အခန်း - (၆)
ကျင့်စဉ်တစ်ခုကို လေ့ကျင့်ရာတွင် ကမ္ဘာလောက၏ ဝိညာဉ်စွမ်းအင်များကို စုပ်ယူကာ ခန္ဓာကိုယ်၏ သွေးကြောအဖွဲ့အစည်းနှင့် အရိုးအဆစ်များတစ်လျှောက် လှည့်ပတ်စီးဆင်းစေပြီး စက်ဝန်းငယ်နှင့် စက်ဝန်းကြီးများကို အကြိမ်ကြိမ် ဖြတ်သန်းရသည်။
ဤလုပ်ငန်းစဉ်ကို ၈၁ ကြိမ်တိုင်တိုင် ပြုလုပ်ရခြင်းက ကျင့်ကြံသူတစ်ဦးအတွက် ပုံမှန်လုပ်ဆောင်ရမည့် အခြေခံကျင့်စဉ်ပင် ဖြစ်သည်။
လော့ကျန့်ချင်းသည် တစ်ကျော့ပြန် ပြန်လည်မွေးဖွားလာသည့် နေ့မှစ၍ ဝိညာဉ်စွမ်းအင်များကို ယခင်ကဲ့သို့ အလွယ်တကူ စုပ်ယူ၍ မရတော့ကြောင်း သတိပြုမိလာသည်။ ယခင်က ဝိညာဉ်စွမ်းအင်များသည် သူနှင့်အတူ ဆော့ကစားတတ်သည့် အင်အားကြီးမားပြီး ရိုးသားသော ကလေးငယ်များကဲ့သို့ ရှိခဲ့သော်လည်း ယခုမူ သူ့ကို ဝေးဝေးမှ ရှောင်ဖယ်နေကြလေပြီ။
သူသည် ကျင့်စဉ်ကို မည်မျှပင် ကြိုးစားအားထုတ်၍ လေ့ကျင့်စေကာမူ သူ့ခန္ဓာကိုယ်၏ သုံးဖာလုံ ပတ်လည်အတွင်း၌ မည်သည့် ဝိညာဉ်စွမ်းအင်မျှ ရှိမနေခဲ့ပေ။
လော့ကျန့်ချင်း လေ့ကျင့်နေသည်က ယွီရှောင်တောင်ထိပ်၏ လျှို့ဝှက်ကျင့်စဉ်ဖြစ်သော ‘စစ်မှန်သော ပွင့်ချပ်ကိုးခုကြာပန်းကျင့်စဥ်’ ပင်။ ၎င်းက ထိုက်ဟွာတောင်တစ်ခုလုံး၏ အမြင့်ဆုံးသော လျှို့ဝှက်ချက်ဖြစ်ပြီး ထိုက်ဟွာတောင်ကို စတင်တည်ထောင်ခဲ့သည့် ဘိုးဘေးကြီးသည်ပင် ဤကျင့်စဉ်ကို အသုံးပြု၍ နတ်ဘုရားအဖြစ် အဆင့်တက်ကာ အထက်ကောင်းကင်ဘုံသို့ ကြွမြန်းခဲ့သည်ဟု ဆိုကြသည်။
‘စစ်မှန်သော ပွင့်ချပ်ကိုးခုကြာပန်းကျင့်စဉ်’ တွင် ပြဿနာရှိနေခြင်း မဟုတ်သည်က သေချာပြီး ဝိညာဉ်စွမ်းအင်များကသာ သူ့အနားသို့ မလာချင်ကြခြင်းဖြစ်သည်။
လော့ကျန့်ချင်းသည် တရားထိုင်ဖျာပေါ်တွင် ထိုင်နေရင်း အချိန်အတော်ကြာ စဉ်းစားသော်လည်း အဖြေရှာမရခဲ့ပေ။ ပြန်လည်မွေးဖွားလာပြီးနောက် သူ၏အဆင့်သည် ရွှေရောင်အမြုတေအလယ်အဆင့်တွင် တည်ငြိမ်နေသော်လည်း ယခုမူ အလယ်အဆင့်၏ အစမှတ်သို့ ပြန်လည်ကျဆင်းသွားခဲ့ပြီ ဖြစ်သည်။ အကယ်၍ ဤသို့သာ ဆက်သွားနေပါက တစ်နှစ်အတွင်း ရွှေရောင်အမြုတေ ကနဦးအဆင့်သို့ ပြန်လည်ကျဆင်းသွားလိမ့်မည်။
ဝါးအိမ်လေးထဲတွင် တစ်လကြာ တရားထိုင်ပြီးနောက် လော့ကျန့်ချင်းသည် မတ်တတ်ရပ်ကာ ကျယ်ပြောလှသော ကောင်းကင်ယံကို မော့ကြည့်ရင်း ရုတ်တရက် အတွေးတစ်ခု ဝင်လာသည်။
‘ဒါဟာ ကောင်းကင်ဘုံက ငါ့ကို လက်မခံတော့တာလား။’
ကမ္ဘာလောက၏ အလိုဆန္ဒသည် သူ့ကို ပြန်လည်ကာ မဖြေကြားနိုင်သော်လည်း ဆက်လက်၍ မတိုးတက်နိုင်ဘဲ တဖြည်းဖြည်း ကျဆင်းလာနေသည့် အခြေအနေက လော့ကျန့်ချင်းအတွက် အဖြေတစ်ခု ဖြစ်နေခဲ့ပြီ။
သို့သော် လော့ကျန့်ချင်းသည် ဒေါသမထွက်ခဲ့ပေ။ မတရားသော ကောင်းကင်ဘုံ၏ အလိုဆန္ဒကို သူက နဂိုကတည်းက မုန်းတီးပြီးသား ဖြစ်သည်။ သူရှိနေသည့် ကမ္ဘာကြီးက စာအုပ်တစ်အုပ်မျှသာဖြစ်ကြောင်း သိထားသော်လည်း ကျင့်ကြံသူဟူသည် မိမိ၏စိတ်နှလုံးနှင့် မိမိကိုယ်ကိုသာ ကျင့်ကြံရခြင်း ဖြစ်သည်။ စာအုပ်ထဲမှ ဇာတ်ကောင်တစ်ခုမျှသာ ဖြစ်နေပါစေဦးတော့ သူသည် လော့ကျန့်ချင်းပင်ဖြစ်သည်။ “ရုပ်ရည်ချောမောသော်လည်း စိတ်ထားယုတ်မာပြီး မနာလိုဝန်တိုသူ” ဟု ရေးသားခံထားရသော လူစားမျိုး မဟုတ်ပေ။
အင်း...မနာလိုဝန်တိုတဲ့ စိတ်ကလေး နည်းနည်းတော့ ရှိတာပေါ့လေ။
သူက အများကြီး ထပ်မစဉ်းစားတော့ဘဲ တပည့်သစ်များ၏ ပထမဆုံးသော အတွေ့အကြုံခရီးစဉ်အတွက် ပြင်ဆင်စရာ ရှိသည်များကို ပြင်ဆင်လိုက်သည်။ လိုအပ်သည်များကို စုဆောင်းကာ သိုလှောင်လက်စွပ်ထဲ ထည့်ပြီးနောက် ခရီးစဉ်အတွက် တာဝန်ခံအကြီးအကဲထံသို့ သွားရောက်ကာ အမိန့်ပေးတံဆိပ်ကို ထုတ်ယူခဲ့သည်။
ထိုက်ဟွာတောင် အဖွဲ့ခေါင်းဆောင်တံဆိပ်ကို ရရှိပြီးနောက် ဆန်းရွှမ်းတောင်ထိပ်မှ ပြန်ဆင်းလာစဉ် ကောင်းကင်ယံဆီမှ သူ့ထံသို့ ပျံသန်းလာသော မီးလုံးတစ်လုံးကို မြင်လိုက်ရသည်။ သူသည် ဗီဇအရပင် လှည့်ထွက်သွားရန် ပြင်လိုက်သော်လည်း ခြေလှမ်းနှစ်လှမ်းမျှသာ လှမ်းလိုက်ရသေးသည်တွင် နောက်ဘက်မှ မကျေမနပ် အသံတစ်သံ ထွက်ပေါ်လာသည်။
“တာ့ရှစ်ရှုန်း... ကျွန်မကို မြင်တာနဲ့ ဒီလိုကြီး လှည့်ပြေးဖို့ လိုလို့လား။”
လော့ကျန့်ချင်းက တစ်ချက်ရယ်လိုက်ပြီးနောက် အားနာနာနှင့်ပင် လှည့်ကြည့်လိုက်ရာ သူ၏ရှစ်မေ့ကို တွေ့လိုက်ရသည်။
သူ(မ)က ပါးလွှာသော အနီရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး ဝိုင်းစက်သော မျက်ဝန်းလေးများနှင့် မျက်ခုံးတန်းလေးများကို ကျုံ့ထားလျက်ရှိသည်။ သူ(မ)သည် အလွန်လှပသော်လည်း မာနကြီးပြီး ခေါင်းမာတတ်သော စရိုက်ကြောင့် အမျိုးသမီးများတွင် ရှိတတ်သည့် နုနယ်ပျော့ပျောင်းမှုမျိုး မရှိပေ။ ထိုအစား ထွန်းလင်းတောက်ပနေသော နေမင်းကြီးကဲ့သို့ အရှိန်အဝါများ ဖြာထွက်နေသူဖြစ်သည်။
ထိုက်ဟွာတောင်၏ ထူးချွန်သော တပည့်ခုနစ်ဦးဖြစ်သည့် ‘ထိုက်ဟွာခုနစ်ဖော်’ သည် လူငယ်ကျင့်ကြံသူများကြားတွင် အလွန်ထင်ရှား၏။
လော့ကျန့်ချင်းသည် အသက်အကြီးဆုံး မဟုတ်သော်လည်း ကျင့်ကြံသည့်အဆင့်တွင် အမြင့်ဆုံးဖြစ်သောကြောင့် အားလုံးက ‘တာ့ရှစ်ရှုန်း’ ဟု လေးစားစွာ ခေါ်ဆိုကြသည်။ ကျန်ရှိသော ခြောက်ဦးသည် ရွှေရောင်အမြုတေအစောပိုင်းအဆင့်များ ဖြစ်ကြပြီး ပြင်ပလောကတွင် အထင်ကြီးစရာ ကောင်းသော်လည်း ထိုက်ဟွာတောင်တွင်မူ သူတို့အားလုံးက တပည့်များသာ ဖြစ်ကြသေးသည်။
လော့ကျန့်ချင်းက သက်ပြင်းချရင်း ပြောလိုက်သည်။
“ရှစ်မေ့... မင်းကို ငါမမြင်လိုက်လို့ပါ။”
မုန့်ထျန်းရှင်းက မယုံကြည်သလို နှုတ်ခမ်းစူကာ ပြောသည်။
“ရှစ်ရှုန်းက အရင်ကဆို ကျွန်မနာမည်ကိုပဲ ခေါ်တာ။ အခုမှ ‘ရှစ်မေ့’ လို့ ခေါ်နေတယ်။”
သူ(မ)သည် စကားပြောရင်း ရှေ့သို့ တစ်လှမ်းတိုးလာရာ လော့ကျန့်ချင်းက နောက်သို့ တစ်လှမ်းဆုတ်လိုက်ရသည်။ ဆန်းရွှမ်းတောင်ခြေရှိ ကျဉ်းမြောင်းသော လမ်းကလေးပေါ်တွင် တစ်ယောက်တိုး တစ်ယောက်ဆုတ်ဖြင့် ဖြစ်နေရာ တပည့်အချို့ကလည်း စပ်စုသော မျက်လုံးများဖြင့် ကြည့်နေကြသည်။ တောင်ထိပ်သို့ ပြန်ရောက်ခါနီးမှ လော့ကျန့်ချင်းက ရပ်လိုက်ပြီး မေးလိုက်သည်။
“ထျန်းရှင်း...ငါ့ကို တစ်ခုခု ပြောစရာရှိလို့လား။”
“ထျန်းရှင်း” ဟု ခေါ်လိုက်သည်နှင့် မိန်းကလေးငယ်လေး၏ မျက်နှာတွင် ချက်ချင်းပင် အပြုံးများ ဝေဆာသွားသည်။ သူ(မ)သည် စိတ်လှုပ်ရှားမှုကို ဖုံးကွယ်ရန် ချောင်းဟန့်လိုက်ပြီးနောက် ပြောလိုက်သည်။
“ရှစ်ရှုန်း... ရှစ်ရှုန်းက တပည့်သစ်တွေကို ဦးဆောင်ပြီး လေ့ကျင့်ရေးခရီးသွားမယ်လို့ ကြားလို့။ လမ်းခရီးမှာ သုံးနိုင်အောင် ကျွန်မကိုယ်တိုင် ဖော်စပ်ထားတဲ့ ဆေးလုံးတချို့ လာပေးတာ။”
လော့ကျန့်ချင်းသည် ကျောက်စိမ်းပုလင်းငယ် သုံးလုံးကို လှမ်းယူလိုက်ရင်း ရယ်ရခက်၊ ငိုရခက် ဖြစ်သွားသည်။
“ဒါပဲလား။”
မုန့်ထျန်းရှင်းက အလေးအနက် ခေါင်းညိတ်ပြ၏။
“ဟုတ်တယ်၊ ဒါပါပဲ။”
သူ(မ)၏ မျက်လုံးကြီးများက လော့ကျန့်ချင်းကို စိုက်ကြည့်နေပြီး လက်ကလေးများကို အင်္ကျီလက်ထဲတွင် ဆုပ်ခြေနေသည်။ သူက သူ(မ)၏ စေတနာကို လက်မခံမည်ကို စိုးရိမ်နေသည့်ပုံပင်။
လော့ကျန့်ချင်းက ကျောက်စိမ်းပုလင်းများကို ခဏကြည့်ပြီးနောက် သိုလှောင်လက်စွပ်ထဲ ထည့်လိုက်ကာ ပြောလိုက်သည်။
“ရှစ်မေ့... စစ်ရှစ်တိက သူ့အတွက် တတိယအဆင့် ဆေးလုံးတစ်လုံး ဖော်စပ်ပေးဖို့ တောင်းဆိုထားတယ်ဆိုတာ ရှစ်ရှုန်းမှတ်မိတယ်။ အခု ရှစ်ရှုန်းအတွက် ဆေးတွေ ဖော်ပေးလိုက်တော့ သူ့အတွက် ဆေးကရော ဘယ်လိုလုပ်မလဲ။”
မုန့်ထျန်းရှင်းက ဂရုမစိုက်ဟန်ဖြင့် လက်ယမ်းပြကာ အေးအေးဆေးဆေးပင် ပြောလိုက်သည်။
“ရှဲ့ကျိကျော့ကိုတော့ ဖြည်းဖြည်းပဲ စောင့်ခိုင်းလိုက်မယ်။”
လော့ကျန့်ချင်းက ချက်ချင်းပင် ရယ်မောလိုက်သည်။
“ရှစ်မေ့ရာ...”
ခဏအကြာတွင် မုန့်ထျန်းရှင်းသည် နဂိုရှိရင်းစွဲ ဂျောက်ဂျက်စရိုက်လေးများ ပျောက်ကွယ်သွားပြီး နူးညံ့စွာ ပြုံးလိုက်သည်။
သူတို့နှစ်ဦးသည် တောင်ပတ်လမ်းပေါ်တွင် ခဏမျှ စကားပြောဖြစ်ကြသော်လည်း မုန့်ထျန်းရှင်းက ဆေးဖော်ရန် အလျင်လိုနေသောကြောင့် ကြာကြာမနေနိုင်ခဲ့ပေ။ သူ(မ)က ထွက်သွားချိန်တွင် လော့ကျန့်ချင်းကို မပြတ်နိုင်သော အကြည့်များဖြင့် လှည့်ကြည့်သွားသေးသည်။
လမ်းအဆုံးသို့ ရောက်သောအခါ အနီရောင်ဝတ်စုံနှင့် မိန်းကလေးသည် ရုတ်တရက် ရပ်လိုက်ပြီး လော့ကျန့်ချင်းကို လှည့်ကြည့်ကာ အကျယ်ကြီး အော်ပြောလိုက်သည်။
“ရှစ်ရှုန်း... ကျွန်မက ရှစ်ရှုန်းကို အရင်ဘဝက အကြွေးတင်ခဲ့တာဖြစ်ဖြစ်၊ ရှစ်ရှုန်းကို ချစ်တာပဲဖြစ်ဖြစ်၊ အဲ့ဒါတွေက ကျွန်မကိစ္စပါ။ ကျွန်မကို ပြန်မချစ်တာက ရှစ်ရှုန်းကိစ္စ။ နောက်နောင် ကျွန်မကို ငြင်းချင်ရင် ‘ချစ်ရသူရှိပါတယ်’ ဆိုတဲ့ အကြောင်းပြချက်ကို မသုံးပါနဲ့လား။ အဲဒါက ကျွန်မနှလုံးသားကို အရမ်းနာကျင်စေလို့ပါ။”
လော့ကျန့်ချင်း ဘာမှပြန်မပြောနိုင်ခင်ပင် ထိုအနီရောင်ရိပ်လေးသည် အလွန်မြန်သော အရှိန်ဖြင့် ပျံသန်းထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။
မတ်စောက်သော တောင်လမ်းလေးပေါ်တွင် လော့ကျန့်ချင်းသည် ထိုအနီရောင်ရိပ်လေး ပျောက်ကွယ်သွားရာအရပ်ကို ငေးကြည့်နေမိသည်။
သူသည် သိုလှောင်လက်စွပ်ထဲမှ ဆေးပုလင်းသုံးလုံးကို ပြန်ထုတ်ကြည့်ရာ နှစ်ပုလင်းက ဒုတိယအဆင့် ဆေးလုံးများဖြစ်ပြီး ကျန်တစ်ပုလင်းတွင်မူ တတိယအဆင့် ဆေးလုံးများရှိနေသည်။ တတိယအဆင့် ဆေးလုံးတစ်လုံးကို ဖော်စပ်ရန်က ချင်းလန်တောင်ထိပ်မှ တိုက်ရိုက်တပည့်တစ်ဦးအတွက်ပင် လွယ်ကူသောအရာ မဟုတ်ပေ။ မုန့်ထျန်းရှင်းသည် ဤဆေးများကို တစ်လအတွင်း ရရှိရန်အတွက် ကောင်းကောင်းအိပ်စက်ခဲ့ပုံ မရပေ။
အစောပိုင်းက သူ(မ)၏ မျက်လုံးများတွင် သွေးကြောလေးများ ယှက်သန်းနေသည်ကို သတိရကာ သူသက်ပြင်းချလိုက်မိသည်။
“မင်းက ငါ့ကို အကြွေးတင်ခဲ့တာ မဟုတ်ပါဘူး... ငါကသာ မင်းကို အကြွေးတင်နေခဲ့တာပါ။”
သူ၏ တိုးတိုးလေး ရေရွတ်သံက လေထဲတွင် ပျောက်ကွယ်သွားပြီး မည်သူမျှ မကြားလိုက်ရပေ။ စိမ်းလဲ့လဲ့ အလင်းတန်းတစ်ခုသည် ဆန်းရွှမ်းတောင်ထိပ်မှ ယွီရှောင်တောင်ထိပ်သို့ ဦးတည်ပျံသန်းသွားလေသည်။
လော့ကျန့်ချင်းက သူ၏ ဝါးအိမ်လေးသို့ ပြန်လာကာ ကောင်းကင်ဘုံက သူ့ကို ခွင့်မပြုရခြင်း၏ အဖြေကို ရှာဖွေရန် တရားဆက်ထိုင်နေခဲ့သည်။
သူသည် သူ၏ ရှစ်မေ့ကို အချစ်ဖြင့် တုံ့ပြန်နိုင်မည် မဟုတ်သော်လည်း အနည်းဆုံးတော့ တစ်ခုကို ကတိပေးနိုင်သည်။
“ရှစ်မေ့... မင်းကို ဘယ်သူမှ အနိုင်ကျင့်လို့မရစေရဘူး။”
တစ်လဆိုသည့် အချိန်က လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။ လော့ကျန့်ချင်းသည် သူ၏ ‘ရွှမ်းဖူ’ ဓားကို မျက်ခုံးနှစ်ခုကြားသို့ ပြန်လည်သိမ်းဆည်းလိုက်ရာ နဖူးပေါ်တွင် အစိမ်းရောင် ဓားပုံစံ အမှတ်အသားတစ်ခု ပေါ်လာသည်။ သူသည် ဝတ်ဆင်ထားသော ယွီရှောင်တောင်ထိပ်၏ အဖြူရောင် ပိုးဝတ်စုံကို လဲလှယ်ကာ ရိုးရှင်းပြီး ပေါ့ပါးသော အပြာရောင် ဝတ်စုံကို ဝတ်ဆင်ပြီးနောက် အပြင်သို့ ထွက်လာခဲ့သည်။
ယွီရှောင်တောင်ထိပ်မှ မထွက်ခွာမီ လော့ကျန့်ချင်းသည် တောင်ထိပ်ပေါ်ရှိ ဝါးအိမ်လေးကို အကြာကြီး ငေးကြည့်နေခဲ့ပြီးမှ အကြည့်လွှဲကာ ပျံသန်းထွက်ခွာသွားသည်။
ယခုအကြိမ်တွင် တပည့်သစ် စုစုပေါင်း ၂၄ ဦးရှိပြီး ၎င်းက နှစ်ပေါင်းတစ်ရာအတွင်း အများဆုံး အရေအတွက်ပင် ဖြစ်သည်။
လေ့ကျင့်ရေးခရီးစဉ်သည် တပည့်သစ်တိုင်းအတွက် မဖြစ်မနေ လုပ်ဆောင်ရမည့် အရာဖြစ်ပြီး ယခုအကြိမ်တွင် လော့ကျန့်ချင်းက ဦးဆောင်သူဖြစ်သည်။ ဂိုဏ်းတော်မှလည်း လော့ကျန့်ချင်းကို ကူညီရန်နှင့် တပည့်သစ်များကို လမ်းပြရန်အတွက် အခြေခံတည်ဆောက်ခြင်းအဆင့်မှ တပည့်လေးဦးကို ထည့်ပေးလိုက်သည်။
လော့ကျန့်ချင်း ကူးပြောင်းရေးအခင်းအကျင်းဆီသို့ ရောက်ရှိချိန်တွင် တပည့်အသစ် ၁၂ ဦးက အခြေခံတည်ဆောက်ခြင်းအဆင့် တပည့်လေးဦးတို့နှင့် အရင်ဦးဆုံး ထွက်ခွာသွားခဲ့ကြပြီဖြစ်ကာ ကျန်ရှိနေသော တပည့် ၁၂ ဦးလုံးက သူ့ကို စပ်စုသော၊ အားကျသော၊ ကျေးဇူးတင်သော မျက်လုံးများဖြင့် ကြည့်နေကြသည်။
'နေပါဦး... ကျေးဇူးတင်တယ်လား။'
လော့ကျန့်ချင်း လှည့်ကြည့်လိုက်သောအခါ မိန်းကလေးငယ်လေး လျိုရှောင်ရှောင်က သူ့ကို လက်ယမ်းပြနေပြီး နှုတ်ခမ်းလှုပ်ရုံဖြင့် ပြောနေသည်ကို မြင်လိုက်ရသည်။
“ကျေးဇူးတင်ပါတယ် အစ်မကြီး။”
လော့ကျန့်ချင်း : “...”
‘မင်း အသံထွက်မပြောရင်တောင် ဘာပြောနေသလဲဆိုတာ ငါ သိတယ်ဟ။’
လော့ကျန့်ချင်းသည် တပည့်သစ် ၁၂ ဦးကို ကြည့်လိုက်ပြီး လျိုရှောင်ရှောင်၏ စူးရှသော အကြည့်ကို လျစ်လျူရှုလိုက်သည်။ သူသည် လက်တစ်ဖက်ကို နောက်ပစ်ကာ အေးစက်တည်ငြိမ်သော အရှိန်အဝါကို ထုတ်ဖော်လိုက်ရာ ထိုကလေးငယ်များ အသက်ရှူကျပ်သွားကြသည်။
လော့ကျန့်ချင်းက ခပ်အေးအေးပင် ပြောလိုက်၏။
“အားလုံး ကူးပြောင်းရေး အခင်းအကျင်းထဲကို ဝင်ကြ။ တစ်ယောက်နဲ့တစ်ယောက် လက်တွဲထားကြ၊ လူမကွဲစေနဲ့။ မင်းတို့အားလုံးက အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်နေကြပြီဆိုတော့ ကူးပြောင်းရေး အခင်းအကျင်းထဲ ဝင်တဲ့အခါ နည်းနည်း ခေါင်းမူးတာနဲ့ မူးဝေတာလောက်ပဲ ဖြစ်လိမ့်မယ်။ အဲ့ဒါကို ခဏလောက် သည်းခံလိုက်ရင် ပျောက်သွားလိမ့်မယ်။ ကဲ... တစ်ယောက်ချင်းစီ အထဲဝင်ကြတော့။”
ကလေးငယ်များက လိမ်မာစွာ ခေါင်းညိတ်ကြပြီး ကူးပြောင်းရေး အခင်းအကျင်းထဲသို့ ပျော်ရွှင်စွာ တစ်ယောက်ပြီးတစ်ယောက် ဝင်သွားကြသည်။
နောက်ဆုံးလူ ဝင်သွားပြီးနောက် လော့ကျန့်ချင်းသည် သူတို့ ၁၂ ဦး၏ ရှေ့တွင် ရပ်လိုက်သည်။ ကူးပြောင်းရေး အခင်းအကျင်းကို တာဝန်ယူထားသည့် တပည့်နှစ်ဦးကို ကြည့်ကာ ခေါင်းညိတ်ပြလိုက်ရာ ထိုနှစ်ဦးကလည်း “တာ့ရှစ်ရှုန်း” ဟု နှုတ်ဆက်ပြီး ကူးပြောင်းရေး အခင်းအကျင်းကို စတင်အသက်သွင်းရန် ဝိညာဉ်ကျောက်တုံးများကို နေရာချလိုက်ကြသည်။
တောက်ပသော အဖြူရောင်အလင်းတန်းသည် ကမ္ဘာလောကကြီးကို ချက်ချင်း ဖုံးလွှမ်းသွားပြီး များပြားလှသော ဝိညာဉ်စွမ်းအင်များက ကောင်းကင်သို့ ထိုးတက်သွားကာ လော့ကျန့်ချင်းနှင့် တပည့် ၁၂ ဦးကို ဝန်းရံလိုက်သည်။ ကူးပြောင်းရေးအခင်းအကျင်း၏ ဖိအား လော့ကျန့်ချင်းအတွက် အသေးအဖွဲဖြစ်သော်လည်း ကလေးငယ်များအတွက်မူ ဝိညာဉ်ပိုင်းဆိုင်ရာ တုန်လှုပ်မှုတစ်ခု ဖြစ်နေသည်။ ကလေးတစ်ယောက်၏ လဲကျတော့မည့်ပုံကို မြင်လိုက်ရသောကြောင့် လော့ကျန့်ချင်းသည် ခေါင်းခါရင်း လက်ကို ဝှေ့ယမ်းကာ ထိုကလေးအတွက် ဝိညာဉ်စွမ်းအင်၏ ဖိအားအချို့ကို ကာကွယ်ပေးလိုက်သည်။
နောက်တစ်စက္ကန့်တွင် ထိုကလေးငယ်က သူ့ကို မျက်ရည်ဝဲသော မျက်လုံးများဖြင့် ကျေးဇူးတင်စွာ ကြည့်နေသည်ကို တွေ့လိုက်ရသည်။
လော့ကျန့်ချင်း : “...ငါက စိတ်ကူးပေါက်လို့ ကူညီပေးလိုက်တာပါ။”
ကလေးငယ်က အလေးအနက် ခေါင်းညိတ်ကာ ပြောသည်။
“ကျေးဇူးတင်ပါတယ် တာ့ရှစ်ရှုန်း၊ တကယ်ကို ကျေးဇူးတင်ပါတယ်။”
ကျေးဇူးတင်နေသော ကလေးငယ်ကို ကြည့်ရင်း လော့ကျန့်ချင်း စိတ်ထဲတွင် ရယ်ချင်သလိုလိုနှင့် နွေးထွေးမှုကို ခံစားလိုက်ရသည်။
ကူးပြောင်းရေး အခင်းအကျင်းက သိပ်မမြန်လှသော်လည်း သူတို့ ၁၃ ဦး ကူးပြောင်းရေး မလုပ်ရသေးမီပင် ရွှေရောင်ဓားအလင်းတန်းတစ်ခုက ကောင်းကင်ယံကို ဖြတ်သန်းသွားသည်။ လော့ကျန့်ချင်း၏ စိတ်ထဲတွင် အသံတစ်သံကို ကြားလိုက်ရသည်။
“ကျန့်ချင်း... မင်းကို ကျင့်ကြံခြင်းမှာပဲ အာရုံစိုက်ဖို့ ငါမပြောထားဘူးလား။”
ထိုအသံသည် ပုံမှန်အတိုင်း အေးစက်နေသော်လည်း လော့ကျန့်ချင်းအတွက်မူ တစ်စုံတစ်ရာ အလျင်လိုနေသည့်ပုံစံမျိုး ခံစားလိုက်ရသည်။
ထိုအသံကို ကြားလိုက်ရချိန်တွင် လော့ကျန့်ချင်းမှာ ပထမတွင် တုန်လှုပ်သွားသော်လည်း နောက်မှ တဖြည်းဖြည်း တည်ငြိမ်သွားပြီး ပြန်လည် အကြောင်းပြန်လိုက်သည်။
“ရှစ်ဖူ... ကျွန်တော်က ထိုက်ဟွာတောင်ရဲ့ တပည့်ကြီးတစ်ယောက်အနေနဲ့ တပည့်သစ်တွေကို လေ့ကျင့်ရေးခရီး ဦးဆောင်ခေါ်သွားဖို့ တာဝန်ရှိပါတယ်။”
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ဝူယင်း၏ အသံသည် ပို၍နိမ့်ဆင်းသွားသည်။
“ကျန့်ချင်း... မင်း တကယ်ပဲ ထွက်သွားတော့မှာလား။”
လော့ကျန့်ချင်းက အံကြိတ်ကာ ပြောလိုက်၏။
“ရှစ်ဖူ... ကူးပြောင်းရေး အခင်းအကျင်းက အလုပ်လုပ်နေပါပြီ။”
ခဏမျှ စောင့်ကြည့်နေသော်လည်း ရှစ်ဖူက သူ့ကို ထပ်ပြီး စကားမပြောတော့ဟု လော့ကျန့်ချင်း ထင်မှတ်ခဲ့သည်။ သို့သော် မထင်မှတ်ဘဲ ရွှေရောင်ဓားအလင်းတန်းတစ်ခုသည် သူ့နဖူးဆီသို့ တည့်တည့်မတ်မတ် လာမှန်သည်။ လော့ကျန့်ချင်း၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ဓားကိုထုတ်ကာ ခုခံရန် ပြင်လိုက်သော်လည်း ဝူယင်း၏ ကြည်လင်ပြီး အေးစက်သော အသံကို စိတ်ထဲတွင် ထပ်မံကြားလိုက်ရသည်။
“ဒီနီရဲတဲ့ တံဆိပ်အမှတ်အသားမှာ ငါ့ရဲ့ စိတ်အာရုံ နည်းနည်းပါတယ်။ လမ်းခရီးမှာ မင်းသာ ကျင့်ကြံခြင်းကို ဂရုမစိုက်ဘဲ ပေါ့ပေါ့ဆဆနေရင် ငါချက်ချင်းသိလိမ့်မယ်။”
***
Aurora Novel Translation Team