Don’t Hide From Me
အခန်း ၁ - အဖြောင့်
ညဈေးထဲ အစားအသောက်ရနံ့များ သင်းပျံ့နေပြီး ယဲ့ယောင်းက လက်ထဲမှ ရေဘဝဲလုံးကို မှုတ်ကာ ကိုက်လိုက်၏။
"ဖြည်းဖြည်းစားပါကွာ၊ မင်းကိုယ်မင်း အပူမလောင်စေနဲ့"
သူ့ပခုံးတစ်ဝိုက်၌ လက်တစ်ဖက်ရှိနေပြီး နောက်ထပ်အကင်တံတစ်ခုက ယဲ့ယောင်း၏ ပါးစပ်နား ရောက်လာသည်။
"ငါ့ဟာကို စမ်းစားကြည့်လိုက်"
အကင်တံကိုင်ထားသော အမျိုးသားက အရပ်ရှည်ပြီး လူအုပ်ထဲသို့ ပစ်ချခံရသည့်တိုင် တစ်ချက်ကြည့်လိုက်သည်နှင့် တွေ့နိုင်သော စင်းလုံးချောခံ့ညားသည့် ရုပ်သွင်ရှိနေသည်။
ဤထူးခြားသော အသွင်အပြင်က ပတ်ဝန်းကျင်မှလူများအား သူ့ကို တမင်တကာ သို့မဟုတ် မရည်ရွယ်ဘဲ အာရုံစိုက်စေခဲ့သော်လည်း ထိုသူကမူ ပတ်ဝန်းကျင်ရှိ လူများကို တစ်ချက်မျှ မကြည့်ခဲ့ချေ။ သူ့လက်မောင်းကြားရှိ ယဲ့ယောင်းကိုသာ အာရုံရှိနေပြီး ယဲ့ယောင်း၏ မျက်နှာရှေ့တွင် သူကိုင်ထားသော အစားအစာကို မစားမချင်း မဆုတ်မနစ်ကြည့်နေသည်။
ယဲ့ယောင်းက ပါးစပ်ဖွင့်ပြီး တစ်ကိုက်,ကိုက်လိုက်သည်။
"အင်း ကောင်းသားပဲ"
"ဒါပေါ့"
လုရွှင်က အကင်တံကို ပြန်ယူကာ ယဲ့ယောင်းကိုက်ထားသည့်နေရာကို တစ်ချက်မျှမလွဲဘဲ ကိုက်လိုက်သည်။
လုရွှင်၏ လက်ထဲရှိ ရေဘဝဲလုံးအကင်တံ သူ့နှုတ်ခမ်းနားမှ နောက်ဆုတ်သွားချိန် ယဲ့ယောင်းက မျက်လွှာချလိုက်ပြီး ပြန်ကြည့်လိုက်ရာ သူကိုက်ထားသော အပေါ်ထိပ်ပိုင်းမှာ ကုန်သွားပြီ။
အကင်တံကိုင်ထားသူက ပျော်ရွှင်စွာ သီချင်းညည်းလိုက်ပြီး သူ့လက်ကို ယဲ့ယောင်း၏ ခန္ဓာကိုယ်ပေါ်ကပ်ထားသကဲ့သို့ တင်းတင်းကျပ်ကျပ်ပွေ့ဖက်ကာ လမ်းများထဲ ဆက်လက် လည်ပတ်ခဲ့သည်။
----------
လုရွှင်အား အပြင်လူများနှင့် ဆက်ဆံရာတွင် ခင်မင်ရင်းနှီးရန် လွန်စွာခက်ခဲသူဟု သိကြ၏။ ယဲ့ယောင်းအတွက်မူ ဤအကွာအဝေးက ဘာမှမဟုတ်သလို။
သူတို့ ခေါက်ဆွဲတစ်ပန်းကန်တည်းအတူစားကြပြီး တစ်ဦး၏အင်္ကျီကို တစ်ဦးဝတ်ကြသလို အိပ်ရာတစ်ခုတည်းတွင် အတူအိပ်ကြသည်။ သူက လုရွှင်နှင့် ဘာမဆိုစိတ်ကြိုက်လုပ်နိုင်သည်။
အဘယ်ကြောင့်ဆိုသော သူတို့က အခင်ဆုံးသူငယ်ချင်းများဖြစ်၍ပင်။
လုရွှင်၏ အကြီးမားဆုံးတားမြစ်နယ်ပယ်ထဲသို့ မဝင်သရွေ့ လုရွှင်က သူနှင့် ဘယ်သောအခါမှ ဝေးဝေးနေမည်မဟုတ်ကြောင်း ယဲ့ယောင်းစိတ်ထဲတွင် သိနေသည်။
ပြီးတော့ အားလုံးထဲမှာ အကြီးမားဆုံးသော တားမြစ်နယ်ပယ်ကတော့ …
"တိုက်ဆိုင်လိုက်တာ၊ မင်းတို့လည်း ဒီမှာ လာစားကြတာလား"
သူတို့နောက်မှ အသံတစ်ခုထွက်လာသဖြင့် ယဲ့ယောင်းက ရပ်၍ နောက်လှည့်ကြည့်လိုက်ရာ ချောမောသန့်စင်ပြီး လူငယ်ဆန်ဆန်မျက်နှာလေးကို တွေ့လိုက်ရသည်။
ယဲ့ယောင်းက ဤရင်းနှီးကျွမ်းဝင်သလို မျက်နှာကို ဘယ်နေရာတွင် တွေ့ခဲ့လဲဟု တွေးလိုက်ရာ ထိုကောင်လေးက လုရွှင်၏ တက္ကသိုလ်မှ အတန်းဖော်ဖြစ်ကြောင်း သတိရသွားပြီး လုရွှင်၏ သူငယ်ချင်းကောင်းဟုပင် ယူဆနိုင်သည်။
သန့်စင်သောမျက်နှာနှင့် ကောင်လေးက 'တိုက်ဆိုင်လိုက်တာ' ဟု ပြောခဲ့သော်လည်း သူ့မျက်နှာ၌ အတုအယောင်အံ့သြမှုများနှင့် ပြည့်နှက်နေသည်။ ကြည့်ရသည်မှာ ဤနည်းပါးလှသော အခွင့်အရေးနှင့် ထိတွေ့နိုင်ရန် အချိန်အကြာကြီးရည်ရွယ်ချက်ရှိရှိ စောင့်ဆိုင်းနေသည့်ပုံပင်။
"ဘာကိစ္စရှိလို့လဲ"
လုရွှင်က မေးလိုက်သည်။
ကောင်လေးက ချက်ချင်း စကားမပြောလာချေ။ သူ့မျက်လုံးများက ယဲ့ယောင်း၏ ပခုံးကို တင်းကျပ်စွာ ဖက်ထားသော လုရွှင်၏ လက်ပေါ် ရောက်သွားပြီးနောက် မျက်လုံးထဲ ရန်လိုမှုများ တဖျပ်ဖျပ်လက်သွားကာ ယဲ့ယောင်းဆီ ကြည့်လိုက်သည်။
သို့သော် ထိုရန်လိုမှုက ချက်ချင်းပျောက်သွားကာ သူက ယဲ့ယောင်းကို ရှက်ကိုးရှက်ကန်း ပြုံးပြလိုက်သည်။
"ခင်ဗျား ကျွန်တော်တို့ကို ခဏလောက် ခွင့်ပြုပေးနိုင်မလား၊ ကျွန်တော် လုကောကို တစ်ယောက်ချင်း သီးသန့်ပြောချင်တာလေးရှိလို့ပါ"
ယဲ့ယောင်းက ခေါင်းညိတ်ပြပြီး ပခုံးပေါ်မှ လုရွှင်လက်ကို ဖယ်ကာ မနီးမဝေးရှိ ကုန်တိုက်ငယ်ဆီ လက်ဟန်ပြ၍ လုရွှင်အား ပြောလိုက်သည်။
"ငါ ဟိုနားလေးမှာ သွားစောင့်…."
ယဲ့ယောင်း၏ စကားမဆုံးခင် ကုန်တိုက်ငယ်ဆီ ညွှန်ပြနေသော လက်မှာ ဆုပ်ကိုင်ခြင်း ခံလိုက်ရသည်။
လုရွှင်က ယဲ့ယောင်း၏ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး ယဲ့ယောင်းနှင့် မျက်နှာချင်းဆိုင်စဉ်ကလို သူ့မျက်နှာပေါ်ရှိ ရွှင်ပျသောအမူအရာမှာ ပျောက်ကွယ်သွားပြီ။ ထိုလူရည်သန့်လေးကို ကြည့်လိုက်ချိန် သူ့မျက်နှာက အမူအရာမဲ့နေပြီး မျက်ခုံးနက်နက်များမှ စည်းခြားသလို လျစ်လျူရှုပုံပေါ်နေသည်။
"မင်းမှာ ပြောစရာရှိရင် အခုပဲပြောလိုက်၊ မဟုတ်ရင် ငါ အရင်သွားတော့မယ်"
လုရွှင်က တဲ့တိုးပြောလိုက်သည်။
ယဲ့ယောင်းက ဤတစ်ကြိမ်တွင် ကောင်လေး၏ ရည်ရွယ်ချက်ကို သံသယဖြစ်သွားပြီး လုရွှင်၏ ဆုပ်ကိုင်မှုမှ လက်ကို ဆွဲထုတ်လိုက်ရာ ပိုမိုတင်းကျပ်စွာ ဆုပ်ကိုင်ခံလိုက်ရသည်။
နှစ်ဦးသားကို ခွဲထုတ်မရတော့ကြောင်း ကြည့်ကာ လူရည်သန့်လေးက အံကြိတ်ကာ ပါးစပ်ဖွင့်လိုက်သည်။
သူက လုရွှင်ထက် ခေါင်းတစ်လုံးစာ ပိုပုပြီး လုရွှင်ကို မျက်လုံးပင့်ကာ အပြစ်ကင်းစင်ပြီး သနားစရာကောင်းသော အကြည့်လေးဖြင့် မော့ကြည့်ခဲ့သည်။
"လုကော......ကျွန်တော် ကောကို ကြိုက်နေတာကြာပြီ၊ ကော ကျွန်တော့်ကို အခွင့်အရေးပေးလို့ ရမလား"
လူချောလေးက လုရွှင်၏ မျက်ခုံးနက်နက်များကို ကြည့်ကာ နှလုံးသားအောက်ခြေမှ ထိတ်လန့်သွားသည်။ လုရွှင်တစ်ယောက်တည်းရှိစဉ် ဝန်ခံချင်သော်လည်း လုရွှင်က အတန်းချိန်မှတစ်ပါး မည်သည့်အချိန်မဆို ယဲ့ယောင်းနှင့်အတူရှိတတ်ပြီး မဟုတ်လျှင် ယဲ့ယောင်းကို သွားရှာနေတတ်သည်။
လုရွှင်က သူ့စကားကို နားမထောင်သည့်အပြင် အခြားလူများနှင့် စကားပြောပင်မရပ်ဘဲ ယဲ့ယောင်းဆီသာ သွားရှာတတ်သည်။
လုရွှင်က ခံစားချက်မဲ့စွာ ပြန်ဖြေလိုက်သည်။
"ငါ့ပတ်ဝန်းကျင်မှာရှိတဲ့ လူတိုင်းက ငါ ယောက်ကျားတွေကို မကြိုက်မှန်း သိတယ်”
"အင်း…"
လူရည်သန့်ကောင်လေးက နှုတ်ခမ်းကို ကိုက်လိုက်ပြီး ယဲ့ယောင်းကို စိုက်ကြည့်လာသည်။
လုရွှင်က လိင်တူမကြိုက်သူဖြစ်ပြီး လိင်တူဆက်ဆံတာကို အင်မတန်ရွံရှာပေမဲ့ ယဲ့ယောင်းကိုတော့ နေ့တိုင်းလိုလို အနီးကပ်ဖက်တွယ်ထားကာ သူ့ဘဝရဲ့ အချစ်လိုမျိုး သဘောထားပြီး စောင့်ရှောက်နေတာမလား။
လုရွှင်နှင့် ယဲ့ယောင်းတို့ကြား ဆက်ဆံရေးကြောင့် လုရွှင်၏ လိင်ပိုင်းဆိုင်ရာခံယူချက်အပေါ် သံသယအချို့ရှိခဲ့သည်။ အကယ်၍ သူက ယခုအတောအတွင်း ဝန်ခံခြင်းမပြုပါက ထိုလူနှစ်ဦးက အတွဲများဖြစ်သွားပေမည်။
ကောင်လေးက ထပ်ပြောပြန်သည်။
"ကျွန်တော် ကောတို့ရဲ့ ဆက်ဆံရေးကို အနှောင့်အယှက်မပေးပါဘူး၊ လုကော၊ ကျွန်တော့်ကို တစ်ပတ်လောက်ပဲ အခွင့်အရေးပေးပါလားဟင်"
လုရွှင်က စကားပြောရန် စိတ်မ၀င်စားသလို ခေါင်းငုံ့ကာ ဖုန်းကို ဆွဲထုတ်လိုက်ပြီး မျက်လုံးများက လျစ်လျူရှုထားပုံပင်။
ကောင်လေးက တစ်ခုခုမှားနေပြီဆိုသည်ကို သတိပြုမိလိုက်ပြီး ချက်ချင်းနောက်ပြန်ဆုတ်ကာ အပြုံးလေးနှင့် ပြောလိုက်သည်။
"ကော မလုပ်ချင်ရင် ကျွန်တော် အတင်းအကြပ်မလုပ်ပါဘူး၊ အရင်အတိုင်းပဲ ကောရဲ့ သူငယ်ချင်းအဖြစ်ပဲ နေပါရစေ"
ယဲ့ယောင်းက လုရွှင်ဘေးတွင် ရပ်နေပြီး လုရွှင်လုပ်နေသမျှကို ဘေးဘက်အနေအထားမှ အလွယ်တကူ မြင်နိုင်သည်။
လုရွှင်က သူ့ရှေ့ရှိလူ၏ အဆက်အသွယ် အသေးစိတ်အချက်အလက်များကို မပြောမဆိုနှင့် ဖယ်ထုတ်လိုက်ပြီးနောက် လူရည်သန့်လေးကို ကြည့်ကာ ခပ်ပါးပါးနှုတ်ခမ်းထောင့်စွန်းများက ရွံရှာဖွယ်ရာတစ်ခုအား တွေ့လိုက်ရသလို ကွေးတက်သွားသည်။
"ငါ့ကို ကြိုက်နေတဲ့ မျိုးတူယောက်ျားတွေနဲ့ သူငယ်ချင်းမလုပ်ဘူး"
…….
နွေရာသီသာ ရှိသေးသော်လည်း ယဲ့ယောင်း၏လက်များက အေးစက်လာသည်။
ကျောင်းဝင်းထဲသို့ ပြန်လာစဉ်အထိ ယဲ့ယောင်း၏ လက်ကို ဆုပ်ကိုင်ခံထားရဆဲ။
"ဘာဖြစ်နေတာလဲ၊ မင်းလက်တွေ ဘာလို့ အရမ်းအေးနေတာလဲ"
လုရွှင်က မေးလိုက်သည်။
"နေမကောင်းဘူးလား?"
"မဟုတ်ဘူး၊ အအေးသောက်လိုက်တော့ ငါ့ခန္ဓာကိုယ်အပူချိန်က မညီမျှတော့လို့ဖြစ်မယ်"
ယဲ့ယောင်းက သူ့လက်ကို ဆွဲထုတ်ရင်း အသံကို တည်ငြိမ်စွာ ညှိ၍ ပြောလိုက်သည်။
"မကိုင်နဲ့တော့"
အများကြီးရုန်းကန်ခဲ့ရ၏။ သူရုန်းကန်လေလေ သူ့လက်ကို ဆုပ်ကိုင်ထားမှုက ပိုတင်းကျပ်လာလေလေပင်။
"မင်းလက်ကို ငါကိုင်ထားတာ ဘာဖြစ်လို့လဲ၊ ငါ ကိုင်လို့မရဘူးလား”
လုရွှင်က ပြုံးလိုက်သော်လည်း ဆုပ်ကိုင်ထားသည့် ခွန်အားက လုံးဝမလျော့သွားပေ။
ယဲ့ယောင်းက အကြာကြီး နှုတ်ဆိတ်နေပြီးမှ ညင်သာစွာ သက်ပြင်းချလိုက်သည်။
"မင်း ငါ့ကို ဒီလိုပုံစံနဲ့ ကိုင်ထားမယ်ဆိုရင် အမှန်တရားကို မသိတဲ့လူတွေက မင်း ယောက်ျားလေးတွေကို ကြိုက်တယ်လို့ နားလည်မှုလွဲသွားလိမ့်မယ်။ မင်း ရှင်းဖို့ ကြိုးစားရင်တောင် မင်းရဲ့ လိင်စိတ်တိမ်းညွှတ်မှုကို ဖုံးကွယ်နေတယ်လို့ပဲ ထင်မှာလေကွာ၊ ဒါကြောင့် ယောက်ျားလေးတွေက မင်းကို အမြဲတမ်းဝန်ခံနေတာပဲ"
စကားအဆုံးတွင် ယဲ့ယောင်းက ရင်းနှီးနေသော ပွေ့ဖက်မှုထဲ ရောက်သွား၏။
အရပ်ရှည်ရှည်လူငယ်လေးက သူ့အား အနောက်မှ ပွေ့ဖက်၍ နားရွက်အရေပြားပေါ်သို့ ထွက်သက်ဝင်သက်ပြင်းပြင်းရှူထုတ်လိုက်ရာ အရေပြားအစိတ်အပိုင်းလေးကို ပူလောင်သွားစေသည်။
ယဲ့ယောင်းက လုရွှင်၏ ရယ်မောသံကို ကြားလိုက်ရသည်။
"ငါက တခြားသူတွေ တွေးနေတာကို ဘာလို့ ဂရုစိုက်ရမှာတုန်း၊ သူများတွေ ပေါက်ကရ တွေးတာကြောင့်နဲ့ ငါက မင်းကို ပွေ့ဖက်လို့မရတော့ဘူးလား?"
….
အိပ်ဆောင်ကို ပြန်ရောက်ချိန်အထိ လုရွှင်က ယဲ့ယောင်း၏လက်ကို ဆုပ်ကိုင်ထားဆဲ။
အိပ်ဆောင်ရှိ အခြားအခန်းဖော်နှစ်ယောက်က သူတို့အား တစ်ချက်ကြည့်လိုက်ပြီး ဝါးလုံးကွဲ ရယ်မောလိုက်ကြသည်။
"အို လုကောရေ၊ မင်းနဲ့ ယဲ့ယောင်း ဟန်းနီးမွန်းထပ်သွားခဲ့တာလား"
"အခြားစုံတွဲတွေက ကြင်စဦးတွေထက် ပိုကောင်းတယ်။ မင်းတို့နှစ်ယောက်က ကောင်းလိုက်တာကွာ၊ နေ့တိုင်းကြင်စဦးလေးလိုပဲ၊ ဟန်းနီးမွန်းဆိုတာ မလိုပါဘူး"
လိင်တူမုန်းသူကြီးဖြစ်သော လုရွှင်က သူနှင့် ယဲ့ယောင်းအား တွဲ၍ စနောက်နေသည်ကို ကြားသော်လည်း ဒေါသမထွက်ဘဲ ပြုံးကာ ဝယ်လာသော မုန့်များကို စားပွဲပေါ်တင်လိုက်သည်။
"ငါတို့အချစ်ကို မနာလိုနေတယ်ပေါ့? ဒီမှာ မင်းတို့အတွက် မင်္ဂလာသကြားလုံး၊ စားလိုက်ပါဦး"
အခန်းထဲတွင် အော်ဟစ်အားပေးသံများ ထွက်ပေါ်လာပြီး အခန်းဖော်နှစ်ယောက်က ဘာမှထပ်မပြောတော့ဘဲ စားသောက်လိုက်ကြ၏။ အစိတ်အနည်းငယ်ကိုက်ပြီးနောက် ရှောင်းဖန်က လုရွှင်နှင့် ယဲ့ယောင်းဘက်သို့ လှည့်ကာ သွားပေါ်အောင် ပြုံး၍ လက်မထောင်ပြလိုက်သည်။
"လုကောနဲ့ ယဲ့ကျစ်၊ လိုက်ဖက်တဲ့ အိမ်ထောင်ရှင်ဘဝလေးပိုင်ဆိုင်ရပါစေ "
သူ့ဘေးမှ အစားအစာထဲ ခေါင်းမြှုပ်နေသော ဝိန်းခယ်က လှည့်လာကာ လက်မထောင်ပြလိုက်ပြန်သည်။
"အမြန်ဆုံးကလေးလေးမွေးပါစေ!"
ယဲ့ယောင်း: “....”
မကြာခင်မှာ ထုရိုက်ချင်စိတ်တွေ ပျောက်လာတော့မှာ...
လုရွှင်က မျက်မှောင်ကြုတ်ကာ ယဲ့ယောင်း၏ ခါးကို လက်နှစ်ဖက်ဖြင့် ပွေ့ဖက်လိုက်သည်။
"သူတို့ရဲ့ အဓိပ္ပါယ်မရှိတဲ့စကားတွေကို နားမထောင်နဲ့"
ယဲ့ယောင်းက ကြောင်အသွားပြီး တစ်ခုခုပြောတော့မည်ပြုစဉ် လုရွှင်က ရုတ်တရက် ထရယ်လိုက်ကာ သူ့ကိုယ်ပိုင်ဟာသကို သဘောကျသွားသည့်ပုံပင်။
လုရွှင်က ယဲ့ယောင်း၏ဗိုက်ကို ထိကာ ပြုံးလိုက်သည်။
"ငါတို့အရမ်းချစ်နေတုန်းပဲလေ၊ ကလေးယူဖို့ အစီအစဉ်မရှိသေးဘူး"
"......"
ယဲ့ယောင်းက သည်းမခံနိုင်တော့ဘဲ လုရွှင်၏ လက်ကို ရိုက်ကာ တွန်းထုတ်လိုက်သည်။
"ဖယ်စမ်း!"
ရေချိုးပြီးနောက် ခြောက်အောင်မသုတ်ဘဲ ယဲ့ယောင်းက ကုတင်ပေါ်တွင် လဲလျောင်းလိုက်သည်။
အိပ်ဆောင်ထဲတွင် ရှောင်းဖန်နှင့် ဝိန်းခယ်တို့က ခုတင်အောက်တွင် ဂိမ်းကစားနေကြပြီး ယဲ့ယောင်းက သူ့မျက်နှာကို စောင်အောက်နစ်မြှုပ်ကာ ခန္ဓာကိုယ်ကို ဖြည်းညင်းစွာ ဖြေလျှော့လိုက်သည်။
အပြန်လမ်းတွင် သူ့လက်များက အေးစက်နေရုံမက နှလုံးသားကလည်း အေးစက်နေခဲ့၏။ လုရွှင်က သူငယ်ချင်းဟုခေါ်သော လူများကို တားမြစ်ရန် တုံ့ဆိုင်းမနေဘဲ သူ့အား သူငယ်ချင်းဆိုပြီး ဆွဲဆောင်ခြင်းကို လက်မခံကြောင်း ပြတ်သားစွာ ပြောခဲ့သည်ကို ကြည့်ကာ သူ့စိတ်နှလုံးက အေးခဲသွားသည်။
ဘာလို့လဲဆိုတော့ သူလည်းပဲ......
သူလည်းပဲ လုရွှင်ကို သဘောကျတယ်လေ...
သူသတိမထားမိခင် သူတို့၏ ခင်မင်ရင်းနှီးမှုက တစ်ခုခုသိသိသာသာပြောင်းလဲသွားခဲ့သည်။ သူနားလည်သွားချိန်တွင် ဖြူစင်သော ခင်မင်ရင်းနှီးမှုဆီ ပြန်သွားဖို့နေနေသာသာ ထိုအရာက မငြိမ်းနိုင်ဘဲ မီးတောက်တစ်ခုလိုဖြစ်လာခဲ့၏။
လုရွှင်က အဖြောင့်ဖြစ်ပြီး အနည်းငယ်မျှ သံသယရှိရန်မလိုပေ။ သူတို့နှစ်ဦးကြားတွင် နောက်ပြောင်သော ပရောပရီစကားအမျိုးမျိုးကို လက်ခံနိုင်သော်လည်း လိင်တူချင်း ချစ်ကြိုက်မှုကို လုံးဝလက်မခံနိုင်ပေ။
လုရွှင်က သူ့စိတ်ထဲဘာဖြစ်နေလဲဆိုတာ သိလိုက်တာနဲ့......
သူတို့ကြားရှိ ဆက်ဆံရေးက ပြီးဆုံးသွားလိမ့်မည်။
ရှောင်းဖန်နှင့် ဝိန်းခယ်တို့က အိပ်ရာဝင်သွားပြီဖြစ်သော်လည်း တစ်ခါတစ်ရံ သူတို့ဘက်မှ အသံများ ကြားနေရ၍ သူတို့က နားကြပ်တပ်ပြီး ဂိမ်းဆော့နေကြဆဲဖြစ်ကြောင်း ထင်ရှားသည်။
ယဲ့ယောင်းက စိတ်ပျက်လက်ပျက်ဖြင့် မျက်လုံးမှိတ်လျက် လဲလျောင်းနေစဉ် ရုတ်တရက် နားထဲတွင် တရှဲရှဲမြည်သံ ကြားလိုက်ရပြီး မျက်လုံးဖွင့်ကြည့်လိုက်သည်။ ခုတင်၏ ကန့်လန့်ကာမှာ မတင်ခံလိုက်ရပြီး အရပ်ရှည်ရှည်ပုံရိပ်တစ်ခုက အောက်ထပ်မှ အိပ်ရာပေါ်သို့ တက်လာသည်ကို တွေ့လိုက်ရသည်။
ယဲ့ယောင်းက မျက်စိကွယ်နေပြီး ခြေဖဝါးနှင့် ခန့်မှန်းလျှင်ပင် ညဉ့်နက်သန်းခေါင်အိပ်ရာပေါ် တက်လာသူက မည်သူဖြစ်သည်ကို ခန့်မှန်းနိုင်၏။
လုရွှင်က ယဲ့ယောင်း၏ စောင်ကို ကျွမ်းကျင်စွာမ,၍ အထဲဝင်လိုက်သည်။
အိပ်ဆောင်ရှိ တစ်ယောက်အိပ်ခုတင်က နဂိုကပင် မကျယ်ဝန်းဘဲ အရပ်အလွန်ရှည်သော လူနှစ်ယောက်အတွက် ကြပ်ညပ်နေ၍ လှုပ်ရှားရန် နေရာနည်းနည်းသာလွတ်၏။
ယဲ့ယောင်းက တစ်ပတ်လှည့်ရန် နေရာလွတ်တစ်ခုကို ကြိုးစားရှာလိုက်သော်လည်း သန်သန်မာမာလက်တစ်ဖက်က သူ့ခါးပေါ်တွင် ရောက်လာပြီး လုရွှင်၏ လက်နှစ်ဖက်ကြားတွင် ချက်ချင်းပင် အချုပ်ခံလိုက်ရသည်။
လုရွှင်က သူ့အနေအထားကို ချိန်ညှိကာ ပြီးပြည့်စုံသောထောင့်တစ်နေရာကို ရှာဖွေပြီးမှ ကျေနပ်စွာ ရပ်တန့်လိုက်သည်။
ယဲ့ယောင်းက လုရွှင်၏ အပြုအမူကို လျစ်လျူရှုပြီး သာမန်သူငယ်ချင်းလို သည်းခံ၍ ဆက်ဆံရန် ကြိုးစားခဲ့သည်။ သို့သော် လုရွှင်က သူ့ကို တင်းတင်းကျပ်ကျပ်ဖိထားရာ လုရွှင်၏ ခပ်မာမာဝမ်းဗိုက်ကြွက်သားများက သူ့ဗိုက်နှင့် ကပ်နေသည်ကို ရှင်းလင်းစွာ ခံစားလိုက်ရသည်။
နောက်ပြီး အောက်ပိုင်းက.....
မင်းကြိုက်တဲ့လူက မင်းကိုယ်ပေါ် ဒီလိုလာကပ်နေရင် မတုံ့ပြန်ဘဲ နေနိုင်တာက လူမဟုတ်လို့ပဲ။
ယဲ့ယောင်းက ကြာကြာမထိန်းနိုင်တော့ဘဲ သဲလွန်စတစ်ခုမပေါ်ထွက်လာမီ လုရွှင်ကို တွန်းထုတ်လိုက်သည်။
"ဖာ့ခ်၊ နွေရာသီရောက်နေပြီကွ၊ မင်း မပူတတ်ဘူးလား"
ယဲ့ယောင်းက တိုးတိုးလေးအော်ဟစ်လိုက်သည်။
"ရို့၊ ငါတို့ကျောင်းသားကောင်းလေးက ဆဲတတ်လာတာပဲ"
လုရွှင်က တခစ်ခစ်ရယ်ကာ အသံလျှော့လိုက်သည်။
"ဘယ်လိုလုပ် ပူမှာလဲ၊ လေအေးပေးစက်မဖွင့်ထားဘူးလား။ မင်းရဲ့ အဝတ်အစားတွေကို ဒီလိုချွတ်ဖို့က တကယ်မဖြစ်နိုင်ဘူးပဲ။ မင်းအတွက် ငါချွတ်ပေးရမလား"
လုရွှင်က သူ့အနား ထပ်တိုးလာတော့မည်ကို မြင်လိုက်ရသည်နှင့် ယဲ့ယောင်းက လျင်မြန်စွာ လက်ဆန့်တန်း၍ လုရွှင်ကို ရှောင်ကာ ခြိမ်းခြောက်ရန် ကြိုးစားလိုက်သည်။
"ဘာကို ချွတ်မှာလဲ၊ မင်း ဒီအတိုင်းအိပ်ရင် တစ်နေ့ကျရင် ငါ မင်းကို သွေးဆောင်ဖြားယောင်းပြီး ညဘက် လာခိုးထိမယ် သတိထားနေ”
လုရွှင်က ငြိမ်သက်သွားစဉ် ယဲ့ယောင်းက ဤခြိမ်းခြောက်မှုက နည်းနည်းများ လွန်သွားသလားဟု တွေးမိသွား၏။ လုရွှင်၏ လိင်တူမုန်းတီးမှုနယ်ပယ်ထဲသို့ ထိမိသွားလားဟု တွေးနေစဉ် လုရွှင်က ထပ်မံပြောလာသည်ကို ကြားလိုက်ရသည်။
လုရွှင်၏ လေသံက အနည်းငယ်တိုးနေပြီး သူ့အသံတွင် စိတ်အနှောင့်အယှက် မရှိရုံသာမကဘဲ အလွန်ကျေနပ်နေပုံပင်။
"အဲ့လောက်ကောင်းတာမျိုး ရှိလား"
တစ်ဖက်လူက ယဲ့ယောင်း၏ လက်ကို ဆုပ်ကိုင်လိုက်ပြီး ဝမ်းဗိုက်ကြွက်သားများပေါ် ချက်ချင်းတင်ပေးလိုက်သည်။
"လာလေ၊ ငါ့ကို ထိလိုက်"
ယဲ့ယောင်း: "......"
သံမဏိလို အဖြောင့်အမျိုးသားများက အမှန်တကယ်စည်းမရှိသူများပင်။
ယဲ့ယောင်း သည်းမခံနိုင်တော့ပေ။ သူ့လက်ကို ဆုတ်လိုက်ပြီး နံရံဘက်သို့ လှည့်ကာ လုရွှင်ကို ကျောပေးလိုက်သည်။ ဤနည်းအားဖြင့် သူ့တွင် မဖြစ်သင့်သော ခန္ဓာကိုယ် တုံ့ပြန်မှုမျိုးရှိလျှင်ပင် လုရွှင်ထံမှ ဖုံးကွယ်ရန် အချိန်ရမည်ဖြစ်ပြီး ထိုလူက ပထမဆုံး ရှာဖွေတွေ့ရှိသူ မဖြစ်လာနိုင်ပေ။
လုရွှင်က အနည်းငယ်ရယ်မောလိုက်ပြီး သူ့အား နောက်တစ်ကြိမ်ပွေ့ဖက်လိုက်သည်။
နှစ်ဦးသား အချင်းချင်းရင်းနှီးစွာ ပွေ့ဖက်လိုက်ကြပြီး ယဲ့ယောင်းက လုရွှင်၏ နှလုံးခုန်သံက သူ့ကို အနှောင့်အယှက်ဖြစ်စေကြောင်း ရှင်းရှင်းလင်းလင်းခံစားလိုက်ရသည်။
ယဲ့ယောင်းက သူ့အသက်ရှူနှုန်းကို ချိန်ညှိလိုက်ပြီး မျက်လုံးမှိတ်လိုက်သည်။
သူ့ခံစားချက်များကို အလုံးစုံဖုံးကွယ်ထားရမှာဖြစ်သလို လုရွှင်ကို သူမည်မျှသဘောကျနေပါစေ သူပြနိုင်သမျှက ခင်မင်မှုသာ။
သူ့သရုပ်ဆောင်ချက်က အတော်လေးကောင်းပြီး ချို့ယွင်းချက်များကို ထုတ်မပြနိုင်လျှင် သူမျှော်လင့်ထားသလို လုရွှင်နှင့် ခပ်ခွာခွာနေနိုင်လိမ့်မည်။
ယနေ့လို အဖြစ်မျိုး ဘယ်တော့မှဖြစ်မလာစေရန် သူမျှော်လင့်မိသည်။
----------