no

Font
Theme

အခန်း ၁၆ - အချိန်စေ့ပြီ။

ယဲ့ယောင်း၏ အဖြေက လုမင်အတွက် အတော်လေးမထင်မှတ်ထားစရာပင်။

သူ့မှာ သူငယ်ချင်းအများကြီးရှိသော်လည်း သူနှင့် သူငယ်ချင်းများကြားရှိ ခင်မင်ရင်းနှီးမှုက 'မင်း ငါ့ကို ထိုးရင် ငါ မင်းကို ကန်မယ်’ ဆိုသလို ခင်မင်မှုသာ။ လုရွှင်နှင့် ယဲ့ယောင်းတို့လို အလွန်အမင်းနီးကပ်နေခြင်းမျိုး မရှိခဲ့ချေ။

လုမင်က စိတ်ထဲတွင် ဤအတိတ်အဖြစ်အပျက်ကို တွေးနေမိသည်။ သူ့သူငယ်ချင်းအုပ်စုကို ပြောပြလျှင် လှောင်ပြောင်ရယ်မောခံရမည်မှာ အသေအချာပင်။

သူက "အဲဒါက ငါတို့ မင်ကောက အရမ်းချောနေလို့၊ ရှောင်လျန်းကို ရင်ခုန်အောင် လုပ်လိုက်တာပဲ~"၊ "ငါ့နှလုံးခုန်နှုန်းတွေ အရမ်းမြန်နေတယ်၊ မင်ကော ကျေးဇူးပြုပြီး ငါ့ကို လက်ထပ်နိုင်မလား" အစရှိသော စနောက်ကျီစယ်စကားများကိုသာ ရရှိမည်ဖြစ်ပြီး ထိုစကားများက ဘာမှမဆိုင်သော တုံ့ပြန်မှုများပင်။

တိုတိုပြောရလျှင် လုရွှင်၏ ငယ်သူငယ်ချင်းက အမှားလုပ်မိသည်ဟု ဘယ်သူကမှ ခွဲခြမ်းစိတ်ဖြာရန် အလွန်တည်ငြိမ်နေမည်မဟုတ်ချေ။

ဘယ်သူက ငယ်သူငယ်ချင်းရဲ့ ရှုထောင့်ကနေ တွေးမှာလဲ...

ဒါပေမဲ့ ယဲ့ယောင်းရဲ့ အဖြေက သူစိတ်ကူးထားတဲ့ ငါးဖမ်းစနစ်နဲ့ မိုင်ထောင်ချီဝေးတယ်လေ!

ဤနေရာတွင် ငါးမမျှားနိုင်သလို ငါးမျှားတံကို ဖြုတ်ရန် မစောင့်နိုင်တော့ပေ။

ဒါမှမဟုတ် ဒါက ပညာရှင်ရဲ့ ဆင်ခြင်တွေးခေါ်မှုပဲလား။

ကွဲလွဲနေသောအချက်များကြောင့် လုမင်က လွယ်လွယ်ကူကူအဆုံးအဖြတ်မပေးဝံ့ဘဲ ရယ်လိုက်ရုံသာ တတ်နိုင်သည်။

“ကောပြောတာ မှန်ပါတယ်၊ ဟီးဟီး၊ ယဲ့ကောက တကယ့်ကို အရည်အချင်းရှိသူပဲ!”

လုမင်က ဆက်မေးချင်သော်လည်း ရုတ်တရက် တစ်စုံတစ်ယောက်က သူ့ခေါင်းကို အနောက်မှ ရိုက်လိုက်သည်။

"မင်း တစ်ဖက်လူရဲ့ မျက်နှာကို စိုက်ကြည့်နေတာ ဘာလုပ်တာလဲ၊ အဲ့ဒါရိုင်းတယ်နော်"

လုရွှင်၏အသံက အနောက်မှ ထွက်လာသည်။ သူ အိမ်သာမှ ပြန်လာပြီးနောက် ဝမ်းကွဲဖြစ်သူကို သင်ခန်းစာတစ်ခုပေးလိုက်ကာ ထိုင်ခုံဆီ ဖြည်းညင်းစွာ ပြန်လာပြီး ယဲ့ယောင်းအား မေးလိုက်သည်။

