အခန်း ၇ - စံပျစ်နွယ်ပင်တွေအောက်ဝယ်
ဒေတာတိုင်းတာခြင်းပြီးသွားပြီးနောက် ဟယ်ရူကောက ကျားဖြူလေးနှင့်ဟွမ်ယုံး၏စောင့်ကြည့်နေသောမျက်လုံးများအောက်မှာ မစင်နောက်ဆုံးတစ်ပုံကျုံးလိုက်သည်။
နေ့စဥ်လုပ်ရမည့်တာဝန်များ:
[ကြောင်သဲပုံးကို သန့်ရှင်းရေးလုပ်ခြင်း(ပြီးဆုံး)]
သူက ကျားဖြူလေး၏အားမရှိသောအကြည့်ကို မြင်လိုက်ရချိန် ဟယ်ရူကောမှာ မနေနိုင်ဘဲ စိတ်သောကရောက်သွားမိသည်။ သူက အခန်းနံပါတ်၂၀ထဲက တွန့်ဆုတ်စွာထွက်လာပြီး ဟွမ်ယုံးနှင့်အတူ အခန်းB6ထဲကထွက်လာခဲ့သည်။
ဟွမ်ယုံး:
[ငါတို့တွေမတော်တဆမှုတင်ပြချက်ကိုရေးဖို့ ရှဲ့(ကင်းမြီးကောက်)ဆီသွားရမယ်..]
ရှင်းဟိုင်မိဘမဲ့ဂေဟာက အဖြူရောင်နံရံနှင့် အပြာရောင်ကြမ်းပြင်အုတ်ပြားများနှင့် အလွန်ကြီးမားသည်။ အခန်းတစ်ခန်းဆီမှာ မာကြောသောသံမဏိတံခါးတစ်ချပ်ရှိသည်။ ရှည်လျားကာ ကျဥ်းမြောင်းသော ကော်ရစ်ဒါတလျှောက်လျှောက်လာရင်း ပိတ်ထားသည့်သံမဏိတံခါးများက အကျဥ်းတိုက်များပမာ လူထုကိုပြခွင့်မရှိသည့်ထိုအကောင်လေးများကို အကျဥ်းချထား၏။
ဒီအေးစက်သောအရောင်ပေါင်းစပ်မှုက မျက်နှာပြင်ကိုဖြတ်၍ မည်းမှောင်သောခံစားချက်တစ်စုပေးစွမ်းလို့နေသည်။
စောင့်ကြည့်ခန်းက လေးထပ်မြောက်က အတွင်းကျဆုံးအခန်းဖြစ်သည်။ ဧရာမအလင်းမျက်နှာပြင်က လေထဲမှာ တွဲလောင်းချိတ်ထားပြီး အခန်းအားလုံး၏စောင့်ကြည့်ကင်မရာများကို သေချာမြင်ရသည်။
ရှဲ့က ငွေရောင်ချီဖောင်ဝတ်ထားပြီး ခရမ်းရောင်eyeshadowနှင့် ခရမ်းရောင်နှုတ်ခမ်းနီဆိုးထားသည့် အမျိုးသမီးတစ်ဦးဖြစ်၏။သူမ၏မျက်လုံးများက မနိုးလာသေးသည့်အလား အသာမှိတ်ထားသည်။ သူမက စားပွဲပေါ်မှာ တင်ပျဥ်ခွေထိုင်နေပြီး သူမ၏စကပ်တိုတိုက ဒီအပြုအမူကြောင့် သူမ၏လျို့ဝှက်အစိတ်အပိုင်းများကို ဖော်ပြလုမတတ်ပင်။
ဟယ်ရူကောက အကြည့်လွှဲဖို့ ပြင်လိုက်စဥ် သူမ၏စကပ်အောက်ခြေမှာ ဆင်ဆာဖျက်ထားတာကို မြင်လိုက်ရသည်။
[ ဘယ်သူ အမှားလုပ်တာလဲ ]
ဟွမ်ယုံး:
[....ကျွန်တော်လုပ်တာ...ဒါပေမဲ့ အကြောင်းရင်းရှိတယ်..]
ဟွမ်ယုံးစကားမဆုံးသေးခင် ရှဲ့၏မသိမသာ ငိုက်ကျနေသော မျက်တောင်များက ရုတ်တရက်ပင့်တက်လာပြီး ဟွမ်ယုံးကို အေးစက်စက်စိုက်ကြည့်လာသည်။
[ဒီစမ်းသပ်ခံက ဒီနေ့ကြယ်ratingရထားတာ..ဒီကောင်လေးက သာမန်စမ်းသပ်ခံငယ်လေးမဟုတ်ပေ..မင်းထပ်လုပ်မိရင် ငါမင်းရဲ့လျှာကိုဖြတ်ပစ်မယ်]
ဟွမ်ယုံး၏မျက်နှာက ရုတ်ခြည်းဖြူစုတ်သွားသည်။ သူက မတော်တဆမှုတင်ပြချက်ကို တုန်တုန်ရီရီဖြည့်လိုက်သည်။ သူစောင့်ကြည့်ခန်းထဲကထွက်လာချိန်မှာ ဟွမ်ယုံးက ဟယ်ရူကောကို အေးစက်စက်မဆက်ဆံတော့ပေ။ ရွေးချယ်မှုတစ်ခု သူ့ရှေ့မှာ ပေါ်လာသည်:
သင့်ရဲ့ကြားဝင်စွက်ဖက်မှုကြောင့် ဟွမ်ယုံးက အမှားကြီးမလုပ်ခဲ့ဘူး။ သူကသင့်ကို သီးသန့်စမ်းသပ်ခန်းဆီသွားဖို့ဖိတ်တယ်။ သင့်ရဲ့ရွေးချယ်မှုက:
(a) သွားမယ်။
(b) မသွားဘူး။
ဟယ်ရူကောက မျက်နှာပြင်ကို စိုက်ကြည့်ကာ အတွေးထဲနစ်သွားသည်။ ခုနက ဂိမ်း၏ဇာတ်အိမ်ကနေ အကဲဖြတ်ကြည့်ရင် ‘ICE project’ က ဒီနေ့မှ အထက်အရာရှိတွေဆီက အာရုံစိုက်မှုရရှိလာခြင်းဖြစ်မည်။ ဒီမတိုင်ခင်က ‘ ICE Project ’သည်မထင်မရှားစမ်းသပ်ချက်ဖြစ်ရမည်ဟု ဟွမ်ယုံး ထင်ခဲ့မိသဖြင့် သူက စမ်းသပ်ခံများကို တိုက်ခိုက်ရဲခဲ့တာဖြစ်သည်။
ရှင်းဟိုင်မိဘမဲ့ဂေဟာထဲရှိ စမ်းသပ်ခံများမှာ လူ့အခွင့်အရေးမရှိရုံတင်မက ဝန်ထမ်း၏သေခြင်းနှင့်ရှင်ခြင်းအခွင့်အရေးမှာလည်း ကောင်းမွန်စွာကာကွယ်ပေးထားခြင်းမရှိပေ။ လျှာဖြတ်ခြင်းကဲ့သို့သော အပြစ်ဒဏ်များတောင် ခွင့်ပြုထားသည်။ အချစ်ပျိုးထောင်ခြင်းဂိမ်းအနေနဲ့ အဲ့လောက်အကြမ်းဖက်ပြီး သွေးသံတရဲရဲဖြစ်ဖို့ တကယ်လိုအပ်လို့လား။
သူက ခုနက ဟွမ်ယုံးကို တားခဲ့တာက ဟွမ်ယုံးကို လွတ်မြောက်အောင် မရည်ရွယ်ဘဲ ကူညီမိလိုက်သလိုဖြစ်သွားသည်။ အခုဟွမ်ယုံးက သူ့ကို သီးသန့်အခန်းဆီဖိတ်လာတာ၊ သူက သူ့ကြင်နာမှုကို မုန်းတီးမှုနဲ့ပြန်ဆပ်ဖို့ ဘာမှမလုပ်လောက်ဘူး...မလား။
ဖန်သားပြင်ပေါ်က ဟွမ်ယုံးမှာ သွေးချင်းနီရဲနေသောညာမျက်လုံးနှင့် ကြမ်းတမ်းသောအဝါရောင်အမွှေးရှိပြီး လူကောင်းနှင့်မတူပေ။
ဟယ်ရူကော၏အတွေးများက ရုတ်ခြည်းယိမ်းယိုင်သွားပြီး သူကအရင်saveထားဖို့ save fileကိုနှိပ်လိုက်သည်။ ဒီဂိမ်းက အလွန်အေးအေးလူလူဖြစ်ပြီး တကယ့်လောက၏အချိန်က ဂိမ်းထဲကအချိန်နှင့်တစ်ထပ်ထဲတူညီသည်။ မင်းက လက်တွေ့ဘဝမှာ အအိပ်လွန်သွားပြီး မနက်စောစောမထနိုင်ခဲ့ရင် ဂိမ်းထဲကမနက်စာကို လွတ်သွားလိမ့်မည်။
Save fileကို abရွေးချယ်မှုပေါ်လာချိန်မှသာ အသုံးပြုနိုင်သည်။ save pointမှာ saveကွက်လေးကွက်ရှိပေရာ ပိုရေးလို့မရဘဲ saveကွက်တစ်ကွက်ချင်းစီကို တစ်ကြိမ်သာအသုံးပြုနိုင်သည်။
ဒါက abရွေးချယ်မှုနှင့်ရင်ဆိုင်ရချိန်မှာ ဟယ်ရူကောမှာ ဂိမ်းကိုsaveဖို့ အခွင့်အရေးသုံးခါသာရှိသည်ဟု ဆိုလိုခြင်းဖြစ်သည်။
ဟယ်ရူကောတိတ်ကျသွားသည်။ နောက်ကျသူဂိမ်းကထွက်လာချိန်ကျရင် အွန်လိုင်းပေါ်မှာ ဂိမ်းနှင့်ပတ်သတ်သောအချက်အလက်ပိုရှာပြီး ဘယ်ဉာဏ်ကောင်းတဲ့အရူးကောင်က ဒီဂိမ်းအစုတ်အပြတ်ကိုထွင်ခဲ့လဲကြည့်လိုက်မည်။
သွားရင်ကောင်းမလား၊ မသွားရင်ကောင်းမလား။
ဒါက ပြဿနာဖြစ်သည်။
အခုဂိမ်းကအခုမှစခါစဖြစ်ပြီး သူက ဂိမ်း၏အန္တရာယ်များကို နားမလည်ပေရာ သူ့အလိုလိုသိစိတ်ပေါ် အခြေခံပြီး ရွေးချယ်မှုများမပြုလုပ်နိုင်ပေ။ သူက save pointအနည်းငယ်ဖြုန်းမိမှာကြောက်ရင်တောင် တန်သည်ပင်။
ဟယ်ရူကောက နောက်ဆုံးမှာ fileကို saveထားဖို့ ဆုံးဖြတ်လိုက်ပြီး aကိုရွေးလိုက်သည်။
ဟွမ်ယုံးက ထောင့်ချိုးများစွာချိုးလိုက်ပြီး နောက်ဆုံးမှာ ဟယ်ရူကောကို ဇဝေဇဝါဖြစ်အောင်လုပ်ပြီးနောက် သီးသန့်ခန်းဆီရောက်လာသည်။
သီးသန့်ခန်း၏စတိုင်ကတော့ အလွန်ကွာခြားသည်။ အသိသာဆုံးပြောင်းလဲမှုက အရောင်အပြောင်းအလဲဖြစ်သည်။ အဝါနုရောင်နှင့်နီညိုရောင်များစွာသုံးထားပြီး သစ်သားပြားက တစ်ချက်ကြည့်ရုံနှင့် အလွန်နူးညံ့ပုံပေါ်သည့် နီညိုရောင်ကော်ဇောခင်းထား၏။
သစ်သားဆေးဗီရိုက နံရံအရွယ်အစားနီးပါးရှိပြီး ကြိမ်ကုလားထိုင်က သစ်သားစားပွဲရှည်ကြီးရှေ့မှာရှိနေလေသည်။ ထူးဆန်းစွာဖြင့် သီးသန့်အတွင်းမှာ ဘယ်သူမှရှိမနေပေ။
ဟွမ်ယုံးက ကြိမ်ကုလားထိုင်ဆီ တည့်တည့်လျှောက်သွားပြီး ၎င်းကိုအုပ်ထားသည့် စောင်ကို မတင်လိုက်သည်။ ကြိမ်ကုလားထိုင်၏ခေါင်းအုံးလေးပေါ်မှာ အသက်ရှူမှန်မှန်အိပ်မောကျနေသည့် ဝဖိုင့်ဖိုင့်မီးခိုရောင်ကြွက်တစ်ကောင်ကို သူမြင်လိုက်ရသည်။
သူ့မှာ နှင်းဖြူရောင်မျက်ခုံးမွှေးနှင့်မုတ်ဆိတ်ရှည်ရှိပြီး လုံးဝိုင်းဝိုင်းဝမ်းဗိုက်က ငါးပူတင်းပမာ အသက်ရှူလိုက်တိုင်း နိမ့်ချည်မြင့်ချည်လှုပ်ရှားလို့နေသည်။ ဖျံနီညိုက မယဥ်ကျေးဘဲ မီးခိုးရောင်ကြွက်၏ဝမ်းဗိုက်ကို လက်ညိုးနှင့်တို့လိုက်တော့ ကြွက်၏လန့်ဖြန့်သောနှာသံထွက်လာသည်။
ရွှင်ယောက်ရှူ(ဆေးဝါးရှာဖွေရေးကြွက်):
[ကျွိ! ဟွမ်ယုံး! မင်းငါ့ကို လန့်သေအောင်လုပ်ဖို့ ကြိုးစားနေတာလား...ငါတို့က ဆေးကြွက်တွေက ဆေးရှာနေတဲ့အရှိန် အလန့်တတ်ဆုံးဆိုတာ မင်းသိရဲ့လား..ငါ့ရဲ့အဖိုးရဲ့အဖိုးရဲ့အဖိုးရဲ့အဖိုးဆို လန့်သေသွားတာကွ...အိုး...မင်းမျက်လုံးက ဘယ်လိုလုပ်ပြီး အဲ့လိုဖြစ်သွားတာလဲ..]
ဝဖိုင့်ဖိုင့်မီးခိုးရောင်ကြွက်က သူ့လည်ပင်းပေါ်က အလင်းကွန်ပျူတာသေးသေးလေးကိုဖိလိုက်တော့ အလင်းမျက်နှာပြင်က နေရာလွတ်ထဲ မီးထိုးပြလာသည်။ သူကလေထဲမှာ အကြိမ်အနည်းငယ်နှိပ်လိုက်ပြီး စက်ရုပ်လက်မောင်းက ဆေးဗီရိုထဲက မတူညီသောဆေးပင်များကို ပျော့ပြောင်းစွာထုတ်လိုက်ပြီး အဝါရောင်စက္ကူနှင့်ထုပ်ပိုးကာ ဟွမ်ယုံးဆီကမ်းပေးလိုက်သည်။
ဟွမ်ယုံးက ဆေးကိုယူလိုက်ပြီး ရွှင်ယောက်ရှူဆီ စကားလုံးအနည်းငယ်ပြောလိုက်၏။ သူက ရွှင်ယောက်ရှူကြွက်နှင့် အပေးအယူတစ်မျိုးပြီးမြောက်သွားပြီး တစ်ဖက်လူဆီက ဖြန်းဆေးဗူးသေးသေးလေးရလိုက်သည်။
ထိုဖြန်ဆေးအာ ဟယ်ရူကောရင်းနှီးနေ၏။ ယင်းက ဟွမ်ယုံး၏မျက်လုံးသွေးထွက်နေတုန်းက သူဒီဖြန်းဆေးနှင့်ဖြန်းပြီး သွေးတိတ်အောင်လုပ်ပေးခဲ့ကြောင်း သူသတိရသွားသည်။
ဟွမ်ယုံး:
[ဒါက မင်းအတွက်...အခုငါတို့ ကျေပြီနော်..]
[အမည်]: ဘက်စုံသုံးဖြန်းဆေး။
[အရင်းအမြစ်]: ရွှင်ယောက်ရှူမှ ထုတ်လုပ်သည်
[အခြေအနေ]: ဘရန်းအသစ်
[အကျိုးရလဒ်]: စိတ်ဒဏ်ရာကိုကုသပေးရာတွင် အလွန်ထိရောက်မှုရှိသည့် အလွန်အသုံးဝင်သော ဖြန်းဆေးဖြစ်၏။
ဟယ်ရူကောက ဖြန်းဆေးကို ပျော်ရွှင်စွာလက်ခံလိုက်သည်။ သူအရင်က အချစ်ဈေးဆိုင်ထဲမှာ ၎င်းကို မြင်ခဲ့သည်။ မသိမသာလေးပိုကောင်းသောဆေးများက Heart 50 လောက်ကုန်ကျလိမ့်မည်။
Heartများကိုတွေးမိသွားတော့ ဟယ်ရူကောက အချစ်ဈေးဆိုင်ကိုဖွင့်ပြီး သူ့လက်ကျန်ကို ကြည့်လိုက်တော့ အသဲက ဘယ်တုန်းကမှန်းမသိ ၃၅ဖြစ်လာမှန်း မြင်လိုက်ပေရာ အံ့သြမှင်သက်သွားမိသည်။
ကျားဖြူလေးက သူအာရုံစိုက်မနေချိန်မှာ အမြဲအခွင့်ကောင်းယူပြီးတော့ သူ့အပေါ် တိတ်တိတ်လေးအမြင်ကောင်းရှိလာအောင်လုပ်တတ်သည်။
သီးသန့်ခန်းထဲကထွက်လာပြီးနောက် မျက်နှာပြင်က ရုတ်တရက်မည်းကျသွားသည်။ ဟယ်ရူကောက ဇာတ်ကောင်ကိုထိန်းချုပ်ပြီး အရှေ့ကိုလျှောက်သွားလိုက်ပြီး သူက သရဲဂိမ်းကစားနေသည့်အလား ခံစားလိုက်ရသည်။ ဒါက သူ့အား သီးသန့်ခန်း၏နွေးထွေးသောလေထုကို လွမ်းသွားစေသည်။ ပြီးတော့ ထိုဝဖိုင့်ဖိုင့်မီးခိုးရောင်ကြွက်၏ဝမ်းဗိုက်က.....အတော်လေးပုတ်လို့ ကောင်းမဲ့ပုံပဲ...
ဟယ်ရူကောက ကြောင်လေးတစ်ကောင်မွေးချင်သဖြင့် အခန်းB6ဆီပြန်သွားလိုက်သည်။ ဂိမ်းအချိန်ရောက်လာပြီး အကောင်ပေါက်လေးများကို အစာကျွေးဖို့ ညနေရောက်လာပြီပင်။ တိုက်တိုက်ဆိုင်ဆိုင် လက်တွေ့ကမ္ဘာမှာလည်း ညနေခင်းဖြစ်သည်။ သူ့ကိုယ်သူအတွက် ပါဆယ်မှာလိုက်ပြီးနောက် ဟယ်ရူကောက ဂိမ်းဆက်ဆော့လိုက်သည်။
သူက ဗူးလေးကိုင်ပြီး အခန်းနံပါတ်၁ဆီ သွားလိုက်ပေမဲ့ နို့သောက်ဖို့ အလွန်တက်ကြွနေခဲ့သည့်ခွေးပေါက်လေးက ဒီတစ်ခေါက်မှာတော့ ချက်ချင်းမပေါ်လာပေ။
ဟယ်ရူကောက အကြာကြီးစောင့်လိုက်ပေမဲ့ ခွေးပေါက်လေးကမပေါ်လာပေ။
နံပါတ်၁က ပုံမှန်လိုမျိုး ချက်ချင်းမပေါ်လာတော့ သင်ဇဝေဇဝါဖြစ်သွားပြီ။ သင့်ရွေးချယ်မှုက:
(a) ထွက်သွားမယ်။
(b) သံမဏိတံခါးကိုဖွင့်ပြီး အခြေအနေကို စစ်ဆေးကြည့်မယ် (ဒါက သင့်ကို Heartတစ်ခုကုန်စေလိမ့်မယ်)
Heartက စောင့်ကြည့်ကင်မရာကို ဆယ်မိနစ်ကြာအောင် ပိတ်ဆို့နိုင်သည်။
ဟယ်ရူကောက Heartတစ်ခုသုံးပြီး သံမဏိတံခါးကို ဖွင့်လိုက်သည်။ ခွေးပေါက်လေးက ဝါဂွမ်းအသိုက်ထဲတွင် ရှိမနေတော့ဘဲ တိုင်းတာမှုပြီးမြောက်သွားချိန်တုန်းကအတိုင်း တစ်လက်မမှမရွေ့ဘဲ တူညီသောအနေအထားဖြင့် အေးစက်စက်ကြမ်းပြင်ပေါ်မှာ လှဲနေလေသည်။
ဒီလိုတက်ကြွတဲ့ခွေးပေါက်လေးက ဒီအခိုက်အတန့်မှာ အံ့သြဖို့ကောင်းလောက်အောင် တိတ်ဆိတ်နေလေသည်။
သူ့နှလုံးသားက နည်းနည်းချင်းစီနစ်မြုပ်သွားသည်။ ဟယ်ရူကောက အဖြေကို ရှင်းလင်းစွာခန့်မှန်းမိပေမဲ့ ခွေးပေါက်လေးပေါ် သူ့မောက်စ်နှင့် ခေါင်းမာစွာ နှိပ်ကြည့်လိုက်သည်။
နံပါတ်၁
[သေပြီ]
သူအိပ်ပျော်သွားခဲ့ပြီ။
အနက်ရောင်စပျစ်သီးနှင့်တူပြီး တောက်ပမှုနှင့်အမြဲတလက်လက်တောက်ပနေခဲ့သည့် ထိုမျက်ဝန်းတစ်စုံက တစ်သက်လုံးမှိတ်သွားခဲ့လေပြီ။
၎င်းက သူ့ရင်ဘတ်ပေါ် ကြီးမားသောကျောက်တုံးနှင့်ဖိချလာသကဲ့သို့ ခံစားလိုက်ရပြီး သူ့ကို အသက်ရှုရခက်သွားစေသည်။ ဟယ်ရူကောမှာ သူဘာလို့ဒီလောက်ဆိုးဆိုးဝါးဝါးခံစားလိုက်ရမှန်းမသိပေ။ ၎င်းက သိသိသာသာကို ဂိမ်းသက်သက်သာဖြစ်ပြီး အရာအားလုံးက အတုဖြစ်သည်။ ခွေးပေါက်လေးက သူ့အတွက် ဖမ်းဖို့ ပစ်မှတ်ပင်မဟုတ်ဘဲ ဒီတိုင်းမထင်မရှားNPCမျှသာဖြစ်သည်။
ဟယ်ရူကောက အခန်းနံပါတ်၁ကထွက်လာပြီး တစ်ခဏမျှကြာအောင် အစာကျွေးဖို့ အခန်းနံပါတ်၂ဆီ သွားဖို့ အနည်းငယ်ကြောက်နေမိသည်။
သူက အရင်က သူ့ကိုယ်သူ သားပေါက်လေးများထိန်းသိမ်းသူဟု ယူဆထားခဲ့ပေမဲ့ အခုတော့ သူက အလောင်းသန့်ရှင်းရေးသမားနှင့်တူနေသကဲ့သို့ ခံစားလိုက်ရသည်။
သူ့လက်ချောင်းထိပ်များက ဖန်သားဘောင်ကို အလိုလိုပွတ်သပ်လိုက်မိပြီး သူ့အတွေးများက ရုတ်တရက်အဝေးလွင့်ပျယ်သွားသည်။ ဟယ်ရူကောက ဒီဂိမ်းထဲမှာ သင်္ချိုင်းရှိလားသိချင်သွားသည်။ တကယ်လို့ရှိခဲ့ရင် သူခွေးပေါက်လေးကို သေချာမြုပ်ပေးချင်မိသည်။
ဒါမှမဟုတ် စပျစ်နွယ်အောက်မှာ မြုပ်ပေးရင်ကော၊ ဘာလို့လဲဆိုတော့ ဒီကောင်လေး၏မျက်လုံးများက အနက်ရောင်စပျစ်သီးနှင့်တူပြီး လင်းလက်စွာတောက်ပနေပြီးတော့ စပျစ်သီးလိုမျိုး ချိုမြိန်မှုတချို့နဲ့ သူ့ကိုကြည့်နေလို့လေ။
နံပါတ်၁၉ကို အစာကျွေးပြီးချိန်မှာ စမ်းသပ်ခံသုံးကောင်က သေပြီးသွားလေပြီ: နံပါတ်၁၊ နံပါတ်၈နှင့် နံပါတ်၁၃တို့ဖြစ်ကြသည်။ ဟယ်ရူကော၏နှလုံးသားက ရိုလာကိုစတာလိုမျိုး တက်လိုက်ကျလိုက်ဖြစ်လို့နေသည်။ အစာကျွေးရသည့်တာဝန်က ဒီလောက်ခက်ခဲလိမ့်မည်ဟု သူလုံးဝမခံစားခဲ့ရဖူးပေ။
နံပါတ်၁၉က ယုန်လေးက နို့သောက်ပြီးသွားပြီးနောက် ဟယ်ရူကောက ချက်ချင်းမပြန်သွားပေ။ အခန်းB6က ကျားဖြူလေးပြီးရင် သူ့ကို အထင်ကြီးစေခဲ့ဆုံးသားပေါက်လေးက ဒီယုန်လေးဖြစ်သည်။
ဒုတိယက...ခွေးပေါက်လေးဖြစ်သည်။
အခန်းထဲကထွက်လာပြီးနောက် သူဖော်ပြမရအောင်စိတ်ဖိစီးသွားသည်။ တန်ကြေးပြန်ပေးဆပ်ချင်သောစိတ်ကြောင့်လားမသိ၊ ဟယ်ရူကောက အသဲတစ်ခုသုံးပြီး သံမဏိတံခါးကိုဖွင့်လိုက်သည်။ အခန်းထဲကယုန်လေးက တံခါးဖွင့်သံကြားတော့ ကြောက်ရွံ့မှုနှင့်တုန်ရီသွားသည်။ သူ့မျက်လုံးနီနီများမှာ မျက်ရည်များနှင့်ပြည့်လုနီးပါးပင်။
ယုန်လေးအတွက် သံမဏိတံခါးပွင့်လာတာက လူဆိုးများအထဲဝင်လာပြီဟု ဆိုလိုသည်။ လူဆိုးတစ်ယောက်က သူ့သကြားလုံးများကိုယူသွားပြီး သူ့ကို ခါးတာတစ်ခုခုစားဖို့ တွန်းအားပေးလိမ့်မည်။ နောက်လူဆိုးတစ်ယောက်က စက်တစ်ခုကိုင်ထားပြီး သူ့ကို ဆိုးဝါးစွာခေါင်းကိုက်အောင်လုပ်လိမ့်မည်။
ယုန်လေးက ကြောက်လန့်ပြီး မမေ့လဲသွားခင် ဟယ်ရူကောက သူ့ကျောပိုးအိတ်ထဲက သကြားလုံးပေါ်နှိပ်လိုက်တော့ သကြားလုံးက သူ့လက်ဖဝါးထဲမှာပေါ်လာသည်။
[သကြားလုံးအရေအတွက်ကုန်ဆုံး*1]
ဟယ်ရူကောက ကွန်ပျုတာရှေ့မှာထိုင်နေစဥ် ရုတ်တရက်ကလေးချောတဲ့ကဗျာကို သတိရသွားသည်။ သူက သူ့ထိုင်ခုံပေါ်မှာ ကျောမှီပြီး နူးညံ့စွာဆိုလိုက်သည်။
"ယုန်လေးရေ..တံခါးဖွင့်ပါကွယ်...တံခါးမြန်မြန်ဖွင့်ပေးကွယ်...ငါဝင်လာချင်ပါတယ်~"
ယုန်လေး၏နားရွက်များက ဆတ်ခနဲတွန့်သွားပြီး ဟယ်ရူကောကို သတိရှိရှိကြည့်လာပြီး သူ့မျက်လုံးနီနီများက ပတ္တမြားကဲ့သို့ လှပလို့နေသည်။ တစ်အောင့်ကြာတော့ ယုန်လေးက ဟယ်ရူကောရှေ့ကို ရွေ့လာပြီး သကြားလုံးကို အမြန်ကောက်လိုက်သည်။ သူ့သွားများက သကြားလုံးအခွံကို ဖောက်လိုက်ပြီး သူက ဟယ်ရူကောရှေ့မှာ သကြားလုံးကို ပျော်ရွှင်စွာစားနေလေသည်။
ကြောက်ရွံ့မှုနှင့်သတိရှိမှုကိုတော့ လုံးဝမေ့သွားလေပြီ။
တုံးလိုက်တဲ့ယုန်လေးပဲ။
ဟယ်ရူကောသက်ပြင်းချကာ ဆက်ဆိုလိုက်သည်။
"ဟင့်အင်းမဖွင့်ဘူး...ဖွင့်ပေးမှာမဟုတ်ဘူး...ငါ့မားပြန်မလာမချင်း ဖွင့်ပေးမှာမဟုတ်ဘူး...ဘယ်သူလာလာ လုံးဝဖွင့်ပေးမှာမဟုတ်ဘူး~"
မျက်နှာပြင်ရှေ့က ယုန်လေးက တုံးအစွာ သကြားလုံးစားနေဆဲပင်။ ဟယ်ရူကောက ယုန်လေး၏နှဖူးကိုတို့ပြီး သင်ပေးနေသည့်အလား မျက်နှာပြင်ကို သူ့လက်ချောင်းနှင့်တို့လိုက်သည်။
"မင်းဘာလို့အဲ့လောက်တုံးရတာလဲ....သကြားလုံးတစ်လုံးက မင်းကို ဝယ်နိုင်တယ်...သူစိမ်းတွေကိုမယုံနဲ့..သိရဲ့လား..."
ယုန်လေးက ဇဝေဇဝါဖြစ်စွာ မျက်လုံးပင့်ကာ ဟယ်ရူကောကို ဗလာကျင်းစွာ ကြည့်လာစဥ် သူ၏ပွင့်ဖတ်သုံးဖတ်ပါးစပ်ကတော့ သကြားလုံးကို အဆက်မပြတ်စုပ်စားရင်း ဆက်တိုက်လှုပ်ရှားနေလေသည်။
တစ်ခဏမျှကြာအောင် သူက ဂိမ်းဇာတ်ကောင်များကိုသင်ပေးဖို့ထက် ဘာမှလုပ်စရာမရှိလောက်အောင် အလွန်အမင်းတုံးအသည်ဟု ဟယ်ရူကောခံစားလိုက်ရသည်။
--မင်းဘာလို့ အဲ့လောက်တုံးအတဲ့ကိစ္စကို လုပ်ရတာလဲ။
--ဘာလို့လဲဆိုတော့....သူဒီယုန်လေးအတွက်ရင်နာရလို့လေ။