အခန်း (၁၇) - ငါ့ကို လွမ်းနေလား?
နောက်ဆုံးစာမေးပွဲများ အောင်မြင်စွာ ပြီးဆုံးသွားပြီး ကျောင်းသားများ စောင့်မျှော်နေသော ဆောင်းရာသီအားလပ်ရက်ကို ရောက်ရှိလာခဲ့ပြီ။
ယဲ့ယောင်းနှင့် လုရွှင်တို့က ထိုနေ့တွင် အိမ်ပြန်ရန် လက်မှတ်ဝယ်ပြီး လေဆိပ်သို့ အတူတူသွားခဲ့ကြသည်။ ယဲ့ယောင်း ထွက်ရမည့်အချိန်က စောနေသေး၍ မသွားခင် လုရွှင်က သူ့ကို တင်းတင်းကျပ်ကျပ်ပွေ့ဖက်လိုက်သည်။
"ငါ မင်းကို နေ့တိုင်းဖုန်းဆက်မယ်နော်"
လုရွှင်က ပြောလိုက်သည်။
"ငါ့ကို လွမ်းဖို့ သတိရနေနော်"
"ဒါဆို မင်း ငါ့ကို နေ့တိုင်းဖုန်းဆက်နေရင် လွမ်းနေစရာမလိုဘူးလေ"
ယဲ့ယောင်းက ပြန်ဖြေ၏။
"မင်းက တကယ်အထအနကောက်တာပဲ။ ဒါပေမဲ့ အဆင်ပြေတယ်၊ ငါကြိုက်တယ်။”
လုရွှင်က သူ့ခေါင်းကို ယဲ့ယောင်း၏ ပခုံးပေါ်တင်လိုက်ပြီး သူ့ကို လွှတ်မပေးခင် လေးလေးနက်နက်အသက်ရှူသွင်းလိုက်သည်။
ယဲ့ယောင်းက သူ့အိတ်ကို ဂိတ်ပေါက်ထံ ဆွဲသွားလိုက်သည်။ လေယာဉ်ပေါ်မတက်ခင် သူ ပြန်လှည့်ကြည့်လိုက်၏။ လုရွှင်က ထိုနေရာတွင် ရပ်လျက် သူထွက်သွားသည်ကို ကြည့်နေသည်။
*****
ယဲ့ယောင်း၏ အိမ်အပြန်ခရီးက အထစ်အငေါ့မရှိပြီးဆုံးသွားခဲ့ပြီး သူ့မိဘများ ချက်ပြုတ်ထားသည့် နွေးထွေးသော အိမ်ချက်ဟင်းလျာများကို စားခဲ့သည်။
ညစာစားပွဲတွင် သူ့ကို ဟင်းသီးဟင်းရွက်နှင့် အသားအချို့ကို မပျင်းမရိကျွေးမည့် လုရွှင်အစား သူ့မိဘများ၏ စိုးရိမ်ကြောင့်ကြမှုက အစားထိုးသွား၍ ယဲ့ယောင်း ခဏမျှဝေဝါးသွားသည်။
လုရွှင်နှင့် ဝေးရသည့် ပထမဆုံးနေ့တွင် သူ အနည်းငယ်စိတ်မသက်မသာဖြစ်မိသော်လည်း သက်ပြင်းချနိုင်ခဲ့သည်။
ဆက်ဆံရေးအများစုက အချိန်ကြာလာသည်နှင့်အမျှ ပျောက်ကွယ်သွားတတ်သည်။
ဒီလထဲမှာ လုရွှင်ကို မတွေ့ရတော့တဲ့အတွက် သူ့ခံစားချက်တွေကို ခင်မင်ရင်းနှီးမှုအဖြစ် ပြန်ပြောင်းနိုင်ပါ့မလား...
