် 100% လက်တွေ့ဆန်၏။ ရှီကွေ့ချန်အနေနှင့် စူးနစ်နေပါသောနာကျင်မှုနှင့် သူ့တစ်ကိုယ်လုံးကို လေထဲတွင် မြှောက်ဆွဲခံထားရသည့် ခံစားချက်ကို ခံစားမိနေသည်။ သူ ခေါင်းငုံ့ကာ လေထဲ၌ ရုန်းကန်နေရသည့် လက်သည်းတွေကို ငုံ့ကြည့်လိုက်သည်။
သူ၏လက်သည်းများမှာ အသက်တစ်ချောင်းကိုအလွယ်တကူ နှုတ်ယူနိုင်လောက်အောင်ထိ ချွန်ထက်မနေဘဲ ထိုအစား ချစ်စရာပန်းရောင်အကွက်လေးတွေနှင့် ဖြစ်နေသည်။
ရှီကွေ့ချန်မှာ တစ်ခဏမျှ အတော်လေးအံ့အားသင့်သွားရသည်။
သူ့မျက်လုံးပြာတွေ ပြူးကျယ်သွားရ၏။
ဆံပင်အဝါရောင်နှင့် ဝန်ထမ်းလေးမှာ ကျားဖြူလေး၏ အမူအရာကိုမြင်လိုက်ရချိန်၌ မထိန်းနိုင်ဘဲရယ်လိုက်မိသည်။ ထို့နောက် ကျားဖြူလေးကို မ,ချီကာ သူ၏အသွင်အပြင်ကို အနီးကပ်ကြည့်လိုက်သည်။
ရှီကွေ့ချန်မှာ သတိလက်လွတ်ဖြစ်သွားရပြီး ထိုဖျံကောင်၏မျက်လုံးထဲသို့ကြည့်လိုက်ရာ တစ်ဖက်လူက ရွှင်မြူးနေသည်ကို တွေ့လိုက်ရသည်။
ယခင်က သူ့ကို ထိုသို့ကြည့်ဖူးခဲ့သည့် နောက်ဆုံးလူမှာ ခေါင်းကွဲသွားခဲ့သည်။
သို့သော် ယခု၌ သူ၏ငယ်ရွယ်သော ခန္ဓာကိုယ်မှ ကန့်သတ်ချက်များကြောင့် ရှီကွေ့ချန်မှာ တစ်ဖက်လူကို ကိုက်ရုံသာ တတ်နိုင်သည်။ သူ့ပါးစပ်ထဲ၌ သွေးအရသာနှင့်ပြည့်သွားသဖြင့် အနည်းငယ် မအီမသာဖြစ်သွားရသည်။
ထပ်ဖြစ်ပြန်ပြီ။
ဒီရင်းနှီးနေတဲ့အော်ဂလီဆန်ချင်စရာ ခံစားချက်ကြီး။
သူ့စိတ်ထဲ၌ ခံစားချက်လှိုင်းလုံးကြီးတစ်ခု ပေါ်ပေါက်လာပြီး အသိစိတ်ကို တဖြည်းဖြည်း တိုက်စားသွားတော့သည်။ စိတ်ခံစားမှု အတက်အကျများလာလျှင် သူ့ရောဂါက ပိုဆိုးလာတတ်သည်။
အခြားဝန်ထမ်းတစ်ဦးက ကျားဖြူလေး၏ လည်ပင်းကိုဆွဲယူကာကြည့်လိုက်သည်။ သို့သော် နာကျင်မှုကိုသည်းခံနေရပါသော ရှီကွေ့ချန်ကတော့ တစ်ဖက်လူကို လက်သည်းရာတစ်ချက်ပေးလိုက်သည်။
ရှီကွေ့ချန်၏ စိတ်ခံစားမှုပြင်းထန်တတ်သည့် ရောဂါကြောင့် ဖက်ဒရေးရှင်းက သူ့အတွက် ဂိမ်းတစ်ခု အထူးဖန်တီးပေးခဲ့သည်။
ချားတူးလံနေတဲ့ဂိမ်းကြီးပဲ...
သူ နေမကောင်းနေတဲ့အချိန်မှာ သံလှောင်ချိုင့်တစ်ခုဆီပစ်ထည့်ခံလိုက်ရပြီး သုံးလလောက်ချုပ်နှောင်ခံခဲ့ရသည်။ ထိုတည်ရှိမှုက သူ့အတွက်တော့ အလွန်အမင်းရွံရှာစရာကောင်းပြီး မုန်းဖို့ပင် ကောင်းသည်။
သူနားလည်သွားပြီးနောက် ရှီကွေ့ချန်မှာ ဒေါသပေါက်ကွဲလုနီးပါးဖြစ်ခဲ့ရသည်။ မီးပန်းတစ်ခုလို ပေါက်ကွဲပစ်လိုက်ချင်ပါသော်လည်း သံတံခါးကို ပြင်းပြင်းထန်ထန် ဝင်တိုက်မိသည်နှင့်သာ အဆုံးသတ်သွားရသည်။
ရှီကွေ့ချန် : "……!!!"
[တီ—Player ၏ စိတ်အတက်အကျ အလွန်မြန်နေသည်ကို တွေ့ရှိရပါသည်။ Player ၏ကျန်းမာရေးအတွက် ဂိမ်းမှ စိတ်ဝိဉာဉ်ဆက်သွယ်မှုကို အလိုအလျောက် ဖြတ်တောက်လိုက်ပါသည်။]
【သုံး】
【နှစ်】
【တစ်】
[Logout ထွက်ခြင်း အောင်မြင်ပါသည်။]
ဂိမ်းခန်းသည် အလိုအလျောက်ပွင့်သွားပြီး အခန်းထဲမှ လူငယ်၏ ဖြူဖျော့ဖျော့မျက်နှာက ပေါ်ပေါက်လာ၏။ ရှီကွေ့ချန်၏မျက်ခုံးများက အနည်းငယ်တွန့်ကွေးသွားကာ ပါးလွှာသော နှုတ်ခမ်းများမှာတော့ ခပ်တင်းတင်း စေ့ပိတ်သွားပြီး ထိုနာကျင်မှုဖြင့် ပြည့်နှက်နေပါသောမျက်နှာသည် ထက်ရှ၍ နုနယ်သော အလှကို ပိုင်ဆိုင်ထားသည်။
ရုတ်တရက်ဆိုသလို သူ့မျက်လုံးများပွင့်လာပြီး မူလက အားနည်းကာ နာကျင်နေပါသော အလှလေးသည် ဒေါသထွက်နေသော ဗိုလ်ချုပ်ကြီးအဖြစ် ချက်ချင်း ပြောင်းလဲသွားတော့သည်။ ရှီကွေ့ချန်၏ ဖြူဖျော့ဖျော့ အသားအရည်သည် ဒေါသကြောင့် နီမြန်းလာသည်။ ထို့နောက် ဂိမ်းအတွင်းခန်းထဲရှိ သတ္တုခွံကို ထိုးလိုက်ရာ စစ်သတ္တုဖြင့် ပြုလုပ်ထားသည့် အခွံထက်တွင် ပင့်ကူကဲ့သို့ အက်ကွဲကြောင်းများ ပေါ်လာ၏။
ရှီကွေ့ချန်၏လက်၌တော့ ထိခိုက်ဒဏ်ရာမရှိပေ။
ထို့နောက် ဂိမ်းခန်းအတွင်းမှ အလင်းချစ်ပ်ပြားကိုထုတ်ယူကာ ဂိမ်းသိုလှောင်ခန်းကိုဖွင့်၍ အနှီဂိမ်းစုတ်ကို ဖျက်ပစ်ရန်ပြင်လိုက်သည်။
မင်းရဲ့သီးသန့်ချစ်သူတဲ့လား?
ဘယ်လိုတောင်ချာတူးလံတဲ့နာမည်လဲ...
ရှီကွေ့ချန် ထိုဂိမ်းကို cleanup binထဲသို့ ဆွဲထည့်လိုက်ပါသော်လည်း အနှီဂိမ်းစုတ်ဟာ ဖျက်လို့မရဖြစ်နေတာကြောင့် ပို၍ဒေါသထွက်လာရသည်။
သူ့မှာစိတ်တိုလွန်းတာကြောင့် သွေးအန်မတတ်ပင်ဖြစ်နေရသည်။
တကယ်လည်း သွေးအန်လာခဲ့သည်။ သူ့ရောဂါသည်အလွန်အမင်းပျော်ရွှင်၊ ဝမ်းနည်းတာမျိုး ဖြစ်၍မရပေ။ စိတ်ခံစားချက် အလွန်ပြင်းထန်လာပါက ခေါင်းကိုက်၊ သွေးအန်ကာ... ဆံပင်တွေ ကျွတ်လာလိမ့်မည်။
ရှီကွေ့ချန်၏ ရှေ့ပြေးပုံစံမှာ အမွှေးပြောင်ကျားလေးဖြစ်ပြီး သူ၏လူအသွင်မှာတော့ အတော်လေး ဆံပင်ထူတာကြောင့် မူလအသွင်သို့ ပြန်မပြောင်းတာပင် အတော်ကြာပြီဖြစ်သည်။
ထို့နောက် အမူအရာကင်းမဲ့စွာဖြင့် နှုတ်ခမ်းထောင့်မှသွေးများကို လက်ခုံဖြင့်သုတ်လိုက်ပြီး Light Brain ကို ကောက်ယူကာ လက်ရှိပြနေသော ဆရာဝန်အားဖုန်းဆက်လိုက်သည်။ သူဖုန်းနံပါတ်ကိုနှိပ်လိုက်သည်နှင့် တစ်ဖက်က ချက်ချင်းဖုန်းကိုင်လာ၏။ အနည်းငယ်ဝဖိုင့်ဖိုင့်ရှိသော အသက်လတ်ပိုင်းလူတစ်ယောက်၏ပုံရိပ်ဟာ ဟင်းလင်းပြင်၌ပေါ်လာ၏။ ထိုသူမှာ ရှီကွေ့ချန်အား ကုသပေးရန် ဖက်ဒရေးရှင်းမှ အထူးစေလွှတ်ထားသော မောက်ကျစ်ရှဲဖြစ်သည်။
မောက်ကျစ်ရှဲ၏ အကြည့်များက ရှီကွေ့ချန် ၏ နှုတ်ခမ်းထောင့်၌ကျန်ရှိနေသော သွေးများပေါ်သို့ကျရောက်သွား၏။ သူ့ခမျာ လန့်ဖျပ်သွားရကာ ခေါင်းပေါ်၌ မီးခိုးရောင် ကြွက်နားရွက်လေးနှစ်ခုပင် ထွက်လာသည်။ မောက်ကျစ်ရှဲ၏ ရှေ့ပြေးပုံစံမှာ မူးယစ်ဆေးဝါး အမဲလိုက်သည့် ကြွက်ဖြစ်သည်။ သူဟာ ဆေးပညာ၌တစ်ဖက်ကမ်းခပ်ကျွမ်းကျင်ပါသော်လည်း သူ၏အားနည်းချက်မှာ ကြောက်တတ်ခြင်းပင်။ အထူးသဖြင့် ကြယ်တာရာစစ်ပွဲများမှ အင်းဆက်သတ်သမားဖြစ်သည့် ရှီကွေ့ချန်နှင့် ရင်ဆိုင်ရသည့်အခါတွင်ဖြစ်သည်။ ရှီကွေ့ချန်နှင့်တွေ့သည့်အခါ သူ့ခမျာ အမြီးကုပ်သွားရသည်။
ဒီဘိုးဘေးလေးက ဘာလို့ထပ်ပြီး နေမကောင်းဖြစ်နေရပြန်တာလဲ... ကြည့်ရတာဒေါသထွက်နေပုံပဲ.... ဘုရားရေ ငါ့ကိုလာမပတ်ရမ်းဖို့ မျှော်လင့်ပါတယ်။
"ဗိုလ်ချုပ်ရှီ၊ ကျွန်တော် ဘာများလုပ်ပေးရမလဲဗျ”
ရှီကွေ့ချန်က ကွန်ပျူတာပေါ်ရှိ ဂိမ်းကိုညွှန်ပြကာ အေးစက်စက်ပြောလိုက်သည်။
"မင်းငါ့ကို ထည့်ပေးခဲ့တဲ့ဂိမ်းက ဘာလို့ ဖျက်လို့မရတာလဲ"
မောက်ကျစ်ရှဲမှာ သူ့မျက်နှာထက်မှ ချွေးများကိုပင် မသုတ်အားပေ။ သူ တုန်ယင်စွာဖြင့် ပြောလိုက်သည်။
"အဲ့ အဲ့ဂိမ်းက ကျွန်တော်တို့ ထည့်ပေးခဲ့တာမဟုတ်ပါဘူး။ ဗိုလ်ချုပ်ရှီ ကြည့်လိုက်ပါ။ ‘Your Exclusive Lover’ ဂိမ်းရဲ့ဘေးက ‘ကုသရေးဂိမ်း’ ဆိုတာကမှ ကျွန်တော်တို့ထည့်ပေးခဲ့တဲ့ဂိမ်းပါ။”
ထိုအခိုက်အတန့်တွင် အခြေအနေဟာ အနည်းငယ်ကသိကအောက်ဖြစ်သွားတော့ငည်။
မောက်ကျစ်ရှဲလည်း တောင်းပန်ဟန်ဖြင့် ပြုံးပြကာပြောလိုက်သည်။
"ဗိုလ်ချုပ်ရှီက ဒီလိုအချစ်ဂိမ်းမျိုးကစားလေ့ရှိတယ်ထင်တယ်။ တကယ်တော့ ဒီလိုဂိမ်းမျိုး ကစားပေးတာလည်း တော်တော်လေး ကောင်းပါတယ်။ မင်းရဲ့ စိတ်ခံစားချက်ကို ပြေလျော့စေတယ်။"
မောက်ကျစ်ရှဲမှာ ရှီကွေ့ချန်၏ ဓားသွားကဲ့သို့ ထက်ရှသော မျက်လုံးတစ်စုံဖြင့် အကြည့်ခံလိုက်ရတာကြောင့် အလွန်ထိတ်လန့်သွားရပြီး အမြီးလေးပင် ထွက်လာတော့သည်။ ထို့နောက် စခရင်မှာမဲနက်သွားပြီး ရှီကွေ့ချန်ဘက်မှ ဖုန်းခေါ်ဆိုမှုကို အဆုံးသတ်လိုက်ကြောင်း တွေ့လိုက်ရပါမှ မောက်ကျစ်ရှဲလည်း အလွန်တရာပင်ပန်းသွားဟန်ဖြင့် ထိုင်ခုံပေါ်သို့လဲကျသွားကာ အသက်မနည်းရှူနေရသည့် မီးခိုးရောင်ကြွက်လေးအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
ကွန်ပြူတာ၏အခြားတစ်ဖက်တွင်တော့ ရှီကွေ့ချန်သည် "Your Exclusive Lover" ဂိမ်း icon ကို စေ့စေ့စပ်စပ်ကြည့်နေမိသည်။ မောက်ကျစ်ရှဲကတော့ ဤဂိမ်းကို ရှီကွေ့ချန်ဘာသာ Download ဆွဲထားသည်ဟု ထင်နေသော်လည်း ရှီကွေ့ချန်ဟာ ဘယ်တုန်းကမှ ဂိမ်းကစားခဲ့ဖူးသူမဟုတ်ချေ။
ဒါဆို... ဒီဂိမ်းက ဘယ်ကရောက်လာတာလဲ။ ရှင်းဟိုင်မိဘမဲ့ဂေဟာက ဒီဂိမ်းထဲမှာ ဘာလို့ရှိနေရတာလဲ။ ဒီဂိမ်းရဲ့နောက်ကွယ်က ဘယ်သူလဲ။ သူတို့ ဘာလုပ်ချင်နေကြတာလဲ။
ရှီကွေ့ချန်လည်း ဂိမ်းခန်းအသစ်တစ်ခုကို တိတ်တဆိတ်ရှာဖွေလိုက်ကာ ဂိမ်းထဲသို့ ထပ်မံဝင်ရောက်လိုက်သည်။
ဤဂိမ်းက သူ့ရဲ့ဆိုးရွားတဲ့အမှတ်တရတွေကို ပြန်အမှတ်ရစေတာကြောင့် ၎င်းကို သူမုန်းတီးပါသော်လည်း ဒီဂိမ်းက သူ့ရဲ့အတိတ်ကအချက်အလက် ဘယ်လောက်များများကို သိနေသလဲဆိုတာနှင့် ဘာလုပ်ဖို့ကြိုးစားနေတာလဲဆိုတာကို သူသိချင်မိသည်။
မှိန်ဖျော့ဖျော့သံလှောင်ချိုင့်ဟာ သူ့ရှေ့တွင် ထပ်မံပေါ်လာပြန်၏။ ဤတစ်ကြိမ်တွင်တော့ ရှီကွေ့ချန်ပို၍တည်ငြိမ်လာပြီဖြစ်သည်။ သူ၏ ချည်အသိုက်ဟောင်းလေးထဲမှာသာ အိပ်ရင်း သူ၏ညစ်ပေနေသောလက်သည်းများကိုသာ ကြည့်နေခဲ့သည်။
လက်လည်းမဆေးသလို ထိုညစ်ပတ်နေသည့် လက်သည်းတွေကိုလျက်ဖို့ကိုလည်း စိတ်မဝင်စားပေ။
ဒါကချာတူးလံနေတဲ့ဂိမ်းတစ်ခုပဲ။
လေထဲ၌ နို့နံ့သင်းသင်းလေး လွင့်ပျံလာ၏။ ရှီကွေ့ချန် အနံ့ခံကြည့်လိုက်သည်။ ဤသုံးဖက်မြင်ဂိမ်း၌ ဆာလောင်မှု ခံစားချက်ကိုလည်း 100% အစစ်အမှန်ကဲ့သို့ ခံစားရနိုင်သည်။ လက်ရှိအချိန်၌ နို့နံ့သင်းသင်းလေးဟာ ရှီကွေ့ချန်အား အလွန်တရာမှဆွဲဆောင်နေ၏။
သူအလွန်ဗိုက်ဆာနေပါသော်လည်း အန်ချင်သလိုခံစားနေရသည်။
ဂိမ်းဇာတ်ကောင်အတုပင်ဖြစ်ပါသော်လည်း ရှင်းဟိုင်မိဘမဲ့ဂေဟာမှလူများဖြစ်ကြောင်း စဉ်းစားလိုက်ရုံနှင့်တင် သူ့အားရွံရှာသလို ခံစားရစေသည်။
အဖုံးဟာပင့်မခံလိုက်ရပြီး အလင်းတန်းလေးတစ်ခုဟာ ထိုအဝိုင်းပေါက်မှတစ်ဆင့် အမှောင်ထုထဲသို့ ဝင်ရောက်လာပြီး နို့နံ့သင်းသင်းလေးဟာလည်း ပိုလို့ပြင်းလာတော့သည်။
ရှီကွေ့ချန်ဟာတော့ မလှုပ်မယှက်ပင် ရှိနေဆဲဖြစ်ကာ သူ၏အပြာရောင်မျက်လုံးများဟာတော့ အေးစက်နေ၏။
သူ၏မလှုပ်မယှက်နေနေခြင်းက အဝိုင်းပေါက်လေးနားမျက်နှာကပ်ကာ အထဲမှအခြေအနေကိုစူးစမ်းနေသည့် ဝန်ထမ်းလေးအား ခေါင်းရှုပ်သွားစေသည်။
ဒါက ပါးကို လာရိုက်ခိုင်းနေတာလား...
ရှီကွေ့ချန်လည်း တစ်ဖက်လူအား အတော်လေးစိတ်ကျေနပ်သွားသည်။ ထိုငတုံးအား လက်သည်းစာတစ်ချက် ကျွေးပြီးနောက် သူတကယ်ကြီးဗိုက်ဆာလာရသည်။
အတိတ်တစ်ချိန်တုန်းက ဤငရဲတွင်း၌ ဗိုက်ဆာသည်ဆိုသည်မှာ အဖြစ်များသော ကိစ္စရပ်တစ်ခုပင်။
သို့သော် အခန်းထဲသို့ပုလင်းလေးတစ်ခု ရောက်လာတာကြောင့် ရှီကွေ့ချန် အံ့ဩသွားရသည်။
သူတစ်ဖက်လူကိုဖမ်းမိသွားခြင်းကြောင့် ရှီကွေ့ချန်၏အန်ချင်စိတ်က အတော်လေး သက်သာလာတာမျိုး ဖြစ်ကောင်းဖြစ်နိုင်သည်။ သူမသိစိတ်အလျောက် လျှာသပ်လိုက်မိကာ ထိုဝန်ထမ်းလေးဘာတွေကြံနေသလဲဆိုတာကို သိချင်မိသွားရသည်။
တစ်ကျိုက်လောက်သောက်လိုက်ပြီးမှ အမြန်ဆွဲထုတ်လိုက်ရမလား။ ဒီလို တုံးအတဲ့အမူအကျင့်မျိုးက အဲ့လူတွေရဲ့ စတိုင်လ်နဲ့အတော်လေးကိုက်ညီတယ်။
ကျားဖြူလေးက ပုလင်းဆီသို့ လျှောက်သွားလိုက်ကာ ကြမ်းတမ်းစွာ ပါးစပ်ဟလိုက်ပြီး နို့ပုလင်း၏ နို့သီးခေါင်းကို ခပ်ပြင်းပြင်းကိုက်ချလိုက်သည်။
သူသာတကယ်ဆွဲထုတ်ချင်တယ်ဆိုရင် နောက်ဆုံးအခိုက်အတန့်ထိ သူဘယ်လောက်များများစုပ်လိုက်နိုင်မလဲဆိုတာကို အကောင်းဆုံးကြိုးစားကြည့်ရမယ်။
ထိုသို့တွေးကာ တိုက်ပွဲဝင်နေသလိုမျိုး နွားနို့ကိုသောက်လိုက်သည်။ သူ့တစ်ကိုယ်လုံးမှာ Level 10 သတိပေးချက် အထိရောက်ရှိသွားပြီး နားရွက်များပင် ထောင်လာ၏။ သို့သော် နွားနို့သောက်ပြီးနောက် ထိုဝန်ထမ်းလေးသည် လှုပ်ရှားမှုသေးသေးလေးပင်မလုပ်ခဲ့ချေ။
ဒါဟာ တကယ့်ကို ကြီးမားတဲ့ စိတ်ခံစားချက်ဖြုန်းတီးမှုပဲ။
ရှီကွေ့ချန် ဒေါသတကြီး ဟိန်းဟောက်လိုက်ကာ တံခါးအပြင်ဘက်ရှိ ငတုံးကိုနှုတ်ဆက်လိုက်ပြီး သူ၏အသိုက်ထဲသို့ ပြန်ဝင်ကာ စိတ်တည်ငြိမ်အောင် ကြိုးစားလိုက်ရသည်။
သူဒေါသထွက်မိရင်လည်း သူပဲအများဆုံး ခံစားရတာ။
ဒီလူတွေက သူ့ဒေါသနဲ့ မတန်ဘူး။
"မင်္ဂလာပါ No.20"
ထိုရုတ်ခြည်းစကားဝိုင်းက ရှီကွေ့ချန်အား အလွန်ထိတ်လန့်သွားစေကာ ဒေါသထွက်ရမည်ကိုပင်မေ့သွားတော့သည်။ သူ့ကိုယ်သူနားကြားမှားသွားသည်ဟု ထင်လိုက်ကာ နှစ်ကြိမ်ခန့်နားရွက်ကို လှုပ်ယမ်းလိုက်သည်။ ယခုလက်ရှိ သူဟာ "Ice Project " တွင် ရှိနေသည်ကို သိပြီးသားဖြစ်သည်။ ဝန်ထမ်းများအနေနှင့် နှုတ်ဖြင့်ဖြစ်စေ၊ အထိအတွေ့နှင့်ဖြစ်စေ သူနှင့်ဆက်သွယ်တာမျိုးကို ရှောင်ရှားကြမှာဖြစ်သည်။
ဒါကတကယ့်ကိုဂိမ်းတစ်ခုပဲ၊ လုံးဝကို အသေးစိတ်ကျမှုမျိုးမရှိဘူး။
သူ၏ယခင် “ice project” မှ အတွေ့အကြုံအရဆိုလျှင် သူဟာ သုံးလလုံးလုံး အလုံးပိတ်အခန်းလေးထဲ၌သာ နေခဲ့ရကာ အစမှအဆုံးထိ မည်သူနှင့်မျှ ဆက်ဆံပြောဆိုခဲ့ခြင်းမျိုးမရှိခဲ့ချေ။
"ငါမင်းနဲ့ စကားပြောလို့ရမလား"
မရဘူး၊ ထွက်သွား။ ငါ့မှာ မင်းနဲ့ပြောစရာမရှိဘူး....
ထိုအချိန်တွင် တံခါးအပြင်ဘက်ကလူထံမှ ဘာတုံ့ပြန်မှုမှမရတော့တာကြောင့် ထွက်သွားပြီဟုထင်လိုက်သည်။ အခန်းထဲတွင် ဆူညံသံများ၊ အူသံများနှင့် ဟောင်သံများ မပျောက်ကွယ်သွားသော်လည်း ကမ္ဘာကြီးသည် အလွန်တိတ်ဆိတ်သွားသည်ဟု ရှီကွေ့ချန် ရုတ်တရက် ခံစားလိုက်ရသည်။
“ကလစ်”
ရုတ်တရက် တောက်ပသော အလင်းရောင် ပေါ်ထွက်လာတာကြောင့် ရှီကွေ့ချန်၏ မျက်လုံးများမှာ ခဏတာ မကြည့်နိုင် ဖြစ်သွားရသည်။ နောက်အခိုက်အတန့်တွင် သံတံခါးဟာ လျင်မြန်စွာပြန်ပိတ်သွားခဲ့ပြီး မဖိတ်ကြားထားသောဧည့်သည်သည် ရှီကွေ့ချန်၏ရှေ့၌ သူ၏ဝက်ခြေထောက်ကို ဆန့်ထုတ်ပေးလာသည်။
ရှီကွေ့ချန် : “…”
အရမ်းကောင်းတယ်...မင်း ငါ့ဒေါသကို အောင်အောင်မြင်မြင်နဲ့ နှိုးဆွလိုက်နိုင်တာပဲ...
ကျားဖြူလေးမှာ မီးပန်းကဲ့သို့ ပေါက်ကွဲသွားပြန်ကာ သူ၏ ကြောင်လက်သည်းလေးနှင့် ကြမ်းတမ်းစွာ ကုတ်ခြစ်လာလေတော့သည်။ ထိုသို့ ပရမ်းပတာအခြေအနေတွင် မတော်တဆဖြင့် အနက်ရောင်မျက်မှန်တစ်စုံကို ချွတ်လိုက်မိသည်။
ထို့နောက် တစ်ဖက်လူကို ထပ်မံကုတ်ခြစ်ရန် လက်မြောက်လိုက်ချိန်၌ ထိုလူ၏မျက်နှာထက်တွင်အကာအကွယ်မရှိတော့သည်ကို မြင်လိုက်ရသည်။
ငါစိတ်လွတ်သွားပြန်တာပဲ။
ရှီကွေ့ချန်မှာ ခဏတာ ဆွံ့အသွားရကာ သူမြင်လိုက်ရသည့် မျက်နှာကိုဖော်ပြရန် စကားလုံးတစ်လုံးမျှ ရှာမတွေ့ခဲ့ပေ။ "လှတယ်" ဆိုသည့် စကားလုံးထက် "အံ့မခန်း လှတယ်" ဆိုသည့် စကားလုံးသာ သူ့စိတ်ထဲ၌ပေါ်လာခဲ့သည်။
ချွန်ထက်သော ခြေသည်းများသည် တစ်ခဏမျှ တုံ့ဆိုင်းသွားကာ တိတ်တဆိတ် ပြန်ဆုတ်သွားလေသည်။
ထိုလူ၏လက်ဟာ ထပ်မံဆန့်ထွက်လာပြန်၏။ ရှီကွေ့ချန်မှာ ထိုလက်ကို ရိုက်ထုတ်လိုက်ချင်သော်လည်း မျက်နှာလေးကိုမြင်တော့ မရိုက်ရက်တော့ပေ။ ထို့ကြောင့် တစ်ဖက်လူ၏လက်ကိုသာ မကျေမနပ် ရှောင်လိုက်သည်။ ရှီကွေ့ချန်ဟာ ရုပ်ရည်ကို ကြည့်တတ်သည့်လူမျိုးမဟုတ်ပါသော်လည်း သူ့ရှေ့ကလူ၏မျက်နှာမှာ သာမန်ရုပ်ရည်ထက် ကျော်လွန်နေ၏။
"ဟယ်လို No.20၊ ငါ့နာမည်က ဟယ်ရူကော ပါ။ ငါ မင်းနဲ့ စကားပြောချင်လို့ အဆင်ပြေမလား"
ရှီကွေ့ချန် : “…”
မင်းကိုယ်မင်းရုပ်ချောတယ်ဆိုတာနဲ့ ဘာမဆိုလုပ်လို့ရပြိီလို့ထင်နေတာလား။ ဒီလိုအဓိပ္ပာယ်မရှိတာတွေထပ်ပြောနေမယ်ဆိုရင် ငါမင်းကိုရိုက်ပစ်တော့မှာ။
ထိုလူဟာတော့ ဘာမှလည်းမတုံ့ပြန်သလို ဒေါသလည်းမထွက်ပေ။ သူဟာ အိတ်ကပ်ထဲမှ တစ်စုံတစ်ခုကို လက်သီးဆုပ်၍ထုတ်ယူလိုက်ကာ ရှီကွေ့ချန် ရှေ့၌လက်ဆန့်၍ လက်ဖဝါးကိုဖြန့်ပြလိုက်သည်။ သူ၏ လက်ဖဝါးထက်၌ သကြားလုံးတစ်လုံးရှိနေ၏။
ရှီကွေ့ချန် : “…”