အခန်း - ၄
ယဲ့ယောင်းက ထုံးစံအတိုင်း အတန်းပြီးချိန်တွင် အိမ်စာလုပ်ရန် အိပ်ဆောင်သို့ ပြန်လာခဲ့ပြီး ရုတ်ချည်းဆိုသလို ကုတင်ပေါ်တွင် လဲလျောင်းနေသော ရှောင်းဖန်ထံမှ ကျယ်လောင်သော “ဖြန်း” ခနဲမြည်သံဖြင့် စိတ်လှုပ်ရှားစွာ ပေါင်အား ရိုက်လိုက်သည်ကို ကြားလိုက်ရသည်။
ရှောင်းဖန်က အိပ်ရာပေါ်မှ ခေါင်းထွက်လာပြီး ယခုလေးတင် သိလိုက်သော အတင်းအဖျင်းကို စိတ်လှုပ်ရှားစွာ မျှဝေလိုက်သည်။
"ဖာ့ခ်၊ အင်ဂျင်နီယာဌာနမှာ နှစ်ကောင်လေ ပြည့်တန်ဆာသွားရှာတာ မိသွားလို့ အခု နှင်ထုတ်ခံရတော့မယ်တဲ့။ ကျောင်းအဖွဲ့တွေအားလုံး ဆူပွက်ကုန်ပြီ။"
"ဒီလိုအရာမျိုး ဖြစ်သွားတယ်ပေါ့?"
အခန်းတစ်ဖက်ခြမ်းရှိ ဗီဒီယိုအတိုများကို ကြည့်နေသော ဝိန်းခယ်က ပိတ်ထားသော ကျောင်းအဖွဲ့ကို ဖွင့်ကြည့်လိုက်သည်။
"အမှန်ပဲဟ၊ ကြေငြာချက်ထုတ်လိုက်ပြီ။ ကျွတ်၊ ကျွတ်၊ ကျွတ်၊ ဥပဒေကို သိရက်သားနဲ့ ချိုးဖောက်လိုက်တာပဲ! သူတို့နဲ့ ထိုက်တန်တယ်။ ဒါက သူတို့မိသားစုကို အရှက်ခွဲလိုက်တာ မဟုတ်ဘူးလား။"
ယဲ့ယောင်းက ဘောပင်ကို လှည့်ကာ စိတ်လှုပ်ရှားစွာ လက်ကိုင်ဖုန်းကို ထုတ်ကြည့်မည့်အစား စားပွဲပေါ်ရှိ စာအုပ်ကို ဆက်ကြည့်လိုက်သည်။ ပုံမှန်အားဖြင့် သူက စာကျက်နေစဉ် အာရုံပျက်လေ့မရှိ။
ယဲ့ယောင်းက မျက်လုံးထောင့်မှ ရေချိုးခန်းတံခါးကို အဟကြားမှ အဖြူရောင်အမှုန်အမွှားများ ထွက်လာသည်ကို တွေ့လိုက်ရပြီး လုရွှင်၏ အသံထွက်လာသည်။
"ငါ့အဝတ်တွေ ယူပေးပါဦး၊ ယူလာဖို့ မေ့သွားလို့။"
လုရွှင်က ရေချိုးခန်းထဲမှ လှမ်းအော်လိုက်သည်။
လုရွှင်က ဘယ်သူ့ကို ပြောလဲဆိုသည်ကို မဖော်ပြသော်လည်း ဘယ်သူ့ကို ပြောသည်ကို အိပ်ဆောင်ရှိလူတိုင်း သိကြသည်။
ယဲ့ယောင်းက ဘောပင်ကို ချကာ ထ၍ လုရွှင်၏ဗီရိုကို ဖွင့်ပြီး အဝတ်တစ်စုံနှင့် အတွင်းခံတစ်ထည်ကို ဆွဲယူကာ အမူအရာမပြောင်းလဲဘဲ ရေချိုးခန်းဆီသို့ ဦးတည်သွားခဲ့သည်။
ရေချိုးခန်းတံခါးအဟလေးက ပွင့်နေကာ အဝတ်အစားများကို ယူရန် သီးသန့်ဟထားပုံရသည်။
ရေချိုးခန်းထဲမှ လေပူများ တဖွဲဖွဲထွက်လာပြီး တံခါးတစ်ဖက်တွင် ကိုယ်လုံးတီးနှင့် လုရွှင် ရှိနေ၏။
