အခန်း(၁၄) - ယဲ့ယောင်းကို ဖြားယောင်းသွေးဆောင်ခဲ့တဲ့ ဂေးက မှားတာ
စိုထိုင်းပြီး ပူအိုက်နေသော ရေချိုးခန်းထဲတွင် ယဲ့ယောင်း၏ လည်ပင်းပေါ် ကပ်နေသော လုရွှင်၏ လက်များသည် ပူလွန်းလှသည်။ လုရွှင်သည် သူ၏လက်ထဲမှ နုနယ်သိမ်မွေ့သော လည်ပင်းလေးကို ပွတ်သပ်ရင်း မျက်လုံးများကို အနည်းငယ် မှေးစင်းကာ မေးလိုက်သည်။
"ဒီတစ်ခါတော့ ငါ ကောင်းကောင်းရှင်းပြလိုက်နိုင်ပြီလား"
ယဲ့ယောင်း၏ နူးညံ့သော ဆံပင်များ သူ့ပါးပြင်ထက်သို့ ထိနေခြင်းကို ခံစားမိရင်း သူက နောက်ထပ် ကပ်ပြီး ပွတ်သပ်ကာ ဖြည်းညင်းစွာပြောလိုက်သည်။
"ငါ့ကို ဘယ်သူနဲ့မဆို ဒီလိုလုပ်လို့ရနေတယ်လို့တော့ မထင်လိုက်နဲ့နော်၊ ငါကအဲ့လိုမျိုး စိတ်ကစားတတ်တဲ့သူမဟုတ်ဘူး"
ယခုကဲ့သို့ နီးကပ်နေသောကြောင့် လုရွှင်အနေဖြင့် ယဲ့ယောင်း၏ အသက်ရှူသံများကို ကြားနေရပြီး သူ၏အသက်ရှူနှုန်းမှာလည်း ပိုမြန်လာနေသည်။
အဘယ်ကြောင့် ယဲ့ယောင်း၏ နှလုံးခုန်သံနှင့် အသက်ရှူသံတို့က မြန်နေရသနည်းဟု စဉ်းစားရန် အချိန်မရှိသေးခင်မှာပင် လုရွှင်မှာ ရုတ်တရက်တွန်းဖယ်ခံလိုက်ရသည်။ အကွာအဝေး နည်းနည်းလောက် ခြားသွားသောအခါမှ လုရွှင်သည် ယဲ့ယောင်း၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ ရေနွေးငွေ့ထွက်နေသော ရေချိုးခန်းထဲတွင် ကြာကြာရပ်နေခဲ့သောကြောင့် လှပလွန်းသော မျက်နှာလေးမှာ ပန်းရောင်သန်းနေပြီး ယဲ့ယောင်း၏မျက်လုံးများသည် ယခင်ကထက် ပိုကြီးနေသယောင် ထင်ရသည်။
ထိုလှပသော မျက်လုံးများထဲတွင် စိတ်ခံစားချက်အမျိုးမျိုးရှိနေပြီး ထိတ်လန့်တုန်လှုပ်မှုနှင့် အံ့အားသင့်မှုများကို ရှင်းရှင်းလင်းလင်းမြင်တွေ့နိုင်သည်။
"ဘာဖြစ်တာလဲ"
လုရွှင်က ယဲ့ယောင်း၏မျက်နှာကို ထိတွေ့ချင်စိတ်ဖြင့် လက်ကို ဆန့်ထုတ်လိုက်သည်။
"ငါပြောတာ အရမ်းစိတ်ကူးယဥ်ဆန်နေလို့လား၊ မင်း မကြိုက်ဘူးလား"
သူအသိအမှတ်ပြုနိုင်သည်မှာ ယခုပြောခဲ့သော စကားများသည် အမှန်တကယ်ပင် စိတ်ကူးယဥ်ဆန်လွန်းနေသည်။ သို့သော် ထိုစကားများသည် သူ၏စိတ်ထဲမှ စစ်မှန်မှုကို ဖော်ပြနေခြင်းပင်။ အမှန်အတိုင်းပြောရလျှင် ဤကဲ့သို့ ချိုမြိန်သည့်စကားများ ပြောရခြင်းသည် သူ့အတွက် အလွန်လွယ်ကူနေသကဲ့သို့ ထင်ရသည်။
လုရွှင် နောက်ထပ်တစ်စုံတစ်ရာပြောရန်စဉ်းစားနေစဥ် ယဲ့ယောင်းက သူ့ကို ကြည့်၍ ဆူလိုက်သည်။ "နေဦး၊ မပြောနဲ့တော့"
လုရွှင်က ပါးစပ်ပိတ်ပြီး ယဲ့ယောင်းကို ကြည့်နေမိသည်။ ထို့နောက် ယဲ့ယောင်းသည် ပုဝါတစ်ထည်ယူပြီး သူ့မျက်လုံးများပေါ် အုပ်လိုက်သည်ကို မြင်လိုက်ရသည်။
"ငါ့ကိုလည်း မကြည့်နဲ့တော့"
ယဲ့ယောင်းက ပြောလိုက်သည်။ လုရွှင်သည် ယဲ့ယောင်း၏ မျက်နှာတွင် သိသိသာသာ မူမမှန်သောအရာတစ်ခုခုရှိနေသည်ဟု ခံစားမိသဖြင့် သူ၏ ဆန့်ကျင်တတ်သောသဘောထားကို ချုပ်တည်းကာ အေးအေးဆေးဆေးနေလိုက်သည်။
ယဲ့ယောင်းမှာ သူ့စိတ်ကို ငြိမ်သက်အောင် လုပ်ပြီး သူ့မျက်နှာအမူအရာကို ပြင်ဆင်ရန် အချိန်ရလိုက်သည်။
သူသည် လုရွှင်ကို ကောင်းကောင်းနားလည်ထားသည်။ သူတို့နှစ်ယောက်မှာ အကောင်းဆုံးသူငယ်ချင်းများဖြစ်သည်။ ထို့ကြောင့် လုရွှင်က မည်သည့်အရာကိုလုပ်သည်ဖြစ်စေ သူနှင့်အတူရှိရခြင်းကို ကြိုက်နှစ်သက်သည်။ လုရွှင်၏ ရှုထောင့်မှ ကြည့်လျှင်လည်း ထိုသို့သော အကြောင်းအရာများကြောင့် သူသည် အကောင်းဆုံးသူငယ်ချင်းဖြစ်သည်ဟု လက်ခံထားခြင်းပင်။ ထို့ကြောင့် သူသာလျှင် လုရွှင်ကို ထိတွေ့နိုင်ပြီး အခြားသူများက ထိတွေ့မရချေ။ သို့သော် ဤလူကို တိတ်တိတ်လေးချစ်နေရသော သူ၏ရှုထောင့်မှ ကြည့်မည်ဆိုလျှင် လုရွှင်၏ စကားလုံးများသည် သူ၏ရင်ထဲ၌ လှိုင်းထန်စေနိုင်လောက်သော ချစ်ခြင်းမေတ္တာဖွင့်ဟဝန်ခံချက်တစ်ခုကဲ့သို့ ကြားနေရသည်ပင်။
ယဲ့ယောင်းသည် လုရွှင်ထံမှ အမြှုပ်များကို မြန်မြန်ဆန်ဆန်ဆေးကြောပစ်လိုက်ပြီး ရေပိတ်လိုက်သည်။ ကျန်သောအရာများကို လုရွှင်ကိုယ်တိုင်လုပ်နိုင်သဖြင့် သူ့တွင် ထပ်မံကူညီပေးရန် စိတ်ကူးမရှိတော့ပေ။ ရေချိုးခန်းတံခါးကို အနည်းငယ်ဟလိုက်ပြီး "နောက်ဆို ဒီလိုမျိုးတွေ လျှောက်မပြောနဲ့တော့၊ ငါမနေတတ်ဘူး" ဟုပြော၍ ထွက်သွားသည်။
ယဲ့ယောင်းထွက်သွားသည်နှင့် လုရွှင်သည် သူ့မျက်လုံးများပေါ်မှ ပုဝါကို ချွတ်လိုက်သည်။ သူ့မျက်နှာတွင် စဉ်းစားစရာကောင်းသော အမူအရာတစ်ခုရှိနေသည်။
ယဲ့ယောင်း၏ မျက်နှာအမူအရာကို သူပြန်သတိရလိုက်သည်။ ထိတ်လန့်တုန်လှုပ်မှုများကို ဘေးဖယ်လိုက်လျှင် နောက်ထပ်သိသိသာသာခံစားရသော စိတ်ခံစားချက်တစ်ခု ရှိနေသေးသည်။ ထိုအရာမှာ ပျော်ရွှင်မှုပင်။ သူ၏ နှုတ်ခမ်းများမှာ ပြုံးမနေသော်လည်း မျက်နှာအစိတ်အပိုင်းအားလုံးက ပျော်ရွှင်မှုကို အံ့သြဖွယ်ကောင်းအောင် ဖော်ပြနေသည်။ ဤအရာကို ယဲ့ယောင်းနှင့် နှစ်ပေါင်းများစွာ အတူရှိခဲ့သော သူ့ကို ဖုံးကွယ်နိုင်ခြင်းမရှိချေ။
သိသိသာသာကြီးကို ကြိုက်နှစ်သက်နေသော်လည်း သူ့ကို ထပ်မပြောရန် တားမြစ်ခြင်းမှာ ယဲ့ယောင်း၏ ရည်ရွယ်ချက်အမှန်မဖြစ်နိုင်ပေ။ ယဲ့ယောင်းက သူနှင့် ပိုနီးစပ်သည့် ဆက်ဆံရေးတိုးတက်ရန် မလုပ်ချင်ဘူးဆိုလျှင် သူ့အတွက် ယဲ့ယောင်းနှင့် နီးစပ်ရန် အခွင့်အရေးတစ်ခုပင်ဖြစ်မည်။ ယဲ့ယောင်း၏စကားကို လျစ်လျူရှုလိုက်ကာ ဤကိစ္စကို နောင်အခါအခွင့်သင့်သောအခါ ထပ်ပြောလိုက်မည်။ ယဲ့ယောင်းက လက်ခံယုံကြည်သွားပြီး သူတို့၏ဆက်ဆံရေးသည် ကမ္ဘာပေါ်တွင် အကောင်းဆုံးဖြစ်သွားသည်အထိ ဤကဲ့သို့သောစကားများကို ဆက်ပြောနေမည်။
ယဲ့ယောင်းသည် ခေတ္တခဏတာ လုရွှင်နှင့် မျက်နှာမချင်းဆိုင်ချင်သောကြောင့် အဆောင်မှ ထွက်ခွာရန် ပြင်လိုက်သည်။ စိုစွတ်နေသော အဝတ်အစားများကို လဲလှယ်ပြီး စိတ်တည်ငြိမ်စေရန် အပြင်ထွက်လိုက်သည်။ အဖြောင့်ကောင်များသည် မည်သည့်အရာမဆို ပြောရဲသည်၊ လုပ်ရဲသည်။ အဘယ်ကြောင့်ဆိုသော် သူတို့တွင် တားမြစ်ချက်များမရှိကြသောကြောင့်ဖြစ်သည်။
ယဲ့ယောင်းက လမ်းလျှောက်ရင်း သူ့ဖုန်းကိုထုတ်ယူ၍ "အဖြောင့်ကောင်များ၏ စိတ်ထက်သန်စရာ လုပ်ရပ်များ" ကို ရှာဖွေလိုက်သည်။
သူသည် Post တစ်ခုကို တွေ့လိုက်သည်။ Post တင်သူ၏ ဓာတ်ပုံမှာ ချစ်စရာကောင်းသော မိန်းကလေးတစ်ယောက်ပုံပြထားပြီး စိတ်လှုပ်ရှားစရာကောင်းလောက်အောင် ပြောထားသည်။ [အိုဘုရားရေ...ငါ့ရှေ့မှာထိုင်နေတဲ့ ယောက်ျားနှစ်ယောက်ထဲက တစ်ယောက်က တခြားတစ်ယောက်ကို 'မိန်းမ'လို့ ခေါ်နေတယ်။ နောက်တစ်ယောက်ကတော့ တစ်ခါတလေ သူ့ကို ထုရိုက်နေတယ်၊ တစ်ခါတလေ ပြန်ပြောနေတယ်။ သူတို့က တကယ်လား?]
Post ၏ ဖွင့်ဆိုချက် Comment များအများစုသည် “သူတို့ချစ်နေကြတာ တကယ်ဖြစ်ရမယ်” စသည်ဖြင့် ပြောနေကြသည်။ Comment များ၏ အလယ်လောက်ရောက်သောအခါ တစ်စုံတစ်ခုသော အကြောင်းကြောင့် အဖြောင့်တစ်ယောက်က ရုတ်တရက် Post ထဲဝင်လာကာ Comment များ၏ ပြောဆိုဟန်မှာလည်း ရုတ်တရက်ပြောင်းသွားသည်။
[ဟားဟား၊ ငါတို့အဆောင်တစ်ခုလုံးက တစ်ယောက်ကိုတစ်ယောက် မိန်းမလို့ခေါ်ကြတာ။ ငါ့မှာ အထက်တန်းတုန်းက မိန်းမဟောင်း ၇ ယောက်၊ တက္ကသိုလ်မှာ မိန်းမသစ် ၃ယောက်ရှိတယ်။]
ထိုအဖြောင့်ကောင်က သူ့သူငယ်ချင်းများကို ခေါ်လိုက်သောကြောင့် Post ထဲသို့ ဝင်ရောက်ကာ ၄င်းတို့၏ အထင်အမြင်များကို ပြောဆိုကြသည်။
[ဒါကို စံနှုန်းတစ်ခုအနေနဲ့သုံးမယ်ဆိုရင် ယောက်ျားအဆောင်တွေထဲမှာ အဖြောင့်အစစ်ဆိုလို့ အိပ်ရာခင်းပဲရှိတော့တယ်။ မင်းတို့မိန်းကလေးတွေ လုံးဝနားမလည်ဘူး။]
[မင်းတို့ တစ်ယောက်ကိုတစ်ယောက် မိန်းမလို့ပဲခေါ်ကြတာလား။ ငါတို့အဆောင်ကတော့ အိပ်ရာပေါ်ဖိတဲ့ဇာတ်လမ်းတွေ လေ့ကျင့်သေးတယ်၊ ငါကတော့ သက်လုံအကောင်းဆုံးပဲ။ သူတို့က ငါ့ကိုမြင်ရင် " X ကော၊ မလုပ်ပါနဲ့" လို့ အားလုံးဝိုင်းအော်ကြတယ်။]
[အပေါ်က Comment ကို ပြောတာ၊ ဒါဆို မင်းသတ္တိရှိလား။]
[လက်နက်တိုက်ပွဲ! ယောက်ျားတွေ လက်နက်တိုက်ပွဲလုပ်ကြမယ်။ လက်နက်တိုက်ပွဲလုပ်တာက ယောက်ျားအစစ်မဟုတ်ဘူးလို့ မဆိုလိုပါဘူး!]
ယဲ့ယောင်း - "..."
လုရွှင်က သူ့ကို 'မိန်းမ'ဟုမခေါ်သေးခြင်း၊ အိပ်ရာပေါ်တွင် မဖိသေးခြင်းကို သူ ဝမ်းသာရမည်လော။ လက်နက်တိုက်ပွဲဆင်သောအပြုအမူမှာ မစတင်ခင်ရသေးချိန်မှာပင် လျင်မြန်စွာ အဆုံးသတ်ခံလိုက်ရကာ ဘူးသီးစေ့လေးအဆင့်တွင်သာ ရှိနေခဲ့သည်။
ယဲ့ယောင်းက အခြားအဖြောင့်ကောင်များ၏ မယဉ်ကျေးသော ထင်မြင်ချက်များကို ဖတ်နေရင်းဖြင့် လုရွှင်၏အပြုအမူများမှာ သိပ်လည်းမလွန်ကျူးနေပါဘူးဟု စဉ်းစားမိသည်။ အနည်းဆုံးတော့ သူသည် အဖြောင့်ကောင်များ၏ အပြုအမူကောင်းများကဲ့သို့ လုရွှင်ဘက်မှ မည်သည့်အခါမျှ မစဉ်းစား၊ မခန့်မှန်းနိုင်မည့် ဟန်ဆောင်မှုများ အများကြီးရှိနေသေးသည်။
ယဲ့ယောင်းက Comment များကို ဆက်လက်ရွေ့လျားကြည့်ရှုရင်း တဖြည်းဖြည်းငြိမ်သက်သွားပြီး နောက်စက္ကန့်အတွင်းတွင် အင်တာနက်စာမျက်နှာပေါ်မှ ထွက်တော့မည်ဟု တွေးလိုက်သည်။
"ယဲ့ယောင်း...? ဒါ ယဲ့ယောင်းလား?"
သူ့နောက်ဘက်တွင် အသံတစ်သံကြားလိုက်ရသည်။ ယဲ့ယောင်းက နောက်ပြန်လှည့်ကြည့်လိုက်သောအခါ ရည်ရည်မွန်မွန်ဖြင့် ချောမောသော ယောက်ျားလေးတစ်ယောက်ကို တွေ့လိုက်ရသည်။ အနည်းငယ်ရင်းနှီးနေပုံရသော်လည်း မည်သည့်နေရာတွင် တွေ့ဖူးခဲ့သည်ကို မမှတ်မိတော့ပေ။ ကံကောင်းသည်မှာ ယောက်ျားလေးက ကိုယ့်ကိုယ်ကိုယ်မိတ်ဆက်လိုက်သည်။
"ဒီနေ့နေ့လည်က ငါတို့နှစ်သင်းကစားခဲ့တယ်လေ၊ မင်းငါ့ကိုမှတ်မိသေးလား၊ မမှတ်မိတော့ဘူးလား?"
"မှတ်မိပါတယ်"
ယဲ့ယောင်းက ကျေးဇူးတင်စွာဖြင့် ပြုံးပြလိုက်ရင်း မှတ်မိသွားသည်။
"ဘာကိစ္စလဲ?"
"ဒုတိယပိုင်းမှာ ငါခြေချော်ပြီး လဲကျမလိုဖြစ်တုန်း မင်းက ငါ့ကို ဆွဲထားပေးခဲ့တယ်။ မင်းသာ ဆွဲထားမပေးခဲ့ရင် ငါ့ခြေထောက်ကျိုးသွားမှာပဲ။ ကျေးဇူးတင်လို့ ညစာကျွေးချင်လို့ပါ"
ယောက်ျားလေးက ပြုံးပြ၍ ပြောလိုက်သည်။
"ငါက မင်းဘေးမှာ ရှိနေလို့ လုပ်ပေးလိုက်ရုံပါပဲ၊ ဒါကြောင့် ကျေးဇူးမတင်ပါနဲ့"
ယဲ့ယောင်းက ခေါင်းခါ၍ ငြင်းလိုက်သည်။
"မဖြစ်နိုင်ဘူး၊ ဒီလောက်ကူညီပေးတဲ့သူကို ကျေးဇူးမတင်ရင် သဘောထားသေးသိမ်ရာကျမှာပေါ့။ အခွင့်အရေးပေးပါလား?"
ယောက်ျားလေးက ဆက်ပြောကာ သူ့မျက်လုံးများက ယဲ့ယောင်းကို အသနားခံကာ ကြည့်နေသည်။ "ညစာစားပြီးသွားပြီလား? ဒါဆို Milk Tea သောက်ဖို့ ခေါ်လို့ရမလား?"
ဤမျှလောက် ပြောနေသောကြောင့် ဆက်လက်ငြင်းဆန်လိုက်လျှင်လည်း ကောင်းတော့မည်မဟုတ်ချေ။ ယဲ့ယောင်းက ပြဿနာမရှိဟု ထင်သောကြောင့် ခေါင်းညိတ်လိုက်သည်။
နှစ်ယောက်သားက အနားတွင်ရှိသော Milk Tea ဆိုင်တစ်ဆိုင်သို့ သွားကြသည်။ ယဲ့ယောင်းက ယောက်ျားလေး၏နာမည်မှာ ရန်ရှင်းဟုခေါ်ပြီး Civil Engineering ကျောင်းသားတစ်ယောက် ဖြစ်သည်ဟု သိလိုက်ရသည်။
"ငါတို့ကျောင်းနှစ်ကျောင်းက ဝေးတယ်နော်၊ အရင်က မင်းကိုမမြင်ဖူးဘူး"
Milk Tea ရလာသောအခါ ရန်ရှင်းက Milk Tea နှစ်ခွက်ယူလာပြီး တစ်ခွက်ကို ယဲ့ယောင်းရှေ့တွင် ထားပေးလိုက်သည်။
"မင်းဘာလို့ ကျောင်းထဲမှာ တစ်ယောက်တည်းလမ်းလျှောက်နေတာလဲ? မင်းရည်းစားက မင်းနဲ့အတူမလာဘူးလား"
သေချာသည်မှာ အသင်းထဲမှလူများက သူတို့ကို စတင်လှောင်ပြောင်နေကြပြီ၊ သူတို့၏ တကယ့်ဆက်ဆံရေးကို မသိသူများက အထင်လွဲမှား၍ နားလည်သွားကြမည်။ ယဲ့ယောင်းက ရှင်းပြလိုက်သည်။
"သူက ငါ့အကောင်းဆုံးသူငယ်ချင်းပါ၊ ရည်းစားမဟုတ်ဘူး"
"အိုး၊ ရည်းစားမဟုတ်ဘူးလား၊ ငါမှားသွားပြီ"
ရန်ရှင်းက မျက်နှာပေါ်တွင် ပျော်ရွှင်တက်ကြွမှုကို မြင်လိုက်ရသည်။
"မဟုတ်တာကောင်းတယ်၊ မဟုတ်ရင် မိန်းကလေးတွေ အများကြီး ဝမ်းနည်းကြမှာပဲ။ ငါတို့အတန်းထဲမှာ မင်းကိုကြိုက်တဲ့ မိန်းကလေးတွေ အများကြီးရှိတယ်။ မင်းမှာ ရည်းစားရှိ၊ မရှိ သူတို့အတွက် သိချင်လို့ပါ။ ငါမေးလို့ရမလား?"
ယဲ့ယောင်း - "မရှိဘူး"
"ဒါဆို မင်းက စာကြိုးစားရတာကို ကြိုက်တယ်ထင်တယ်။ ငါလည်းအဲ့လိုပဲ။ ချစ်သူနဲ့ထွက်တာမျိုး မလုပ်ဖူးဘူး။ စနေ၊ တနင်္ဂနွေမှာ စာကြည့်တိုက်သွားပြီး အတူတူစာလေ့လာဖို့ လုပ်ကြမလား။ ငါက မနက် ၇နာရီဆို ရောက်တယ်လေ။ မင်းအတွက်နေရာဦးပေးထားမယ်။ အတူတူသွားကြရအောင်။ ငါလည်း အဖော်ရတာပေါ့။ ငါတို့အဆောင်ထဲက တစ်ယောက်မှ အဲဒီလောက်အစောထပြီး ငါနဲ့အတူ စာကြည့်တိုက်သွားဖို့ မလုပ်ချင်ကြဘူး"
ယဲ့ယောင်း - "..."
ဤလူသည် လူမှုဆက်ဆံရေးအလွန်ကောင်းကာ တစ်ခါမှမပြောဖူးသောသူနှင့်ပင် ဤမျှလောက် ကြာအောင်ပြောနိုင်သည်။ နောက်ထပ်စကားအနည်းငယ်ထပ်ပြောမည်ဆိုလျှင် သူတို့နှစ်ယောက်သည် ညီအကိုတော်စပ်သူများဖြစ်လာမည်ဟုပင် သံသယရှိမိသည်။ သို့သော် သူကတော့ သူငယ်ချင်းအနေဖြင့်ဆိုလျှင် လုရွှင်လိုမျိုးလူများကို ပိုကြိုက်သည်။ လုရွှင်မှာ ပထမဆုံးအကြိမ်တွေ့စဥ်ကတည်းက သူ့ကို မသက်မသာဖြစ်အောင်မလုပ်ခဲ့ပေ။
ဖုန်းအသံမြည်လာသဖြင့် ယဲ့ယောင်းက အောက်သို့ ငုံ့ကြည့်ပြီး ထလိုက်သည်။
"တောင်းပန်ပါတယ်နော်၊ ဖုန်းကိုင်စရာလေးရှိလို့"
ယဲ့ယောင်းက တံခါးဝထိသွား၍ ဖုန်းကိုကိုင်လိုက်သည်။ လုရွှင်၏အသံက ဖုန်းမှတဆင့် ထွက်ပေါ်လာသည်။
"ဘယ်မှာလဲ ယဲ့ကော။ မင်းကို အကြာကြီးစောင့်နေတာ။ ငါ့ကို အဆောင်ထဲမှာ တစ်ယောက်တည်း အထီးကျန်လူအိုကြီးလို မထားခဲ့နဲ့။ အရမ်းအထီးကျန်နေပြီ"
ယဲ့ယောင်းက တည်ငြိမ်သက်နေသော အသံဖြင့် ပြန်ဖြေလိုက်သည်။
"အပြင်ကို လမ်းလျှောက်ထွက်နေတာ၊ ခုနကမှ မိတ်ဆွေတစ်ယောက်နဲ့တွေ့လို့ Milk tea အတူသောက်နေတာ။ မင်းရော သောက်ချင်လား။ မင်းအတွက် တစ်ခွက်ဝယ်လာခဲ့မယ်"
"နေပါစေ၊ မင်းဘယ်မှာလဲဆိုတာသာ ပြောပါ၊ ငါလည်းလာခဲ့မယ်။ ပြန်ရင်းလမ်းမှာ မင်းနဲ့အတူ ကျောင်းထဲကို ဖြည်းဖြည်းချင်းလမ်းလျှောက်မယ်။ ဒဏ်ရာရထားပေမဲ့ လေ့ကျင့်ခန်းလုံးဝမလုပ်ရင် မအီမသာဖြစ်နေမှာစိုးလို့"
ယဲ့ယောင်းက နေရာကို ပြောပြလိုက်ပြီး ဖုန်းချကာ Milk tea ဆိုင်သို့ ပြန်သွားလိုက်သည်။ သူက ရန်ရှင်း၏ စာကြည့်တိုက်အတူသွားရန် ဖိတ်ခေါ်မှုကို ယဉ်ကျေးစွာ ငြင်းပယ်လိုက်သည်။ ရန်ရှင်းက စိတ်မကောင်းဖြစ်နေပုံရကာ ခေါင်းစဉ်ပြောင်း၍ ယဲ့ယောင်းနှင့် ဆက်ပြောသည်။ ယဲ့ယောင်းက မရင်းနှီးသောသူများနှင့်ဆက်ဆံလျှင် ပုံမှန်အားဖြင့် စကားများများမပြောတတ်ပေ။ ရန်ရှင်းမှာမူ ဂရုမပြုဘဲ သူ့ဘာသာသူ အကြောင်းအရာများကို ထိန်း၍ ဆက်ပြောနေသည်။
"မင်းကစားတဲ့နည်းက သိပ်ကောင်းတယ်။ အချိန်ရရင် မင်းဆီကနေ သင်လို့ရမလား? တစ်ယောက်ချင်းဆော့မယ်ဆိုရင် ငါရှုံးမယ်ထင်တယ်။ အဲဒါနည်းစနစ်ကွာဟမှုကြောင့်ပဲ ဖြစ်မယ်"
ယဲ့ယောင်း - "မင်းက အပိုတွေ ပြောနေတာ၊ မင်းလည်း ကောင်းကောင်းကစားနိုင်ပါတယ်"
ရန်ရှင်း - "မဟုတ်ဘူး၊ မယုံရင် စနေ၊ တနင်္ဂနွေနေ့မှာ လာပြီးစမ်းကြည့်လေ။ ကစားပြီးရင် မင်းကို ညစာတစ်ပွဲကျွေးမယ်"
ယဲ့ယောင်းက ပြန်၍ မဖြေလိုက်ပေ။ သူသည် ရန်ရှင်း၏နောက်ဘက်မှ လုရွှင်လျှောက်လာသည်ကို မြင်လိုက်သည်။ လုရွှင်သည် သူတို့စကားကို မည်မျှကြားလိုက်သည်မသိသော်လည်း သာမန်ပြောစကားများသာဖြစ်၍ အဆင်ပြေပါသည်။ လုရွှင်က ပုံမှန်အတိုင်းပင် ယဲ့ယောင်းကိုပြုံးပြပြီး ယဲ့ယောင်းဘေးတွင် ထိုင်လိုက်သည်။
လုရွှင် ရုတ်တရက်ပေါ်လာသည်ကို မြင်ရသောအခါ ရန်ရှင်းက ငေးငိုင်သွားကာ ရုတ်တရက် မျက်နှာပျက်သွားသော်လည်း ချက်ချင်းပင် သူ့မျက်နှာအမူအရာကို ပြင်လိုက်သည်။
လုရွှင် - "ဒီမှာထိုင်လို့ ရမလား"
ရန်ရှင်း - "ဟုတ်ကဲ့ ရပါတယ် အားလုံးက ယဲ့ယောင်းရဲ့ သူငယ်ချင်းတွေပဲ၊ အတူတူထိုင်ပြီး စကားပြောကြတာ ကောင်းတာပေါ့"
လုရွှင်၏ နှုတ်ခမ်းထောင့်က မဲ့သွားပြီး သူ့မျက်နှာတွင် အထင်သေးသည့် အရိပ်အယောင်လေးတစ်ခုက မထင်မရှားပေါ်လာသည်။ ဤအကြံအစည်ဖြင့် မကောင်းဆိုးဝါးက မည်သည့်နေရာက ရောက်လာသနည်း။ ပထမဆုံးစကားမှာတည်းက သူနှင့် တန်းတူလာယှဉ်နေရဲသည်။
[အားလုံးက ယဲ့ယောင်းရဲ့ သူငယ်ချင်းတွေတဲ့လား?
ဒီကောင်က ဘာမှမဟုတ်ဘူး။ ယဲ့ယောင်းနဲ့ တွေ့ဖို့ အကြောင်းပြချက်အနေနဲ့ ယဲ့ယောင်းကို စနေ၊ တနင်္ဂနွေမှာ အပြင်ခေါ်ဖို့ ကြိုးစားနေတာပဲ။ ချဉ်းကပ်နည်းက သိပ်ညံ့ဖျင်းတယ်၊ လူတွေက တစ်ချက်ကြည့်ရုံနဲ့ သိနိုင်တာပဲ။]
ရန်ရှင်းက ပြုံး၍ ပြောလိုက်သည်။
"အရင်တုန်းက မင်းတို့နှစ်ယောက် ဟာသလုပ်တာတွေ့ဖူးတော့ ယဲ့ယောင်းက မင်းရည်းစားလို့ ထင်မိတာ၊ ယဲ့ယောင်းကိုမေးကြည့်မှပဲ အဲဒါမဟုတ်ဘူးဆိုတာ နားလည်သွားတာ၊ နားလည်မှုလွဲခဲ့တာပါ”
လုရွှင်က ယဲ့ယောင်းကို ထိုသို့သော ဂေးတစ်ယောက်နှင့် ဆက်လက်၍ စကားပြောစေချင်စိတ်မရှိချေ။ သူသည် ဂေးများကို ယခင်ကတည်းက မုန်းသည်။ ထို့ပြင် ဤလူက ယဲ့ယောင်းကိုကြိုက်နေသော ဂေးတစ်ယောက်ဖြစ်သောကြောင့် ပို၍စိတ်အနှောင့်အယှက်ဖြစ်စေသည်။ လုရွှင်က နောက်ဆုံးအကြိမ် ယဲ့ယောင်းနှင့် အခြားမိန်းကလေးများ၏ ချိန်းတွေ့မှုကို သူဝင်ရောက်စွက်ဖက်ခဲ့သောအခါ ယဲ့ယောင်းသိပ်မပျော်သည်ကို မှတ်မိနေသည်။ ထို့ကြောင့် သူ၏ ချစ်ရေးချစ်ရာထိန်းချုပ်မှုကို ယဲ့ယောင်းက မကြိုက်သောကြောင့် ထိုအဖြစ်အပျက်ကို အတွေ့အကြုံယူကာ ထပ်မံမလုပ်မိစေရန် ရှောင်ရမည်။ စနှိုက်ကြော်တစ်ယောက်ကို ရင်ဆိုင်ရမည်ဆိုလျှင် သူက ပို၍ဟန်ဆောင်ရမည်။
"လူတိုင်းက ဒီလိုနားလည်မှုလွဲကြတာ မဆန်းပါဘူး။ ငါက ယဲ့ယောင်းကို သိပ်ကြိုက်တာလေ။ အဲ့တော့ သူ့ကိုပဲ အမြဲလိုက်ကပ်နေမိတာ၊ အဲဒါကြောင့်ပဲ သူ့ကို ဒုက္ခရောက်စေမိတယ်"
လုရွှင်က သက်ပြင်းချပြီး ယဲ့ယောင်းဘက်သို့ လှည့်ကြည့်ကာ ပြောလိုက်သည်။
ယဲ့ယောင်း၏ Milk tea ခွက်ကိုင်ထားသောလက်က တင်းမာသွားပြီး အတွင်းက အရည်များကို ညှစ်ထုတ်လုနီးပါးဖြစ်သွားသည်။ သို့သော် ချက်ချင်းပင် လက်ကိုလျှော့လိုက်သည်။ ရန်ရှင်းက မျက်နှာပျက်သွားပြီး သူ့မျက်နှာပေါ်က အပြုံးများမှာ မပီပြင်တော့ချေ။
"ကောင်းပြီ၊ အဲဒီအကြောင်းဆက်မပြောနဲ့တော့"
ယဲ့ယောင်း၏မျက်နှာက ပါးလွှာသောကြောင့် မရင်းနှီးသောသူများရှေ့တွင် လုရွှင်ပြောသောစကားများသည် သူ့မျက်နှာကို မီးခိုးထွက်လုနီးပါးဖြစ်စေသည်။ ချက်ချင်းပင် လုရွှင်ကို ဆွဲခေါ်လိုက်ပြီး နှုတ်ဆက်ရန်ပြောသည်။ ရန်ရှင်းက သူ့ကို WeChat add ရန် တောင်းသော်လည်း ယဲ့ယောင်းက ကျေးဇူးတင်တာနှင့်ပင် လုံလောက်သည်ဟု ထင်သောကြောင့် ရန်ရှင်း၏တောင်းဆိုမှုကို ငြင်းပယ်လိုက်ပြီး လုရွှင်ကိုခေါ်ကာ ထွက်ခွာသွားသည်။
လုရွှင်၏ခြေထောက်ဒဏ်ရာကို ထည့်သွင်းစဉ်းစားရင်း ယဲ့ယောင်းက ဖြည်းဖြည်းချင်းလျှောက်သည်။ လူရှင်းသောနေရာ ရောက်သောအခါ ခဏရပ်ကာ...
"ခုနက မင်းဘာဖြစ်တာလဲ၊ အဲဒီတစ်ယောက်ကို မကြိုက်ဘူးလား"
လုရွှင်က ယဲ့ယောင်း၏ပခုံးကို မှီပြီး ဖြည်းဖြည်းချင်းလျှောက်နေသည်။ ယဲ့ယောင်းပြောသည်ကို ကြားသောအခါ လှည့်လာပြီး ယဲ့ယောင်းကို တစ်ချက်ကြည့်လိုက်သည်။
"မဟုတ်ဘူးလို့ မပြောနဲ့။ မင်းခုနက ပုံစံက သိပ်မူမမှန်ဘူး"
ယဲ့ယောင်းက ဆက်မေးလိုက်သည်။
"သူနဲ့ တစ်ခုခုကြောင့် ရန်ဖြစ်ဖူးတာလား"
ယဲ့ယောင်း၏ မေးခွန်းမေးနေသော မျက်လုံးများက လေးနက်ကာ လုရွှင်ကို ယုံကြည်မှုများရှိနေသည်။ ထိုမျက်လုံးများအောက်တွင် လုရွှင်၏ဟန်ဆောင်မှုများက ကွာကျသွားကာ စိတ်ထဲမှ စိတ်ဆိုးမှုများကို ထုတ်ပြလိုက်သည်။
"ငါ့မှာ ပြဿနာရှိတာ သေချာတယ်။ အဲဒီလူက မင်းကိုကြိုက်နေတာ၊ မင်းကို ချဉ်းကပ်နေတာ၊ ဘာအကြောင်းကြောင့်ဆိုတာ သိပြီလား။”
ယဲ့ယောင်း - “…”
"သူက ငါ့ကိုချဉ်းကပ်နေတာ? သူက ယောက်ျားတွေကို ကြိုက်တာလား?"
လုရွှင် - "အသိသာကြီးပဲကို"
ယဲ့ယောင်း - "ငါကတော့ သူက သာမန်လူတစ်ယောက်လို ငါနဲ့ မိတ်ဆွေလာလုပ်နေတာလို့ ထင်မိတာ" အဘယ်ကြောင့်ဆိုသော် လောကထဲတွင် လိင်တူချစ်သူများက အနည်းငယ်သာရှိသေးသောကြောင့် သူက ဤကဲ့သို့ မတွေးမိပေ။
လုရွှင် - "ဟေ့၊ အကြံအစည်ရှိတဲ့သူတွေမှ အများကြီး"
"မုန်းစရာကောင်းတဲ့ ဂေးတွေရဲ့ လှည့်စားမှုကို မခံနဲ့၊ သူက အရင်ဆုံး မင်းရဲ့ သူငယ်ချင်းဖြစ်ချင်မှာပဲ၊ ပြီးရင် မင်းနဲ့ရင်းနှီးသွားတဲ့အခါ မင်းကိုချစ်ကြောင်းပြောလိမ့်မယ်။ အကယ်၍ မင်းသူ့လှည့်စားမှုကိုခံရပြီး ဂေးဖြစ်သွားရင်..."
ယဲ့ယောင်း - "ငါက ဂေးဖြစ်သွားရင် ဘာဖြစ်သွားမှာလဲ"
ထိုမေးခွန်းကို ကြားသောအခါ လုရွှင်က ယဲ့ယောင်းဆီသို့ ရုတ်တရက်လှည့်ကြည့်လိုက်သည်၊ လေက ယဲ့ယောင်း၏နဖူးပေါ်မှ ဆံပင်စများကို မှုတ်သွင်းပြီး လှပသောမျက်နှာတစ်ခုလုံးကို ထုတ်ဖော်ပြသနေသည်။ ဤကဲ့သို့ လှပသောမျက်နှာမျိုးနှင့်ဆိုလျှင် ယောက်ျားဖြစ်စေ မိန်းမဖြစ်စေ အမြဲတမ်း သူ့ကို ကြိုက်နှစ်သက်သူတစ်ယောက်ရှိမှာပင်။
ယဲ့ယောင်း - "မင်းရဲ့ မျက်လုံးထဲမှာတော့...အဲဒါက ပြစ်မှုကြီးတစ်ခုဖြစ်သွားမှာပဲ၊ ထားလိုက်တော့ အဲဒီအကြောင်းတွေ မပြောတော့ဘူး"
ယဲ့ယောင်းက ခေါင်းစဉ်ကို လွှဲပြောင်းပေးလိုက်သော်လည်း လုရွှင်၏အာရုံက လိုက်မသွားချေ။ လုရွှင်၏လည်ချောင်းက တင်းမာသွားသည်၊ ယဲ့ယောင်း ဂေးဖြစ်သွားနိုင်ချေကို သူတစ်ခါမျှ မတွေးမိပေ။
သူသည် ဂေးများကို မုန်းသဖြင့် ထိုသူများနှင့် သူငယ်ချင်းပင် မဖြစ်ချင်ပေ။
သို့သော် အကယ်၍ ယဲ့ယောင်းက ဂေးဖြစ်သွားလျှင် သူက ယဲ့ယောင်းကို ခွဲခွာသွားနိုင်ပါမည်လော။
ထိုဖြစ်နိုင်ချေကို စဉ်းစားမိသည်နှင့် လုရွှင်၏ဦးရေပြားက တင်းမာသွားသကဲ့သို့ ခံစားလိုက်ရသည်။
သူ့ရင်ဘတ်မှာလည်း တင်းမာသွားပြီး ဦးနှောက်ထဲသို့ အတွေးအများကြီးဝင်လာသကဲ့သို့ ခံစားရသည်။ ထိုအတွေးတစ်ခုတည်းကလွဲလျှင် မည်သည့်အရာမျှမရှိသလိုပင်။
အကယ်၍ ယဲ့ယောင်းက ဂေးဖြစ်သွားခဲ့လျှင်ပင် ယဲ့ယောင်း၏အပြစ်မဖြစ်နိုင်ပေ။
သေချာသည်မှာ ထိုအရာသည် ယဲ့ယောင်းကို ဖြားယောင်းသွေးဆောင်ခဲ့သော မုန်းစရာကောင်းသည့် ဂေးများ၏ အပြစ်ပင်။
သူသည် သေချာပေါက် ထိုကဲ့သို့ မုန်းစရာ၊ မနှစ်မြို့စရာကောင်းသော ဂေးတစ်ယောက်ကို ယဲ့ယောင်းဘေးတွင် ပေါ်လာခွင့်မပြုတော့ချေ။