အခန်း (၇) - လိင်တူမုန်းတီးသူအဖြောင့်...
နောက်နေ့က ပိတ်ရက်ပင်။ ယဲ့ယောင်းက အိပ်ရာထပြီးနောက် လုရွှင်ကို သူစီစဉ်ထားသည့် အတိုင်း ရုပ်ရှင်သွားကြည့်ရန် ခေါ်ခဲ့သည်။
လုရွှင်က ချက်ချင်းသဘောတူလိုက်ပြီး ယဲ့ယောင်းနှင့်အတူ ထွက်သွား၏။ ထိုနေရာသို့ လမ်းလျှောက်နေစဉ် တစ်နေ့တာအချိန်များကို အစီအစဉ်ချလိုက်သည်။
"ရုပ်ရှင်ကြည့်မယ်၊ တစ်ခုခုစားမယ်၊ ပြီးတော့ ရက်နည်းနည်းကြာရင် ဆောင်းရာသီ စတော့မှာမို့လို့ အဝတ်ထူထူဝတ်ရမယ်။ ငါတို့က ဝတ်ပုံစားပုံတူတော့ အသစ်ဝယ်သင့်တယ်။ မင်းကြိုက်တဲ့ပုံစံကို ကြည့်လို့ရတယ်၊ ငါ မင်းအတွက် ဝယ်ပေးမယ်"
လုရွှင်က ပြောလိုက်သည်။
မိန်းကလေးအချို့မှာ သူတို့နှစ်ယောက်အနားက ဖြတ်သွားကြသည်။ ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် သူတို့နှစ်ဦးမကြားနိုင်ဟု ယူဆကာ စိတ်လှုပ်ရှားစွာ ပြောဆိုလိုက်ကြသည်။
"နင် ကြားလိုက်လား! သူက 'ငါ မင်းအတွက် ဝယ်ပေးမယ်' လို့ပြောတာ။ အားးးးး အရမ်းအလိုလိုက်တာပဲ!"
"အိုး၊ သူတို့ဆီမှာ လက်ထပ်ပြီးသားဇနီးမောင်နှံတွေရဲ့ ခံစားချက်မျိုး ခံစားရတယ်။ ဒါက သူတို့ ကွယ်ရာမှာ တကယ်ဆက်ဆံပြောဆိုတဲ့ပုံစံလို့ကို ငါ မယုံနိုင်တာ၊ ငါ ထောက်ခံတယ်!"
"သေချာတာပေါ့။ အဝတ်အစားဆင်တူဆိုတာက ရည်ရွယ်ချက်ရှိရှိဝယ်ခဲ့တာ အမှန်ပဲ။ သူတို့က တကယ်ကြီး အိုးးးးးးးးးးး”
ယောင်ဝါးဝါးကြားလိုက်သော ယဲ့ယောင်း - “…”
သူ ရှက်ရွံ့သွားသည်။
သူတို့နှစ်ယောက်ကြားက ခင်မင်ရင်းနှီးမှုကို ချစ်ခြင်းမေတ္တာအဖြစ် အပြောခံရသည်ကို ကြားလိုက်ရချိန် လုရွှင်က ဘယ်လိုခံစားရမလဲဆိုပြီး စိတ်ပူသွားသည်။
ယဲ့ယောင်းက ရုတ်တရက် အဖက်ခံလိုက်ရပြီး လုရွှင်က သူ့နားတွင် တိုးတိုးလေးပြောလာသည်။
"သူတို့ပြောတာ ကြားတယ်ဟုတ်၊ ငါတို့မှာ CP ပရိသတ်တွေအများကြီးရှိတယ်။"
အဖြောင့်ကြီးလုရွှင်က အံ့အားသင့်သလို အရိပ်အမြွက်ပင် မပြဘဲ ခပ်ညစ်ညစ်အပြုံးနှင့် ဆက်ပြောလိုက်သည်။
"မှန်တာပဲလေ၊ သူတို့မှာ ထက်ထက်မြက်မြက်နဲ့ ရတနာတွေကို ဖော်ထုတ်နိုင်တဲ့ မျက်လုံးတွေရှိတာပဲ။ ငါတို့ရဲ့ အချစ်က တကယ်အစစ်အမှန်ဖြစ်လို့ ငါတို့အချင်းချင်းကြားက ကတိတွေကို လူအများက မြင်နိုင်တာ။”
ယဲ့ယောင်း: "မင်း ဘာတွေပြောနေတာလဲ၊ CP ပရိသတ်က ဘာလဲဆိုတာ မင်းသိလား"
"ဒါပေါ့ သိတယ်လေ။"
လုရွှင်က သူအရင်ဖတ်ဖူးသော ပို့စ်ကို ပြန်သတိရသွားသလို မျက်ခုံးပင့်လိုက်သည်။
"ကြည့်ဦး၊ မင်း အင်တာနက်မသုံးဘူးလား၊ ဒီလို နာမည်ကြီး CP ဆိုတာကို မင်း တစ်ခါမှ မကြားဖူးသလိုနဲ့။ ဖိုရမ်တွေမှာ သိသိသာသာပြည့်နေတာကို။ CP ပရိသတ်တွေက ငါတို့ကို စုံတွဲတွေနဲ့ တူတူပဲလို့ ထင်နေကြသူတွေလေ။ နားလည်လား အတန်းဖော်ယဲ့"
မိန်းကလေးများ၏ ဆွေးနွေးမှုများက ယခုအချိန်တွင် လုံးဝမကြားရတော့သော်လည်း ကျန်ရစ်ခဲ့သော ပျော်ရွှင်ဖွယ် အငွေ့အသက်များက လေထဲတွင် လွင့်မျောနေပုံပင်။
လုရွှင်က "အတူတူ" ဟူသောစကားလုံးကို အလွန်သဘာဝကျကျလေသံဖြင့် ပေါ့ပေါ့ပါးပါး ပြောခဲ့ပြီး တစ်စုံတစ်ရာအမှားအယွင်းရှိသည်ဟု မထင်သကဲ့သို့။
ယဲ့ယောင်းက လုရွှင်၏ မျက်လုံးနက်များကို ကြည့်ပြီး ရုတ်တရက်ပြောလိုက်သည်။
"တကယ်တော့ ဒီလိုပို့စ်မျိုးတွေက မင်းအတွက် မကောင်းဘူး။ မင်းပဲ ယောက်ျားတွေကို မကြိုက်ဘူးလို့ အမြဲအလေးပေးပြောတာလေ။ ဒါပေမဲ့ လူတိုင်းက မယုံဘဲ နောက်တစ်မျိုးတွေးပြီး အရမ်းခေါင်းမာနေကြတုန်းပဲ။ ပတ်ဝန်းကျင်ကလူတချို့ မင်းကို ယောက်ျားချင်းကြိုက်တယ်လို့ မသိစိတ်က ထင်နေကြတာ။ သူတို့က မင်းကို ထပ်ပြီး နှောင့်ယှက်လိမ့်မယ်"
ယဲ့ယောင်းက လုရွှင် မျက်ခုံးပင့်ပြသည်ကို မြင်လိုက်ရကာ ခေတ္တရပ်သွားပြီး တစ်ဖက်လူ၏ အမူအရာက မကျေမနပ်ဖြစ်နေပုံပင်။
“သူတို့မှာ အဖွဲ့ရှိမရှိ ဒါမှမဟုတ် ဒီလိုမျိုး တစ်ခုခု ရှိမရှိ ငါကြည့်လိုက်မယ်၊ တစ်ခုခုရှိရင် အက်မင်တွေကို လူထုဖိုရမ်ထဲမှာ ငါတို့ကို ဒီလိုပြောနေတာတွေ ရပ်ခိုင်းဖို့ ပြောလိုက်မယ်။”
ယဲ့ယောင်းက လုရွှင်၏ မပျော်မရွှင်ဖြစ်နေသော မျက်ခုံးများကို ကြည့်လိုက်သည်။
ဤအရာမှာ သူ့တစ်ကိုယ်ကောင်းဆန်မှုဖြစ်ပြီး သူနှင့် လုရွှင်အကြောင်းကို လူတိုင်း ပြောနေသည်ကို တွေ့စဉ်က သူအလွန်ပျော်ခဲ့သည်။ သို့သော် တွေးကြည့်လျှင် ထိုအရာက လိင်တူချစ်သူ လုရွှင်အတွက် မကောင်းချေ။
လုရွှင်က ချက်ချင်းပြန်မဖြေဘဲ ယဲ့ယောင်းပခုံးကို ဖက်လိုက်သည်။
"မင်းရော ဘယ်လိုခံစားရလဲ"
ယဲ့ယောင်း အံ့ဩသွားသည်။
“ဘာမှမခံစားရဘူး”
"ဒါဆို ပြီးတာပဲလေ"
လုရွှင်၏ လေသံက စိတ်အေးသလို ဖြစ်သွားပြီး ယဲ့ယောင်း၏ ဆံပင်များကို ပွတ်သပ်ကာ ပျင်းရိစွာပြောလိုက်သည်။
"ပညာရှင်တစ်ယောက်က ပြောခဲ့ဖူးတာရှိတယ်။ 'လူတွေက အဲဒါကိုကြားရတာကြိုက်ပေမဲ့ မင်း အဲ့ဒါကို မကြိုက်ဘူးဆိုရင်တောင် မင်းထင်မြင်ချက်က ဘယ်လောက်အရေးကြီးလဲ' တဲ့။ လူတွေရဲ့ စိတ်အားထက်သန်မှုကို ငါတို့ထပ်မတွန်းပို့ရဘူးလေ၊ ရဲဘော်ယဲ့ နားလည်လား။”
ယဲ့ယောင်း၏ ပါးစပ်ထောင့်က ခဏမျှတွန့်သွားပြီး မျိုသိပ်လိုက်ကာ လုရွှင်၏ ခပ်ဆိုးဆိုးလက်ကို အမူအရာမဲ့စွာ ရိုက်ပစ်လိုက်သည်။
အဓိပ္ပာယ်မရှိလိုက်တာ ဒီစကားစုက ဒီလို သုံးဖို့ ရည်ရွယ်ထားတာ မဟုတ်ဘူးလေ!
***
မြို့လယ်လမ်းများတွင် ဖျော်ဖြေရေးအခမ်းအနားများစွာဖြင့် စည်ကားနေသည်။
အဆင့်မြင့်ဇိမ်ခံစတိုးဆိုင်များမှ အတန်အသင့်စျေးနှုန်းသင့်တင့်သည့် စတိုးဆိုင်များအထိ အဆင့်အတန်းတိုင်းမှ စားသုံးသူများ၏ စားသောက်ချင်စိတ်ကို ဖြည့်ဆည်းပေးနိုင်သည့် အဆင်သင့်စားသုံးကုန်များကို ရောင်းချပေးနေသည်။
သူတို့က ဆိုင်ဆိုင်းဘုတ်ကို အလင်းရောင်တောက်တောက်ဖြင့် ထိုးထားသော လင်းထိန်နေသည့် နာမည်ကြီးဇိမ်ခံအဝတ်အထည်ဆိုင်၏ တံခါးပေါက်ကို ကျော်သွားလိုက်သည်။
ယဲ့ယောင်းက ထိုတံဆိပ်ကို မှတ်မိ၏။ သူတို့အထက်တန်းကျောင်းတက်တုန်းက လုရွှင်၏ အဝတ်အစားတော်တော်များများတွင် ထိုတံဆိပ်ပါပြီး သူက ဤတံဆိပ်ကို အလွန် ကြိုက်နှစ်သက်ခဲ့သည်။ နောက်ပိုင်းတွင် သူတို့ဆက်ဆံရေးက ပိုကောင်းလာသည်နှင့်အမျှ လုရွှင်၏ ဝတ်စားဆင်ယင်မှုပုံစံက ပို၍သက်တောင့်သက်သာဖြစ်လာပြီး ဇိမ်ခံအမှတ်တံဆိပ် များ၏ အရိပ်ကိုပင် မမြင်ရတော့ပေ။
သူသိသလောက်ဆိုလျှင် လုရွှင်၏ မိသားစုနောက်ခံနှင့် တစ်ကြိမ်တည်း ဆယ်ထည် ဝယ်လိုက်လျှင်ပင် တစ်ဒေါ်လာသာ ကုန်သွားသလိုမျိုး ဖြုံလိမ့်မည်မဟုတ်။
ယဲ့ယောင်းက တံခါးပေါက်ရှေ့တွင် ရပ်လိုက်ပြီး လုရွှင်ကို ကြည့်လိုက်သည်။
"မင်း အဲ့ဒါကို ဝယ်ချင်တယ်မလား။ ကြည့်ဖို့ ငါ အဖော်လိုက်ပေးတယ်"
လုရွှင်က မည်သို့ပြန်ဖြေရမည်ကို အချိန်အတော်ကြာတွေးနေပုံပင်။ သူက ဆိုင်ဘက်ကို မနှစ်မြို့သလို တစ်ချက်ကြည့်ပြီး တုံ့ဆိုင်းခြင်းမရှိပြန်ဖြေလိုက်သည်။
“ငါ့လို လူချောလေးက နှစ်ဆင့်တန်ဂျုံအိတ်လိုဟာမျိုးနဲ့တောင် ကြည့်ကောင်းနေတာလေ။ ငါ့ရဲ့ ကြည့်ကောင်းမှုကို အဆင့်မြင့်ဖို့ နာမည်ကြီးဘရန်းတွေပေါ် မှီခိုရမှာလား။”
လုရွှင်က နဖူးပေါ်ရှိ ဆံပင်ကို နောက်ပြန်လှန်တင်လိုက်ပြီး အပေါက်တွင် ထင်ဟပ်နေသော သူ့ပုံကို ကြည့်လိုက်သည်။ ထို့နောက် နောက်ပြန်လှည့်လာပြီး ယဲ့ယောင်းနှင့် မျက်နှာချင်းဆိုင်ကာ မျက်ခုံးပင့်ပြလိုက်သည်။
“ငါက ချောတယ်မလား။ မင်းလည်း ငါ့ကြောင့်နဲ့ ဆွဲဆောင်ခံရတယ်မလား။ အတန်းဖော် ယဲ့ယောင်း”
ယဲ့ယောင်း “…”
ယဲ့ယောင်းက လုရွှင်အား ပရောပရည်လုပ်ရန် အခွင့်အရေးမပေးတော့ဘဲ ဘေးနားမှ သာမန်စျေးနှုန်းရှိသော အထည်ဆိုင်သို့ ဆွဲခေါ်သွားသည်။
သူတို့စိတ်ကြိုက်အဝတ်အစားများကို ကိုင်ပြီး ယဲ့ယောင်းနှင့် လုရွှင်က အဝတ်လဲခန်းဆီ လျှောက်သွားလိုက်ကြသည်။
ဤနေရာရှိ အဝတ်လဲခန်းများက အလွန်ကျယ်ပြီး ကျား-မသီးသန့်စီဖြစ်သည်။ ၀တ်စုံခန်းကြီးတစ်ခုစီတွင် ကာထားသည့် အကန့်ငယ်များစွာရှိသည်။
အမျိုးသားနှင့် အမျိုးသမီးအတွက် အဝတ်လဲခန်းများမှာ လက်ဝဲဘက်တွင် တစ်ခုနှင့် ညာဘက်တွင် တစ်ခုစီ အသီးသီး ရှိကြပြီး အပြင်ဘက်တံခါးများကို ကန့်လန့်ကာများဖြင့် ခြားထားသည်။ အရည်အသွေးညံ့အသံစစ်ကာစနစ်ကြောင့် အမျိုးသားအဝတ်လဲခန်းဝင်ပေါက်မှ အမျိုးသမီးအဝတ်လဲခန်းအတွင်းရှိ အသံများကို ယောင်ဝါးဝါးကြားနေရဆဲပင်။
"တင်းတင်း၊ ပြီးပြီလား၊ ငါ့အဝတ်တွေ လာကူပေးလို့ရမလား၊ ဒီဝတ်စုံက ဝတ်ရတာ အရမ်းခက်တယ်။"
"ပြီးပြီ၊ နင် ဘယ်အခန်းထဲမှာလဲ။"
ယဲ့ယောင်းက စိတ်မ၀င်စားဘဲ အမျိုးသားအဝတ်လဲခန်းထဲ ဝင်သွားကာ လုရွှင်နှင့်အတူ အခန်းငယ်တစ်ခုထဲသို့ ဝင်လိုက်သည်။
ယဲ့ယောင်းက သူ့အဝတ်အစားများလဲပြီးချိန် အပြင်တွင် ခဏမျှစောင့်ပြီးနောက် တစ်ခုခုမှားနေပြီဆိုသည်ကို သတိပြုမိလိုက်သည်။
လုရွှင် မထွက်လာသေးချေ။
အဝတ်အစားတွေလဲဖို့ ဒီလောက်အချိန်အကြာကြီးလိုလို့လား...?
သူအတွေးထဲနစ်နေစဉ် လုရွှင်၏အသံက သူ့ရှေ့ရှိ အခန်းငယ်မှ ထွက်လာသည်။
"ယောင်းယောင်း၊ မင်း လဲပြီးပြီးလား"
ယဲ့ယောင်း - "...??"
အိုး မဟုတ်ပါဘူး၊ ဒီကောင်လုရွှင် တစ်ခုခုတော့ ထပ်ဖြစ်လာပြန်ပြီ။
ယဲ့ယောင်း စကားမပြောမီ လုရွှင်က ပြုံးစစအသံလေးနှင့် ဒုတိယအကြိမ်ထပ်ပြောပြန်သည်။
"ငါ့ကို လာကူညီဦး၊ ဒီဝတ်စုံက အရမ်းဝတ်ရခက်တာပဲ၊ ငါတစ်ယောက်တည်းဝတ်လို့မရဘူး"
ယဲ့ယောင်းက အခန်းငယ်၏ တံခါးဆီသို့ လျှောက်သွားပြီး အေးစက်စွာ ပြောလိုက်သည်။
"ဝတ်ရတာ ခက်တယ်ဆိုရင် မဝတ်နဲ့လေ။ ရွှင်ရွှင်၊ မင်းရဲ့ အဝတ်ဟောင်းက မပြဲသေးတဲ့အတွက် မင်းဆက်ဝတ်လို့ရတယ်။ "
"…သေစမ်း။"
လုရွှင်က ပြုံးပြီး ခေါင်းထွက်လာကာ ယဲ့ယောင်း၏ လက်ကောက်ဝတ်ကို လက်ကြီးကြီးဖြင့် ဆုပ်ကိုင်လိုက်သည်။
"မင်း ဝင်လာခဲ့လေ"
ယဲ့ယောင်းက အခန်းတွင်းသို့ ပြင်းထန်စွာ ဆွဲသွင်းခံလိုက်ရသည်။ လုရွှင်က တံခါးပိတ်လိုက်ပြီး ယဲ့ယောင်းခေါင်းဘေး လက်တစ်ဖက်ဖြင့် ထောက်ကာ ယဲ့ယောင်းကို နံရံနှင့် ဖိကပ်လိုက်သည်။
သူက ယဲ့ယောင်းကို တိုက်ရိုက်ပိတ်လိုက်သည်။
လုရွှင်က ပြုံးပြီး အနီးသို့ ချဉ်းကပ်သွားကာ ဤနေရာက ပြည်သူပိုင်နေရာဖြစ်၍ အသံကို လျှော့လိုက်သည်။
"အခြားသူတွေရဲ့ အခင်ဆုံးသူငယ်ချင်းတွေက တစ်ယောက်ကိုတစ်ယောက် အဝတ်လဲဖို့ ကူညီပေးကြပေမဲ့၊ မင်းကတော့ လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းက အဝတ်ဟောင်းတွေဝတ်ဖို့ ပြောနေတာလေ။ တကယ်ကို နှလုံးသားမဲ့တာပဲ ယောင်းယောင်းလေး။"
လုရွှင်က ဖြည်းညင်းစွာ ပြောလိုက်ရာ သူတို့မျက်နှာများ အလွန်နီးကပ်သွားပြီးနောက် လုရွှင်က ရပ်လိုက်သည်။
သူတို့က အလွန်နီးကပ်နေသဖြင့် ယဲ့ယောင်းက မျက်လုံးအနည်းငယ်ပင့်လိုက်ရုံနှင့် လုရွှင်၏ နှုတ်ခမ်းများကို မြင်နေရသည်။
ယဲ့ယောင်းက ထိုကဲ့သို့သော အလားတူဇာတ်ကွက်များကို တီဗီတွင် အမျိုးသားဇာတ်ဆောင် များနှင့် အမျိုးသမီးဇာတ်ဆောင်များတွင် မြင်တွေ့ခဲ့ရသော်လည်း တစ်နေ့တွင် ကာဗက်တန် အနေအထားဖြင့် နံရံနှင့် ပိတ်မိနေလိမ့်မည်ဟု မထင်ခဲ့ပေ။
(T/N - ကာဗက်တန်အနေအထားဆိုတာက တစ်ဖက်လူက နံရံပေါ် လက်ထောက်ပြီး အပိတ်ခံထားရတာကို ပြောချင်တာပါ။)
သူတိတ်တခိုးချစ်မိသော အဖြောင့်အမျိုးသား၏ ဖိနှိပ်မှုတွင် ပိတ်မိနေခဲ့သည်။
လုရွှင်၏ နှုတ်ခမ်းများက မျဉ်းဖြောင့်ကဲ့သို့ အလွန်ပါးလွှာပြီး အရိုင်းဆန်သော ခံစားချက်ကို အလွယ်တကူ ပေးစွမ်းနိုင်သည်။ သူနှင့်မျက်နှာချင်းဆိုင်နေစဉ် ထိုနှုတ်ခမ်းများက အမြဲပြုံးနေပြီး အရိုင်းဆန်ဆန် ခံစားချက်က လုံးဝပျောက်ကွယ်သွား၏။
ဤအရာကသာ တီဗီရှိုးတစ်ခုဖြစ်မည်ဆိုလျှင် ဇာတ်လိုက်နှင့် ဇာတ်လိုက်မတို့ နမ်းနေလိမ့်မည်။
ယဲ့ယောင်းက သူ့အကြည့်များကို ရှောင်လိုက်ပြီး သူ့မျက်လုံးများထဲမှ အတွင်းစိတ်များကို ထုတ်ဖော်ခွင့်မပြုလိုက်ပေ။
လုရွှင်က ပြုံးပြီးပြောလိုက်သည်။
"ငါ့မှာ လက်နှစ်ဖက်လုံးမှာ ကျိုးပဲ့နေတာလေ၊ တစ်ယောက်တည်းအဝတ်လဲရတဲ့ ရှုပ်ထွေးတဲ့ လုပ်ရပ်ကို မလုပ်နိုင်ဘူး။ မင်းမှာ ငါ့ကို နှိပ်စက်ဖို့ နှလုံးသားရှိလား"
"ဒီသတင်းကြားရတာ စိတ်မကောင်းပါဘူး"
ယဲ့ယောင်းက ပူးပေါင်းပြီး သူ့လက်ကိုင်ဖုန်းကို ထုတ်လိုက်သည်။
"မင်းလက်တွေနာနေတယ်ဆိုတော့ ငါ့နှလုံးသားကို နာကျင်စေတယ်လေ။ ဒါကြောင့် အသုဘအကူအိမ်ကို ဖုန်းဆက်ဖို့ ငါကူညီပေးမယ်"
"ဒါဆို မင်းက ငါ့ကို မီးသဂြိုလ်စက်ထဲ မထည့်ခင် အဝတ်အစားလဲဖို့ ကူညီပေးလေ"
လုရွှင်က သူနှင့်အတူ အရှက်မဲ့စွာ ကျီစယ်လာသည်။
"ငါတို့ဆက်ဆံရေးက တခြားသူတွေထက် ပိုမဆိုးဘူးလေ။ တခြားသူငယ်ချင်းတွေ လုပ်နိုင်ရင် ငါတို့လည်း လုပ်နိုင်ရမှာပါ"
ဒါက ဂေးလွန်းတယ်လေ....
ယဲ့ယောင်းက သက်ပြင်းချရင်း လုရွှင်ကို ကျိုးကြောင်းဆီလျော်စွာ ခပ်ခွာခွာ တွန်းထုတ်လိုက်သည်။
"ဒါက တခြားသူတွေအတွက် ပုံမှန်ပါပဲ၊ ဒါပေမဲ့ သူတို့က မိန်းကလေးတွေလေ။ သူတို့ရဲ့ အဝတ်အစားတွေက ပိုပါးလွှာပြီး ဝတ်ရခက်တယ်၊ ဒါမှမဟုတ် သူတို့စကတ်ကို ဇစ်ဆွဲဖို့ အကူအညီလိုတယ်။ မင်းဆွယ်တာ ဝတ်ထားတာလေ။ ငါက မင်းရဲ့ ဆွယ်တာအင်္ကျီကို ဘယ်လို ကူညီပေးရမလဲ...မင်းအဝတ်တွေက ဇစ်ဆွဲစရာ ဘာမှမလိုဘူးလေ။”
ရုတ်တရက် ယဲ့ယောင်းက လုရွှင်၏ အဝတ်အစားတွင် ဇစ်တစ်ခုပါသည်ကို တွေ့ပြီး စကားရပ်သွားသည်။ ထိုဇစ်က ဘောင်းဘီဇစ်ပင်။
လုရွှင်၏ အတွေးများက ယဲ့ယောင်းနှင့် လျင်မြန်စွာ ချိတ်ဆက်မိသွားပြီး သူ့မျက်လုံးများက ယဲ့ယောင်းမျက်နှာပေါ် ရောက်သွားသည်။
"ဒီဇစ်ကို မင်း ကူညီပေးချင်တာလား၊ အကြံကောင်းပဲ၊ ငါ ဘာလို့ ဒါကို မတွေးမိခဲ့တာလဲ"
ယဲ့ယောင်း - “…”
ယဲ့ယောင်းက ပြတ်ပြတ်သားသားငုံ့ပြီး လုရွှင်၏ လက်မောင်းအောက်မှ ထွက်၍ နောက်ပြန်မလှည့်ဘဲ အခန်းထဲမှ ထွက်သွားသည်။ အခန်းတံခါးကို မပိတ်ခင် လုရွှင်၏ ရယ်မောသံကိုပင် ကြားလိုက်ရသည်။
ဒီသောက်အဖြောင့်ကောင်ရဲ့ နေ့စဉ်လုပ်ရပ်တွေက အလွန်အကျွံဖြစ်ပေမဲ့ သူအရမ်းပျော်နေတုန်းပဲ။
နောက်တစ်ကြိမ် သူတကယ်လုပ်ရဲမည့်ပုံပင်။
***
အဝတ်အစားများဝယ်ကာ စားသောက်ပြီးနောက် ရုပ်ရှင်ကြည့်ရန် အချိန်ကျပြီ။
ယဲ့ယောင်းက လက်မှတ်များကို ကြိုတင်ဘွတ်ကင်လုပ်ကာ လုရွှင်နှင့် အကောင်းဆုံး မြင်ကွင်းရှိထိုင်ခုံတွင် ထိုင်ကာ ရုပ်ရှင်စမည့်အချိန်ကို စောင့်နေလိုက်သည်။
ရုပ်ရှင်စပြချိန်တွင် ရုပ်ရှင်ရုံရှိ မီးများမှိန်သွားကာ ရုပ်ရှင်ရုံက ပေးထားသော 3D မျက်မှန်များ မှတစ်ဆင့် လုရွှင်၏ အမူအရာအား ရံဖန်ရံခါတွင် မျက်လုံးထောင့်စွန်းမှ သတိမထားမိစေဘဲ ကြည့်ရှုနိုင်သည်။
ဤဇာတ်ကား၏ ဇာတ်ကွက်က အလွန်ရိုးရှင်းသည်။ အဓိကဇာတ်လမ်းက သူငယ်ချင်းနှစ်ယောက်၏ အကူအညီနှင့် ဇာတ်လိုက်နှင့် ဇာတ်လိုက်မက တစ်ယောက်နှင့် တစ်ယောက် မနှစ်မြို့စရာအဖြစ်မှ ချစ်သူစုံတွဲလေးဖြစ်လာပုံအကြောင်းပင်။
မထင်မရှားသော အခြားဇာတ်ကွက်အနေဖြင့် ယောက်ျားလေး သူငယ်ချင်းနှစ်ယောက်က ဇာတ်လိုက်နှင့် ဇာတ်လိုက်မတို့တွဲခဲ့ချိန် ခံစားချက်များကို နားလည်သဘောပေါက်ခဲ့ကြ သော်လည်း စစ်မှန်သော ဖိအားနှင့် အကြောင်းအမျိုးမျိုးကြောင့် လက်တွဲဖော် ရှာမတွေ့ခဲ့ဘဲ နောက်ဆုံးတွင် အချစ်ရေးမှာ သူငယ်ချင်းအဖြစ်ရပ်တန့်သွားသည်။
အမှောင်ထဲမှာ အမျိုးသားနှစ်ဦးပါသည့်ဇာတ်ကွက်တိုင်း ယဲ့ယောင်းက လုရွှင်ကို ကြည့်ရန် မျက်လုံးများကို အနည်းငယ်ကစားခဲ့သည်။
ယဲ့ယောင်းက အနည်းငယ်စိတ်မသက်မသာဖြစ်မိသည်။
လုရွှင်က အမှန်ကို လိင်တူမုန်းတီးသူဖြစ်ပါက ထိုဇာတ်ကွက်မျိုးမြင်ရခြင်းကို အလွန်စက်ဆုပ်သင့်သည်။ အကယ်၍ လိင်တူမုန်းတီးသူဆိုသည်မှာ အပြောသက်သက်ဖြစ်ပြီး လက်တွေ့တွင် ယင်းကဲ့သို့ ငြင်းပယ်ခြင်းမျိုးမရှိလျှင် တုံ့ပြန်မှုတစ်စုံတစ်ရာရှိလာမည်မဟုတ်ပေ။
မှန်တယ်မလား။
ယဲ့ယောင်းအား အနည်းငယ်စိတ်သက်သာရာရစေသည့်အရာမှာ လုရွှင်၏အမူအရာမှာ များစွာပြောင်းလဲခြင်းမရှိပေ။
အချိန်ကြာလာသည်နှင့်အမျှ ရုပ်ရှင်က ပြီးသွား၏။ ရုပ်ရှင်ရုံရှိ မီးများ ပြန်ပွင့်လာပြီး လုရွှင်က 3D မျက်မှန်ကို ချွတ်ကာ လက်ဘေးရှိ ကိုလာကို ကောက်ယူ၍ တစ်ငုံသောက်လိုက်သည်။
ယဲ့ယောင်း - "...အဲဒါ ငါ့ ကိုလာခွက်ကြီး"
"အိုး?"
လုရွှင်က ကိုလာကို ခပ်ဝေးဝေးသို့ ကိုင်ကာ ကြည့်လိုက်ပြီးနောက် ယဲ့ယောင်းရှေ့မှာ နောက်ထပ် တစ်ငုံသောက်လိုက်သည်။
ယဲ့ယောင်း၏ အကြည့်ကို ဆန့်ကျင်၍ လုရွှင်က ကိုလာကို ဖြည်းညင်းစွာ သောက်လိုက်ပြီး တစ်ဖက်တွင်ရှိသော ကိုလာခွက်ကို ယဲ့ယောင်းလက်ထဲသို့ ထည့်ပေးလိုက်သည်။
"ငါတို့နှစ်ယောက်ကြား သောက်စရာတွေ ဝေမျှတာက အရမ်းထူးခြားနေလို့လား။ ငါ မင်းကို ဒီခွက်ပေးမယ်။"
လုရွှင်၏ အပြောအဆိုနှင့် အပြုအမူအားလုံးက ယခင်အတိုင်းပင်ဖြစ်ပြီး လိင်တူအချစ်ဇာတ်ကွက် ရုပ်ရှင်ကိုကြည့်ခဲ့ရ၍ လုံးဝစိတ်မသက်မသာဖြစ်ပုံမပေါ်။
ယဲ့ယောင်းက ရုပ်ရှင်ရုံမှထွက်ပြီး ကျောင်းဝင်းသို့ ပြန်မသွားမီ သူ့ကို စမ်းသပ်ရန် အလျင်စလို မလုပ်ခဲ့ပေ။ ကျောင်းဝင်းလမ်းအတိုင်း လျှောက်လာရင်း လုရွှင်က သူ့လက်ကို ဆုပ်ကိုင်ရန် ကြိုးစားစဉ် ယဲ့ယောင်းက စကားပြန်စလိုက်သည်။
"ဒီနေ့ရုပ်ရှင်ကို မင်း ဘယ်လိုထင်လဲ"
"ကောင်းတယ်လေ။ ချိုမြိန်တဲ့ အချစ်ဒရာမာတစ်ပုဒ်ပဲ"
လုရွှင်က လက်တစ်ဖက်တွင် စျေးဝယ်အိတ်ကို ကိုင်ထားပြီး ကျန်လက်ဖြင့် ယဲ့ယောင်း၏ လက်ကို ဆုပ်ကိုင်ထားကာ ဘာမှမတွေးမိသလို ရုတ်တရက်ပြတ်ပြတ်သားသားအမူအရာဖြင့် ပြောလိုက်သည်။
"ငါ့ရဲ့ ထင်မြင်ချက်ကို ဘာလို့မေးတာလဲ၊ မင်း အချစ်ထဲနစ်မွန်းပြီး ရည်းစားရှာဖို့ စဉ်းစားနေတာလား၊ ဒါကြောင့် ဒီဇာတ်ကားနဲ့ ငါ့ကို စမ်းသပ်ဖို့ သုံးခဲ့တာလား။"
ယဲ့ယောင်း - “…”
ဆက်စပ်သင့်တဲ့အရာက ဆက်စပ်မှုမရှိသလို မဆက်စပ်သင့်တဲ့အရာက မျက်စိစုံမှိတ် ဆက်စပ်နေတာပဲ။
သူက တကယ်ချစ်ချင်သော်လည်း လုရွှင်တွေးသလို အချစ်မျိုးမဟုတ်သည်မှာ သေချာ၏။
မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဟုတ်ဘူး။ လုရွှင်က အဲဒီရုပ်ရှင်မှာ လိင်တူချစ်တဲ့ ဇာတ်ကွက်ကိုတောင် မမြင်လိုက်တဲ့ပုံပဲ...
လုရွှင်က ယဲ့ယောင်းလက်ကို လွှတ်လိုက်ပြီး လည်ပင်းကို တံတောင်ဆစ်ကြားထည့်ကာ နှစ်ယောက်ကြားအကွာအဝေးကို ကျဉ်းမြောင်းစေလိုက်ပြီး ဒေါသတကြီးပြောလိုက်သည်.
"ဒါကို ငါတောင် မစဉ်းစားရသေးတဲ့အတွက် မင်းကိုလည်း ခွင့်မပြုဘူး။ တစ်ချိန်တည်း ဆက်ဆံရေးစဖို့ ငါတို့ သဘောတူထားတာ မဟုတ်လား။ ကောင်မလေးတွေနဲ့ လိင်ကိစ္စအတွက် မင်းသူငယ်ချင်းကို စွန့်ပစ်လို့မရဘူးနော်။"
"ငါ အဲဒီလိုမစဉ်းစားမိပါဘူးကွာ။"
ယဲ့ယောင်းက တကယ်ကို သတိပြုမိသွားပြီး လက်ကိုင်ဖုန်းကို ထုတ်လိုက်သည်။
"မင်းသားရဲ့ သရုပ်ဆောင်မှုစွမ်းရည်က ထိပ်တန်းလို့ ထင်လို့ပါ၊ ဒါကြောင့် မင်းရဲ့ ထင်မြင်ချက်ကို ကြားချင်ရုံလေးပဲ၊ တခြားရုပ်ရှင်ဝေဖန်သူတွေ ဘယ်လိုထင်မြင်ကြမှာလဲ ကြည့်ရအောင်။"
ရုပ်ရှင်သုံးသပ်ချက်များစွာ ရှိခဲ့သည်။ ယဲ့ယောင်းက ထိုအရာကို ယခုမှရှာတွေ့သလို ဟန်ဆောင်ပြီး လုရွှင်ကို ပြောလိုက်သည်။
"လူတော်တော်များများက ဇာတ်ပို့နှစ်ဦးက တစ်ယောက်နဲ့တစ်ယောက် ချစ်နေကြတယ်လို့ ထင်ပေမဲ့ အဆုံးမှာ မတွဲနိုင်တာ သနားစရာပဲ”
လုရွှင်က ခဏမျှအံ့အားသင့်သွားပြီး သူ့အမူအရာမှာ တစ်ခဏချင်းလေးနက်လာသည်။
"… ချစ်နေတယ်?"
လုရွှင်၏ ပေါက်ကွဲမှတ်အကြောင်းတွေးရင်း ယဲ့ယောင်းက စကားများကို ယခင်ထက် ပိုသတိထားကာ ပြောလိုက်သည်။
"လူတိုင်း အခု ဒီ CP မျိုးကို ကြိုက်တာဖြစ်နိုင်တယ်"
လုရွှင်၏ အမူအရာက တဖြည်းဖြည်းပျော့ပျောင်းသွားသည်။
"မိန်းကလေးတွေက ယောက်ျားတွေကြားက ခင်မင်ရင်းနှီးမှုဖော်ပြတာကို နားမလည်လို့ အချစ်လို့ ထင်ကြတာ သာမန်ပဲ၊ အဲဒါကို မေ့ပစ်လိုက်ပါကွာ။"
... လုရွှင်က တကယ်ကို မမြင်လိုက်ဘူးပဲ။ သူတို့နှစ်ယောက်က သူငယ်ချင်းတွေပဲလို့ ထင်နေတဲ့ပုံပဲ!
ယဲ့ယောင်းက စိတ်ထဲ ရှုပ်ထွေးသွားသလို ခံစားရပြီး လုရွှင်ကို မည်သို့ဆက်လက်စမ်းသပ်ရမည်ကို မသိတော့ပေ။ ဘာမှမဖြစ်ခဲ့သလို ရှေ့ကို ဆက်လျှောက်သွားလိုက်သည်။ ဆန့်ကျင်ဘက်အနေနှင့် လုရွှင်က အခြားတစ်မျိုး စိတ်ဝင်စားနေပုံရသည်။ ထိုစာကြောင်းကို ကြည့်ရန် သူ့လက်ကိုင်ဖုန်းကို ရွှင်မြူးစွာ ထုတ်လိုက်သည်။
လုရွှင်က သူ့ဖုန်းကို ကြည့်ရင်း ပြောလိုက်သည်။
"ဒီမှာ ပရိသတ်တွေအများကြီးရှိတယ်။ ငါတို့ရဲ့ CP ကို အားပေးတဲ့သူတွေ အများကြီးရှိနေရင် ကောင်းမယ်။ သူတို့ကြိုက်တဲ့အတွဲတွေအတွက် စိတ်ကူးယဉ်ဝတ္ထုတွေတောင် ရေးတဲ့သူ အများကြီးရှိတယ်၊ ဒါက စိတ်ဝင်စားဖို့ကောင်းတယ်။"
ယဲ့ယောင်းက ကူကယ်ရာမဲ့သွားသည်။
"အခြား CP ပရိတ်သတ်တွေ လုပ်တာကို မင်းက မနာလိုဖြစ်ပြီး မင်းရဲ့ကိုယ်ပိုင် fan art ကို တွေ့ချင်နေတာလား။"
“ငါ့မှာ ရှိမရှိကြည့်ချင်တာလေ။ မရှိဘူးလို့တော့ မပြော....”
လုရွှင်က ရုတ်တရက် ရပ်လိုက်ပြီး သူ့မျက်နှာ မည်းမှောင်သွားသည်။
ယဲ့ယောင်းက အံ့သြသွားပြီး လုရွှင်ကို ပြန်ကြည့်ပြီးနောက် လုရွှင်ဖုန်းထဲက အကြောင်းအရာကို မြင်လိုက်ရသည်။
လုရွှင်က ဓာတ်ပုံတစ်ခုသို့ နှိပ်လိုက်မိပြီး ပုံထဲရှိ လူများ၏ မျက်နှာများကို ရုပ်ရှင်ထဲမှ အမျိုးသားဇာတ်ပို့နှစ်ဦးဖြင့် အစားထိုးထားသည်။ သူတို့က နမ်းနေကြပြီး တစ်ယောက်က ခုတင်ပေါ် ဖိထားကာ တစ်ပုံလုံးက လိင်စိတ်ပြင်းပြမှုအပြည့်နှင့်။
၎င်းက အမျိုးသားနှစ်ဦးကြား လိင်ပိုင်းဆိုင်ရာအပြုအမူကို အရိပ်အမြွက်ဖော်ပြသည့် အိပ်ရာပေါ်က ပုံတစ်ခုပင်။
ယဲ့ယောင်းက လုရွှင်၏ ပခုံးကို ကိုင်ထားပြီး တုန်လှုပ်ချောက်ချားစွာ ပြောလိုက်သည်။
"မင်း ဘာကိစ္စရှိလို့လဲ၊ ဘာဖြစ်နေတာလဲ"
“အဆင်ပြေပါတယ်”
လုရွှင်က မျက်လုံးများကို မှိတ်ထားလျက် ဖြည်းညင်းစွာ ဆွဲချကာ ဖုန်းပင်မစာမျက်နှာသို့ ပြန်ဖွင့်ပြီး ဖန်သားပြင်ကို ပိတ်လိုက်သည်။
"ဒီလိုမျိုးမြင်ရတဲ့အချိန်ဆို နည်းနည်းတော့ ပျို့အန်ချင်သလို ခံစားရတယ်၊ ဒါကြောင့် ဆွဲချလိုက်တာ"
“…”
ယဲ့ယောင်း၏ နှလုံးသားက နစ်မြုပ်သွားပြီး ယခုအခိုက်အတန့်တွင် သူ့အမူအရာက အလွန်ကြည့်ကောင်းနေမည်မဟုတ်ဟု သံသယဖြစ်မိသည်။
ယဲ့ယောင်းက အသံထဲမှ ခံစားချက်များကို ထိန်းချုပ်လိုက်သည်။
"မလှုပ်နဲ့၊ ဒီမှာနေခဲ့။ မင်းအတွက် သံပုရာရည်တစ်ခွက်သွားဝယ်ပေးမယ်။"
လုရွှင်၏ အဖြေကို စောင့်မနေဘဲ သူ့ခံစားချက်များကို ဖုံးကွယ်ရန် အဝေးရှိ နို့လက်ဖက်ရည်ဆိုင်ကို လျှောက်သွားလိုက်သည်။
ဆောင်းဦးည၏ အစောပိုင်းလေတိုက်မှုမှ အေးစက်စက် အရိပ်အမြွတ်များ ထွက်ပေါ်လာစေပြီး ယဲ့ယောင်းအား တဖြည်းဖြည်းနိုးထလာစေခဲ့သည်။
လုရွှင်က အမှန်ပင် လိင်တူမုန်းတီးသူဖြစ်သည်။ အမျိုးသားနှစ်ဦး၏ အတွင်းကျကျမြင်ကွင်းကို မြင်လိုက်ရပြီး နေမကောင်းဖြစ်သွားသည်။
ယဲ့ယောင်းက သူ့ကိုယ်သူရယ်မောလိုက်ပြီး သူ့မျှော်လင့်ချက်များနှင့် သွေးဆောင်လိုသည့် အတွေးများ ပျောက်ကွယ်သွားသော်လည်း စိတ်သက်သာရာရသွားသလို ခံစားလိုက်ရသည်။
သူငယ်ချင်းကောင်းဖြစ်ခြင်းက ပိုကောင်းသည်။ မည်သို့ပင်ဆိုစေကာမူ ပထမအနေဖြင့် သူလိုချင်သည်မှာ လုရွှင်၏ ထာဝရသူငယ်ချင်းဖြစ်လိုခြင်းပင်။
ယဲ့ယောင်းထွက်သွားချိန် လုရွှင်က သစ်ပင်တစ်ပင်ကို မှီ၍ စောင့်ဆိုင်းနေခဲ့သည်။
သူက ပျို့အန်ခြင်းကို ခံစားရဆဲဖြစ်ပြီး သံပရာရည်ဆယ်ခွက်သောက်ပြီးသည့်တိုင် စိတ်ထဲမှ ပျို့အန်ချင်စိတ်က မပျောက်နိုင်ပေ။
ကြည့်လိုက်ရုံနှင့် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာပါ ပိုကောင်းလာစေမည့် အရာတစ်ခု လိုအပ်နေသည်။
လုရွှင်က သူ့လက်ကိုင်ဖုန်းကို ပြန်ထုတ်လိုက်ပြန်သည်။ သို့သော် အရသာရှိသော အစားအသောက်များ သို့မဟုတ် အမျိုးသမီးချောလေးများကို ကြည့်မည့်အစား သူ့မိုဘိုင်းလ်ဖုန်းအယ်လ်ဘမ်ကို နှိပ်လိုက်သည်။
လုရွှင်၏ မိုဘိုင်းလ်ဖုန်းအယ်လ်ဘမ်တွင် ပုံများစွာမရှိချေ။ အများစုမှာ သူနှင့် ယဲ့ယောင်းတို့၏ အုပ်စုဓာတ်ပုံများဖြစ်ပြီး ယခင်အကြိမ်ဖိုရမ်မှ သူရှာဖွေခဲ့သော ယဲ့ယောင်း၏ တစ်ကိုယ်တည်း ပုံနှင့် သူတို့နှစ်ဦး၏ CP ပုံများဖြစ်သည်။
လုရွှင်က ပုံများထဲမှ တစ်ခုကို ပေါ့ပေါ့ပါးပါးနှိပ်ကာ ချဲ့လိုက်သည်။ ထိုပုံက သူ ယဲ့ယောင်းကို ဖက်ပြီး အားကစားကွင်းမှ ထွက်သွားသည့်ပုံပင်။ သူတို့၏ ဦးခေါင်းများက အလွန်နီးကပ်နေပြီး တစ်ချက်ကြည့်လိုက်သည်နှင့် နှစ်ဦးသား ချစ်ခင်စွာ ပြောဆိုနေကြသည်ကို သိနိုင်၏။ တတိယလူအတွက် အလယ်၌ နေရာမရှိသလို တတိယလူလည်း ဘယ်တော့မှ ရှိလာမည်မဟုတ်။
လုရွှင်က နွေရာသီတွင် ဖရဲသီးဖျော်ရည်အေးတစ်ခွက်ကို သောက်လိုက်သကဲ့သို့ ဤပုံကို ကြည့်ပြီး မူးဝေပျို့အန်ခြင်းတို့က တဖြည်းဖြည်းပျောက်ကွယ်သွားကာ စိတ်ခံစားမှုများ ချိုမြိန်လာသည်။
လုရွှင်က ဖန်သားပြင်ပေါ်ရှိ ယဲ့ယောင်း၏ မျက်နှာကို ထိလိုက်ပြီး ကျေနပ်သော အပြုံးလေးကို ပြသလာသည်။
....