အခန်း (၁၁) - ငါတို့ရဲ့ခံစားချက်တွေကို မစော်ကားပါနဲ့
ညအချိန်မီးပိတ်ပြီးသည့်နောက် အဆောင်သည် တိတ်ဆိတ်ငြိမ်သက်သွားသောကြောင့် သေးငယ်သည့်အသံလေးများကို ကျယ်လောင်စွာ ကြားရသည်။ ပြတင်းပေါက်အပြင်မှ လေတိုက်သံကိုပင် ရှင်းရှင်းလင်းလင်းကြားနေရသည့်အတွက် ခေါင်းအုံးဘေးမှ အသံကိုဆိုလျှင် ပို၍ကြားရမည်ပင်။
သို့သော် လုရွှင်က ရှင်းရှင်းလင်းလင်းမကြားရသည့်ပုံစံဖြင့် မေးလိုက်သည်။
“.....မင်းဘာပြောလိုက်တာလဲ”
ယဲ့ယောင်းက စိတ်တည်ငြိမ်စွာဖြင့် ပြန်ဖြေလိုက်သည်။
“ငါပြောတာက ဒီလိုမျိုးလုပ်တာတွေကို ငါမကြိုက်ဘူး၊ ထူးဆန်းတယ်လို့ ခံစားရတယ်။ အဲဒီလိုမျိုးတွေ လျှော့လုပ်ပြီး အရင်ကလို ပုံမှန်ပဲ ဆက်ဆံကြရအောင်”
ယဲ့ယောင်း၏စိတ်ကူးမှာ ရိုးရှင်းသည်။ သူ၏ စစ်မှန်သောခံစားချက်များကို ဖော်ပြပြီး သူ့ကိုယ်သူ ထိန်းချုပ်ရန် လိုအပ်သည်။ သို့သော် ထိုအချိန်များမှာ သူက မစဉ်းစားဘဲ မဆင်မခြင်ပြုမူမိတာမျိုးများ ရှိတတ်သည်။ တစ်နေ့နေ့တွင် စိတ်လွတ်ကာ သူ့ကို ကူညီပေးနေသော လုရွှင်ကို နမ်းမိသွားလျှင် မည်သို့လုပ်မည်နည်း။
ထိုကဲ့သို့သော အမှားမျိုးကို ရှောင်ရှားရန်အတွက် စိတ်လိုလက်ရမဖြစ်စေသော လှုံ့ဆော်မှုအရင်းအမြစ်များကို ဖြတ်တောက်ခြင်းက အကောင်းဆုံးပင်။ ယခုချိန်၌ တစ်ယောက်ကိုတစ်ယောက် ကူညီပေးသည့်အပြုအမူကို လျှော့ချလိုက်ရုံနဲ့တင် လုံလောက်သည်။ မည်သို့ပင်ဖြစ်စေ သူ၏မျှော်လင့်ချက်အရဆိုလျှင် တစ်နေ့နေ့၌ သူထိန်းချုပ်မထားနိုင်တော့လျှင် လုရွှင်နှင့်ဝေးဝေးနေနိုင်ရန် နည်းလမ်းအများကြီးရှာရဦးမည်။
လုရွှင်ထံမှ တုန့်ပြန်သံမကြားရသည့်အတွက် ယဲ့ယောင်းက သူ့ကို ညင်သာစွာတွန်းလိုက်သည်။
“ငါပြောတာ ကြားလား”
ယဲ့ယောင် တွန်းလိုက်သည့်အခါ လုရွှင်က အိပ်မက်ကနေ နိုးလာသကဲ့သို့ ယဲ့ယောင်း၏ခါးကို တင်းတင်းကျပ်ကျပ်ဖက်လိုက်သည်။
“မင်းမကြိုက်တာက ငါမင်းကို သက်တောင့်သက်သာဖြစ်အောင် မလုပ်ပေးမိလို့လား”
လုရွှင်၏အသံက တိုးလွန်းနေပြီး ပုံမှန်ထက် ပိုမြန်နေသည့်အတွက် စိတ်ပူပန်နေပုံရသည်။ “ငါ့ကျွမ်းကျင်မှုကို နောက်ထပ်တိုးတက်အောင်လုပ်မှာပါ။ ဒါ့အပြင် ဒါက ငါ ပထမဆုံးအကြိမ် တခြားသူတစ်ယောက်ကို ကူညီပေးတာဆိုတော့ ငါ့ကိုတိုးတက်ဖို့ အချိန်ပေးသင့်တယ်မလား”
ယဲ့ယောင်းက ပြန်လည်ရှင်းပြလိုက်သည်။
“အဲဒါက အဓိကအချက်မဟုတ်ဘူးလေ...?”
လုရွှင်က ယဲ့ယောင်းစကားပြောနေသည်ကို ဖြတ်ပြောခြင်းမျိုးရှားသော်လည်း ယနေ့တွင်မူ ဖြတ်ပြော၍ ဆက်လက်စည်းရုံးနေသည်။
“ဒါမှမဟုတ် ငါ့ကို ကူညီရတာ မင်း ပင်ပန်းနေလို့လား။ ဒါဆိုလည်း နောက်တစ်ခါကျ မင်းကို ပုံမှန်ထိတွေ့မှုလေးတွေပဲ လုပ်ခိုင်းပါ့မယ်၊ အဲဒါဆို မင်းအတွက် ပင်ပန်းမှာမဟုတ်တော့ဘူး”
“…”
လုရွှင်က အဓိကအချက်အား အာရုံမစိုက်နိုင်တော့သည်ကို ကြားပြီး ယဲ့ယောင်းမှာ မည်သို့တုန့်ပြန်ပြောဆိုရမှန်း မသိတော့ချေ။ ထို့ကြောင့် ပြန်၍အလေးအနက်ရှင်းပြရသည်။
“အဲဒါက ပြဿနာမဟုတ်ဘူး။ မင်း ရှာကြည့်လို့ရတယ်၊ ဒါမှမဟုတ် မေးကြည့်လို့ရတယ်။ လူတော်တော်များများက တခြားသူတွေ သူတို့ရဲ့လျှို့ဝှက်တဲ့အရာတွေကို လုပ်ပေးတာကို လက်မခံကြဘူး။ ငါလည်းမကြိုက်ဘူး”
“မင်းတကယ်ပဲ မကြိုက်တာလား”
လုရွှင်က ရုတ်တရက်မေးလိုက်သည်။
လုရွှင်၏စိတ်မှာ တချို့သောအချိန်များတွင် အလွန်ထက်မြက်သည်။ ထို့ကြောင့် ယဲ့ယောင်းက စိတ်တည်ငြိမ်စွာဖြင့် အကြောင်းအရာကို ရှောင်လိုက်သည်။
“ငါ သေချာစဉ်းစားပြီးပြီ။ ဒီလိုမျိုး လျှို့ဝှက်တဲ့အရာမျိုးတွေကို ငါ့အိမ်ထောင်ဖက်က လုပ်ပေးတာက ပိုကောင်းတယ်။ တခြားသူတွေကတော့ မသင့်တော်ဘူး။ ဒါက မင်းအတွက်လည်း အတူတူပါပဲ။ ငါက ရှေးရိုးစွဲတစ်ယောက်လို့ မင်းပြောလို့ရတယ်”
“ကောင်းပြီ၊ ဒါဆိုရင် ပြီးပြီပေါ့”
ယဲ့ယောင်းက လုရွှင်နှင့် ထိုကိစ္စဖြစ်နိုင်ခြေကို ဆွေးနွေးရန်လာခြင်းမဟုတ်ပေ။ သူ့ကို အသိပေးရန် လာခြင်းဖြစ်သည်။ ပြောပြီးသည့်နောက် သူက လုရွှင်၏လက်ကို သက်တောင့်သက်သာဖြစ်အောင် ပုတ်လိုက်သည်။
“အိပ်တော့၊ စဉ်းစားမနေနဲ့တော့။ Good Night ပါ”
အခန်းထဲ၌ တစ်ဖန်ပြန်လည်တိတ်ဆိတ်သွားသည်။
အပူပေးစက်မရှိသော ဆောင်းဦးရာသီတွင် လူတိုင်းက ထူထဲသည့်စောင်များ ခြုံထားကြသည်။ လူနှစ်ယောက်သည် တစ်ယောက်အိပ်ကုတင်ပေါ်တွင် လှဲလျောင်းကာ ထူထဲသည့်စောင်အောက်၌ ကွေးနေသည့်အတွက် နွေရာသီတွင်မရနိုင်သော သက်တောင့်သက်သာဖြင့် အိပ်ချင်စိတ်ကို အလွယ်တကူခံစားရစေသည်။
လူတစ်ယောက်က စိတ်လျှော့လိုက်သည့်အခါ အိပ်ပျော်ရန် အလွယ်ဆုံးပင်။ ယဲ့ယောင်းလည်း ထိုနည်းတူစွာ သူ၏နဖူးက လုရွှင်၏ပခုံးပေါ်တွင် တင်နေပြီး အသက်ရှူသံတဖြည်းဖြည်းမှန်လာကာ အိပ်ပျော်သွားခဲ့သည်။
လုရွှင်မှာမူ လုံးဝအိပ်မပျော်ချေ။ မကြာသေးမီက ခံစားလိုက်ရသော သူ၏ပထမဆုံးအကြိမ် ပျော်ရွှင်မှုမှာ ရက်ရက်စက်စက်ဖျက်ဆီးခံလိုက်ရသည်။ သူ၏ပျော်ရွှင်မှုမှာ ပျောက်ကွယ်သွားခဲ့သည်။
ဟုတ်ပါသည်။ ယုတ္တိကျကျဆိုရလျှင် သူက အခြားသူများ၏ အကူအညီကို ယူပြီး ဤကဲ့သို့ပျော်ရွှင်မှုကို ဆက်လက်ခံစားနိုင်သည်။ လုရွှင် ခဏလောက်စိတ်ကူးကြည့်လိုက်သည်နှင့် သူ့မျက်နှာမှာ ဒေါသစိတ်ဖြင့် ဖြူဖျော့သွားသည်။ အခြားလူများက သူ၏လျှို့ဝှက်နေရာအား ထိခြင်းကို စဉ်းစားလိုက်သည်နှင့် စိတ်ပျက်ပြီး ပျို့အန်ချင်သကဲ့သို့ ခံစားရသည်။
ယဲ့ယောင်းက သူ့ကိုစိတ်ပျက်အောင် မလုပ်ခဲ့ချေ။ မည်သို့ပင်ဖြစ်စေ သူတို့သည် အချစ်ဆုံးသူငယ်ချင်းတွေပင်။ ယဲ့ယောင်းသာလျှင် တစ်ယောက်ကိုတစ်ယောက်ကူညီပေးသည့် ပျော်ရွှင်မှုကို သူ့အား ခံစားရစေနိုင်သည်။
လုရွှင် အနည်းငယ်လှုပ်ရှားလိုက်ကာ ရင်ခွင်ထဲမှလူကို တင်းတင်းဖက်လိုက်ပြီး တစ်ချိန်တည်းမှာပင် သူ့ခေါင်းကို ယဲ့ယောင်း၏လည်ပင်းထဲထည့်၍ အသက်ပြင်းပြင်းရှူလိုက်သည်။
ဤကဲ့သို့ ကောင်းမွန်သည့်မြင်ကွင်းကို သူမြင်ပြီးပြီဖြစ်သည့်အတွက် မည်သို့ဆုတ်ခွာနိုင်မည်နည်း။ အိမ်ထောင်ဖက်? လက်ထပ်ထားသည့်လူက သူမလုပ်နိုင်သည့်အရာများကို လုပ်နိုင်သည်လော။
လုရွှင်၏စိတ်ကူးမှာ ယဲ့ယောင်းနှင့်ပတ်သက်သည့်အရာများကို ရင်ဆိုင်သည့်အခါ အထက်မြက်ဆုံးပင်။
လုရွှင် နောက်တစ်ကြိမ်အသက်ပြင်းပြင်းရှူလိုက်ပြီး ယဲ့ယောင်း၏ရနံ့ကို သူ့နှလုံးသားထဲသို့ ရှူသွင်းလိုက်သည်။ သူခံစားမိသည်မှာ ယဲ့ယောင်းက သူ့ကို ရှောင်နေပြီး သူ့ထံမှ ဆုတ်ခွာနေခြင်းပင်။ ယဲ့ယောင်းက သူနှင့်ဆက်ဆံရေးကို တိုးတက်ချင်သည့်ပုံမပေါ်ချေ။
ရက်အနည်းငယ်ကြာသည်အထိ လုရွှင် စိတ်ဓာတ်ကျနေသည်။ ထိုစိတ်ဓာတ်ကျမှုသည် ယဲ့ယောင်းရှေ့တွင် မပေါ်သော်လည်း လုရွှင်တစ်ယောက်တည်းနေသည့်အခါတွင် သိသာထင်ရှားသည်။ လုရွှင်၏အတန်းဖော်များကို ကြောက်လန့်သွားစေသည့်အတွက် သူ့ဘေးနားတွင် မည်သူမျှ လာမထိုင်ရဲကြချေ။
ထိုနေ့က လုရွှင်မှာ ညနေပိုင်းအတန်းရှိပြီး ယဲ့ယောင်းသည်လည်း အိမ်စာအများကြီး လုပ်စရာရှိသည့်အတွက် သူတို့နှစ်ယောက်ခွဲ၍ စာသွားလုပ်ကြသည်။ အတန်းနှစ်ချိန်ပြီးနောက် အဆောင်သို့ပြန်လာသောလမ်းတွင် လုရွှင်သည် သူ့အမေထံမှ ဖုန်းခေါ်ဆိုမှုတစ်ခုလက်ခံရရှိခဲ့သည်။
လုရွှင် မျက်မှောင်ကြုတ်လိုက်ကာ ဖုန်းကို ကိုင်လိုက်သည်။
နှုတ်ဆက်စကားအနည်းငယ်ပြောပြီးနောက် လုရွှင်၏အမေက သူမ၏ရည်ရွယ်ချက်ကို ရှင်းပြလိုက်သည်။
“လုရွှင်၊ ငါကြားတာ ရှောင်ယဲ့က ပြီးခဲ့တဲ့ရက်တုန်းက ကောင်မလေးတစ်ယောက်နဲ့ တွေ့ဖို့သွားတယ်တဲ့။ သူတို့နှစ်ယောက် စကားကောင်းကောင်းမပြောရသေးခင်မှာပဲ မင်းရောက်သွားပြီး အဲဒီကောင်မလေးကို မောင်းထုတ်လိုက်တယ်ဆို! ဟုတ်သလား?”
လုရွှင်က မျက်ခုံးပင့်လိုက်ပြီး ခနဲ့တဲ့တဲ့ပြုံးလိုက်သည်။
“အမေ့ကို ဘယ်သူပြောတာလဲ”
“အမှန်ပဲလားဆိုတာပဲ ပြောပါ”
လုရွှင်၏အမေက ဒေါသတကြီးဖြင့် မေးလိုက်သည်။
“ဟုတ်တယ်လေ၊ ဘာဖြစ်လဲ။ သူက ကျောင်းမပြီးခင် ချစ်သူထားဖို့ အစီအစဉ်မရှိသေးဘူးလို့ ပြောတယ်”
လုရွှင်က ပြန်ဖြေလိုက်သည်။
ထိုအဖြေက ကိုယ့်ကိုယ်ကိုယ်အမှန်ဟုထင်နေသည့်အတွက် မေမေလုမှာ မည်သို့မျှပြန်မပြောနိုင်ဘဲ ခဏရပ်ပြီးမှ ဆက်ပြောသည်။
“အဲဒီလိုလုပ်တာက ရိုင်းတယ်လို့ မထင်ဘူးလား”
“ကျွန်တော်က လူယဉ်ကျေးတစ်ယောက်မှ မဟုတ်တာ။ အမေလည်း ကျွန်တော့်ကိုသိတာ ပထမဆုံးနေ့မှ မဟုတ်တာ။ ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် သိနေတာ နှစ် ၂၀ ရှိပြီမလား”
လုရွှင် ပြုံးလိုက်ပြီးမှ ပြုံးခြင်းကိုရပ်ကာ ပြောလိုက်သည်။
“ဒီကိစ္စအတွက် စိတ်မပူပါနဲ့တော့။ ဘယ်လိုပဲဖြစ်ဖြစ် သူ တခြားကောင်မလေးတွေနဲ့ ချိန်းတွေ့တာကိုတော့ ကျွန်တော် ဘေးကနေရပ်ကြည့်နေမှာမဟုတ်ဘူး”
မေမေလုက နောက်တစ်ကြိမ်ကြာကြာ တိတ်ဆိတ်နေသည်။
“မင်းက ရှောင်ယဲ့ကို ကြိုက်ပြီး ချစ်သူထားချင်တာလား။ အမေ့ကို အမှန်အတိုင်းပြောပါ၊ အမေ အပြစ်မတင်ပါဘူး”
လုရွှင် မျက်မှောင်ကြုတ်သွားသည်။
“အမေဖြစ်နေရင်တောင် ကျွန်တော်တို့ရဲ့ဆက်ဆံရေးကို ဒီလိုမျိုးမစော်ကားသင့်ဘူး”
သူနှင့် ယဲ့ယောင်းတို့၏ခံစားချက်က ဤမျှလောက်ပေါ့တိပေါ့ပျက်နိုင်သည်လော။
မေမေလု - “…”
သူမ ဘယ်လိုလူထူးလူဆန်းကိုများ မွေးလိုက်မိသနည်း။
“လုရွှင်၊ သူတော်စင်တွေတောင် စိတ်တိုတတ်ကြတယ်”
မေမေလုက သက်ပြင်းချရင်း ပြောလိုက်သည်။
“သူငယ်ချင်းဖြစ်တာလည်း နယ်နိမိတ်ရှိရမယ်။ မင်းက အရမ်းထိန်းချုပ်လွန်းရင် ရှောင်ယဲ့က တစ်နေ့ကျ မင်းနဲ့မပေါင်းတော့ဘူးဆိုတာ ဖြစ်လာနိုင်တယ်”
လုရွှင် ဘာမှမပြောတော့ချေ။
“ဒီအကြံပေးတာကို မင်းနားထောင်ချင်မှာ မဟုတ်ဘူးဆိုတာ ငါသိပါတယ်။ ဒါပေမယ့် မင်းစဉ်းစားစေချင်တာက မင်းတို့သူငယ်ချင်းတွေ မဖြစ်နိုင်တဲ့အဆင့်ရောက်ပြီး ရန်သူတွေဖြစ်သွားတာမျိုးကို မရောက်စေချင်ဘူး” လုရွှင်၏အမေက ပြောလိုက်သည်။
လုရွှင် ခေါင်းမော့လိုက်ပြီး သူ့ခေါင်းအထက်မှ လိမ္မော်ရောင်လမ်းမီးတိုင်ကို ကြည့်လိုက်သည်။ အဝါရောင်မီးက သူ့မျက်နှာပေါ် ထိုးနေသော်လည်း နွေးထွေးခြင်းမရှိပေ။
ယဲ့ယောင်းက သူ့ထံမှ ဝေးချင်နေခြင်းနှင့် ငြင်းဆန်နေခြင်းမှာ သူက အရမ်းထိန်းချုပ်လွန်းပြီး အနိုင်ယူလွန်းသည့်အတွက် ယဲ့ယောင်းကို မပျော်မရွှင်ဖြစ်စေသည်လော။
လုရွှင် မျက်နှာအမူအရာမရှိဘဲ သူ့နှုတ်ခမ်းများကို တွန့်ကွေးလိုက်သည်။
“အမေမှန်ပါတယ်။ ကျွန်တော်...”
“သူ ကျွန်တော့်ကို မုန်းတာမျိုးတော့ မဖြစ်စေရဘူး”
လုရွှင် အဆောင်သို့ ပြန်မသွားတော့ပေ။ သူ အရမ်းပျင်းနေပြီး စိတ်မကောင်းဖြစ်နေသည့်အချိန်တွင် ယဲ့ယောင်းနှင့် မျက်နှာချင်းမဆိုင်လိုသည့်အတွက် ကျောင်းအပြင်သို့ လမ်းလျှောက်ထွက်လာခဲ့သည်။ ယဲ့ယောင်းဆီသို့ မပြန်သေးဘူးဆိုသည့် မက်ဆေ့ခ်ျပို့လိုက်ပြီးနောက် လုရွှင် ကျောင်းအပြင်ဘက်၌ ရည်ရွယ်ချက်မရှိဘဲ လမ်းလျှောက်နေခဲ့သည်။
သူတို့၏တက္ကသိုလ်က မြို့လယ်၌ မဟုတ်ပေ။ ကျောင်းဂိတ်မှ ထွက်ပြီးသည့်နောက် လူအရမ်းနည်းသောကြောင့် တိတ်ဆိတ်နေသည်။ လုရွှင်က ခေါင်းကိုငုံ့ပြီး လေအေးများကို ဆန့်ကျင်ကာ လမ်းလျှောက်နေသည်။ စိတ်မကောင်းဖြစ်နေသည့်အတွက် တစ်ယောက်တည်း လေလွင့်၍ လျှောက်သွားနေခြင်းဖြစ်သည်။
သူ မည်မျှကြာကြာလမ်းလျှောက်နေသည်ကို မသိလိုက်ဘဲ ရုတ်တရက်ရပ်လိုက်ပြီး နောက်လှည့်ကြည့်လိုက်သည်။
သူ့နောက်သို့ လူအနည်းငယ်လိုက်နေသည်။ ထိုလူများမှာ ရိုင်းစိုင်းသည့်လူဆိုးများကဲ့သို့ ညဘက်တွင် နေကာမျက်မှန်တပ်ထားပြီး ဝတ်စားဆင်ယင်ပုံမှာလည်း ထူးဆန်းနေသည်။ အေးသောရာသီဥတုတွင် သူတို့က လက်ရှည်များကို လိပ်တင်ထားပြီး အတွင်းထဲမှ တက်တူးထိုးထားသည့်လက်မောင်းများကို ပေါ်နေစေသည်။
“ဟား၊ နောက်ဆုံးတော့ ငါတို့အုပ်စုကို သတိထားမိသွားပြီပေါ့”
“မင်း ဒီလိုမျိုးကြီးပြင်းလာတာဆိုတော့ ပိုက်ဆံနည်းမှာမဟုတ်ဘူးမလား။ ငါတို့သုံးဖို့ ပိုက်ဆံ နည်းနည်းလောက် ချေးပါဦး”
“ပိုက်ဆံမရှိဘူးလို့ လိမ်မနေနဲ့။ မင်းဖိနပ်တွေကလည်း ဈေးပေါတာမဟုတ်ဘူး။ လိမ္မာတယ်ဆိုရင် ပိုက်ဆံအကုန်လုံးကို ထုတ်ပေး”
လုရွှင် နည်းနည်းပြုံးချင်သွားသည်။ သူ စိတ်မကောင်းဖြစ်နေစဥ် လူသားထိုးကြိတ်စရာအိတ်လေးများ သူ့ဆီ ရောက်လာသောကြောင့်ဖြစ်သည်။ ဤသည်က သူ၏ဒေါသများကို ထုတ်ဖော်ရန်အတွက် အလွန်ကောင်းမွန်သည့်ပစ်မှတ်ပင်။
“ဘယ်ခေတ်ဘယ်အခါက ရှိနေပြီလဲ။ ဘယ်သူက လက်ထဲမှာ ငွေသားဆောင်ထားသေးလဲ”
လုရွှင်က အပျင်းပြေစွာဖြင့် ပြန်ပြောလိုက်သည်။
“ငွေသားမရှိရင်လည်း ငါတို့ဖုန်းက code ကို scan ဖတ်လိုက်။ မင်းကတ်ထဲက ပိုက်ဆံအကုန်လုံးကို ငါတို့ဆီ လွှဲပေး”
လူဆိုးတစ်ယောက်က ပြောလိုက်သည်။
လုရွှင် ပြုံးလိုက်ပြီး သူ့ဖုန်းကို ထုတ်လိုက်သည်။
“ဒါဆိုရင် မင်းတို့ဖုန်းကို ထုတ်လိုက်။ ငါ scan ဖတ်ပေးမယ်”
“ဟုတ်ပြီလေ။ ငါတို့ အေးအေးဆေးဆေးစကားပြောလို့ရရင် မင်းကို မထိုးဘူး”
ခေါင်းဆောင်လူမိုက်က ပြော၍ သူ့ဖုန်းနှင့်အတူ လုရွှင်ထံသို့ လျှောက်လာသည်။
“မင်းက ဒီ code ကို scan ဖတ်လိုက်— အွတ်”
ခေါင်းဆောင်လူမိုက်ကို လုရွှင်က သူ၏ဒူးဖြင့် ဝမ်းဗိုက်ကို ထိုးလိုက်သည့်အတွက် နာကျင်စွာ အော်ဟစ်လိုက်သည်။ နောက်တစ်စက္ကန့်မှာပင် သူ ပခုံးချင်းဆိုင်ပြီး မြေပြင်ပေါ် ပစ်လဲကျသွားသည်။
အခြေအနေမကောင်းသည်ကို မြင်သော ကျန်လူနှစ်ယောက်က တိုက်ချင်သော်ငြား ပြေးလည်းပြေးချင်နေသည်။ သို့သော် သူတို့က ပြန်လည်မတိုက်နိုင်သကဲ့သို့ ပြေးချိန်ပင် မရချေ။ နောက်ဆုံး၌ သူတို့အားလုံး ရှုပ်ထွေးမှုနှင့်အတူ မြေပြင်ပေါ်သို့လဲကျပြီး ညည်းတွားနေကြသည်။
လုရွှင်က သူတို့ထဲမှ တစ်ယောက်၏ကျောပေါ်ကို နင်းလိုက်စဥ် သူ့စိတ်များ ပို၍သက်သာလာသည်။ မြေပြင်ပေါ်လဲကျနေသည့်သူများကို ကြည့်ပြီး ရုတ်တရက်စိတ်ကူးတစ်ခုရလာသည်။
သူက ယဲ့ယောင်း၏ဘဝကို အရမ်းထိန်းချုပ်၍မရပေ။ ထိုသို့လုပ်လျှင် ယဲ့ယောင်းက သူ့ကိုစိတ်ပျက်သွားလိမ့်မည်။ အကယ်၍ သူက ယဲ့ယောင်းကို အခြားသူများနှင့် တစ်ယောက်တည်း ချိန်းတွေ့ခြင်းမျိုး မလုပ်စေဘဲ သူ့နောက်ကို လိုက်လာစေရန် နည်းလမ်းတစ်ခုရှာရမည်။
ဥပမာအားဖြင့် သူ ဒဏ်ရာရနေပြီး တစ်ယောက်တည်း လမ်းမလျှောက်နိုင်သည့်အတွက် တစ်ယောက်ယောက်က သူ့ကိုဂရုစိုက်ပေးရန် လိုအပ်နေခြင်းကဲ့သို့သော အကြောင်းပြချက်မျိုးရှာရမည်။
စိတ်လှုပ်ရှားမှုတစ်ခု ရုတ်တရက် ပေါ်လာပြီး လုရွှင်၏လက်ချောင်းများ တုန်ယင်နေသည်။ သူ၏အဝတ်အစားများကို ဖရိုဖရဲဖြစ်အောင်လုပ်လိုက်သည်။ ရှုပ်ထွေးမှုပုံစံကို ဓာတ်ပုံရိုက်ရန်အတွက် သင့်လျော်သည့်နေရာတစ်ခုကို ရှာလိုက်ပြီး ဓာတ်ပုံရိုက်ကာ ယဲ့ယောင်းဆီသို့ ပို့လိုက်သည်။
ချက်ချင်းဆိုသကဲ့သို့ပင် ယဲ့ယောင်းက သူ့ကို ပြန်ခေါ်လိုက်သည်။
“အင်း၊ ငါ ဓားပြတိုက်ခံရတယ် သူတို့က ငါ့ကို သူဌေးလိုမျိုး ရုပ်ရည်ရှိတယ်ဆိုပြီး ပိုက်ဆံလုချင်ကြတယ်”
လုရွှင် အားမရှိသော အသံဖြင့် အသက်ကို ပင်ပန်းစွာရှူရင်း ပြောလိုက်သည်။
“ငါ အကြာကြီး လေ့ကျင့်ခန်းမလုပ်ဖြစ်တာကြာပြီဆိုတော့ ညဘက် လမ်းလျှောက်ရင်ကောင်းမယ်လို့ တွေးလိုက်တာ။ ဒါပေမယ့် ငါမမျှော်လင့်ခဲ့မိဘူး...”
ဖုန်းထဲမှ ယဲ့ယောင်း၏စိုးရိမ်ပူပန်မှုနှင့် စိတ်ပူပန်မှုများက ပျစ်ချွဲနေသည့်ပျားရည်အိုးတစ်အိုးကဲ့သို့ လုရွှင်၏နှလုံးသားထဲ စီးဝင်လာသည်။ မြေပြင်ပေါ် လဲနေသည့် အရူးများသည်လည်း ကြည့်ကောင်းသောလူများဖြစ်သည်ဟူ၍ပင် ခံစားရစေခဲ့သည်။
ယဲ့ယောင်းက သူ့အတွက် စိတ်ပူနေခြင်းထက် ကောင်းသောအရာရှိမည်လော။
လုရွှင် တီးတိုးပြောလိုက်သည်။
“သူတို့က အရမ်းများတယ်။ ငါနိုင်ပေမဲ့ နည်းနည်းဒဏ်ရာရသွားတယ်။ ငါ့ခြေထောက်ကနာနေတယ်၊ ငါ့ကိုလာခေါ်ပေးနိုင်မလား”
ယဲ့ယောင်းထံမှ မဆိုင်းမတွပြန်ဖြေခြင်းကိုကြား၍ လုရွှင်၏မျက်လုံးများသည် ကျေနပ်မှုများဖြင့် ပြည့်နှက်သွားသည်။
“ကောင်းပြီ၊ ငါ မင်းရှိတဲ့နေရာကို လာခဲ့မယ်”
ဖုန်းပြောပြီးနောက် လုရွှင်က မြေပြင်ပေါ်တွင် အံ့သြစွာဖြင့် လဲလျောင်းနေသောလူများကို ကြည့်လိုက်သည်။ သူ့မျက်နှာက ချက်ချင်းပြောင်းလဲသွားပြီး အေးစက်စက်ဖြင့် ပြောလိုက်သည်။ “မင်းတို့ ဘာကြည့်နေတာလဲ။ ထွက်သွားကြ၊ ဒါမှမဟုတ် ငါ မင်းတို့ကို ထပ်ရိုက်တာကို စောင့်နေကြတာလား”
“သွားပါ့မယ်၊ သွားပါ့မယ်၊ အခုပဲ သွားပါ့မယ်”
မျက်စိနောက်စရာလူများ ပျောက်ကွယ်သွားပြီးနောက် လုရွှင်က သစ်ပင်တစ်ပင်ဆီ ဖြည်းဖြည်းချင်း လျှောက်သွားခဲ့သည်။ ယဲ့ယောင်းမရောက်လာမီ သူ့ကို ဂရုစိုက်ပေးရန်အတွက် ခန္ဓာကိုယ်ပေါ်မှ နေရာအချို့ကို ဒဏ်ရာရအောင် လုပ်ထားရမည်။ အရမ်းများလွန်း၍ မရချေ။ ယဲ့ယောင်းက သူ့ကို အများကြီးဂရုစိုက်ရလျှင် ပင်ပန်းသွားလိမ့်မည်။
အတိုင်းအဆကိုတော့ သေချာနားလည်ထားရမည်။
ထို့နောက် သူက ထုတ်ပြောနိုင်မည့် ဝမ်းနည်းစရာတစ်ခုကိုဖန်တီး၍ နေ့စဉ်နေ့တိုင်း ယဲ့ယောင်းကို ကပ်နေကာ သူတို့၏ဆက်ဆံရေးကို ဆက်လက်တိုးတက်အောင်လုပ်နိုင်မည်ဖြစ်သည်။