ရေနွေးငွေ့က ယဲ့ယောင်း၏မျက်နှာကို ထိမှန်သွားပြီး အပူအနည်းငယ်ဟပ်သွားသည်။ ယဲ့ယောင်းက မမြင်သင့်သောအရာကို မမြင်ရစေရန် တစ်ဖက်သို့ ခေါင်းလှည့်ကာ လုရွှင်အား ပြောလိုက်သည်။
"ဒီမှာ မင်းအဝတ်အစားတွေ ယူလိုက်။"
ယဲ့ယောင်း၏ လက်ပေါ်ရှိ အလေးချိန်များ ပေါ့ပါးသွားကာ သူ့လက်ကို ပြန်ရုတ်လုဆဲဆဲတွင် နောက်တစ်စက္ကန့်၌ စိုစွတ်ပူလောင်နေသော လက်ကြီးတစ်ဖက်၏ ဆုပ်ကိုင်ခြင်းကို ခံလိုက်ရသည်။
"မင်းက ဘာလို့ ဒီလောက်မြန်မြန်ထွက်သွားချင်ရတာလဲ"
လုရွှင်က စနောက်လိုက်သည်။
"ငါ့အဝတ်အစားတွေကို မိုင်တစ်ထောင်အဝေးကနေ ပို့ပေးလိုက်တယ်ပေါ့။ ဒါက လက်ဆောင်လေးတစ်ခုဆိုပေမဲ့ စိတ်ခံစားချက်တွေ အများကြီးပါတယ်လေ၊ ဒါကြောင့် ကျေးဇူးတင်ပါတယ်လို့ ပြောဖို့ မင်းကျောကုန်းကို ငါပြန်ပွတ်ပေးဖို့ မလိုဘူးလား။"
"မလိုဘူး။ ငါ့မှာ လက်ပါတယ်။"
ယဲ့ယောင်းက တုံ့ဆိုင်းမနေဘဲ ငြင်းလိုက်ပြီး သူ့လက်ကို ဆွဲထုတ်လိုက်သည်။
သို့သော် လုရွှင်၏ ခွန်အားက သူမျှော်လင့်ထားသည်ထက် ပိုမိုများပြားလာပြီး ရုန်းရင်းဆန်ခတ်ဖြစ်စဉ်တွင် ယဲ့ယောင်းမှာ သူ့လက်ကို ပြန်မဆွဲနိုင်ရုံသာမက လုံးလုံးမပိတ်ရ သေးသော ရေချိုးခန်းတံခါးကို အတွင်းမှ ဖွင့်ခွင့်ပြုလိုက်ရသည်။
ရေနွေးငွေ့က သူ့မျက်နှာဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာပြီး လုရွှင်၏ ကိုယ်လုံးတီးခန္ဓာကိုယ်ကို မမြင်ရစေရန် ယဲ့ယောင်းက မျက်နှာလွှဲလိုက်သည်။
ယဲ့ယောင်းက သူ့မျက်နှာအမူအရာ မည်သို့ဖြစ်နေမည်ကို မသိပေ။ လုရွှင်နှင့် အကြည့်ချင်း ဆုံခဲ့ရပုံရသော်လည်း ထိုအရာကို မမြင်ခဲ့ပုံပင်။ အရာအားလုံးက သူ့ထင်ယောင်ထင်မှား ဖြစ်မှုများသာ။
မျက်စိတစ်မှိတ်အတွင်း ယဲ့ယောင်းက လက်ရုတ်လိုက်ပြီး တစ်ချိန်တည်း၌ ကျန်လက်တစ်ဖက်က တံခါးကို ပိတ်လိုက်ပြီး နောက်မှ အရာအားလုံးကို ပိတ်ဆို့လိုက်၏။
နှလုံးခုန်သံက ဒရမ်သံလိုဖြစ်နေပြီး ယဲ့ယောင်းက အေးဆေးတည်ငြိမ်သောအမူအရာနှင့် လက်သီးဆုပ်လိုက်သည်။
မကောင်းတော့ပေ။ သူအလွန်အကျွံတုံ့ပြန်လိုက်သလိုဖြစ်သွားပြီ။
လုရွှင်က တစ်ခုခုမှားနေတာကို သတိထားမိမှာလား...
သူထိုသို့တွေးနေစဉ် ပိတ်ထားသော ရေချိုးခန်းတံခါးက ပြန်ပွင့်လာပြီး နေရာလွတ်လေးမှ လုရွှင်က ခေါင်းထွက်လာသည်။
ကျောင်းနတ်ဘုရားက ခပ်ရှုပ်ရှုပ်ဆံပင်စိုစိုနှင့်ပင် ချောမောခံ့ညားနေပြီး ယဲ့ယောင်းကို နက်မှောင်နက်နဲသော မျက်လုံးများနှင့် ပြုံးပြကာ ပြောလာသည်။
"ကျောင်းသားယဲ့ယောင်းရေ၊ ငါတို့အတူရှိလာတာ ဒီလောက်နှစ်အတော်ကြာနေပြီဟာကို၊ ဘာလို့ ဒီလောက်တောင် ရှက်နေသေးတာလဲ။"
အရမ်းကောင်းတယ်၊ လုရွှင်က ဘာမှ သတိမထားမိဘူး...
"ပေါက်ကရပြောတာရပ်ပြီး အဝတ်ဝတ်လိုက်တော့။”
ယဲ့ယောင်းက ယခင်လို လှည့်ထွက်သွားပြီး ပုံမှန်အတိုင်းဟန်ဆောင်လိုက်သည်။
"နေ့ခင်းကြောင်တောင် တေလေဂျပိုးလုပ်မနေနဲ့။ ဝေးဝေးသွားစမ်း"
ယဲ့ယောင်းက စားပွဲမှာ တစ်ယောက်တည်းထိုင်ရင်း သက်ပြင်းရှည်ကြီးချလိုက်သည်။
ကလစ်သံတစ်ချက်နှင့် ရေချိုးခန်းတံခါးပွင့်လာပြီး လုရွှင်က အထဲမှ ထွက်လာသည်။
ယဲ့ယောင်းက ခေါင်းမလှည့်ဘဲ လုရွှင်ကို မျက်နှာချင်းမဆိုင်မီ တည်ငြိမ်သွားရန် ကြံရွယ်ကာ စာအုပ်ကို စိုက်ကြည့်လျက် အတွေးအားလုံးကို သိမ်းဆည်းထားရန် ကြိုးစားလိုက်သည်။
ရေချိုးခန်းထဲမှ ထွက်လာသော ခြေသံများက သူ့အနား နီးကပ်လာပြီး သူ့အနောက်သို့ ရောက်မှသာ ရပ်တန့်သွားသည်။
တစ်ဖက်လူက ယဲ့ယောင်း ထိုင်နေသော ကွန်ပြူတာကုလားထိုင်နောက်ကျောကို လက်တစ်ဖက် တည်းနှင့် အားဖြင့် ဆွဲယူခံလိုက်ရသည်။ ကုလားထိုင်နှင့်အတူ ယဲ့ယောင်း၏ တစ်ကိုယ်လုံးက ၁၈၀ ဒီဂရီလှည့်ကာ သူ့နောက်တွင် ရပ်နေသူနှင့် မျက်နှာချင်းဆိုင်လိုက်ရသည်။
ယဲ့ယောင်းက လုရွှင်၏ ကျီစယ်သလို အပြုံးကို အပြည့်အဝမြင်လိုက်ရချိန် မျက်နှာတစ်ခုလုံး သူ၏ရင်ခွင်ထဲသို့ ထည့်ခြင်းခံလိုက်ရသည်။
"ဘာဖတ်နေတာလဲ ကျောင်းသားယဲ့ရေ၊ ဘယ်စာအုပ်က ငါ့ထက် ပိုကြည့်ကောင်းလို့လဲ။"
လုရွှင်က ဒေါသထွက်သလို ပြောလိုက်သည်။
“ငါ မနာလိုဘူးနော်။”
ယဲ့ယောင်း: “….”
ယဲ့ယောင်းက ယခုလုရွှင်ပြောသမျှကို ဂရုမစိုက်နိုင်ချေ။
သူ့မျက်နှာကို တိုက်ရိုက်ထိမိနေသည်က လုရွှင်၏ရင်ဘတ်ပေါ်မှ ချောမွေ့မာကျောသော ကြွက်သားများပင်။
လုရွှင်က ရေချိုးပြီးကာစဖြစ်၍ အရေပြားပေါ်တွင် ရေချိုးဆပ်ပြာ၏ လန်းဆန်းသောရနံ့ကို ရရှိနေတုန်းပင်။ ၎င်းက သူအနှစ်သက်ဆုံး ရေချိုးဆပ်ပြာရည်ဖြစ်ကာ အချိန်အတော်ကြာ အသုံးပြုခဲ့ပြီး မပြောင်းလဲခဲ့ပေ။
လုရွှင်ရဲ့ အဝတ်အစားတစ်စုံကို ယူပေးခဲ့တာ အသိသာကြီးဆိုပေမဲ့ လုရွှင်က အင်္ကျီလုံးဝမဝတ်ထားဘူးလေ။
“…..”
ယဲ့ယောင်းက နဖူးပေါ်ရှိ အပြာရောင်သွေးပြန်ကြောများ ပေါက်ထွက်တော့မလို ခံစားလိုက်ရသည်။
“မင်းကို ငါ အဝတ်တစ်စုံယူပေးခဲ့တယ်မလား။”
"အင်းလေ၊ မင်းက ငါ့ကို အဲ့ဒါဝတ်စေချင်လို့လား"
လုရွှင်က ပျင်းရိနေပုံရပြီး ယဲ့ယောင်း၏ ပခုံးများကို သူ့လက်မောင်းဖြင့် ဖက်လိုက်ကာ အပြုံးလေးနှင့် ပြောလိုက်သည်။
"ငါ အဲ့ဒါကို ဝတ်လိုက်ရင် ဘယ်လိုလုပ် တေလေဂျပိုးလို လုပ်လို့ရတော့မှာလဲ။"
ယဲ့ယောင်းက လက်သီးကို တင်းတင်းကျပ်ကျပ်ဆုပ်ထားကာ လက်ထဲမှ ဘောပင်က ကြေမွတော့သလို ခံစားလိုက်ရသည်။ လုရွှင်၏ ရင်ဘတ်နှင့် ထိတွေ့နေသော သူ့မျက်နှာ အပူချိန်က ထိန်းချုပ်မှုမှ ကျော်လွန်ကာ မြင့်တက်လာနေသည်။
စိတ်အေးအေးထားစမ်း၊ လုရွှင်က ကိုယ့်ကိုယ်ကိုယ်အသိစိတ်နည်းနည်းလေးတောင် မရှိတဲ့ သံမဏိလို အဖြောင့်ပဲ။ ဒီအရာအားလုံးက သာမန်အဖြောင့်တွေရဲ့ လုပ်ရိုးလုပ်စဉ်ပဲ။
သူ့စိတ်ထဲ သူငယ်ချင်းလမ်းကြောင်းမှ ရုန်းမထွက်နိုင်ခင် လုရွှင်က သူနှင့် အမြဲတမ်း ပရောပရည် ဆက်ဆံခဲ့သည်။
ယဲ့ယောင်းက အခြေအနေကို တည်ငြိမ်စွာ သုံးသပ်၍ လုရွှင်၏ ဝမ်းဗိုက်ကြွက်သားများကို လက်ဖြင့် ပြတ်ပြတ်သားသားတွန်းထုတ်လိုက်သည်။ သူက လတ်ဆတ်သောလေကို အနည်းငယ် ရှူရှိုက်ရင်း ပြောလိုက်သည်။
"အသက်ရှူကျပ်လိုက်တာကွာ၊ မင်း ငါ့ကို အသက်မရှင်စေချင်တော့ဘူးလား၊ ဒါကြောင့် မင်းရဲ့ ဝမ်းဗိုက်ကြွက်သားတွေကို သုံးပြီး သတ်ဖို့ စီစဉ်နေတာလား။"
ယဲ့ယောင်း၏ အမူအရာက ယခင်ကလိုဖြစ်သော်လည်း ထိုသို့ပြောပြီး သူ့အသားအရေက ပြောင်းလဲသွားသည်။ သူ့တွင် အမြဲတမ်းလိုလိုဖြူဖျော့ပြီး ပါးလွှာသော အသားအရေရှိ၍ အနည်းငယ်နီမြန်းလျှင်ပင် အလွန်သိသာနေလိမ့်မည်။
လုရွှင်က ယဲ့ယောင်း၏ နီမြန်းနေသော မျက်နှာကို ခဏမျှကြည့်ရင်း ငြိမ်သက်သွားပြီး မည်သို့ပင် ကြည့်သည်ဖြစ်စေ အပြစ်မကင်းသလို အပြုံးတစ်ခုကို ပြုံးပြလိုက်သည်။
ယဲ့ယောင်းက မျက်နှာကို တည်တည်ငြိမ်ငြိမ်ထားလိုက်သည်။
"မင်းက ဘာပြုံးနေတာလဲ"
လုရွှင်က သူ့မျက်နှာနီသွားတာကို ထူးဆန်းတယ်ဆိုပြီး တစ်ခုခုမှားနေတာကို သတိထားမိ သွားတာများလား။
"မင်းက ဘာကြောင့် အသက်မရှူဘဲ နေတာလဲ။ ကျောင်းသားယဲ့က ငါ့ခန္ဓာကိုယ်ကို စွဲလန်းနေတာကြောင့် ရှက်သွားတာလို့ ထင်တယ်နော်။"
လုရွှင်က ပြောလိုက်သည်။
ယဲ့ယောင်း၏ နှလုံးသားက တစ်ချက်ခုန်သွားသည်။
"စေတနာနဲ့ပြောရမယ်ဆိုရင် မင်း ငါ့ကို မျက်နှာသာပေးသင့်တယ်နော်။ ငါ့ဝမ်းဗိုက် ကြွက်သားတွေကို မင်းထိလိုက်တယ်လေ၊ ငါလည်း မင်းဟာတွေကို ကြည့်ချင်တယ်။"
လုရွှင်က ဆက်ပြောလိုက်သည်။
ယဲ့ယောင်း: "...."
ယခင်စိုးရိမ်နေမိသမျှက တကယ့်ကို တုံးအခြင်းပင်။ ငတုံးတစ်ယောက်က တံခါးကိုဖွင့်လိုက်လည်း ငတုံးတစ်ယောက် ဖြစ်နေဆဲပင်။ အတွင်းထဲထိ ငတုံးဖြစ်နေဆဲ။
လက်တွေ့သမားလုရွှင်က လှုပ်ရှားရန် လုပ်လိုက်သော်လည်း ယဲ့ယောင်းက သူ့ကို အမြန်တွန်းဖယ်လိုက်သည်။
"မင်းက ကျိုးကြောင်းမသင့်တာပဲ"
လုရွှင်က စိတ်အားထက်သန်စွာ ပြောလိုက်သည်။
"ငါတို့ ရေချိုးအိမ်သွားတဲ့အခါတိုင်း ငါနဲ့အတူ ရေချိုးဖို့ ပြောတုန်းကလည်း မင်းက မသွားဘူး။ မင်းနောက်ကျောကိုလည်း ပေးမပွတ်ချင်ဘူး။ ဒီလိုဆို ငါတို့နှစ်ယောက်ဆက်ဆံရေးကို ဘယ်လိုတိုးတက်အောင်လုပ်မလဲ။"
ယဲ့ယောင်းက တောင်ပိုင်းမှဖြစ်ပြီး မြောက်ပိုင်းရှိ ရေချိုးအိမ်ကြီးများကို သဘာဝအတိုင်း ကြောက်ရွံ့မှုရှိသည်။ သူနှင့် လုရွှင်တို့ တက္ကသိုလ်တက်ရန် မြို့သို့ရောက်ချိန် အိပ်ဆောင်တိုင်းတွင် ကိုယ်ပိုင်ရေချိုးခန်းရှိသောကြောင့် ရေချိုးအိမ်သို့ မရောက်ဖူးကြပေ။
အစပိုင်းတွင် သူက မြောက်ပိုင်းရေချိုးခြင်းပုံစံကို လိုက်လျောညီထွေမဖြစ်သေးသောကြောင့် လုရွှင်၏ သူနှင့်အတူ ရေချိုးခန်းသို့ သွားရန် ဖိတ်ကြားချက်ကို ငြင်းဆိုခဲ့သည်။ နောက်ပိုင်းတွင် သူငယ်ချင်းခင်မင်မှုက အရောင်ပြောင်းလာ၍ ရေချိုးခန်းသို့သွားပြီး အဝတ်မပါသော လုရွှင်ကို ရင်ဆိုင်ရန် ပို၍ပင် မဖြစ်နိုင်တော့ပေ။
လုရွှင်ပြောသည့်စကားက ယုတ္တိမရှိဟု ယဲ့ယောင်း ခံစားလိုက်ရပြီး သံသယစိတ်ဖြင့် မျက်မှောင်ကြုတ်လိုက်သည်။
"ဒါက ငါတို့ရဲ့ဆက်ဆံရေးကို တိုးတက်အောင်လုပ်တာနဲ့ ဘာဆိုင်လို့လဲ။”
"ဘယ်လိုမှ မဆိုင်ရမှာလဲ"
လုရွှင်က မျက်ခုံးပင့်လိုက်သည်။
"မင်း တခြားသူတွေရဲ့ အတွေးတွေကို လိုက်စဉ်းစားနေတာ မဟုတ်ဘူးလား။”
ကုတင်ပေါ်တွင် ဖရဲသီးစားလျက် လဲလျောင်းနေသော ရှောင်းဖန်က စိတ်အားထက်သန်စွာ ခေါင်းညိတ်ပြီး အားတက်သရော တိုက်တွန်းလိုက်သည်။
“မဖြစ်နိုင်တာ၊ မဖြစ်နိုင်တာပဲ၊ ယဲ့ယောင်း၊ မင်း လုကောနဲ့ ရေချိုးအိမ်ကို တခါမှ မရောက်ဖူးဘူးလား။ ညီအကိုတွေ အတူတူရေချိုးရတာက ပုံမှန်ပဲ၊ အင်းလေ၊ မင်း နှစ်ယောက်စလုံးက သူငယ်ချင်းကောင်းတွေပဲဟာ၊ ယဲ့ယောင်းရေ မရှက်နဲ့၊ ရေချိုးအိမ်မှာ ရေချိုးတာက မင်းဘာသာချိုးတာထက် ပိုသန့်ရှင်းတယ်။"
ဝိန်းခယ်က ခေါင်းညိတ်လိုက်သည်။
"တစ်ယောက်နဲ့တစ်ယောက် ရိုးသားပွင့်လင်းတာ အရမ်းကောင်းတယ်။"
ယဲ့ယောင်း: "……"
ပွင့်ပွင့်လင်းလင်း ပြောရလျှင် သူသာ အခြေအနေကို မထိန်းနိုင်ပါက သူတို့၏ ခင်မင်ရင်းနှီးမှုက မီးခိုးလို ပျောက်ကွယ်သွားမည်ကို ကြောက်မိသည်။
"မင်း မသွားချင်ရင် အနည်းဆုံး အကြောင်းပြချက် ပေးပါဦး။"
လုရွှင်က ပြောလိုက်သည်။
ယဲ့ယောင်းက သတိရှိရှိဖြေလိုက်သည်။
"အဲ့မှာ လူအရမ်းများလို့ပါ၊ ငါက လူများရင် သက်တောင့်သက်သာမဖြစ်လို့ မသွားချင်ဘူး။”
လုရွှင်က လက်နှစ်ဖက်ကို ခပ်တင်းတင်းပွေ့ဖက်လိုက်သည်။
"ဒါဆို မင်းပြောချင်တာက မင်းကို ဘယ်သူမှမတွေ့နိုင်ရင် သွားမယ်ပေါ့၊ ဟုတ်လား"
သူ့ကို ဘယ်သူမှမမြင်နိုင်ရင်?
ယဲ့ယောင်းက ရေချိုးအိမ်နှင့်ပတ်သက်သော အယူအဆမှားများကို တွေးတောပြီး မျက်မှောင်ကြုတ်လိုက်သည်။ လုရွှင်က အခန်းငယ်များကန့်ထားသော ရေချိုးအိမ်များကို ရည်ညွှန်းနေသည်ဟု ခံစားမိလိုက်သည်။
လုရွှင်ကို တိုက်ရိုက်မျက်နှာမပြရမည့် အခန်းကန့်ထားသော ရေချိုးအိမ်သို့သွားလျှင် ပြဿနာမရှိပေ။
လုရွှင်က သူရေချိုးနေတုန်း အခန်းငယ်ထဲ ဝင်လာလျှင်ပင် သူ့နောက်ကျောကိုပဲ မြင်နေလိမ့်မည်။ သူက နံရံကို မျက်နှာမူကာ မျက်စိမှိတ်ထားပြီး အာရုံမပြောင်းဘဲ နေနိုင်သည်။
ယဲ့ယောင်းက ထိုကဲ့သို့တွေးကာ ခေါင်းညိတ်လိုက်သည်။
…………
ယဲ့ယောင်းက ရူးသွပ်လုနီးပါးပင်။
ဘာလို့ ဘယ်သူကမှ ရေချိုးအိမ်မှာ နှစ်ယောက်ခန်းရှိတယ်လို့ မပြောတာလဲ။
ယဲ့ယောင်းက နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်ရာ နောက်တွင်ရှိသော လုရွှင်ကို ဝင်တိုက်မိလိုက်သည်။
လုရွှင်က သူ့ပခုံးကို သိုင်းဖက်ကာ နက်မှောင်ကျဉ်းမြောင်းသော မျက်လုံးများက ရွှင်မြူးမှုအပြည့်နှင့်။
"အရမ်းစိတ်လှုပ်ရှားနေပြီလား? အလျင်စလိုမလိုနဲ့လေ၊ ငါတို့ အချိန်ယူရအောင်"
"ငါတို့ သဘောတူထားတာ နောက်တစ်ယောက် မရှိရဘူးလို့ မဟုတ်လား။"
ယဲ့ယောင်းက မေးလိုက်သည်။
"အင်းလေ၊ ဒီမှာ တခြားသူမရှိဘူးလေ။"
လုရွှင်က ခေါင်းညိတ်လိုက်ပြီး ပြောစရာမလိုသလို အမူအရာနှင့် ဆက်ပြောလိုက်သည်။
"ငါက တခြားသူနဲ့ မတူမှမတူတာ။"
ယဲ့ယောင်း: “….”
ဤမဟုတ်တရုတ်ယုံကြည်မှုကြောင့် လုရွှင်၏ မျက်နှာကို လက်သီးဖြင့် ထိုးချင်လာသည်။
လုရွှင်က တောင့်တင်းနေသော ယဲ့ယောင်းကို အထဲသို့ ခေါ်ဆောင်သွားပြီး ရေချိုးခန်းငယ်ရှေ့တွင် ရပ်လိုက်သည်။
ယဲ့ယောင်းက ရေကို ငုံ့ကြည့်နေစဉ် နောက်ဆုံး၌ လုရွှင်က တစ်စုံတစ်ရာကို ယေဘုယျကျကျပြောလာသည်။
"စိတ်လျှော့လိုက်၊ ငါ မင်းကို မရယ်ပါဘူး ...... ဒါမှမဟုတ် အင်တာနက်မှာ လူရမ်းကားတွေလို မင်းကို တစ်ခုခု အတင်းလုပ်ခိုင်းမှာကို ကြောက်နေတာလား။"
လုရွှင်က ခေတ္တရပ်ပြီး တိုးတိုးလေးပြောလိုက်သည်။
"မကြောက်ပါနဲ့၊ အဲလို မဖြစ်လာပါဘူးကွာ။"
ယဲ့ယောင်းက လုရွှင်ကို ခဏမျှစိုက်ကြည့်လိုက်ရင်း လုရွှင်က သူတို့နှစ်ဦးကြားတွင် အမှန်တကယ်လူရမ်းကားမှာ မည်သူဖြစ်သည်ကို မသိဟု ထင်လိုက်သည်။
အခြေအနေများက ဤသို့ဖြစ်လာပြီးဖြစ်၍ အချိန်ဖြုန်းနေခြင်းက ထူးဆန်းနေလိမ့်မည်။
ယဲ့ယောင်းက ဘေးပတ်လည်ရှိ ရေချိုးခန်းထဲက ပရိဘောဂများကို ကြည့်ပြီး ရှပ်အင်္ကျီကို ခန္ဓာကိုယ်ပေါ်မှ သက်သောင့်သက်သာဆွဲချွတ်လိုက်သည်။ သူက မျက်တောင်နက်နက်ထူထူ များဖြင့် ငြိမ်သက်စွာ ရပ်၍ သူ့ကို စေ့စေ့ကြည့်နေသော လုရွှင်အား မော့ကြည့်လိုက်သည်။
"ဘာကြည့်နေတာလဲ၊ မင်း ဘာလို့ မလှုပ်တော့တာလဲ၊ ရေချိုးဖို့ လာတာမလား။"
ယဲ့ယောင်းက မေးလိုက်သည်။
ယဲ့ယောင်း၏ ခြေလက်များက သွယ်လျသည်။ သူ့ခန္ဓာကိုယ်က ဆယ်ကျော်သက်နှင့် အပြည့်အဝမရင့်ကျက်သေးသော လူငယ်တစ်ဦးကြား အနေအထားတွင်ရှိပြီး ငယ်ရွယ်နုပျိုမှုကို ခံစားရဆဲ။
အလွန်လှပသော ခန္ဓာကိုယ်တစ်ခုဖြစ်ပြီး မြင်သူတိုင်း အလွန်ချီးကျူးမိစေမည်။
လုရွှင်က ယဲ့ယောင်း၏ သတိပေးခြင်း ခံရပြီးနောက် ဖြည်းညင်းစွာ လှုပ်ရှားလာပြီး အဝတ်အစားများကို ချွတ်နေစဉ် ယဲ့ယောင်းက အလျင်အမြန်ချွတ်၍ ရေထဲသို့ ဝင်ကာ မျက်လုံးများကို မှိတ်လျက် အနားယူနေဟန်ဆောင်လိုက်သည်။
မျက်ကန်းဟန်ဆောင်ခြင်းက ရေရှည်တည်မြဲသော ခင်မင်မှုကို ဖြစ်ထွန်းစေနိုင်သည်။
သူမျက်လုံးမဖွင့်ခင် လုရွှင် ရေထဲရောက်သည်အထိ စောင့်ခဲ့မည်ဆိုလျှင် လုရွှင်၏ ခန္ဓာကိုယ်အပေါ်ပိုင်းတစ်ခြမ်းကိုသာ ရှင်းရှင်းလင်းလင်းမြင်ရမည်ဖြစ်ပြီး လုရွှင်၏ ခန္ဓာကိုယ်ကို မြင်ရချိန် သူ့တည်ငြိမ်မှု ပျက်ပြားသွားမည်မဟုတ်ချေ။
ယဲ့ယောင်းက အခြေအနေတစ်ခုလုံးကို စိတ်ဖြင့် တွက်ချက်နေစဉ်အတွင်း သူ့ပါးပြင်ကို လက်နှစ်ဖက်က ရုတ်တရက်အုပ်ကိုင်လာသည်။
ထိုလက်များက ယဲ့ယောင်း၏ ပါးပြင်ရှိ အသားများကို စက်ဝိုင်းပုံပွတ်သပ်နေကာ တင်းတင်းကျပ်ကျပ် ပိတ်ထားသော နှုတ်ခမ်းများထဲ ဖိသွင်းရန် ကြိုးစားနေသည်။
ဤအခြေအနေတွင် ယဲ့ယောင်းက မျက်ကန်းဟန်ဆောင်နိုင်သည့် နည်းလမ်းမရှိတော့ပေ။ သူက မေးခွန်းအပြည့်နှင့် မျက်လုံးဖွင့်ကြည့်လိုက်ရာ လုရွှင်က ရေချိုးကန်ဘေးမှာ ရပ်နေပြီး ခါးကိုင်း၍ သူ့မျက်နှာကို ပွတ်သပ်ရန် လက်ဆန့်ထားသည်ကို တွေ့လိုက်ရသည်။
ကိုယ်လုံးတီးနှင့် လုရွှင်က သူမြင်သင့်သမျှနှင့် မမြင်သင့်သောအရာအားလုံးကို တိုက်ရိုက်ကြည့်ရှုခွင့်ပေးနေပြီး ယဲ့ယောင်း၏ တည်ငြိမ်နေသော အပြင်ပန်းသွင်ပြင်ကို ဖြိုခွဲပစ်လိုက်သည်။
ယခုအချိန်တွင် ယဲ့ယောင်းက သူ့ကိုယ်သူ ဥပဒေဌာန ကျောင်းသားမဟုတ်ဘဲ အနုပညာဌာနမှ ထူးချွန်သော သရုပ်ဆောင်တစ်ဦးဖြစ်ကြောင်း ခံစားမိလိုက်ရသည်။
မှန်၏၊ သူ့မျက်နှာကို ဖိထားသော လုရွှင်၏ လက်က သူ၏အမူအရာပျက်ယွင်းသွားမှုကို အလွန်အကူအညီပေးခဲ့သည်။
ယဲ့ယောင်းက အသံကို ထိန်းရင်း မျက်မှောင်ကြုတ်လိုက်သည်။
"မင်း ဘာလုပ်နေတာလဲ"
လုရွှင်က ရယ်မောလိုက်သည်။
"မင်းပဲ ငါက အရှက်မရှိဘူးလို့ အမြဲပြောနေတာ မဟုတ်ဘူးလား"
အပြင်လူများ၏ နှလုံးသားမဲ့ နတ်ဘုရား လုရွှင်က ယဲ့ယောင်းအား ကျီစယ်သလို အကြည့်ဖြင့် မျက်စိမှိတ်ပြလိုက်သည်။
"မင်း ငါ့ကို လက်စားချေဖို့ ဒီအခွင့်အရေးကို မယူချင်ဘူးလား"
..........