no

Font
Theme

အခန်း - (၁၁.၁)

ကျယ်ပြောပြန့်ပြူးသော တောရိုင်းမြေပြင်ထက်တွင် တောင်တန်းဟူ၍ တစ်လုံးတစ်လေမျှပင် မရှိဘဲ၊ မြေအနိမ့်အမြင့်မညီသော ကုန်းမို့မို့များ၊ ချိုင့်များနှင့် ရေအိုင်ငယ်အချို့သာ ရှိသည်။

လော့ကျန့်ချင်းက ညာလက်တွင် ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး မျက်မှောင်ကြုတ်ကာ ပတ်ဝန်းကျင်ကို သတိကြီးစွာဖြင့် စူးစမ်းကြည့်လိုက်သည်။ သားရဲတစ်ကောင်၏ စူးရှရှ အော်သံများက အရပ်မျက်နှာအနှံ့မှ ပဲ့တင်ထပ်လျက် ထွက်ပေါ်နေပြီး၊ မိစ္ဆာသတ္တဝါများက သူ့နောက်သို့ ထပ်ကြပ်မကွာ လိုက်လံဖမ်းဆီးနေသကဲ့သို့ ရှိသည်။ ခရမ်းရောင် အရိပ်များက မြူခိုးတစ်ခုသဖွယ် ဖွဲ့စည်းကာ အလွန်လျင်မြန်သော အရှိန်ဖြင့် ရွေ့လျားနေကြသည်။ လော့ကျန့်ချင်းအနေနှင့် ၎င်းတို့၏ ပုံပန်းသဏ္ဌာန်ကို ရှင်းရှင်းလင်းလင်း မမြင်ရလောက်အောင်ပင် မြန်လွန်းလှသော်လည်း ဤအရာသည် အဆင့် (၆) သားရဲမိစ္ဆာ ပုံရိပ်ယောင်မြေခွေးဖြစ်ကြောင်း သူမှန်းဆမိလိုက်၏။

မြေခွေးမျိုးနွယ်သည် ဉာဏ်ရည်ထက်မြက်ခြင်း၌ နာမည်ကျော်ကြားပြီး အဆင့် (၅) သို့မဟုတ် အဆင့် (၆) သို့ ရောက်လျှင် လူစကားပြောနိုင်ကြသည်မှာ သာမန်ဖြစ်ရိုးဖြစ်စဉ်ပင်။

“လူလေး၊ တို့ကို တစ်ချက်လောက် ပြုံးပြပါလားကွယ်။”

ပုံရိပ်ယောင်မြေခွေးက လှောင်ပြောင်သရော်လိုက်သည်။

“မင်းတို့ လူသားတွေက အခုထိ ဓားတွေ ကိုင်ထားကြတုန်းပဲ။ တို့ကို စိတ်မသက်မသာ ဖြစ်အောင် လုပ်နေတာလား။”

သူ(မ)က ဆက်ပြောလိုက်ပြန်သည်။

“တို့နောက်ကို လိုက်ခဲ့ပါလား၊ ဒါဆိုရင် မင်းအသက်ကို ချမ်းသာပေးမယ်လေ။”

စူးရှရှ ရယ်သံများက ကမ္ဘာလောကတစ်ခွင် ပဲ့တင်ထပ်သွားပြီး၊ လက်နက်တစ်ခုသဖွယ် လော့ကျန့်ချင်း၏ နားစည်ကို ပြင်းပြင်းထန်ထန် ဖောက်ထွင်းသွားတော့သည်။

“မြစိမ်းကြာ ဓားနှလုံးသား!”

လော့ကျန့်ချင်းက လက်ကွက်များကို အဆက်မပြတ် ပြောင်းလိုက်ရာ သူ၏ ရွှမ်းဖူဓားက လေထဲသို့ ဖြည်းဖြည်းချင်း မြောက်တက်သွားပြီး၊ သူ့ကို ကာကွယ်ရန်အတွက် ထက်ရှသော ဓားလေးလက်အဖြစ်သို့ ကွဲထွက်သွားသည်။ ထပ်တူညီသော ဓားလေးလက်က လေထဲတွင် တုန်ခါလျက် ရှိနေပြီး၊ အစိမ်းရောင် အကာအကွယ် အတားအဆီးတစ်ခုကို ဖန်တီးလိုက်ရာ ပုံရိပ်ယောင်မြေခွေး၏ စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများနှင့် အဆက်မပြတ် ဝင်ဆောင့်မိကြတော့သည်။

{T/N : မြေခွေးမိစ္ဆာတွေက ညို့တဲ့နေရာ ဆရာတစ်ဆူမို့ ဒီနေရာမှာ စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုက ညို့တာကိုပြောတာပါ။}

အစိမ်းရောင် အလင်းတန်းအတားအဆီးက ဆက်တိုက် တုန်ခါနေပြီး၊ ပထမအကြိမ် တိုက်ခိုက်မှုကိုပင် ခုခံရန် ခက်ခဲခဲ့ကာ ဒုတိယအကြိမ် တိုက်ခိုက်မှု ရောက်လာသောအခါတွင်မူ ပြိုလဲလုမတတ် ယိမ်းယိုင်နေလေပြီ။ လော့ကျန့်ချင်း၏ မျက်ဝန်းများက စူးရှသွားကာ စိတ်ဝိညာဉ်စုစည်းခြင်း ဆေးလုံး တစ်ပုလင်းကို ထုတ်လိုက်ပြီး ဆယ်လုံးတိတိကို တစ်ပြိုင်နက်တည်း စားလိုက်သည်။ ချက်ချင်းဆိုသလိုပင် သူ၏ ဝိညာဉ်စွမ်းအားများ တစ်ရှိန်ထိုး တိုးပွားလာပြီး၊ အလင်းတန်း အတားအဆီးသည်လည်း ပြန်လည် တောင့်တင်းခိုင်မာလာတော့သည်။

တစ်ချိန်တည်းပင် လော့ကျန့်ချင်းက ပတ်ဝန်းကျင်ကို သတိကြီးစွာဖြင့် စောင့်ကြည့်နေပြီး ပုံရိပ်ယောင်မြေခွေး၏ ခြေရာလက်ရာများကို ရှာနေခဲ့သည်။

“လူငယ်လေး၊ မင်းသာ တို့နောက် မလိုက်ခဲ့ရင် တို့တော့ ရင်ကွဲရလိမ့်မယ်နော်။”

ခရမ်းရောင် ပုံရိပ်တစ်ခုက ဖြည်းဖြည်းချင်း စုစည်းလာပြီး လော့ကျန့်ချင်း၏ ရှေ့တွင် ပုံသဏ္ဌာန် ပေါ်လာသည်။

၎င်းက တစ်မီတာခန့် မြင့်သော ခရမ်းရောင် မြေခွေးတစ်ကောင်ဖြစ်ပြီး ခရမ်းရောင် အမြီးကြီးက နောက်ဘက်တွင် ယိမ်းနွဲ့လှုပ်ရှားနေ၏။ လူအသွင်သို့ အပြည့်အဝ မပြောင်းနိုင်သေးသော်လည်း ၎င်း၏ မျက်လုံးများမှ မြေခွေးတို့၏ ညှို့ဓာတ်များက လျှံကျနေသည်။ ထိုမျက်လုံးများက လော့ကျန့်ချင်း၏ မျက်နှာကို စိုက်ကြည့်နေပြီး သူ၏ ခန္ဓာကိုယ်ကို အဝတ်အစားများ ဆွဲချွတ်ပစ်ချင်သည့်အလား ပြောင်ပြောင်တင်းတင်း စူးစမ်းနေတော့သည်။

“မင်းတို့ လူသားတွေက သိပ်ခေါင်းမာတာပဲ၊ ကောင်းပြီလေ...”

စကားလုံးတိုင်းက ပြင်းထန်သော စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများပင်။ တစ်ဖက်ရန်သူက ပုံစံအမှန်ကို ထုတ်ပြလိုက်သည့်တိုင်အောင် သူက တိုက်ခိုက်နိုင်ခြင်း မရှိဘဲ ခံစစ်အနေအထားဖြင့်သာ ခုခံနေရသည်ကို လော့ကျန့်ချင်းတစ်ယောက် ထိတ်လန့်စွာ တွေ့လိုက်ရသည်။ မြေခွေးက ပါးစပ်ကြီးကို အုပ်လျက် ရယ်လိုက်ပြန်သည်။

“ဒီလိုဆိုမှတော့ မင်းရဲ့ အရေခွံကို ခွာပြီး တို့ကို ပေးလိုက်ပါတော့လား။”

စကားသံဆုံးသည်နှင့် ပုံရိပ်ယောင်မြေခွေးက ရုတ်တရက် ခရမ်းရောင် အလင်းတန်းအဖြစ် ပြောင်းသွားပြီး လော့ကျန့်ချင်းထံသို့ တစ်ဟုန်ထိုး ပြေးဝင်လာသည်။

လော့ကျန့်ချင်းက ဖီးနစ်မျက်ဝန်းများကို ပင့်ကြည့်လိုက်ပြီး နှုတ်ခမ်းထက်တွင် အပြုံးတစ်ခု ပေါ်လာသည်။ ဓားလေးလက်က ရွှမ်းဖူဓားတစ်လက်တည်းအဖြစ် ပြန်လည်ပေါင်းစည်းသွားပြီး သူ၏ ညာလက်ထဲသို့ ရောက်လာတော့သည်။

“မိုးကြိုးဆင့်ခေါ်ဓားသိုင်း!”

ငွေရောင်လျှပ်စီးများက ကောင်းကင်ယံမှ မိုးခြိမ်းသံနှင့်အတူ ကျဆင်းလာပြီး ရွှမ်းဖူဓားထဲတွင် ပါဝင်သော နှစ်ထောင်ချီ သက်တမ်းရှိ မိုးကြိုးကျောက်က ကမ္ဘာလောကရှိ မိုးကြိုးနှင့် လျှပ်စီးစွမ်းအားအားလုံးကို စုပ်ယူလိုက်သည်။ လော့ကျန့်ချင်းက ညာလက်ကို ဝှေ့ယမ်းလိုက်ရာ မိုးကြိုးသွားက ပုံရိပ်ယောင်မြေခွေး၏ ခန္ဓာကိုယ်ဆီသို့ ပြေးဝင်သွားတော့သည်။

ပုံရိပ်ယောင်မြေခွေးလည်း ကြောင်အမ်းသွားပြီး ကပျာကယာ ကာကွယ်လိုက်ရသဖြင့် ဒဏ်ရာအချို့ ရသွားသည်။

“ကောင်စုတ်လေး။ ငါ့ကမ်းလှမ်းမှုကို လက်မခံရင်တော့ မင်း ခံပေရော့။”

ပုံရိပ်ယောင်မြေခွေး၏ မျက်လုံးထဲတွင် အလင်းတစ်ချက် လက်ခနဲ ဖြစ်သွားသည်။ ၎င်း၏ ခရမ်းရောင် အမြီးကြီးက ရုတ်တရက် ကြီးထွားလာပြီး မျက်တောင်တစ်ခတ်အတွင်းပင် လော့ကျန့်ချင်းထံသို့ ထိုးစိုက်လာတော့သည်။

ငွေရောင်ဓားနှင့် ခရမ်းရောင် အမြီးတို့က လေထဲတွင် အဆက်မပြတ် ထိပ်တိုက်တွေ့ကာ တိုက်ခိုက်နေကြသည်။ လော့ကျန့်ချင်းခမျာ တုံ့ပြန်ရန် နေရာလပ်ဟူ၍ မရှိလောက်အောင်ပင် သိပ်သည်းပြီး ပြင်းထန်လွန်းသော အမြီးဖြင့် တိုက်ခိုက်မှုများကို ရင်ဆိုင်ရန် အသည်းအသန် ကြိုးပမ်းနေရသည်။

ဘုန်း! ဘုန်း! ဘုန်း!

မြေခွေးမိစ္ဆာက ဝိညာဉ်သန္ဓေသားအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း၊ ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများ၌ ကျွမ်းကျင်ပုံမရဘဲ ၎င်း၏ အင်အားအစစ်သည် လော့ကျန့်ချင်းနှင့် မတိမ်းမယိမ်းသာ ရှိသည်။ သူတို့နှစ်ဦးသား နာရီဝက်ခန့် ကြာအောင် တိုက်ခိုက်ပြီးချိန်တွင် လော့ကျန့်ချင်းမှာ စိတ်ဝိညာဉ်စုစည်းခြင်း ဆေးလုံးများကို တစ်ပုလင်းလုံးနီးပါး ကုန်သွားခဲ့ချေပြီ။ သူက နောက်ဆုံးကျန်သော ဆေးလုံးတစ်လုံးကို မျိုချရန် ပြင်လိုက်စဉ်မှာပင် မြေခွေးမိစ္ဆာ၏ အမြီးက ရုတ်တရက် သူ့ဆီသို့ ရိုက်ခတ်လာပြီး အမြီးဖျားက သူ့ကို တည့်တည့်ချိန်ရွယ်ထားသည်ကို မြင်လိုက်ရသည်။

လျှပ်စီးတစ်ချက် လက်သွားပြီးနောက်တွင် ရွှေရောင် ဓားအလင်းတန်းတစ်ခုက လော့ကျန့်ချင်း၏ နောက်ကျောဘက်မှ တောက်ပလာသည်။

ပုံရိပ်ယောင်မြေခွေး၏ အမြီးကြီးက ချက်ချင်းပင် နှစ်ပိုင်းပြတ်သွားပြီး ၎င်းက နာနာကျင်ကျင် အော်ညည်းလိုက်သော်လည်း ပြန်လည်မတုံ့ပြန်နိုင်ခင်ပင် ရွှေရောင်အလင်းတန်းတစ်ခု လက်ခနဲဖြစ်သွားကာ ပုံရိပ်ယောင်မြေ‌ခွေး၏ ခန္ဓာကိုယ်သည် လုံးဝဥဿုံ နှစ်ပိုင်းပြတ်သွားတော့သည်။ အဖြူရောင် အတွင်းအမြုတေ အလုံးလေးတစ်လုံးက ၎င်း၏ ခန္ဓာကိုယ်ထဲမှ လှိမ့်ထွက်လာသည်။

လော့ကျန့်ချင်း၏ တစ်ကိုယ်လုံး တောင့်တင်းသွားပြီး အခုလေးတင် ဖြစ်ပျက်သွားသည်ကို မယုံနိုင်အောင် ဖြစ်နေမိသည်။

ထို့နောက် တည်ငြိမ်သော အသံတစ်သံက သူ့နောက်မှ ထွက်ပေါ်လာ၏။

“ကျန့်ချင်း။”

ခေတ္တကြာပြီးနောက် လော့ကျန့်ချင်းက ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်ရာ ထိုသူကို နောက်ဆုံးတွင် မြင်တွေ့လိုက်ရတော့သည်။

အဖြူရောင်ဝတ်ရုံကို ဆင်မြန်းထားပြီး ကြည်လင်အေးစက်သော အကြည့်များဖြင့် ထိုသူ၏ မျက်ခုံးနှစ်ခုကြားတွင် ကြာပန်းပုံသဏ္ဌာန် ရွှေရောင်ဓားရာ ရှစ်ခု ရှိနေသည်။ ဤမျှ ခေါင်ခိုက်နေသော နေရာမျိုး၌ပင် သူ၏ အရှိန်အဝါက ဖုန်မှုန့်တစ်စက်တစ်လေမျှ မစွန်းထင်းပေ။ သူက လော့ကျန့်ချင်းကို ကြည့်ရင်း မတ်မတ်ရပ်နေပြီးနောက် ဖြည်းဖြည်းချင်း လက်ကမ်းပေးလိုက်ကာ စိုးရိမ်နေသော လေသံဖြင့် ပြောလိုက်သည်။

“ကျန့်ချင်း... ရှစ်ဖူ ရောက်လာတာ နည်းနည်းနောက်ကျသွားတယ်။”

လော့ကျန့်ချင်းမှာ မနေနိုင်မထိုင်နိုင် ထိုလက်ကို လှမ်းဆုပ်ကိုင်လိုက်မိသည်။

ထိုအေးစက်စက် အထိအတွေ့က မှတ်ဉာဏ်ထဲကအတိုင်း မပြောင်းလဲချေ။

လော့ကျန့်ချင်းက တီးတိုးရေရွတ်လိုက်သည်။

“ရှစ်ဖူ...”

ဝူယင်းက သူ့တပည့်ကို တည်ငြိမ်စွာ ကြည့်နေပြီး ခဏအကြာတွင် သာသာလေး ပြုံးလိုက်သည်။

“မင်း ဘာမှမဖြစ်တာ ကောင်းပါတယ်။ အဲ့ဒီမြေခွေးက ဝိညာဉ်သန္ဓေသားအဆင့် ရောက်နေပြီ။ မင်းနဲ့က အပုံကြီး ကွာလွန်းတယ်။ ငါသာ နည်းနည်းလေး နောက်ကျပြီးမှ ရောက်လာခဲ့ရင် မင်း အသက်ရှင်နိုင်တော့မှာ မဟုတ်ဘူး။”

စကားဆုံးသည်နှင့် ဝူယင်းက လော့ကျန့်ချင်းကို သူ့ရင်ခွင်ထဲသို့ အားဖြင့် ဆွဲသွင်းလိုက်သည်။

ကြာပန်းတစ်ပွင့်ကဲ့သို့ အေးစက်ပြီး အထီးကျန်ဆန်သော အရှိန်အဝါက လော့ကျန့်ချင်း၏ နှာခေါင်းဝ၌ ပြည့်နှက်သွားတော့သည်။ သူက ထိုရင်ခွင်ကို ခံစားရင်း တစ်ဖက်လူက သူ့နားနားတွင် တိုးတိုးလေး ပြောနေသည်ကို ကြားလိုက်ရသည်။

“ကျန့်ချင်း... မင်းသာ တစ်ခုခုဖြစ်သွားရင် မင်းရဲ့ရှစ်ဖူက ဘယ်လိုလုပ် စိတ်အေးနိုင်ပါ့မလဲ။”

လော့ကျန့်ချင်း၏ လက်ချောင်းများ အနည်းငယ် တုန်ရီသွားပြီး တစ်ဖက်လူကို မသိစိတ်ဖြင့် ပြန်လည်ဖက်တွယ်လိုက်မိသည်။ သူက ဤရင်ခွင်ထဲမှ ရင်းနှီးကျွမ်းဝင်သော ရနံ့ကို လောဘတကြီး ရှူလိုက်ရင်း တစ်ဖက်လူ၏ တီးတိုးစကားသံကို ကြားနေရသည်။

“ဒီအပျက်အစီးနယ်မြေက သိပ်ပုံမှန်မဟုတ်ဘူး။ ဒီနေ့ မင်းရဲ့ရှစ်ဖူက မင်းကို အရင်ခေါ်ထုတ်သွားပေးမယ်။ ထိုက်ဟွာတောင်က လူတွေ သေချာလာစစ်တဲ့အခါကျမှ ဒီအပျက်အစီးနယ်မြေ ဘာတွေမှားနေလဲဆိုတာ ငါတို့ သိရလိမ့်မယ်။ ကျန့်ချင်း...

ဒီလို အန္တရာယ်များတဲ့ အလုပ်မျိုးတွေ လုပ်ဖို့ ခွင့်မပြုတော့ဘူးနော်။ နောက်နောင်ကျရင် ထိုက်ဟွာတောင်ပေါ်ပဲနေပြီး ကျင့်ကြံရေးကိုပဲ အာရုံစိုက်တော့၊ ဒါမှ... အင်း...”

ရွှမ်းဖူဓားက ဝူးယင်း၏ ရင်ဘတ်ကို ထိုးဖောက်သွားသော်လည်း အေးစက်စက် ဓားဖျားတွင် သွေးတစ်စက်မျှ စွန်းထင်းမနေချေ။

မျက်တောင်တစ်ခတ်အတွင်းပင် ကမ္ဘာလောကကြီး ပြောင်းလဲသွားတော့သည်။ မျက်စိရှေ့မှ ဝူယင်းက ရုတ်တရက် မြေခွေးတစ်ကောင်အဖြစ် ပြောင်းလဲသွား၏။ ပုံရိပ်ယောင်မြေခွေးက သွေးများ အန်ထုတ်လိုက်ပြီး ၎င်း၏ လက်သည်းများက လော့ကျန့်ချင်း၏ ကျောပြင်ပေါ်သို့ ရောက်နေပြီဖြစ်ကာ နှလုံးသားကို ဆွဲထုတ်ရန် သုံးလက်မသာ လိုတော့သည်။

ပုံရိပ်ယောင်မြေခွေးက မယုံနိုင်စွာဖြင့် မေးလိုက်သည်။

“ဘာလို့လဲ... ငါ့ရဲ့ ပုံရိပ်ယောင်တွေက လူသားတွေရဲ့ ရင်ထဲက အလိုချင်ဆုံး အရာတွေကိုပဲ ပစ်မှတ်ထားတာလေ။ မင်းရဲ့ ကျင့်ကြံရေးအဆင့်က ငါ့ထက် နိမ့်တာပဲ။ မင်း ဘယ်လိုလုပ် သိနိုင်မှာလဲ... ဘာလို့လဲ...”

လော့ကျန့်ချင်း၏ ချောမောပြီး လျစ်လျူရှုတတ်သော မျက်နှာပေါ်တွင် မည်သည့် ခံစားချက်မျှ မရှိ။ သူက ရက်စက်စွာပင် ဓားကို ဆွဲထုတ်လိုက်ပြီး ဘယ်လက်ဖြင့် မြေခွေး၏ တန့်ထျန်း*ကို ဖောက်ထွင်းကာ ခရမ်းရောင် အမြုတေကို ဆွဲထုတ်ယူလိုက်သည်။

{T/N : တန့်ထျန်း - ချီ (or) ဝမ်းဗိုက်။}

“ခုနက ပုံရိပ်ယောင်ဆိုတာကို ဘယ်လို သိလိုက်တာလဲ ဟုတ်လား။”

လော့ကျန့်ချင်း၏ ဘယ်လက်က မြေခွေး၏ ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်နေဆဲပင်။ သူက ခေါင်းကို ငုံ့ကာ တည်တည်ငြိမ်ငြိမ်ပင် ပြောလိုက်သည်။

“ဘာလို့လဲဆိုတော့ အဲ့ဒီလူက ငါ့ကို အဲ့ဒီလိုစကားမျိုး ဘယ်တော့မှ ပြောမှာမဟုတ်လို့ပဲ။ ငါသေသွားရင်တောင်မှ သူက ယွီရှောင်တောင်ထိပ်မှာပဲ ဆက်ရပ်နေမှာ။ ပြီးတော့ ငါ့ကြောင့် နည်းနည်းလေးတောင်မှ စိတ်လှုပ်ရှားမှာ မဟုတ်ဘူး။”

စကားဆုံးသည်နှင့် လော့ကျန့်ချင်းက ခရမ်းရောင် အမြုတေကို ဆွဲထုတ်လိုက်သည်။ မြေခွေးက နာကျင်စွာဖြင့် တုန်ရီသွားပြီး နောက်ဆုံးထွက်သက်တွင် ခရမ်းရောင် မြေခွေးမြူခိုးများကို မှုတ်ထုတ်လိုက်သော်လည်း လော့ကျန့်ချင်းက ဓားဖြင့် ကာလိုက်သည်။ မိုးကြိုးစွမ်းအင်များ ပြည့်နှက်နေသော ရွှမ်းဖူဓားက မြေခွေးမြူခိုးများကို လော့ကျန့်ချင်း၏ ခန္ဓာကိုယ်အပြင်ဘက်တွင် တိုက်ရိုက် တားဆီးလိုက်နိုင်သည်။

“ငါ့ရဲ့ ရှစ်မေ့လေးကတော့ မင်းရဲ့ လှည့်ကွက်ကို ခံလိုက်ရတယ်။ ဒါပေမဲ့ ငါကတော့ ထပ်မခံနိုင်တော့ဘူး။ မင်းကိုယ်တိုင် ငါ့ဆီ ရောက်လာမှတော့ အရင်ဘဝက ငါ့ရဲ့ ရှစ်မေ့လေးအပေါ် မင်းလုပ်ခဲ့တဲ့ အမှားအတွက် မင်းအသက်နဲ့ ပြန်ပေးဆပ်လိုက်တော့။”

ပုံရိပ်ယောင်မြေခွေးက မကျေမနပ်နှင့် နောင်တများစွာဖြင့် ဖြည်းဖြည်းချင်း လဲကျသေဆုံးသွားတော့သည်။

အဆင့် (၆) ပုံရိပ်ယောင် မြေခွေးမိစ္ဆာ၏ ခန္ဓာကိုယ်က ရတနာတစ်ခုပင်။ ၎င်း၏ သားမွှေးများကို မှော်လက်နက်များ ပြုလုပ်ရာတွင် အသုံးပြုနိုင်သည်။ လော့ကျန့်ချင်းက အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ပြီး မြေခွေးမိစ္ဆာ၏ ခန္ဓာကိုယ်ကို သိုလှောင်လက်စွပ်ထဲသို့ သိမ်းဆည်းလိုက်၏။ သူက မကောင်းဆိုးဝါးဆန်ပြီး ရက်စက်သော အငွေ့အသက်များ သဲ့သဲ့လေး ထွက်ပေါ်နေသည့် ခရမ်းရောင် မိစ္ဆာအမြုတေကို သေသေချာချာ ကြည့်လိုက်သည်။ အနည်းငယ် ထူးဆန်းသည်ဟု ခံစားလိုက်ရသော်လည်း မိစ္ဆာအမြုတေကို သိုလှောင်လက်စွပ်ထဲသို့ ထည့်သိမ်းလိုက်သည်။

“မင်းသာ အနိုင်ရချင်စိတ် မစောခဲ့ဘဲ ငါနဲ့ နောက်ထပ် (၁၅) မိနစ်လောက်သာ ဆက်တိုက်ခဲ့ရင် ငါ ခုခံနိုင်တော့မှာ မဟုတ်လောက်ဘူး။”

မြေပြင်ပေါ်ရှိ သွေးအိုင်ကို ကြည့်ရင်း လော့ကျန့်ချင်းက မည်သည့် သံယောဇဉ်မျှ မထားတော့ဘဲ ခေါင်းမော့ကာ ဓားကို ဆွဲထုတ်၍ ထွက်လာခဲ့တော့သည်။ သူက ယခုလေးတင် သေရေးရှင်ရေး တိုက်ပွဲကို ကြုံတွေ့ခဲ့ရပြီး အင်အား ပြန်မပြည့်သေးသော်လည်း ချီစွမ်းအားစုဆောင်းခြင်း အဆင့် (၂) ကျင့်ကြံသူတစ်ဦးကို ကိုင်တွယ်ရန်မူ လက်ဖျားလေးခါလိုက်ရုံပင်။

လော့ကျန့်ချင်းတစ်ယောက် သူတို့ စောစောက တိုက်ခိုက်ခဲ့သော ချိုင့်ဝှမ်းဆီသို့ ပြန်လည်ပျံသန်းလာချိန်တွင်၊ လီရှို့ချန်က ကျောက်တုံးကြီးတစ်တုံးပေါ်၌ ထိုင်ကာ အမောဖြေနေသည်ကို တွေ့လိုက်ရသည်။ သူက မိစ္ဆာသားရဲနှစ်ကောင်ကို သတ်ပြီးခါစ ဖြစ်ပုံရပြီး လော့ကျန့်ချင်း ရောက်လာသည်ကို သတိမထားမိပေ။

ချက်ချင်းဆိုသလို လော့ကျန့်ချင်းက အစိမ်းရောင် ဓားအလင်းတန်းတစ်ခုကို လီရှို့ချန်၏ ခေါင်းဆီသို့ တည့်တည့် ပစ်လွှတ်လိုက်တော့သည်။

လီရှို့ချန်က အမြုတေဖွဲ့တည်ခြင်းအဆင့်မှ ကျင့်ကြံသူတစ်ဦး၏ အရှိန်အဝါကို အာရုံခံနိုင်စွမ်း မရှိချေ။ အဆင့်နိမ့် ရတနာဓားတစ်လက်က သူ့ခေါင်းကို ထိုးစိုက်တော့မည်ကို သတိမထားမိဘဲ ကျောက်တုံးကြီးပေါ်တွင် ဆက်လက်ထိုင်ကာ အနားယူနေသည်။ သို့သော် ဓားက လီရှို့ချန်၏ ခေါင်းကို ထိုးဖောက်ခါနီးအချိန်တွင် သူက ရုတ်တရက် ဘေးသို့ ရှောင်တိမ်းလိုက်သည်။

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment