အခန်း (၁၈) - အဝေးမှာ နေထိုင်တဲ့ကာလ။
“မင်း…”
ယဲ့ယောင်းအတွက် အရာအားလုံးမှာ အိပ်မက်လိုဖြစ်နေကာ လက်တွေ့မကျဟု ခံစားလိုက်ရသည်။ လုရွှင်မျက်နှာအား ဆွဲဆိတ်ကြည့်ရန် လက်ဆန့်ထုတ်လိုက်ချိန်တွင် လုရွှင်ပြုံးနေသည်ကို တွေ့လိုက်ရပြီး ထိုအရာအားလုံးမှာ အမှန်အကန်ဖြစ်နေကြောင်း ယုံလိုက်ရသည်။
“မင်း ဘာလို့ ဒီကိုရောက်နေတာလဲ။”
"ဘာလို့ မေးတာလဲ၊ ငါ မင်းကို လွမ်းလို့ ဒီကိုလေယာဉ်စီးပြီး တမင်တကာလိုက်လာတာ"
လုရွှင်က တစ်ဖက်လူကို လွှတ်လိုက်ပြီး ဂုဏ်ယူစွာ ပြောလိုက်သည်။
"ငါ ဒီမနက်ခြောက်နာရီ လေယာဉ်စီးပြီး အမြန်ပြေးလာတာလေ"
မနက် ၆ နာရီတွင် လေယာဉ်စီးရန် စောစောထရခြင်းက လုရွှင်အား နည်းနည်း ပင်ပန်းစေသော်လည်း ထိုပင်ပန်းမှုက ယဲ့ယောင်းအား စောစောစီးစီးတွေ့ရမည့် ပျော်ရွှင်မှုနှင့် ယှဉ်ရင် မပြောပထိုက်ချေ။
ယဲ့ယောင်းက သူ့ရှေ့မှာ တကယ်ရပ်နေသည်ကို မြင်လိုက်ရချိန် သူတို့နှစ်ယောက် ခွဲခွာပြီးချိန်ကတည်းက လစ်ဟာနေသည့် လုရွှင်၏နှလုံးသားက ပြန်ပြည့်လာခဲ့သည်။ သူက ယဲ့ယောင်းလက်ကို ဆုပ်ကိုင်လိုက်ပြီး ထပ်မေးလိုက်သည်။
“ငါ့ကို လွမ်းနေလား”
“…အာ”
ယဲ့ယောင်းက ညင်သာစွာ ပြန်ဖြေလိုက်သည်။
လုရွှင်၏ မျက်နှာပေါ်ရှိအပြုံးက ထိန်းမရတော့ပေ။ သူတို့အချင်းချင်း မတွေ့သည်မှာ အတော်ကြာပြီ။ အမှန်အတိုင်းပြောရလျှင် သူက ယဲ့ယောင်းအား လုံးဝမလွှတ်ဘဲ ပွေ့ဖက်ချင်နေသည်။ နှစ်ယောက်သား ခုတင်ပေါ်၌ ပွေ့ဖက်ပြီး စကားပြောချင်သည်။ သို့မဟုတ် မအိပ်ဘဲ ကုလားထိုင်ပေါ်ထိုင်လျက် ယဲ့ယောင်းအား သူ့ပေါင်ပေါ် ထိုင်ခိုင်းပြီး နှစ်ဦးသား မျက်နှာချင်းဆိုင်၍ စကားပြောမည်။ သူအလွန်ပျော်ရွှင်နေပြီး ထိုအကြောင်းကို တွေးကြည့်ရုံဖြင့် သူ့နှလုံးသားက နွေးထွေးသွားသည်။
လုရွှင်က တွေးရုံမျှသာ တွေးဝံ့ပြီး ရှာလကာရည်ဝယ်သည့် လမ်းတစ်လျှောက် ယဲ့ယောင်းပခုံးကို သိုင်းဖက်ကာ ယဲ့ယောင်းအိမ်သို့ လိုက်သွားခဲ့သည်။
လုရွှင်က ဓာတ်လှေကားပေါ်တွင် ယဲ့ယောင်း၏ အိမ်အထပ်နံပါတ်ကို နှိပ်ပြီးနောက် တံခါးဘဲလ်ကို နှိပ်လိုက်သည်။ သူ့လှုပ်ရှားမှုအားလုံးက မသိလျှင် သူ့အိမ်လို အလွန်ကျွမ်းကျင်နေပြီး သဘာဝကျကျပင်။
ယဲ့ယောင်း၏မိဘများက တံခါးကိုဖွင့်လိုက်စဉ် လုရွှင်က ဉာဏ်ရည်ထက်မြက်ပြီး ချိုမြိန်သော ကောင်ငယ်လေးအဖြစ် ပြောင်းလဲသွားသည်။ အလွန်ကြိုဆိုနေသော လူကြီးနှစ်ယောက်ကို မျက်လုံးအဝိုင်းသားနှင့် ပြုံးပြပြီးနောက် ကျောပိုးအိတ်ထဲမှ ပြင်ဆင်ထားသော အထူးပစ္စည်းများကို ထုတ်ကာ လက်ဆောင်ပေးလိုက်သည်။
ထိုအရာက လူများ လက်မခံဝံ့လောက်အောင် အဖိုးတန်သောအရာများမဟုတ်သော်လည်း တစ်ချိန်တည်းမှာပင် ယဲ့ယောင်း၏ မိဘများက လက်ဆောင်များမှာ သူအလွန်ဂရုတစိုက် ရွေးချယ်ထားခြင်းဖြစ်ကြောင်း သိလိုက်ရသည်။
"ဒီကလေးကတော့... ဝင်လာလေ။ ဘာလို့ လက်ဆောင်တွေ ယူလာရပြန်တာလဲ"
ယဲ့ယောင်းမေမေက ပစ္စည်းများကို အပြုံးဖြင့်ယူကာ ယဲ့ယောင်းဖေဖေအား အစားအစာ ပြင်ဆင်ရန် မီးဖိုချောင်သို့ တွန်းပို့နေစဉ် ယဲ့ယောင်းကို ပြောလိုက်သည်။
"ယောင်းယောင်း၊ သား ရှောင်လုကို အရင်ထိုင်ခိုင်းလိုက်လေ၊ ဗိုက်ဆာနေရင် စားဖို့ အဆာပြေနည်းနည်းစားခိုင်းလိုက်၊ မင်းတို့စားလို့ရတဲ့အချိန်ကျရင် မေမေ ခေါ်လိုက်မယ်"
ယဲ့ယောင်းက လုရွှင်အတွက် ရေတစ်ခွက်ထည့်ပေးပြီး မေးလိုက်သည်။
"မင်း တီဗီကြည့်ချင်လား"
"အဓိပ္ပါယ်မရှိတာ။ တီဗီမကြည့်ချင်ပါဘူး"
လုရွှင်က ယဲ့ယောင်းကို အိပ်ခန်းထဲ ခေါ်သွားရန် မစောင့်နိုင်တော့ဘူး။ နှစ်ယောက်သား ဝင်သွားပြီးနောက် တံခါးပိတ်လိုက်ပြီး နောက်ဆုံးတွင် လုရွှင်က သူ့ဆန္ဒကို ဖြည့်ဆည်းရန် ပွေ့ဖက်လိုက်သည်။
နှာတံချွန်ချွန်က ယဲ့ယောင်း၏ နှင်းဖြူရောင်လည်ပင်းကို ဖိကပ်ထားပြီး ယဲ့ယောင်း တစ်ယောက်တည်းပိုင်သော ရနံ့သင်းသင်းကို ရှူရှိုက်ရင်း လုရွှင်က ကျေနပ်စွာ ပြောလိုက်သည်။
“ငါက မင်းကို တွေ့ဖို့လာတဲ့ဟာကို...”
