no

Font
Theme

အခန်း (၂၁) - သူကပြောတယ် ငါ မင်းကို သဘောကျနေတယ်တဲ့...

ယဲ့ယောင်းနိုးလာပြီးနောက် အခန်းထဲမှ ထွက်လာချိန် လုရွှင်က သူ့အဖေနှင့်အတူ ထမင်းစားပွဲ၌ ပန်းကန်များခင်းကျင်းနေသည်ကို တွေ့လိုက်ရပြီး မြင်ကွင်းတစ်ခုလုံးက အလွန်လိုက်ဖက်ညီနေသည်။

ယဲ့ယောင်းထွက်လာသည်ကို မြင်ပြီး လုရွှင်က ခေါက်ဆွဲပန်းကန်များထဲမှ တစ်ခုကို ကောက်ယူကာ ယဲ့ယောင်းရှေ့တွင် ချပေးလိုက်သည်။

"မင်း ကြက်ဥမကျက်တာကို မစားချင်ဘူးဆိုတာ ငါသိတယ်၊ ဒါကြောင့် မင်းအတွက် ကြက်ဥပြုတ်ပေးထားတယ်"

လုရွှင်က မျက်ခုံးပင့်လိုက်သည်။

"ရှောင်လုက တကယ်ကို တွေးခေါ်တတ်တဲ့ ကလေးတစ်ယောက်ပဲ။ ဘယ်လိုမိန်းကလေးမျိုးက မင်းကို လက်ထပ်ခွင့်ရမလဲမသိဘူးကွယ်၊ သူမက တကယ်ကို ကံကောင်းတာပဲ!"

ယဲ့ယောင်း၏အဖေက သက်ပြင်းချလိုက်သည်။

“မဟုတ်ဘူး၊ မဟုတ်ဘူး”

လုရွှင်က ပြန်ပြောလိုက်သည်။

"ကျွန်တော်က ငယ်ငယ်လေးကတည်းက အမြဲတမ်းနူးညံ့သိမ်မွေ့ပြီး စာနာတတ်သူဖြစ်ခဲ့တာဆိုတော့ လူတွေကို ပြုစုစောင့်ရှောက်ရတာကို အကျင့်ဖြစ်နေလို့ပါဗျ"

ယဲ့ယောင်း: “…”

ဒါက ဘာပွဲလဲ...

ဒီလူဆိုးကောင် ဘယ်လိုလှည့်ကွက်မျိုးလုပ်ချင်နေလဲ ယဲ့ယောင်း နားမလည်နိုင်ပေ။ သို့သော် လုရွှင်က လူကြီးများ‌ရှေ့တွင် မျက်နှာသာလိုချင်နေ၍ သူ တကူးတကမထုတ်ဖော်ခဲ့ပေ။

ယဲ့ယောင်းက ယခင်လို ခေါက်ဆွဲစားရန် ထိုင်နေစဉ် လုရွှင်က သူ၏ 'ဂရုစိုက်ခြင်း' အမူအရာမှာ လုံးဝ အလုပ်မဖြစ်မှန်း သိသွား၏။

ယဲ့ယောင်းက သူနှင့်အတူရှိနေသည်မှာ ကြာပြီဖြစ်၍ သူ ဘယ်လိုလူမှန်းသိနေသည်မှာ သဘာဝပင်။ သူ့ပုံရိပ်ကို ပြောင်းလိုက်ခြင်းက ရုတ်တရက်ဖြစ်ပြီး သဘာဝမကျချေ။

သူ့ပုံရိပ်ကို ဘာကြောင့်ယဲ့ယောင်းရဲ့ စံပြကောင်မလေးပုံစံနဲ့ လိုက်ယှဉ်နေမိတာလဲ။

မှန်၏။ ယဲ့ယောင်း၏ကောင်မလေးက မည်သို့ပုံမျိုးဖြစ်လာမည်ကို သူ မသိ၍ သူ့ကိုယ်သူနှင့် နှိုင်းယှဥ်၍ မရနိုင်ချေ။ သူသာ ပိုပြီးကောင်းကောင်းလုပ်နိုင်ပါက သူ့အပေါ် ယဲ့ယောင်း၏အမြင်က ပိုကောင်းလာပြီး စံပြမိန်းကလေးကို ဘယ်တော့မှ ရှာမတွေ့နိုင်တော့မည့် အလားအလာသည်လည်း ပိုများလာမည်။ ယဲ့ယောင်းက သူနှင့် သက်ဆုံးတိုင် အတူတကွနေလိမ့်မည်။

သူတို့နှစ်ယောက် အတူနေကြရလျှင် လုံလောက်ပြီဖြစ်ပြီး အခြားသူများ ဝင်စွက်ဖက်စရာမလိုပေ။

