အခန်း - ၃
အိပ်ဆောင်ထဲ ပြန်ရောက်ချိန် ချွေးနံ့မခံနိုင်သော ယဲ့ယောင်းက ရေသွားချိုးနေစဉ် ယဲ့ယောင်း၏ ကတိကြောင့် စိတ်ကောင်းဝင်နေသော လုရွှင်က စားပွဲခုံတွင် ထိုင်ကာ လက်ကိုင်ဖုန်းကို ပေါ့ပေါ့ပါးပါးကစားနေသည်။
လုရွှင်က နှုတ်ခမ်းထက် အပြုံးတစ်ခုဖြင့် ကျောင်း၏ အမည်မသိဖိုရမ်ကို မနှိပ်မီ ဆော့ဖ်ဝဲလ်အမျိုးမျိုးကို လှည့်ပတ်ကြည့်ရှုခဲ့သည်။
လုရွှင်က ကျောင်း၏ အမည်မသိဖိုရမ်ထဲသို့ မကြာခဏဝင်မကြည့်ဖြစ်၍ ဝဘ်ဒ်ဆိုက်ထဲသို့ ဝင်လိုက်ချိန် များပြားလှသော ပို့စ်များကို ကြည့်၍ အံ့အားသင့်သွားသည်။ ဖိုရမ်၏ ပထမစာမျက်နှာတွင် မကြာသေးမီကတင်ခဲ့သော ပို့စ်များနှင့် ပြည့်နှက်နေပြီး အသက်ဝင်ဆုံး ပို့စ်သုံးပုဒ်ရှိနေသည်။
[ငါစိတ်ရှုပ်နေပြီ။ ငါက အဖြောင့်ပါ၊ ငါ့ချစ်သူကလည်း အဖြောင့်ပဲ၊ မင်းနားလည်ရင် ဝင်ပြောလိုက်။]
[အလှလေးယဲ့၏ သုံးသပ်ချက်ပေ့ချ်- ဆန့်ကျင်သူတွေ မလာရ!]
[လုရှန်တု၏ ဓာတ်ပုံများနှင့် သေဆုံးမှုကို ချိုးဖျက်ခြင်း- မြန်မြန်ဝင်လိုက်]
လုရွှင်က မျက်ခုံးပင့်ကာ ပထမတစ်ခုကို တစ်ချက်နှိပ်လိုက်သည်။
သူဝင်သွားပြီးနောက် လုရွှင်ပထမဆုံးမြင်ရသည်မှာ တည်းဖြတ်ထားသည့် ဓာတ်ပုံပင်။
ဓာတ်ပုံက ယနေ့မွန်းလွဲပိုင်း ဘတ်စကက်ဘောပွဲမှပုံဖြစ်ပြီး ဓာတ်ပုံ၏ အလယ်တွင် သူနှင့် ယဲ့ယောင်းက မှုန်ဝါးနေသော အသင်းဖော်အချို့ကို ဖြတ်ကာ တစ်ယောက်ကိုတစ်ယောက် ငေးကြည့်နေကြသည်။ ပိုစတာတွင် နှစ်ဦးသားကို ပန်းရောင်ပူဖောင်းများဖြင့် ဝိုင်းရံထားပြီး အကြည့်ချင်းဆုံနေပုံကို အနီရောင်မျဉ်းများဖြင့် ရေးဆွဲထားသည်။
ပိုစတာ- [ဝူးးးးးးး၊ ဒီလို ငေးကြည့်နေကြပုံက၊ သူတို့က သူငယ်ချင်းတွေပဲလို့ ပြောရင် ငါမယုံနိုင်ဘူး၊ သူတို့ကြားထဲမှာ လျှို့ဝှက်အချစ်ဇာတ်လမ်းတစ်ခု ရှိကိုရှိရမယ်!]
ဤပုံက အလွန်ဆန်းကြယ်ပြီး စိတ်ကူးယဉ်ဆန်လွန်းသည်။ အထူးသဖြင့် ယဲ့ယောင်း၏ အဖက်မလုပ်သလို မျက်နှာကြောင့် လုရွှင်က မထိန်းနိုင်ဘဲ ကျယ်လောင်စွာ ရယ်မောလိုက်သည်။
လုရွှင်က ဓာတ်ပုံကို သိမ်းဆည်းခဲ့ပြီး ပျော်ရွှင်စွာ ဆက်လက်ဖတ်ရှုခဲ့ရာ နှစ်ယောက်သား၏ ပုံများအပြင် သူနှင့်ယဲ့ယောင်းအကြား ဆက်ဆံရေးနှင့်ပတ်သက်၍ ထင်ကြေးပေးမှုများကို တွေ့ခဲ့ရသည်။
ဥပမာအားဖြင့် သူက ယဲ့ယောင်းအား သောက်လက်စအားကစားရေဘူးကို ပေးလိုက်ပုံ၊ လူရှေ့သူရှေ့တွင် သွယ်ဝိုက်သောအနမ်းဖြင့် သူ့လွှမ်းမိုးမှုကို အခိုင်အမာပြရန် ကြိုးစားနေပုံများပင်။
ဥပမာအားဖြင့် အားကစားကွင်းမှ ထွက်လာစဉ် ယဲ့ယောင်း၏ ပခုံးပေါ် လက်နှစ်ဖက်တင်လျက် အတူတကွပူးကပ်နေပြီး လွှတ်မပေးပုံက ဤချောမောသော ကျောင်းမြက်လေးများ ချိတ်မိသွားကြောင်းကို သူ့ပြိုင်ဘက်များနှင့် လေးစားသူများကို ပြောပြနေသလို အပျင်းကြီးသူများနှင့် အခြားသူများ နောက်ဆုတ်သင့်သည်ဟု ပြောပြနေပုံပင်။
လုရွှင်က နှုတ်ခမ်းတွန့်သွားပြီး စိတ်ထဲ ထိုအတွေးမျိုး မတွေးထားသော်လည်း ထိုသို့ကျီစယ်နှောက်ပြောင်သော စကားများကြောင့် စိတ်မပျက်ခဲ့ချေ။ သူနှင့် ယဲ့ယောင်းက တစ်ယောက်ကိုတစ်ယောက် ဟာသလုပ်ပြီး ဓါတ်ပုံများရိုက်ကြသည်မှာ ပုံမှန်ပင်။
လုရွှင်က ကလစ်တစ်ချက်နှိပ်ကာ ပေ့ချ်ရှိ ပုံအားလုံးကို သိမ်းဆည်းပြီး ကျေနပ်စွာ ပြန်ထွက်လိုက်သည်။
ထို့နောက် လုရွှင်က ဒုတိယပို့စ်ကို နှိပ်လိုက်သည်။
[အလှလေးယဲ့၏ သုံးသပ်ချက်ပေ့ချ်]
သူတို့နှစ်ဦးကြား အပြန်အလှန်ဆက်ဆံရေးအကြောင်း ဖော်ပြထားသည့် ယခင်ပို့စ်နှင့် နှိုင်းယှဉ်ပါက ဤပို့စ်ရှိ ဓာတ်ပုံများက ယဲ့ယောင်း၏ မျက်နှာကို ကြည်လင်ပြတ်သားသော ရိုက်ချက်များဖြင့် ပြသရန် ပိုမိုအာရုံစိုက်ထားပုံပင်။
လုရွှင်အား ကျောင်းနတ်ဘုရားလို့ ယဲ့ယောင်းက အမြဲပြောနေသော်လည်း သူကိုယ်တိုင်ကလည်း ကြည့်မကောင်းတာမျိုးမဟုတ်ပေ။
လုရွှင်၏ ချောမောပြီး ထက်မြက်သော အသွင်အပြင်နှင့်မတူဘဲ ယဲ့ယောင်း၏ မျက်နှာအသွင်အပြင်က ပို၍သိမ်မွေ့နူးညံ့သည်။ သူသာ အမျိုးသမီးအဝတ်အစားများ ၀တ်ပြီး ဆံပင်ရှည်များရှိလျှင် လူတော်တော်များများက အလှလေးဟုပင် ခေါ်ကြလိမ့်မည်။
သူ့ထံ ထိုသို့လိင်ခွဲမရသော အသွင်အပြင်မျိုးရှိ၍ သဘာဝအတိုင်း သူ၏ကြည့်ကောင်းမှုကို ဓာတ်ပုံရိုက်လိုသည့်သူများ ပြတ်လပ်ခြင်းမရှိပေ။ ပေ့ချ်တွင် လှပသော ဓါတ်ပုံမျိုးစုံနှင့် ချီးကျူးစကားအမျိုးမျိုးနှင့် ပြည့်နှက်နေသည်။
လုရွှင်က လူများ၏ မှတ်ချက်များကို တစ်ပြိုင်တည်းဖတ်ရင်း ယဲ့ယောင်း၏ ဓာတ်ပုံတိုင်းကို ဂရုတစိုက်သိမ်းဆည်းကာ ပို့စ်အောက်သို့ ဖြည်းညင်းစွာ ပွတ်ဆွဲလိုက်သည်။
အမည်မသိဖိုရမ်တစ်ခုဖြစ်သောကြောင့် လူတို့က စကားပြောဆိုရာတွင် အထိန်းအကွပ် မရှိကြချေ။
[အိုး၊ ငါ့ခင်ပွန်းရဲ့ အသားအရေက အရမ်းပါးတာပဲ၊ သူ့မျက်နှာလေး နီရဲနေတာကို မင်းမြင်လား။ သူ့မျက်နှာက လေ့ကျင့်ခန်းလုပ်လို့ ပူနေတာမဟုတ်ဘူး၊ ဟိ ငါ့ကိုမြင်ပြီး ရှက်နေတာ။]
[မင်းအဲ့လိုပြောတာဆိုရင် ယဲ့ယဲ့က ငါ့ကို ပွေ့ဖက်ပြီး နာရီဝက်လောက် ချော့ပေးနေတာ။]
[မင်းရဲ့ စိတ်ကူးယဉ်မှုကို ငါသည်းမခံနိုင်တော့ဘူး၊ နောက်ဆုံးတော့ သူက ငါ့ကို ညတိုင်း ဖက်အိပ်တာလေ၊ အပေါ်လူက မှန်တယ်၊ သူ့အသားအရေက အရမ်းပါးတာပဲ။ ဒါကြောင့် ငါတို့ ချစ်ရေးချစ်ရာလုပ်နေတဲ့အချိန် သူ့လည်စေ့လေးကို သာသာလေးကိုက်လိုက်တာနဲ့ တဖြည်းဖြည်းပန်းရောင်သန်းလာတာကို မင်းမြင်ရမယ်။ ဟီးဟီးဟီး၊ သူ့အနံ့ကလည်း အရမ်းကောင်းတယ်။]
လုရွှင်က ထိုနောက်ဆုံးကောမန့်ကို အချိန်အနည်းငယ်စိုက်ကြည့်ပြီးနောက် ကောမန့်၏ ပို့စ်အပေါ်ထောင့်စွန်းမှ ‘မုန်းတီးမှုနှင့် တိုင်ကြားမှု’ ကို နှိပ်လိုက်သည်။
သေစမ်း! သူက ယဲ့ယောင်းနဲ့ နေ့တိုင်းအိပ်နေတဲ့သူလေ၊ အဲ့ဒါကို လျက်လိုက်ရင် ယဲ့ယောင်း ပန်းရောင်ပြောင်းသွားတာကို သူက ဘာလို့ မသိနိုင်ရတာလဲ။
ဖိုရမ်တွင် လူတိုင်း၏ တာဝန်က အကျိုးရှိသော ပတ်ဝန်းကျင်ကို ထိန်းသိမ်းရန်ပင်။
လုရွှင်က မယုံကြည်နိုင်သလို ခံစားချက်ဖြင့် ဆက်ပွတ်ဆွဲလိုက်ရာ သူ့မျက်နှာက စကားအချို့ကြောင့် မည်းမှောင်သွားသည်။
ရှေ့မှ ပရောပရည်လုပ်ထားသော သဘာဝကျကျဟာသများနှင့်မတူဘဲ ထပ်ပေါ်လာသော စာသားများက သိသာထင်ရှားသော အငြိုးအတေးများနှင့် ပြည့်နှက်နေသည်။
[မိန်းမဆန်လိုက်တာ၊ အလှတရားကို မခံစားတတ်တဲ့ မိန်းကလေးမျိုးတွေပဲ ဒီလိုလူမျိုးကို ကြိုက်လိမ့်မယ်၊ သူ့မှာ ယောက်ျားပီသမှုတောင် နည်းနည်းမှမရှိတာ၊ ရွံစရာကောင်းလိုက်တာ။ ဒီလောင်ဇူက အန်မိတော့မတတ်ပဲ]။
[အရမ်းလှတာပဲ၊ မင်းကို တစ်ချက်လောက်ဆိတ်လိုက်ရင်တောင် အကြာကြီးငိုမယ့်ပုံပဲ၊ အို့၊ မစ္စတာယဲ့ရေ၊ မင်းအပြင်ထွက်တဲ့အခါ ကိုယ်ရံတော်ထားရင် ပိုကောင်းမယ်နော်၊ မဟုတ်ရင် ဘာဖြစ်လာမယ်ဆိုတာ ဘယ်သူသိမှာလဲ။]
[ဘယ်သာမန်လူက သူနဲ့ ကစားမှာလဲ။ သာမန်ယောက်ျားတွေက သူ့ကို အထင်သေးကြမှာပဲ၊ ဟာသပဲ။]
ထိုသို့သော မှတ်ချက်များက ဖိုရပ်တစ်ခုလုံးကို ပေါက်ကွဲစေတော့မတတ်ပင်။
[နှုတ်ခမ်းနီနီလေးနဲ့ သွားဖြူဖြူလေးတွေ၊ အရမ်းအသန့်ကြိုက်တဲ့သူဖြစ်တာနဲ့ မိန်းမဆန်နေတဲ့သူ ဖြစ်ရောလား၊ မင်းရဲ့ ဝတုတ်တုတ်ခေါင်းနဲ့ နားရွက်တွေက မသတီစရာကောင်းတာ ငါသိတယ်!]
[မင်းက အမေလို့သုံးပြီး လူတွေကို ဆဲဆိုကြိမ်းမောင်းရတာ အရမ်းကြိုက်တဲ့ပုံပဲ၊ မင်းမှာ အမေမရှိဘူးလား။]
[ပို့စ်မှာ ဆန့်ကျင်သူတွေ ဝင်ခွင့်မရှိဘူးလို့ ပြောထားပြီးသား။ လူ့စကားကို နားမလည်ဘူးလား။ ထွက်သွားကြစမ်း!]
ဤခဏတွင် လုရွှင်က ခေါင်းစဉ်တွင် ရေးထားသော ‘ဆန့်ကျင်သူများ မဝင်ရ’ စာသားကို နားလည်သွားသည်။
"သေစမ်း၊ ထပ်လာပြန်ပြီ၊ မင်းတို့တွေက ယဲ့ယောင်းကို လက်ညိုးတစ်ချောင်း၊ အနံ့ဆိုးထွက်နေတဲ့ ကောင်တွေနဲ့ နှိုင်းလို့တောင် မရဘူးကွ။"
ဒေါသတကြီးကျိန်စာတိုက်သံက လုရွှင်၏ နားထဲသို့ ရောက်ရှိလာပြီး သူလှည့်ကြည့်လိုက်ရာ ဝိန်းခယ်က တစ်စုံတစ်ဦးကို ကျိန်ဆဲနေသကဲ့သို့ သူ့ဖုန်းကို ဒေါသတကြီးထိနေသည်ကို တွေ့လိုက်ရသည်။
လုရွှင်၏ အကြည့်က ဝိန်းခယ်၏ အာရုံကို ဖမ်းစားလိုက်ပြီး သူက ခေါင်းမော့ကာ လုရွှင်ကို ခဏမျှကြည့်ပြီး ဖုန်းကို ပြောင်းပြန်ဖုံးကွယ်လိုက်သည်။
"လု၊ လုကော၊ ကောလည်း အိပ်ဆောင်ထဲမှာ ရှိနေတာပဲ၊ ကောသာ ဘာမှမပြောရင် ကျွန်တော် မေ့သွားတော့မလို့"
ဝိန်းခယ်က ကိုးရိုးကားယားရယ်မောလိုက်သည်။
"မင်းလည်း အဲ့ပို့စ်ကို ဖတ်နေတာလား"
လုရွှင်က တိုတိုတုတ်တုတ်မေးလိုက်သည်။
"ဘာဖြစ်နေတာလဲ"
“……လုကော၊ ကောလည်း တွေ့လိုက်တာပဲ။”
ဝိန်းခယ်က ခေါင်းကုတ်ပြီး သက်ပြင်းချလိုက်သည်။
"အမည်မသိဖိုရမ်တွေမှာ ယဲ့ယောင်းရဲ့ ရုပ်ရည်ကို အမြဲတိုက်ခိုက်တဲ့ အမှိုက်ကောင်တွေ အများကြီးရှိတယ်။ အရင်ကတော့ အဆင်ပြေသေးပေမဲ့ ယဲ့ယောင်းက မိန်းကလေးတွေကြား ပိုနာမည်ကြီးလာတဲ့အတွက် အဲဒီလူတွေက ပိုပိုပြီးရိုင်းစိုင်းလာတယ်။ ယဲ့ယောင်းကို ဖုံးကွယ်ထားတာ ပိုကောင်းမယ်ထင်တယ်။ သူ့ကို ဒီအမည်မသိဖိုရမ်တွေကြောင့် ဒေါသမထွက်စေနဲ့။ လက်တွေ့မှာ ဒီလူတွေ အားမသုံးရဲလောက်ဘူး။”
ရေချိုးခန်းထဲက ရေသံများရပ်သွားပြီး ယဲ့ယောင်းက ရေချိုးခန်းတံခါးကို ဖွင့်ပြီး ထွက်လာခဲ့၏။
လည်ပင်းကျယ်အဖြူရောင်ရှပ်အင်္ကျီက သူ့ကို ပိုကြော့ရှင်းပြီး သွယ်လျစေ၏။ သူ့ဆံပင်မှ ရေစက်များကို သုတ်ရန် လက်တစ်ဖက်တွင် မျက်နှာသုတ်ပုဝါတစ်ထည်ကို ကိုင်ထားပြီး နောက်တစ်ဖက်က လသာဆောင်တွင် ချိတ်ထားသည့် အဝတ်များကို ရုတ်ရန်အတွက် အဝတ်တန်းကို ကိုင်ထားသည်။
ယဲ့ယောင်းက သူ့အဝတ်များကို ရုတ်ပြီးနောက် အခန်းထဲသို့ ပြန်လှည့်လာပြီး မေးလိုက်သည်။
"မင်းတို့ရဲ့ အဝတ်အစားတွေကိုကော ရုတ်ပေးစေချင်လား"
“ဟုတ်ကဲ့!”
ဝိန်းခယ်က သူ့အမူအရာကို ပြင်လိုက်ပြီး ယဲ့ယောင်းအား အသည်းလေးပေးလိုက်သည်။
"မင်းရဲ့ ကြင်နာမှုကို ငါ ပြန်ပေးမဆပ်နိုင်တော့ဘူး၊ ခန္ဓာကိုယ်နဲ့ ပြန်ဆပ်ပါရစေ။"
"အဲဒါက အလုပ်မဖြစ်ဘူး၊ ငါ့မှာ မှန်ကန်တဲ့ ကြင်ယာတော်ရှိနေပြီ၊ ကိုယ်လုပ်တော်တွေကို လက်မခံဘူး။"
ယဲ့ယောင်းက ပြုံးပြီး အခြားလူများ၏ အဝတ်အစားများကို ရုတ်ပေးရန် ပြန်လှည့်သွားသည်။
သူ့လက်ကို မြှောက်လိုက်စဉ် အင်္ကျီကို အပေါ်တက်သွားပြီး ဝါးပင်ကဲသို့ ဖြောင့်စင်း ကျဉ်းမြောင်းသော ခါးလေးက ပေါ်လာသည်။
ထိုကဲ့သို့သော ပုံရိပ်၏ နောက်ကျောကိုကြည့်ရင်း လုရွှင်က အထက်တန်းကျောင်းတွင် ယဲ့ယောင်းပြောခဲ့သည့်အရာတစ်ခုကို သတိရသွားသည်။
ထိုအချိန်တွင် သူက ယဲ့ယောင်းကဲ့သို့သော အဆင့်အတန်းရှိသော ကျောင်းသားကောင်းတစ်ဦးက အဘယ်ကြောင့် ကျောင်းသားဆိုးတစ်ဦးနှင့်ယှဉ်နိုင်သည်အထိ ရန်ဖြစ်ရာမှာ ကျွမ်းကျင်နေသည်ကို သိချင်မိသည်။
ထို့ကြောင့် သူတို့သိလာပြီးနောက် လုရွှင်က သူ့သံသယများကို မေးခဲ့သည်။ ထိုအချိန်တွင် ယဲ့ယောင်းက လူငယ်တစ်ယောက်၏ နူးညံ့သိမ်မွေ့သော အသွင်အပြင်ဖြင့် သူ့ကို စိုက်ကြည့်နေသည်။
လုရွှင်က နောက်ဆုံးတွင် ဘာ့ကြောင့်ဖြစ်သည်ကို သိရှိသွားခဲ့သည်။
ယဲ့ယောင်းက မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းတွင် တက်နေစဉ် သူ၏ အသွင်အပြင်များ မဖွံ့ဖြိုးသေးမီတွင် တမင်တကာဆံပင်တိုညှပ်ထားသော်လည်း မိန်းကလေးကဲ့သို့ လှခဲ့သည်။
ထိုကောင်လေးက ထူးဆန်းသောလူမျိုးစုံတို့၏ ပစ်မှတ်ထားခြင်းခံရရန် လွယ်လွန်းပြီး သူ့အတန်းရှိ ယောက်ျားလေးများက အလွယ်တကူဝိုင်းပယ်ကာ အနိုင်ကျင့်နေသောကြောင့် တိုက်ခိုက်ခြင်းက သူ့အတွက် သင်ယူရန် လိုအပ်သော ကျွမ်းကျင်မှုတစ်ခုဖြစ်လာသည်။
ယဲ့ယောင်းက တစ်ချိန်က ထိုလူများကို နှုတ်ပိတ်ရန် ခွန်အားကို အသုံးပြုခဲ့သော်လည်း တက္ကသိုလ်တက်ပြီးနောက်တွင် ထိုလူရမ်းကားများမှ သစ်သားထည်များမှ တစ်ဖန်ထွက်လာပြီး သူ့ကို ဆဲဆိုရန် ရေဆိုးမြောင်းထဲတွင် ပုန်းနေခဲ့ကြသည်။
"လုကော၊ ကောစိတ်ဆိုးနေတာ ကျွန်တော်သိတယ်၊ ဒါပေမဲ့ ယဲ့ယောင်းပြန်ဝင်လာတဲ့အချိန် ကောရဲ့ အမူအရာကို ထိန်းထားသင့်တယ်။"
ဝိန်းခယ်က လုရွှင်ကို တိုးတိုးလေးပြောလိုက်သည်။
"အမည်မသိအခန်းမှာ သူတို့ပြောတာတွေကို ကျွန်တော်တို့ဘာမှလုပ်လို့မရဘူး၊ ယဲ့ယောင်း သိသွားရင် ဒေါသထွက်စေရုံကလွဲပြီး ဘာမှဖြစ်လာမှာမဟုတ်ဘူး။ ကျွန်တော်တို့ ဘာမှလုပ်လို့မရဘူး"
လုရွှင်က သူ့ဖုန်းကို အိတ်ကပ်ထဲကို ပြန်ထည့်လိုက်ပြီး ယဲ့ယောင်း၏ နောက်ကျောကို အကြာကြီးစိုက်ကြည့်လိုက်သည်။
"ငါ ဘာမှလုပ်လို့မရဘူးလို့ ဘယ်သူပြောလဲ"
သူက မတ်တတ်ထရပ်ပြီး နှုတ်ခမ်းကို ကွေးလိုက်သည်။
"ငါက ကျွမ်းကျင်မှုမရှိဘဲ ဘယ်လိုလုပ်ပြီး ကြင်ယာတော်အစစ်ဖြစ်နိုင်မလဲ။”
ညဉ့်နက်ချိန်၌ လူစည်ကားသော မြို့ကြီးပြကြီးတွင်ပင် မီးအလင်းရောင် လုံးဝမရသော ခပ်မှောင်မှောင်နေရာများရှိသည်။
အရပ်ပုပုခပ်ဝဝလူငယ်နှစ်ဦးက ပျော်ရွှင်စရာ ညခင်းတစ်ခုအကြောင်း အတွေးများဖလှယ်ရင်း အလင်းရောင်မှိန်မှိန်လေးထဲ၌ လျှောက်လာခဲ့ကြသည်။
"ဒီတစ်ခေါက် ငါတွေ့တဲ့တစ်ယောက်က တော်တော်လေးကို မိုက်တယ်၊ အပျက်ဆန်ဆန် ကြည့်ကောင်းတယ်ကွ။ သူက အဆိုတော်တစ်ယောက်လို အော်တတ်တယ်။ မင်း နောက်တစ်ခါ စမ်းကြည့်လိုက်။"
တြိဂံပုံစံ မျက်လုံးနှင့် လူက တသသ ပြောလိုက်သည်။
တစ်ဖက်ရှိ ကြက်သွန်ဖြူ နှာသီးခေါင်းပုံစံနှင့်လူက ခေါင်းတစ်ချက်ခါလိုက်သည်။
"မင်းဟာက စျေးအရမ်းကြီးတယ်ကွ၊ ငါ့ဟာလေးက ပိုအဆင်ပြေတယ်။ ပိုက်ဆံလည်း တန်တယ်၊ နည်းနည်း အပြစ်ကင်းတဲ့ပုံလေ။ ဟီးဟီး ငါက အဲ့လိုပုံမျိုး ကြိုက်တာ။"
"အေးပါကွာ"
တြိဂံပုံစံမျက်လုံးနှင့် အမျိုးသားက ဆံပင်များကို ဖွလိုက်ပြီး လက်ဖြင့်ပုံဖော်ကာ သူ့စိတ်ထဲ ဘာဖြစ်လာမှန်းမသိဘဲ ပြီတီတီမျက်နှာထက် အပြုံးတစ်ခုပေါ်လာသည်။
"အဲ့ကောင်မလေးက ငါ့ကို ခံ့ညားတယ်လို့ ချီးကျူးတယ်။ အဓိပ္ပာယ်မရှိလိုက်တာ၊ ငါက ခံ့ညားလား မခံ့ညားလား ငါမသိဘဲနေမှာလား၊ သူမ ငါ့ကို ပြောပြဖို့ လိုသေးတာလား၊ ငါကသာ ယဲ့ယောင်းထက် အဆတစ်ရာလောက် ပိုချောတာလေ။ ကျောင်းမှာ မိန်းကလေးတွေက တကယ်အမြင်မရှိကြဘူး၊ တကယ်ကို မသိကြတာ။”
ကြက်သွန်ဖြူပုံစံနှာခေါင်းနှင့် အမျိုးသားက အန်ချင်ဟန်ဆောင်လိုက်သည်။
“အဲဒါဆို မင်းက သူ့လို အမှိုက်နဲ့ ကိုယ့်ကိုယ်ကိုယ် လိုက်ယှဉ်နေတာ မဟုတ်ဘူးလား၊ မင်း သူ့ကို အနှစ်ငါးရာလောက် အားထုတ်ခိုင်းရင်တောင်မှ မင်းရဲ့ ယောက်ျားပီသမှုကို လိုက်မီမှာမဟုတ်ဘူး။ မိန်းမလို အသားဖြူဖြူနဲ့ ဒီလောက်မိန်းမဆန်နေတာ၊ သူက ယောက်ျားတစ်ယောက်လို့တောင် မပြောနိုင်ဘူး။”
သူတို့နှစ်ဦးက စိတ်တူကိုယ်တူ ပျော်ပျော်ရွှင်ရွှင် စကားစမြည်ပြောဆိုခဲ့ကြရာ ထိုနေရာ၌ပင် မရှိသူတစ်ဦးကို ကဲ့ရဲ့ခြင်းမှ ထွက်လာသော စိတ်လှုပ်ရှားမှုကြောင့် သူတို့ရှေ့တွင် ပေါ်လာသော အရပ်ရှည်ရှည်ပုံရိပ်တစ်ခုကို လျစ်လျူရှုလိုက်ကြသည်။
မြေပြင်ပေါ်သို့ ကန်ချခံလိုက်ရချိန်မှ လူနှစ်ဦးစလုံးက အံ့သြသွားကြသည်။
"ချီးပဲ မင်းက ဘယ်သူလဲ၊ တစ်ခုခုမှားနေတာလားကွ!"
တြိဂံမျက်လုံးနှင့်လူက ဒေါသတကြီးပြောလိုက်သည်။
လမ်းမပေါ်တွင် လမ်းလျှောက်ရင်း အကြောင်းပြချက်မရှိဘဲ အရိုက်ခံရခြင်းကြောင့် မည်သူမှ ဒေါသကို မျိုမချနိုင်ဘဲ မြေပြင်မှ ချက်ချင်းထကာ အရပ်ရှည်ရှည်ပုံရိပ်ကို လက်သီးဖြင့် ထိုးလိုက်သည်။
နှစ်ယောက်က တစ်ယောက်ပဲလေ၊ သူတို့နဲ့ လာရှုပ်ရဲတဲ့ ဒီကောင်ကို ဒီနေ့ နောင်တဆိုတာ ဘာလဲလို့ ပြလိုက်မယ်!
သို့သော် တစ်ဖက်လူက တိုက်ခိုက်မှုမှ လွယ်လွယ်ကူကူ ရှောင်ထွက်သွားပြီး အလင်းရောင်က မှိန်လွန်းသဖြင့် တစ်ဖက်လူက ဘယ်လိုပုံစံဆိုသည်ကို မကြည့်ရသေးခင် သူတို့ခန္ဓာကိုယ်မှ နာကျင်မှုများ ထွက်ပေါ်လာပြီး မြေပြင်ပေါ်ကို ဖိချခြင်း ခံလိုက်ရသည်။
"အော်လေ၊ ဘာလို့ ဆက်မအော်တော့တာလဲ"
လုရွှင်က တြိဂံမျက်လုံးနှင့် အမျိုးသား၏ ခန္ဓာကိုယ်ကို တက်နင်း၍ ရယ်မောလိုက်သည်။
“အဟွတ်……”
အစောလေးတင်အချိန်အထိ မာနကြီးသောလူက ယခုအခါ မြေပြင်ပေါ်တွင် တုန်လှုပ်နေပြီး သူ့အသံမှာ ကြေကွဲဖွယ်ရာ ပြင်းထန်အက်ကွဲနေသည်။
“ညီအစ်ကိုရေ ငါ့မှာ မင်းနဲ့ ရန်ငြိုးရန်စ မရှိဘူးလေ၊ မင်းက လူမှားပြီး လာရိုက်တာလား။”
"မကျေနပ်တာ မရှိဘူး၊ မုန်းတီးမှု မရှိဘူး။"
လုရွှင်က ထိုစကားများကို ထပ်ခါထပ်ခါပြောပြီး တက်နင်းထားသည့်လူထံမှ နာကျင်စွာ အော်ငိုသံများ ထွက်လာရန် ထပ်ခါထပ်ခါခြေထောက်ဖြင့် တက်နင်းလိုက်သည်။
"အမည်မသိ ဖိုရမ်တွေမှာ ပုန်းအောင်းပြီး တခြားသူတွေကို တိုက်ခိုက်တဲ့အချိန်တုန်းက ဒီလိုဖြစ်လာမယ်ဆိုတာ မင်းတို့ ကောင်းကောင်းမသိဘူးလား။"
ထိုသို့ပြောနေချိန် မြေပေါ်လဲကျသွားသော လူနှစ်ဦးက နားလည်သွားသည်။
"မင်းက ယဲ့ယောင်းကိုယ်စား လက်စားချေဖို့ ဒီကိုလာတာလား။ မင်း ဘယ်လိုလုပ် ဒါက ငါတို့မှန်းသိတာလဲ။ ငါတို့ရဲ့ IP ကိုစစ်ဆေးဖို့ ဖိုရမ်ကို hack လိုက်တာလား၊ မင်း လူမှားနေပြီး...အု...”
လုရွှင်က ခြေထောက်ကို မ၍ ကန်လိုက်ရာ တြိဂံပုံမျက်လုံးနှင့်လူက တစ်ဝက်တစ်ပျက်နှင့် ရပ်သွားပြီး ဘောလုံးလေးတစ်လုံးလို ကွေးသွားသည်။
"မင်းတို့ကို ရိုက်ရင် ငါ့လက်တွေ ညစ်ပတ်မှာဆိုတော့ ငါတွေးတောင် မတွေးထားဘူး။"
လုရွှင်က အေးစက်စွာ ရယ်မောလိုက်သည်။
"မင်းတို့ရဲ့ ခန္ဓာကိုယ်အောက်ပိုင်းမှာရှိတဲ့ အရာတွေကို မင်း မထိန်းနိုင်ဘူးဆိုတော့၊ မင်း ဆီးသွားတဲ့အချိန် မှန်ထဲမှာ ကြည့်တောင် ကြည့်မိရဲ့လား။ မင်းကိုယ်မင်း သူနဲ့ ယှဉ်နိုင်တယ်ထင်လား။"
ဤခြောက်ကပ်ကပ် မှောင်မိုက်သောလမ်းကို မည်သူမျှ ဖြတ်ကျော်မသွားဘဲ တစ်ဖက်သတ် အားကောင်းသည့် ဤတိုက်ပွဲကို မမြင်နိုင်ပေ။
လုရွှင်က တိုက်ခိုက်မှုကို ရပ်လိုက်ပြီး ထွက်ခွာတော့မည့်ဆဲဆဲတွင် ဒေါသမထိန်းနိုင်သော လူနှစ်ယောက်၏ အသံကို ကြားလိုက်ရသည်။
"ငါတို့အားလုံးက ယောက်ျားတွေပဲလေ၊ ဘာကို ဟန်ဆောင်ရမှာလဲ။ ငါတို့အောက်ပိုင်းကို မထိန်းနိုင်ဘူး၊ ဘာဖြစ်လဲ၊ ယဲ့ယောင်းကရော ဘယ်လောက်ကောင်းလို့လဲ၊ မင်း သူ့ကို ကာကွယ်ပေးနေတာဆိုတော့ သူက မင်းကို ဘယ်နှစ်ခါပေးလုပ်နေလို့လဲ။ ဟက်၊ မင်းတစ်ယောက်တည်းပဲနဲ့ သူ့ဆာလောင်မှုကို မဖြည့်နိုင်ဘူးလား"
လုရွှင်က ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ထိုစကားများကို နားထောင်လိုက်စဉ် သူ့မျက်နှာက အနည်းငယ်မည်းမှောင်သွားသည်။
ယဲ့ယောင်းက ဘယ်လိုလုပ်ပြီး ဒီလို နိမ့်ကျတဲ့ ဆန္ဒတွေကို လွယ်လွယ်ကူကူမွေးမြူနိုင်မှာလဲ။ မင်းခေါင်းထဲမှာ ယဲ့ယောင်းနဲ့ အဲ့လိုဆက်ဆံတာကို တွေးလိုက်ရုံနဲ့တင် ယဲ့ယောင်းကို မလေးစားရာရောက်နေပြီ။
ထိုသူက သူမြင်ဖူးသမျှ ရွှံ့နွံ့လို ပရမ်းပတာဖြစ်မှုများကြား အသန့်ရှင်းဆုံးအရာဖြစ်ပြီး အညစ်အကြေးကင်းစင်ကာ ဘယ်သောအခါမှ မညစ်ပတ်ပေ။
လုရွှင်က နှာခေါင်းရှုံ့၍ ပြန်လှည့်လာပြီး မြေပြင်ပေါ် လဲကျနေသော လူနှစ်ယောက်ဆီသို့ နောက်တစ်ကြိမ်လျှောက်သွားလိုက်သည်။
လုရွှင်ဘက်တွင် ဘာဖြစ်ခဲ့သည်ကို ယဲ့ယောင်းက မသိခဲ့ဘဲ သူက လုရွှင်၏ စိတ်ထဲတွင် အမတတစ်ဦးကဲ့သို့ ဖြူစင်ပြီး အပြစ်ကင်းစင်နေခဲ့သည်။ သူက အိပ်ရာပေါ်တွင် လှဲ၍ လုရွှင်ထံ စာတိုတစ်စောင်ပို့ပြီးနောက် လုရွှင်၏ စာပြန်မှုကို လက်ခံရရှိချိန်မှ သူ့စိတ်မှာ ငြိမ်သက်သွားခဲ့သည်။
[ င့ါရဲ့ သင်ခန်းစာမှာ အမှားပြင်ပြီးတော့မယ်။ မကြာခင်ပြန်လာခဲ့မယ်။]
ယဲ့ယောင်းက ခဏမျှတုံ့ဆိုင်းသွားပြီးနောက် အမည်မသိဖိုရမ်ကို နှိပ်လိုက်သည်။
ယဲ့ယောင်းက သူ့အကြောင်း ပို့စ်ကို လျစ်လျူရှုလိုက်ပြီး လုရွှင်အကြောင်း ပို့စ်ကို နှိပ်လိုက်သည်။
ယဲ့ယောင်းထံတွင် သီးသန့်အယ်လ်ဘမ်တစ်ခုရှိပြီး ထိုထဲတွင် လုရွှင်၏ ဓာတ်ပုံများအား တစ်ပုံချင်းစီ သိမ်းဆည်းထားသည်။ သူက ဓာတ်ပုံတစ်ပုံကို မြင်လိုက်စဉ် ခေတ္တရပ်လိုက်သည်။
ထိုပုံက လုရွှင်အားကစားလုပ်နေစဉ် ချွေးသုတ်ရန် သူ့ဂျာစီအင်္ကျီကို ဆွဲချွတ်လိုက်ပုံဖြစ်ပြီး နေရောင်အောက်တွင် သူ့ဝမ်းဗိုက်ကြွက်သားများက နွေးထွေးသော အလင်းရောင်များဖြင့် ဖုံးလွှမ်းနေကာ ချွေးများဖြင့် ဓာတ်ပုံတစ်ခုလုံးအား ပို၍ဆက်စီကျနေစေသည်။
ယဲ့ယောင်းက သူ့နှုတ်ခမ်းများကို ဖွဖွဖိပြီး ဖုန်းစခရင်ပေါ်ရှိ ဓာတ်ပုံကို လက်ညိုးနှင့် ထိလိုက်သည်။
ထိုဝမ်းဗိုက်ကြွက်သားများ၏ ခံစားချက်၊ ထိုအရေပြား၏ နွေးထွေးမှုနှင့် ရင်းနှီးထိတွေ့မှုတိုင်းတွင် သူ့နှလုံးသားအောက်ခြေမှ ခံစားရသော တောင့်တမှုနှင့် ရှေ့ဆက်သွားလိုသော ဆန္ဒကို ဖြစ်ပေါ်လာစေသည်ကို သူသိ၏။
လုရွှင်တစ်ယောက်တည်းကိုသာ မသိစေချင်သောကြောင့် သူက သူငယ်ချင်းကောင်း တစ်ယောက်လို ခပ်ခွာခွာနေကာ ဤလျှို့ဝှက်ချက်ကို သူ့နှလုံးသားထဲတွင် ထာဝရသိမ်းဆည်း ထားရပေမည်။
*********