ယောက်ျားတစ်ယောက်ကို နမ်းရန် နက်ရှိုင်းသော အထိအတွေ့နှင့် ဆက်ဆံရေးစသည့် အလွန်ဖောက်ပြန်သော စိတ်ကူးများက ပျောက်ကွယ်သွားလိမ့်မည်။ သူငယ်ချင်းကောင်း ဖြစ်ခြင်းဆိုသော သူ၏ မူလခံစားချက်များအဖြစ် ပြန်ပြောင်းသွားလျှင် အကောင်းဆုံးဖြစ်မည်။
အစီအစဥ်က ယဲ့ယောင်း၏ စိတ်ထဲတွင် ကြီးကျယ်စွာ ထွက်ပေါ်လာသည်။ စားစရာ သောက်စရာများ အဝအလင်စားပြီးနောက် သူ့အမေ၏ တိုက်တွန်းမှုအောက်တွင် ရေချိုးပြီး အနားယူရန် သူ့အခန်းကို ပြန်သွားခဲ့သည်။
ယဲ့ယောင်းက အိပ်ခန်းတံခါးကို တွန်းဖွင့်လိုက်ပြီး သန့်ရှင်းသပ်ရပ်နေသော အိပ်ခန်းကို မြင်ချိန် အသက်ပြင်းပြင်းရှူလိုက်၏။ သူ့အိပ်ခန်းထဲတွင် လုရွှင်၏ တစ်ကိုယ်ရေသုံးပစ္စည်းမျိုးစုံ ရှိနေသည်ကို လုံးလုံးမေ့နေခဲ့ခြင်းပေ။
လုရွှင်က အထက်တန်းကျောင်းတက်ရန် သူတို့မြို့သို့ရောက်ချိန်တွင် သူက ယဲ့ယောင်းနှင့် ဤနေရာတွင် အတူလာနေလေ့ရှိပြီး ပိတ်ရက်များနှင့် ယဲ့ယောင်းနှင့်အတူ သူ့ကိုယ်ပိုင်အိမ်သို့ ပြန်လေ့ရှိသည်။
ယဲ့မိသားစုအိမ်တွင် ဧည့်ခန်းအပိုမရှိသဖြင့် လုရွှင်က ဤနေရာတွင် လာရောက်နေထိုင်ချိန်တိုင်း သူ့အခန်းတွင် သူနှင့်အတူအိပ်ခဲ့၍ သူ့အခန်းထဲတွင် လုရွှင်၏ ကိုယ်ပိုင်ပစ္စည်းများဖြင့် ပြည့်နှက်နေသည်။
လုရွှင်ဝယ်ခဲ့သော စက်ရုပ်ပုံနှင့် သင်ရိုးညွှန်းတမ်းစာအုပ်များက စားပွဲခုံပေါ်တွင် ရှိနေပြီး ခုတင်ဘေးစားပွဲပေါ်တွင် လုရွှင်တင်ထားခိုင်းသော သူတို့နှစ်ဦး၏ နှစ်ယောက်တွဲဓာတ်ပုံ၊ ခုတင်ပေါ်ရှိ လုရွှင်၏ခေါင်းအုံးများ။
သူ မှတ်မိသည်မှာ မှန်သည်ဆိုလျှင် အိပ်ခန်း၏ အတွင်းခန်းထဲတွင် လုရွှင်၏ မျက်နှာသုတ်ပုဝါများရှိပြီး ဗီရိုထဲတွင် လုရွှင်ပြန်ယူမသွားသော အဝတ်အစားမျိုးစုံရှိနေဆဲ။
လုရွှင်နှင့်ဝေးကွာရသော ပထမဆုံးနေ့တွင် လုရွှင်မပါသည့် လေကို အနည်းငယ်ရှုရှိုက်ပြီးနောက် လုရွှင်နှင့် သက်ဆိုင်သည့်အရာများ ဝန်းရံလာပြန်သည်။
ယဲ့ယောင်းက ခေါင်းကိုက်သွားကာ အိပ်ခန်းတံခါးကို ပိတ်လိုက်ပြီး အသက်ပြင်းပြင်း ရှူလိုက်သည်။
*****
လုရွှင်သည်လည်း ဘာပြဿနာမှမရှိဘဲ အိမ်ပြန်ရောက်ခဲ့၏။ သူ့မိဘများမှာ ဟင်းချက်ကျွမ်းကျင်မှုမရှိသောကြောင့် အိမ်တွင် ချက်ပြုတ်ထားသော ဟင်းလျာများကို မရှိချေ။ လုရွှင်၏ အကြိုက်ဆုံးဟင်းလျာအချို့ကို အိမ်ရှိစားဖိုမှူးအား ချက်ပြုတ်ရန် တာဝန်ပေးခဲ့သည်။
လုရွှင်၏အဖေဖြစ်သူက မျက်မှန်တပ်လျက် အလုပ်သတင်းကို လက်ကိုင်ဖုန်းမှ ကြည့်နေဟန်ဆောင်ခဲ့သည်။ ပုန်ကန်တတ်သောသားဖြစ်သူ တံခါးဝမှ ဝင်လာသည်ကို မြင်ပြီးနောက် လည်ချောင်းကို ကျယ်လောင်စွာ ရှင်းလိုက်သည်။
"မတွေ့တာကြာပြီ။"
လုရွှင်က ပျင်းရိစွာ နှုတ်ဆက်ပြီး စားပွဲပေါ် လက်တင်လိုက်သည်။
"ဒီမှာ အဖေ့အတွက် ကျွန်တော် ထူးထူးခြားခြား တစ်ခုခုယူလာပေးတယ်"
လုရွှင်၏အဖေက နှာခေါင်းရှုံ့ပြီး နှုတ်ခမ်းထောင့်ကို ယောင်ယောင်လေးကော့၍ မတ်တပ်ရပ်ကာ ကျင်ဝတ်သိတတ်သူသားငယ်က ယူလာပေးသော အထူးလက်ဆောင်ကို စစ်ဆေးပြီးနောက် နှုတ်ခမ်းလေးကော့တက်လျက် သက်ပြင်းချလိုက်သည်။
"တကယ်ပဲ၊ ဘိုးဘွားအုတ်ဂူမှာ ပူဇော်ဖို့ အမွှေးနံ့သာတွေပဲ၊ မင်းလို ကလေးက ကျင့်ဝတ်သိတတ်ဖို့ သင်ယူခဲ့တာပဲ"
အမြဲတဲ့တိုးပြောတတ်သော လုရွှင်၏အဖေက လှေကားပေါ်မှ ဆင်းလာသော လုရွှင်မေမေကို ခေါင်းလှည့်၍ ပြောလိုက်သည်။ လုရွှင်မေမေက ပျော်ရွှင်စွာ ပြုံးလိုက်သည်။
“ဒါတွေကောင်းလိုက်တာ။ အမေ သဘောကျတယ်။ အိမ်ပြန်လာတာကို ဒီပစ္စည်းတွေ ဝယ်ဖို့ ဘယ်လိုများ ရုတ်တရက်သတိရသွားတာလဲ။”
“ကျွန်တော် ဒါကို ယဲ့ယောင်းဆီက သင်ခဲ့တာ”
လုရွှင်က ပြောလိုက်သည်။
"ရှောင်ယဲ့က တကယ်ကို ဂရုစိုက်တတ်တဲ့ ကလေးပဲ။"
လုရွှင်မေမေက သက်ပြင်းအနည်းငယ်ချလိုက်သည်။
"လူတွေက ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုခံရတယ်ဆိုတဲ့ ရှေးစကားက အရမ်းအသုံးဝင်တာပဲ။ မင်း ရှောင်ယဲ့ဆီက ပိုလေ့လာသင့်တယ်"
မိသားစုက ညစာစားပွဲတွင် ထိုင်နေစဉ် လုရွှင်က နှစ်သစ်ကူးဒုတိယနေ့တွင် ယဲ့ယောင်းအိမ်သို့ သွားမည့် သူ့ဆုံးဖြတ်ချက်ကို ပြောပြလိုက်သည်။
"မင်းကိုယ်မင်း နှစ်သစ်ကူးနောက်ရက်မှာ ချွေးမက ယောက္ခမအိမ်သွားနေတယ်လို့များ ထင်နေလား"
လုရွှင်၏အဖေက သူ့ကိုယ်ပိုင် ကျန်းမာရေးနှင့်ညီညွတ်သော အဆီလျှော့ချသည့် အစားအစာကို စားနေသည်။
"ငါ တခြားသူတွေရဲ့ အတင်းအဖျင်းပြောသံတွေကို ကြားခဲ့သေးတယ်။ ဒီလိုအချိန်က ကောလိပ်တက်ပြီးရင် လူငယ်တွေ ချိန်းတွေ့ကြတဲ့အချိန်ပဲ။ ရှောင်ယဲ့မှာ Blind date တွေ ဘာတွေတန်းစီရှိနိုင်တယ်လေ။ မင်းက အဲ့ဒီကိုသွားရင် သူ့ကို စိတ်အနှောင့်အယှက် ဖြစ်စေလိမ့်မယ်။"
လုရွှင်က မျက်မှောင်ကြုတ်လိုက်သည်။
Blind date? ယဲ့ယောင်းက အရမ်းချောတာလေ၊ သူ ဘယ်လိုလုပ် Blind date လုပ်ဖို့ လိုမှာလဲ...
မင်းက Blind date မှာ ဘယ်လိုလူမျိုးနဲ့ တွေ့မှာလဲ။ ကြည့်ကောင်းပြီး ချမ်းသာတဲ့လူက ယဲ့ယောင်းကို စိတ်ဝင်စားလို့ တွေ့မှာလား။
မဟုတ်ဘူး၊ ဒီလိုမိန်းကလေးတွေ မရှိဘူး၊ ဒါကြောင့် Blind date တွေ့တာက မှားယွင်းတဲ့ ဆုံးဖြတ်ချက်ဖြစ်လိမ့်မယ်။
ထိုနေရာဆီသွားပြီး ယဲ့ယောင်းအား Blind date တွင် အချိန်မဖြုန်းရန် သူ့အနေနဲ့ သတိပေးရလိမ့်မည်။
"မင်းရော Blind date တွေ့ချင်လား"
လုရွှင်၏အဖေက ထပ်မေးလာပြန်သည်။
“မတွေ့ဘူး”
လုရွှင်က စက္ကန့်ဝက်မဆိုင်းဘဲ ချက်ချင်းငြင်းလိုက်၏။
"အဖေက နတ်ဘုရားမကို ရှာတွေ့ရင်တောင် ကျွန်တော် မျက်နှာသာပေးမှာမဟုတ်ဘူး။ ဒါကြောင့် အဖေ့မိသားစုရဲ့ သားကို ရန်သူဖြစ်အောင် ဒီလိုမျိုးမလုပ်ပါနဲ့"
*****
နွေးထွေးပြီး သပ်ရပ်သော အိပ်ခန်းထဲတွင် ယဲ့ယောင်းက လုရွှင်၏ ပစ္စည်းများကို မမြင်နိုင်အောင် ဗီရိုတစ်ခုထဲသို့ ထည့်လိုက်သည်။
လုရွှင်ဝယ်ခဲ့သော အမိုက်စားစက်ရုပ်များ၊ လုရွှင်သုံးခဲ့သော ဖောင်တိန်များနှင့် သူ၏ လေ့ကျင့်ခန်းစာအုပ်များအားလုံးကို ယဲ့ယောင်းက အာရုံမစိုက်နိုင်မည့် အဝေးထောင့်ရှိ ဗီရိုထဲတွင် ထည့်ထားလိုက်သည်။
လုရွှင်၏အဝတ်အစားများက မူလတွင် ယဲ့ယောင်း၏အဝတ်များနှင့် ရောနေသော်လည်း ယခုအခါ ၎င်းတို့ကို သီးသန့်ဖယ်ထုတ်ကာ သပ်သပ်ရပ်ရပ်ခေါက်၍ ဗီရို၏ အပေါ်ဆုံးအထပ်တွင် သီးခြားထားခဲ့သည်။ နောင်တွင် သူတို့ကိုကြည့်ရန် ကုလားထိုင်ပေါ် တမင်တကာလှမ်းမတက်သရွေ့ ယဲ့ယောင်းက လုရွှင်၏အဝတ်အစားများကို မမြင်ရတော့ပေ။
ဤအခန်းထဲတွင် လုရွှင်၏ တည်ရှိနေမှုက တဖြည်းဖြည်းချင်းပျောက်ကွယ်သွားသည်။
ယဲ့ယောင်းက စိတ်အေးသွားပြီး ရေချိုးရန် ရေချိုးခန်းသို့သွားကာ ဆံပင်အခြောက်ခံ၍ မောပန်းနွမ်းနယ်လာရာ ခုတင်ပေါ်တွင် လှဲလိုက်သည်။
ခေါင်းလှည့်ကြည့်လိုက်ရာ ခုတင်ဘေးရှိ စားပွဲပေါ်တွင် ဓာတ်ပုံဘောင်နှင့် ဘောင်ထဲက ဓာတ်ပုံကို တွေ့လိုက်ရသည်။
လုရွှင်နှင့် ယဲ့ယောင်းတို့၏ ဓာတ်ပုံမှာ ထိုနေရာတွင် ရှိနေ၏။
ထိုအချိန်တွင် သူနှင့် လုရွှင်က အထက်တန်းကျောင်းသားများဖြစ်နေဆဲ။
သူတို့၏မျက်နှာလေးများမှာ ယခုထက် များစွာငယ်ရွယ်နေသေးသည်။ အထက်တန်းကျောင်းသားများဖြစ်သည့်အလျောက် အဖြူအပြာကျောင်းဝတ်စုံများ ဝတ်ထားသည်။ ယဲ့ယောင်း၏နောက်တွင် ရပ်နေသော လုရွှင်က လက်နှစ်ဖက်စလုံးကို သူ့ပုခုံးနှစ်ဖက်တွင် ဖက်ထားပြီး ယဲ့ယောင်းကို ကြည့်ကာ နှုတ်ခမ်းပါးပါးများက ပြုံးနေသည်။
ယဲ့ယောင်းက ဓာတ်ပုံဘောင်ကို ကောက်ကိုင်လိုက်ပြီး ဓာတ်ပုံထဲက လုရွှင်ကို ကြည့်ကာ သူ့ကိုယ်သူလည်း ပြန်ကြည့်လိုက်သည်။
ထိုအချိန်တွင် သူက ငယ်ရွယ်ပြီး ပျော်ရွှင်နေသေးသည်။ အထက်တန်းကျောင်းတွင် လုရွှင်နှင့် ပတ်သက်သော သူ၏အတွေးအမြင်များက ပုံစံပြောင်းသွားလိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးခဲ့ဖူးချေ။
လုရွှင်၏ပစ္စည်းများကို သန့်ရှင်းရေးလုပ်ချိန်တွင် ဤနှစ်ယောက်တွဲပုံကို ရည်ရွယ်ချက်ရှိရှိ သို့မဟုတ် မရည်ရွယ်ဘဲ ကျော်သွားခဲ့ပြီး ယဲ့ယောင်းက အနည်းငယ်တွန့်ဆုတ်နေသေးကြောင်း သိ၏။
ယဲ့ယောင်းက သက်ပြင်းချလိုက်ပြီး ဓာတ်ပုံဘောင်ကို ချလိုက်ပြန်သည်။
နောက်ထပ်ရက်အနည်းငယ်ကြာပြီးနောက် သူက ဤဓာတ်ပုံကို ဗီရိုအတွင်းရှိ အခြားအရာများနှင့်အတူ သော့ခတ်ထားလိုက်တော့မည်ဖြစ်သည်။
*****
မီးရှူးမီးပန်းသံများကြားတွင် နှစ်သစ်ကူးအကြိုနေ့ရောက်ရှိလာပြီး ယဲ့ယောင်းက မျှော်လင့်ထားသည့်အတိုင်း လုရွှင်ထံမှ ဗီဒီယိုကောလ်ကို လက်ခံရရှိခဲ့သည်။
နွေဦးပွဲတော် Gala ကို ကြည့်ရင်း မိဘများနှင့်အတူ ဟော့ပေါ့စားနေသော ယဲ့ယောင်းက ခွင့်တောင်း၍ ဗီဒီယိုကောလ်ပြောရန် အခန်းသို့ ပြန်သွားခဲ့သည်။
လုရွှင်က လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း သူ့ထံ ဖုန်းခေါ်ဆိုခဲ့သော်လည်း သူက ရေချိုးနေသည်ကဲ့သို့သော အကြောင်းပြချက်အစုံဖြင့် ဗီဒီယိုကောလ်ကို ပယ်ချခဲ့ပြီး ရိုးရိုးခေါ်ဆိုမှုသာ ပြောခဲ့သည်။ ယခုလို လုရွှင်၏ မျက်နှာကို ရုတ်တရက်မြင်လိုက်ရ၍ သူ ကျင့်သားမရသေးချေ။
လူများက ကင်မရာမှန်ဘီလူးတွင် ရုပ်ဆိုးလွယ်သော်လည်း လုရွှင်ကမူ မူလအတိုင်း ချောမောနေဆဲ။ ကင်မရာမှန်ဘီလူးက လူများကို မည်မျှပင် ရုပ်ဆိုးစေကာမူ ထိုသူကတော့ဖြင့် ချောမောသောအမျိုးသားတစ်ယောက် ဖြစ်နေဆဲပင်။ ယဲ့ယောင်းနှင့် ဗီဒီယိုကောလ်ခေါ်နေသော လူချောလေးက ခုတင်ပေါ်တွင် လဲလျောင်းနေကာ စိတ်ပျက်လက်ပျက်ဖြင့် ကြည့်နေသည်။
"ဘာကိစ္စရှိလို့ နေမကောင်းဘူးလား။"
ယဲ့ယောင်းက စိုးရိမ်တကြီးမေးလိုက်သည်။
လုရွှင်၏အသံက မှုန်မှိုင်းနေသည်။
"အင်း၊ ငါ အဆင်မပြေဘူး"
ယဲ့ယောင်းက ပို၍ပင်စိတ်ပူသွားပြီး ကူကယ်ရာမဲ့သွားသည်။
"မင်း ဘယ်နေရာမှာ အဆင်မပြေဖြစ်နေလဲ၊ မင်းမိဘတွေရော သိလား"
"မင်းမှာ ခံစားချက်လုံးဝမရှိဘူးပဲ၊ ငါ ဘယ်နေရာ အဆင်မပြေနိုင်မလဲ မသိဘူးလား။ ဒါပေါ့ အဲ့ဒါ ငါ့နှလုံးသားလေးလေ"
လုရွှင်က သူ့လက်မနှင့်လက်ညိုးကို အနည်းငယ်ခြား၍ အမူအရာလုပ်ပြလိုက်သည်။
"ငါတို့ ဒီလောက်ဝေးကွာနေတာ၊ ငါ မင်းကို မတွေ့ရတာ ရက်တော်တော်ကြာပြီလေ။ မင်းမရှိတဲ့ တစ်ရက်က သုံးနှစ်နဲ့တူတယ်၊ ဒါကြောင့် ငါတို့မတွေ့ရတာ ဆယ်စုနှစ်လောက်ကြာခဲ့ပြီ"
ယဲ့ယောင်း - “…”
သူက တုံးအသလို ခံစားလိုက်ရသည်။ လုရွှင်အိမ်တွင် မိသားစုဆရာဝန်တစ်ယောက် ရှိသောကြောင့် လုရွှင်၏စကားအတွက် သူ စိတ်မပူသင့်ပေ။
လုရွှင်ဘက်မှ မီးရှူးမီးပန်းများပေါက်ကွဲသံကို ကြားနေရသည်။ လုရွှင်၏ အိပ်ခန်းမှာ ဒုတိယထပ်တွင်ရှိပြီး မှန်ပြတင်းပေါက်မှ မီးရှူးမီးပန်းများပေါက်ကွဲနေသည်ကို အဝေးမှ မြင်နိုင်သည်။ လုရွှင်က လက်ထဲတွင် လက်ကိုင်ဖုန်းကိုကိုင်ကာ အိပ်ရာမှထ၍ ယဲ့ယောင်းအား မီးရှူးမီးပန်းများပြသရန် ပြတင်းပေါက်သို့ သွားခဲ့သည်။
မိုင်ထောင်ချီအကွာအဝေးမှ ယဲ့ယောင်းက ဖန်သားပြင်ပေါ်ရှိ မီးရှူးမီးပန်းများ၏အလှကို ခံစားနိုင်သည်။ ဗီလာဧရိယာက တိတ်ဆိတ်နေပြီး မီးရှူးမီးပန်းပေါက်ကွဲသံများ ထွက်ပေါ်လာပြီးနောက် မိုဘိုင်းလ်ဖုန်းမှတစ်ဆင့် ယဲ့ယောင်းက မတူညီသော ကမ္ဘာတစ်ခုတွင် ရှိနေသည့် ခံစားချက်ကို ရှင်းပြမရနိုင်စွာ ခံစားလိုက်ရသည်။
လုရွှင်၏အသံက ညင်သာတိုးညင်းနေသည်။
"ငါ နှစ်သစ်ကူးအကြိုနေ့ကို မင်းနဲ့အတူ နှစ်တိုင်းဖြတ်သန်းချင်တယ်"
မီးရှူးမီးပန်းများ အထပ်ထပ်ပေါက်ကွဲသံက ယဲ့ယောင်း၏ နှလုံးခုန်သံနှင့် တိုက်ဆိုင်နေသည်။
ယဲ့ယောင်းက အသံမပြုခဲ့ဘဲ အလွန်လှပသော မီးရှူးမီးပန်းများကိုသာ ငေးကြည့်နေခဲ့သည်။
လုရွှင်က သည်းမခံနိုင်တော့ချေ။
"ငါပြောတာကို ကြားလား"
"လူတစ်ယောက်က အဓိပ္ပါယ်မရှိတဲ့စကားတွေ ပြောနေတာ ငါကြားလိုက်တယ်။"
ယဲ့ယောင်းက ပြန်ဖြေလိုက်သည်။
လုရွှင်က မျက်မှောင်ကြုတ်ကာ ကင်မရာကို ပြတင်းပေါက်အပြင်ဘက်ရှိ မီးရှူးမီးပန်းများမှ သူ့မျက်နှာဆီသို့ ပြန်လှည့်လိုက်သည်။
"ဘာက အဓိပ္ပါယ်မရှိ..."
"ကောင်းပြီ၊ ငါတို့ စကားစမြည်ပြောနေတာကြာပြီ၊ ငါတို့မိသားစုတွေနဲ့ သွားနေလိုက်ကြရအောင်၊ ငါ ဖုန်းချလိုက်ပြီး ဘိုင်!!”
ယဲ့ယောင်းက လုရွှင်နှင့် စကားဆက်ပြောရန် အစီအစဉ်မရှိသဖြင့် ဖုန်းချသည့်ခလုတ်ကို နှိပ်လိုက်ပြီး ဖုန်းခေါ်ဆိုမှုကို အဆုံးသတ်လိုက်သည်။
ယဲ့ယောင်းက ခုတင်ပေါ်တွင် ခဏထိုင်လိုက်သည်။
ယဲ့ယောင်းတို့မြို့၌ မီးရှူးမီးပန်းဖောက်ခြင်းကို တားမြစ်ထားသောကြောင့် မီးရှူးမီးပန်းများ မဖောက်ရချေ။ အခန်းက တိတ်ဆိတ်နေပြီး တစ်ခုတည်းသော ကြားရသည့်အသံမှာ အပြင်ဘက်ရှိ တီဗွီမှ ဆူညံသံပင်။ နွေဦးပွဲတော် Gala ၏ တင်ဆက်သူက အားလုံးကို ပျော်ရွှင်ဖွယ်နှစ်သစ်ဖြစ်ပါစေဟု ဆုတောင်းပေးနေသည်။
ယဲ့ယောင်းက ခုတင်ပေါ်မှထကာ ခုတင်ဘေးစားပွဲဆီသို့ လျှောက်သွားပြီး ဓာတ်ပုံဘောင်ကို ကောက်ယူလိုက်သည်။ သူက ချောမောသောမျက်နှာနှင့် ပျော်ရွှင်သောအပြုံးကို စိတ်ထဲမှာ ပုံဖော်နေသကဲ့သို့ ဓာတ်ပုံကို ခဏစိုက်ကြည့်ကာ ဓာတ်ပုံကို ဘောင်မှထုတ်၍ လုရွှင်၏ ကိုယ်ပိုင်ပစ္စည်းများရှိသော ဗီရိုထဲတွင် ဓာတ်ပုံကို သော့ခတ်ထားလိုက်သည်။
အားလုံးပြီးသည်နှင့် ယဲ့ယောင်းက လုရွှင်၏ တည်ရှိမှုအရိပ်အယောင်ကို မမြင်ရတော့သည့် အခန်းကို တစ်ချက်ကြည့်လိုက်ပြီး မိသားစုရှိရာ နှစ်သစ်ကူးညစာစားပွဲကို ပြန်သွားခဲ့သည်။
*****
နှစ်သစ်ကူးဒုတိယနေ့တွင် ယဲ့ယောင်းက သူ့အမေကို ဝက်သားနှင့် ပြောင်းဖူး ဖက်ထုပ်လုပ်ရာတွင် ကူညီနေခဲ့သည်။
တောင်ပိုင်းသားတစ်ဦးအနေဖြင့် သူတို့မိသားစုက တရုတ်နှစ်သစ်ကူးနှင့် နွေဦးပွဲတော်များတွင် ဖက်ထုပ်စားသည့်အလေ့အထမရှိပေ။ အားလုံးက ထမင်းဖြူနှင့် ကြက်သားဟင်း၊ ငါးဟင်းနှင့် အခြားအသားဟင်းများကို စားကြ၏။ သို့သော် သူ့အမေက ဖက်ထုပ်ချက်ရန် အကြံပေးလာချိန် ယဲ့ယောင်းက သိပ်ပြီး မအံ့သြခဲ့ချေ။
ယနေ့ခေတ်တွင် အင်တာနက်က အလွန်ဖွံ့ဖြိုးလာကာ အင်တာနက်၏ လွှမ်းမိုးမှုကြောင့် မြောက်ပိုင်းသားများကဲ့သို့ နွေဦးပွဲတော်အတွင်း သူ့မိသားစုက ခေါက်ဆွဲစားချင်သည်မှာ အံ့သြစရာမဟုတ်ပေ။
ယဲ့ယောင်းက ထိုသို့လက်ဖြင့်လုပ်ရခြင်းကို သဘောကျ၏။ ဖက်ထုပ်လုပ်ချိန်တွင် သူ့စိတ်က အေးချမ်းသလို ခံစားရပြီး စိတ်ရှုပ်စေသည့်အရာများကို အများကြီးမတွေးဘဲ လုရွှင်အကြောင်းလည်း မတွေးမိခဲ့ချေ။
လုရွှင်က အထူးသဖြင့် ဝက်သားနှင့် ပြောင်းဖူးထည့်ထားသော ဖက်ထုပ်များကို အလွန်နှစ်သက်သည်။
ထိုအတွေးကြောင့် ယဲ့ယောင်းစိတ်ထဲ ခဏတာမှင်သက်သွားပြီး လက်လှုပ်ရှားမှုများ ခဏရပ်သွားသည်။ ခေါင်းကို ခါယမ်းလိုက်ပြီး ဖက်ထုပ်ကို အမြန်ပြန်လုပ်လိုက်၏။
သူ လုရွှင်အကြောင်း ဆက်မတွေးနိုင်တော့ပေ။ ယခုအချိန် သူ၏ အချစ်ခံစားချက်များမှ ခွဲထွက်ရန် ဆုံးဖြတ်ခဲ့ပြီးဖြစ်၍ ထိုသူ့အကြောင်းကို ဆက်တွေးနေမည်ဆိုလျှင် ပိုပိုပြီး နက်ရှိုင်းလာလိမ့်မည်။
ယခုအချိန်တွင် ပြင်ပဝင်ရောက်စွက်ဖက်မှုမရှိသောကြောင့် တွင်းပေါက်ထဲမှ ခြေဖဝါးများကို ဆွဲထုတ်ရန် အချိန်ကောင်းဖြစ်သည်။
မီးဖိုချောင်ထဲမှ ယဲ့ယောင်းအမေ၏ဖုန်းက မြည်လာသည်။ သူမက မီးဖိုချောင်ထဲ ဝင်သွားပြီး ဖုန်းပြောပြီးနောက် ပြုံး၍ ယဲ့ယောင်းကို ပြောလိုက်သည်။
"ရှောင်ယဲ့၊ အောက်ထပ်ကုန်စုံဆိုင်ကိုသွားပြီး ရှာလကာရည်တစ်ပုလင်းဝယ်ပေးပါဦး၊ အိမ်မှာ ရှာလကာရည်တွေ အကုန်ကုန်သွားပြီ။ ရှာလကာရည်မပါရင် ဖက်ထုပ်တွေက အရသာ မကောင်းပါဘူး"
ယဲ့ယောင်းက ပြတ်ပြတ်သားသားတုံ့ပြန်လိုက်ပြီး ဂျာကင်အင်္ကျီကို ဝတ်ကာ လက်ကိုင်ဖုန်းကို ကိုင်၍ ဓါတ်လှေကားမှ အောက်ထပ်သို့ ဆင်းသွားခဲ့သည်။
ရာသီဥတုက အေးနေပြီး ယခုအချိန်မှာ မည်သူမျှ အပြင်၌မနေရဲချေ။ ယဲ့ယောင်းက ခေါင်းငုံ့ကာ အဆောက်အဦးထဲမှ ထွက်လာပြီး ပတ်ဝန်းကျင်ကို လုံးဝဂရုမစိုက်ဘဲ ကုန်စုံဆိုင်ထဲသို့ ၀င်သွားသည်။ ထို့နောက် ခြေသံတစ်ခုကြားလိုက်ရပြီး ရုတ်တရက်သူ့အနောက်မှ လူတစ်ယောက်ထွက်လာသည်။ ထိုလူက အလွန်လျင်မြန်စွာ လှုပ်ရှားလာပြီး လက်ဖြင့် သူ့မျက်လုံးကို အုပ်ကာ ကျန်လက်ဖြင့် ခါးကို ဖက်လာသည်။
“ဓားပြတိုက်မယ်၊ မင်းမှာရှိတဲ့ အဖိုးတန်ဆုံးအရာတွေကို ပေးစမ်း”
အဆိုပါလူဆိုး၏အသံက တိုးညင်းလွန်းပြီး မူရင်းလေသံကို မကြားရပေ။
ယဲ့ယောင်းက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
"ဖုန်းက ငါ့အိတ်ကပ်ထဲမှာ ရှိတယ်"
လူဆိုးက သူ့ဖုန်းကို လှမ်းကိုင်လိုက်ချိန် လက်တစ်ဖက်တည်းဖြင့် သူ့ကို ချုပ်နှောင်ထားနိုင်မည်ဖြစ်သည်။ ထိုအချိန်တွင် သူသာ ရိုင်းရိုင်းစိုင်းစိုင်းပြုမူမိလျှင် သူ့ကို အပြစ်မတင်ပါနှင့်။
ယဲ့ယောင်းစိတ်ထဲ ကောင်းကောင်းစဉ်းစားထားသော အစီအစဉ်ရှိသော်လည်း လူဆိုးက သူ့လက်ကိုင်ဖုန်းကို လုံးဝမထိဟု ဘယ်တုန်းကမှ မမျှော်လင့်ထားပေ။
“တန်ဖိုးအရှိဆုံးအရာက မိုဘိုင်းလ်ဖုန်းဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
လူဆိုးက ပြင်းပြင်းထန်ထန်ပြောလိုက်သည်။
ယဲ့ယောင်းက ယနေ့ခေတ်လူများသယ်တတ်သည့် တန်ဖိုးအရှိဆုံးအရာမှာ မိုဘိုင်းလ်ဖုန်းဖြစ်ကြောင်း ပြောကာနီးတွင် သူ့နောက်မှလူဆိုးက ရုတ်တရက် သူ့ကို ဂနာမငြိမ်ဖြစ်စွာ ဆုပ်ကိုင်လိုက်ပြီး ရင်ခွင်ထဲ ဆွဲထည့်လိုက်သည်။
လူဆိုးက သူ့ကို မဖိထားတော့ဘဲ လှောင်ပြောင်သလို အသံနှင့် စနောက်လာသည်။
"ဒါပေါ့ မင်းဟာ တန်ဖိုးအရှိဆုံးသူပဲ၊ ချစ်ရတဲ့ ယောင်းယောင်းလေး"
ယဲ့ယောင်း၏ခန္ဓာကိုယ်က အေးခဲသွားပြီး မျက်လုံးများပြူးကျယ်သွားကာ ခေါင်းကို ဖြည်းညင်းစွာ လှည့်ကြည့်လိုက်စဉ် သူ အမြင်ချင်ဆုံးသောမျက်နှာကို မြင်လိုက်ရပြီး တစ်ချိန်တည်းမှာပင် ထိုမျက်နှာက သူ မမြင်ချင်ဆုံးဖြစ်နေ၏။
လုရွှင်က သူ့ကို အနောက်မှ ပွေ့ဖက်ပြီး မျက်လုံးမှိတ်ပြလာသည်။
"ငါ့ကို လွမ်းနေလား"
....