သူ့အကျင့်နှင့် လိုက်ဖက်သော 'နူးညံ့မှု' ကို သူလိုချင်ပြီး တကယ်သာ ဖြစ်လာခဲ့လျှင် သူက တစ်ဝက်မျှ လုပ်နိုင်သွားပြီ။ ထိုအရာက ယဲ့ယောင်း၏ မွေးနေ့လက်ဆောင်ပင်။

ယဲ့ယောင်း ခေါက်ဆွဲစားပြီးသည်နှင့် လုရွှင်ထလိုက်သည်။

"ယဲ့ကောရေ၊ နောက်ရက်အနည်းငယ်ကြာရင် ငါ့အိမ်ကိုပြန်လိုက်ခဲ့နော်၊ အဆင်ပြေမလား၊ ငါပေးချင်တဲ့ မွေးနေ့လက်ဆောင်က အိမ်မှာကျန်ခဲ့လို့။”

လုရွှင်က ခဏမျှစဉ်းစားပြီး ထပ်ပြောလိုက်သည်။

"ဒါပေမဲ့ မင်းတကယ်မသွားချင်ဘူးဆိုရင်တော့ သူတို့ကိုပဲ ပို့ခိုင်းလိုက်ပါ့မယ်"

ယဲ့ယောင်းက ဤတစ်ကြိမ်မှာ လုရွှင်၏အိမ်တွင် ဆော့ကစားရန် နောက်ဆုံးအကြိမ်ဖြစ်သည်ဟု ခံစားမိ၍ ခေါင်းညိတ်ပြလိုက်သည်။

"ကောင်းပြီလေ၊ ငါတို့အချိန်ရရင် နည်းနည်းသွားပျော်တာက မဆိုးပါဘူး။ ငါလည်း မင်းရဲ့ မိဘတွေကို ဂါရဝပြုချင်သေးတယ်၊ နှစ်သစ်ကူးပြီး ခုနှစ်ရက်မြောက်နေ့မှာ သွားရအောင်လေ၊ အဆင်ပြေလား"

လုရွှင်က နွေဦးပွဲတော်ခရီးစဉ်များအကြား အာဏာနှင့် ငွေသုံးကာ နှစ်သစ်ကူးပြီးရှစ်ရက်မြောက်နေ့အတွက် လက်မှတ်နှစ်စောင်ကို လျင်မြန်စွာ ဖြတ်လိုက်ပြီး ယဲ့ယောင်း၏ပခုံးကို ပျော်ရွှင်စွာ ပွေ့ဖက်လိုက်သည်။

"ဒီတစ်ခေါက် မင်းအတွက် မွေးနေ့လက်ဆောင်ကို ငါ ဘာတွေပြင်ဆင်ထားလဲ သိလား"

ယခင်နှစ်များက လုရွှင်၏လုပ်ရပ်တို့ကို ကြည့်ခြင်းဖြင့် ယဲ့ယောင်းက ခန့်မှန်းလိုက်သည်။

"မင်းကိုယ်တိုင်ဖန်တီးထားတဲ့ ခရစ္စတယ်ဘောလုံးလား၊ လက်ဖြစ်သစ်သားရဲတိုက်လား၊ မင်းစိုက်ပျိုးထားတဲ့ စတော်ဘယ်ရီတွေနဲ့ လုပ်ထားတဲ့ စတော်ဘယ်ရီယိုလား။”

လုရွှင် က တိုးတိုးလေးနှာမှုတ်လိုက်သည်။

"အဓိပ္ပါယ်မရှိလိုက်တာ။ အရင်ကပေးခဲ့တဲ့ လက်ဆောင်ကို ဘယ်သူက ထပ်ပေးမှာလဲ၊ ငါက မင်းရဲ့ နှလုံးသားထဲမှာ ဒီလောက်တောင် မရိုးသားတဲ့သူလား "

“အဲဒါကို ငါသာ ခန့်မှန်းနိုင်သွားရင် ဒါက လျှို့ဝှက်ချက်မဟုတ်တော့ဘဲနေမှာနော်”

ယဲ့ယောင်းက ပြောလိုက်သည်။

ထိုအရာသည်လည်း မှန်၏။ ထို့ကြောင့် လုရွှင်က ဆက်မမေးတော့ဘဲ ယဲ့ယောင်းက ထိုလက်ဆောင်ကို သုံးမည့်အချိန်တွင် မည်သည့်ပုံစံမျိုးလေးဖြစ်နေမည်ကို စိတ်ကူးယဉ်နေခဲ့သည်။

နူးညံ့သိမ်မွေ့ပြီး ဂရုစိုက်တတ်သူကြီးလုရွှင်က ကျွမ်းကျင်မှုအသစ်များကို တမင်တကာသင်ယူခဲ့ပြီး ယဲ့ယောင်းအတွက် မွေးနေ့လက်ဆောင်အဖြစ် ပန်းရောင်ဆွယ်တာအင်္ကျီလေး ချည်ထိုးထားခဲ့သည်။

ဆောင်းရာသီအားလပ်ရက်အပြီး ယဲ့ယောင်းအိမ်သို့မလာမီ ထိုလက်ဆောင်ကို လုပ်ခြင်းဖြင့် လုရွှင်မှာ အလွန်အလုပ်များနေခဲ့သည်။ ထိုအချိန်တုန်းက သူ၏အတွေးများမှာ အလွန်ရိုးရှင်းသည်။ သူကိုယ်တိုင်ထိုးထားသော ဆွယ်တာအင်္ကျီကို ဝတ်ထားမည့် ယဲ့ယောင်းကို တွေးပြီး ပျော်လွန်း၍ သူ့မှာ အိပ်မပျော်နိုင်လောက်အောင်ပင်။

ယခုပြန်တွေးကြည့်ရလျှင် ချစ်သူအတွက် ချည်ထိုးပေးသည့် မိန်းကလေးများ၏ အပြုအမူက နွေးထွေးပြီး နူးညံ့သည်။ သူ၏နဂိုရည်ရွယ်ချက်မှာ ယဲ့ယောင်းတစ်ယောက် အအေးမမိစေရန် ဖြစ်ပြီး သူ၏အကျင့်က အဆိုပါပုံစံနှင့် အတော်လေးဆင်တူနေသည်။

ဤနေရာသို့မလာခင် သူက ဆွယ်တာကို တစ်ဝက်မက ထိုးခဲ့ပြီးပြီဖြစ်၍ သူ အိမ်ပြန်မည့်အချိန်တွင် ကျန်တစ်ဝက်ကို ထပ်ထိုးနိုင်သည်။ ယဲ့ယောင်း၏မွေးနေ့ညတွင် သူက ထိုဆွယ်တာကို သူကိုယ်တိုင် ထိုးထားခြင်းဖြစ်ကြောင်း အသိပေးမည်ဖြစ်ပြီး ယဲ့ယောင်း၏လက်ကို ကိုင်ကာ ကိတ်မုန့်ခွဲ၍ ဓာတ်ပုံတွေလည်း အများကြီးရိုက်မည်။

သူက သူတို့၏နှစ်ယောက်တွဲပုံအားလုံးကို သိမ်းဆည်းထားမည်ဖြစ်ပြီး သူတို့အသက်ကြီးလာချိန်တွင် ထိုပုံများကို ထုတ်ကြည့်ကာ ငယ်ဘဝကို ပြန်တွေးကြမည်။

ထိုသို့သောမြင်ကွင်းကို မြင်ယောင်ရင်း လုရွှင်က ကျေနပ်စွာ ပြုံးလိုက်သည်။

*****

နှစ်သစ်ကူးခုနှစ်ရက်မြောက်နေ့အပြီးတွင် ရုံးဝန်ထမ်းအများစုက ပုံမှန်အတိုင်း အလုပ်ပြန်ဆင်း ကြပြီး ယဲ့ယောင်းနှင့် လုရွှင်တို့ကမူ လုရွှင်၏အိမ်သို့ လေယာဉ်ဖြင့် သွားခဲ့ကြသည်။

လုရွှင်၏အိမ်မှ ကားက လေဆိပ်အပြင်ဘက်တွင် စောင့်နေကာ လုရွှင်နှင့် ယဲ့ယောင်းတို့အား လုရွှင်၏ အလယ်အလတ်တန်းစားအိမ်ကြီးဆီသို့ ခေါ်ဆောင်သွားသည်။

လုရွှင်၏ မိဘများက အလွန်အလုပ်များသူများဖြစ်ပြီး အလုပ်ကိစ္စအမျိုးမျိုးကို စတင်ခဲ့ကြသည်မှာ ကြာမြင့်ပြီဖြစ်သောကြောင့် ဗီလာတွင် ချက်ရေးပြုတ်ရေးနှင့် သန့်ရှင်းရေးအတွက် ဝန်ထမ်းများမှတစ်ပါး အခြားလူမရှိသည်မှာ ပုံမှန်ပင်။

လုရွှင်၏အိမ်တွင် အခန်းများလွန်းသောကြောင့် သူတို့နှစ်ယောက်က ခုတင်တစ်လုံးတည်းတွင် ကျပ်ညပ်နေစရာမလိုပေ။ ယဲ့ယောင်းက လုရွှင်၏အိမ်သို့ ရောက်သွားချိန်၌ ပထမဆုံးအကြိမ်လာတုန်းက နေခဲ့သော အရင်အခန်းကို ရွေးချယ်ခဲ့သည်။

"မင်း ဒါတော့ တော်တော်များသွားပြီနော်၊ ငါတို့က သပ်သပ်စီအခန်းခွဲအိပ်ရမယ့် ဆက်ဆံရေးမျိုး မို့လို့လား”

လုရွှင်က ထိုအကြောင်းကို အကြိမ်အနည်းငယ်ညည်းတွားလိုက်ပြီး ယဲ့ယောင်းဘက်မှ ပြင်းပြင်းထန်ထန်ငြင်းဆန်ခြင်းမပြုမီ သူ့အခန်းနှင့်အနီးဆုံးဖြစ်သော ဧည့်ခန်းတံခါးသို့ ဆွဲခေါ်လာခဲ့သည်။

တကယ်တမ်းတွင် ညည၌ သူက ဆွယ်တာအင်္ကျီကို ပြီးအောင် တိတ်တဆိတ်ထိုးနေရဆဲဖြစ်သည်။ ထို့ကြောင့် ထိုအချိန်တို့တွင် ယဲ့ယောင်းကို တစ်ယောက်တည်းအိပ်ခွင့်ပေးရပေလိမ့်မည်။ သို့သော်လည်း ၎င်းကိစ္စမှာ ယာယီသာ ဖြစ်ပေလိမ့်မည်။

ယဲ့ယောင်းက ခရီးဆောင်အိတ်ကို ယူလိုက်ချိန်တွင် လုရွှင်က တစ်ခုခုကို တွေးပြီး ယဲ့ယောင်းအား ပြောလိုက်သည်။

"ဒီတစ်ကြိမ် ငါ့ဝမ်းကွဲ အလည်လာလိမ့်မယ်။ မင်း သူ့ကိုတွေ့ရင် ဒီအတိုင်းဂရုစိုက်လိုက်။ ဂရုမစိုက်ချင်ဘူးဆိုလည်း လျစ်လျူသာရှုလိုက်၊ သူ့ကို ဧည့်ခံဖို့အတွက် မင်းကိုယ်မင်း အတင်းမတိုက်တွန်းရဘူးနော်"

ယဲ့ယောင်းက လုမင်ကို သတိရပြီး ပြုံးလိုက်သည်။

"သူ့ကိုတွေ့တာနဲ့ လှည့်ထွက်သွားလို့ မကောင်းဘူးလေ၊ ရိုင်းရာကျတယ်"

ယဲ့ယောင်းက မေးလိုက်သည်။

"သူက ဘယ်လိုဟာမျိုးတွေ ဝါသနာပါတာလဲ။”

လုရွှင်က မျက်မှောင်ကြုတ်လိုက်သည်။ သူက စိတ်သဘောထားအလွန်သေးသိမ်သည်။ ယဲ့ယောင်းက အခြားသူများနှင့် ပျော်ရွှင်စွာ စကားစမြည်ပြောနေပြီး သူ့အား မေ့သွားမည်ကို နည်းနည်းမှမလိုလားပေ။

"သူ့မှာ ဘာဝါသနာမှ မရှိဘူးရယ်"

လုရွှင်က မသိချင်ယောင်ဆောင်ကာ ယောင်ဝါးဝါးပြောလိုက်သည်။

"သူ့ကိုတွေ့တဲ့အခါ ငါ့ကို ခေါ်နော်။ ငါလာတာကို စောင့်ရင်းနဲ့ ပေါ့ပေါ့ပါးပါးစကားပြောလို့ရတယ်။ အရင်က ငါပြခဲ့တဲ့ စာတွေကို မင်း မဖတ်ရသေးဘူးမလား။ လိင်တူချစ်သူတစ်ယောက်ဖြစ်တာကို ဘယ်လိုသိနိုင်မလဲဆိုတာလေ။ သူက အဲဒါတွေ ရေးတာ။ ဒီတော့ မင်း အဲဒီအကြောင်းတွေ သူ့ကို ပြောပြလို့ရတယ်"

လုရွှင်က ပေါ့ပေါ့ပါးပါးပြောလိုက်သော်လည်း ယဲ့ယောင်းကမူ ထိုအကြောင်းကိုကြားပြီး အံ့ဩသွား၏။

"...မင်းဆိုလိုတာက အဖြောင့်ဟုတ်၊မဟုတ် ဖော်ထုတ်တဲ့နေရာမှာ သူက တော်တယ်ပေါ့"

ယဲ့ယောင်းက အသံဩဩဖြင့် မေးလိုက်သည်။

"အင်း၊ ငါ့အနားမှာ အဖြောင့်ဟန်ဆောင်တဲ့ ယောက်ျားတစ်ယောက်ရှိခဲ့ဖူးတယ်၊ ဒါပေမဲ့ တကယ်တမ်းတော့ သူက ငါ့ကို စွဲလမ်းနေတာလေ။ အဲ့လူ တစ်ခုခု မှားနေတာကို အရင်ရှာတွေ့ခဲ့တဲ့သူက ရှောင်မင်ပဲ"

လုရွှင်က ပြန်ဖြေလိုက်သည်။

ယဲ့ယောင်းက သိပ်မမှတ်မိသလို မျက်မှောင်ကြုတ်လိုက်ပြီး လုမင်နှင့်သူတွေ့ဆုံသည့်နေ့၊ သူနှင့် လုရွှင်၏ လုပ်ရပ်များ၊ လုမင်နှင့် သီးခြားစကားပြောဆိုမှုတို့ကို ပြန်တွေးမရတော့ပေ။

ထိုအချိန်တုန်းက သူက အမှားအယွင်းတစ်စုံတစ်ရာကို သတိမထားမိသေးသော်လည်း ယခုမူ လုမင်၏ အခြားဂုဏ်ပုဒ်ကို သိပြီးဖြစ်၍ ထိုအချိန်က သူတို့စကားဝိုင်းကို ပြန်တွေးမိပြီး နေရာတိုင်း လိုလိုတွင် ထောင်ချောက်များရှိနေသည်ကို တွေ့လိုက်ရသည်။

သူသိသွားပြီလား။

"ငါသိပြီ။"

ယဲ့ယောင်းက မျက်ခုံးများကို ဖြေလျှော့ပြီး ပြုံးပြလိုက်ပြန်သည်။

"ဒါဆို ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ သူနဲ့ ကောင်းကောင်းစကားပြောလိုက်မယ်လေ"

*****

မကြာခင်အတွင်း လုမင်ကို ပြန်တွေ့ရမည်ဟု ယဲ့ယောင်းမထင်ထားခဲ့မိပေ။

နံနက်စောစောတွင် သူက ရေငတ်သဖြင့် နိုးလာပြီး ရေရှာရန် အောက်ထပ်သို့ ဆင်းလာခဲ့သည်။ လုရွှင်က မနိုးသေး‌ဘဲ မနက်စာချက်နေသည့် စားဖိုမှူးကသာ အောက်ထပ်မှာ လှုပ်ရှားနေ၏။

သာယာသောနံနက်ခင်းတွင် ယဲ့ယောင်းက မီးဖိုချောင်သို့ လျှောက်သွားစဉ် စားပွဲပေါ်တွင် ထိုင်လျက် ပုဇွန်ဖက်ထုပ်စားနေသော လုမင်ကို တွေ့လိုက်ရသည်။

လုမင်က သူ့ကိုမြင်ပြီး ကြောင်အသွားကာ သူ၏အမူအရာမှာလည်း အနည်းငယ်အံ့သြသွားပုံပင်။

စားဖိုမှူးထံမှ ရေတစ်ခွက်ယူပြီးနောက် ယဲ့ယောင်းက အခန်းထဲသို့ မပြန်သေးဘဲ လုမင်နှင့် မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်သည်။

"မတွေ့တာကြာပြီ"

"တော်တော်ကြာပြီနော်၊ ကျွန်တော်တို့ နောက်ဆုံးတွေ့ခဲ့တာက အားလပ်ရက်မတိုင်ခင်ကပဲ"

လုမင်က ယဲ့ယောင်းကို အဖြောင့် သို့မဟုတ် လိင်တူချစ်သူဟုတ်၊မဟုတ် စစ်ဆေးကြည့်မည်ဟူသော သူ၏ပန်းတိုင်ကို မှတ်မိနေဆဲ။ သူတို့နောက်ဆုံးတွေ့ခဲ့ချိန်တုန်းက သူ့ထံ၌ မရေမရာ သံသယရှိခဲ့သော်လည်း ယခုတစ်ကြိမ်တွင် ပို၍ပင် ရှင်းရှင်းလင်းလင်းဖြစ်သွား၏။ ထိုအရာက သူ့ကို အမှန်ပင် အံ့အားသင့်စေခဲ့သည်။

အခြားအကြောင်းပြချက်မရှိခဲ့ချေ။ ယဲ့ယောင်း၏ ညအိပ်ဝတ်စုံက ကွက်တိမဖြစ်နေဘဲ အနည်းငယ်ကြီးနေကာ ၎င်းက လုရွှင်၏ဝတ်စုံနှင့်တူ၏။

ခပ်ချောင်ချောင်အဝတ်အစားများက ယဲ့ယောင်း၏ခန္ဓာကိုယ်နှင့် ကပ်နေပြီး အနည်းငယ်ပိန်ပါးသော သူ၏ရုပ်သွင်ကို ပိုမိုသွယ်လျစေကာ ပိန်သွယ်သွားစေသည်။ သေးငယ်သော ညှပ်ရိုးအပိုင်းက ကော်လာဖြင့် ဖုံးထားမျိုးခြင်းမရှိဘဲ ထင်ရှားပေါ်လွင်နေပြီး တောက်ပသော အသားအရေပေါ်တွင် အရိပ်များ၏ အလင်းနှင့်အမှောင် ရောင်ပြန်များကို ထင်ရှားစေသည်။

လုမင်က အဖြောင့်ဖြစ်သော်လည်း ထိုသို့သော အနီးကပ်ဆွဲဆောင်မှုကို ရင်ဆိုင်ရချိန်တွင် ဘယ်ကိုကြည့်ရမည်ကို မသိတော့ပေ။

"မင်းရဲ့ ညအိပ်ဝတ်စုံက နည်းနည်းကြီးနေတဲ့ပုံပဲ"

လုမင်က မဝံ့မရဲမေးလိုက်သည်။

ယဲ့ယောင်းက ရေဖန်ခွက်ကို ကောက်ယူပြီး တစ်ငုံသောက်လိုက်သည်။ သူ၏လက်ကို မြှောက်လိုက်စဉ်တွင် အင်္ကျီလက်ဝများက လျှောကျသွားပြီး လက်ကောက်ဝတ်သေးသေးလေးကို ပေါ်လွင်သွားစေသည်။

"အင်း၊ ကြီးတယ်လေ..."

ယဲ့ယောင်းက အနည်းငယ်ပြုံးလိုက်သည်။

"ဘာလို့လဲဆိုတော့ ဒါက လုရွှင်ရဲ့ ညဝတ်အင်္ကျီလေ၊ ငါ ခရီးဆောင်အိတ်အများကြီးကို အသွားအပြန် သယ်ရမှာပျင်းတာနဲ့ သူ့အဝတ်အစားတွေ ငှားဝတ်ထားတာရယ်"

ယဲ့ယောင်း၏အဖြေက ရှင်းသော်လည်း လုမင်က ခဏမျှမည်သို့ပြန်ဖြေရမည်ကို မသိတော့ပေ။

ပုံမှန်ဆို လုရွှင်ကို ကြိုက်နေတဲ့သူက လုရွှင်ရဲ့အဝတ်အစားတွေကို ဝတ်ဖို့ ဆင်ခြေရှာတတ်တာလေ၊ ဒါပေမဲ့ သူက ပိုသတိထားသင့်တာမဟုတ်ဘူးလား။

အကယ်၍ ထိုလူက အခြားသူများနှင့်မတူကြောင်း သူ့ကိုယ်သူအလွန်ယုံကြည်မှုရှိပြီး လုရွှင်အပေါ် သူ၏ပိုင်ဆိုင်မှုကိုလည်း ပြသလိုပုံရသည်။

လုရွှင်၏ ယခင်သူငယ်ချင်းကဲ့သို့ပင်။

လုမင်က ခဏရပ်ပြီး ပြန်ပြောလိုက်သည်။

"မင်းနဲ့သူနဲ့ကြားမှာ အရမ်းကောင်းတဲ့ ဆက်ဆံရေးရှိတာပဲ။ ပုံမှန်ဆို တခြားသူတွေကို သူ့အဝတ်အစားတွေ ဝတ်ခွင့်မပေးဘူးဆိုတာ မင်းလည်း သိမှာပေါ့"

"ငါတို့ဆက်ဆံရေးက သာမန်သူငယ်ချင်းတွေထက် ပိုကောင်းတယ်၊ ဒါကြောင့် သူက ငါ့ကို ငှားဖို့ ဆန္ဒရှိတာလေ"

ယဲ့ယောင်းက ပြန်ဖြေ၏။

စကားတစ်ခွန်းဖြင့် လုမင်၏အချက်ပေးသံက တိုက်ရိုက်ထွက်ပေါ်လာသည်။

ဒီအချက်အလက်အမျိုးမျိုးအရ သူတို့ဆက်ဆံရေးက တခြားသူငယ်ချင်းတွေနဲ့ မတူဘူးဆိုတာကို ပြသနေတာပဲ။ သူက အဖြောင့်နဲ့ သူငယ်ချင်းကောင်းဖြစ်ရတာကို ဂုဏ်ယူနေတာပဲ။

ဒါက သူ့ရည်ရွယ်ချက်ကြောင့် အများကြီးအတွေးလွန်နေခြင်းမျိုး မဟုတ်ပေ။ ဤကဲ့သို့သော လူများ အများအပြားကို သူတကယ်မြင်ခဲ့ဖူး၏။

လိင်တူချစ်သူအချို့က အဖြောင့်ယောက်ျားများကို ချစ်မိကြပြီး အတူတကွရှိနေနိုင်ရန် တစ်ဖက်လူကို ကွေးစေချင်သည်များလည်းရှိသည်။ လိင်တူချစ်သူတော်တော်များများက ထိုအရာအတွက် ဂုဏ်ယူကြပြီး အောင်မြင်တော့မည်ဟု ထင်သည့်အချိန်မျိုးတွင် ထုတ်ဖော် ပြသလေ့ရှိ၏။

သို့သော်လည်း…

များသောအားဖြင့် ဇာတ်လမ်းအဆုံးသတ်များမှာ သိပ်မကောင်းချေ။ အခြားသူနဲ့ ကစားချင်ရုံသက်သက်ဖြစ်သည့် မျောက်ကဲ့သို့သော အဖြောင့်များမှာ အမှန်တကယ်မကွေးကြချေ။ သို့တည်းမဟုတ် အဖြောင့်က ခဏအကြာတွင် ပြန်ဖြောင့်သွားကြပြီး စစ်မှန်သောပျော်ရွှင်မှုဖြင့် အဆုံးသတ်သောလူများမှာ အနည်းငယ်သာရှိသည်။

လုရွှင်အတွက်မူ...

ဤအမျိုးသားမှာ ယောက်ျားများကို မကြိုက်ကြောင်း ပြောရန်ပင်မလို။

လုံးဝဖြစ်မလာနိုင်သောကြောင့် စောစောရှောင်ထွက်ခြင်းကသာ မှန်ကန်သောနည်းလမ်း ဖြစ်လိမ့်မည်။

"မင်းက လိင်တူချစ်သူတွေအပေါ် အရမ်းအကဲဆတ်တယ်လို့ လုရွှင်ဆီကနေ ကြားထားတယ်"

ယဲ့ယောင်းက မေးလိုက်သည်။

"လိင်တူချစ်သူတွေကို ခွဲခြားသတ်မှတ်တာနဲ့ ပတ်သက်ပြီး ရေးထားတဲ့ လမ်းညွှန်စာရင်းကို ငါဖတ်ပြီးသွားပြီ။ တော်တော်လေးကောင်းတာပဲ"

"ဟင်?"

လုမင်အံ့အားသင့်သွားသည်။

"မင်း ဖတ်ဖူးတယ်?"

ယဲ့ယောင်းက သူ၏မျက်နှာကို လက်တစ်ဖက်ဖြင့်ထောက်၍ လုမင်ကိုကြည့်ရန် ခေါင်းကို အနည်းငယ်စောင်းလိုက်သည်။ သူက မပြုံးနေသော်လည်း သူ၏မျက်ခုံးများနှင့် မျက်လုံးများက အနည်းငယ်ကွေးသွားကာ ပန်းရောင်နှုတ်ခမ်းများက ပြုံးနေပုံပေါ်သည်။

"ဒါဆို မင်းတစ်ခုခုတွေ့သွားပြီလား။ ဥပမာ... လုရွှင် အနီးတစ်ဝိုက်မှာ လုရွှင်ကို ခိုးချစ်နေတဲ့ လိင်တူချစ်သူတစ်ယောက်ရှိလား"

လုမင်က ဤမေးခွန်းအတွက် အလွန်အံ့အားသင့်သွားပြီး သူစားနေသော ပုဇွန်ဖက်ထုပ်ကို မတော်တဆပစ်ချလိုက်မိသည်။

မြေပြင်ပေါ်ကျသွားသော ပုဇွန်ဖက်ထုပ်များကို အမြန်ကောက်ယူလိုက်စဉ် သူ၏တစ်ကိုယ်လုံးမှာ အံ့သြတုန်လှုပ်သွားသည်။

ဒါ... ဒီဝံပုလွေက သူနဲ့အတူ ဖော်ထုတ်ဖို့ ကြိုးစားနေတာလား။

ယဲ့ယောင်း၏အမူအရာနှင့် စကားအရ လုံးဝမမှားနိုင်ချေ။

“မင်း…”

လုမင်က ခဏတုံ့ဆိုင်းပြီး တုန်ရီသွားသော်လည်း နောက်ဆုံးတွင် အသံတိုးတိုးဖြင့် ပြန်ပြောလိုက်သည်။

“ငါ လုရွှင်ကို မပြောပါဘူး၊ ဒါပေမဲ့ မင်း သူနဲ့ ဝေးဝေးနေသင့်တယ်။ လုရွှင်က ငတုံးမဟုတ်ဘူးနော်။ ဒီအတိုင်းဆက်နေရင် သူက အနှေးနဲ့အမြန်သိသွားလိမ့်မယ်၊ အဲဒီအချိန်မှဆိုရင် ရင်ဆိုင်ဖို့ ခက်လိမ့်မယ်”

ယဲ့ယောင်းက ဤဝမ်းကွဲဖြစ်သူကို လှည့်စားနိုင်ခြင်းကြောင့် ပျော်ရွှင်နေပြီး အဓိကရည်ရွယ်ချက်မှာ သူ၏သံသယများကို ရှင်းလင်းရန်ပင်။ ယခုမူ ဟာသလုပ်ချိန်ကုန်သွားပြီဖြစ်၍ တဲ့တိုးပြောလိုက်သည်။

"ခင်မင်ရင်းနှီးမှုထက် သူ့အတွက် တခြားခံစားချက်တွေရှိနေတယ်လို့ မင်း ဘာလို့ထင်တာလဲ။"

ယဲ့ယောင်းက အလွန်တည်ငြိမ်နေသည်။

"ငါတို့အဖြောင့်ယောက်ျားတွေက ဒီလိုမျိုးဆက်ဆံကြတယ်လေ။"

လုမင်၏မျက်နှာပေါ်ရှိ အမူအရာမှာ မယုံနိုင်သလို။

"ဘယ်လိုအဖြောင့်ယောက်ျားမျိုးက ဒီလိုနေကြလို့လဲ။ ဘာလို့ မင်း အပြင်ထွက်ပြီး အဲ့မှာ တစ်ယောက်ယောက်ရှိလား သွားမကြည့်တာလဲ။ မင်းနဲ့ အပန်းဖြေဥယျာဉ်ကို နောက်ဆုံးအကြိမ် သွားကတည်းက တစ်ခုခုမှားနေတယ်လို့ ခံစားမိခဲ့တာ!"

"မင်း အဲ့ဒါကို မယုံရင် ငါ ပြောတာနားထောင်လေ။ အခု ငါ သူ့ကို ပြောလိုက်မယ်။”

ယဲ့ယောင်းက ဖုန်းကို ကောက်ကိုင်လိုက်သည်။

လုမင်: "?"

ယဲ့ယောင်းက လုရွှင်၏ WeChat ကိုရှာဖွေပြီး ဖြည်းညင်းစွာ အသံမက်ဆေ့ချ်ပို့လိုက်သည်။

"လုရွှင်၊ မင်းရဲ့ဝမ်းကွဲက ငါ့ကို ဂေးလို့ပြောပြီး မင်းကို ကြိတ်ကြိုက်နေတယ်လို့ ပြောတယ်၊ ပုံမှန်ဆို ငါတို့လို အဖြောင့်နှစ်ယောက်စလုံးက ဘယ်လိုပုံစံမျိုးနဲ့မှ လိုက်ဖက်မှုမရှိတာမို့ သူပြောတာက အဓိပ္ပါယ်ရှိမယ်ထင်တယ်။ ငါ အခုချက်ချင်းထွက်သွားတော့မယ်"

လုမင်: "…??"

လုရွှင်၏အဖြေက ချက်ချင်းနီးပါးပြန်ရောက်လာပြီး ယင်းမှာ အသံမက်ဆေ့ခ်ျတစ်ခုပင်။ ယဲ့ယောင်းက ဖွင့်ကြည့်လိုက်ရာ လုရွှင်၏ အသံက ရေစီးသံများကြားမှ သူ့နားထဲကို ဝင်လာသည်။

"သူက နောက်နေတာ၊ လျစ်လျူရှုထားလိုက်။ မနေ့ညက မင်းအကြိုက်ဆုံးဝမ်တန်လုပ်ပေးဖို့ စားဖိုမှူးကို ငါ အထူးတောင်းဆိုခဲ့တယ်။ မင်း မြည်းကြည့်လိုက်လေ၊ မင်းစားချင်စိတ်နဲ့ လိုက်ဖက်ရဲ့လား"

လုမင်က အံ့သြသွားသည်။ စားပွဲပေါ်တင်ထားသော လက်ကိုင်ဖုန်းက တုန်ခါသွားပြီး ကောက်ကိုင်လိုက်ရာ လုရွှင်က သူ့ထံ မက်ဆေ့ခ်ျတစ်စောင်ပို့ထားသည်ကို တွေ့လိုက်ရသည်။

စကားလုံးများမှာ ခပ်တိုတိုသာဖြစ်သော်လည်း စကားလုံးတိုင်းက လူသတ်ချင်စိတ်များဖြင့် ပြည့်နှက်နေပြီး ယခုလေးတင် ယဲ့ယောင်းဆီသို့ သူပေးပို့လိုက်သော စကားလုံးများ၏ နူးညံ့သိမ်မွေ့မှုနှင့် လုံးဝဆန့်ကျင်ဘက်ပင်။

[မင်း! ဒီကို လာခဲ့စမ်း။ အခုချက်ချင်း!]

....

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment