အခန်း ၁၁ - သွေးသောက်ပြီးသစ္စာဆိုမယ်
စိတ်ခံစားချက်ကင်းမဲ့သော စာရိုက်စက်: : "စကားများရင် ဆင်းရဲလိမ့်မယ်၊ စာရိုက်နေမှ ဘဝကြီးကပြောင်းမှာ၊ Update မတင်နိုင်ရင် မင်းရှိမှန်း ဘယ်သူမှသိမှာမဟုတ်ဘူး၊ တစ်နေ့ကို သုံးပိုင်းတင်နိုင်မှ သူဌေးကြီးဖြစ်လိမ့်မယ် jpg."
စိတ်ခံစားချက်ကင်းမဲ့သော စာရိုက်စက်: "စာရိုက်ကြမလား"
ဟယ်ရူကောက အိမ်ပြန်သည့် ဘတ်စ်ကားပေါ်မှာထိုင်ရင်း၊
သူ၏ဘေ့စ်ဘောဦးထုပ်ကို အနည်းငယ်နှိမ့်လိုက်ပြီးနောက်၊ ဖုန်းကိုကြည့်ကာ သက်ပြင်းတစ်ချက် အသာယာချလိုက်သည်။
"ရိုက်မှာပေါ့"
ဒီနေ့မနက်အစောပိုင်းမှာ ဟယ်ရူကော ဆေးရုံသို့သွားခဲ့ပြီး၊ စစ်ဆေးမှုများအတွက် ယွမ်လေးထောင်ကျော် သုံးစွဲခဲ့သော်လည်း ဘာရောဂါမှရှာမတွေ့ခဲ့ပေ။
ရလဒ်များအရ သူ၏ခန္ဓာကိုယ်က အလွန်ကျန်းမာနေပြီး၊ စာရေးဆရာများတွင် ဖြစ်လေ့ဖြစ်ထရှိသည့် ရောဂါများပင်မရှိချေ။
သတင်းဆိုးကတော့ သူ၏စုဆောင်းငွေမှာ ယွမ်ရှစ်ရာသာ ကျန်တော့သည်ပင်။
လတ်တလောမှာ သေဆုံးနိုင်ခြေမရှိတာကြောင့်၊ ဟယ်ရူကော၏ စိုးရိမ်နေသည့်စိတ်က အနည်းငယ်တော့တည်ငြိမ်သွားသည်။
ဘဝက ဘယ်လောက်ပဲခက်ခဲနေပါစေ၊ စာကတော့ ဆက်ရေးရမည်သာ။
စာကောင်းကောင်းရေးမှသာ ပိုကောင်းသည့်ဆေးရုံမှာ ကုသနိုင်ဖို့ ပိုက်ဆံစုနိုင်မည်ဖြစ်သည်။
ရက်အနည်းငယ်ကြာလျှင် ဟယ်ရူကော၏ ဝတ္ထုက vipဝင်တော့မည် (အခကြေးငွေဖြင့် ဖတ်ရသည့်စနစ်သို့ ပြောင်းတော့မည်) ဖြစ်သည်။
ဆင်းရဲမွဲတေမှု၏တွန်းအားကြောင့်၊ ဟယ်ရူကောက ဝတ္ထုမပြီးမချင်း တစ်နေ့ကို စာလုံးတစ်သောင်းနှုန်းဖြင့် ရေးသားရန် ဆုံးဖြတ်လိုက်သည်။
ဘတ်စ်ကား၏ ယိမ်းထိုးလှုပ်ရှားမှုကြောင့် ဟယ်ရူကော အနည်းငယ်ခေါင်းမူးလာသည်။
သူက နားထင်ကိုပွတ်သပ်လိုက်ပြီးနောက်၊ သူ၏ဝတ္ထုမှ comment အပိုင်းကို ဖွင့်ကြည့်လိုက်ရာ၊ သူ့ကိုအပုပ်ချနေသည့်လူက မနက်အစောကြီးကတည်းက negative comment တွေ လာရေးနေသည်ကို တွေ့လိုက်ရသည်။
ထိုသူ၏အပြုအမူမှာ ကြောက်စရာကောင်းလောက်အောင် အစွဲအလမ်းကြီးနေသူနှင့်တူသည်။
ဟယ်ရူကောက စာမူကြမ်းသိမ်းဆည်းထားသည့်နေရာကို ဖွင့်လိုက်ပြီး၊ စာရေးသူအမှာစာတွင် comment ကိစ္စကို အကျဉ်းချုံးရှင်းပြလိုက်သည်။
တကယ်လို့သာ ဒီလူက ဒီလိုမျိုးဆက်ပြီးအပုပ်ချနေမည်ဆိုလျှင်၊ သူ၏ဝင်ငွေကို သွားထိခိုက်လိမ့်မည်ဖြစ်ရာ၊ နောက်လဆို ဟယ်ရူကောလည်း သူ့သူငယ်ချင်းများထံမှ ပိုက်ဆံချေးရတော့မည်ဖြစ်သည်။
သူ၏လက်တွေ့ဘဝက သူငယ်ချင်းများအားလုံးမှာ သာမန်အသိမိတ်ဆွေများသာဖြစ်ရာ၊ ပိုက်ဆံချေးပြီးနောက်မှာတော့ သူ၏လက်တစ်ဆုပ်စာသူငယ်ချင်းများကိုပါ ဆုံးရှုံးသွားနိုင်ခြေရှိသည်။
ငါပဲ ဒီတစ်လောကံနိမ့်နေတာလား။
ဘာလို့ ဒီလောက်တောင် စိတ်ညစ်စရာတွေချည်း ကြုံနေရတာလဲ။
ဟယ်ရူကော အိမ်ပြန်ရောက်သည့်အချိန်မှာ ညစာစားချိန်နီးပါးဖြစ်နေပြီပင်။
ဟယ်ရူကောက ခေါက်ဆွဲခြောက်တစ်ထုပ်ပြုတ်ပြီး၊ ကြက်ဥတစ်လုံးကြော်ကာ၊ ခေါက်ဆွဲစားရင်းကနေ နောက်ရေးမည့် ဇာတ်လမ်းဇာတ်ကွက်များကို စဉ်းစားနေခဲ့သည်။
သူရေးနေသည့်ဝတ္ထုက ချိုမြိန်သည့် အကြောင်းအရာများဖြစ်တာကြောင့်၊ စာချောချောမွေ့မွေ့ရေးနိုင်ရန်အတွက် စိတ်အခြေအနေကလည်း လန်းနေဖို့လိုသည်။
သို့သော်လည်း ယခုအချိန်မှာတော့ သူ့မှာလုံးဝပျော်ရွှင်နိုင်ခြင်းမရှိဘဲ၊
ရင်ဘတ်ထဲမှာ မွန်းကျပ်သည့်ခံစားချက်တစ်ခုက စိတ်ကူးစိတ်သန်းများကို ပိတ်ဆို့ထားသည်။
အတင်းကြီး ဖျစ်ညစ်ရေးလျှင်လည်း ရလဒ်က မကောင်းနိုင်ပေ။
ဟယ်ရူကောက ခေါက်ဆွဲစားပြီးနောက်၊ သူ၏သူငယ်ချင်းထံသို့ ယုံကြည်ချက်ရှိရှိ စာပြန်လိုက်သည်။
"ဇာတ်လမ်းက တိုင်ပတ်နေပြီဆိုတော့၊ စိတ်ကူးသစ်ရဖို့ ဂိမ်းခဏသွားဆော့လိုက်ဦးမယ်"
စိတ်ခံစားချက်ကင်းမဲ့သော စာရိုက်စက် : "48019000"
စိတ်ခံစားချက်ကင်းမဲ့သော စာရိုက်စက်:
"သွားပေါ့၊ ဒီနေ့ စာလုံးတစ်သောင်းမပြည့်ရင်၊ မင်းလိုပျင်းနေတဲ့ခိုရဲ့အမွှေးတွေကို အကုန်ဆွဲနှုတ်ပြီး၊ ငှက်ပျောဖက်နဲ့ထုပ်ပြီး မီးဖုတ်ပစ်မယ်"
ဟယ်ရူကော၏ ကျောထဲမှာ စိမ့်ခနဲဖြစ်သွားပြီး၊ သူ၏ကွန်ပျူတာဖွင့်နေသည့်လက်များက ခဏမျှရပ်တန့်သွားသည်။
သို့သော်လည်း ထိုစိုးရိမ်စိတ်က ပန်းရောင်ဂိမ်း icon လေးကြောင့် ချက်ချင်းပျောက်ကွယ်သွားရသည်။
ကျားဖြူလေးရေ ကိုယ်လာပြီ။
ထုံးစံအတိုင်း အစာကျွေးရမည့်အချိန်သို့ ရောက်လာပြန်ပြီပင်။
ဟယ်ရူကောက ကျွမ်းကျင်စွာဖြင့် နံပါတ် ၁၉ အထိ နို့တိုက်ကျွေးပြီးနောက်၊ အသဲပုံလေးတစ်လုံးကိုသုံးကာ နံပါတ် ၂၀ အခန်း၏ သံတံခါးကို ဖွင့်လိုက်သည်။
ကျားဖြူလေးက ထူးထူးခြားခြား ဝါဂွမ်းအသိုက်ထဲမှာ ခွေခွေလေးလဲလျောင်းနေပြီး၊ တံခါးဖွင့်သံကြားသည့်အခါ နားရွက်လေးများကလှုပ်ရှားသွားကာ၊ နေမကောင်းသည့်ပုံစံဖြင့် ဟယ်ရူကောကို မော့ကြည့်လာသည်။
နံပါတ် ၂၀ က နေလို့မကောင်းပါဘူး။
သူဖျားနေတာဖြစ်နိုင်ပါတယ်၊
သင်၏ရွေးချယ်မှုက —
a. စွန့်စားပြီး သူ့ကို ဆေးခန်းခေါ်သွားမယ်။
b. သာမန်ဆေးဝါးကိုသုံးစွဲပေးလိုက်မယ်။
ကျားဖြူလေး၏ အပြာရောင်မျက်လုံးများက ယခင်ကလို တောက်ပခြင်းမရှိတော့ပေ။
ကျားဖြူလေးက အားမရှိစွာဖြင့် ဟယ်ရူကောကို "ဝေါင်း" ဟုတစ်ချက်အော်ပြလိုက်သည်။
ဒါက ကျားဖြူလေးက ဟယ်ရူကောကို ပထမဆုံးအကြိမ် စတင်နှုတ်ဆက်ခြင်းဖြစ်သော်လည်း၊ ဟယ်ရူကောမှာ ပျော်ရွှင်နိုင်ခြင်းမရှိဘဲ၊
သနားစိတ်က သူ၏ စိတ်ခံစားချက်အားလုံးကို လွှမ်းမိုးသွားသည်။
a ကိုရွေးရမလား၊ b ကိုရွေးရမလား။
ဘာကြောင့် ဆေးခန်းသွားလို့ရတဲ့ ရွေးချယ်စရာ ရှိနေရတာပါလိမ့်။
'ICE project' ၏လိုအပ်ချက်မှာ စမ်းသပ်ခံများကို လျစ်လျူရှုရန်ဖြစ်ပြီး၊ သူတို့သေသေရှင်ရှင် လုံးဝဂရုမစိုက်ရပေ။
တကယ်လို့ ဆေးခန်းသွားမည်ဆိုလျှင်၊ ရွှင်ယောက်ရှူ(ဆေးဝါးရှာဖွေရေးကြွက်)က သူ 'ICE Project' ၏ စည်းမျဉ်းများကို ချိုးဖောက်နေကြောင်း သိသွားမှာ မဟုတ်ဘူးလား။
ဆေးခန်းမှာ ဇာတ်လမ်း Chapter အသစ်များ ရှိလို့လား။
ဟယ်ရူကော၏ မျက်နှာအမူအရာက တဖြည်းဖြည်းလေးနက်လာပြီးနောက်
သူက မျက်မှန်ကို အသံတိတ်တွန်းတင်လိုက်သည်။
ဘာကြောင့် ဒီလို အချစ်ရေးရာဂိမ်းက ဒီလောက်ရှုပ်ထွေးနေရမှန်း သူနားမလည်ပေ။
သူက [အစာကျွေး] [စကားပြော] [ပွတ်သပ်] ဆိုတဲ့ လုပ်ဆောင်ချက်သုံးခုကိုပဲ အေးအေးဆေးဆေးလုပ်ရင်း စိတ်အပန်းဖြေချင်ရုံသာဖြစ်သည်။
ဖန်သားပြင်ပေါ်က ကျားဖြူလေးက ပုစွန်လေးတစ်ကောင်လို
ကိုယ်ကိုကျုံ့လိုက်ပြီးနောက်၊ သူ၏အမြီးကို ခြေထောက်နှစ်ချောင်းကြားထဲညှပ်ထားကာ၊ လုံးဝိုင်းနေသည့်နားရွက်လေးများကလည်း အောက်သို့တွဲနေရှာသည်။
ထိုအားမရှိသည့် သနားစရာပုံစံလေးက ချစ်စရာအတိပင်။
ဒီဂိမ်းထဲမှာ သတ္တဝါငယ်လေးများအတွက် ဖျားနာခြင်းဟာ အလွန်ပြင်းထန်သည့် ကိစ္စတစ်ခုဖြစ်တာကြောင့်၊ ဘယ်လိုအသေးအဖွဲ့ရောဂါမျိုးကမဆို သူတို့၏အသက်ကို အလွယ်တကူနှုတ်ယူသွားနိုင်သည်။
တကယ်လို့သာ new player gift ထဲက သာမန်ဆေးဝါးကသာ ကျားဖြူလေးကို မကုသနိုင်ခဲ့ဘူးဆိုရင်…
ဟယ်ရူကောက နာကျင်စွာဖြင့် သူ၏ရှားပါးသည့် save လုပ်ခွင့်ကို သုံးလိုက်သည်။
သူက အရင်ဆုံး b ကိုရွေးချယ်လိုက်ရာ၊ အဝါရောင်ဆေးပြားတစ်ပြားက သူ၏လက်ထဲမှာပေါ်လာပြီးသည်။
ဟယ်ရူကောက အစာကျွေးရန်ကို နှိပ်လိုက်သည်။
ကျားဖြူလေးက နံပါတ် ၁၉ က ယုန်ငယ်လေးလို အစားအသောက်ကို မငြင်းဆန်ဘဲ တန်းစားလေ့မရှိပေ။
သူက မျက်ခွံကိုအသာပင့်ပြီး ဆေးပြားကို လှမ်းကြည့်လိုက်သည်။
ပန်းရောင်နှာခေါင်းလေးက ဖြည်းညင်းစွာရှူရှိုက်လိုက်ပြီးနောက်၊ အနံ့ကမမှန်ဟုထင်သည့်အခါ၊ ကျားဖြူလေးက မျက်နှာထားတင်းတင်းဖြင့် တစ်ဖက်သို့လှည့်သွားကာ၊ သူ၏တင်ပါးကိုသာ ဟယ်ရူကောဖက်ကို ပေးထားရင်း၊ ဆေးမသောက်လိုကြောင်း ပြတ်သားစွာပြသလိုက်သည်။
ဟယ်ရူကော : "…"
ဒါက လုံးဝမထင်မှတ်ထားတဲ့ အဆုံးသတ်ပဲ။
နံပါတ် ၂၀
[နံပါတ် ၂၀ က သင်၏ဆေးကို ငြင်းဆန်လိုက်ပြီး၊ သင့်ဘက်ကို ဖင်ပေးထားလိုက်ပါသည်]
[ဆေးဆက်လက်တိုက်ကျွေးလိုပါသလား]
[Yes]
[No]
ဖျားရင်ဆေးသောက်ရမှာပေါ့။
ဟယ်ရူကောက ခဏစဉ်းစားပြီးနောက်၊ အချစ်ဈေးဆိုင်မှ haertလေးတစ်လုံးသုံးကာ စတော်ဘယ်ရီအရသာသကြားလုံးတစ်လုံး ဝယ်လိုက်သည်။
သူက အစာကျွေးရန်နှိပ်လိုက်ရာ၊ သူ၏လက်ဖဝါးပေါ်မှာ အလုံးလေးနှစ်လုံးပေါ်လာသည်တစ်လုံးက ဆေးပြားဖြစ်ပြီး၊ နောက်တစ်လုံးက သကြားလုံးဖြစ်သည်။
ကျားဖြူလေးက ခေါင်းလှည့်ပြီး သူ့ကို မျှော်လင့်တကြီးကြည့်နေသည့် ဟယ်ရူကောကို လှမ်းကြည့်လိုက်သည်။
သူက သူ၏ခေါင်းလေးကို ဟယ်ရူကော၏ လက်ဖဝါးနားသို့ တိုးကပ်ပြီးနောက် သကြားလုံးကို ဖြည်းညင်းစွာစားလိုက်ကာ၊ အားနည်းစွာဖြင့် အိမ်လေးထဲပြန်လှဲလျောင်းသွားသည်။
ဟယ်ရူကောနှင့် ဆေးပြားတစ်လုံးသာ ကျန်ရစ်ခဲ့သည်။
တကယ်လို့သာ ကျားဖြူလေးက သူ၏မျက်စိရှေ့မှာ တကယ်ရှိနေမည်ဆိုလျှင်၊ ဟယ်ရူကောက ထိုအကောင်ပေါက်လေး၏ လုံးဝိုင်းနေသည့်နားရွက်ကိုဆွဲပြီး ဆေးအတင်းတိုက်မိမှာဖြစ်သည်။
အကယ်၍ ကျားဖြူလေးက မလိုက်လျောဘူးဆိုရင်၊ သူ… သူက ထိုလုံးတစ်တစ်တင်ပါးလေးကို ရိုက်ပစ်လိုက်မှာပင်။
ဟယ်ရူကောက တင်ပါးကလေးကို ရိုက်ရမည့်မြင်ကွင်းကို စိတ်ကူးထဲမှာပုံဖော်ကြည့်ရင်း၊ တောင့်တစိတ်နှင့် သနားစိတ်တို့က ရောထွေးနေသည်။
တကယ်လို့ ထိုအချိန်မှာ ကျားဖြူလေးက သူ၏ရင်ခွင်ထဲမှာ တိုးဝှေ့ပြီး ချွဲနွဲ့နေမည်ဆိုလျှင်၊ သူတကယ်ပဲ ဆေးဆက်တိုက်နိုင်ပါ့မလား။
… တော်ပြီ၊ ဒီထက်ပိုပြီး စိတ်ကူးယဥ်နေလို့မဖြစ်တော့ဘူး။
လက်တွေ့မှာတော့ ဂိမ်းထဲက ကျားဖြူလေးကိုပင် ကိုင်တွယ်ရခက်နေပြီဖြစ်သည်။
သူက ဆေးမသောက်ဘူးဟုဆိုလျှင် မသောက်တော့တာမို့၊ ဟယ်ရူကောမှာ ဘာမှတတ်နိုင်ခြင်းမရှိပေ။
ဟယ်ရူကောက မိခင်တစ်ယောက်လိုမျိုး ကျားဖြူလေးကို အရင်နို့တိုက်ကျွေးလိုက်သည်။
သူက ကျားဖြူလေးနို့စို့နေသည့် ကျောပြင်လေးကိုကြည့်ရင်း၊
ဖန်သားပြင်ကိုကြည့်ကာ တတွတ်တွတ်ပြောနေသည်။
"ဖျားရင်ဆေးသောက်ရတယ်လေ၊ ဆေးမသောက်ဘဲနဲ့ ရောဂါက သူ့အလိုလိုပျောက်သွားမှာလား"
"ငါအရင်က ဖျားရင်လည်း ဆေးမသောက်ဘဲ အောင့်ခံထားတာပဲ၊ ဒါပေမယ့် ဒါက ဆေးတစ်ခါဝယ်ရင် အရမ်းဈေးကြီးလို့၊ ငါပိုက်ဆံနှမြောလို့လေ"
"နောက်တော့ တစ်ပတ်လောက်ဖျားပြီး၊ ရောဂါကပိုပိုဆိုးလာတော့၊ ဆေးသွားထိုးရတာပဲ ဒီတော့ပိုက်ဆံလည်းပိုကုန်တယ်"
ဟယ်ရူကော၏ လေသံက တဖြည်းဖြည်းနိမ့်သွားပြီး၊ သူက ဖန်သားပြင်ကိုကြည့်ကာ ဘယ်သူ့ကိုမှမပြောပြခဲ့ဖူးသည့် သူ၏အတိတ်အကြောင်းကို ဖွင့်ဟပြောပြနေသည်။
သူ၏တိုးဖွဖွရေရွတ်သံများက ကြားတစ်ချက်မကြားတစ်ချက်ပင်။
အရင်တုန်းက ဆေးကဈေးကြီးတယ်လို့ ထင်ခဲ့တယ်။
ဆေးဖိုးပိုက်ဆံနဲ့ ဟော့ပေါ့တို့၊ အကင်တို့ သွားစားလိုက်ရရင် ဘယ်လောက်ကောင်းလိုက်မလဲ။
တချို့အရာတွေကို အချိန်ကလည်း ပြောင်းလဲပေးနိုင်ခြင်းမရှိဘူး၊ ဥပမာ ဆင်းရဲမွဲတေမှုလိုမျိုးပေါ့။
သူက အခုလည်း ဆေးကုသစရိတ်က ဈေးကြီးတယ်လို့ ခံစားနေရဆဲပင်။
ဒီနေ့ဆေးစစ်ခဲ့တဲ့ ပိုက်ဆံနဲ့ ကြောင်တစ်ကောင်သာဝယ်လိုက်ရရင်…
ဘယ်လောက်ကောင်းလိုက်မလဲ။
ဟော့ပေါ့နဲ့ အကင်စားပြီးရင်၊
ခန္ဓာကိုယ်က နွေးထွေးသွားမှာပဲ။
ကြောင်လေးသာမွေးလိုက်ရရင်၊နှလုံးသားကပါ နွေးထွေးသွားမှာ။
နံပါတ် ၂၀
[နံပါတ် ၂၀ က ခေါင်းလှည့်ပါတယ်]
[သူက သင့်ကို တိတ်ဆိတ်စွာကြည့်နေပါတယ်]
[…အောင်းဝ်၊ သောက်ပါ့မယ်]
ကျားဖြူလေး၏ အပြာရောင်မျက်လုံးများထဲတွင်
"မင်းကိုတော့ နိုင်အောင်မပြောနိုင်တော့ဘူး" ဆိုသည့် အရှုံးပေးနေသည့် အမူအရာလေး ထွက်ပေါ်လာပြီးနောက်၊ ကျားဖြူလေးက ခေါင်းငုံ့ကာ ဆေးပြားကို 'အောင်းဝ်’ ကနဲမြည်အောင် တစ်ကိုက်တည်းစားချလိုက်သည်။
ဆေးသောက်ပြီးနောက်မှာတော့ အားနည်းစွာဖြင့် ဂွမ်းအိမ်ထဲပြန်လှဲလျောင်းသွားကာ၊ ဘာစကားတစ်ခွန်းမှမပြောဘဲ မှောက်လျက်သားနေနေတော့သည်။
သူ၏ငွေရောင်မျက်တောင်မွှေးများက အနည်းငယ်စင်းကျနေသည်မှာ၊ မျက်တောင်များပေါ်တွင် နှင်းမှုန်လေးများ ခပ်ပါးပါးကျရောက်နေသလိုပင်။
ဟယ်ရူကောက [စကားပြော] ခလုတ်ကို နှိပ်လိုက်သည်။
နံပါတ် ၂၀
[ ……(နံပါတ် ၂၀က အရမ်းအားနည်းနေလို့၊ စကားမပြောချင်ဘူး) ]
ရင်ထဲမှာ စူးခနဲဖြစ်သွားပြီးနောက် ဟယ်ရူကောက ဖန်သားပြင်နားသို့တိုးကပ်ကာ ကျားဖြူလေးကို စိုက်ကြည့်နေလိုက်သည်။
ကျားဖြူလေးက တစ်ခုခုကိုသတိပြုမိသွားသလို၊ သူလည်း ဖန်သားပြင်ကို မော့ကြည့်လာရာ၊ သူ၏အပြာရောင်မျက်လုံးများထဲမှာ လူတစ်ယောက်၏အရိပ်က နေရာယူထားတော့သည်။
ထိုအပြာရောင်အလင်းတန်းက သူ၏နှလုံးသားကို အရည်ပျော်ကျသွားစေသည်။
ဟယ်ရူကောက ဒီဂိမ်းမှ ပုံရိပ်များက တကယ့်လက်တွေ့နှင့်တူလွန်းသည်ဟု ထပ်မံချီးကျူးမိသည်။
တကယ်လို့ လက်တွေ့မှာ ကျားဖြူလေးကို မွေးမြူနိုင်မည်ဆိုလျှင်၊ သူ ကြောင်စာဖိုးအတွက် နေ့တိုင်းစာလုံးတစ်သောင်းရေးရလည်း၊ သူလည်းစိတ်ကျေနပ်စွာဖြင့် လုပ်ပေးမှာဖြစ်သည်။
ထို့နောက်သူက မောက်စ်ဖြင့် [ပွတ်သပ်မယ်] ဆိုသော ခလုတ်ကို နှိပ်လိုက်သည်။
ဂိမ်းထဲမှလက်ဖဝါးက ကျားဖြူလေး၏ကျောပြင်ကို ညင်သာစွာပွတ်သပ်ပေးနေသည်မှာ၊ ကလေးတစ်ယောက်ကို ချော့သိပ်နေသကဲ့သို့ နူးညံ့လှသည်။
ကျားဖြူလေးက မကျေမနပ်မျက်နှာထားဖြင့် ဟယ်ရူကောကို တစ်ချက်ကြည့်ပြီးနောက်၊ ပုစွန်လေးတစ်ကောင်လို ကိုယ်ကိုဆက်ပြီးကွေးထားလိုက်သည်။
နံပါတ် ၂၀
[နံပါတ် ၂၀ နေလို့မကောင်းဘူးဖြစ်နေပါတယ်]
[သူက သင့်ရဲ့ပွတ်သပ်မှုကို သဘောကျပါတယ်]
[အောင်းဝ်… မင်းလက်နဲ့၊ ကိုယ့်ဗိုက်ကို နွေးအောင်လုပ်ပေးပါ]
ကျားဖြူလေးက ဘေးစောင်းလှည့်လိုက်ပြီး၊ သူ၏အနူးညံ့ဆုံးနှင့် အားအနည်းဆုံးဖြစ်သည့် ဝမ်းဗိုက်ကို ဟယ်ရူကောရှေ့မှာ ပြလိုက်သည်။
ဖျားနေတာက သူ့ကို ပိုပြီးချွဲနွဲ့တတ်အောင် လုပ်လိုက်သလားမသိ၊
ဟယ်ရူကောက သူ၏လက်ကို ကျားဖြူလေး၏ဗိုက်ပေါ်တင်လိုက်သည့်အခါ၊ ကျားဖြူလေး၏ အားမရှိသော လက်နှစ်ဖက်က ဟယ်ရူကော၏လက်ကောက်ဝတ်ကို လျော့ရဲရဲလေး ပွေ့ဖက်ထားလိုက်သည်။
ကြောင်တွေက ရေလိုပဲလို့ ပြောကြသလိုမျိုး၊ ကျားဖြူလေးကလည်း အခုအချိန်မှာ သူ့ကိုယ်သူ ဘောလုံးလေးတစ်လုံးလို လုံးထွေးလိုက်ပြီး၊ ဟယ်ရူကော၏လက်ကို ရေနွေးအိတ်လေးတစ်ခုလို သူ၏ရင်ခွင်ထဲမှာ ဖွက်ထားလိုက်သည်။
သူက တစ်ယောက်တည်း တအီအီ၊ တအွန်းအွန်းဖြင့် ညည်းညူနေရင်းမှ၊ သူ၏နို့နံ့မစင်သေးသည့်အသံလေးက ချိုမြိန်ပြီးနူးညံ့နေသည်… ကောင်လေးက နာကျင်မှုကိုခံစားနေရတာကြောင့် လူတအားကပ်ပြီး ချွဲနွဲ့နေသလိုပင်။
နံပါတ် ၂၀
[အောင်းဝ်… နေလို့မကောင်းဘူး]
ကျားဖြူလေး၏အပြာရောင်မျက်ဝန်းများထဲတွင် မျက်ရည်လေးများရစ်ဝဲလာပြီးနောက် သူ၏မျက်နှာကို ဟယ်ရူကော၏လက်နားသို့ ကပ်လိုက်သည်။
နှင်းပွင့်လေးလို ဖြူဖွေးနူးညံ့သည့် အမွှေးလေးများ၏အဖျားပိုင်းက တုန်ခါရင်း ဟယ်ရူကော၏ လက်ဖမိုးနားသို့ ချဉ်းကပ်လာသည်မှာ၊ ပွတ်သပ်တော့မည့်ပုံစံပင်။
ထိုအခိုက်တွင် ကျားဖြူလေးက ပွတ်သပ်ရန်အနားကပ်လာရာမှ ရုတ်တရက်ရပ်တန့်သွားပြီး၊ သူ၏နူးညံ့ပြီးလိမ္မာသည့်အမူအရာနေရာတွင် ကြမ်းတမ်းသည့်အငွေ့အသက်အချို့က အစားထိုးဝင်ရောက်လာသည်။
ကျားဖြူလေး၏အပြာရောင်မျက်လုံးများက ရုတ်တရက်အေးစက်သွားပြီးနောက်၊ အေးခဲသွားစေမည့် အရောင်တစ်ခုက လက်ခနဲပေါ်လာသည်။
သူက ပါးစပ်ကိုဟလိုက်ပြီးနောက် သူ၏ချွန်ထက်သည့်သွားလေးနှစ်ချောင်းက လက်ခနဲဖြစ်သွားကာ၊ သူက ဟယ်ရူကော၏ ဂိမ်းထဲမှ လက်ဖမိုးကို 'အောင်းဝ်' ကနဲ မြည်အောင် ကိုက်ချလိုက်သည်။
အသားထဲ သူ့သွားတွေ စိုက်ဝင်သွားသည့်အခါမှာလည်း လုံးဝလွှတ်မပေးဘဲ၊ သူက ဒေါသဖြေနေသလိုမျိုး လေကိုအားရပါးရ ရှူထုတ်လိုက်သည်။
လက်ဖမိုးပေါ်က ဒဏ်ရာမှ ချက်ချင်းသွေးများထွက်လာတာမို့၊
သူ့လက်ကို ကျားဖြူလေးက အညှာတာမရှိ ပြင်းထန်စွာကိုက်လိုက်သည်မှာ ထင်ရှားနေသည်။
နံပါတ် ၂၀
[နံပါတ် ၂၀ က ရုတ်တရက်ဒေါသထွက်ပြီး၊ သင့်ကိုကိုက်လိုက်ပါတယ်]
[သင့်ရဲ့လက်ဖမိုးမှာ ဒဏ်ရာတစ်ခုပေါ်လာပါပြီ]
[ပလာစတာ တစ်ခုကို သုံးချင်ပါသလား]
ဟယ်ရူကော : "…"
သူက သူ၏လွယ်အိတ်ထဲက နောက်ဆုံးပလာစတာတစ်ချပ်က အသုံးဝင်တော့မည်မဟုတ်ဟု ထင်ထားတာပင်။
တရားခံကတော့ အနိုင်ကျင့်ခံလိုက်ရတာက သူဖြစ်သလိုပုံစံဖြင့် အသိုက်လေးထဲပြန်လှဲလျောင်းသွားပြီး၊ စိတ်ဆိုးမာန်ဆိုးဖြင့် တစ်ဖက်သို့လှည့်ကာ ဟယ်ရူကောဘက်ကို ဖင်ပေးထားလိုက်သည်။
ဟယ်ရူကောက ဘာလုပ်နိုင်မှာလဲ။
ဂိမ်းထဲမှာ အကိုက်ခံရတာမို့ နာကျင်တာလည်းမရှိသလို တင်ပါးရိုက်ပြီး ဆုံးမရမည့် option လည်းမရှိပေ။
သူက စိတ်အေးအေးထားပြီး ပလာစတာကိုကပ်အပြီးတွင်၊ ကိုယ်ချင်းစာစိတ်ဖြင့် ဂိမ်းဇာတ်ကောင်ကလေး၏အတွေးများကို နားလည်ရန် ကြိုးစားကြည့်လိုက်သည်။
ဖျားနာနေတယ်၊ အဖော်မရှိဘူး၊ အခန်းကျဉ်းလေးထဲမှာ ပိတ်မိနေတယ်…
ဟယ်ရူကော၏စိတ်က နူးညံ့သွားပြီး၊ သူက သူ၏ပေါင်ကို ငုံ့ကြည့်လိုက်သည်။
အဝတ်အစားများက ဖုံးကွယ်ထားသော်လည်း၊ အနီရောင်အစင်းကြောင်းများရှိနေကြောင်းကို ခံစားမိနေဆဲပင်။
ဘာကိုမှ ကြိုမသိနိုင်သည့်အဖြစ်ကြီးက အမြဲတမ်းလိုလိုကြောက်စရာကောင်းလှသည်။
သို့သော် ဒီလိုကြောက်ရွံ့မှုကို ဖွင့်ဟတိုင်ပင်စရာလူ မရှိပေ။
ဒါကြောင့် ကျားဖြူလေးက သူနဲ့တူတူပင် တကယ်တော့ ကျားဖြူလေးကလည်း နွေးထွေးတဲ့ပွေ့ဖက်မှုတစ်ခုကို လိုချင်နေတာပဲဖြစ်ရမည်။
ဟယ်ရူကောက စဉ်းစားနေတုန်း၊ ကျားဖြူလေးက ရုတ်တရက် ခေါင်းလှည့်လာပြီး၊ ဟယ်ရူကော၏လက်နားသို့ ဖြည်းညင်းစွာ တိုးလာသည်ကို သူ သတိပြုမိလိုက်သည်။
ကျားဖြူလေး၏အပြာရောင်မျက်လုံးများက သူ့မျက်စိရှေ့ကလူကို သတိကြီးစွာဖြင့် စောင့်ကြည့်နေသည်။
သူ၏လှုပ်ရှားမှုတိုင်းကလည်း အလွန်ဖြည်းညင်းနေပြီး၊ သူက ဟယ်ရူကောနားသို့ ဖြည်းဖြည်းချင်းချဉ်းကပ်လာပြီးနောက်၊ သူ၏လက်သည်းလေးများကို ဂိမ်းထဲမှ ဟယ်ရူကော၏လက်ကောက်ဝတ်ပေါ်သို့ ဖြည်းညင်းစွာတင်လိုက်သည်။
လှုပ်ရှားမှုတိုင်းက ဟယ်ရူကောကို ထွက်သွားရန် အချိန်ပေးနေသကဲ့သို့ပင်။
နံပါတ် ၂၀
[နံပါတ် ၂၀ က သင့်နားကို ဖြည်းညင်းစွာချဉ်းကပ်လာပါတယ်]
[သင်ကထွက်သွားလိမ့်မယ်လို့ သူကထင်နေတာပါ]
[နံပါတ် ၂၀ က အပြစ်ရှိသလိုခံစားနေရပါတယ်]
ထို့နောက်တွင် ကျားဖြူလေး၏ အပြာရောင်မျက်လုံးများမှာ
ရေငွေ့များရစ်ဝဲလာပြီး၊ ကျားဖြူလေးကလည်း မသိလျှင် သူကသာ အနိုင်ကျင့်ခံလိုက်ရသည့် ပုံစံဖြစ်နေသည်။
ဟယ်ရူကောလည်း တုန့်ဆိုင်းနေရာမှ ကိုယ်ကိုညွှတ်လိုက်ပြီးနောက် သူ၏လက်နှစ်ဖက်လုံးဖြင့် ထိုလက်ကလေးကို ပွေ့ဖက်ထားလိုက်သည်။
ခန္ဓာကိုယ်အားနည်းနေတာကြောင့်၊ သူတို့၏အပြုအမူမှာ နူးညံ့စွာ ပွေဖက်လိုက်တာနဲ့တူနေသည်။
ကျားဖြူလေးက ခေါင်းငုံ့လိုက်ပြီးနောက်၊ ပန်းရောင်လျှာလေးကထွက်လာကာ၊ ဟယ်ရူကော၏လက်ဖမိုးပေါ်မှ သွေးစများကို ညင်သာစွာလျက်လိုက်သည်။
နံပါတ် ၂၀
[သူက သင့်ရဲ့သွေးကို လျက်လိုက်ပါတယ်]
[နံပါတ် ၂၀ က သင့်ရဲ့အနံ့ကို မှတ်မိသွားပါတယ်]
[ဝေါင်း… ကိုယ်ကတိပေးတယ်..နောက်ဆိုရင် ဘယ်သူမှ မင်းကို အနိုင်မကျင့်စေရဘူး..ကိုယ် ကိုယ်တိုင် အပါအဝင်]