no

Font
Theme

အခန်း ၁၃ - လျှို့ဝှက်လေ့လာစောင့်ကြည့်ခြင်း

ဟယ်ရူကောက ကျားဖြူလေး၏ ကလေးဆန်ဆန် ကတိစကားလေးကြောင့် မရယ်ဘဲမနေနိုင်ဖြစ်သွားရသည်။

ဒါက သားသမီးတွေက 'ကြီးလာရင် ပိုက်ဆံရှာပြီး ကျေးဇူးဆပ်ပါ့မယ်' ဆိုပြီး လာချွဲတာကို ကြားရတဲ့ အဖေတစ်ယောက်ရဲ့ ခံစားချက်လိုလိုပင်။

‘မင်းရဲ့ဗိုက်လေးကို စိတ်ကြိုက် ပေးပွတ်တာက အကောင်းဆုံး ကျေးဇူးဆပ်တာပဲကွ’

သူက ကျားဖြူလေး၏ အခြေအနေကို နှိပ်ပြီးကြည့်လိုက်သည်။

နံပါတ် ၂၀ ( အားနည်းနေသည် )

{ ရင်းနှီးမှုအဆင့် } : နံပါတ် ၂၀ က သင့်ကို လက်ခံနိုင်ဖို့ ကြိုးစားနေပါတယ်။

နှစ်သက်မှုအမှတ် : ၅၀

{ စွမ်းရည်မနိုးထသေးပါ } : သင်ကလွဲပြီး နံပါတ် ၂၀ မကောင်းဆိုးဝါးလေးတစ်ကောင်ဖြစ်ကြောင်း ဘယ်သူမှ မသိသေးပါ။

ဆေးတိုက်ပြီးတာတောင် သိပ်မထူးခြားဘူးလား။

ဘာလို့ အားနည်းနေဆဲ အခြေအနေမှာ ရှိနေသေးတာလဲ။

ဟယ်ရူကော၏ စိတ်များက လေးလံသွားရသည်။

သူက မောက်စ်ဖြင့် {စကားပြောရန်} ကို နှိပ်လိုက်သည်။

နံပါတ် ၂၀

{ ဂွီ… ဆေးက အာနိသင်မရှိဘူး}

{… ဝေါင်း… မင်း ကိုယ့်ကို ပွေ့ထားပေးရင်တော့ သိပ်မနာတော့ဘူး }

{ ဝေါင်း… နွေးလိုက်တာ }

ကျားဖြူလေးက ယခုအချိန်တွင် သွားဖြဲပြပြီး ကြုံးဝါးတာမျိုးလည်းမရှိ၊ လက်သည်းထုတ်ပြလာတာမျိုးလည်းမရှိဘဲ ဟယ်ရူကောကို အေးအေးဆေးဆေး မော့ကြည့်လာရာ သူ့ပုံစံလေးမှာ လိမ္မာယဉ်ကျေးနေသည်ဟုပင် ဆိုနိုင်သည်။

နေမကောင်းဖြစ်နေတာကြောင့် သူ့ကိုယ်လေးက နာကျင်နေလို့ပဲလားမသိ သူက အားမရှိသလိုလေး ဟိန်းလိုက်ပြီးနောက် အရိုးမရှိသည့်အလား ဟယ်ရူကော၏ လက်ကိုဖက်ကာ မျက်လုံးလေး အသာအယာမှိတ်ပြီး ငြိမ်သက်စွာအနားယူလိုက်သည်။

သူတိုကြားက အခြေအနေမှာ သိပ်ကို တိတ်ဆိတ်လွန်းနေသည်။

တိတ်ဆိတ်လွန်းတာကြောင့် အသံတစ်သံမှပင် မကြားရပေ။

ဟယ်ရူကောက ခွေးပေါက်လေးကို သတိရသွားသည်။

ခွေးပေါက်လေးကလည်း သူထွက်သွားချိန်တွင် မြေပြင်ပေါ်မှာ အသံတိတ် လှဲလျောင်းနေရာမှ၊ သူအခန်းကို နောက်တစ်ခေါက်ပြန်လာဖွင့်ကြည့်ချိန်တွင် သူ၏အနက်ရောင်စပျစ်သီးလေးလို မျက်လုံးလေးများက ပြန်ပွင့်လာခြင်းမရှိတော့ပေ။

မင်းရော… တစ်ခုခုဖြစ်တော့မှာလား။

ဒီအတွေးက သူ့ခေါင်းထဲမှာ တစ်ခဏလေးဖြတ်ပြေးသွားသည်နှင့် ဟယ်ရူကောက လက်မခံနိုင်ဖြစ်သွားရသည်။

သူ့ ရွေးချယ်မှုက မှားသွားတာ ဖြစ်နိုင်သည်။

သာမန်ဆေးဝါးများက အာနိသင်မရှိတာပဲလား၊ ဆေးခန်းကိုသွားတာကမှ ရွေးချယ်မှုအမှန်လား။

ဟယ်ရူကောက မျက်မှန်ကိုင်းကို ပင့်တင်လိုက်ရင်း လေးနက်သောမျက်နှာထားဖြင့် မှတ်တမ်းဟောင်းကို ပြန်ဖွင့်ရန် ရွေးချယ်လိုက်သည်။

{ Save ဖိုင်ကို ပြန်ဖွင့်လိုပါသလား }

{ ဖွင့်မည် } { မဖွင့်ပါ }

{ Save ဖိုင်ကို အောင်မြင်စွာ ပြန်ဖွင့်ပြီးပါပြီ }

ဖန်သားပြင်ပေါ်မှ ပုံရိပ်များက အလင်းစက်များအဖြစ်သို့ ပြောင်းလဲကာ ပျောက်ကွယ်သွားသည်။

ပုံရိပ်အားလုံးမပျောက်ကွယ်မီ ဟယ်ရူကောက ကျားဖြူလေး၏ အံ့ဩတုန်လှုပ်နေသည့် မျက်နှာလေးကို မြင်လိုက်ရသလိုပင်။

သို့သော်လည်း ထိုပုံရိပ်လေးက တစ်ခဏအတွင်းမှာ ပျောက်ကွယ်သွားသဖြင့် ဟယ်ရူကော သေချာမမြင်လိုက်ခင်မှာပင် အရာအားလုံးက အရင်အခန်းကို ပြန်ရောက်သွားသည်။

နံပါတ် ၂၀ က နေလို့မကောင်းပါဘူး။

သူဖျားနေတာဖြစ်နိုင်ပါတယ်၊

သင်၏ရွေးချယ်မှုက —

a. စွန့်စားပြီး သူ့ကို ဆေးခန်းခေါ်သွားမယ်။

b. သာမန်ဆေးဝါးကိုသုံးစွဲပေးလိုက်မယ်။

ဟယ်ရူကောလည်း a ကို ပြတ်ပြတ်သားသားရွေးချယ်လိုက်သည်။

{လျှို့ဝှက် ဆေးခန်း Mission ကို ဖွင့်လှစ်လိုက်ပါပြီ။

စောင့်ကြည့်ကင်မရာများကို ကာကွယ်ရန်အတွက် နှလုံးသား ၄ ခုကို နုတ်ယူထားပါသည်။

ဒီအတွက် အချိန်ကို ၁၅ မိနစ် သတ်မှတ်ထားမည်ဖြစ်ပြီး၊

၁၅ မိနစ်အတွင်း b6 အခန်းသို့ မဖြစ်မနေ ပြန်လာရပါမည်။

စင်္ကြံပေါ်ရှိ ဝန်ထမ်းများကို သတိထားပြီးရှောင်ပါ}

{ ကစားနည်းလမ်းညွှန်: ဂိမ်းထဲမှဇာတ်ကောင်ကို ရွှေ့လျားရန် “↑” “↓” “←” “→” ခလုတ်များကို နှိပ်ပါ၊ လျှို့ဝှက်စောင့်ကြည့်ရန် spacebar ကို နှိပ်ပါ၊ }

{ ဤဂိမ်းတွင် မြေပုံမပါဝင်ပါ၊ ကစားသူအနေဖြင့် မှတ်ဉာဏ်ကိုအားကိုးပြီး ဆေးခန်းသို့ သွားရပါမည် }

{ကျန်ရှိသောအချိန် : ၀၀ နာရီ ၁၅ မိနစ် ၀၀ စက္ကန့်}

ဟယ်ရူကော: "…?!"

မဟုတ်သေးဘူးလေ၊ ရုတ်တရက်ကြီးလား။

သူဘာမှ အဆင်သင့်မဖြစ်သေးဘူး။

ဂိမ်းထဲမှ သူကမူ လက်နှစ်ဖက်ဖြင့်နွမ်းလျနေသည့် ကျားဖြူလေးကို ပွေ့ချီလိုက်သည်။

ကျားဖြူလေးက အခြေအနေကို နားမလည်နိုင်သလို ကြောင်တောင်တောင်လေးဖြစ်နေကာ၊ ကွန်ပျူတာရှေ့က ဟယ်ရူကောလည်း ကြောင်ငေးနေမိသည်။

အကြောင်းမှာ သူမြင်လိုက်ရသည်က—

ဂိမ်းထဲမှ လက်တစ်ဖက်က အင်္ကျီအောက်နားစကို လှန်တင်လိုက်ရာ၊ နူးညံ့ပြီးဖြူဖွေးနေသည့် ခါးတစ်ပိုင်းတစ်စ ပေါ်လာတာပင်။

အသားအရေက မျက်စိကျိန်းလောက်အောင် ဖြူဖွေးနေရာ၊ မှောင်မိုက်နေသည့် အခန်းငယ်လေးကို လင်းထိန်သွားစေသယောင်ပင်။

ကျားဖြူလေးကို ရင်ခွင်ထဲသို့ ထည့်လိုက်ပြီးနောက် ဂိမ်းထဲမှ သူက အင်္ကျီကိုပြန်ချလိုက်ရာ၊ သူ့ဗိုက်နေရာက ကိုယ်ဝန်ဆောင်လိုမျိုး ဖောင်းကားနေသည်။

{ကျန်ရှိသောအချိန် : ၀၀ နာရီ ၁၄ မိနစ် ၄၃ စက္ကန့်}

တစ်စက္ကန့်ချင်းကုန်ဆုံးနေသည့် အချိန်ကြောင့် ဟယ်ရူကောမှာ များများစားစားမတွေးနိုင်တော့ပေ။

သူက အရင်တစ်ခေါက် ဟွမ်ယုံးနှင့်အတူ ဆေးခန်းကိုသွားသည့်လမ်းကို အသည်းအသန်ပြန်စဉ်းစားလိုက်သည်။

b6 အခန်းကနေထွက်၊ ညာဘက်ကိုသွား၊ ဒုတိယလှေကားကနေတက်… ဆေးခန်းက ငါးလွှာမှာ။

သူ့ဦးနှောက်ထဲမှ လမ်းတွေက တဖြည်းဖြည်းရှင်းလင်းလာပြီးနောက်

ဟယ်ရူကောက ဇာတ်ကောင်ကို ရှေ့ဆက်သွားရန် ထိန်းချုပ်လိုက်သည်။

လှေကားထောင့်တစ်နေရာရောက်တိုင်း ဟယ်ရူကောက spacebar ကိုနှိပ်ပြီး "လျှို့ဝှက်စောင့်ကြည့်" တာမျိုးလည်းလုပ်ရသည်။

လျှို့ဝှက်စောင့်ကြည့်ခြင်း

{သင် အန္တရာယ်တစ်စုံတစ်ရာ မတွေ့ရပါ}

စင်္ကြံလမ်းက ဟာလာဟင်းလင်းဖြစ်နေပြီး၊ ဂိမ်းဇာတ်ကောင်၏ ခြေသံများသာ ခပ်ရေးရေးပဲ့တင်ထပ်နေသည်။

အရင်တစ်ခေါက်က ဟွမ်ယုံ လမ်းပြပြီး ခေါ်သွားသည့်နောက်မှ ဇာတ်ကောင်က အလိုအလျောက်လိုက်ရတာမို့၊ ဟယ်ရူကောလည်း မိဘမဲ့ဂေဟာထဲ လျှောက်သွားနေရတာကို သိပ်ပြီးစိတ်လှုပ်ရှားတာမရှိခဲ့ပေ။

သို့သော်လည်း ယခုအချိန်မှာတော့ တစ်ယောက်ယောက် တွေ့သွားမည်ကိုစိုးရိမ်နေရသောကြောင့်၊ ဟယ်ရူကောမှာ တစ်လမ်းလုံး ရင်တထိတ်ထိတ်ဖြင့် လျှောက်လာခဲ့ရသည်။

ဒီမိဘမဲ့ဂေဟာက ထူးဆန်းသည်။

နေ့ခင်းကြောင်တောင်မှာတောင် လူရိပ်လူယောင် မတွေ့ရပေ။

b6 အခန်းဆိုသည်မှာ ဒုတိယထပ်မှ ခြောက်ခန်းမြောက်အခန်းဖြစ်ပြီး၊

သူအမှတ်မမှားပါက ဆေးခန်းရှိသည့် အခန်းက e13 ဖြစ်သည်။

ဟယ်ရူကောက သတိကြီးကြီးထားပြီး လှေကားထောင့်တိုင်းမှာ "လျှို့ဝှက်စောင့်ကြည့်ခြင်း" ကို အသုံးပြုခဲ့သည်။

သူ လေးလွှာသို့ရောက်သောအခါ၊ လေးလွှာဘယ်ဘက်ခြမ်းမှ ပထမလှေကားထောင့်တွင် ပုန်းကွယ်ရင်းမှ "လျှို့ဝှက်စောင့်ကြည့်" လိုက်ပြန်သည်။

"လျှို့ဝှက်စောင့်ကြည့်ခြင်း"

ကိုအသုံးပြုသည့်အခါ၊ ဖန်သားပြင်က မှောင်မိုက်နေသည့် အဖြူအမည်းမြင်ကွင်းသို့ ပြောင်းသွားပြီးနောက်၊ ထောင့်လေးဘက်တွင်လည်း အနက်ရောင်အစက်အပြောက်များ ပေါ်လာသည်။

လျှို့ဝှက်စောင့်ကြည့်ခြင်း

{ ထူးဆန်းတဲ့အသံတစ်ခု ထွက်လာပါတယ် }

ကွန်ပျူတာရှေ့က ဟယ်ရူကောမှာလည်း နောက်ဆက်တွဲမြင်ကွင်းကြောင့် အသက်ရှူမှားသွားရသည်။

သူမြင်လိုက်ရသည်မှာ ကြီးမားသော အမည်းရောင်အရိပ်ကြီးတစ်ခုက

အမြင့်မှ အရှိန်ဖြင့် ပြုတ်ကျလာတာပင်။

ထိုအရိပ်ကြီးမှာ ဗီဇပြောင်းလဲနေသည့် လင်းနို့ကြီးတစ်ကောင်နှင့်တူပြီး အရွယ်အစားကလည်း ကြီးကာဖောင်းကားနေသည့် မကောင်းဆိုးဝါးကြီးတစ်တစ်ကောင်ဖြစ်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင်ပင် ထိုအကောင်ကြီးက အဖြူရောင် လှေကားထစ်များပေါ်သို့ ပြုတ်ကျလာပြီး၊ သူ့ထံမှ သွေးအမြောက်အများ ပန်းထွက်လာကာ နံရံနှင့် လှေကားထစ်များပေါ်သို့ စင်ကုန်တော့သည်။

မျက်စိကျိန်းလောက်အောင် နီရဲနေတဲ့အရောင်…

ဒါက သူ့ရှေ့မှ အဖြူအမည်းမြင်ကွင်းထဲတွင်တစ်ခုတည်းသော ထင်ရှားနေသည့်အရောင်ပင်။

ထို့နောင်တွင် အလောတကြီးပြေးလာသည့် ခြေသံများထွက်ပေါ်လာပြီး လက်နက်အပြည့်အစုံတပ်ဆင်ထားသည့် ဝန်ထမ်းသုံးဦး ရောက်ရှိလာသည်။

ရှေ့ဆုံးမှလူက လျှပ်စစ်လွှတစ်လက်ကို ကိုင်ထားပြီး၊ အသက်ငွေ့ငွေ့သာကျန်တော့သည့် မကောင်းဆိုးဝါးကို သူတို့က တိတ်တဆိတ် ဝိုင်းထားကြသည်…

"မြောင်~!"

မကောင်းဆိုးဝါးကြီးက ကြောင်တစ်ကောင်လို ကြောက်မက်ဖွယ်ရာ ငိုရှိုက်အသံဖြင့်အော်ဟစ်လိုက်သည်။

ထိုအခိုက်တွင် နားကွဲမတတ် စူးရှသည့် လျှပ်စစ်လွှဖြင့် ဖြတ်နေသည့် အသံများက ထွက်ပေါ်လာသည်။

သွေးသံရဲရဲမြင်ကွင်းများကိုမမြင်ချင်တာကြောင့်၊ ဟယ်ရူကောက "လျှို့ဝှက်စောင့်ကြည့်" နေသည့် မြင်ကွင်းမှ ပြန်ထွက်လိုက်သည်။

အဲ့ဒီကောင်ကြီးက ဘာကြီးလဲ။

ဟိုလူတွေကရော လျှပ်စစ်လွှကြီးနဲ့ ဘာလုပ်မလို့လဲ။

ဒါက အချစ်ဂိမ်းမဟုတ်ဘူးလား။

ဘာလို့ ရုတ်တရက် ဒီလိုကြောက်စရာကောင်းတဲ့ ပုံစံကြီးဖြစ်သွားရတာလဲ။

သူ၏ အင်္ကျီကော်လံက အမွှေးပွပွလေးများကြောင့် ဟ သွားပြီးနောက် ကျားဖြူလေးက သူ့ကော်လံကြားမှ ခေါင်းလေးထွက်လာသည်။

မျက်ရည်စများဝေ့သီနေသည့် အပြာရောင်မျက်လုံးလေးများက ပုတ်ခတ်ပုတ်ခတ်လုပ်နေပြီး သူက ဟယ်ရူကောကို နှစ်သိမ့်ရန်အတွက် သူ၏ချစ်စရာပုံစံလေးကို ပြချင်နေပုံပင်။

သို့သော်လည်း ဟယ်ရူကော၏ ဦးနှောက်ထဲတွင် သွေးစွန်းနေသည့် လျှပ်စစ်လွှကြီးသာ စိုးမိုးနေရာ သူက ကျားဖြူလေး၏ခေါင်းကို အောက်သို့ပြန်ဖိချပြီး သူ၏အင်္ကျီထဲ ပြန်ထည့်လိုက်သည်။

သူ ကျားဖြူလေးကို အမြန်ဝှက်ထားမှသာ လျှပ်စစ်လွှက ကျားဖြူလေးကို ဒုက္ခမပေးနိုင်မှာဖြစ်သည်။

ဂိမ်းထဲမှဇာတ်ကောင်ကလည်း သူ၏စိတ်ကိုဖတ်နိုင်သည့်အလား၊

လက်ကိုဆန့်ထုတ်ပြီး ခေါင်းလေးထွက်လာသည့် ကျားဖြူလေးကို ပြန်ထည့်လိုက်သည်။

{ ကျန်ရှိသည့်အချိန်: ၀၀ နာရီ ၀၉ မိနစ် ၄၉ စက္ကန့် }

ဟယ်ရူကောလည်း ရင်တုန်ပန်းတုန်ဖြင့် ဒုတိယလှေကားမှ အပေါ်ထပ်သို့တက်သွားသည်။

အလောတကြီးဖြစ်နေတာကြောင့် သူက လျှို့ဝှက်စောင့်ကြည့်ခြင်းကို မသုံးလိုက်မိပေ။

ဒုန်း… ဒုန်း… ဒုန်း…။

ထိုအခိုက်တွင် ခြေသံပြင်းပြင်းများထွက်ပေါ်လာပြီး၊ ထိုအသံက ငါးလွှာမှလာခြင်းဖြစ်သည်။

ဟယ်ရူကော၏ ဦးနှောက်က ဗလာကျင်းသွားသည်။

ငါးလွှာကနေ တစ်ယောက်ယောက်ဆင်းလာနေတယ်။

ဟယ်ရူကော: "???"

{ ဒီကောင်တွေကတော့ကွာ ဘယ်တော့မှ လက်ဆကိုမထိန်းဘူး၊ အမြဲတမ်း ငါပဲလိုက်ရှင်းနေရတယ် }

ဟယ်ရူကောက အမည်မသိ လူတစ်ဦး၏ ညည်းညူသံကို ကြားလိုက်ရသည်။

ထိုသူ၏အသံက အလွန်ကျယ်သလို၊ စကားတစ်ခွန်းဆုံးတိုင်းလည်း

ဝက်လိုမျိုးညည်းသံတစ်ခုက ကပ်ပါနေသည်။

ဟယ်ရူကောတို့က ယခု လေးလွှာ၏ လှေကားထောင့်မှာ ရပ်နေတာကြောင့် သူတို့ ထွက်လာသည်နှင့် ထိုသူနှင့် တည့်တည့်တိုးမှာပင်။

တစ်ထပ်တွင် လှေကားသုံးခုရှိရာ။

ဘယ်ဘက်အစွန်ဆုံးလှေကားက သွားလို့မဖြစ်တော့ အလယ်မှာရှိနေသည့် လှေကားမှလည်း လူတစ်ယောက်က ဆင်းလာနေသည်။

ဟယ်ရူကောက ရင်တွေတဒုန်းဒုန်းခုန်နေရင်းမှ သူ့ဇာတ်ကောင်ကို ညာဘက်အစွန်ဆုံးလှေကားသို့ ပြေးသွားရန် ထိန်းချုပ်လိုက်သည်။

ကံကောင်းလို့ ထိုလှေကားမှာ လူမရှိပေ။

ဟယ်ရူကော၏ လက်များကလည်း အနည်းငယ်ပျော့ခွေနေတော့သည်။

သူ့ ဂိမ်းဇာတ်ကောင်ကို အပေါ်ထပ်သို့တက်ခိုင်းပြီးနောက် ငါးလွှာလှေကားထောင့်သို့ရောက်သောအခါ၊ ဟယ်ရူကောက "လျှို့ဝှက်စောင့်ကြည့်ခြင်း" ကို ထပ်မံအသုံးပြုလိုက်သည်။

စင်္ကြံပေါ်တွင် လူမရှိကြောင်း သေချာသွားမှ ဟယ်ရူကောက e13 အခန်းတံခါးကို ဖွင့်လိုက်သည်။

ရင်းနှီးနေသည့် အရောင်ဖျော့ဖျော့များလင်းနေသည့် ဆေးခန်းကိုမြင်သောအခါမှပဲ ဟယ်ရူကောလည်း နောက်ဆုံးမှာ သက်ပြင်းချနိုင်တော့သည်။

ဆေးပညာရှင်ကြွက်အဘိုးကြီးက ဒီတစ်ခါတော့ နေ့လယ်စာစားပြီး အိပ်မနေပေ။

သူက သူ့ထက်ကြီးသည့် ဆေးကျမ်းစာအုပ်ကြီးပေါ်မှာထိုင်ရင်း၊ စာဖတ်မျက်မှန်မတပ်ဘဲ သူ့လက်ဖဝါးလောက်ရှိသည့် စာလုံးကြီးများကို ဖတ်ရှုနေသည်။

တံခါးဖွင့်သံကြားသောအခါ ဆေးဝါးရှာဖွေရေးကြွက်အိုကြီး ရွှင်ယောက်ရှူ ခေါင်းကို ဖြည်းညှင်းစွာ မော့ကြည့်လာသည်။

{ ကျွန်တော် ဆေးခန်းလာပြတာပါ }

ရွှင်ယောက်ရှူ(ဆေးဝါးရှာဖွေရေးကြွက်) :

{ ကျွိ… မင်းက အရင်တစ်ခေါက်က လူလေးဟွမ်ယုံးနဲ့ အတူလာတဲ့သူမဟုတ်လား }

{ ကျွိ… မင်းက နေမကောင်းလို့လား၊ ငါ့ဆေးဖိုးက စျေးတော့ မပေါဘူးနော်}

ဟယ်ရူကောက ဆေးဖိုးဆိုသည့် စကားလုံးသုံးလုံးကြောင့် ကြောင်သွားရသည်။

သူက ဂိမ်းကစားနေချိန်မှာတောင် သူ့နောက်က အရိပ်လိုလိုက်နေသည့် ငမွဲဇာတာကို ကြုံတွေ့ရလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ဟယ်ရူကောက ဂိမ်းကုမ္ပဏီမှ ပိုက်ဆံတောင်းမည့် အရိပ်အယောင်များလားဟု သံသယဝင်နေစဉ်မှာပင်၊ ကျားဖြူလေးက သူ၏အင်္ကျီကော်လံကြားမှ အတင်း ထပ်ထွက်လာသည်။

အရင်ဆုံးပေါ်လာတာက ကျားဖြူလေး၏ ပန်းဖူးလို နားရွက်လေးများဖြစ်ပြီး နားရွက်အနားလေးများကလည်း ပန်းနုရောင်သမ်းနေကာ ဖြူဖွေးနေသောအမွှေးနုလေးများက တုန်ခါနေသည်။

ထို့နောက် ပင်လယ်ပြင်လို လှိုင်းများထနေသည့် အပြာရောင်မျက်လုံးများ။

ကျားဖြူလေး၏ ပန်းရောင်နှာခေါင်းထိပ်လေးက သူ့ကော်လံကို ပွတ်တိုက်မိသွားသဖြင့်၊ ကျားဖြူလေးက နှာခေါင်းရှုံ့လိုက်သည်။

ထို့နောက်တွင်တော့ သူက မကျေမနပ်မျက်နှာဖြင့် စားပွဲပေါ်ရှိ ရွှင်ယောက်ရှူကို ကြည့်လိုက်သည်။

မုတ်ဆိတ်ဖြူဖြူ၊ အမွှေးဖြူဖြူများပိုင်ရှင် ကြွက်အဘိုး၏ အကြည့်များက အေးစက်နေရာမှ စိတ်အားထက်သန်သည့်အကြည့်သို့ ပြောင်းလဲသွားသည်။

ရွှင်ယောက်ရှူ:

{ ကျွိ ကျွိ ကျွိ… ကလေးလေး နေမကောင်းတာကိုး၊ လာ၊ အဘိုး ကြည့်ပေးမယ် }

ဟယ်ရူကော : "???"

ကျားဖြူလေးက မကျေမနပ်မျက်နှာထားဖြင့် စက်လက်မောင်းတစ်ခု၏ ပွေ့ချီသွားတဲ့နောက် ပါသွားပြီးနောက် သူက ဟိတ်ဟန်အပြည့်ဖြင့် သူ၏လက်သည်းနုနုလေးကို ကြွက်အိုကြီးထံသို့ ဆန့်တန်းပေးလိုက်သည်။

ကြွက်အိုကြီးက ကျားဖြူလေးကို ရှေးတိုင်းရင်းဆေးဆရာကြီးများကဲ့သို့

'ကြည့်ရှု၊ နားထောင်၊ မေးမြန်း၊ စမ်းသပ်' စစ်ဆေးပေးနေပြီး၊ ကျားဖြူလေး၏ ဝမ်းဗိုက်လေးကိုလည်း စမ်းသပ်ကာ ဘယ်နေရာက နာနေသလဲဟု မေးမြန်းနေသည်။

ဟယ်ရူကောက ကျားဖြူလေးက ရှင်းဟိုင်မိဘမဲ့ဂေဟာက လူတိုင်းကို အမြဲလိုလို ပြင်ပြင်းထန်ထန်ခုခံတတ်မှန်း သိထားတာဖြစ်သည်။

သို့သော်လည်း ကြွက်အိုကြီးကို ရင်ဆိုင်ချိန်တွင် ကျားဖြူလေးက စိတ်မရှည်ဖြစ်နေသည့်တိုင်သော်၊ ကြွက်အဘိုးကြီးကို ပြန်လည် တိုက်ခိုက်ခြင်းမပြုပေ။

စစ်ဆေးတာတွေ ပြီးဆုံးသွားချိန်မှာတော့ ရွှင်ယောက်ရှူက နှမြောနေသည့်ပုံဖြင့် ကျားဖြူလေးကို ဟယ်ရူကောထံ ပြန်ပေးလိုက်ပြီး ဆေးမှုန့်ထုပ်လေးတစ်ထုပ်ကိုလည်း ပေးလိုက်သည်။

ရွှင်ယောက်ရှူ :

{ သူ့ရောဂါက ထူးဆန်းတယ်ကွ၊ တို့မျိုးနွယ်တွေမှာ ဖြစ်နေကြ အမွှေးပေါက်ဆေးရဲ့ နောက်ဆက်တွဲဆိုးကျိုးနဲ့တူတယ်၊ ဒါပေမဲ့ သိပ်တော့စိုးရိမ်စရာမရှိပါဘူး၊ ငါ သူ့ကို အစာအိမ်နဲ့အူလမ်းကြောင်းကို နွေးထွေးအောင်လုပ်ပေး ဆေးမှုန့်လေးပေးလိုက်တယ်၊ သူသောက်ပြီးရင် အများကြီးသက်သာသွားလိမ့်မယ် }

{ ငါက ကလေးတွေကို ကုပေးရင် ပိုက်ဆံမယူဘူး၊ မင်းလည်း ကလေးလေးကို ခေါ်သွားတဲ့အခါ သတိထားသွား၊ ဖျက်ဆီးရေးစီမံကိန်းက ပြန်စနေပြီ၊ မသန့်ရှင်းတဲ့အရာတွေ နေရာအနှံ့မှာ ရှိနေတယ်…}

ကြွက်အိုကြီးက စကားကို ခဏရပ်လိုက်ပြီးနောက် ထောင့်က ပင့်ကူအိမ်ကို ကြည့်ကာ သက်ပြင်းချလိုက်သည်။

{ မမိစေနဲ့ကြားလား }

{ လျှို့ဝှက်ဆေးခန်း မစ်ရှင်မှ စူးစမ်းရှာဖွေမှု ၆% ပြီးဆုံးပါပြီ။

ရွှင်ယောက်ရှူက ကလေးလည်း ချစ်တတ်ပြီး ဆေးပညာလည်း ကျွမ်းကျင်ပြီး အသန့်ကြိုက်တဲ့ ဆရာဝန်ကြီးဖြစ်ပါတယ် သူက ဘာကြောင့် ရှင်းဟိုင်မိဘမဲ့ဂေဟာမှာ ကျန်နေရတာလဲ }

ဟယ်ရူကောမှာ စဉ်းစားရန် အချိန်မရှိတော့ပေ။သူ၏ကျန်ရှိနေသည့်အချိန်က နည်းနေပြီပင်။

{ ကျန်ရှိသည့်အချိန် : ၀၀ နာရီ ၀၄ မိနစ် ၁၂ စက္ကန့် }

သူက လေးမိနစ်အတွင်း ကျားဖြူလေးကို b6 အခန်းသို့ ပြန်ခေါ်သွားရမည်ပင်။

ကျားဖြူလေးကလည်း လိမ်လိမ်မာမာဖြင့် သူ၏ရင်ခွင်ထဲသို့ တိုးဝင်သွားပြီးနောက် ဟယ်ရူကောလည်း တစ်လမ်းလုံး ရင်တထိတ်ထိတ်ဖြင့် ပြန်လာခဲ့ရာ နောက်ဆုံးတော့ သတ်မှတ်ချိန်အတွင်း အခန်းသို့ ပြန်ရောက်လာခဲ့သည်။

ကျားဖြူလေးကို နံပါတ် ၂၀ အခန်းထဲသို့ ပြန်ပို့လိုက်ပြီးမှပဲ ဟယ်ရူကောလည်း ဘာကြောင့် ၁၅ မိနစ်အချိန်ကန့်သတ်ချက်ရှိလဲဆိုတာကို နားလည်သွားသည်။

အကြောင်းမှာ—

b6 အခန်း၏ တံခါးမကြီးက နောက်တစ်ကြိမ် တွန်းဖွင့်ခြင်းခံလိုက်ရပြီးနောက်၊ အကာအကွယ်မျက်မှန်တပ်ဆင်ထားသည့် ဟွမ်ယုံးက တံခါးဝတွင်ရပ်ရင်း၊ သံခမောက်တစ်လုံးကိုကိုင်ကာ ဟယ်ရူကောကို လက်ယပ်ခေါ်လိုက်သည်။

ဟွမ်ယုံး :

{ အလုပ်စချိန်တန်ပြီ }

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment