no

Font
Theme

အခန်း (၁၉) - ငါ မင်းနားမှာ ကပ်နေမယ်...

လုရွှင်က ယဲ့ယောင်းနောက်လိုက်ကာ အထက်တန်းကျောင်းဝင်းထဲသို့ ပတ်ကြည့်ပြီးနောက် သက်ပြင်းချလိုက်သည်။

"ကျောင်းအုပ်ကြီးက စုံတွဲငယ်ငယ်ရွယ်ရွယ်လေးတွေကို ဖမ်းဖို့ မကြာခဏရောက်လာတတ်တာ မှတ်မိသေးလား”

လုရွှင်က အတိတ်ကို ပြန်ပြောင်းပြောနေသည်။

"မင်းနဲ့ ငါက ဘေးကနေ အပျော်ရပ်ကြည့်ခဲ့ကြတာလေ။ သူက ငါတို့ကိုတော့ ဘယ်လိုမှ ဖမ်းလို့မရဘူး"

ယဲ့ယောင်း၏ အထက်တန်းကျောင်းတွင် ဆိတ်ငြိမ်သော နေရာမရှိသော်လည်း ရေမထည့်ထားသည့် ရေတံခွန်တစ်ခုရှိပြီး ၎င်းမှာ တစ်နှစ်ပတ်လုံးမီးမဖွင့်တတ်သောကြောင့် ကျောင်းတွင်းစုံတွဲများက ထိုနေရာ၌ ညဘက်ချိန်းတွေ့ခြင်းကို နှစ်သက်ကြသည်။

ထိုနေရာက အေးခြင်းကြောင့်ဖြစ်မည်လားမသိ။ ယဲ့ယောင်းက လုရွှင်နှင့်အတူ ညဘက် စာကျက်ပြီး အိပ်ဆောင်ကို မပြန်ခင် ကျောင်းအုပ်ကြီးက ကျောင်းသားများအား စောင့်ဖမ်းသည်ကို အကြိမ်ပေါင်းများစွာ တွေ့ခဲ့ရဖူးသည်။

"တကယ်တော့ သူက ငါတို့ကို သံသယဝင်နေတာ"

ယဲ့ယောင်းက ပြုံးလိုက်သည်။

"ထူးဆန်းလိုက်တာ၊ သူ ငါတို့ကို ဘယ်လိုတွေးနေလဲ ငါမသိဘူး"

"ဟုတ်ပါ့၊ မိန်းကလေးနှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် ပွေ့ဖက်တာ ဒါမှမဟုတ် လက်ချင်းတွဲလာတာကျ ဘယ်တုန်းကမှ သံသယမဖြစ်ခဲ့ဘူး။ ဒါပေမဲ့ ငါတို့ကိုကျ သံသယလာဝင်နေတယ်။ ဒါ ခွဲခြားဆက်ဆံလိုက်တာပဲ။”

လုရွှင်၏အမူအရာက သူခံစားခဲ့ရသော မတရားမှုကို ပြနေသည်။

ကျောင်းတံခါးမပိတ်သဖြင့် ဆယ်ကျော်သက်အချို့က ကျောင်းဘတ်စကက်ဘောကွင်းတွင် ကစားရန် ဝင်လာခဲ့ကြသည်။ ကစားကွင်းမှ ကြည်နူးစရာအငွေ့အသက်များက ယဲ့ယောင်းနားထဲကို တိုးဝင်လာ၏။

တစ်စုံတစ်ယောက်က ဆောင်းရာသီအားလပ်ရက်ကို အခွင့်ကောင်းယူကာ သစ်ပင်ကြီး တစ်ပင်ပေါ်တွင် ဒန်းတစ်ခုကို ဆင်ထားကြောင်း တွေ့ရှိခဲ့သည်။ ထိုအရာက လူတစ်ယောက် စီးရန် လုံလောက်သည်။

ယဲ့ယောင်းက ဒန်းကို ကြည့်ပြီး လုရွှင်ကို ပြန်ကြည့်လိုက်သည်။

"လမ်းလျှောက်ရတာ ပျင်းလို့လား"

လုရွှင်က ယဲ့ယောင်း၏အမူအရာကို ကောင်းစွာဖတ်နိုင်သည်။

"ထိုင်လိုက်၊ ငါ မပင်ပန်းသေးဘူး၊ မင်းကို အနောက်ကနေ တွန်းပေးနိုင်သေးတယ်။"

"ဒါက ငါတစ်ယောက်တည်းပဲ ထိုင်လို့ရတာ"

ယဲ့ယောင်းက တိုးတိုးလေးပြောလိုက်သည်။

"မေ့လိုက်တော့၊ အတူတူထိုင်ဖို့ နောက်တစ်နေရာရှာရအောင်"

"အခြားနေရာတွေကို ဘယ်သူကမှ သန့်ရှင်းရေးမလုပ်ထားဘူးလေ။ ညစ်ပတ်နေတာပဲ၊ ဒီနေရာကပဲ သန့်ရှင်းတာ"

လုရွှင်၏ မျက်နှာပေါ်တွင် ခပ်ညစ်ညစ် အပြုံးတစ်ခု ပေါ်လာသည်။

"တကယ်တော့ လူနှစ်ယောက် ဒီဒန်းပေါ်မှာ အတူတူထိုင်ဖို့ဆိုတာ မဖြစ်နိုင်တာတော့မဟုတ်ဘူး၊ အတန်းဖော်ယဲ့ ဆန္ဒရှိ မရှိဆိုတဲ့အပေါ်ပဲ မူတည်တယ်နော်"

လုရွှင်က ထိုသို့ပြောပြီး ခြေတစ်လှမ်းလှမ်းကာ ဒန်းပေါ်တွင် တင်ပါးလွှဲဝင်ထိုင်ပြီးနောက် ပေါင်ကို ပုတ်ပြ၍ ယဲ့ယောင်းကို ဖိတ်ခေါ်လိုက်သည်။

"လာလေ၊ အတန်းဖော်ယဲ့၊ ဒီ VIP ထိုင်ခုံက သက်သောင့်သက်သာနဲ့ လိုက်လျောညီထွေရှိတယ်။ ပြီးတော့ ၃၆ ဒီဂရီ အဆက်မပြတ် အပူချိန်ရှိပြီး ခုလိုဆောင်းရာသီမှာ မင်းကို နွေးထွေးစေနိုင်တယ်နော်!"

လုရွှင်က ပေါက်ကရစကားများကို ကျွမ်းကျင်စွာ ပြောတတ်ပြီး ယဲ့ယောင်းထံမှ ထိုင်ခုံကို လုယူလိုခြင်းမရှိပေ။ ယဲ့ယောင်းကို ကျီစားရသည့် ယခင်အတွေ့အကြုံများအရ တစ်ဖက်လူက သူ့စကားသံများကို ကြားပြီးလျှင် သူ့ကို လက်သီးနှင့်ထိုးလာမည်ဖြစ်သည်။ ထိုအချိန် သူက ထွက်ပြေးချင်ယောင်ဆောင်ကာ ယဲ့ယောင်းအား နေရာကို ပေးလိုက်မည်။

“ကောင်းပြီလေ။”

ယဲ့ယောင်းက ပြောလိုက်သည်။

"ယဲ့ကောကောက တကယ်ကို အရမ်းကောင်းတာပဲ၊ လုတိတိက အညံ့ခံဖို့ ဆန္ဒရှိတယ်၊ နေပါဦး မင်းဘာပြောလိုက်တာ..."

လုရွှင်က စကားတစ်ဝက်တစ်ပျက်နှင့် ခေတ္တရပ်သွားသည်။

ယဲ့ယောင်းက ရှေ့သို့ ခြေလှမ်းအနည်းငယ်လှမ်းပြီး အဆိုပါ VIP ထိုင်ခုံပေါ်တွင် တိုက်ရိုက် ထိုင်လိုက်သည်။

သူက ပေါ့ပေါ့ပါးပါးမထိုင်ဘဲ တစ်ကိုယ်လုံးအလေးချိန်ကို လုရွှင်ပေါ် တင်လိုက်၏။

လုရွှင်မှာ အတော်လေးအံ့သြသွားသည်။

ယဲ့ယောင်းက သူ့ပေါင်ပေါ်မှာ ထိုင်နေတယ်...

ယဲ့ယောင်းက သူ့ပေါင်ပေါ်မှာ ထိုင်နေတယ်ပေါ့!

လုရွှင်က ရုတ်တရက် အနည်းငယ်တုန်လှုပ်သွားသလို ခံစားလိုက်ရပြီး ခဏမျှ မိန်းမောသွားပြီးနောက် ယဲ့ယောင်း၏ခါးကို တင်းတင်းကျပ်ကျပ်ဖက်ထားလိုက်သည်။

ယဲ့ယောင်းက ၁.၈ မီတာရှိသည့် အရွယ်ရောက်ပြီးသူဖြစ်၍ မည်မျှပင်ပေါ့ပါးနေပါစေ အပေါ်မှ အသာအယာထိုင်နေသော်လည်း လုရွှင်က ဆောင်းလေကြောင့် ယဲ့ယောင်း လွင့်ပါးသွားမည်ကို ကြောက်သလို တင်းတင်းကျပ်ကျပ်ပွေ့ဖက်ထားသည်။

“ဒါက မနွေးဘူးနော်။ ငါက သာမန်အပူချိန်ကိုတောင် မခံစားရဘူး။”

ယဲ့ယောင်းက ဝေဖန်လိုက်သည်။

“မင်းဟာက ကြေငြာအတုပဲ”

လုရွှင်၏အသံက အနည်းငယ်တင်းကျပ်သွားသည်။

"ဘယ်လိုလုပ် ကြော်ငြာက အတုဖြစ်ရမှာလဲ။ ဝန်ဆောင်မှုက မဖွင့်ရသေးဘူးလေ၊ ဘောင်းဘီလေးထပ်ကနေ ဘယ်လိုလုပ်ပြီး အပူချိန်ကို ခံစားနိုင်မှာလဲ။ ငါတို့အိမ်ပြန်ရောက်တဲ့အခါ ဝန်ဆောင်မှုကို ဖွင့်ပြီး အပူချိန် ၃၆ ဒီဂရီအထိ ခံစားရစေမယ်၊ ဟုတ်ပြီလား"

ယဲ့ယောင်းက နှာရှုံ့လိုက်သည်။

“အရှက်မရှိလိုက်တာ”

လုရွှင်က မြေပြင်ပေါ် ခြေကန်လိုက်ရာ ဒန်းက ဖြည်းဖြည်းချင်း စတင်လှုပ်လာသည်။

ဒန်း၏ အရှိန်တိုးလာသည်နှင့် ရွေ့လျားမှုကလည်း တဖြည်းဖြည်းမြန်လာသည်။ ဒန်းလွှဲလိုက်ချိန်တွင် ယဲ့ယောင်းက လုရွှင်အပေါ် ဖြည်ညင်းစွာ မှီလိုက်သည်။

ယခု‌လေးတင် အရှက်မရှိသော စကားလုံးများနှင့် ပြည့်နှက်နေသော လုရွှင်က ထိုအခိုက်အတန့်တွင် ပြောစရာမဲ့သွား၏။

နှင်းကာအင်္ကျီထူထူများက ခြားထားသည်မှာ သိသာသော်လည်း လုရွှင်က သူ့လက်မောင်းကြားရှိလူက နွေးထွေးမွှေးပျံ့နေသည်ဟု ခံစားရပြီး ထိုနွေးထွေးမှုက သူ့ကို ပူလာစေသည်။

"မင်း လှုပ်တာ အရမ်းနှေးတာပဲ။ အားနည်းနည်းသုံးလေ။ ထမင်းမစားထားဘူးလား။

ယဲ့ယောင်းက ထပ်ပြောလိုက်၏။

အကယ်၍ တစ်စုံတစ်ယောက်၏ ပါးစပ်မှ ထိုသို့ဒေါသတကြီး ရွဲ့စောင်းသော စကားလုံးများ ထွက်လာပါက လုရွှင်က ထိုလူကို နောက်သုံးနှစ်ကြာအောင် လမ်းမလျှောက်နိုင်ရန် ရိုက်နှက်မည်ဖြစ်သော်လည်း ထိုသို့ပြောသူမှာ ယဲ့ယောင်းဖြစ်နေသည့်အခါတွင်မူ လုံးဝပင်။

ယဲ့ယောင်းက အလွန်ရင်းနှီးသောလေသံဖြင့် ပြောခဲ့ခြင်း။

လုရွှင်၏နှုတ်ခမ်းထောင့်များမှာ ကော့တက်လာပြီး ရိုးသားသလို အပြုံးလေးတစ်ခု ပေါ်လာသည်။

"ကောင်းပြီ၊ မင်းသွားချင်တဲ့နှုန်းအတိုင်း ကျေနပ်အောင် လုပ်ပေးမယ်‌နော်"

*****

လှည့်ပတ်ကစားပြီးနောက် ယဲ့ယောင်းနှင့် လုရွှင်တို့က ကျေနပ်စွာဖြင့် အိမ်သို့ ပြန်လာခဲ့ကြသည်။

ယဲ့ယောင်းက သူ့စိုးရိမ်မှုများကို လွှတ်လိုက်ပြီး ကစားရသည်ကို အလွန်ပျော်ရွှင်ခဲ့သည်။

သေချာသည်မှာ သူ့စိုးရိမ်မှုများနှင့် အတွေးလွန်မှုများကို ဘေးဖယ်ထားလျှင် သူလိုချင်သမျှကို လုပ်နိုင်၏။ သူ့ခံစားချက်များ ပိုနက်နဲလာမည်ကို စိတ်ပူနေစရာမလိုတော့ပေ။ အဘယ်ကြောင့်ဆိုသော် သူက ဒီလကုန်လျှင် ထွက်ပြေးနိုင်တော့မည်ဖြစ်၍ပင်။

အေးဆေးပေါ့...

ပျော်ရွှင်နေသော ယဲ့ယောင်းက ရေချိုးရန် သွားနေချိန် လုရွှင်က အိပ်ခန်းထဲတွင် သူတို့ နှစ်ယောက်အတွက် အိပ်ရာခင်းနေပြီး ယဲ့ယောင်း၏အခန်းကို စစ်ဆေးနေသည်။

သူ့ပစ္စည်းတွေအားလုံးကို ဘယ်မှာထားထားသလဲ၊ ဘာကြောင့်မို့ ဒီလောက်ရှင်းလင်းနေတာလဲ။

လုရွှင်က သူ့အင်္ကျီကို ချွတ်လိုက်ပြီး ယဲ့ယောင်း၏ အသုံးများဆုံးကုလားထိုင်ပေါ်တွင် တင်ကာ ခုတင်ပေါ်တွင် ခေါင်းအုံးနှစ်လုံးချလိုက်သည်။ အနည်းငယ်ကျေနပ်မှုမခံစားရမီအထိ တစ်ခုနှင့်တစ်ခု ထပ်ထားလိုက်သည်။

ခုတင်ခင်းပြီးသွားချိန် လုရွှင်က ခုတင်ဘေးရှိ စားပွဲဆီကို လှည့်ကြည့်ပြီး မျက်မှောင်ကြုတ် လိုက်ပြန်သည်။

သူ့အခြားပစ္စည်းတွေကို စိတ်မ၀င်စားပေမဲ့ သူတို့ နှစ်ယောက်ပါတဲ့ ဓာတ်ပုံကို ယဲ့ယောင်းက ဘယ်နားသိမ်းထားတာလဲ။ သူ မအိပ်ခင် အကြိမ်ပေါင်းများစွာ ကြည့်ရတာကို ကျင့်သားရနေတယ်လေ!

မှန်၏။ ထိုအရာမှာ အထက်တန်းကျောင်းတုန်းက ပြဿနာတစ်ခုပင်။ ကောလိပ်တက်ပြီးနောက် ယဲ့ယောင်းကို ဖက်အိပ်ရန် သင်ယူခဲ့ပြီးနောက် နှစ်ယောက်တွဲဓာတ်ပုံကို ထပ်ကြည့်ရန် မလိုအပ်တော့ပေ။

သို့သော် ဓာတ်ပုံက အလွန်အရေးကြီးနေဆဲပင်။

ဒါက သူနဲ့ ယဲ့ယောင်းတို့ရဲ့ ဓာတ်ပုံပဲ၊ ဒါကို ဘယ်လိုများဖယ်ထားနိုင်ရတာလဲ။

ယဲ့ယောင်းက ရေချိုးခန်းထဲမှ ထွက်လာချိန် လုရွှင်က ခုတင်ခေါင်းရင်းတွင် ထိုင်နေသည်ကို တွေ့လိုက်ရသည်။ အနောက်မှကြည့်လျှင် စိတ်ဓာတ်ကျနေသော ခွေးကြီးတစ်ကောင်လိုပင်။

"အဲ့မှာ ဘာလုပ်နေတာလဲ"

ယဲ့ယောင်းက အံ့ဩစွာ မေးလိုက်သည်။

လုရွှင်က ခေါင်းလှည့်ပြီး ဒေါသထွက်နေပုံပင်။

"ငါ မှတ်မိတာမှန်တယ်ဆိုရင် ဒီမှာ တစ်ခုခုတော့ ရှိသင့်တယ်လေ။"

"ဒါဆို မင်း မှတ်ထားတာ မှားနေပြီ။"

ယဲ့ယောင်းက ပြောသည်။

“…”

လုရွှင်က တုံးအဟန် ဆက်မဆောင်တော့ပေ။

“မင်း ဓာတ်ပုံကို ဘာလို့ဖယ်လိုက်တာလဲ၊ အဲဒါ ငါတို့နှစ်ယောက်ရဲ့ ငယ်ဘဝပုံရိပ်တွေလေ”

ယဲ့ယောင်းမှာ ဓာတ်ပုံကို ဖယ်ထားကတည်းက ထိုမေးခွန်းအတွက် ပြင်ဆင်ထားပြီးသားဖြစ်၍ ဖြည်းညင်းစွာ ပြန်ဖြေလိုက်သည်။

“ဒါက အရမ်းရုပ်ဆိုးနေတာလေ...ငါ မကြိုက်လို့။”

လုရွှင်က ယဲ့ယောင်းပြောသော ရုပ်ဆိုးသည်ဆိုသောအရာကို နားမလည်ပေ။ ယဲ့ယောင်းက ဘယ်အချိန်မဆို ချောသည်မှာ သိသာထင်ရှားသည့်အရာပင်။ သို့သော်လည်း ယဲ့ယောင်းကိုယ်တိုင်က ထိုကဲ့သို့ပြောလာ၍ သူဘာမှမလုပ်နိုင်တော့ပေ။

"ဒါဆို အသစ်တစ်ခုရိုက်ကြရအောင်"

လုရွှင်က မေးလိုက်သည်။

ယဲ့ယောင်းက ခဏမျှစဉ်းစားပြီး ခေါင်းညိတ်ပြလိုက်သည်။

"ကောင်းပြီ၊ အဲ့ဒါကို အမှတ်တရအဖြစ် သိမ်းထားလိုက်၊ ဒါဆို အရင်ရေချိုးလိုက်လေ၊ မင်း ရေချိုးပြီးရင် ဓါတ်ပုံရိုက်ကြရအောင်"

လုရွှင်က ရေချိုးခန်းထဲသို့ လျင်မြန်စွာ ပြေးသွားကာ ရေချိုးနေစဉ် ပြုံးနေပြီး ဓာတ်ပုံရိုက်ရန် နောက်မှ ရှာကြည့်မည်။

ဤပုံက ယခင်သူတို့ရိုက်ခဲ့သောပုံများလို သာမန်အဖွဲ့ဓာတ်ပုံမဟုတ်ချေ။ ၎င်းက အိပ်ခန်းထဲမှာ ရိုက်မည့်ပုံပင်။

ညဝတ်အင်္ကျီဝတ်ထားတဲ့ သူနဲ့ ယဲ့ယောင်းတို့ရဲ့ ဓာတ်ပုံက ထူးထူးခြားခြားအမှတ်အသားပဲလေ!

သူတို့နှစ်ယောက်အတူတူ ဓာတ်ပုံတွေအများကြီးရိုက်ခဲ့ကြသော်လည်း အများစုမှာ ဘေးချင်းကပ်လျက် သို့မဟုတ် လုရွှင်က ယဲ့ယောင်း၏ ပခုံးများကို ဖက်ပြီး လမ်းလျှောက်နေကြပုံများဖြစ်ပြီး သီးသန့်မရှိချေ။ အားလုံးက အပြင်တွင် ရိုက်ထားသော ပုံများပင်။

ဒီတစ်ခါ ဓာတ်ပုံတည်နေရာက ဘာကိုဖော်ပြတာလဲ။

ထိုအရာက သူတို့ချင်း ပိုနီးကပ်လာသည်ဟု ဆိုလိုခြင်းဖြစ်သည်။ ယနေ့မွန်းလွဲပိုင်းတုန်းကလည်း ယဲ့ယောင်းက သူ့ပေါင်ပေါ်ထိုင်ကာ ဒန်းစီးခဲ့သေးသည်။

ယခင်က လုရွှင်က ဓာတ်ပုံရိုက်ခြင်းကဲ့သို့သော အရာများကို အာရုံမစိုက်ခဲ့ချေ။ ယဲ့ယောင်းနဲ့ တွဲ၍ ဓာတ်ပုံရိုက်ရန်အတွက် ခဏမျှလှလှပပဟန်ပြရန်မှာ သူ့အတွက် နည်းနည်းခက်၏။ သူက လက်တစ်ဖက်ဖြင့် ရေပန်းကိုကိုင်ကာ ကျန်တစ်ဖက်ဖြင့် ဖုန်းပွတ်လိုက်သည်။

သူက သူငယ်ချင်းများ ဓာတ်ပုံရိုက်လျှင် ပေးသော ကိုယ်ဟန်များကို ရှာလိုက်သည်။ ဒေတာကြီးကြီးမားမားရှာဖွေမှုတွင် ကျား၊မ အမျိုးအစားကို ခွဲခြားထားခြင်းကြောင့် ဖြစ်ကောင်းဖြစ်နိုင်မည်။ အစပိုင်းတွင် အမျိုးသားသူငယ်ချင်းများကြား အုပ်စုဖွဲ့ဓာတ်ပုံများ ထွက်ပေါ်လာခဲ့သည်။ ဤအုပ်စုဓာတ်ပုံများကို ရိုးရှင်းစွာ အကျဉ်းချုပ်ဖော်ပြနိုင်သည်။

မင်းကြည့်ကောင်းတယ်၊ ငါကြည့်ကောင်းတယ်၊ အတူတူဆို ငါတို့က ဘုရင်တွေပဲ။ ကမ္ဘာပေါ်ကို ရောက်လာတဲ့ ကြောက်မက်ဖွယ်စွမ်းအားရှင်တွေပဲ...

"ရူးနေလား၊ ဘယ်သူက ဒီလိုပုံရိုက်ချင်မှာလဲ။"

လုရွှင်က တိုးညင်းသော အသံဖြင့် ပွစိပွစိ ပြောလိုက်ပြီး [အကောင်းဆုံးသူငယ်ချင်းများနှင့် အဖွဲ့လိုက်ဓာတ်ပုံရိုက်နည်း] ကို ထပ်မံရှာဖွေခဲ့သည်။

ယခုတစ်ကြိမ် ရှာဖွေမှုရလဒ်များ ပြောင်းလဲသွားသည်။ အမိုက်စား ချောမောဟန်ဆောင်သည့် ယခင်ဓာတ်ပုံများနှင့် နှိုင်းယှဉ်ပါက လူနှစ်ဦးကြား အပြန်အလှန်ဆက်ဆံမှုကို ပိုမိုအလေးပေးထားသည်။ ဥပမာအားဖြင့် တစ်ယောက်ကိုတစ်ယောက် လက်သီးချင်းတိုက်ခြင်း၊ လက်နှင့် လက်ကောက်ဝတ် အားလှဲခြင်း၊ သို့မဟုတ် ကစားကွင်းထဲတွင် တိုက်မိသည့် အခိုက်အတန့်များကို ရိုက်ကူးထားခြင်းပင်။

လုရွှင်က မျက်မှောင်ကြုတ်လိုက်သည်။ ဤအဖွဲ့ဓာတ်ပုံများတွင် တစ်စုံတစ်ရာ လွဲမှားနေကြောင်း ခံစားရပြီး ၎င်းက သူမျှော်လင့်ထားသည့်အရာမဟုတ်၍ ကူရာမဲ့သွားသည်။

သူငယ်ချင်းနှစ်ယောက်ကြား ရိုက်နိုင်သော ပိုကောင်းပြီး ပိုရင်းနှီးသည့် ဓာတ်ပုံများ လိုအပ်သည်။ သူက ဤသာမန်သူငယ်ချင်းများကဲ့သို့ ဓာတ်ပုံမရိုက်ချင်ပေ။

သင့်တော်သော ဓာတ်ပုံကို ရှာမတွေ့ဘဲ ရေချိုးခန်းထဲမှာ အချိန်အလုံအလောက်ဖြုန်းခဲ့ပြီးဖြစ်၍ လုရွှင်က ရေပူကို ပိတ်လိုက်ပြီး အဝတ်အစားဝတ်ကာ ရေချိုးခန်းထဲမှ မျက်မှောင်ကြုတ်ကာ ထွက်လာခဲ့သည်။

ယဲ့ယောင်းက ခုတင်၏ တစ်ဖက်တစ်ချက်တွင် လဲလျောင်းနေပြီး လက်ကိုင်ဖုန်းကို ကိုင်ကာ ဆော့ကစားနေသည်။ ထို့နောက် ရေချိုးခန်းထဲက ထွက်လာပြီး လက်ယမ်းပြနေသော လုရွှင်ကို မော့ကြည့်လိုက်၏။

လုရွှင်က ယဲ့ယောင်းနံဘေးကို လျှောက်သွားစဉ် ယဲ့ယောင်းက လက်ဆန့်လိုက်ပြီး အလျင်လိုနေသောကြောင့် လုရွှင်၏ ညဝတ်အင်္ကျီအပေါ်ပိုင်းက အောက်ပိုင်းထဲ ညပ်နေသည်ကို ဆွဲထုတ်ပေးလိုက်သည်။

သူ၏ လှုပ်ရှားမှုများက အလျင်မလိုဘဲ နှေးကွေးနေပြီး သွယ်လျလျလက်ချောင်းဖြူဖြူများက လုရွှင်၏ ဝမ်းဗိုက်ကြွက်သားများကို ပါးလွှာသောညဝတ်အင်္ကျီပေါ်မှတစ်ဆင့် ထိတွေ့လိုက်သည်။

"မင်း ဘာလို့ ဒီလောက်အလျင်လိုနေတာလဲ"

ယဲ့ယောင်းက လုရွှင်အား ခေါင်းအစခြေအဆုံးကြည့်ကာ အနီရောင်ဖျော့ဖျော့နှုတ်ခမ်းလေးကို ကွေးလျက် ပြုံးလိုက်သည်။

"ငါ ထွက်ပြေးမှာ ကြောက်နေတာလား"

လုရွှင်ကို အသက်ရှူသွင်းလိုက်သည်။ ယဲ့ယောင်း၏ လက်ချောင်းများက သူ့ဝမ်းဗိုက် ကြွက်သားများကို ထိတွေ့လိုက်စဉ် သွေးများ ပြင်းထန်စွာ တိုးလာသယောင်ရှိသည်။

အသက် ၂၀ အရွယ် အမျိုးသားတစ်ဦးက လမ်းပေါ်တွင် လမ်းလျှောက်ရုံဖြင့် တုံ့ပြန်မှုရှိသည်။ ယဲ့ယောင်းက မအံ့သြတော့ပေ။

"မင်းဘာသာ ဖြေရှင်းပြီးတာ ဘယ်လောက်ကြာပြီမို့လဲ၊ ရေချိုးခန်းထဲမှာ နာရီဝက်ရှိနေတာလေ၊ ဘာလို့ မဖြေရှင်းခဲ့တာလဲ"

"မဟုတ်ဘူး၊ ငါ မလုပ်ချင်ဘူး၊ ဒါက အချိန်ဖြုန်းတာပဲ"

လုရွှင်က မျက်မှောင်ကြုတ်ကာ ငြင်းဆိုခဲ့သည်။

“မင်းနဲ့ ဓာတ်ပုံအသစ်ရိုက်ချင်တယ်”

ယဲ့ယောင်းနှင့်အတူမဟုတ်ဘဲ နာရီဝက်မျှ အချိန်အလကားကုန်ဆုံးသွားခြင်းကို သူမကြိုက်ချေ။

လုရွှင်က တစ်ဖက်သို့ သွားပြီး ခုတင်ပေါ်တက်၍ စောင်ထဲဝင်ကာ ယဲ့ယောင်းကို မှီလိုက်သည်။

သူက အအေးဒဏ်ကို မကြောက်ပေ။ ဆောင်းရာသီတွင် သူ၏ကိုယ်အပူချိန်မှာ အမြဲမြင့်မားနေတတ်သောကြောင့် အိပ်ရာဝင်ပြီးနောက် ယဲ့ယောင်း၏ ခြေဖဝါးလေးကို အလိုအလျောက်ရှာလိုက်ပြီး နွေးထွေးစေရန် သူ့ကိုယ်ဖြင့် ဖုံးအုပ်ထားလိုက်သည်။

"ငါတို့ ဓါတ်ပုံရိုက်ဖို့ မင်းစဉ်းစားပြီးပြီလား"

ယဲ့ယောင်းက မေးလိုက်သည်။

“မရသေးဘူး။”

လုရွှင်က သူ့ဖုန်းကို လော့ခ်ဖွင့်ပြီး ယဲ့ယောင်းအား ရှာဖွေမှုမှတ်တမ်းကို ပြလိုက်သည်။

"သူတို့က ဓာတ်ပုံကောင်းကောင်းမရိုက်နိုင်ဘူး။ သူတို့ရဲ့ ကိုယ်ဟန်အနေအထားက မကောင်းသေးဘူး။"

"ငါလည်း တခြားအက်ပ်တွေမှာလည်း ရှာခဲ့တယ်၊ အဲဒါတွေကို မင်းကြိုက်လားဆိုတာ ကြည့်လို့ရတယ်။"

ယဲ့ယောင်းက လုရွှင်ရှေ့ သူ့လက်ကိုင်ဖုန်းကို ချပေးလိုက်သည်။

လုရွှင်က ခေါင်းမော့လိုက်သည်။

[အချစ်ဆုံးသူငယ်ချင်းနဲ့ ဘယ်လိုဓာတ်ပုံရိုက်ရမလဲ။ လာကြည့်ဦး။]

ပူးတွဲပါပုံတွင် ချစ်စရာကောင်းသော မိန်းကလေးနှစ်ယောက် ခေါင်းချင်းဆိုင်ကာ ပါးချင်းကပ်၍ ပျော်ရွှင်စွာ ပြုံးနေသည့်ပုံဖြစ်သည်။

အကြည့်တစ်ချက်နှင့်ပင် လုရွှင်က ဤပုံစံကို မှတ်မိသည်။

သူ အရင်က ယဲ့ယောင်းနဲ့ ဒီလိုပုံမျိုး မရိုက်ဖူးဘူး။

သူနဲ့ ယဲ့ယောင်းသာဆိုရင်...

"မင်း ဒါကို ကြိုက်လား"

ယဲ့ယောင်းက ရယ်မောလိုက်သည်။

လုရွှင်က အသက်ပြင်းပြင်းရှူကာ ယဲ့ယောင်းအပေါ် ဖိထားချင်သည့် သူ့ဆန္ဒကို ထိန်းချုပ်ကာ တင်းတင်းကျပ်ကျပ်ပွေ့ဖက်၍ ယဲ့ယောင်းလက်ကို ဆုပ်ကိုင်လိုက်ပြီး အသံအက်အက်ဖြင့် ပြောလိုက်သည်။

“ယောင်းယောင်း…”

လုရွှင်က ယဲ့ယောင်း၏ ဦးခေါင်းကို ဖြောင့်တန်းစွာ ကြည့်နေခဲ့ပြီး နောက်တစ်စက္ကန့်တွင် သူရင်းနှီးသော ရေချိုးဂျယ်ရနံ့ကို ရှူရှိုက်လိုက်သည်။

နူးညံ့ပျော့ပျောင်းသော ပါးပြင်များက သူ့ပါးပြင်ကို ဖိထားပြီး ပွတ်လိုက်တိုင်း ထိုအရာက ဗို့တစ်သိန်းလျှပ်စီးကြောင်းလိုပင်။

လုရွှင်က တုန်လှုပ်သွားပြီး သူ၏အတွေးများအားလုံးသည်လည်း ဗလာဖြစ်သွားသည်။

....

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment