အခန်း - ၂
မနက်ခင်းပိုင်း ယဲ့ယောင်းမျက်လုံးဖွင့်လိုက်စဉ် မျက်စိဖမ်းစားစေခဲ့သည့် ပထမဆုံးအရာမှာ ရင်းနှီးပြီးသား မျက်နှာချောချောပင်။
လုရွှင်က နိုးလာပြီး သူ့ကို စူးရှရှ မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။
"မင်း ဘာကြည့်နေတာလဲ"
ယဲ့ယောင်းက ထိုလူအား အဝေးသို့ တွန်းထုတ်လိုက်ပြီး မနက်အစောကြီးတုန်ရီနေသည့် သူ့နှလုံးသားကို ငြိမ်သက်စေလိုက်သည်။
"ကြောက်စရာကောင်းလိုက်တာ၊ လူတွေကို နှိုးဖို့ ဒီလိုနည်းလမ်းမျိုးကို မင်း ဘယ်သရဲကားကနေ သင်ယူခဲ့တာလဲ"
လုရွှင်က ပြုံးလိုက်ရာ နှုတ်ခမ်းများကော့တက်သွားသည်။
"မင်းရဲ့ မျက်တောင်တွေက အထက်တန်းကျောင်းတက်တုန်းကထက် ၀.၀၂ မီလီမီတာ ပိုရှည်လာသလို ခံစားရတယ်"
"……"
ယဲ့ယောင်း အကြောဆန့်ကာ အိပ်ရာပေါ် လဲလျောင်းနေသော လုရွှင်ကို ကန်ထုတ်လိုက်သည်။
"အရူးလိုစကားတွေကို ရပ်စမ်း၊ ငါ အတန်းသွားတက်ရတော့မယ်၊ မင်း ခြေထောက်တွေကို ငါ့ပေါ်က ဖယ်ပြီး အိပ်ယာပေါ်ကနေ ထွက်သွားစမ်းကွာ"
လုရွှင်က ယဲ့ယောင်း၏ ခြေကျင်းဝတ်ကို သူ့ခြေထောက်နှင့် လှမ်းချိတ်လိုက်သည်။
"ဘာတွေလောနေတာလဲ၊ အတူတူ သွားကြရအောင်"
ယဲ့ယောင်းနှင့် လုရွှင်တို့က မေဂျာမတူကြ၍ အတန်းချိန်မတူကြပေ။ လုရွှင်က ဘဏ္ဍာရေးတွင် စာရင်းသွင်းခဲ့ပြီး ယဲ့ယောင်းက ဥပဒေပညာကို လေ့လာခဲ့သည်။
ယဲ့ယောင်းက လုရွှင် ထိုကိစ္စကို မည်သို့စီမံခန့်ခွဲသည်ကို မသိသော်လည်း ဘဏ္ဍာရေးမေဂျာ၏ ကျောင်းသားက သူတို့ပထမနှစ်မှစ၍ ဥပဒေအိပ်ဆောင်တွင် လာရောက်နေထိုင်ခဲ့ပြီး အခြားသူများနှင့်အတူတူ အတန်းတက်ရန် ယဲ့ယောင်း၏ အတန်းကိုပင် လာရောက်ခဲ့သည်။
ယဲ့ယောင်းက အတန်းမစမီ ဆယ်မိနစ်အလိုတွင် စာသင်ခန်းထဲသို့ သွားခဲ့ပြီး လုရွှင်က သူနောက်တွင် လိုက်ပါသွားခဲ့သည်။
သူနှင့် သူ့အခန်းဖော်အတွက် ထိုင်ခုံရှာပြီးနောက် ယဲ့ယောင်းက ရှေ့ဆုံးတန်းရှိ မိန်းကလေးမှ သူ့အား အပြုံးလေးနှင့် စနောက်လာသည်ကို ကြားလိုက်ရ၏။
"ယဲ့ယောင်းရေ၊ မိသားစုဝင်ကို အခန်းထဲ ခေါ်လာပြန်ပြီလား"
"ဒါပေါ့"
ယဲ့ယောင်း တစ်လုံးမှပြန်မဖြေခင် အဆိုပါ 'မိသားစုဝင်' က စိတ်ရောကိုယ်ပါ ဝင်ဖြေလိုက်သည်။
"သူက အရမ်းတွယ်ကပ်တဲ့ ဘေဘီလေးလေ၊ ငါနဲ့ ခွဲခွာရတာ မကြိုက်ဘူး"
ယဲ့ယောင်းက လုရွှင်ကို တစ်ချက်စိုက်ကြည့်လိုက်ရာ ထိုသူက ပြုံးပြီး နာခံစွာ ပါးစပ်ပိတ်လိုက်သည်။ ယဲ့ယောင်းက စားပွဲပေါ်ကို မှီကာ နောက်သင်ခန်းစာ၏ အကြောင်းအရာကို အနည်းငယ်ကြည့်လိုက်သည်။
လုရွှင်က အတန်းသားမဟုတ်သော်လည်း ယဲ့ယောင်း၏ အတန်းတစ်ခုလုံးက သူ့တည်ရှိမှုနှင့် ကြည့်ရှုမှုအပေါ် ကျင့်သားရနေပြီ။
ဘဏ္ဍာရေးဌာနတွင် အတန်းမရှိချိန်တိုင်း ကျောင်းနတ်ဘုရားလုရွှင်က ယဲ့ယောင်းအား အဖော်ပြု၍ ဥပဒေအတန်းတွင် တက်ရန် ယဲ့ယောင်းဘေးတွင် သေချာပေါက်ပေါ်လာလိမ့်မည်။
အတန်းခေါင်းလောင်းသံ မြည်ပြီးနောက် စာသင်ခန်းက တိတ်ဆိတ်သွားပြီး အသက်ကြီးကြီးဆရာ၏ ဟောပြောချက်အသံမှာ စာအုပ်လှန်လှောသံများ၊ မှတ်စုလိုက်မှတ်သံများနှင့် ရောထွေးနေသည်။
ယဲ့ယောင်းက စာလေ့လာမှုကို အမြဲအလေးအနက်ထားခဲ့သော်လည်း မည်သို့ပင်ဆိုစေကာမူ သူ့ဘေးနားရှိလူက စားပွဲပေါ်တွင် ကိုယ်တစ်ပိုင်း လှဲလျောင်းနေပြီး အခြားဘာမှမလုပ်ဘဲ သူ့ကိုစိုက်ကြည့်ချိန်၌ အာရုံစူးစိုက်ရန် ခက်ခဲပေသည်။
ဤလူက သူကြိုက်ရသူ မဟုတ်ခဲ့လျှင်တောင်မှ။
ယဲ့ယောင်းက လုရွှင်၏ မျက်လုံးများကို ဖုံးအုပ်ရန် လက်တစ်ဖက်ကို ဆန့်ထုတ်၍ လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
"ငါ့ကို စိုက်ကြည့်မနေနဲ့၊ သင်ခန်းစာကို နားထောင်နေ"
လုရွှင်က မျက်လုံးများကို အုပ်ထားသည့် ယဲ့ယောင်း၏ လက်ကို ကိုင်လိုက်ပြီး ထိုလက်ကို သူ့ပေါင်ပေါ်တင်ကာ အကြည့်ကို ရုပ်သိမ်းလိုက်သည်။
အတန်းခေါင်းလောင်းသံအဆုံးတွင် နောက်တစ်ချိန်၌ အတန်းရှိသည့် လုရွှင်က မတ်တတ် ထရပ်လိုက်သည်။
"ငါ သွားတော့မယ်။ ငါအနားမရှိချိန် မင်းကို ကြိုက်တဲ့ ကောင်မလေးတွေကို ခိုးကြောင်ခိုးဝှက်နဲ့ မတွေ့နဲ့နော်၊ အနည်းဆုံးတော့ ငါရှိနေချိန်အထိစောင့်"
လုရွှင်က ပြောလိုက်သည်။
ယဲ့ယောင်းက လုရွှင်ကို ထွက်သွားရန် တွန်းလိုက်ပြီး လုရွှင်တစ်ယောက် တံခါးဝတွင် ပျောက်ကွယ်မသွားမီအထိ ကြည့်နေလိုက်သည်။
တကယ်လို့သာ...
လုရွှင်က သူဘယ်သူကို ကြိုက်တယ်ဆိုတာ သိခဲ့မယ်ဆိုရင် သူ့ကို ဒီလိုထပ်ပြီး စိတ်ရှုပ်စေမှာမဟုတ်တာ သေချာပါတယ်။
ယဲ့ယောင်းက သူ့ဘာသာပြုံးလိုက်သည်။
သူသာ ကောင်မလေးများကို တကယ်ကြိုက်ပါက ယခုလို သူ့ခံစားချက်အစစ်အမှန်ကို ရှာဖွေတွေ့ရှိသွားမည်ကို ကြောက်နေစရာမလိုချေ။
လုရွှင်က ဘေးနားရှိ ခုံတန်းလျားတွင် ထိုင်လျက် ဖိနပ်ကြိုးများ ချည်နှောင်နေစဉ် သူ့အသင်းဖော်တစ်ဦးက ဘေးတွင် ထိုင်နေခဲ့သည်။
"လုကော၊ ငါ မင်းကို တစ်ခုမေးပါရစေဦး"
သူ့အသင်းဖော်၏ အသံက လျှို့ဝှက်ဆန်းကြယ်မှုများအပြည့်နှင့်။
"ငါ နှိုက်နှိုက်ချွတ်ချွတ် ရှာခဲ့ပြီးပြီ၊ ဒီအကြောင်းကို မင်းတစ်ယောက်ထဲ အသိဆုံးလို့ ခံစားရတယ်"
လုရွှင်က မော့ပင်မကြည့်လာချေ။
"ဘာဖြစ်လို့လဲ"
သူ့အသင်းဖော်ကြီးက ပြီတီတီပြုံးလိုက်သည်။
“လုကော၊ မင်း ဥပဒေဌာနက ယဲ့ယောင်းနဲ့ ခင်မင်နေလို့ မေးချင်နေတာ… ယဲ့ယောင်းမှာ ရည်းစားရှိလား”
လုရွှင်က သူ၏ဖိနပ်ကြိုးများ ချည်နှောင်ခြင်းကို ရပ်လိုက်ပြီး သူ့အသင်းဖော်ကို လှည့်ကြည့်လာသည်။
"မင်းက ဘာလို့ ဒီလိုမေးတာလဲ"
"ဒီလိုပါကွာ၊ ငါ့မှာ ယဲ့ယောင်းကို အရမ်းသဘောကျနေတဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်၊ ဒါပေမဲ့ သူမမှာ သူနဲ့ စကားစမြည်ပြောဖို့ အခွင့်ကောင်းတွေ အများကြီးမရှိလို့ ယဲ့ယောင်းကို တစ်ခုခုတိုက်ဖို့ အခွင့်ရေးရချင်နေတာ။ အဲဒီအချိန်ရောက်ရင် လုကောက ငါ့ကို ကူညီပြီး နည်းနည်းပြောပေးလို့ရမလား"
အသင်းဖော်က မေးလိုက်သည်။
လုရွှင်က ဘာမှပြန်မပြောချေ။ သူ့နှုတ်ခမ်းထောင့်များက အနည်းငယ်တွန့်သွားပြီး တစ်ခုခုမှားနေကြောင်း မခံစားရသော သူ့အသင်းဖော်က ထပ်မံ၍ စကားကောင်းများ ပြောရန် ကြိုးစားလိုက်သည်။
"ငါ့သူငယ်ချင်းက အရမ်းလှပြီး ကိုယ်ရည်ကိုယ်သွေးလည်း ကောင်းတယ်၊ နည်းနည်းလောက် စကားစမြည်ပြောတာက သူတို့အတွက် မဆိုးဘူး"
"သူ အခု ဆက်ဆံရေးတစ်ခုစဖို့ အစီအစဉ်မရှိဘူးထင်တယ်"
လုရွှင်က ပြောလိုက်သည်။
"ရပါတယ်ကွာ၊ သူမ သူ့ကို ဆွဲဆောင်နိုင်တယ်ဆိုရင် သူတို့ကြားက အကွာအဝေးက တဖြည်းဖြည်းပျောက်ကွယ်သွားလိမ့်မယ်"
အသင်းဖော်က အလွန်အထိန်းအချုပ်မဲ့စွာ ရယ်မောလိုက်သည်။
“…အဲဒါကို နောက်မှ ပြောကြရအောင်”
လုရွှင်က မတ်တပ်ထရပ်ပြီး ဘေးနားရှိ ဆိုင်ငယ်လေးဆီ လျှောက်သွားလိုက်သည်။
သူ့နောက်တွင် အသင်းဖော်များက နောက်ပြောင်ပြီး တွန်းတိုက်နေကြသည်။
"မင်းက လုကောရဲ့ မိန်းမကို ကောင်မလေးနဲ့ မိတ်ဆက်ပေးခိုင်းတာလား၊ ကျွမ်းကောရေ၊ ဒါကို မင်း ဘယ်လိုတောင်လုပ်နိုင်တာလဲ"
"အဲဒါက လုကောကို သူ့ကိုယ်သူဖောက်ပြန်ခိုင်းတာပဲ မဟုတ်လား"
"မင်းတော့ သွားပြီ"
"မင်း ငါ့အတွက် ကောင်မလေးတစ်ယောက် မမိတ်ဆက်ပေးရင် ဒီနေ့ဒီကွင်းကနေ ထွက်သွားနိုင်မှာမဟုတ်ဘူး"
အဖြောင့်အမျိုးသားများက ရယ်မောနေကြသည်။ မည်သူမျှ ဟာသကို အလေးအနက်မထားဘဲ လုရွှင်က အဖြောင့်တစ်ယောက်ဖြစ်ကြောင်း လူတိုင်းသိကြသည်။
ကစားပွဲက အလွန်ပြင်းထန်ပြီး ရမှတ်က တစ်ချိန်လုံးကပ်နေသော်လည်း ယခုနှစ်အတန်းထဲရှိ အရပ်ရှည်ရှည်အမျိုးသားများ ပါသော ဘဏ္ဍာရေးဌာန၏ ဘတ်စကတ်ဘောအသင်းက နောက်ဆုံးတွင် အသာစီးရနေဆဲပင်။ ဘဏ္ဍာရေးအသင်းမှ နောက်ဆုံးမိနစ်တွင် သုံးမှတ်ကပ်နိုင်ကာ ဘတ်စကက်ဘောကစားပွဲကို အနိုင်ရခဲ့သည်။
ယဲ့ယောင်းက လယ်ကွင်းအစွန်းရှိ ခုံတန်းလျားတွင် ထိုင်ကာ အနည်းငယ်မောဟိုက်နေပြီး နဖူးမှ ချွေးများကို လက်ကောက်ဝတ်ဖြင့် သုတ်လိုက်သည်။
သူ့အသားအရေက ဖြူဖွေးနေပြီး ချွေးများစိုလူးနေလျှင်ပင် ညစ်ပတ်နေမည့်အစား ရေထဲ စိမ်ထားသော စကျင်ကျောက်လို ထူးဆန်းသောအလှကို ပိုင်ဆိုင်ထား၏။
ကသောင်းကနင်းဟစ်အော်သံများက နားထဲ ဆူညံစွာ ကြားနေရပြီး ယဲ့ယောင်းက အလွန်ရေငတ်သလို ခံစားလိုက်ရသည်။ သူက လုရွှင်၏ ရေဘူးကို တိုက်ရိုက် သောက်ဖူးသော်လည်း သူ့သူငယ်ချင်းသံယောဇဉ်က ပြောင်းလဲသွားပြီး အခြားအရာတစ်ခု ဖြစ်လာသောကြောင့် အပြုအမူကို ထိန်းချုပ်ခဲ့သည်။
ထိုအချိန်တွင် နူးနူးညံ့ညံ့လက်တစ်စုံက ယဲ့ယောင်းအား ရေခဲရေအေးအေးတစ်ပုလင်းကို ကမ်းပေးလာသည်။ ယဲ့ယောင်းက လက်ပိုင်ရှင်ကို ကြည့်လိုက်ရာ အနက်ရောင်ဂုတ်ဝဲဆံပင်နှင့် နူးညံ့သောပုံစံရှိသည့် မိန်းကလေးတစ်ဦးကို တွေ့လိုက်ရသည်။
မိန်းကလေးက ရှက်ရွံ့စွာ ပြုံးလိုက်သည်။
“ဒီမှာ ရှင့်အတွက် ရေပုလင်းပါ”
“……”
ယဲ့ယောင်းက ဘေးပတ်လည်ကို ကြည့်လိုက်ကာ လူအနည်းငယ်က စနောက်လိုဟန် မျက်နှာများဖြင့် သူ့ကို ကြည့်နေကြောင်း သတိပြုမိလိုက်သည်။ မိန်းကလေးက ထိုအရာမျိုးကို လူအများရှေ့တွင် လုပ်ရခြင်းအတွက် သက်တောင့်သက်သာမဖြစ်ဘဲ ကိုးယိုးကားယား ဖြစ်နေပုံပင်။
ယဲ့ယောင်းက ရေဘူးကို ယူလိုက်၏။
"ကျေးဇူးတင်ပါတယ်"
"ရပါတယ်"
မိန်းကလေးက ပြုံးလိုက်သည်။
“ရှင် ကျွန်မကို မှတ်မိသေးလားမသိဘူး၊ နောက်ဆုံးအကြိမ် ကျွန်မ စာကြည့်တိုက်နားမှာ ပြဿနာတက်တုန်းက ရှင် ကူညီပေးခဲ့ဖူးတယ်လေ”
"ကျွန်တော်က ကူညီပေးလိုက်ရုံပါပဲ၊ မင်းက အဲဒါကို စိတ်ထဲထားဖို့ မလိုပါဘူး"
ယဲ့ယောင်းက ရေငတ်နေသော်လည်း ရေဘူးကို အားနာပါးနာဖြင့်သာ ယူခဲ့ပြီး မသောက်ခဲ့ပေ။
"ဒါက၊ ကျွန်မ ရှင့်ကို ကျေးဇူးတင်ချင်လို့ပါ။ ဒါနဲ့ ရှင် ဒီည အားလားဟင်...?"
မိန်းကလေးက စကားမဆုံးခင် စက္ကန့်ပိုင်းအတွင်း ယဲ့ယောင်းအနားတွင် ချထားသော အားကစားရေပုလင်း၏ အဖုံးမှာ အဖွင့်ခံလိုက်ရပြီး တစ်ဝက်လောက် မော့သောက်ခြင်း ခံလိုက်ရသည်။
ယဲ့ယောင်းက ပခုံးပေါ်မှ လက်ကြီးတစ်ဖက်ကို ခံစားလိုက်ရပြီး ထိုလက်ကြီးပိုင်ရှင်က ယဲ့ယောင်း၏ ဘေးတွင် ဝင်ထိုင်လိုက်လေသည်။
"ငါ ဒါကို မင်းအတွက် ဝယ်ခဲ့တာ၊ မင်းအကြိုက်ဆုံးအရသာပဲ၊ ငါက ညီအကိုတွေပဲ မဟုတ်လား"
ယဲ့ယောင်းက လုရွှင်ကို ပြန်ဖြေရန် စိတ်မ၀င်စားချေ။ သူ့ခမျာ ရေငတ်လွန်းသဖြင့် လုရွှင် ပေးလာသော အားကစားရေပုလင်းကို ကောက်ယူပြီး သောက်တော့မည့်ဆဲဆဲ စိတ်ထဲ မေးခွန်းတစ်ခု ရုတ်တရက်ပေါ်လာသည် ။
လုရွှင်က ဒီအားကစားရေပုလင်းရဲ့ တစ်ဝက်ကို သောက်လိုက်တာ အသိသာကြီးလေ၊ သူသာ ဒါကို သောက်လိုက်ရင် လုရွှင်ကို သွယ်ဝိုက်အနမ်းပေးသလို ဖြစ်သွားမှာမလား။ သူ ဒါကို သောက်နေတဲ့အချိန် သူ့အမူအရာကို မထိန်းနိုင်ရင် လိင်စိတ်ထကြွသူလို မဖြစ်နေဘူးလား။
ဤအတွေးကြောင့် ယဲ့ယောင်းက ခဏမျှ တုံ့ဆိုင်းသွားရာ လုရွှင်၏ လက်မှာ သူ့လည်ပင်းကို ရစ်သိုင်းလာပြီး အနားသို့ ဆွဲကပ်လိုက်လေသည်။
"မင်း ငါ့တံတွေးကို မကြိုက်ဘူး? မင်းရဲ့ တံတွေးကို ငါဘယ်နှစ်ခါထိမိမှန်းတောင် မမှတ်မိတော့ဘူးလေ"
လုရွှင်က အသံအောအောဖြင့် ပြောလိုက်သည်။
လုရွှင်၏ အသံက သိပ်မကျယ်လောင်သော်လည်း သူတို့နှစ်ဦးရှေ့တွင် ရပ်နေသူက ပြတ်ပြတ်သားသား ကြားရလောက်အောင် ကျယ်၏။ ယဲ့ယောင်းနှင့် လုရွှင်တို့ကို ကြည့်ပြီးနောက် မိန်းကလေး၏ အမူအရာမှာ အနည်းငယ် အံသြသွားပုံရပြီး တစ်စုံတစ်ခုကို နားလည်သွားသလို ရုတ်တရက် သတိဝင်လာပုံပင်။
"အို့၊ ကျွန်မ အနှောက်အယှက်ပေးမိလို့ တောင်းပန်ပါတယ်၊ ရှင်တို့နှစ်ယောက်လုံး ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးပါတယ်"
မိန်းကလေးက အလျင်စလို ထွက်သွားရာ လုရွှင်၏ နှုတ်ခမ်းထောင့်က ကွေးညွတ်သွားပြီး နောက်ဆုံးတွင် သဲ့သဲ့ကလေးပြုံးလိုက်သည်။
ယဲ့ယောင်းက ပြောလိုက်သည်။
"မင်းကိုတော့ ဂေးတစ်ယောက်လို့ ထပ်အထင်လွဲသွားပြန်ပြီ"
"နားလည်မှုလွဲတာက နားလည်မှုလွဲတာပဲလေ၊ ငါက တကယ်လိင်တူချစ်သူမှ မဟုတ်တာ"
လုရွှင်က ကျေနပ်မှုအပြည့်နှင့် ပြောလိုက်ပြီး ယဲ့ယောင်း၏ သောက်မကုန်သော အားကစား ရေပုလင်းတစ်ဝက်ကို ကြည့်ပြီး လုံးဝစိတ်မပူပုံပင်။
အားကစားကွင်းက အိပ်ဆောင်နှင့် အနည်းငယ်ဝေး၏။ လမ်းလျှောက်ရမှာ ပျင်းသည့် ယဲ့ယောင်းနှင့် လုရွှင်တို့က တစ်ခုတည်းကျန်သော စက်ဘီးကို စီးလာခဲ့သည်။
(T/N - တရုတ်မှာ အများသုံးစက်ဘီးတွေက လမ်းဘေးမှာပဲ ထားကြပါတယ်။ ငွေသားကုဒ်ကို Scan ဖတ်ပြီး တက်စီးလိုက်ရုံပါပဲ။ ကျောင်းဝင်းထဲမှာဆို အဲ့လိုစက်ဘီးတွေ အများကြီး ရှိပါတယ်။)
အပြန်လမ်းတွင် ယဲ့ယောင်းက စက်ဘီးနင်းနေသော လုရွှင်၏ ခါးကို သိုင်းဖက်ကာ ပင်ပန်းသလို သမ်းဝေလိုက်သည်။
လုရွှင်က ယဲ့ယောင်းရှေ့မှာ ပထမဆုံးအကြိမ်တိတ်ဆိတ်နေသည်မှာ အလွန်ရှားပါးပြီး နောက်ဆုံး လုရွှင်က ပါးစပ်ဖွင့်လိုက်ချိန် စက်ဘီးလေးက သီးခြားလမ်းသွယ်တစ်ခုသို့ ရောက်နေချေပြီ။
“ကျောင်းသားယဲ့ရေ၊ ဝန်ခံလိုက်တာက သက်တောင့်သက်သာဖြစ်စေတယ်နော်၊ ခုခံမှုတာက ပိုအပြစ်ဖြစ်စေတယ်နော်”
လုရွှင်က ပြောလိုက်သည်။
"တကယ်လို့ တစ်ခုခုရှိရင် ဒီမှာပဲ ရှင်းရှင်းလင်းလင်း ရှင်းပြဖို့ မင်းကို ငါအကြံပေးလိုက်မယ်၊ မဟုတ်ရင် မင်းအပေါ် မကြင်နာတဲ့အတွက် ငါ့ကို အပြစ်မတင်နဲ့"
"ဘာကို ရှင်းပြရမှာလဲ"
ယဲ့ယောင်းက မျက်လွှာချကာ မေးလိုက်သည်။
လုရွှင်က ခက်ထန်စွာ ပြောလိုက်သည်။
"မင်းနဲ့ ဟိုမိန်းကလေးနဲ့ ဘယ်လိုတွေ့ပြီး ဒီလောင်ကျစ်ရဲ့ နောက်ကွယ်မှာ ခိုးကြိုက်ဖို့ သင်နေတာလဲ"
"ငါ မလုပ်ပါဘူး"
ယဲ့ယောင်းက ပြန်ဖြေလိုက်သည်။
"မင်း အတန်းမတက်တုန်းက ငါ စာအုပ်ငှားဖို့ စာကြည့်တိုက်ကို သွားခဲ့တယ်။ အဲ့မိန်းကလေးကို ကျောင်းအပြင်က လူတစ်စုက နှောင့်ယှက်နေလို့ ငါ ပြေးပြီး သွားကူတားပေးခဲ့တာ"
လုရွှင်က ခဏမျှ နှုတ်ဆိတ်သွား၏။
"အရင်တစ်ကြိမ် မင်းခန္ဓာကိုယ်မှာ ပွန်းပဲ့ဒဏ်ရာတွေရတုန်းက ဘာဖြစ်လို့လဲ ငါမေးတော့ မင်း စားပွဲထောင့်ကို မတော်တဆဝင်တိုက်မိတာလို့ ပြောခဲ့တယ်။ ဒါဆို မင်း ငါ့ကို ဒီအတွက်နဲ့ လိမ်ညာခဲ့တာလား"
“အင်း”
ယဲ့ယောင်းက ဝန်ခံလိုက်သည်။
လုရွှင်က တစ်ဖန်ပြန်လည်တိတ်ဆိတ်သွားပြီး ဤခြောက်ကပ်ကပ်လမ်းသွယ်မှ မထွက်ခင်အထိ ပါးစပ်ကို ဖွင့်မလာတော့ချေ။
လုရွှင်၏အသံက မျိုသိပ်အောင့်အည်းထားရသလိုလို...။
"ဒါဆို မင်း သူ(မ)ကို ကြိုက်လား"
ထိုစကားကြားပြီး ယဲ့ယောင်းက နောက်ဆုံးတွင် မျက်လုံးပင့်၍ ခေါင်းနောက်မှ လေတိုက်နေ၍ လွင့်နေသော ဆံပင်ရှုပ်ရှုပ်များနှင့်ပင် ချောမောနေသည့် လုရွှင်ကို ကြည့်လိုက်သည်။
သူ့နှလုံးသားအကြောင်း ဘာမှမသိသော ချစ်ရသူက အခြားမိန်းကလေးများအပေါ် သူ့နှစ်သက်မှုကို မေးနေဆဲပင်။
"မကြိုက်ပါဘူး၊ မဖြစ်နိုင်တာကွာ"
ယဲ့ယောင်းက ဖြည်းညင်းစွာ ပြန်ပြောလိုက်သည်။
"အရင်က မင်းကို ဒီလိုမျိုးတွေ ငါကူညီပေးဖူးတာပဲ...အဲ့ဒါဆို မင်းနဲ့ ငါက အတွဲဖြစ်သွားပြီလား ပြောဦး"
လုရွှင်က စိတ်သက်သာရာရသွားပြီး ဟာသလုပ်ပြောလိုက်သည်။
"ငါနဲ့ စုံတွဲဖြစ်ဖို့က မလွယ်ဘူးနော်၊ ငါတို့ ဒီညမင်္ဂလာဆောင်ပြီး ညကျရင် ငါ့အိပ်ရာမှာ အိပ်ရင်ရော ဘယ်လိုလဲ"
ယဲ့ယောင်းက လုရွှင်၏ နောက်ကျောကို သတိပေးသလို ရိုက်လိုက်သော်လည်း တစ်ဖက်လူက လုံးဝဂရုမစိုက်ဘဲ လေထုက ပိုလန်းဆန်းလာသည်ဟုပင် ခံစားလိုက်ရသည်။
လုရွှင်က ပုန်ကန်တတ်သော ဆယ်ကျော်သက်တစ်ဦးဖြစ်ခဲ့ဖူးပြီး အရာအားလုံးကို သင်ယူနိုင်ခဲ့ သော်လည်း မှန်ကန်သောအရာများမဟုတ်ပေ။ သူက ပြဿနာကောင်ဖြစ်လာသည်ကို ကြည့်ပြီး သူ့မိသားစုက တောင်ပိုင်းမြို့ငယ်လေးတွင် ပညာသင်ကြားရန် စေလွှတ်ခဲ့ကာ ခက်ခဲ ကြမ်းတမ်းသောဘဝက သူ့ပုန်ကန်ထကြွမှုကို ပျောက်သွားစေလိမ့်မည်ဟု ယူဆခဲ့ကြသည်။
ယဲ့ယောင်းက သူပြောင်းလာသော ကျောင်း၏ အတန်းခေါင်းဆောင်ဖြစ်သည်။ ထိုအချိန်တွင် ယဲ့ယောင်းက ရိုးရိုးရှင်းရှင်း၊ စိတ်ဝင်စားစရာမကောင်းသော ကျောင်းသားကောင်းတစ်ဦးဖြစ်ပြီး သူက တစ်ဖက်လူအား လက်ညှိုးတစ်ချောင်းတည်းဖြင့် ထိုးသတ်နိုင်သည်။
တစ်နေ့တွင် သူက ကိုယ်ခံပညာရှင်မဟုတ်သည့် လမ်းပေါ်မှ အနိုင်ကျင့်သူနှင့် ရန်ဖြစ်ခဲ့ပြီး လူများစွာက သူ့ကို တိုက်ခိုက်ခဲ့သည်။ သူအခြေအနေမကောင်းနေစဉ် အလုပ်ခွင်ကို စက်ဘီးစီးသွားသော ယဲ့ယောင်းက ဖြတ်သွားခဲ့ပြီး သူ့ကို ကူညီကာ စကားပြောခွင့်ပင် မပေးဘဲ ထွက်သွားခဲ့၏။ တကယ်ကို မိမိုက်၏။
လုရွှင်က အကြာကြီးနေခဲ့ဖူးသော်လည်း ကုသိုလ်ကောင်းမှုပြုပြီးနောက် နှုတ်ဆက်ရန်ပင် စိတ်မဝင်စားသောသူနှင့် ပထမဆုံးအကြိမ်တွေ့ဖူးခြင်းပင်။ သူက အလွန်စပ်စုချင်စိတ်ဖြစ်လာပြိး ထိုကျောင်းသားကောင်းကို ဖြည်းဖြည်းချင်း သိချင်လာသည်။
ရင်းနှီးကျွမ်းဝင်မှုအဆင့်က တစ်ခါတစ်ရံစကားအနည်းငယ်ပြောခြင်းမှစပြီး နေ့တိုင်း စကားပြောခြင်းအထိ ဖြစ်လာသည်။ လုရွှင်က ယဲ့ယောင်းကို တစ်ရက်မျှ မတွေ့လိုက်ရလျှင် စိတ်မသက်မသာခံစားရသည့် အနေအထားသို့ ရောက်ရှိသွားသည်။
လုရွှင်က သူ့အခင်ဆုံးသူငယ်ချင်းနှင့် ဆက်နေရန်အတွက် ယဲ့ယောင်းကဲ့သို့ တက္ကသိုလ် တက်ခွင့်ရရန် ကြိုးစားခဲ့သည်။
ယခုမူ ဤသို့ဘဝကောင်းလေးက ချို့ယွင်းချက်တစ်ခုရှိလာသည်။
အထက်တန်းကျောင်းတုန်းက ယဲ့ယောင်းက စာကြိုးစားခဲ့ပြီး ရည်းစားထားရန် သေချာပေါက် မဖြစ်နိုင်သော်လည်း တက္ကသိုလ်တွင်မူ မတူတော့ဘဲ ချစ်ကြိုက်တတ်လာသည်မှာ သဘာဝပင်။
"ယဲ့ယောင်း"
လုရွှင်က အလေးအနက်ထား၍ ပြောလိုက်သည်။
"အခုလောလောဆယ် ရည်းစားမထားနဲ့ဦးနော်၊ မင်းကြည့်လိုက် ငါလည်းတစ်ယောက်ထဲပဲ မဟုတ်လား"
"ဘာလို့လဲ"
လုရွှင်၏ ခါးမှ သူ့လက်ကို ယဲ့ယောင်းက ရုပ်သိမ်းလိုက်သည်။
"လုကောက အချစ်အကြောင်းမပြောသေးဘူးဆိုတော့ ငါ့လို ညီငယ်လေးက မင်းထက် အရင်ပြောလို့ မရဘူးပေါ့"
လုရွှင်က ယဲ့ယောင်း၏ လက်ကို သူ့ခါးထက် နေရာပြန်ချလိုက်သည်။
"မင်းက ငါ့ညီငယ်လေးမဟုတ်ဘူး၊ မင်းက ငါ့ဘိုးဘေးပဲ။ ငါအဲ့အကြောင်းမပြောသရွေ့ မင်းလည်း အဲ့အကြောင်းမပြောနဲ့။ မင်း အဲ့အကြောင်းမပြောဘူးဆိုရင် ငါလည်း မပြောဘူး"
ယဲ့ယောင်းက မျက်စိမှိတ်ပြီး နားထဲသို့ လေတိုးသံကို နားထောင်လိုက်သည်။
"ဒါဆို မင်းတော့ အဆုံးသတ်သွားပြီ၊ မင်းက ကျောင်းနတ်ဘုရားပဲဟာကို။"
"အဲ့ဒါဘာဖြစ်လဲ။ လာပြီး ဟာသလုပ်မနေနဲ့။ အဓိပ္ပါယ်မရှိတဲ့ စကားတွေမပြောနဲ့၊ မင်း ဒါကို သဘောတူလား မတူဘူးလားပဲ ငါ့ကို ပြောလိုက်။”
လုရွှင်က မေးလိုက်သည်။
“အေးပါကွာ...”
ယဲ့ယောင်းက လက်ခံကြောင်းပြောလိုက်သော်လည်း သူ့စိတ်ထဲ လုရွှင်၏ စကားကို အလေးအနက်မထားချေ။
အရာအားလုံးသာ ဒီကတိအတိုင်းဖြစ်မယ်ဆိုရင်....
လုရွှင်က လူပျိုကြီးအနေနဲ့ တစ်သက်လုံးသူ့နောက်ကို လိုက်နေမှာလေ...
*********