Ch12 - Fighting! Love You
ယဲ့ယောင်းရောက်လာသောအခါ လုရွှင်က ခေါင်းငုံ့ကာ ကျောက်တုံးတစ်ခုပေါ်တွင် ထိုင်နေသည်ကို တွေ့လိုက်ရသည်။
ယဲ့ယောင်းက ပို၍စိတ်ပူသွားကာ ခြေလှမ်းကြဲများဖြင့် သူ့ထံသို့ ပြေးသွားသည်။
"ဘယ်လိုဖြစ်တာလဲ! ဘယ်နားဒဏ်ရာရတာလဲ! တက္ကစီခေါ်ပြီး ဆေးရုံပို့ပေးမှာမို့ နည်းနည်းလေးပဲ တောင့်ခံထားဦး! နော်..."
လုရွှင်သည် ခက်ခဲသည့်တိုက်ပွဲကို ကြုံတွေ့ခဲ့ရသဖြင့် ပင်ပန်းနေသော်လည်း ယဲ့ယောင်းကို ပြုံးပြလိုက်သည်။
"ဘာမှမဖြစ်ပါဘူး၊ စိတ်မပူနဲ့၊ ဒဏ်ရာသေးသေးလေးတွေပါပဲ"
ယဲ့ယောင်းသည် လုရွှင်ပြောသည်ကို မယုံခဲ့ချေ။ တက္ကစီရောက်လာသောအခါ လုရွှင်ကိုအတင်းအကျပ် ကားထဲသို့ထည့်ပြီး နှစ်ယောက်သား ဆေးရုံကို အမြန်သွားကြသည်။
ကားထဲမှ အလင်းရောင်ဖြင့် ယဲ့ယောင်းက လုရွှင်၏ဒဏ်ရာများကို စစ်ဆေးရန် စတင်ခဲ့သည်။
လုရွှင်ဖုန်းဆက်စဥ်က ခြေထောက်နာနေသည်ဟု ပြောခဲ့သောကြောင့် ယဲ့ယောင်း၏ ပထမဆုံးလှုပ်ရှားမှုသည် လုရွှင်၏ခြေထောက်များကို စစ်ဆေးရန်ပင်။
လုရွှင်ဝတ်ထားသည်မှာ အရောင်ရင့်သော ချောင်ချောင်ချိချိဘောင်းဘီရှည်တစ်ထည်ဖြစ်သည်။ ထိုအချိန်တွင် ဘောင်းဘီခါးရင်း၌ ဖုန်မှုန့်များဖြင့် များစွာညစ်ပတ်နေသည်။ သိသာထင်ရှားသည်က ဤအပိုင်းသည် တစ်ခုခုနှင့် ထိခိုက်မိခဲ့ခြင်း ဖြစ်ပေမည်။
ယဲ့ယောင်းက လုရွှင်၏ ဘောင်းဘီကို ဂရုတစိုက်ဖြင့် အနည်းငယ်ဆွဲတင်လိုက်သည်။ လုရွှင်၏ဒူးဆစ်မှ သွေးထွက်နေသောဒဏ်ရာကိုမြင်ရသောအခါ သူသည်စိုးရိမ်စွာဖြင့် လေမှုတ်ထုတ်လိုက်မိသည်။
တစ်ခါတစ်ရံတွင် အတန်းဖော်များက မထိရဲမကိုင်ရဲသူဟု တိတ်တဆိတ်ခေါ်ဝေါ်ကြသော သူသည် မျက်လုံးများ၌ စိုးရိမ်ပူပန်မှုများနှင့် ပြည့်နေသည်။
"ကားပေါ်ကဆင်းရင် မင်းကို ငါ ဆေးရုံထဲ သယ်ပေးသွားမယ်၊ မင်း လမ်းမလျှောက်နဲ့တော့"
"ဟင်?"
လုရွှင်အံ့အားသင့်သွားကာ ယဲ့ယောင်း၏အဆိုကို ချက်ချင်းပင် ငြင်းပယ်လိုက်သည်။
"မလိုပါဘူး၊ ကိုယ့်ဘာသာကိုယ်လျှောက်လို့ရတယ်"
သူသည် အခွင့်အရေးရသောအခါ ယဲ့ယောင်းနှင့် ကပ်နေနိုင်စေရန် ခြေထောက်ကို ရည်ရွယ်ချက်ရှိရှိ ဒဏ်ရာရအောင်လုပ်ခဲ့ခြင်းဖြစ်သည်။ ယဲ့ယောင်းကို သူ့အလေးချိန်ဖြင့် မဖိမိစေချင်ပေ။
ယဲ့ယောင်းကို ဖိမိသွားလျှင် သူ့နှလုံးသားလည်း နာကျင်သွားရမည်ပင်။
"ဒဏ်ရာအပြင်းအထန်မဟုတ်ဘူး။ သိပ်မဆိုးဘူးဆိုတာ သိတယ်။ မင်းက ငါ့ကိုတွဲပေးထား၊ ငါ တခြားခြေထောက်တဖက်နဲ့ ထိန်းပြီးလျှောက်မယ်။ ပြီးတော့ မင်းက ငါ့ကိုဆေးရုံထဲအထိ ပွေ့သွားမယ်ဆိုရင် ငါ အရမ်းရှက်သွားမှာ။ ငါ့မျက်နှာပျက်အောင် လုပ်ချင်တာလား?"
ယဲ့ယောင်းမှာ ရယ်ရမည်လား ဒေါသထွက်ရမည်လား မသိတော့ချေ။
"ဒီအချိန်မှာ မျက်နှာကို ဂရုစိုက်နေရသေးလား?"
"ဘာလို့ဂရုမစိုက်ရမှာလဲ?"
လုရွှင်က ဆွဲတင်ထားသော ဘောင်းဘီကို ပြန်ညှိပြီး ယဲ့ယောင်း၏ပခုံးများကို ပွေ့ဖက်ရန် ကြိုးစားသည်။
"မင်းက ငါ့ကိုတွဲပေးထားရုံပဲ၊ ငါက ခြေထောက်တစ်ဖက်နဲ့ လျှောက်မယ်"
ယဲ့ယောင်းက လုရွှင်၏ဆန့်ထုတ်ထားသောလက်ကို ကြည့်ကာ စိုးရိမ်သွားသည်။
လုရွှင်၏လက်များတွင်လည်း ဒဏ်ရာများရှိနေသည်။ ရန်ပွဲကြောင့် ရလာသော ဒဏ်ရာများဟု ထင်ရသည်။
ယဲ့ယောင်း၏ မျက်နှာအမူအရာပျက်ယွင်းသွားသည်ကို မြင်သောအခါ လုရွှင်က ချက်ချင်းပင်ပြောလိုက်သည်။
"ဒီနေရာနှစ်ခုပဲ ဒဏ်ရာရတာ၊ တခြားနေရာတွေ မထိခိုက်ဘူး။ တကယ်ပါ၊ ငါအမှန်ပြောနေတာ"
ယဲ့ယောင်းက လုရွှင်၏စကားကို မယုံခဲ့ဘဲ ကိုယ်တိုင်စစ်ဆေးမှုလုပ်ခဲ့သည်။ အမှန်တကယ် ထိုနေရာနှစ်ခုတည်းသာ ဒဏ်ရာရခြင်းကို အတည်ပြုပြီးနောက် သူ အနည်းငယ်စိတ်သက်သာရာရသွားသည်။
ဆေးရုံရောက်ရန် ဆယ်မိနစ်ကျော်ကျန်သေးသည်။ လုရွှင်က ရန်ပွဲ၌ ဒဏ်ရာရထားခြင်းကြောင့် သိပ်ပင်ပန်းနေမည်ဖြစ်သည်။
"ပင်ပန်းလား၊ လှဲအိပ်ချင်လား"
ယဲ့ယောင်းက ညင်ညင်သာသာမေးလိုက်သည်။
လုရွှင်က အသန့်ကြိုက်သူတစ်ယောက်ဖြစ်ပြီး ခရီးသည်ဘယ်နှစ်ယောက်တင်ခဲ့မှန်းမသိသော တက္ကစီပေါ်တွင် လှဲအိပ်ချင်စိတ်မရှိပေ။ ငြင်းဆန်ရန်အကြောင်းရှာနေစဥ် ယဲ့ယောင်းက သူ့ပေါင်ကို ပုတ်ပြလိုက်ခြင်းကို မြင်လိုက်ရသည်။
လုရွှင်က ယဲ့ယောင်း၏အဓိပ္ပာယ်ကို ချက်ချင်းနားလည်သွားသည်။
ယဲ့ယောင်းက သူ့ကို ပေါင်ပေါ်တွင် ခေါင်းချအိပ်ခိုင်းနေခြင်းပင်။
နှလုံးခုန်မြန်လာပြီး လုရွှင်က သိပ်ပျော်နေသည့်ခံစားချက်မပေါ်စေရန် မျက်နှာအမူအရာကို ထိန်းချုပ်ကာ အားနည်းနေဟန်ဆောင်ပြီး လှဲချလိုက်သည်။
လုရွှင်က ကိုယ်နေဟန်ထားကို ရည်ရွယ်ချက်ရှိရှိညှိလိုက်သည်။ မူလက သူ့မျက်နှာကို အပြင်ဘက်သို့ လှည့်ထားသော်လည်း မြန်မြန်ဆန်ဆန်စဉ်းစားပြီးနောက် သူ့ကိုယ်ကို ယဲ့ယောင်း၏ ဝမ်းဗိုက်ဘက်သို့ လှည့်လိုက်သည်။
ယဲ့ယောင်း၏ပေါင်သည် နူးညံ့ပျော့ပျောင်းသည်။ ယဲ့ယောင်း၏ကိုယ်သည် အလွန်မွှေးကြိုင်သည်။ ယဲ့ယောင်း၏ခြေထောက်များသည် သူ၏ခေါင်းအောက်တွင်ရှိနေပြီး ယဲ့ယောင်း၏ခါးနှင့်ဝမ်းဗိုက်က သူ့မျက်နှာနှင့် မဝေးလှပေ။ ကောင်းကင်ဘုံရောက်နေသည့် ခံစားချက်မျိုးပင်။
ယဲ့ယောင်း၏ရနံ့များဖြင့် ဝန်းရံခံနေရသည့်အတွက် လုရွှင်သည် သူ၏ ယဲ့ယောင်းရနံ့ရှူရှိုက်ချင်စိတ်များ ပြန်နိုးထလာသကဲ့သို့ ဖြစ်နေသည်။
ရင်းနှီးပြီးမွှေးကြိုင်သောရနံ့ကို ရှူမိလိုက်သည်နှင့် လုရွှင်သည် ယဲ့ယောင်း၏ တစ်ကိုယ်လုံးတောင့်တင်းသွားကြောင်းကို သတိထားမိလိုက်သည်။
သူက ယဲ့ယောင်း၏ ပေါင်ခြံကြားထဲသို့ မျက်နှာနှစ်ပြီး မြုပ်နေခဲ့သောကြောင့်ပင်။ မျက်နှာအောက်ဘက်သို့လှည့်ပြီး လှဲနေကာ ယဲ့ယောင်း၏စွဲမက်ဖွယ်ရနံ့ကို နက်ရှိုင်းစွာ ထပ်ကာထပ်ကာ ရှူရှိုက်နေခဲ့ခြင်းဖြစ်သည်။
လုရွှင်က တစ်ခဏမျှအံ့အားသင့်သွားသည်။ သူမျက်နှာမော့ကြည့်လိုက်သောအခါ ယဲ့ယောင်း၏ စိတ်ရှုပ်ထွေးနေသောမျက်လုံးများကို တွေ့လိုက်ရသည်။ ယဲ့ယောင်း၏ နားရွက်များသည်လည်း သွေးထွက်လုမတတ် နီရဲနေသည်။
"မင်း..."
ယဲ့ယောင်းက လုရွှင်ကိုကြည့်ကာ တကယ်ပင် ရှက်နေလေသည်။ သူ့လက်ကို လုရွှင်၏ပခုံးပေါ်တွင် တင်ကာ သူ့အား နောက်ပြန်တွန်းရန် ကြိုးစားနေသည်။
"အန်ချင်လား? နောက်မှ အချိုရည်ဝယ်ပေးမယ်"
ယဲ့ယောင်းက မေးလိုက်သည်။
လုရွှင်သည် ယခင်က CPများ၏ လိင်တူဓာတ်ပုံများကို မြင်သောအခါ အန်ချင်စိတ် ဖြစ်ပေါ်ခဲ့ဖူးသည်။သို့သော် ဤအကြိမ်တွင် သူ့မျက်နှာနှင့်ပါးစပ်က ထိုနေရာမျိုးကို ထိမိသွားခဲ့သည်။
"ငါက ဘာလို့အန်ချင်ရမှာလဲ ကားမူးတာမှ မဟုတ်တာ"
လုရွှင်က နားမလည်နိုင်စွာ ပြန်ဖြေလိုက်သည်။ အမှန်တကယ် သူကားလုံးဝမမူးသည့်အပြင် ကားထဲရှိ အပူချိန်ကြောင့် စိတ်ကုန်ခမ်းနေခြင်းဖြစ်သည်။
ယဲ့ယောင်းက မျက်နှာလေးနီရဲနေချိန်တွင် သိပ်လှသည်။
မှန်ပါသည်။ ယဲ့ယောင်းက မည်သည့်နေရာဖြစ်ဖြစ် သိပ်ကိုမွှေးကြိုင်သည်။
"ငါကတမင်သက်သက် လုပ်တာမဟုတ်ဘူး"
"ငါသိပါတယ်......"
ယဲ့ယောင်းက လုရွှင်သည် လိင်တူချစ်သူများကို မနှစ်သက်သော အဖြောင့်ကောင်ဖြစ်သောကြောင့် ဤအရာကို တမင်လုပ်ခဲ့ခြင်းမဟုတ်ဟု ထင်မိသည်။ သူက လုရွှင်၏ခေါင်းကို တွန်းပစ်လိုက်ပြီး ဆေးရုံရောက်ရန် စိုးရိမ်ပူပန်စွာဖြင့်ပင် စောင့်နေလိုက်သည်။
ဆေးရုံရောက်သောအခါ ခြေထော့ကျိုးလျှောက်နေသော လုရွှင်ကို တွဲ၍ ဆေးရုံထဲသို့ ဝင်ခဲ့သည်။ လုပ်ငန်းစဉ်အမျိုးမျိုးကို လုပ်ဆောင်ပြီးနောက် လုရွှင်ကို သူနာပြုထံအပ်၍ ဒဏ်ရာများကုသခိုင်းကာ အိမ်သာသို့သွားကာ ရေအေးဖြင့်မျက်နှာသစ်ရန် ခေတ္တအချိန်ယူလိုက်သည်။
“လုရွှင်က အဖြောင့်”
“လုရွှင်က အဖြောင့်”
“လုရွှင်က အဖြောင့်”
အရေးကြီးသောအရာကို သုံးကြိမ်တိုင်တိုင်ရွတ်ဆိုလိုက်ရင်း ယဲ့ယောင်းစဉ်းစားမိသည်။ သူ၏စိတ်ခံစားမှုက တဖြည်းဖြည်းငြိမ်သက်သွားသည်ဟု ထင်ရသည်။
သူ လုရွှင်ဆီသို့ပြန်သွားပြီး သူနာပြုညွှန်ကြားချက်များကို နားထောင်သည်။
"သိပ်မစိုးရိမ်ရပါဘူး၊ ဒဏ်ရာတွေက ခဏနေရင် ပျောက်သွားမှာပါ။ ပြေးတာကို နည်းနည်းလေးရှောင်ပါ၊ မပျောက်သေးခင် လက်တွေကို ရေမစိုစေနဲ့"
ယဲ့ယောင်းက ညွှန်ကြားချက်များကို တစ်ခုချင်းစီမှတ်သားပြီး ဆေးညွှန်းထဲမှ ဆေးများယူကာ လုရွှင်ကို တက္ကသိုလ်သို့ ပြန်ခေါ်လာသည်။
သူတို့အဆောင်ပြန်ရောက်သောအခါ ည ၁၂ နာရီကျော်သွားလေသည်။ ဝိန်းခယ်နှင့်အခြားသူများက မအိပ်ကြသေးချေ။ သူတို့က လုရွှင်ကို သတင်းမေးပြီး လူခြောက်ယောက်ကို တစ်ယောက်တည်းဖြင့် အနိုင်တိုက်ခိုက်ပြီး ဒဏ်ရာအနည်းငယ်သာ ရခဲ့သည်ဆိုသော လုရွှင်၏ ဇာတ်လမ်းပြောပြချက်အောက်တွင် သူ၏ ရဲရင့်ခန့်ညားသော ကြိုးပမ်းမှုများကို ယုံကြည်သွားကြသည်။
ယဲ့ယောင်းက လုရွှင်၏လက်မှာ ရေမထိသင့်သောကြောင့် မျက်နှာသုတ်ပဝါယူပြီး ရေဖြင့်ဆေးကာ လုရွှင်ကို မျက်နှာသစ်ပေးသည်။
"ဒီအားနဲ့ အဆင်ပြေလား?"
ယဲ့ယောင်းက မေးသည်။
"ရတယ်၊ မင်းစိတ်ကြိုက်လုပ်လို့ရတယ်၊ နည်းနည်းပိုပြီး ပွတ်ပေးရင်လည်း ရတယ်။"
ပုဝါအောက်ရှိ လုရွှင်၏နှုတ်ခမ်းများမှာ ကျေနပ်စိတ်ဖြင့် ပြုံးယောင်သန်းနေသည်။
ဒဏ်ရာရခြင်းက တန်သည်။ ယခု ယဲ့ယောင်းက သူ့ကို မျက်နှာသစ်ပေးနေသည်။ နောင်တစ်ချိန်တွင် ယဲ့ယောင်းက သူ့ကို ရေချိုးပေးခြင်း ဖြစ်လာနိုင်သည်။
ထိုသို့ဖြစ်လာမည်ဆိုပါက ကြိုတင်ပြင်ဆင်ထားရန်လိုသည်။ မည်သည့်ဟန်အနေအထားနှင့် နေရမည်ကို လေ့လာရန်လိုသည်။ သို့မှသာ ယဲ့ယောင်းအပေါ် ပထမဆုံးအကြိမ်ပြသမည့် ပြီးပြည့်စုံသောအထိမ်းအမှတ်ကို ချန်ရစ်နိုင်မည်ပင်။
လုရွှင်၏ ပျော်ရွှင်တက်ကြွစိတ်က သူအိပ်ပျော်သွားသည်အထိ ဆက်ရှိနေသည်။ သူက ပုံမှန်အတိုင်း ယဲ့ယောင်း၏အိပ်ရာပေါ်ကို တက်သွားချင်သော်လည်း ယဲ့ယောင်းက သူ့ကို တားမြစ်လိုက်သည်။
"မရဘူး။ အိပ်ရာက သိပ်ကျဉ်းတယ်၊ မင်းဒဏ်ရာကို ထိမိသွားလိမ့်မယ်၊ ကိုယ့်အိပ်ရာမှာပဲ အိပ်"
လုရွှင်၏ ပျော်ရွှင်တက်ကြွစိတ်မှာ ချက်ချင်းပြုတ်ကျသွားသည်။ ယဲ့ယောင်း၏ အငြင်းစကားကို ပြန်လည်တုန့်ပြန်လိုက်သည်။
"ဟုတ်ပါတယ်။ ငါတို့အတူအိပ်ရင် အရမ်းအိပ်လို့ကောင်းတယ်။ ရုတ်တရက်အိပ်ရာပြောင်းရင် ငါ အိပ်မပျော်လောက်ဘူး"
"ဟုတ်လား၊ အဲဒါဆို တက်လာခဲ့"
ယဲ့ယောင်းက ပြောသည်။
လုရွှင်က ပျော်ရွှင်စွာဖြင့် ယဲ့ယောင်း၏အိပ်ရာဆီသို့ ဆက်တက်သွားသည်။ ရောက်သောအခါ ယဲ့ယောင်း၏ ခြေထောက်ရှည်ကြီးများက ကပ်လျက်ရှိသော အိပ်ရာပေါ်သို့ တန်းကူးနေသည်ကို တွေ့လိုက်ရသည်။
"ငါက အိပ်ရာနဲ့ပတ်သက်ပြီး ပြဿနာမရှိဘူး၊ ဒီတော့ ဒီနေ့ အိပ်ရာလဲအိပ်ကြရအောင်"
လုရွှင် - "......"
လှပသောမျက်နှာကလေးနှင့်မှ မလိုက် ကြမ်းတမ်းသောနှလုံးသားရှိသည့် ယဲ့ယောင်းပင်။
မီးပိတ်ပြီးနောက် လုရွှင်က ယဲ့ယောင်း၏စောင်ကို ပွေ့ဖက်ပြီး နောက်အစီအစဉ်များအကြောင်း တွေးနေရင်း တဖြည်းဖြည်းအိပ်ပျော်သွားသည်။
လုရွှင်၏ခြေထောက်ဒဏ်ရာမှာ မလျှောက်နိုင်သည်အထိ သိပ်မဆိုးချေ။ ယဲ့ယောင်းသည် မနေ့ညက ဆရာဝန်ကို မေးခဲ့သည်။ ဖြည်းဖြည်းလေးလျှောက်လျှင်ရသည်ဟု ပြောခဲ့သောကြောင့် လုရွှင်တစ်ယောက်တည်း စာသင်ခန်းသွားရမည်ကို ယဲ့ယောင်းက အနည်းငယ်စိတ်သက်သာရာရသွားသည်။
"ခြေထောက်က နာပြီး မလျှောက်နိုင်တော့ရင် ငါ့ကိုမက်ဆေ့ချ်ပို့၊ ဒါမှမဟုတ် တခြားအတန်းဖော်တွေကို အကူအညီတောင်းပြီး ကူခိုင်းနော်"
"အိုကေ"
လုရွှင်က ယဲ့ယောင်း၏ပုံရိပ်ကလေး ပျောက်ကွယ်သွားသည်ကို ကျေနပ်စွာကြည့်ကာ ဖြည်းဖြည်းချင်း ဆက်လျှောက်သွားသည်။
ယဲ့ယောင်း ထွက်ခွာသွားသည်နှင့်တစ်ပြိုင်နက် လူစုလူဝေးများမှာ စတင်လှုပ်ရှားလာကြသည်။
လုရွှင်ဒဏ်ရာရသောသတင်းမှာ သတင်းအုပ်စုများစွာမှတစ်ဆင့် တိတ်တဆိတ်ပျံ့နှံ့သွားသည်။
လုရွှင်သည် မည်သူနည်း။ သူကချောသည်၊ ဤမျက်နှာတစ်ခုတည်းကိုပင် အားကိုး၍ နာမည်ကြီးတစ်ယောက်ဖြစ်လာနိုင်သည်။ သူ့ကိုကြိုက်သောသူ၊ တိတ်တဆိတ်ချစ်သောသူ မည်မျှရှိမှန်း မရေတွက်နိုင်တော့ချေ။
တစ်နိုင်ငံလုံးရှိ အချမ်းသာဆုံးမိသားစုများထဲမှ တစ်ခုဖြစ်သော ချမ်းသာသောမိသားစု၊ လုရွှင်ဘဝတစ်လျှောက်လုံး ရွှေပုံထဲ၌လှဲ၍ စားသောက်ပျော်ပါးနေရုံသာ။
ထို့ကြောင့် တချို့သောလူများက ယဲ့ယောင်းကို အစွမ်းအစမရှိသူဟု ထင်ကြသည်။ လုရွှင်နှင့် ဆက်ဆံရေးအလွန်ရင်းနှီးသော်လည်း ပိုက်ဆံပိုရရန် နည်းလမ်းမရှာတတ်သောကြောင့်ပင်။
လုရွှင်က အရပ်မြင့်ပြီး ချမ်းသာချောမောလှသူဖြစ်သောကြောင့် သူ့ကို အမြဲစောင့်ကြည့်နေသောသူများစွာ ရှိသည်။ ယခုကဲ့သို့ လုရွှင်ဒဏ်ရာရနေသောအချိန်ဆို ပို၍ပင် ကြည့်နေကြသေးသည်။
ဒဏ်ရာရသောကာလသည် လူတစ်ယောက် အထိခိုက်ခံရဆုံးအချိန်ဖြစ်သည်။ ဤအချိန်တွင် ဂရုစိုက်မှုပြသခြင်းက ပုံမှန်ထက်စာလျှင် လူတစ်ယောက်၏နှလုံးသားကို ချဉ်းကပ်ရလွယ်ကူစေပြီး လိင်ပိုင်းဆိုင်ရာမခွဲခြားဘဲ သူ၏မေ့မရနိုင်သော လမင်းဖြူလေးများ ဖြစ်လာစေနိုင်သည်။
စာအုပ်များတွင် ဤသို့ပင် ရေးထားသည်ပင် မဟုတ်လော။
လုရွှင်၏ အတိတ်မှ မယဉ်ကျေးသောဟန်ပန်ကြောင့် ထိုလူစုလူဝေးအသေးစားများထဲမှ အများစုသည် မယုံမရဲဖြစ်နေကြသဖြင့် မချည်းကပ်ကြချေ။ သန့်ရှင်းသွက်လက်ချောမောလှသော ယောက်ျားလေးတစ်ယောက်က ပထမဆုံးထပြီး ဦးဆောင်ကာ ရှေ့သို့ထွက်လာသည်။
သူ့မျက်နှာသည် ချောမွေ့ပြီး သိပ်နူးညံ့နေသည်။ ယဲ့ယောင်းကို အတုခိုးသော မိတ်ကပ်များကိုလည်း အထူးတလည် လိမ်းခြယ်ထားသည်။ မျက်နှာကို ဘေးတိုက်လှည့်ကြည့်ပါက ထောင့်တစ်ခုမှကြည့်လျှင် ယဲ့ယောင်းနှင့် အနည်းငယ်ဆင်လေသည်။
ထို့ကြောင့် သူပထမဆုံးထကာ ရှေ့သို့ထွက်ရဲသည်ပင်။
"အတန်းဖော်လေး စာသင်ခန်းသွားမှာလား။ မင်းဒဏ်ရာရထားတာလား။ ခြေထောက်က သွားရတာအဆင်မပြေဘူးလား။ ငါတွဲသွားပေးရမလား"
လုရွှင်က သူ့ကို မျက်လုံးပြူး၍ ကြည့်လိုက်သည်။
"မင်းနားလည်မှုမလွဲပါနဲ့။ ငါ့မှာအခြားရည်ရွယ်ချက်မရှိဘူး... မင်းကိုကူညီချင်လို့ပါ"
ယောက်ျားလေးက နှုတ်ခမ်းကိုကိုက်၍ ယဲ့ယောင်းနှင့် ပိုဆင်တူအောင်လုပ်ရင်း ပြောလိုက်သည်။
လုရွှင်၏မျက်နှာအမူအရာတွင် မကျေနပ်မှုတစ်ခု လျှပ်တစ်ပြက်ထွက်ပေါ်လာသည်။
"မင်းမျက်နှာပေါ်က မိတ်ကပ်အားလုံးဖျက်ပစ်မယ်ဆိုရင် ဒီစကားက ပိုယုံကြည်စရာကောင်းမှာပဲ" လုရွှင်က သရော်သံဖြင့်ပြောပြီး ဖြည်းဖြည်းလျှောက်နေခြင်းမှ ဆက်လက်ဟန်မဆောင်တော့ဘဲ ခြေလှမ်းကျဲများဖြင့် လူစုနှင့်ဝေးရာသို့ အမြန်လျှောက်သွားသည်။
ကျန်ရစ်ခဲ့သောယောက်ျားလေးက သူသယ်လာသောကျောပိုးအိတ်ထဲမှ ကြည့်မှန်လေးထုတ်ကာ သူ့ကိုယ်သူကြည့်လိုက်သည်။
မှန်ပေသည်။ သူက Nude Makeup (မိတ်ကပ်မှုန့်ပါးပါးလေးသာဆိုးထားသော သဘာဝအတိုင်းနီးပါးပုံစံ) လိမ်းခြယ်ထားခြင်းပင်။ မိတ်ကပ်အကြောင်းမသိသောသူဆိုလျှင် မိတ်ကပ်လုံးဝမလိမ်းထားသကဲ့သို့ မြင်ရမည်။ အဖြောင့်တစ်ယောက်ဟုပြောသော လုရွှင်က မည်ကဲ့သို့ချက်ချင်းသိနိုင်သနည်း။
ယဲ့ယောင်းသည် ယနေ့မွန်းလွဲပိုင်းတွင် ဘတ်စကတ်ဘောပြိုင်ပွဲရှိသည်။ လုရွှင်က စုံစုံလင်လင်အစီအစဉ်ဆွဲ၍ စာသင်ခန်းပြီးသည်နှင့် ကစားကွင်းဆီသို့ ဦးတည်သွားသည်။
သူသည် ဘတ်စကတ်ဘောကွင်းဘေးရှိ စားသောက်ဆိုင်မှ တစ်ရှူးတစ်ထုတ်နှင့် ယဲ့ယောင်းအကြိုက်ဆုံးရေတစ်ဗူးဝယ်၍ ဖြည်းဖြည်းချင်းလျှောက်ကာ ဘတ်စကတ်ဘောကွင်းစပ်သို့ ခြေထော့ကျိုးဖြင့် သွားလိုက်သည်။
ကွင်းပြင်မှာ ဝိုင်းအော်အားပေးရန်လာသော ကောလိပ်နှစ်ခုမှလူများ၊ ယဲ့ယောင်းကစားသည်ကို ကြည့်ရန်လာသော ပရိသတ်အမျိုးမျိုးတို့နှင့် ဝန်းရံနေသည်။ အားပေးသံများ၊ ရယ်မောသံများလည်း မပြတ်မလပ်ကြားနေရသည်။
ကစားပွဲစတင်ချိန်တွင် လူတိုင်းသည် ကစားပွဲကိုသာ အာရုံစိုက်နေကြသည်။ ဘေး၌ မည်သူရပ်နေသည်ကို သတိမထားမိကြပေ။
ဆံပင်တိုကောက်ကောက်ပျော့ပျော့ဖြင့် မိန်းကလေးတစ်ယောက်သည် ကွင်းစပ်ဘေးတွင်ရပ်၍ ယဲ့ယောင်းကို ဖုန်းနှင့် ဆက်တိုက် ဓါတ်ပုံရိုက်နေပြီး အတူပါသောသူနှင့်စကားပြောနေသည်။
"သူက တကယ်ကိုချောတာပဲ။ လက်ရှိကြယ်ပွင့်တွေထက်တောင် ပိုလှတယ်လို့ ထင်ရတယ်။ သူသာ ပွဲဦးထွက်ရင် တကယ်နာမည်ကြီးမှာပဲ။ အား... မင်းသားလောကက မလှတဲ့သူတွေနဲ့ အချိန်ကြာကြာ စိုးမိုးထားနေတော့တာပဲ"
"မှန်တယ်"
သူ့ဘေးမှ ဆံပင်ကောက်ကောက်နှင့်မိန်းကလေးက သဘောတူထောက်ခံလိုက်သည်။
"အား... ချောတဲ့ယောက်ျားတွေက အခုခေတ်မှာ ဖျော်ဖြေရေးလောကထဲ ဝင်ချင်စိတ်မရှိကြတော့ဘူး"
ဆံပင်တိုမိန်းကလေးက ခေတ္တမျှစဉ်းစားပြီး ခေါင်းခါလိုက်သည်။
"မေ့လိုက်ပါတော့၊ ဖျော်ဖြေရေးလောကက အရှုပ်တွေ သိပ်များတယ်၊ ငါတို့ရဲ့ အချောလေးယဲ့ယဲ့ကို ချုပ်ကိုင်ချင်တဲ့ ရွှေရောင်ပိုင်ရှင်တစ်ယောက်ရှိလာရင် ဘယ်လိုလုပ်မလဲ။ ငါတို့တွေ ယဲ့ယဲ့နဲ့ လုရွှင်ကို အောင်သွယ်လုပ်ပေးရအောင်။ လုရွှင်ကို ရွှေရောင်ပိုင်ရှင်လုပ်ခိုင်းပြီး ယဲ့ယဲ့ကို ကာကွယ်ခိုင်းရမယ်"
"သူတို့တွေကို အောင်သွယ်ပေးဖို့ လိုသေးလို့လား"
ဆံပင်တိုမိန်းကလေး၏တစ်ဘက်မှ အသံတစ်သံထွက်ပေါ်လာသည်။
"ယဲ့ယောင်း ဖျော်ဖြေရေးလောကထဲ ဝင်ချင်တယ်ဆိုရင် အဲဒါက အလိုလိုဖြစ်လာမှာပဲလို့ ထင်တယ်"
ဆံပင်တိုမိန်းကလေးက ဓာတ်ပုံရိုက်ခြင်းကိုသာ အာရုံစိုက်နေပြီး နောက်လှည့်မကြည့်မိချေ။ သူတို့ကဲ့သို့ပင် CP တွဲဖက်ကြိုက်သောသူတစ်ယောက်ဟုထင်ကာ ပေါ့ပေါ့ပါးပါးပြန်ဖြေလိုက်သည်။ "ဒါကတော့မတူဘူး၊ ကာကွယ်ပေးဖို့ဆိုတာ ပိုက်ဆံအရမ်းကုန်တယ်၊ ဖျော်ဖြေရေးလောကက ရေစီးကြောင်းလိုပဲ ပိုက်ဆံအရမ်းကုန်တယ်၊ မိန်းမလှလေးတွေကို လှလှပပပြုံးစေချင်လို့ ပိုက်ဆံအကုန်ခံတာလိုမျိုးပဲ၊ သူတို့နှစ်ယောက် ဆက်ဆံရေးအရမ်းကောင်းနေပေမဲ့ လုရွှင်က အဲလိုမျိုးတွေ လုပ်ချင်မှာမဟုတ်ဘူး"
"ဘာလို့ အဲဒီလောက် ရှုပ်ထွေးရမှာလဲ။ ယဲ့ယောင်း စိတ်ချမ်းသာရင် ပြီးတာပဲ"
ဆံပင်တိုမိန်းကလေးက စကားပြန်မပြောနိုင်တော့ချေ။
"......"
အဘယ်ကြောင့် CP ကို ဤမျှလောက် စိတ်အားထက်သန်နေသနည်း။ ထိုကဲ့သို့သော လူများက တစ်ဖက်ကိုသာ အာရုံစိုက်ပြီး မညီမျှခြင်းကို အဆုံးသတ်ရန် သူတို့၏ အကောင်းဆုံးကြိုးစားအားထုတ်မှုများနှင့် လုပ်ဆောင်တတ်သည်ဟု ဆိုကြသည်။ သူတို့သည် အဘယ်ကြောင့် တစ်ဖက်ကိုသာလျှင် မျက်နှာသာပေးနိုင်ကြသနည်း။ ထိုလူသည် CP လေ့လာသူစင်စစ်တစ်ယောက်ဖြစ်မည်ပင်။ သို့သော် သူမက စည်းမျဉ်းများကို နားမလည်သော ထိုလူအား ပညာပေးမည်ဟု ဆုံးဖြတ်ကာ နောက်သို့လှည့်ပြီး ဒေါသသံဖြင့် ပြောလိုက်သည်။
"ဒီမှာ၊ ရှင်..."
သူ၏ဘေး၌ ရပ်နေသော လူငယ်မှာ အရပ် ၁.၉ မီတာခန့်ရှိပြီး ဆောင်းတွင်းဝတ်စုံဝတ်ထားသော်လည်း အရပ်မြင့်၍ ခြေထောက်ရှည်ရှည်ပုံစံရှိသည်။ သူ၏ ရင်ဘတ်၌ ရေဗူးတစ်ဗူးကို ပွေ့ထားသည်။ ယဲ့ယောင်းအမြဲသောက်သော ရေတစ်မျိုးပင်။
မိန်းကလေးက သိပ်ဒေါသထွက်နေသည်ကို မြင်သောအခါ အံ့အားသင့်စွာဖြင့် မေးလိုက်သည်။
"ဘာလဲ၊ ငါတစ်ခုခုမှားပြောမိလို့လား"
မိန်းကလေးသည် ပြောမည်ပြင်ထားသော စကားလုံးများ ရပ်တန့်သွားကာ နောက်ဆုံးတွင်....
"ရှင်... ရှင် ပြောတာမှန်တယ်၊ ကောင်းတယ်၊ သိပ်ကောင်းတယ်"
သူမနံဘေး၌ ရပ်နေသော ယဲ့ယောင်း၏ပရိသတ်စစ်စစ်က လုရွှင်ဖြစ်နေမည်ဟု မထင်ထားမိ။ သူမ မည်သို့မျှ ပြန်မပြောနိုင်တော့ပေ။ သူပြောသမျှကို သဘောတူလက်ခုပ်တီးလိုက်ရုံသာ တတ်နိုင်တော့သည်။
လုရွှင်၏ မျက်နှာအမူအရာမှာ စိတ်ရှုပ်ထွေးကာ မကြည်လင်တော့ပေ။
"မင်းတို့က CPတွေကို ဘယ်လိုတွဲဖက်ကြိုက်ကြတာလဲ။ မင်းတို့က တကယ်အားပေးတတ်ကြတာ မဟုတ်ဘူး၊ သိပ်ချိုမြိန်မနေဘူး"
မိန်းကလေး - "......"
သူမ ဆွံ့အသွားခဲ့သည်။
CP ကိစ္စတွင် ကိုယ်ထောက်ခံသည့်သူထံမှ လက်တွေ့ဘဝသို့ ပြန်ရောက်လာစေရန် ရိုက်ချခံလိုက်ရခြင်းက တကယ်ကို မိုက်သည်ဟု ခံစားရသည်။
ကစားပွဲမှာ အချိန်တစ်ဝက်သို့ ရောက်သွားသည်။ ဘတ်စကတ်ဘောအသင်းနှစ်သင်းမှ အဖွဲ့ဝင်အများစုတွင် ရည်းစားများရှိသည်။ သူတို့ရည်းစားများသည် ရေဗူးများနှင့်အတူ သူတို့ဆီသို့ လာသောအခါ ရည်းစားများထံမှ ရေရသောကစားသမားများက စိတ်အားတက်ကြွပြီး စိတ်ဓာတ်များ မြင့်တက်သွားသည်။
ယဲ့ယောင်းတွင် ရည်းစားမရှိချေ။ အခြားမိန်းကလေးများထံမှ ရေကိုလည်း လက်ခံရန်လည်း ရည်ရွယ်ချက်မရှိချေ။ ထို့ကြောင့် သူ့အတွက်ရေဗူးကို ကြိုတင်ပြင်ဆင်ထားသည်။
သူ ရေဘူးကောက်ယူခါနီးတွင် ကစားဖော်တစ်ယောက်က သူ့ပခုံးကို တို့လိုက်သည်။
ကစားဖော်က ပြုံးပြီးရယ်နေသည်။ သူ့ရည်းစားသည်လည်း သူ့ဘေးတွင် ပါးစပ်ကိုလက်ဖြင့်အုပ်ကာ ရယ်နေသည်။ ကစားဖော်က ယဲ့ယောင်းအား ပြောလိုက်သည်။
"ယဲ့ယဲ့၊ မင်းရည်းစားက မင်းကို ရေယူလာပေးတယ်"
ယဲ့ယောင်း "...?"
ကွင်းစပ်ဘက်တွင် အော်ဟစ်သံအသေးစားများရှိနေသည်။ ယဲ့ယောင်းက နောက်သို့လှည့်ကြည့်လိုက်သောအခါ လုရွှင်သည် သူအကြိုက်ဆုံးအမှတ်တံဆိပ်ရေဗူးနှင့် သူ့ထံ လာနေသည်ကို တွေ့လိုက်ရသည်။
ယဲ့ယောင်းက အံ့အားသင့်၍ လုရွှင်ကို တွဲရန် ပြေးသွားသည်။
"ဘာလို့ ဒီကိုလာတာလဲ၊ အဆောင်ပြန်ပြီး အနားယူနေလို့မရဘူးလား"
"အနားယူတာထက် မင်းကစားတာကြည့်ဖို့က ပိုအရေးကြီးတယ်"
လုရွှင်က ရေကို ယဲ့ယောင်းထံသို့ပေးပြီး သူ့အိတ်ထဲမှ တစ်ရှူးထုတ်ကာ ယဲ့ယောင်း၏ ချွေးများကို သုတ်ပေးလိုက်သည်။
သူတို့နှင့် မဝေးလှသောနေရာတွင် သမီးရည်းစားအတွဲတစ်တွဲ စကားပြောနေကြသည်။ သူတို့ထံမှ စကားလုံးတစ်လုံးနှစ်လုံးက ကျယ်လောင်စွာပင် လွင့်မျောလာသည်။ လုရွှင်က နားထောင်ပြီး အသုံးဝင်သောစကားအချို့ကို သင်ယူခဲ့သည်။
သူသည် နှုတ်ခမ်းကိုမော့၍ ပြုံးလိုက်ကာ ယဲ့ယောင်း၏နဖူးမှ ပူနွေးသော ချွေးများကို ဂရုတစိုက်သုတ်ပေးရင်း ရှင်းရှင်းလင်းလင်းနှင့် သေသေချာချာပြောလိုက်သည်။
"ကြိုးစားထား! ချစ်တယ်"
ယဲ့ယောင်း - "......?"
ယဲ့ယောင်းက မမျှော်လင့်ဘဲ ရေကို မျိုချမိ၍ ပြင်းပြင်းထန်ထန်ချောင်းဆိုးသွားကာ မျက်နှာတစ်ခုလုံး နီရဲသွားသည်။