ယဲ့ယောင်းက လုရွှင်ကို အချိန်အကြာကြီးပွေ့ဖက်ခွင့်မပြုဘဲ လက်ဆန့်ကာ တွန်းထုတ်လိုက်သည်။
“အရမ်းလူကပ်တာပဲ”
ထို့နောက် လုရွှင်၏ ပခုံးပေါ်ရှိ ကျောပိုးအိတ်ကို အကြည့်ရောက်သွားပြီး အစမ်းသဘော မေးလိုက်သည်။
"မင်း ခရီးဆောင်အိတ်မယူလာဘူးလား၊ နှစ်ရက်အတွင်း ပြန်မှာလား။"
လုရွှင်က မည်သည့်အိတ်မှ ယူဆောင်လာခြင်းမရှိပေ။ သူ့မှာ ယခုလေးတင် အထူးလက်ဆောင်များကို ထုတ်ယူခဲ့သော ကျောပိုးအိတ်တစ်လုံးသာပါ၏။ ထိုအထဲတွင် အဝတ်အများကြီးမပါသည်မှာ သိသာလှသည်။
"မဟုတ်ဘူးလေ၊ ငါ့အဝတ်တွေ ဒီမှာရှိတယ်မဟုတ်လား။ အများကြီးယူလာစရာမှ မလိုတာ"
တွယ်ကပ်မိခြင်းကြောင့် ဝေဖန်ခံနေရသော လုရွှင်က တွန့်ဆုတ်စွာ လွှတ်လိုက်ပြီး အခန်းပတ်ပတ်လည်ကို ကြည့်လိုက်သည်။
အခန်းကို မကြည့်မိသေးခင်က ပြဿနာမဟုတ်သော်လည်း လုရွှင်က နောက်ဆုံးတွင် သူရင်းနှီးပြီးသားမဟုတ်သော အခန်းတစ်ဝိုက်ကို ကြည့်ပြီး အံ့ဩသွားသည်။
သူတို့နှစ်ဦး၏ဓာတ်ပုံ၊ သူ့စာအုပ်တွေ၊ သူ့စက်ရုပ်ပုံစံတွေနဲ့ ယဲ့ယောင်းအတွက် သူကိုယ်တိုင်လုပ်ထားသော ခေါင်းအုံးရုပ်လေးတွေက ဘယ်မှာလဲ...
အခန်းက အတော်လေးသန့်ရှင်းသပ်ရပ်နေသော်လည်း ဤနေရာရှိ အရာအားလုံးက သူနှင့် ဘာမှ မသက်ဆိုင်သလိုပင်။
လုရွှင်က စိတ်ထဲတွင် တစ်ခုခုမှားနေကြောင်း ခံစားလိုက်ရပြီး အဝတ်ဗီဒိုကို ဆွဲဖွင့်လိုက်သည်။
အဝတ်ဗီဒိုထဲတွင် သူ့အဝတ်များက ယဲ့ယောင်းအဝတ်များနှင့်အတူရှိမနေချေ။ အထဲတွင် ယဲ့ယောင်း၏ အဝတ်များသီးသန့်သာ ရှိနေသည်။
လုရွှင်၏လက်က အဝတ်ဗီဒိုကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး တဖြည်းဖြည်းပြန်လှည့်လာချိန်၌ သူ့မျက်လုံးများက နက်မှောင်နေကာ အလင်းရောင်မရှိတော့သလိုပင်။ လုရွှင်က ပြုံးမနေချိန်များတွင် သူ၏မျက်လုံးများက အနည်းငယ်ကြောက်စရာကောင်းသည်။ သူက မကောင်းသောစိတ်ခံစားချက်များကို ဖိနှိပ်လိုက်ပြီး မေးလိုက်သည်။
“ယဲ့ကော၊ ငါ့အဝတ်တွေ ဘယ်မှာလဲ။”
ယဲ့ယောင်းက ကုလားထိုင်တွင် ထိုင်ချလိုက်သည်။ လုရွှင်နှင့်ဆန့်ကျင်စွာ သူ့မျက်နှာပေါ်တွင် သိသာထင်ရှားသော ဘာခံစားချက်အရိပ်အယောင်မျှမရှိဘဲ တည်ငြိမ်နေသည်။
"ထုပ်ပိုးပြီးသွားပြီ။"
ယဲ့ယောင်းက ပြောလိုက်သည်။
"မင်း နောက်တစ်ကြိမ်ထပ်လာမယ်ဆိုတာ ဘယ်သူက သိမှာမို့လို့လဲ"
"ဘာလို့ မလာရမှာလဲ။ သေချာတာပေါ့။ ငါလာဦးမှာလေ!"
လုရွှင်က ယဲ့ယောင်းဖယ်ထားသောအရာများကို စိတ်အားထက်သန်စွာ ရှာဖွေနေပြီး ဤအချိန်တွင် သူ့ပင်ကိုယ်စိတ်အရ ထိပ်ဆုံးအထပ်ကို စိုက်ကြည့်လိုက်သည်။
သူ ခုန်ကြည့်လိုက်စဉ် သူ့အဝတ်များကို ထိုနေရာတွင် သိမ်းဆည်းထားသည်ကို မြင်လိုက်ရပြီး သက်ပြင်းတစ်ချက်ချလိုက်သည်။
ကံကောင်းစွာပင် ယဲ့ယောင်းက ထိုအရာများကို လွှင့်ပစ်လိုက်ခြင်းမဟုတ်ဘဲ အခြားအရာများနှင့်အတူ သိမ်းဆည်းထားလိုက်ခြင်းပင်။
လုရွှင်က လက်ဆန့်၍ သူ့အဝတ်များကို အထပ်လိုက်ထုတ်ယူလိုက်ပြီး ထိုအဝတ်များကို တစ်ထည်ချင်းခေါက်၍ ယဲ့ယောင်း၏အဝတ်များနှင့် ရောထည့်လိုက်သည်။ အားလုံးလုပ်ပြီးသည့်နောက်မှာမှ သူက ပို၍သက်သောင့်သက်သာဖြစ်သွားသလို ခံစားလိုက်ရသည်။
လုရွှင်က ထပ်မေးလိုက်သည်။
“တခြားဟာတွေကရော...”
ယဲ့ယောင်းက မျက်လွှာပင့်၍ လုရွှင်ကို ကြည့်ပြီးနောက် မထူးဆန်းသလို မေးလိုက်သည်။
“ဘာကိုလဲ”
“ငါ့ရဲ့ တခြားပစ္စည်းတွေလေ။”
လုရွှင်က မျက်မှောင်ကြုတ်လိုက်သည်။
“မင်း အဲ့ဒါတွေကို မလိုဘူးထင်လို့ ငါ တခြားနေရာမှာ ထားလိုက်တာ၊ ဒါမှမဟုတ် မင်း အဲ့ဒါတွေကို အိမ်ပြန်သယ်သွားရင်ရော။”
ယဲ့ယောင်းက ပြောလိုက်သည်။
“ငါ နောက်ကျရင် ပို့ပေးလိုက်မယ်။”
စကားဝိုင်းက အဆင်ပြေနေသော်လည်း လုရွှင်ကမူ မသက်မသာခံစားနေရမြဲ။
သူ့ပစ္စည်းတွေနဲ့ ယဲ့ယောင်းပစ္စည်းတွေကို ဘယ်လိုလုပ်ပြီး ရှင်းရှင်းလင်းလင်းခွဲထားနိုင်မှာလဲ၊ သူတို့ပစ္စည်းတွေက အတူတူဖြစ်သင့်တာလေ။ ယဲ့ယောင်းပစ္စည်းတွေကို ယဲ့ယောင်းပဲ ပိုင်ပြီး သူ့ပစ္စည်းတွေက သူတစ်ယောက်တည်းပိုင်တာ ဘယ်လိုဖြစ်နိုင်ပါ့မလဲ။
လုရွှင်က ယဲ့ယောင်းမပျော်မရွှင်ဖြစ်အောင် လုပ်ခဲ့သူမဟုတ်သလို အိပ်ခန်းထဲမှ ထိုင်ခုံ နောက်တစ်ခုကို ဆွဲယူလိုက်ပြီး ယဲ့ယောင်းနှင့် ဘေးချင်းကပ်ထိုင်ကာ လက်ကိုကိုင်၍ အသံတိုးတိုးဖြင့် မေးလိုက်သည်။
"မင်း ခွင့်မပြုဘဲ ဒီကိုလာလိုက်မိလို့ စိတ်ဆိုးနေတာလားကွာ..."
ယဲ့ယောင်းက စကားမပြောဘဲ လုရွှင်၏ ပေါင်ပေါ်၌ ဆုပ်ကိုင်ထားခံရသော သူ၏လက်ကို ငုံ့ကြည့်ရင်း မသိစိတ်အရ ကျန်လက်တစ်ဖက်က လက်သီးဆုပ်လိုက်မိသည်။
လုရွှင်က စိတ်ရှုပ်နေချိန် အထူးသဖြင့် သူမပျော်မရွှင်ဖြစ်အောင် လုပ်မိသည်ဟု ခံစားရတိုင်း ထိုသို့သာ။
သခင်ငယ်လေးလုက မည်သည့်အရာကိုမျှ ဂရုမစိုက်တတ်သလို စိတ်ဖိစီးမှုမရှိဘဲ သူနှင့် ပတ်သက်နေသမျှကာလပတ်လုံး လုရွှင်၏ စိတ်ဓာတ်များ ပြောင်းလဲသွားသည်မှာ ထင်ရှားသည်။
"မဟုတ်ဘူး၊ လုံးဝမဟုတ်ဘူး"
ယဲ့ယောင်းက နောက်ဆုံးတွင် သက်ပြင်းချလိုက်သည်။ သူက လုရွှင်ကိုကြည့်ပြီး ပြုံးပြလိုက်သည်။
"မင်း ဒီကိုလာလည်တာ ငါဝမ်းသာပါတယ်။”
ယဲ့ယောင်း၏မေမေက သူတို့ကို စားရန် ခေါ်ရာ ယဲ့ယောင်းက ထရပ်ပြီး လုရွှင်၏ ပခုံးကို ပုတ်လိုက်သည်။
"ငါတို့ သူငယ်ချင်းကောင်းတွေပဲ၊ ဒါပေါ့ ငါပျော်ပါတယ်။ သိပ်အများကြီးမတွေးနဲ့၊ အပြင်ထွက်စားရအောင်။ မင်းအကြိုက်ဆုံး ဝက်သားနဲ့ ပြောင်းဖူးဖက်ထုပ်တွေကို ငါ အထူးပြင်ဆင်ထားတာ၊ စားပြီး အနားယူလိုက်လေ။ ဒါမှမဟုတ် ငါနဲ့ လမ်းလျှောက်ထွက်လို့ရတယ်။"
*****
နေ့လည်စာစားပြီးချိန်တွင် လုရွှင်က ယခုလေးတင်ရောက်သည်နှင့် အနားယူပြီးဖြစ်၍ အနားမယူလိုတော့ပေ။
သူအိပ်နေမယ်ဆို ယဲ့ယောင်းကို မြင်ရချိန်က နာရီပေါင်းများစွာ လျော့သွားမယ် မဟုတ်လား။ ဒါပေါ့ အိပ်နေမယ့်အစား အပြင်ထွက်ပြီး အတူတူကစားကြတာက ပိုကောင်းတယ်လေ။
ဤမြို့ငယ်လေးတွင် များသောအားဖြင့် နိုင်ငံခြားသားများနေထိုင်ကြသည်။ သို့သော် နွေဦးပွဲတော်ရောက်ရှိလာချိန်တွင်မူ အလွန်တိတ်ဆိတ်ငြိမ်သက်နေပြီး ဖျော်ဖြေရေး အဆောက်အအုံကြီးများ မရှိပေ။
လုရွှင်နှင့် ယဲ့ယောင်းတို့က လမ်းတစ်လျှောက် လမ်းလျှောက်ကြရင်း စကားစမြည်ပြောဆို နေကြပြီး နောက်ဆုံးတွင် သူတို့အတူတူတက်ခဲ့သော အထက်တန်းကျောင်းသို့ ရောက်သွားကြ သည်။
ကျောင်းတံခါးပွင့်သွားချိန်တွင် လုရွှင်က ကျောင်းတံခါးကို မော့ကြည့်လိုက်ပြီး ထိုနေရာ၌ ဘာမှမချိတ်ထား၍ မကျေမနပ်ပြောလိုက်သည်။
"ယဲ့ယောင်း၊ မင်းရဲ့ ထိပ်တန်းကျောင်းသားဖြစ်လာတဲ့အတွက် ဂုဏ်ပြုတဲ့ ဆိုင်းဘုတ်ကို ဘယ်လိုကြောင့် ဖြုတ်ချလိုက်တာလဲ၊ ကျောင်းခေါင်းဆောင်တွေက တကယ်မသိတတ်ဘူးပဲ၊ ဒီဆိုင်းဘုတ်မရှိဘဲနဲ့ ဘယ်သူကများ ဒီကိုလာပြီး ကျောင်းလာတက်ချင်မှာတဲ့လဲ"
"အဲ့ဒါက နွေအပူနဲ့ လေရှိန်ကြောင့် တော်တော်စုတ်ပြတ်သွားပြီလေ။ အဲ့ဒါက လွင့်လုနီးပါး ဖြစ်နေလို့ပါ။"
ယဲ့ယောင်းက ဆွံ့အသွား၏။
"ဘယ်သူက ဒီလောက်နှစ်အကြာကြီးကို ဆိုင်းဘုတ်ဆွဲထားမှာလဲ"
"ဒီကျောင်းကို ငါသာ ဖွင့်ထားရင် ကျောင်းတံခါးမှာ ဒီကိစ္စကို စာထွင်းထားမှာ ဒါဆို သူတို့ ဖြုတ်နိုင်မှာ မဟုတ်ဘူး။"
လုရွှင်က လေးနက်စွာ ပြောလိုက်သည်။
ယဲ့ယောင်း: “…”
လုရွှင်က ကျောင်းတံခါးဝသို့ အကြည်လွှဲ၍ ကျောင်းအနီးရှိ ဆိုင်ခန်းငယ်များကို လှမ်းကြည့်လိုက်သည်။
ဆောင်းရာသီအားလပ်ရက်နှင့် နွေဦးပွဲတော်ကာလတွင် ကျောင်းသားကျောင်းသူမရှိခြင်းကြောင့် အဆိုပါဆိုင်များမှာ ဖွင့်လှစ်ထားခြင်းမရှိချေ။
“အရင်က မင်းအလုပ်လုပ်ခဲ့တဲ့ နို့လက်ဖက်ရည်ဆိုင်က ပိတ်သွားပြီ”
လုရွှင်က ပြောလိုက်သည်။
“အဲ့ဒါက သေချာပေါက် ဆောင်းရာသီအားလပ်ရက်မှာမှ ဖွင့်မှာလေ။”
ယဲ့ယောင်းက မအံ့သြချေ။
“မဟုတ်ရင် ရေ၊ လျှပ်စစ်နဲ့ ပစ္စည်းကုန်ကျစရိတ်က အပိုဖြစ်လိမ့်မယ်”
လုရွှင်က နို့လက်ဖက်ရည်ဆိုင်ရှေ့ရှိ စတိုးဆိုင်ကို လှမ်းကြည့်ရင်း ယခင်အချိန်ကို သတိရကာ သူ့မျက်လုံးများက အနည်းငယ်ချဉ်စူးသွားပုံပေါက်ပြီး ယဲ့ယောင်းလက်ကို ဖြည်းညင်းစွာ တည်တည်ငြိမ်ငြိမ်ဆုပ်ကိုင်လိုက်သည်။
ထိုအချိန်တုန်းက ယဲ့ယောင်း၏မိသားစုမှာ ကျပ်တည်းနေပြီး တစ်မိသားစုလုံး ငွေကြေးအခက်အခဲရှိနေသည်။ ပြင်းထန်သောလေ့လာမှုများအပြင် ယဲ့ယောင်းက မိသားစုကို ထောက်ပံ့ရန်အတွက် အလုပ်ထွက်လုပ်ရန် လိုအပ်သည်။
လေးလံသောဖိအားက ယဲ့ယောင်းကို အားမနည်းစေဘဲ သူ့ကူညီမှုသဘာဝကို ဆက်လက် ထိန်းသိမ်းထားနိုင်ဆဲပင်။ အစောပိုင်းတွင် သူ့ကို ကူညီခြင်းဖြစ်စေ နောက်ပိုင်းတွင် သူ၏ စာလေ့လာခြင်းကို ကူညီခဲ့ခြင်းဖြစ်စေ ထိုအချိန်တော်တော်များများကို သူ့စိတ်ထဲ တစ်ခုချင်းစီ မှတ်တမ်းတင်ထားသည်။
အမှောင်ထဲက သတ္တဝါတွေက အလင်းကြောင့် ဆွဲဆောင်ခံရပြီး သူ့အတွက်လည်း ချွင်းချက်မရှိဘူးလေ။
ယဲ့ယောင်းသာမဟုတ်လျှင် သူက သေချာပေါက် လက်ရှိလုရွှင်ဖြစ်လာမည်မဟုတ်။
ယခင်ကလို လူစားမျိုးသာဖြစ်နေမှာဖြစ်ပြီး ပုန်ကန်တတ်တဲ့သားတစ်ယောက်မှာ ဒီလိုသူငယ်ချင်းမျိုးရှိလာတာ ဘယ်လိုကံကောင်းမှုမျိုးလဲ။
သူက အထက်တန်းကျောင်းကတည်းက ယဲ့ယောင်းနှင့်အတူ တစ်သက်လုံးနေမည်ဟု တိတ်တဆိတ်ကျိန်ဆိုခဲ့သည်။ ယနေ့အချိန်၌ပင် ဤအကြံအစည်က အားမလျော့သေးဘဲ ခိုင်မာအားကောင်းလာမြဲ။
ငါ မျက်လုံးဖွင့်တာနဲ့ ယဲ့ယောင်းကို တွေ့ချင်ပြီးတော့ မျက်လုံးပိတ်တာနဲ့ ယဲ့ယောင်းကို တွေ့ချင်တယ်လေ။ တကယ်လို့ တစ်နေ့မှာ သူ့ကို မတွေ့နိုင်ရင် ဒါက အိပ်မက်ဆိုးတစ်ခုရဲ့အစပဲ ဖြစ်လိမ့်မယ်။
*****
ယဲ့ယောင်းက သူတို့အတိတ်နေရာများကို မြင်နေရသည့်အပေါ် လွမ်းဆွတ်ဖွယ်ရာ ခံစားချက်မျိုး မရှိပေ။ သူက အတိတ်ကို ပြန်သတိရရန် လုရွှင်ကို အပြင်ခေါ်ထုတ်ခဲ့ခြင်းမဟုတ်သလို လုရွှင်နှင့် ကစားရန်လည်း မဟုတ်ချေ။ သူ့မှာ ကိုယ်ပိုင်ရည်ရွယ်ချက်ရှိ၏။
"တရုတ်နှစ်ကူးမှာ မင်းမိသားစုနဲ့ မနေတာက စိတ်ကူးကောင်းမဟုတ်ဘူးနော်။ မင်းဘယ်တော့ပြန်မှာလဲ။"
ယဲ့ယောင်းက မေးလိုက်သည်။
"ဒါက မင်းရဲ့ စိတ်အပေါ် မူတည်တယ်။"
လုရွှင်က နောက်တစ်ခွန်းထပ်ပြောလိုက်သည်။
“ငါတစ်ယောက်တည်းပြန်သွားဖို့ မစီစဉ်ထားဘူး၊ နွေဦးပွဲတော်မှာ နှင်းကျတာကို မမြင်ဖူးဘူးလို့ မင်းပြောဖူးတယ်မလား။ အတူတူသွားကြည့်ကြရအောင်လေ။”
ယဲ့ယောင်းက ဝိုးတဝါးပြုံးလိုက်သည်။
"တကယ်လို့ ငါက မင်းအိမ်ကို မသွားချင်ရင် ဘယ်လိုလုပ်မလဲ"
လုရွှင်က မဆိုင်းမတွပြန်ဖြေလိုက်သည်။
"ဒါဆို ငါအိမ်မပြန်တော့ဘူး၊ ဒီအတောအတွင်း မင်းအိမ်မှာပဲ မင်းနဲ့အတူ နေလိုက်မယ်လေ"
“အိုး...”
ယဲ့ယောင်းက သူ့လက်ကို ပြန်ဆွဲထုတ်လိုက်ပြီး အိတ်ကပ်ထဲထည့်ကာ မျက်နှာထက်တွင်လည်း အပြုံးလေးနှင့်...
"ဒီဆောင်းရာသီအားလပ်ရက်အတွင်း ငါ့နောက်လိုက်နေဖို့ မင်းစိတ်ထဲ ရှိနေပြီးသားမဟုတ်လား"
"ဒါပေါ့။ ဆောင်းရာသီအားလပ်ရက်ပြီးရင် နောက်ရက်အနည်းငယ်ဆို မင်းမွေးနေ့လေ။ ငါ မင်းနဲ့အတူ ကြာကြာလေးနေပြီးမှ ကျောင်းပြန်သွားမယ်"
လုရွှင်က ပြောလိုက်သည်။
ယဲ့ယောင်းက ထိုအရာကို မေ့နေ၏။ သူ့ဖုန်းကိုဖွင့်ပြီး ပြက္ခဒိန်ကိုကြည့်လိုက်ရာ တကယ်မှန်နေကြောင်း တွေ့လိုက်ရသည်။
ယဲ့ယောင်းက ထိုအကြောင်းသိပြီးနောက် လုရွှင်ကို နောက်တစ်ကြိမ်မမောင်းထုတ်နိုင်မှန်း သိလိုက်ရသည်။ သူ့မျက်နှာကိုသာ ဆုတ်ဖြဲမပစ်နိုင်ပါက လုရွှင်က သူ့နောက်ကို လိုက်နေပေဦးမည်။
ထို့အပြင် ဆောင်းရာသီအားလပ်ရက်တွင် လူတိုင်းက စိတ်အပန်းဖြေကြပြီး အကြောင်းပြချက်မျိုးစုံဖြင့် ကျောင်းတက်ချိန်ကဲ့သို့ ခပ်ဝေးဝေးတွင်နေရန် အဆင်မပြေဖြစ်လိမ့်မည်။
ကံမကောင်းစွာပင် သူတို့က ထိုအချက်ဆီ ရောက်နေပြီ။
ယဲ့ယောင်းက စိတ်ထဲ ဆုံးဖြတ်ချက်တစ်ခုချလိုက်ပြီး သူ့နှလုံးသားက ရုတ်တရတ် ပြေလျော့သွားသည်။ သူက မျက်ခုံးများကို ဖြေလျှော့ပြီး လုရွှင်ကို အပြုံးကြီးကြီး ပြုံးပြလိုက်သည်။
"ကောင်းပြီ၊ ဒီအားလပ်ရက်မှာ အတူတူနေကြရအောင်။"
ယဲ့ယောင်းက အလွန်ကြည့်ကောင်း၏။ ထို့ကြောင့် နှုတ်ခမ်းနီနီနှင့် သွားဖြူဖြူလေးများဖြင့် ပြုံးပြလိုက်ချိန် မရေမတွက်နိုင်သော လူများအား ရင်သပ်ရှုမောစေပြီး သူ့အား မည်မျှ ငယ်ရွယ်နူးညံ့သည်ဟု တွေးတောစေတတ်သည်။
လုရွှင်က ခဏမျှအံ့အားသင့်သွားပြီး စိတ်မလုံသလို အဝေးကို တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် သူ့လက်ကို ယဲ့ယောင်း၏ ပခုံးပေါ် တင်လိုက်ပြန်သည်။
ယဲ့ယောင်းက သူတို့နှစ်ယောက်၏ ကပ်တွယ်မှုကန့်သတ်ချက်အရ ဆောင်းရာသီအားလပ်ရက်ကို ထိန်းကာ တိတ်တဆိတ်အစီအစဉ်ပြုလုပ်ခဲ့သည်။ ကျောင်းစတက်ပြီးနောက် လုရွှင်နှင့် ခပ်ခွာခွာနေရန် ဆုံးဖြတ်ခဲ့သည်။
ကျောင်းမဖွင့်ခင်ကာလမှာ...
သူက လုရွှင်နှင့် ခပ်ဝေးဝေးတွင် နေရန် တစ်ကိုယ်ကောင်းဆန်ဆန်ဆုံးဖြတ်ခဲ့ပြီးပြီ။ နောက်ဆုံးတွင် သူလည်း ဤအမှတ်တရများကို စွန့်ခွာရမည်။
လုရွှင်က သူနဲ့ ပိုရင်းနှီးဖို့ တတ်နိုင်သမျှအကုန်လုပ်ခဲ့တာမို့ အဲဒါကို ဘာလို့ အခွင့်ကောင်းမယူရမှာလဲ...
ဤနောက်ဆုံးလတွင် သူ့ကိုယ်သူ အတင်းဖိအားပေးမည်မဟုတ်ချေ။
ဆုံးဖြတ်ချက်ချပြီးနောက်တွင် သူ၏အတွေးများက ပိုမိုရှင်းလင်းလာသည်။ သူက ဖုံးကွယ်ထားလိုသော အကြောင်းကိစ္စများကို ထုတ်ဖော်မိသွားမည့်အပေါ် အလွန်အမင်း စိုးရိမ်နေခြင်းမျိုးမရှိတော့ပေ။ ထိုနေရာတွင် အဖြောင့်အမျိုးသားအများကြီးပင်။
သူ သတ္တိရှိနေသရွေ့တော့ အဖြောင့်တစ်ယောက်လို လျှောက်နိုင်မှာပဲမဟုတ်လား...
....