"ငါမရှိတဲ့အချိန် သူ မင်းကို အနိုင်ကျင့်နေတာလား။"

ယဲ့ယောင်းက ခေါင်းယမ်းပြလိုက်ရာ လုရွှင်ကျေနပ်သွားသည်။

သူတို့မှာထားသမျှ စားပွဲပေါ်ရောက်လာချိန် လုမင်က တူများကို ကောက်ကိုင်လိုက်ပြီး ဒေါသတကြီးပြောလိုက်သည်။

"ကော ကျွန်တော့်ကို နောက်နေတာလား။ ကျွန်တော်က လူကောင်းပဲဟာ၊ ဘာလို့ လူတွေကို အနိုင်ကျင့်ရမှာလဲ!"

အစားအသောက်ကျင့်ဝတ်နှင့်ပတ်သက်၍ လုမင်က အိမ်တွင် စည်းကမ်းရှိသော သားတစ်ဦး ဖြစ်ပြီး သူငယ်ချင်းများနှင့် ညစာစားချိန်တွင် စားပွဲပေါ်မှ ရှိသမျှ အစားအသောက်များကို မလုယက်သည်မှာ ကြာနေပြီ။

ပထမဆုံးလုပ်ဆောင်ချက်က ပြင်းထန်ပြီး နောက်ဆုံးလုပ်ဆောင်ချက်က ပို၍ပြင်းသည်။

သူတို့အားလုံးက သူငယ်ချင်းတွေပဲလေ။ ဘာလို့ ယဉ်ကျေးသလို ဟန်ဆောင်ပြီး ကျင့်ဝတ်အမှားတွေကို ပြနေရမှာလဲ။ ဒါက ငြီးငွေ့စရာမဟုတ်လား...

လုရွှင်က သူ့ဝမ်းကွဲဆိုသော်လည်း သူတို့နှစ်ယောက်က အမြဲတမ်းသူငယ်ချင်းဖြစ်ခဲ့၏။ လုမင်တွင် သိက္ခာစောင့်ထိန်းစရာမရှိသလို တူများက သူကြိုက်သော အသားဆီ တည့်တည့်ရောက်သွားသည်။

သို့သော် ၎င်းကို မဆွဲယူမီ သူ့ဘေးနားတွင် ထိုင်နေသော လုရွှင်က သူ၏တူကို အလွန်လျင်မြန်စွာ လှုပ်ရှား၍ အရသာအရှိဆုံးအပိုင်းကို ယူလိုက်သည်။

"ဟား! ငါ မင်းကို မတွေ့တာ ကြာပြီ၊ ဒါပေမဲ့ မင်းရဲ့တိုက်ခိုက်မှုနှုန်းက တိုးလာတာပဲ။"

လုမင်က စကားတစ်ဝက်တစ်ပျက်နဲ့ ရုတ်တရက်ရပ်သွားပြီး တစ္ဆေမြင်လိုက်ရသလို ဆန့်ကျင်ဘက်ရှိ လူကို စိုက်ကြည့်နေသည်။

ထိုအချိန်မှာပင် လုရွှင်က သူ့အတွက် ဆွဲယူထားသောအရာကို မစားဘဲ ယဲ့ယောင်း၏ ပန်းကန်ထဲသို့ ထည့်ကာ ညင်သာစွာ ပြောလိုက်သည်။

"ဒါကို စမ်းကြည့်နော်၊ ကြည့်ရတာ အရသာရှိတယ်"

ယဲ့ယောင်း၏ အမူအရာမှာ အနည်းငယ်ကူကယ်ရာမဲ့ဖြစ်သွားသည်။

"ငါ့ကို ကူပြီး ယူပေးစရာ မလိုပါဘူး၊ ငါ ကိုယ်တိုင်ယူနိုင်ပါတယ်"

"ဒါက အလုပ်မဖြစ်ပါဘူး၊ မင်း သူ့ကို ဆန့်ကျင်ဖို့ အဲ့လောက်မြန်မှာ မဟုတ်ဘူး။ ငါ မင်းကို မကူညီရင် မင်းမှာ စားစရာကျန်တော့မှာ မဟုတ်ဘူး။"

လုရွှင်က ပြတ်ပြတ်သားသားငြင်းလိုက်သည်။

ဆန့်ကျင်ဘက်တွင် ထိုင်ကာ ထိုအရာကို ကြည့်နေရသော လုမင် - “…”

အခုလေးတင် ဘာဖြစ်သွားတာလဲ။ အဖြောင့်မဟုတ်တဲ့လူတွေရဲ့ အလင်းရောင်ကြောင့် သူ ဘယ်လိုလုပ်ထပ်ကန်းသွားတာလဲ။ အား၊ အရမ်းမျက်စိကျိန်းတာပဲ!

လုရွှင်က တစ်ဖက်လူကို အစားအသောက်ကျွေးခဲ့တာလား။ လုရွှင်က ဒီလိုလူသားဆန်တဲ့ ဂရုစိုက်မှုမျိုးမှာ ပါဝင်ဖို့ အမြဲတမ်းပျင်းနေတာမဟုတ်လား။

လုမင်က သူတစ်ချိန်က ရေးခဲ့သော စာတမ်းကို ပြန်သတိရမိသွားသည်။

စာတမ်း၏ ခေါင်းစဉ်က "မင်းပတ်ဝန်းကျင်က လူတွေ မင်းကို ကြိုက်လားဆိုတာ ဘယ်လိုဆုံးဖြတ်မလဲ" ပင်။

၎င်းတွင် ပေါင်းသင်းဆက်ဆံရေးအထူးကောင်းမွန်ကြောင်းပြသသော စာပိုဒ်တစ်ပိုဒ်လည်း ပါရှိသည်။

ဒါက စားသောက်တဲ့အချိန်မှာ လူတစ်ဦးကိုပဲ အထူးကျွေးမွေးရမယ်...

လုမင်က ထိုသို့တွေးပြီး ဟာသလုပ်သလို ပြောလိုက်သည်။

“ကော ဘာလို့ဒီလောက်ချစ်ပြနေတာလဲ၊ ကျွန်တော်က ဒီမှာ ခွေးစာလာစားနေရတာလား။”

ထိုစကားကို ရင်ဆိုင်လိုက်ရချိန် ယဲ့ယောင်းက တုံ့ဆိုင်းသွားသော်လည်း လုရွှင်က သီချင်းညည်းနေသည်။

“မင်းက အရမ်းအလိုက်သိတာပဲ။ ကောင်းတယ်။ ငါ နှစ်သစ်ကူးအိမ်ပြန်ရင် မင်းဖို့ အနီရောင်စာအိတ်ကြီးပေးမယ်။”

လုမင် - “....”

သေစမ်း၊ မင်းက ဒီဟာသကို ဒီလောက်မြန်မြန်ပြန်ဖြေနိုင်တာလား။

လုရွှင်ရဲ့ အကျင့်စရိုက်က စာတမ်းထဲမှာ ရေးထားတဲ့အချက်တွေနဲ့ ဘာလို့တူနေရတာလဲ။

လုမင်၏အတွေးများက စားသောက်ပြီးချိန်ထိ ပရမ်းပတာဖြစ်နေသည်။ ယဲ့ယောင်း သန့်စင်ခန်းသွားချိန်တွင် အခွင့်အရေးကို ချက်ချင်းယူကာ လုရွှင်အား မေးခွန်းတစ်ခု မေးလိုက်သည်။

“ကောကို ဒီလိုမျိုး တစ်ခါမှမမြင်ဖူးဘူး။ ကော ဖြောင့်သေးရဲ့လား”

လုရွှင်၏မျက်နှာမှာ အနည်းငယ်ပြောင်းလဲသွားပြီး နှာမှုတ်လိုက်သည်။

"မင်း အားအားယားယား ရန်ဖြစ်ချင်နေတာလား။ မင်း ဂေးဖြစ်သွားရင်တောင် ငါကတော့ ဘယ်တော့မှ မဂေးဘူး"

“ဒါပေမဲ့…”

လုမင်က ခေတ္တရပ်လိုက်ပြီး သင့်တော်သော စကားကို ရွေး၍ သတိထားပြောလိုက်သည်။

“ကော၊ အထူးသဖြင့် ကော ယဲ့ယောင်းနဲ့ အတူရှိတဲ့အချိန် တစ်ခါတလေမှာ နည်းနည်းလေး ဂေးသလို ပြုမူမိနေတာကိုရော သတိထားမိရဲ့လား။”

လုရွှင် မျက်မှောင်ကြုတ်လိုက်သည်။

သူ ဘာပြောရမလဲတွေးနေသလိုမျိုး စားပွဲကို လက်ညိုးနှင့် ပွတ်သပ်ရင်း နောက်ဆုံးတွင် မျက်လုံးပင့်ကြည့်လာသည်။

"မင်းမှာ ဒီလို အရင်းနှီးဆုံးသူငယ်ချင်းမရှိတော့ နားလည်မှာ မဟုတ်ဘူး။"

လုရွှင်က ဖြည်းညင်းစွာ ‌ပြောလိုက်သည်။

"မင်းအမေက မင်းကို ဟင်းသီးဟင်းရွက်တွေ ကျွေးသလိုပဲ၊ ဒါက အချစ်ကြောင့်မဟုတ်ဘဲ မိသားစုစေတနာနဲ့ ကျွေးတာ"

“ဒါပေမဲ့…”

လုမင်က မသိစိတ်မှ ပြန်လည်ချေပချင်သေးသော်လည်း လုရွှင်က ကြားဖြတ်လိုက်သည်။

"အားလုံးကို ခံစားချက်လို့ မင်း ဘယ်လိုတောင် တဲ့တိုးအနှစ်ချုပ်လိုက်တာလဲ။ မင်းရဲ့ အတွေ့အကြုံက ခေတ်နောက်ကျနေပြီ၊ အပ်ဒိတ်လုပ်ရမယ့်အချိန်ရောက်ပြီ။ ငါက ဂေးမဖြစ်နိုင်ဘူး၊ ငါက မင်းထက် ပိုသိမှာမဟုတ်ဘူးလား။"

လုရွှင်က သူ့အခြေအနေနှင့် ပတ်သက်၍ သေချာလွန်းသဖြင့် လုမင်မှာ မိမိကိုယ်ကို သံသယစိတ်များ ဖြစ်ပေါ်လာသည်။

အဲ့လိုဆိုတော့လည်း အဲဒါက အဓိပ္ပာယ်ရှိပုံရတာပဲမလား။

လုရွှင်သာ အမှန်တကယ်ဂေးသွားရင် ဖုံးကွယ်ထားစရာမလိုချေ။

လုရွှင်သာ အဖြောင့်ဆိုရင် ယဲ့ယောင်းကရော ဘယ်လိုလဲ...

လုရွှင်ကို ချစ်တဲ့သူက ဘာအမှားလဲဆိုတာ အေးအေးဆေးဆေးခွဲခြမ်းစိတ်ဖြာနိုင်တဲ့ အဖြောင့်လိုလူလား...

ယဲ့ယောင်းက တစ်ခုခုမှားနေသည်ဟု သူခံစားမိနေဆဲ။

ခြုံငုံကြည့်ရန်မှာ တစ်နေ့တာမျှဆက်သွယ်မှုက တိုတောင်းလွန်းသဖြင့် ပိုမိုကြာရှည်စွာ စောင့်ကြည့်ရန် လိုအပ်သည်။

လုမင်က ခဏမျှစဉ်းစားပြီး လုရွှင်ကို မေးလိုက်သည်။

"ကော၊ ဆောင်းရာသီအားလပ်ရက်မှာ ကျွန်တော်တို့နဲ့ကစားဖို့ ယဲ့ယောင်းကို ခေါ်သွားဖို့ အစီအစဉ်ရှိလား"

"ဒါပေါ့ ငါခေါ်သွားမှာ။”

လုရွှင်က ဖုံးကွယ်မထားချေ။

"တရုတ်နှစ်ကူးဆိုရင် သူ့ပြည်နယ်ဘက်မှာ နှင်းမကျဘူးလေ။ နွေဦးပွဲတော်မှာ နှင်းတွေကျရင် ဘယ်လိုဖြစ်မလဲဆိုတာ သူလည်းမသိဘူးလို့ ပြောတယ်။ ငါ သူ့ကို ဒီနှစ်တော့ အိမ်ပြန်ခေါ် လို့ရမလား ကြည့်လိုက်ဦးမယ်။"

လုမင်က ဝမ်းသာအားရခေါင်းညိတ်လိုက်သည်။

သူ့အတွက် နွေဦးပွဲတော်အတွင်း လုရွှင်၏ အိမ်သို့ သွားရောက်လည်ပတ်ခြင်းက လွယ်ကူသည်။ ထိုမှသာ သူသည်လည်း ယဲ့ယောင်းကို ပို၍အနီးကပ်ကြည့်ရှုနိုင်လိမ့်မည်။

ယဲ့ယောင်း လုရွှင်ကို သဘောကျနေတာ သေချာရင် သူက ယဲ့ယောင်းကို ဆက်ပြီး စောင့်ကြည့်နေဦးမယ်...စောင့်ကြည့်တာက လွဲပြီး သူ ဘာလုပ်နိုင်ဦးမှာလဲ။

လုရွှင်၏ ညီတစ်ယောက်အနေဖြင့် လုရွှင်က လိင်တူချစ်သူများကို မုန်းတီးသူဖြစ်ကြောင်း သူသေချာပေါက်ပြောနိုင်၏။ သို့မဟုတ် သူက ယဲ့ယောင်းနှင့် နှစ်ကိုယ်ကြားစကားပြောနိုင်ပြီး လုရွှင်နှင့် ခပ်ဝေးဝေးနေရန် ပြောနိုင်သည်။

သူက ထိုစုံတွဲကို ခွဲချင်လို့ မဟုတ်ဘဲ အတိတ်က သင်ခန်းစာတွေကို ရှင်းရှင်းလင်းလင်း မှတ်မိနေသေးလို့သာ...

လုရွှင်က ယောက်ျားများကို မကြိုက်သောကြောင့် အဆုံးတွင် ယဲ့ယောင်း၏မျက်နှာကို ဆုတ်ဖြဲမိမည့် ရုပ်ဆိုးသောမြင်ကွင်းကို စောင့်မျှော်နေမည့်အစား သူလည်း စောစောစီးစီး ထွက်သွားနိုင်သည်။

***

လုမင်ကို ပြန်ပို့ပြီးနောက် နောက်ဆုံးစာမေးပွဲအတွက် ပြင်ဆင်ချိန်တန်ပြီ။

ယဲ့ယောင်းက သူ့ပညာသင်ဆုကို မဆုံးရှုံးချင်သောကြောင့် စာမေးပွဲတိုင်းအတွက် ဂရုတစိုက် ပြန်လည်သုံးသပ်ပြီး ပြင်ဆင်နေသည်။

စောစောထကာ အတန်းတက်ခဲ့ပြီး နောက်ကျမှ စာကြည့်တိုက်မှ ပြန်လာခြင်းက သူ့အတွက် အခြေခံလုပ်ရိုးလုပ်စဉ်ဖြစ်ပြီး လုရွှင်ကလည်း သူနှင့် အမြဲအတူရှိနေသည်။

အိပ်ဆောင်မှ စာကြည့်တိုက်သို့ သွားရာလမ်းတွင် အပူပေးစက်မရှိ၍ ဟိုဟိုဒီဒီသွားချိန်တိုင်း အအေးမမိစေရန် သူတို့စိတ်ဆန္ဒနှင့် အခြားနည်းလမ်းများကို အသုံးပြုရမည်။

လုရွှင်က ယဲ့ယောင်းလက်ကို အိတ်ကပ်ထဲ ထည့်ကာ နူးနူးညံ့ညံ့ဆုပ်ကိုင်ထားပြီး ကိုင်မရသော ကျန်လက်တစ်ဖက်အတွက် အနည်းငယ်ဝမ်းနည်းသွားသည်။

လုရွှင်က လေးနက်သောအမူအရာဖြင့်...

"မင်းအတွက် လက်နွေးအိတ်လေးတစ်ခုဝယ်ပေးဦးမယ်၊ မင်းလက်တစ်ဖက်က ငါ့ကြောင့် နွေးနေချိန် ကျန်လက်တစ်ဖက်က လက်နွေးအိတ်ကြောင့် နွေးနေမှာ၊ ဒါဆို မင်း အေးတော့မှာ မဟုတ်ဘူး။”

"ငါ မအေးပါဘူး"

ယဲ့ယောင်းက ညင်သာစွာ ပြန်ဖြေလိုက်သည်။

"ဒီစကားနဲ့ တခြားသူတွေကို လိမ်ပြောနိုင်ပေမဲ့ ငါ့ကိုတော့ လှည့်စားလို့မရဘူး"

လုရွှင်က နှာရှုံ့လိုက်သည်။

"မင်း ဘာလို့ ငါ့ကို မလှည့်စားနိုင်တာလဲ သိလား၊ မင်း အအေးမိတာနဲ့ ငါ့နှလုံးသားက နာကျင်နေတာမို့လို့”

ယဲ့ယောင်း၏ မျက်တောင်များ အနည်းငယ်တုန်ရီသွားသည်။

နှင်းများက သူတို့ပခုံးပေါ်နှင့် အနက်ရောင်ဆံပင်များပေါ်တွင် ကျဆင်းလာပြီး မျက်နှာပြင်ကို အဖြူအလွှာများဖြင့် ဖြည်းညင်းစွာ ဖုံးလွှမ်းသွားကာ ဆံပင်ဖြူဖြူအဘိုးအိုနှင့်ပင် ခပ်ဆင်ဆင်တူနေသည်။

လုရွှင်၏ လက်က ချမ်းအေးသော ဆောင်းရာသီတွင် မီးဖိုရှေ့တွင် ရပ်နေရသလိုမျိုး အလွန်နွေးထွေးသော်လည်း ထိုအပူက တစ်စုံတစ်ယောက်အတွက်သာဖြစ်သည်။

သူ့ဆုံးဖြတ်မှုကို ထိခိုက်စေမည့် ရင်းနှီးသော ရုပ်ပိုင်းဆိုင်ရာထိတွေ့ဆက်ဆံမှုမျိုး မရှိခဲ့သော်ငြားလည်း ယဲ့ယောင်းက ထိုကဲ့သို့ တိတ်ဆိတ်သော အမူအရာဖြင့် ဘေးချင်းကပ် လျှောက်လာရင်း နှလုံးသားထဲတွင် ထိန်းမနိုင်သိမ်းမရ တုန်ခါသွားခြင်းမျိုး ခံစားမိနေဆဲ။

လုရွှင်၏ လက်ချောင်းများက သူ့လက်ချောင်းများနှင့် ရောယှက်ထားသည်။ သူနည်းနည်း လှုပ်လိုက်သည်နှင့် လုရွှင်၏ လက်ချောင်းများက သူ့လက်ကို ပိုင်စိုးပိုင်နင်းပုံစံဖြင့် တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားလိမ့်မည်။ နေရာအနည်းငယ်သာရှိသော အိတ်ကပ်ထဲတွင် လက်နှစ်ဖက်က တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားကြသည်။

ယဲ့ယောင်း၏ အသံက ပျော့ပျောင်းညင်သာနေသည်။

"ငါ နောက်ဆုံးအကြိမ်တုန်းက ပြောခဲ့သေးတယ်မလား...စကားပြောရင် ဒီလိုမျိုးမပြောနဲ့လို့၊ ငါ ကျင့်သားမရဘူး ဟုတ်ပြီလား။ ”

"အာ၊ ငါ မေ့သွားလို့ပါ။ ငါ ဒါကို ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တာ မဟုတ်ဘူး၊ ဒါက မင်းနဲ့ဆို ပြောနေကျဖြစ်နေလို့။”

လုရွှင်က ဇဝေဇဝါဖြင့် ပြောလိုက်သည်။

ယခင်က ယဲ့ယောင်းပြောစကားကို သူ သတိရမိသော်လည်း တစ်ချိန်တည်းမှာပင် သူ့ကိုယ်ပိုင် ယူဆချက်ကိုလည်း သတိရသွားသည်။ အမှန်တကယ်တွင် ယဲ့ယောင်းသည်လည်း သူထိုစကားများပြောခြင်းအပေါ် ကြိုက်နှစ်သက်သော်လည်း သူက ခေါင်းမာပြီး စကားနားမထောင်ချေ။ ထိုစကားမျိုးကို ဆက်ပြောခြင်းက သူတို့နှစ်ယောက်၏ ဆက်ဆံရေးကို ပိုမိုရင်းနှီးစေမည့် တံတားတစ်စင်းဖြစ်နိုင်၏။

သူ ထိုအရာကို ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့ခြင်းပင်။

ယဲ့ယောင်းက ပြန်မဖြေတော့ဘဲ လုရွှင်၏ ဆွဲခေါ်ရာ ကျောင်းလမ်းအတိုင်း လျှောက်လာခဲ့သည်။ နှင်းဖြူဖြူများပေါ်ရှိ ခြေလှမ်းတိုင်းက သူ့နှလုံးသားကို နင်းသွားသလိုပင်။

နောက်ဆုံးစာမေးပွဲပြီးနောက် မကြာခင်တွင် ဆောင်းရာသီအားလပ်ရက်တစ်လကျော် ရှိလာတော့မည်။ တစ်လကျော်အတွင်း သူက လုရွှင်ကို မမြင်ရ၍ သူ့ခံစားချက်များကို ဖြည်းညင်းစွာ ထိန်းချုပ်ပြီး အတွေးများကို ချိန်ညှိနိုင်လိမ့်သည်။

သူက ကောင်းကင်မှ ကျွမ်းဘားကစားသမားကဲ့သို့ ခြေလှမ်းတိုင်းကို အမှားမကျူးလွန်ဝံ့ချေ။ ယခုသာ ဝိုင်ယာကြိုးပြတ်သွားပါက ပြုပြင်ရမည် သို့မဟုတ် တစ်နေ့တွင် သူတစ်ယောက်တည်း ကျန်ခဲ့လိမ့်မည်။

လုရွှင်နှင့် ဝေးဝေးနေမည့် သူ့အတွေးကို ထိန်းချုပ်ရန် တစ်လကျော်က လုံလောက်၏။

ဤလတွင် လုရွှင်မရှိပါက ယဲ့ယောင်းကိုယ်တိုင် ဘာဖြစ်မည်မှန်းမသိချေ။ ကံကောင်းစွာဖြင့်၊ အချိန်ရှိသေးသည်။

***

ယဲ့ယောင်းရေချိုးနေစဉ် လုရွှင်က သီချင်းညည်းကာ လက်ကိုင်ဖုန်းကို ထုတ်၍ ယဲ့ယောင်းမေမေ၏ WeChat ကို ဖွင့်လိုက်သည်။

သူက စကားကောင်းများစွာ ပြော၍ ယဲ့ယောင်းမေမေအား ပျော်ရွှင်စွာ ရယ်မောစေခဲ့ပြီး အဆုံးသတ်တွင် သူ့ပန်းတိုင်သို့ ရောက်ရှိခဲ့သည်။

[ဒေါ်ဒေါ်ရေ၊ ကျွန်တော် တရုတ်နှစ်သစ်ကူးမှာ ဒေါ်ဒေါ်တို့အိမ်ဆီ လာလည်ချင်လို့။ ပြီးတော့ ယဲ့ယောင်းကိုလည်း မြောက်ဘက်မှာရှိတဲ့ နွေဦးပွဲတော်ကို သွားကြည့်ဖို့ ခေါ်သွားချင်တယ်။ ဖြစ်မလားဟင်။]

ယဲ့ယောင်း၏ အမေက နူးညံ့သိမ်မွေ့စွာ ပြောလိုက်သည်။

[အဆင်ပြေတာပေါ့ သားရဲ့။ ဒေါ်လေးတို့မိသားစုက အပြင်မထွက်ဘူးလေ။ သား လာချင်တဲ့ အချိန်တိုင်း ကြိုဆိုပါတယ်။]

လုရွှင် - [ကျေးဇူးပါ ဒေါ်ဒေါ်၊ ဒါဆို နှစ်သစ်ကူးဒုတိယနေ့မှာ ကျွန်တော်လာခဲ့ပါ့မယ်။ ကျေးဇူးပြုပြီး ယဲ့ယောင်းကို အရင်လျှို့ဝှက်ထားပေးဦးနော်။ နောက်မှ ကျွန်တော် ယဲ့ယောင်းကို အံ့ဩသွားအောင် လုပ်မလို့ပါ။]

ယဲ့ယောင်း၏ အမေက အံ့အားသင့်သွားသည်။

[နှစ်သစ်ကူးဒုတိယနေ့လား၊ မင်းမိသားစုက ဘာမှမပြောဘူးလား။]

လုရွှင် - [မပြောပါဘူး ဒေါ်လေး၊ သူတို့က ယဲ့ယောင်းကိုလည်း အရမ်းသဘောကျတာ၊ ကျွန်တော်က သူနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတယ်ဆိုတာ အားလုံးသိကြတယ်လေ။ ကျွန်တော် အဲ့ဒါကို ကောင်းကောင်းတန်ဖိုးထားပါ့မယ်။]

ယဲ့ယောင်း၏အမေက ရယ်မောလိုက်သည်။

[တကယ်တော့ ဒီခေတ်မှာ ဒီလောက်ရင်းနှီးတဲ့ ခင်မင်မှုရဖို့ဆိုတာ မလွယ်ဘူး။ ဒီဆက်ဆံရေးကို သား ကောင်းကောင်းထိန်းသိမ်းနိုင်မယ်လို့ မျှော်လင့်ပါတယ်။]

ယဲ့ယောင်း၏ အမေနှင့် စကားစမြည်ပြောပြီးနောက် လုရွှင်က နှစ်သစ်ကူးဒုတိယနေ့တွင် အိမ်မှ ယဲ့ယောင်းအိမ်သို့ သွားရန် လေယာဉ်လက်မှတ်ကို ပျော်ရွှင်စွာ ကြိုတင်မှာယူခဲ့သည်။

ပြီးခဲ့သည့် ဆောင်းရာသီအားလပ်ရက်တွင် သူ ယဲ့ယောင်းအား တစ်လမျှမတွေ့ရ၍ ခက်ခဲလွန်းသည်ဟု ခံစားခဲ့ရသည်။ နေ့တိုင်းဗီဒီယိုကောလ်ခေါ်လျှင်ပင် သိပ်အဆင်မပြေသေးချေ။

ယခုနှစ်တွင် နှစ်သစ်ကူးဒုတိယမြောက်နေ့တွင် သူက ယဲ့ယောင်းနှင့် အတူရှိနိုင်ပြီ။ သူ လက်ချိုးရေတွက်ခဲ့ရသော ခွဲခွာရသည့် နေ့ရက်များက အလွန်တိုတောင်းသွားပြီ။

ယဲ့ယောင်းက သူ၏ ရုတ်တရက်ရောက်ရှိလာမှုအပေါ် အလွန်ပျော်သွားမည်မှာ သေချာ၏။

***********

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment