no

Font
Theme

အခန်း ၁၅ - မင်းက ကိုယ့်ကိုယ်ကိုယ် ခြွင်းချက်တစ်ခုဖြစ်လိမ့်မယ်လို့ ဘယ်လိုတောင်ယုံကြည်မှုရှိနေတာလဲ။

ဆောင်းဦးသည် တိုတောင်းလှပြီး ဆောင်းရာသီက မကြာမီရောက်ရှိလာခဲ့သည်။

လုရွှင်၏ ဒဏ်ရာက သိပ်မပြင်းထန်လှသောကြောင့် ခဏအကြာတွင် လုံးဝနီးပါးပျောက်ကင်းသွားခဲ့သည်။

နောက်ဆုံးဖြစ်ခဲ့သော အဖြစ်အပျက်ပြီးနောက် လုရွှင်က မည်သည့်အကြောင်းကြောင့်မသိ စိုးရိမ်တကြီးဖြစ်နေသောပုံစံဖြင့် ယဲ့ယောင်းကို 'ဂေးတစ်ယောက်ဖြစ်ကြောင်း မည်သို့ခွဲခြားနိုင်သနည်း' ဟူသောအကြောင်းအရာကို သင်ပေးရန် ဆွဲခေါ်လာခဲ့သည်။

“သေချာကြည့်ထားနော်”

လုရွှင်က သူ၏လက်များကို ရင်ဘတ်တွင်ပိုက်ပြီး ယဲ့ယောင်းဘေးနားတွင် ထိုင်ကာ လေးလေးနက်နက်ဖြင့် ပြောလိုက်သည်။

“ဒါက အခြေခံဗားရှင်းပဲ။ သင်ယူရတာလွယ်ပါတယ်၊ ဒါပေမဲ့ လုံးဝမဖုံးကွယ်ထားတဲ့ ဂေးတွေကိုတော့ အနည်းဆုံး မှတ်မိလာပြီး သူတို့နဲ့ အကွာအဝေးထားတတ်သွားမယ်”

နက်ရှိုင်းစွာ ဖုံးကွယ်ထားသော ယဲ့ယောင်းက အနည်းငယ်စိတ်မသက်မသာခံစားရသော်လည်း အေးအေးဆေးဆေးပင် ပြန်ဖြေလိုက်သည်။

“ဒီလိုအရာတွေက သင်စရာမလိုပါဘူး”

“ဘာလို့ မလိုရမှာလဲ။ မင်းက ဒါကို ဂရုတောင်မစိုက်ဘဲနေတာ၊ သတိထား၊ တစ်နေ့ကျရင် ဂေးတွေ အများကြီး ဝိုင်းကြိုက်ခံနေရလိမ့်မယ်”

လုရွှင်က ယဲ့ယောင်းကို စိုက်ကြည့်ရင်း ပြောလိုက်သည်။

လုရွှင်က ပြောနေစဥ်ပင် '‌ဂေးတစ်ယောက်ကို ဘယ်လိုခွဲခြားမလဲ' ဆိုသော ဗီဒီယိုကို ဖွင့်လိုက်သည်။

ယောက်ျားလေးတစ်ယောက်၏ ပြင်းထန်တဲ့အသံက ထွက်ပေါ်လာသည်။

[မင်းရဲ့ ယောက်ျားလေးသူငယ်ချင်းဖုန်းထဲမှာ အပြာရောင် xxx အက်ပ်နဲ့ xxx အက်ပ်ကို ဒေါင်းလုဒ်လုပ်ထားတယ်ဆိုရင် မင်း သံသယဝင်နေစရာမလိုတော့ဘူး၊ သူက သေချာပေါက် ဂေးပဲ]

ထိုအပြာရောင်အက်ပ်သည် မည်သည့်အရာနည်း။

ယဲ့ယောင်း အနည်းငယ်စူးစမ်းချင်စိတ်ဖြစ်မိသည်။ သူ အက်ပ်စတိုးထဲတွင် ရှာကြည့်လိုက်သောအခါ ထိုအရာသည် ချိန်းတွေ့သော အက်ပ်တစ်ခု (Dating App) ဖြစ်နေသည်ကို တွေ့ရှိခဲ့သည်။

လုရွှင်က စိတ်အားထက်သန်စွာ ရှင်းပြသည်။

“သူတို့က ဒီထဲမှာ ယောက်ျားလေးသူငယ်ချင်းတွေ ရှာရတာ ကြိုက်ကြတယ်။ လူတိုင်းနီးပါး ဒီအက်ပ်ရှိတယ်။ တစ်ယောက်ယောက်က မင်းနဲ့သူငယ်ချင်းဖွဲ့ချင်ရင် မင်းရဲ့ဖုန်းက ဘက်ထရီကုန်သလို ဟန်ဆောင်ပြီး သူတို့ဖုန်းကို ဖုန်းခေါ်ဖို့ ခဏငှားလိုက်၊ ပြီးတော့ သူတို့ဖုန်းထဲမှာ ဒီ အက်ပ်ပါ/မပါစစ်ကြည့်လို့ရတယ်”

ထိုအကြောင်းကို စဉ်းစားမိလိုက်သောအခါ ယဲ့ယောင်းက လူကြိုက်များသည်ကို သတိထားမိသည်။ ကျောင်းထဲတွင် ယဲ့ယောင်းကို လူမည်မျှက ပစ်မှတ်ထားနေသည်ဆိုသည်ကို သူကိုယ်တိုင်လည်း သေချာမသိချေ။ မည်မျှရဲတင်းလိုက်သနည်း။

“တခြားသူတွေရဲ့ ဖုန်းကို ကြည့်တာက ယဉ်ကျေးမှုမရှိဘူး” ဟု ယဲ့ယောင်းက ပြန်ပြောလိုက်သည်။

“သူတို့ရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို မကြည့်နဲ့၊ ဒီ အက်ပ်ရှိမရှိပဲ ကြည့်၊ အဲဒါက အဓိကပဲ”

လုရွှင်က သူ၏ဖုန်းကို အိတ်ကပ်ထဲမှထုတ်ယူပြီး ယဲ့ယောင်းကို ပေးလိုက်သည်။

“မင်းအရင်စမ်းကြည့်၊ စက္ကန့် ၃၀ အတွင်း အက်ပ်အားလုံးကို ရှာကြည့်”

ယဲ့ယောင်းက သူ့လက်ဗွေဖြင့် လုရွှင်၏ဖုန်းကို ဖွင့်ပြီး ရိုးရိုးရှင်းရှင်းရှာကြည့်လိုက်သည်။ လုရွှင်၏ဖုန်းထဲမှ အကြောင်းအရာများက အရမ်းကို ရိုးရှင်းနေသည်။ လက်တွေ့ဘဝတွင် လက်တွေ့ကျကျနေထိုင်တတ်သော ပုံစံဖြစ်သောကြောင့် သူ၏ဖုန်းထဲ၌ သုံးနေကျအက်ပ်အနည်းငယ်သာ ရှိပြီး ထူးဆန်းသောအက်ပ်များ မရှိချေ။

လုရွှင်က သူ၏ဖုန်းကို ပြန်မတောင်းသေးဘဲ ယဲ့ယောင်းကို ကွန်ပျူတာပေါ်မှ ဗီဒီယိုများ ဆက်ကြည့်ရန် ဆွဲခေါ်သွားသည်။ ဖိုင်တစ်ခုကြည့်ပြီးနောက် သူက နောက်ထပ်ဖိုင်တစ်ခုကို ဖွင့်လိုက်သည်။ ဖိုင်ကို ဖွင့်လိုက်သည်နှင့် ယဲ့ယောင်းက ဖိုင်၏အစတွင် အနီရောင်စာလုံးအကြီးများကို မြင်လိုက်ရသောကြောင့် တုန်လှုပ်သွားခဲ့သည်။

[မင်းဘေးကလူက မင်းကိုကြိုက်နေလားဆိုတာ ဘယ်လိုသိမလဲ?]

ယဲ့ယောင်း သေချာမကြည့်ရသေးခင်မှာပင် လုရွှင်က ဖိုင်ကို ပိတ်လိုက်သည်။

လုရွှင် - “ဒီဖိုင်တွေကို ဇစ် (zip) လုပ်ပြီး မင်းဆီ ပို့ပေးလိုက်မယ်။ မင်းအချိန်ရတဲ့အခါ ဒီဖိုင်တွေကို ဖတ်ထားဖို့ မမေ့နဲ့၊ သေချာဖတ်ရမယ်ဆိုတာ မှတ်ထားနော်၊ ငါ မင်းကို ပြန်စစ်မှာ”

ယဲ့ယောင်း - “ဒီလိုအရာမျိုးက... တကယ်ရော အသုံးဝင်လို့လား”

လုရွှင် - “တကယ်အသုံးဝင်တယ်၊ ငါအရင်ကသိပ်မသိခဲ့ဘူး၊ အဲဒါကိုလေ့လာပြီးတဲ့နောက်မှာ ငါ့ရဲ့အနားက လူတစ်ယောက်က ငါ့ကိုကြိုက်နေတာ သိခဲ့ရတယ်”

လုရွှင်တွင် ထိုကဲ့သို့ အတိတ်ရှိခဲ့သည်ဟု ယဲ့ယောင်းက ထင်မထားမိချေ။ ယဲ့ယောင်းမှာ လုရွှင်ကို လျှို့ဝှက်ကြိုက်နေ‌သောသူအပေါ် မနာလိုစိတ်မဝင်ဘဲ တုန်လှုပ်သွားခဲ့သည်။

ယဲ့ယောင်း - “…ပြီးတော့ ဘာဆက်ဖြစ်သွားလဲ။”

လုရွှင်က မျက်ခုံးကျုံ့၍ ယဲ့ယောင်းက မည်သည်အတွက် မေးသည်ကို နားမလည်သဖြင့် ပြန်လည်မေးလိုက်သည်။

လုရွှင် - “သူနဲ့ဆက်ဆံရေးဖြတ်လိုက်တာပေါ့။ ငါက ဘာလို့သူနဲ့ ဆက်ပြီး မိတ်ဆွေလုပ်နေမှာလဲ”။

ထိုအချိန်၌ လုရွှင်၏ မျက်နှာတွင် ယဲ့ယောင်းမြင်ခဲ့ဖူးသော ခံစားချက်များဖြင့် ပြည့်နှက်နေသည်။ ဤကိစ္စတွင် လုရွှင်၌ ခြွင်းချက်မရှိဟု ထင်ရသည်။

လုရွှင်က ထပ်ပြောလိုက်သည်။

“ကံကောင်းတာက ငါ သူ့ကို အရမ်းကြီးမကြိုက်ခဲ့ဘူး၊ အရမ်းကြီးလည်း ဂရုမစိုက်ခဲ့ဘူး။ မဟုတ်ရင် ခင်ခဲ့တာတွေကို စဉ်းစားကြည့်ရင်း စိတ်ညစ်ပြီး အိပ်လို့တောင် ရမှာမဟုတ်ဘူး”

‘စိတ်ညစ်ပြီး အိပ်လို့တောင် ရမှာမဟုတ်ဘူးတဲ့လား’ ဟု ယဲ့ယောင်းက စိတ်ထဲ၌ ပြောလိုက်ရင်း သူ၏မျက်လုံးများကို အောက်ချ၍ လက်ထဲရှိ လုရွှင်၏ဖုန်းကို ဆုပ်ကိုင်လိုက်မိသည်။

ယဲ့ယောင်း - “ကောင်းပြီလေ၊ ငါ သေချာလေ့လာပါ့မယ်”

ယဲ့ယောင်းက သူ၏အိပ်ရာပေါ်တွင် တစ်ယောက်တည်းလှဲနေပြီး လုရွှင် ပို့ပေးလိုက်သော ဖိုင်ကို နှိပ်၍ ဖွင့်ဖတ်လိုက်သည်။

ထိုဖိုင်ထဲရှိ စကားလုံးများမှာ တစ်စုံတစ်ယောက်က ပေါ့ပေါ့ပါးပါးရေးထားသော အက်ဆေးတစ်ပုဒ်ကဲ့သို့ စုစည်းလိုက်သောအခါ ဖိုင်တစ်ခုဖြစ်သွားခြင်းပင်။

ယဲ့ယောင်းက ပထမဆုံးအနေဖြင့် [မင်းဘေးကလူက မင်းကိုကြိုက်နေလားဆိုတာ ဘယ်လိုသိမလဲ] ဆိုသော ဆောင်းပါးကို နှိပ်လိုက်သည်။

[သူက မင်းအနားမှာ အမြဲတမ်း ကပ်ချင်နေတာလား? ပြီးတော့ မင်းတို့နှစ်ယောက် ဆက်ဆံရေးကောင်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မင်းကို မိတ်ဆွေအသစ်တွေနဲ့ မကစားခိုင်းဘူး၊ ဒါမှမဟုတ် သူငယ်ချင်းအသစ်တွေ မဖွဲ့ခိုင်းဘူး။ မိတ်ဆွေတွေနဲ့ တွေဆုံပွဲတွေမှာ သူက မင်းတို့နှစ်ယောက်ရဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို ပြသဖို့အတွက် နည်းလမ်းတွေကို အမြဲတမ်းရှာဖွေနေတတ်တယ်။ ဥပမာ- မင်းအတွက် အစားအသောက်တွေ ယူပေးတာ၊ မင်းဘာကြိုက်လဲဆိုတာကို မှတ်မိပြီး ဒါကို လူသိရှင်ကြားပြောပြတာမျိုးပေါ့။ တစ်စုံတစ်ယောက်က မင်းနဲ့သူ့ရဲ့ ဆက်ဆံရေးကို နောက်ပြောင်တဲ့အခါမှာ သူက ငြင်းခုံမှုမလုပ်ဘဲ ရယ်ရုံပဲ ရယ်ပြီး စကားမပြောဘဲ ရှက်နေသလို ဟန်ဆောင်နေတာလား။]

[သေချာစဉ်းစားကြည့်ပါ၊ ဒီအပြုအမူတွေက တကယ်ရော အဆင်‌ပြေရဲ့လား။ ဒီအပြုအမူတွေထဲက တစ်ခုခုရှိနေတာက တိုက်ဆိုင်မှုတစ်ခုဖြစ်နိုင်တယ်။ ဒါပေမဲ့ သူ့မှာ ဒီလိုအပြုအမူတွေ အများကြီးရှိနေတာကတော့ တိုက်ဆိုင်မှုတစ်ခုဖြစ်နိုင်ပါ့မလား]

ထိုဖိုင်ထဲတွင် အသေးစိတ်အချက်အလက်များစွာကို ရှင်းပြထားသည်။ ယဲ့ယောင်းက သူ့ကိုယ်သူ ကောင်းမွန်စွာ ဖုံးကွယ်ထားသောကြောင့် သူကိုယ်တိုင်က ဖုံးကွယ်မှုများထံမှ ဖောက်ထွက်၍ ရနိုင်မည်မဟုတ်ဟု တွေးမိသောကြောင့် သက်ပြင်းချလိုက်မိသည်။

လုရွှင်ကို ကြိုက်ခဲ့သော လုရွှင်၏ငယ်သူငယ်ချင်းမှာလည်း ထိုပုံစံမျိုးဖြစ်နိုင်သောကြောင့် လုရွှင်က သူ့ကို ဖမ်းမိခဲ့ခြင်းဖြစ်မည်။

သူသည် လုရွှင် သူငယ်ချင်းဖွဲ့ခြင်းကို မည်သည့်အခါမျှ မကန့်သတ်ပေ။ သို့သော် လုရွှင် ကိုယ်တိုင် သူငယ်ချင်းအသစ်ဖွဲ့ရန် စိတ်ဝင်စားမှုမရှိသောကြောင့် သူနှင့်သာ အမြဲအတူရှိနေခြင်းဖြစ်သည်။

သူနှင့် လုရွှင်၏ ဆက်ဆံရေးကို အခြားသူများက နောက်ပြောင်သောအချိန်အများစုတွင် သူက မငြင်းခုံခဲ့ချေ။ သို့သော် ထိုအရာမှာ လုရွှင်က အမြဲတမ်းနောက်ပြောင်မှုကို သဘောတူနေသောကြောင့် ငြင်းခုံရန် စိတ်အားထက်သန်မှုမရှိ၍သာ။

အစားအသောက်များ စားသောအချိန်တွင်လည်း ထိုကဲ့သို့သော အခြေအနေမျိုးဖြစ်တတ်သည်။ သို့သော် အမှန်စင်စစ် သေချာရေတွက်ကြည့်လျှင် လုရွှင်က သူ့ကို အစားအသောက်များထည့်ပေးခဲ့ခြင်းက ပိုများသည်ကို တွေ့ရသည်။

ထိုအရာများကို စဥ်းစားရင်း သူ၏အတွေးများမှာ ထိန်း၍ မရတော့ချေ။

စိတ်သက်သာရာရသွားသော ယဲ့ယောင်းက အခြားအရာများကို ဆက်တွေးကြည့်လိုက်သည်။ ထိုတွေ့ရှိချက်များက အခြေခံအားဖြင့် သူ့အတွက် အသုံးမဝင်ဟု ပျော်ရွှင်စွာတွေးလိုက်သည်။

[အရမ်းကောင်းတယ်။ ဘာမှမဖြစ်သရွေ့တော့ ငါ ဆက်ပြီးတော့ ငါ့ခံစားချက်တွေကို ဖုံးကွယ်ထားနိုင်ပြီ။]

အခြားတစ်ဖက်တွင် တရားထိုင်အတန်းထဲ၌ ရှိနေသော လုရွှင်က သူ့ဖုန်းထဲသို့ မက်ဆေ့ချ်တစ်ခု ရောက်လာသောကြောင့် ဖုန်းကို ဖွင့်၍ ဖတ်လိုက်သည်။

မက်ဆေ့ချ်ပို့လိုက်သောသူသည် သူ၏ညီဝမ်းကွဲဖြစ်ပြီး လုမင်ဟု ခေါ်သည်။ သူတို့နှစ်ယောက်သည် သက်တူရွယ်တူဖြစ်ပြီး သူတို့၏ ဆက်ဆံရေးသည်လည်း အမြဲကောင်းမွန်သည်။

လုမင်: [ကော...ငါ တရုတ်ကို ပြန်လာြပီ။ အဲဒီမှာ အသစ်ဖွင့်ထားတဲ့ ပန်းခြံတစ်ခုရှိတယ်လို့ ကြားတယ်။ ငါ့ကို အဲ့ကို ခေါ်သွားပေးပါနော်]

လုရွှင် - [မင်း အသက်ဖြင့် ဒီလောက်ကြီးနေပြီ၊ လမ်းပျောက်တော့မှာ မဟုတ်ဘူး။ ကိုယ့်ဘာသာကိုယ် သွားကစားလို့မရဘူးလား]

လုမင်: [ ညီအစ်ကိုအချင်းချင်း နည်းနည်းလေးတောင်မှ သနားစိတ်မရှိဘူးလား]

လုမင်: [ဟား၊ မြစ်ကိုကူးပြီးတော့ တံတားကို ဖြိုချလိုက်တာလား။ ငါ့လို လိင်တူချစ်သူပညာရှင်က မင်းအတွက် ဆောင်းပါးတွေ အများကြီးကို ကြိုးစားပြီးမရေးပေးခဲ့ဘူးဆိုရင် မင်း မြန်မြန်ဆန်ဆန်နဲ့ မင်းကိုကြိုက်နေတဲ့သူကို ရှာဖွေနိုင်ခဲ့မှာမဟုတ်ဘူး]

လုရွှင်၏ ညီဝမ်းကွဲသည် ဂီတလေ့လာသူဖြစ်သည်။ အနုပညာကို သင်ယူသော‌ ဂေးများ အများကြီးရှိသောကြောင့် သူ၏ ညီဝမ်းကွဲ၊ ယောက်ျားစစ်စစ်လေးမှာ ပရော်ဖက်ရှင်နယ်အတန်းကို တက်ရောက်သောအခါတိုင်းတွင် ‌ဂေးများက ဝိုင်းရံနေသကဲ့သို့ ခံစားရသည်။

ထိုထူးခြားသောပတ်ဝန်းကျင်ကြောင့် လုမင်၏ ‌ဂေးများကို သိနိုင်သောအာရုံခံနိုင်စွမ်းမှာ သိသိသာသာလေး ကောင်းမွန်သည်။ သူ အသစ်တစ်ခုခုကို ရှာဖွေတွေ့ရှိလိုက်တိုင်းတွင် ‌ဂေးများကို မုန်းတီးသော ယောက်ျားစစ်စစ် လုရွှင်ကို မျှဝေပေးခဲ့သည်။ ထို့ကြောင့် လုရွှင်သည်လည်း ဂေးများကို ကောင်းကောင်းခွဲခြားနိုင်သော အာရုံခံနိုင်စွမ်း တိုးတက်လာခဲ့သည်။

လုမင်: [မင်း ငါ့ကို လမ်းလျှောက်ဖို့ခေါ်သွားပေးပါလား၊ ငါ မင်းကိုကြိုက်နေတဲ့ သူငယ်ချင်းတချို့ကို တွေ့ကောင်း တွေ့နိုင်လိမ့်မယ်]

လုရွှင်: [ငါ့ရဲ့ ဘယ်လိုသူငယ်ချင်းမျိုးက ခု င့ါကို ကြိုက်နေမှာလဲ]

သူ၏ လက်ရှိသူငယ်ချင်းများထဲတွင် အများစုမှာ လအနည်းငယ်အတွင်း တစ်ခါခန့်သာလျှင် စကားပြောတတ်ကြပြီး အဆက်အသွယ်မရှိသလောက်ပင်။

လုမင်နှင့် မတွေ့ရသည်မှာ အတော်ကြာပြီဖြစ်သောကြောင့် တွေ့ရလျှင်တော့ ကောင်းမည်။ အရေးအကြီးဆုံးမှာ သူ ယဲ့ယောင်းကို သူ၏ဆွေမျိုးများနှင့် သူငယ်ချင်းများကို ဆုံတွေ့စေချင်သည်။ သူ၏ဘေးနားက အသိမိတ်ဆွေတိုင်းကို ယဲ့ယောင်းနှင့် ရင်းနှီးစေချင်သည်။

လုရွှင်က စဉ်းစားကြည့်ပြီး သဘောတူလိုက်သည်။

ယဲ့ယောင်းက လုရွှင်၏ ဖိတ်ခေါ်မှုကို လက်ခံရရှိလိုက်သောအခါ အနည်းငယ်အံ့ဩသွားသည်။

ယဲ့ယောင်း - “မင်းက မင်းရဲ့ ညီဝမ်းကွဲနဲ့ သွားကစားတဲ့အခါ ငါသာလိုက်ခဲ့ရင် မင်းရဲ့ ညီဝမ်းကွဲက နေရခက်နေမယ် မဟုတ်လား”

လုရွှင် - “သူ နေရခက်တယ်ဆိုရင် သူ့ဘာသာသူ ကစားပါစေ”

ယဲ့ယောင်း - “…”

လုရွှင် - “ငါက နောက်တာပါ”

လုရွှင်က သူ၏စိတ်ရင်းမှန်ကို ဖုံးကွယ်ရန်အတွက် အကြောင်းပြချက်တစ်ခုကို ရှာဖွေလိုက်သည်။

လုရွှင် - “ငါ သူ့ကို မင်းကို ခေါ်လာမယ်လို့ ပြောထားပြီးပြီ။ သူက အဆင်ပြေတယ်တဲ့။ ပြီးတော့ သူက သူငယ်ချင်းဖွဲ့ရတာကိုလည်း ကြိုက်တယ်”။

ထိုမှသာ ယဲ့ယောင်းက စနေနေ့တွင် ပြည်ပမှ ပြန်လာမည့် ညီဝမ်းကွဲကို သွားတွေ့ရန် သဘောတူလိုက်သည်။

သူတို့ပန်းခြံ၏ အဝင်ဝဂိတ်တွင် တွေ့ဆုံရန် သဘောတူခဲ့ကြသည်။ ယဲ့ယောင်းနှင့် လုရွှင်က အရင်ရောက်လာခဲ့ပြီး တစ်မိနစ်ခန့် ကြာပြီးနောက် လုရွှင်က တစ်ဖက်ကို လက်ညှိုးထိုးပြလိုက်သည်၊

လုရွှင် - “သူ အဲ့ဒီမှာ ရောက်နေပြီ၊ ဒီလိုရာသီဥတုအေးတဲ့အချိန်မှာ သားရေဂျာကင်ဝတ်ထားတဲ့တစ်ယောက်”

သူက လုရွှင်၏ ဂီတကို သင်ယူနေသော ညီဝမ်းကွဲသည် နူးညံ့ပြီး ပျော့ပျောင်းသောသူတစ်ယောက်ဖြစ်မည်ဟု ထင်ခဲ့သော်လည်း သူ့ကို မြင်လိုက်ရသောအခါမှာတော့ မှားယွင်းစွာ ယူဆခဲ့မိသည်ကို သိလိုက်သည်။

လုမင်က အေးစက်သောအမူအရာအသွင်အပြင်ဖြင့် သူ၏ဆံပင်ရှည်များကို ကျစ်ထားပြီး အနက်ရောင် သားရေဂျာကင်၊ ဘောင်းဘီရှည်၊ အနက်ရောင် မာတင်ဘွတ်ဖိနပ်များကို ဝတ်ဆင်ထားသည်။

သူက စကားမပြောဘဲ ဒီတိုင်းရပ်နေလျှင်တောင် ရော့ခ်အဆိုတော်တစ်ယောက်ကဲ့သို့ အရှိန်အ၀ါမျိုးရှိနေသည်။

သူတို့ရောက်နေသည်ကို လုမင်က မြင်လိုက်ပြီး ပြေးလာလိုက်သည်။

လုမင် - “လူစုံနေပြီလား၊ငါ ဒီတစ်ခါတော့ နောက်ကျသွားတယ်၊ မင်းတို့နှစ်ယောက်စလုံးကို ငါဧည့်ခံပါ့မယ်”။

လုရွှင် - “ငါတို့နှစ်ယောက်စလုံးကို မင်း ဧည့်ခံတာ/မခံတာ အရေးမကြီးပါဘူး”

လုရွှင်က ယဲ့ယောင်း၏ပခုံးပေါ်တွင် လက်တင်လိုက်ပြီး “ဒါက ငါ့ရဲ့ညီဝမ်းကွဲ လုမင်”ဟု မိတ်ဆက်ပေးလိုက်သည်။

လုရွှင် - “သူက ငါ့ရဲ့ အချစ်ဆုံးသူငယ်ချင်း ယဲ့ယောင်း။ သူ့နာမည်ကို မှတ်ထားနော်၊ မမေ့စေနဲ့”

မိတ်ဆက်ပေးမှုက အနည်းငယ်မရေမရာ တည်ကြည်ခမ်းနားသကဲ့သို့ ဖြစ်နေသော်လည်း လုမင်က မျက်ခုံးပင့်ကာ နှုတ်ဆက်၍ စိတ်ဝင်စားမှုများပြည့်နေသော မျက်လုံးများဖြင့် ယဲ့ယောင်း၏ ပခုံးပေါ်တွင် တင်ထားသော လုရွှင်၏လက်ကို ကြည့်ကာ ယဲ့ယောင်းဆီသို့ ကြည့်လိုက်သည်။

အမှန်တကယ် သူသည် လုရွှင်နှင့် ယဲ့ယောင်းကို အဝေးကနေ မြင်လိုက်ရသည်။ သို့သော် သူတို့ဖြစ်နေမည်ဟု မထင်ခဲ့ပေ။

ပထမတစ်ချက်ကြည့်လိုက်သည်နှင့် သူတို့နှစ်ယောက်သည် အနီရောင်ကုတ်အင်္ကျီများကို တူညီစွာ ဝတ်ဆင်ထားသောကြောင့် စုံတွဲအင်္ကျီကဲ့သို့ ဖြစ်နေသည်။ ထို့ကြောင့် သူက ဤစုံတွဲကို သူ၏ဝမ်းကွဲအကိုနှင့် သူငယ်ချင်းဖြစ်နေမှန်း မသိခဲ့ချေ။

သူ၏ ထူးခြားသောညီအစ်ကို လုရွှင်က အဘယ်ကြောင့် အခြားသူတစ်ယောက်နှင့်အတူတူ စုံတွဲအင်္ကျီဝတ်ဆင်၍ အပြင်ထွက်နိုင်မည်နည်း။

သူတို့နှစ်ယောက်၏ ဆက်ဆံရေးမှာ အတော်လေးကောင်းမွန်ပုံရသည်။

လုမင်က အတော်အတန်စဉ်းစားနေခဲ့ပြီး ယဉ်ကျေးစွာြဖင့် ယဲ့ယောင်းကို လက်ဆွဲနှုတ်ဆက်ကာ ပန်းခြံထဲသို့ အတူတူဝင်သွားကြသည်။

လုမင်က ပြုံးရင်း စကားစပြောလိုက်သည်။

လုမင် - “မင်းတို့နှစ်ယောက်ကို ရှင်းရှင်းလင်းလင်းမမြင်ရခင်က တစ်နေရာရာကနေ ရောက်လာတဲ့ ချစ်သူတွေလို့ ထင်မိသေးတယ်။ ဒီနေ့ ဒီနေရာမှာချစ်သူစုံတွဲတွေ အရမ်းများတယ်လို့လည်း ထင်မိသေးတယ်။ ငါကတော့ တတိယလူအနေနဲ့ လိုက်လာတဲ့ခွေးလို သနားစရာကောင်းနေတာပေါ့။ ဒါပေမဲ့ တကယ်တမ်းကျတော့ ငါထင်တာ မှားသွားတာပဲ”

လုရွှင်က “မဟုတ်လို့လား? အခုလည်း မင်းက တတိယလူအနေနဲ့ လိုက်လာတဲ့ စင်ဂယ်လ်ခွေးလေးမဟုတ်ဘူးလား”

လုမင် - “...”

ယဲ့ယောင်း - “ငါတို့သုံးယောက်စလုံး စင်ဂယ်လ်ခွေးတွေပဲလေ”

လုရွှင် - “ကိုယ့်ကိုယ်ကိုယ် ဒီလိုပဲ နှိမ့်ချနေတော့မှာလား?”

လုမင် - “...”

လုမင်သည် သူတို့ပြောနေကြသည့် စကားများက အတော်လေးထူးဆန်းနေသည်ဟု ခံစားလိုက်ရသည်။

အသစ်ဖွင့်လိုက်သော ပန်းခြံက လူကြိုက်များသည်။ ပန်းခြံထဲတွင် လူများ အရမ်းကျပ်ညပ်နေသောကြောင့် ကျဉ်းမြောင်းသော လမ်းကြောင်းတစ်ခုသာရှိသည်။ လူအုပ်ထဲတွင် မတော်တဆလူစုကွဲသွားရန် လွယ်ကူသည်။

လုမင်က နောက်လှည့်ကြည့်ပြီး ကျန်သည့်လူနှစ်ယောက်ကို လူအုပ်ထဲတွင် လူစုမကွဲသွားစေရန် နီးနီးကပ်ကပ်နေရမည်ဟု ပြောရန် ကြည့်လိုက်စဥ် သူတို့နှစ်ယောက်က လက်တွဲထားသည်ကို တွေ့လိုက်ရသည်။

သူတို့နှစ်ယောက်က လက်တွဲထားသောကြောင့် လူစုကွဲသွားမည်ကို စိုးရိမ်စရာမလိုတော့ပေ။ သူတို့နှစ်ယောက် ဖြေးဖြေးချင်းလမ်းလျှောက်သွားခြင်းမှာလည်း မတူညီသော နွေးထွေးမှုကို ဖော်ပြနေသည်။

ထိုကဲ့သို့ ထင်မိသော်လည်း ထိုအရာမှာ မှန်ကန်မှုမရှိနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် လုရွှင်တစ်ယောက်တည်းကသာ ပွင့်ပွင့်လင်းလင်းလက်တွဲထားကာ ယဲ့ယောင်းမှာ နည်းနည်းတောင့်တင်း၍ သဘာဝမကျသောပုံစံဖြစ်နေပြီး ယဲ့ယောင်း၏မျက်လုံးနှင့် သူ၏မျက်လုံး တွေ့ဆုံ‌သောအခါ ယဲ့ယောင်းက သူ့ကို အနည်းငယ်ပြုံးပြလိုက်ပြီး လုရွှင်၏လက်ကနေ လွတ်ရန် ကြိုးစားသော်လည်း မအောင်မြင်ခဲ့ပေ။

အနုပညာဖန်တီးရှင်တစ်ယောက်အနေဖြင့် လုမင်ဟာ ‌‌ဂေးများစွာဖြင့် ထိတွေ့ခဲ့ရသောကြောင့် ‌ဂေးဆိုင်ရာ ကျွမ်းကျင်သူတစ်ယောက်ဖြစ်လာသော်လည်း ဤအကြိမ်တွင် သူမြင်နေရသည်ကို နားမလည်နိုင်ဟု ခံစားရသည်။

မည်ကဲ့သို့ ထူးဆန်းသောခံစားမှုမျိုးဖြစ်သနည်း။

သူသည် လုရွှင်နှင့်အတူတူကြီးပြင်းလာခဲ့ပြီး လုရွှင်ကို အလွန်နားလည်သည်။ လုရွှင်သည် ယောက်ျားစစ်စစ် ဖြစ်သည်ဟု သိထားသော်လည်း အဘယ်ကြောင့် ဤကဲ့သို့ ခေါင်းကိုက်စရာကောင်းသောပုံစံမျိုး ဖြစ်နေရသနည်း။

ထိုသို့သော မြင်ကွင်းမျိုးသည် လူငယ်ချစ်သူများကြားတွင်သာ ဖြစ်သင့်သည်မဟုတ်လော။

သူတို့နှစ်ယောက်လုံးသည် အလိုလိုသိစိတ်အရ ယောက်ျားစစ်စစ်တွေမဟုတ်ဟု ထင်ရသော်လည်း ဆင်ခြင်တုံတရားအရ လုရွှင်သည် ယောက်ျားစစ်စစ်ပင်။ ထိုကဲ့သို့သော အခြေအနေမျိုး ဖြစ်နေခြင်းမှာလည်း ထူးဆန်းနေသည်။

အသက်ရှူမဝအောင် ကျပ်ညပ်နေသော လူအုပ်ထဲတွင် ဘီစကစ်တစ်ခုကဲ့သို့ ပြားချပ်သွားတော့မလို ဖြစ်နေသော လုမင်သည် အားထုတ်စဉ်းစားပြီးနောက် ရုတ်တရက်သဘောပေါက်သွားသည်။

ဟုတ်ပါသည်၊ ယခုအချိန်တွင် ဤအရာသည် အလွန်ရေပန်းစားနေသော ဇာတ်ကွက်တစ်ခုပင်ဖြစ်သည်။

ပေါ့ပေါ့ပါးပါးယောက်ျားစစ်စစ်နှင့် သူ့ကို မြှူဆွယ်နေသည့် ဂေးချစ်သူ။

ထိုသို့မြှူဆွယ်ခံလိုက်ရသောအခါ လုံးဝမတုံ့ပြန်နိုင်တော့သော ယောက်ျားစစ်စစ်သည် မြှူဆွယ်မှုကို ခံယူလိုက်ရသည်။

သူဟာ အမှန်တကယ်ပင် လုရွှင်၏အနား၌ လျှို့ဝှက်နေထိုင်နေသော လျှို့ဝှက်ချစ်သူတစ်ယောက်ကို ထပ်၍ ရှာတွေ့သွားခြင်းလော။

ယခင်က လုရွှင်၏ကလေးဘဝသူငယ်ချင်းသည် လုရွှင်ကို ကြိုက်နေပုံရသည်ဟု သိပြီးနောက် လုရွှင်ကို သူ နည်းအမျိုးမျိုးဖြင့် တိုက်ရိုက်တိုက်ခိုက်ခဲ့သည်။၊ သို့သော် ဤအကြိမ်တွင် သူသည် အနည်းငယ် ညံ့ဖျင်းနေခဲ့သည်။

ပထမဆုံးကြည့်လိုက်လျှင် လုရွှင်နှင့် ယဲ့ယောင်းကြားမှ ဆက်ဆံရေးသည် သူနှင့်လုရွှင်၏ ဆက်ဆံရေးထက် ပိုပြီးကောင်းမွန်သည်။ အကယ်၍သာ သူစဉ်းစားမိသည်မှာ မှားယွင်းခဲ့လျှင် ရန်စမှုတစ်ခုဖြစ်သွားနိုင်သည်။ လုရွှင်က သူ့ကို သုံးရက်ခန့် အိပ်ယာထဲလဲပြီး မထနိုင်အောင် ရိုက်ကောင်းရိုက်နိုင်သည်။

ဤသို့ဆိုလျှင် သူ၏အယူအဆကို ကိုယ်တိုင်အရင်ဆန်းစစ်၍ အတည်ပြုနိုင်မှသာ လုရွှင်ကို ပြောပြမည်။

သူတို့ ခဏလောက်ဆော့ပြီးသောအခါ ဗိုက်ဆာလာ၍ ပန်းခြံထဲမှ စားသောက်ဆိုင်တစ်ခုသို့ သွားကြသည်။

အစားအသောက်များ မှာပြီးနောက် လုရွှင်က အိမ်သာမသွားခင် လုမင်ကို သတိပေးလိုက်သည်။

လုရွှင် - “ငါမရှိတုန်း သူ့ကိုမနှောင့်ယှက်နဲ့”

လုမင် - “ဘာပြောနေတာလဲ၊ ငါတို့ရော့ခ်ဂီတပညာရှင်တွေက တခြားသူတွေကို ဘယ်တော့မှ နှောင့်ယှက်လေ့မရှိဘူး”

လုရွှင်ထွက်ခွာသွားသောအခါ အရမ်းအေးနေသောပုံစံဝတ်စားထားသော လုမင်က ယဲ့ယောင်းအတွက် လက်ဖက်ရည်တစ်ခွက်ထည့်ပေးသည်။ တစ်ချိန်တည်းမှာပင် ပြုံးရင်းမေးလိုက်သည်။

လုမင် - “ယဲ့ယောင်းကော၊ လုရွှင်ကောအနားမှာ သူ့ကိုရဲရဲ၀ံ့၀ံ့နဲ့ ချစ်ကြောင်းပြောတဲ့ ယောက်ျားလေးတွေ ရှိလား။ အရင်တုန်းကတော့ ယောက်ျားလေးတွေ ချစ်ကြောင်းဖွင့်ပြောရင် သူတကယ်ကို မုန်းတာ။ သူအကြိမ်တိုင်းလိုလို အရမ်းစိတ်ဆိုးတတ်တယ်”

ယဲ့ယောင်း - “တကယ်တော့ တစ်ယောက်မှ မတွေ့ဖူးပါဘူး။ လူတိုင်းသိကြတာက သူက ယောက်ျားတွေကို မကြိုက်ဘူးဆိုတာပဲ”။

လုမင် - “ဒီလိုဖြစ်နေတာပဲ၊ သူ မကြိုက်တာကို လူတိုင်းက သိကြတယ်ပေါ့ ။ သူနဲ့ မင်းနဲ့ အရမ်းရင်းနှီးနေတာကို တကယ်အံ့ဩမိတယ်။ အဲဒီဖြစ်ရပ်ပြီးတဲ့နောက်ပိုင်း သူက ဘယ်သူ့ကိုမှ ရင်းနှီးတဲ့ သူငယ်ချင်း ဖြစ်ချင်မှာမဟုတ်တော့ဘူးလို့ ငါ ထင်နေမိတာ”။

ယဲ့ယောင်း - “ဘာဖြစ်ခဲ့တာလဲ?”

လုမင် - “သူ့မှာ အရင်က မိတ်ဆွေတစ်ယောက်ရှိတယ်၊ ခင်ဗျားလောက် မချောပေမဲ့ အတော်လေးချောတဲ့ ယောက်ျားလေးပါပဲ။ အဲ့ဒီယောက်ျားလေးက သူနဲ့သိပြီး သူ့ကိုသဘောကျနေတာ၊ ကြာလာတော့ သူ့စိတ်ကို ထိန်းချုပ်လို့မရတော့ဘူး။ လုရွှင်က သူ့အနားမှာရှိနေတဲ့အချိန် တခြား‌‌သူငယ်ချင်းတွေလို မဟုတ်ဘဲ သူ့ကိုယ်သူ ထူးခြားတယ်လို့ ခံစားမိနေတာ။ နောက်ဆုံးတော့ လုရွှင်က သူ့ကိုကြိုက်နေတယ်ဆိုတာ သိသွားတဲ့နောက် အဲ့ဒီယောက်ျားလေးကို မျက်နှာမထောက်တော့ဘဲ သူ့အကြောင်းကို စဉ်းစားဖို့တောင် အချိန်မပေးတော့ဘဲ တိုက်ရိုက်ပြောလိုက်တယ်။ သူတို့နှစ်ယောက်ကြားမှာ ချစ်ခြင်းမေတ္တာဆက်ဆံရေး မဖြစ်နိုင်ဘူးလို့”။

လုမင်က ဖြည်းဖြည်းချင်းပြောကာ သူ၏တစ်ဖက်တွင် ထိုင်နေသောလူ၏ မျက်နှာအမူအရာကို ကြည့်နေသည်။ လျှို့ဝှက်ချစ်သူတစ်ယောက်သည် ပြိုင်ဘက်၏ဝမ်းနည်းစရာအကြောင်းကို ကြားရသောအခါ အနည်းငယ် ဝမ်းနည်းမည်မဟုတ်လော။

လုမင်သည် ယဲ့ယောင်း၏ပြုံးနေသော အသွင်အပြင်ကို မြင်လိုက်ရပြီး မျက်နှာအမူအရာမှာ ပေါ့ပါးစွာဖြင့် ဟာသတစ်ပုဒ်ကို နားထောင်နေရသကဲ့သို့ ရှိသည်။

အနီရောင်ကုတ်အင်္ကျီကြောင့် သူ၏အသားအရေသည် ဖြူဖွေးပြီး နွေးထွေးသော အသွင်ကို ဆောင်နေပြီး မျက်နှာတွင်လည်း ဝမ်းနည်းပူဆွေးမှု၏ အရိပ်အမြွက်ကို နည်းနည်းမှ မတွေ့ရပေ။

ယဲ့ယောင်း - “သူက အရမ်းကို လောဘကြီးတာပဲ။ သူ့ခံစားချက်တွေကို မထိန်းချုပ်နိုင်ဘူးဆိုရင် သိတဲ့အချိန်မှာ ဝေးဝေးရှောင်နေခဲ့ရမှာ။ သူက ယောက်ျားစစ်စစ်တစ်ယောက်အတွက် ခြွင်းချက်ဖြစ်လာနိုင်မယ်လို့ ဘယ်လိုတောင်ယုံကြည်မှုရှိနေတာလဲ”

-----------------

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment