အခန်း ၁၉ - တောက်ပနေတဲ့အနာဂတ်
ရေချိုးပေးသည့်အဆင့် ပြီးဆုံးသွားတော့ ဟယ်ရူကောက ယုန်ငယ်လေးအတွက် သစ်သီးသကြားလုံးလေးတစ်လုံးကို ဝယ်ကျွေးလိုက်သည်။
ဒါဟာလည်း စိတ်ဒဏ်ရာရသွားသည့် ယုန်ကလေးကို နှစ်သိမ့်ပေးသည့်သဘောပင်။
တစ်ကောင်နှင့်တစ်ကောင် ဘက်လိုက်လို့မဖြစ်တာမို့၊ ဟယ်ရူကောက ကျားဖြူလေးကိုလည်း သကြားလုံးတစ်လုံး ဝင်ကျွေးရင်းမှ သူ့အခြေအနေကိုပါ တစ်ခါတည်း အကဲခတ်ကြည့်လိုက်သည်။
[ရင်းနှီးမှု] : သင်ဟာ နံပါတ် ၂၀ အတွက် အတော်လေး အရေးပါတဲ့ ‘ဖြစ်တည်မှု’ တစ်ခုဖြစ်ပြီး၊ နှစ်သက်မှုအမှတ် ၇၃ မှတ်ရှိပါသည်။
[နိုးထမှုမရှိသေး] : နံပါတ် ၂၀ က မကောင်းဆိုးဝါးလေးတစ်ကောင်ဆိုတာကို သင်ကလွဲလို့ ဘယ်သူမှ မသိသေးပါ။
ဟယ်ရူကော၏အကြည့်များသည်လည်း 'နှစ်သက်မှုအမှတ် ၇၃' ဆိုသောနေရာလေးမှာ ခဏတာရပ်တန့်သွားရသည်။
သူကိုယ်တိုင်တောင် သတိမထားမိလိုက်ခင်မှာပဲ သူနှင့်ကျားဖြူလေး၏ဆက်ဆံရေးက ‘အနီးကပ်ရင်းနှီး’ သည့်အဆင့်ကို ရောက်လာပြီပင်။
တကယ်လို့သာ လူတွေရဲ့ ခံစားချက်တွေကို ကိန်းဂဏန်းတွေနဲ့ တိုင်းတာလို့ရမယ်ဆိုရင်ရော ကျားဖြူလေးကရော သူ့စိတ်ထဲမှာ ဘယ်လိုမျိုး ‘ဖြစ်တည်မှု’ တစ်ခုအဖြစ် ရှိနေမလဲ။
‘ကျားဖြူလေးဟာလည်းပဲ သူ့အတွက် ထူးခြားပြီး အရေးပါတဲ့ ဖြစ်တည်မှုတစ်ခု ဖြစ်နေမှာပါပဲ’
ဟယ်ရူကောက ချောမွေ့နေသည့် ဖန်သားပြင်ကြီးကို သူ့လက်ဖြင့် ပွတ်သပ်နေရင်းမှ ဒီဂိမ်း ဘယ်တော့မှ ဇာတ်မသိမ်းသွားပါစေနှင့်ဟု ရုတ်တရက် ဆုတောင်းမိလိုက်သည်။
ဒီလိုဆိုလျှင် သူလည်းပဲ ဒီဂိမ်းကို အမြဲတမ်း ဆက်ကစားနိုင်မည်။
သူဂိမ်းကို ဆက်ကစားနေသရွေ့ ကျားဖြူလေးကလည်း သူ့ဘေးမှာ အမြဲရှိနေဖြစ်သည်။
ယခုအချိန်တွင် သူ့ကိုနှစ်သက်ကြသည့် စာဖတ်သူတွေ အများကြီးရှိကြသော်လည်း “စာရေးဆရာကသာ တည်မြဲပြီး၊ စာဖတ်သူတွေက လေနှင်ရာလွင့်တတ်သည်” ဟုဆိုကြသည်မဟုတ်ပါလား။ စာဖတ်သူဆိုသည့်သဘောက ဇာတ်လမ်းဇာတ်ကွက်ကြောင့် စိတ်ခံစားချက်တွေ ပြင်းထန်တက်ကြွလာသည့်အခါမျိုးတွင်“စာရေးသူရေ... ကျွန်တော်/ကျွန်မတို့က စာရေးသူကို အမြဲတမ်း အားပေးနေမှာပါ” ဆိုသည့်စကားမျိုးကို စိတ်ပါလက်ပါ ပြောတတ်ကြသည်။
ဟယ်ရူကော ပထမဆုံးစာအုပ်ကို ရေးတုန်းကလည်း ထိုသို့သောစကားလေးတွေကို ယုံစားခဲ့မိသည်။
သူက ထိုစာဖတ်သူများ၏ ID နာမည်များကိုပင် အလွတ်မှတ်ထားခဲ့သည်။
နောက်တော့လည်း ထိုစာဖတ်သူတွေအားလုံး အလျှိုလျှိုပျောက်ကွယ်သွားကြသည်။ ဟယ်ရူကောက သူတို့ကို စောင့်ခဲ့ပါသည်။ သူ့စာအုပ် နောက်ဆုံးအခန်းရောက်သည့်အထိ စောင့်ခဲ့သည်။
နောက်တစ်အုပ်အသစ် စတင်ချိန်အထိ စောင့်ခဲ့သော်လည်း ထိုစာဖတ်သူများက ပြန်မလာကြတော့ပေ။
‘ထာဝရတည်မြဲနေမယ့် အချစ်ဆိုတာမျိုး မရှိပါဘူးလေ..ခဏတာလေးဖြစ်ဖြစ် စိတ်ရင်းအမှန်နဲ့ အချစ်ခံခဲ့ရတာကပဲ ကံကောင်းတာပဲပေါ့’
ဟယ်ရူကောက ဖန်သားပြင်ကို ထိတွေ့နေရာမှ လက်ကို အသာပြန်ရုတ်လိုက်ပြီး ဂိမ်းကိုပိတ်လိုက်သည်။
နောက်တော့ မျက်နှာသစ်သွားတိုက်ကာ အိပ်ယာဝင်ဖို့ ပြင်ဆင်လိုက်သည်။
အိပ်ယာမဝင်မီ ရေချိုးသောအခါတွင် သူ့ခြေထောက်ပေါ်မှ အနီရောင်အစင်းကြောင်းများက ပြန်ပေါ်လာပြီး အရင်ကထက်လည်း အနည်းငယ် ပိုကြီးလာသည်ကို သူ သတိထားမိလိုက်သည်။
သူ့ကိုယ်ပေါ်တွင် အစင်းကြောင်းတွေက သူ့ဟာသူ ထပ်ပေါ်လာသလိုပင်။
‘ဒါကရော ဘယ်လိုရောဂါပါလိမ့်’
ဟယ်ရူကောက မှန်ရှေ့တွင် မျက်နှာသစ်လိုက်သည်။
မှန်ထဲမှ သူမြင်နေရသည့် ပုံရိပ်မှာ filter ပျော့ပျော့လေး ခံထားသလိုမျိုး အသားအရေကလည်း အပြစ်အနာအဆာကင်းပြီး ဖြူဖွေးနုဖတ်လို့နေသည်။
‘သွေးရောင်ရှိသေးတယ်ဆိုတော့ မဆိုးပါဘူး၊ လူမမာပုံလည်း မပေါက်သေးဘူး၊ မသေနိုင်သေးဘူးဆိုရင်တော့လည်း၊ အရင်ဆုံး စာကိုရေးပြီး ပိုက်ဆံကြိုးစားရှာရမယ်၊ ပိုက်ဆံသေချာစုမိမှ ဆရာဝန်ကိုသွားပြမယ်၊ အပိုတွေလျှောက်တွေးနေရင်၊ မလိုအပ်ပဲနဲ့ စိတ်ဆင်းရဲရတာပဲပိုလိမ့်မယ်’
ကိုယ့်ကိုယ်ကိုယ် အားပေးစကားပြောပြီးနောက် ဟယ်ရူကောက ခေါင်းချပြီး လှဲအိပ်လိုက်သည်။ သို့သော်လည်း မနက်ဖြန်ဆို ‘VIP’ ဖြစ်တော့မည် ဆိုသည့်အသိကြောင့် အိပ်ယာပေါ် ဟိုလှိမ့်ဒီလှိမ့်ဖြင့် အိပ်မပျော်နိုင်ပေ။
‘အပြင် site တွေကနေ ခိုးပြီးဖတ်တဲ့စာဖတ်သူတွေများ များနေမလားမသိဘူး’
‘တကယ်လို့ စာဖတ်သူအရေအတွက်နည်းနေရင် ဝင်ငွေက သိပ်မကောင်းခဲ့ရင်ရော သူ ဘယ်လိုဆက်လုပ်ရမလဲ’
‘နောက်လအတွက် အိမ်လခကိုရော ဘယ်လိုလုပ်မလဲ’
‘စာရေးဆရာလုပ်ဖို့ ဆုံးဖြတ်ခဲ့တာ မှန်ရောမှန်ရဲ့လား’
‘ဆေးဖိုးဝါးခ အလုံအလောက် မစုမိရင်ရော ဘယ်လိုလုပ်ရမလဲ’
‘သူ့ရောဂါက ရုတ်တရက်ထဖောက်လာပြီး အိမ်ထဲမှာ တစ်ယောက်တည်း သေသွားရင်ရော ဘယ်လိုလုပ်ရမလဲ’
စိုးရိမ်စိတ်တွေကြောင့် အီလယ်လယ်ဖြစ်နေရှာသော ဟယ်ရူကောမှာ သူ့ဟာသူ ဘယ်အချိန်မှ အိပ်ပျော်သွားမှန်းပင် မသိလိုက်ပေ။
‘VIP’ ကိစ္စကို စိတ်စွဲနေတာကြောင့် ဟယ်ရူကောခမျာ နောက်တစ်နေ့မနက် ခြောက်နာရီတည်းက အလိုလိုနိုးလာခဲ့သည်။
သူရေးသားထားပြီးဖြစ်သော စာမူကြမ်းအပိုင်းကို နေ့လည်ဆယ့်နှစ်နာရီတွင်
'VIP' အတွက် တန်းတင်ပေးရန် စီစဥ်ပြီးဖြစ်သည်။
စိတ်လှုပ်ရှားမှုကြောင့် ဟယ်ရူကောက သူ့မျက်မှန်လေးကို နှစ်ကြိမ်တိုင်တိုင်ပင့်တင်လိုက်မိသည်။
မျှော်လင့်ချက်ကြီးကြီးထားလေ စိတ်ပျက်ရတာက ပိုများလေဖြစ်တတ်သည်တဲ့။
သူရဲ့ ဒီစာအုပ်လေးက VIP မဖြစ်ခင်ကတည်းက လူကြိုက်များထားတာကြောင့် သူ့အတွက်အတော်လေး စိတ်လှုပ်ရှားပြီး စိုးရိမ်စိတ်တွေလည်း ဖိစီးနေရသည်။
ဒါက တက္ကသိုလ်ဝင်စာမေးပွဲရလဒ်စောင့်ရသည့် အချိန်တွေကို ပြန်ရောက်သွားသလိုပင်။
ရင်ဘတ်ကြီးတစ်ခုလုံးက တစ်ဆို့ဆို့ဖြစ်နေကာ လေပြေလေးတစ်ချက်ဖြတ်တိုက်သွားရုံဖြင့် နှလုံးတွေပါတုန်သွားတော့မလိုပင်။
ဟယ်ရူကောမှာ မိသားစုကျောထောက်နောက်ခံ မရှိသောကြောင့် ဒီလိုမျိုးခံစားချက်တွေကို ငယ်ငယ်ကတည်းက မြိုသိပ်တတ်ခဲ့သည်။
သူက အသက်ကို ဝဝရှူလိုက်ပြီးနောက် “သင့်အတွက်သီးသန့်ချစ်သူ” ဆိုသည့် ဂိမ်းလေးကိုဖွင့်လိုက်ရာ သတိပေးချက်တစ်ခုက ရုတ်တရက်ပေါ်လာသည်။
[ သင်အစောကြီးနိုးနေသော်လည်း သင်၏ ချစ်သူလေးမှာ ဒီနေ့အတွက် အဆင်သင့်မဖြစ်သေးသောကြောင့် အနီးကပ်ဆက်ဆံမှုများက နှစ်သက်မှုအတိုင်းအတာကို တိုးတက်စေမည်မဟုတ်ပါ ]
ဟယ်ရူကောမှာ အသက်ရှူတွေပါ မဝသလိုဖြစ်သွားရသည်။
သူ့စိတ်ထင်တော့ ဂိမ်းက ကစားသမားတွေကို နှစ်သက်မှုအတိုင်းအတာကို တိုးမရအောင်လုပ်ပြီး တမင်နှိပ်စက်နေတာပဲဖြစ်ရမည်။
ဟယ်ရူကောလည်း ဂိမ်းကို ကျော်ဆော့ဖို့သာ ဆုံးဖြတ်လိုက်သည်။
ခုနှစ်ရက်ကျော်ပြီးနောက်မှာတော့ နံပါတ် ၁၀ နှင့် နံပါတ် ၁၄ တို့လည်း သေသွားကြသည်။
ဟယ်ရူကောကလည်း ခုနှစ်ရက်တာဂိမ်းထဲဝင်ပြီးဖြစ်တာကြောင့် နှင်းဆီရောင်ဂါချာပွန်လေးကို ထပ်ရလာသည်။
ဂါချာပွန်ကို မနှိပ်မီတွင် ဟယ်ရူကောက အရင်တစ်ခေါက်က ဒီလိုပဲ ကံစမ်းနေတုန်း သူ့ကိုယ်ပေါ်က အနီရောင် အစင်းကြောင်းတွေ သိသိသာသာပူလာတာကို သတိရသွားသည်။
သူက ဒီတစ်ခေါက်တော့ တမင်တကာပဲ ဘောင်းဘီကိုလိပ်တင်လိုက်ပြီး ထိုအနီအစင်းကြောင်းတွေကို ဖော်ထားလိုက်သည်။
ဟယ်ရူကောက ဂါချာပွန်လေးကို နှိပ်လိုက်ပြီးနောက် သူ့ကိုယ်ပေါ်က အနီရောင် အစင်းကြောင်းတွေကိုလည်း သေချာစိုက်ကြည့်နေမိသည်။
တစ်စက္ကန့်မျှအကြာတွင် ဘာမှထူးမလာပေ။
သူ ဒီရက်ပိုင်း စိတ်ခြောက်ခြားနေတာပဲ ဖြစ်မှာပါလေ။
ဟယ်ရူကောက အကြည့်လွှဲဖို့ပြင်လိုက်စဥ်မှာပဲ
နဂိုကမှ နီရဲနေတဲ့ အစင်းကြောင်းတွေက ပိုပြီး အရောင်တောက်လာကာ ချော်ရည်ပူတွေလို နီနီစွေးစွေးဖြင့် အသက်ဝင်လာသည်။
သူ့ကိုယ်ပေါ်က ထိုအနီရောင်တွေ ရှိနေသော နေရာတွေမှာလည်း ပူလောင်လာပြန်သည်။
သူ့မျက်မှန်အောက်မှ မျက်လုံးတွေမှာလည်း ပြူးကျယ်ကုန်ကြသည်။
ဟယ်ရူကောက မျက်တောင်တွေကို အကြိမ်ကြိမ်ခတ်လိုက်ရင်း သူပဲ အမြင်မှားတာလားဟု တွေးနေမိသည်။
“တန် တန့် တန် ~”
ဂိမ်းမှ နောက်ခံတီးလုံးများ ထွက်လာသော်လည်း ဟယ်ရူကောက သူရထားသည့် ပစ္စည်းကို မော့မကြည့်အားသေးပေ။
သူက အသက်ကိုအောင့်ပြီး အနီရောင်အစင်းကြောင်းတွေကိုသာ ငေးနေမိသည်။
အနီရောင်အစင်းကြောင်းတွေလည်း အားကုန်သွားသလို မှိန်သွားပြီပင်။
သူ့ကိုယ်ပေါ်တွင် အနီရောင်တွေတောက်လာပြီး ပူတက်လာသော ကြာချိန်မှာ တိုတောင်းလှသော်လည်း ဟယ်ရူကော၏ အသိစိတ်အားလုံးကို ပြောင်းပြန်လှန်လိုက်သလိုပင်။
ဒါက သိပ္ပံနည်းအရဆို ဘယ်လိုမှ မဖြစ်နိုင်ဘူး။
ငါ ဘယ်သူလဲ၊
ငါ ဘယ်ကိုရောက်နေတာလဲ၊
ငါ ဘာတွေမြင်လိုက်တာလဲ၊
ဟယ်ရူကောမှာ ကြောင်တောင်တောင်ဖြင့် ခေါင်းထောင်ကြည်လိုက်ရာ ရှားပါးပစ္စည်း အသစ်တွေက သူ့မျက်စိရှေ့တွင်ပေါ်လာသည်။
အရောက်တောက်တောက် ဦးထုပ်လေးပင်။
[အမည်] : သုံးဖက်မြင် ဂိမ်းဦးထုပ်
[အရည်အသွေး ] : ရှားပါးပစ္စည်း
[မှတ်ချက်] : ဒါဟာ ကြယ်တာရာတွေရှိတဲ့ ကမ္ဘာကလာတဲ့ သုံးဖက်မြင် ဂိမ်းဦးထုပ်လေးဖြစ်ပါတယ်။ နည်းနည်းတော့ မော်ဒယ်ဟောင်းနေပေမယ့် ကမ္ဘာမြေက နည်းပညာတွေနဲ့ယှဥ်လိုက်ရင် မြင့်နေပါသေးတယ်။
[ကန့်သတ်ချက်] : သင်တစ်ယောက်ပဲ အသုံးပြုနိုင်ပါတယ်။
သင့်ရဲ့ အိမ်လိပ်စာနဲ့ ဆက်သွယ်ရမယ့် အချက်အလက်တွေကို ဖြည့်ပြီးရင် ပို့ခကို ယွမ်ငွေဖြင့်ပေးဆောင်ပါ။
[လိပ်စာ : ]
ဆက်သွယ်ရန် အချက်အလက် :
ဟယ်ရူကောမှာ ဆွံအသွားရသည်။
ချီးထဲမှပဲ ဒီဂိမ်းက ငါ့ဆီက ဓါးပြတိုက်နေတာလား။
ရှစ်ထောင်ကျော်ကိုပေးရမယ်ဆိုပဲ သူ ပိုင်ဆိုင်သမျှ အကန်ပေါင်းရင်တောင် ရှစ်ရာမပြည့်တာကိုလေ။
ဟယ်ရူကောက ငွေပေးချေရမည့် အပိုင်းကို ပိတ်ချလိုက်ရာ ရှားပါးပစ္စည်းလေးက သူ့ကျောပိုးအိတ်ထဲရောက်သွားကာ ‘ငွေပေးရန်’ ဆိုသော စာလုံးလေး သုံးလုံးပါ ပေါ်နေသည်။
ဟယ်ရူကောမှာ ဂိမ်းဆော့ဖို့အတွက်နှင့် ငွေကိုသုံးဖို့ကို လုံးဝဆန္ဒမရှိပေ။ သူ့အတွက် ဒါက ရယ်စရာပင်ကောင်းတော့သည်။
အွန်လိုင်းဂိမ်းတွေက ပုံမှန်ဆို ပမာဏနည်းနည်းလောက်သာ စတောင်းတတ်သည်။ တစ်ခါတည်းနှင့် ပိုက်ဆံတွေအများကြီးသုံးနိုင်သူမှာ ငတုံးသို့မဟုတ် ပိုက်ဆံပေါနေသူသာဖြစ်မှာပင်။
သူကတော့ ငမွဲဖြစ်တာကြောင့် ဒီလို “ငတုံးတွေဆောင်ရတဲ့အခွန်ငွေ” လိုအရာမျိုးကို ဘယ်တော့မှ ပေးမှာမဟုတ်ပေ။
ဂိမ်းကို လှောင်ပြောင်နေမိသည့်တိုင် ဟယ်ရူကောက သူ့ကျောပိုးအိတ်အတွင်းမှ ရှားပါးပစ္စည်းလေးနှစ်ခုကို ကြည့်ပြီးနောက် အတွေးများနေမိသည်။
ပြောရရင် ဒီလိုရှားပါးပစ္စည်းတွေက ရဖို့တအားခက်ရမှာ မဟုတ်ဘူးလား..ဘာလို့သူက နှစ်ခုကို ဆက်တိုက်ရလာတာပါလိမ့်။
သူ့ကိုယ်ပေါ်က အနီစင်းတွေကရော သူ နှင်းဆီရောင်ဂါချာပွန်ကို နှိပ်တိုင်းဘာလို့ ပူလာရတာပါလိမ့်။
ဒီနှစ်ခုကြားမှာ တစ်နည်းနည်းနဲ့ ဆက်စပ်နေတာများလား။
သူက ခေါင်းကိုခါယမ်းလိုက်ပြီးနောက် ကိုယ့်ဟာကိုယ် ရယ်လိုက်မိရင်းက ရေရွတ်မိသည်။
"ငါခုနက ဘာတွေ လျှောက်တွေးနေတာပါလိမ့် စာရေးလွန်းလို့ တကယ်ရူးတော့မယ်ထင်တယ်"
ဟယ်ရူကောက ဂိမ်းကိုပိတ်လိုက်ပြီးနောက် သူ့သူငယ်ချင်းနှင့် 'စာပြိုင်ရိုက်' နေတော့သည်။
သူက စာရေးသည့်ဆော့ဖ်ဝဲလ်တစ်ခုမှ 'အမှောင်ခန်း' ထဲတွင် ဝင်နေလိုက်ပြီး၊ နေ့လည်ဆယ့်နှစ်နာရီအထိ တစ်ထိုင်တည်း စာလုံးရေ ခြောက်ထောင် ရိုက်ပစ်လိုက်သည်။
ထိုအခိုက်တွင် သူအချိန်ကိုက် တင်ရန် ရေးထည့်ထားသည့် 'VIP' အပိုင်းကလည်း တက်သွားသည်။
ဟယ်ရူကောလည်း အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် သူရထားသည့်ဝင်ငွေကိုကြည့်ရန် သူ့စာမျက်နှာကို ဖွင့်ကြည့်လိုက်သည်။
ဆက်တိုင်ဝင်လာသည့် ကိန်းဂဏန်းများကို မြင်လိုက်ရသည့်အခါတွင်မူ သူ့တစ်ကိုယ်လုံး ကြက်သေသေသွားရသည်။
မြင့်လှချည်လား။
သူ မျှော်လင့်ထားတာထက်တောင် အများကြီးမြင့်နေသေးတာပဲ။
သူ 'VIP' စဝင်သည့်အခန်းကို ဝယ်ယူဖတ်ရှုနေကြသူနှုန်းထား မှန်မှန်စီးဝင်လာကြရာ သူပုံမှန်အခန်းသစ်တင်လျှင် ရရှိသည့် ကြည့်ရှုနှုန်းနှင့် သိပ်မကွာလှပေ။
ဆိုလိုသည်မှာ သူ့ဇာတ်လမ်းကို ဖတ်နေသည့် စာဖတ်သူများထဲတွင် ခိုးဖတ်သည့်သူ လုံးဝနီးပါး မရှိကြကြောင်းပင်။
သူမထင်မှတ်ထားတာက... သူ့စာဖတ်သူ အများစုက တကယ့်တရားဝင် အခကြေးငွေပေးကာ မှန်မှန်ကန်ကန် ဝယ်ဖတ်ကြတဲ့ နတ်သမီးလေးတွေ ဖြစ်နေကြတာပင်။
ဒီခံစားချက်က အိပ်မက်မက်နေရသလိုပင်။
ဟယ်ရူကောလည်း အခန်းထဲက မြောက်တောက်တောက်ဖြင့် ထွက်လာပြီးနောက် အောက်ထပ်သို့ဆင်းကာ ထမင်းဘူးတစ်ဘူး သွားဝယ်လိုက်သည်။
ဈေးအကြီးဆုံး ထမင်းဘူးတစ်ဘူးကိုဝယ်လိုက်၏။
ထို့နောက် ကံစမ်းမဲလက်မှတ်တစ်စောင်ကိုလည်း သွားဝယ်လိုက်သည်။
ကံစမ်းမဲသွားဝယ်စဥ် ဆိုင်တစ်ဆိုင်ရှေ့က ဖြတ်သွားမိရာ သူလည်း စိတ်ကို မထိန်းနိုင်ဘဲ ဘီယာတစ်ဘူးကိုပါ ဝယ်လိုက်မိသည်။
ထို့နောက်တော့ ထိုင်ခုံတစ်လုံးကို ပြတင်းပေါက်နားဆီ ဆွဲယူကာထိုင်လိုက်ပြီးနောက် ထမင်းဘူးကို မဖွင့်ရသေးပဲ ဘီယာဘူးကိုအရင်ဖွင့်လိုက်သည်။
ပြတင်းပေါက်အပြင်ဘက်မှာတော့ နေ့လည်ပိုင်းအချိန် နေမင်းက စူးရှစွာတောက်ပနေရာ ဟယ်ရူကောမှာ မျက်လုံးဖွင့်ပြီး မော့ပင်ကြည့်နိုင်ပေ။
သူက မျက်လုံးတွေကိုအသာ မှိတ်လိုက်ပြီးနောက် ဘီယာတစ်ငုံကို မော့သောက်လိုက်သည်။
ခါးသက်သက် ဘီယာအရသာက သူ့ခံတွင်းတစ်ခုလုံးကို ပျံ့နှံ့သွားရာ ဟယ်ရူကောလည်း လျှာကိုသပ်လိုက်မိသည်။
ဘီယာအရသာက ခါးသက်သက်ဆိုသော်လည်း နေရောင်ခြည်အောက်မှာ သောက်ရတော့ နည်းနည်းတောင် ချိုသွားသလိုပင်။
ဟယ်ရူကောက အရက်မသောက်တတ်ပေ။
သူ အရက်သောက်ဖူးတာဆိုလို့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲပြီးဆုံး၍ ကျောင်းဆင်းပွဲကျင်းပသည့်နေ့က ဖြစ်သည်။
ဆရာသမားများနှင့်အတူ သူကြိုးစားဖြတ်သန်းခဲ့ရသည့် လူငယ်ဘဝကို ဂုဏ်ပြုသောအားဖြင့် တစ်ငုံသောက်ခဲ့ဖူးသည်။
‘အား၊ လူငယ်ဘဝလေးက ဘယ်လောက်လှလိုက်သလဲ’
ဟယ်ရူကော၏ မှိတ်ထားသော မျက်လုံးများက ပြန်ပွင့်လာပြီးနောက် နေ့လည်ပိုင်း၏စူးရှသော နေရောင်ကို တည့်တည့် စိုက်ကြည့်လိုက်သည်။
ထို့နောက်တွင်တော့ ဟယ်ရူကောက တစ်ချက်ပြုံးလိုက်ပြီးနောက် ဘီယာတစ်ဘူးလုံးကို အားရပါးရ မော့ချပစ်လိုက်သည်။
သူ့မျက်လုံးတွေကလည်း နေမင်းကြီးကို အကြာကြီးစိုက်ကြည့်နေမိတာကြောင့် မျက်ရည်တွေက အလိုလို စီးကျလာသည်။
သို့သော်လည်း သူ့မျက်ဝန်းနက်များက မျက်ရည်တွေဝဲနေသည့်တိုင်
လင်းထိန်နေသော ကောင်းကင်ကြီးကို ဆက်ပြီးမော့ကြည့်နေမိသည်။
ဒါက ငါ့ရဲ့ အနာဂတ်ပဲ..
ကြည့်လိုက်စမ်း...
တောက်ပမနေဘူးလား။