no

Font
Theme

အခန်း - (၅.၂)

“ရှစ်ဖူက ကျွန်တော့်ရဲ့ ရှစ်ဖူ မဟုတ်ဘူးလား၊ ကျွန်တော်ကရော ရှစ်ဖူရဲ့ တပည့် မဟုတ်ဘူးလား။”

“ကျွန်တော့်ရဲ့ အတိတ်ဘဝ တစ်လျှောက်လုံး ရှစ်ဖူရဲ့ အဆုံးအမတွေကို တစ်သွေမတိမ်း လိုက်နာခဲ့တယ်၊ နောက်ဆုံးအချိန်အထိ ရှစ်ဖူ သတ်မှတ်ထားတဲ့ စည်းတွေကို တစ်လှမ်းမှ မကျော်ခဲ့ဘူး၊ ဒါပေမဲ့ ကျွန်တော် ဘာပြန်ရခဲ့လဲ။”

“ဝူယင်း... ဝူယင်း။”

“ဝူယင်း!”

ရင်ထဲတွင် ဆူပွက်နေသော ဒေါသသွေးများကို ပြန်လည်ငြိမ်သက်အောင် ပြုလုပ်ပြီးနောက် လော့ကျန့်ချင်းသည် ဝါးအိမ်ထဲတွင် သုံးရက်တိုင်တိုင် တရားထိုင်နေခဲ့သည်။ သုံးရက်မြောက်နေ့ မွန်းလွဲပိုင်းတွင် ယွီရှောင်တောင်ထိပ်၏ အောက်ဘက် ဝေးကွာသော နေရာဆီမှ ဆူညံသံများကို ကြားလိုက်ရသည်။ သူသည် ချက်ချင်းပင် သူ့ဓားကို ဆွဲယူကာ တောင်အောက်သို့ ဆင်းလာခဲ့ရာ၊ ဟိုဟိုဒီဒီ သွားလာနေသော ရှဲ့ကျိကျော့ကို တွေ့လိုက်ရသည်။

လော့ကျန့်ချင်းက နှုတ်ခမ်းကို မဲ့လိုက်ပြီး လှည့်ထွက်ရန် ပြင်လိုက်၏။

ရှဲ့ကျိကျော့က ဘာမှမပြောဘဲ သူ့နောက်သို့ အမြန်လိုက်လာသည်။ ရုတ်တရက် သူသည် မြေပြင်ပေါ်တွင် ဝပ်ချလိုက်ပြီး လော့ကျန့်ချင်း၏ ခြေထောက်ကို ဖက်ထားတော့သည်။

“ရှစ်ရှုန်း။”

လော့ကျန့်ချင်း: “...”

ခဏအကြာတွင် လော့ကျန့်ချင်းက သူ့ခြေထောက်ကို ဖက်ထားသော ထိုသတ္တဝါကို ခါချလိုက်သည်။ သို့သော် ထိုအကောင်လေးက ခွေးခြေကပ်သကဲ့သို့ တင်းတင်းကျပ်ကျပ် ဖက်ထားသဖြင့် ခွာ၍မရပေ။

လော့ကျန့်ချင်းက အံ့သြတကြီးဖြင့် မေးလိုက်သည်။

“ရှစ်တိ... မင်းလည်း ရွှေရောင်အမြုတေအဆင့် ရောက်နေတဲ့ ကျင့်ကြံသူတစ်ယောက်ပဲ၊ သိက္ခာလေး ဘာလေး မရှိတော့ဘူးလား။”

ရှဲ့ကျိကျော့က ဂရုမစိုက်ဟန်ဖြင့် ခေါင်းခါပြလိုက်သည်။

“မရှိဘူး။ ရှစ်ရှုန်း... ကျွန်တော့်ကို အဖြေမပေးမချင်း ကျွန်တော် မထဘူးပဲ။”

လော့ကျန့်ချင်း: “...”

လော့ကျန့်ချင်းသည် ရှဲ့ကျိကျော့ကို တစ်လမ်းလုံး ဆွဲခေါ်လာပြီး ယွီရှောင်တောင်ထိပ်သို့ ပြန်တက်လာခဲ့သည်။ သူသည် ယွီရှောင်တောင်ထိပ်မှ ဝါးစိမ်းလက်ဖက်ရည်ကို ယူလာပေးရာ၊ ရှဲ့ကျိကျော့က တစ်ခွက်လုံးကို အကုန်မော့ချလိုက်သည်။ ထို့နောက် သူသည် လက်ဖက်ရည်အိုးကိုပါ မ'ယူကာ နွားတစ်ကောင်က သစ်ရွက်ဝါးသကဲ့သို့ ပါးစပ်ထဲသို့ လောင်းထည့်လိုက်တော့သည်။ စိတ်ကြည်မနေသော လော့ကျန့်ချင်းက သူ့ကို စောင်းကြည့်နေသော်လည်း ရှဲ့ကျိကျော့က သတိမမူမိပေ။ သူသည် သောက်ပြီးသွားသည့်အခါ မြေပြင်ပေါ် မှောက်ရက်ပြန်အိပ်ကာ လော့ကျန့်ချင်း၏ ခြေထောက်ကို ထပ်မံဖက်ထားပြန်သည်။

“ရှစ်ရှုန်း... ကျွန်တော့်ကို ကယ်ပါဦး။”

လော့ကျန့်ချင်း ဘာမှမပြောဘဲ ရှဲ့ကျိကျော့၏ ခေါင်းကို လက်သီးဖြင့် အသာထုလိုက်ပြီး သူ၏ ရှင်းပြချက်ကို နားထောင်လိုက်သည်။

အမှန်စင်စစ် ရှဲ့ကျိကျော့သည် သူတို့၏ရှစ်မေ့လေးကို ဆေးလုံးဖော်စပ်ခိုင်းရန် ရှာဖွေနေရခြင်းမှာ သူ့ကိုယ်ပိုင်ကိစ္စကြောင့် မဟုတ်ဘဲ၊ ဝူရှစ်တိ၏ ဝိညာဉ်သားရဲအတွက် ဖြစ်သည်။ ထိုနေ့က ရှဲ့ကျိကျော့သည် ဝူရှစ်တိကို ရှာရန် ယွီရှို့တောင်ထိပ်သို့ သွားခဲ့သော်လည်း ရှာမတွေ့ခဲ့ပေ။ ထို့နောက် သူသည် ဝူရှစ်တိ လောလောလတ်လတ် ထိန်းကျောင်းနိုင်ခဲ့သည့် အဆင့်ခြောက် ဝိညာဉ်သားရဲကို သွားကြည့်ခဲ့သည်။

ရှဲ့ကျိကျော့က လက်ဖက်ရည်ကို တစ်ငုံအကြီးကြီး သောက်လိုက်ပြီးနောက် ပြောသည်။

“ရှစ်ရှုန်း... အဆင့်ခြောက် ဝိညာဉ်သားရဲဗျ။ အဲဒါက ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူနဲ့ တန်းတူပဲ၊ ပြီးတော့ အဲ့ဒါက ယဉ်ပါးပြီးသားကြီး။”

လော့ကျန့်ချင်းက မျက်ခုံးပင့်လိုက်ပြီး မေးသည်။

“ဒါနဲ့ အဲ့ဒါက ဘာဖြစ်သွားလို့လဲ။”

ရှဲ့ကျိကျော့က ကောက်ကျစ်စွာ ရယ်မောလိုက်ပြီး ပြောသည်။

“ကျွန်တော် သူ့ကို နည်းနည်းလေးပဲ လုပ်လိုက်တာပါ။”

လော့ကျန့်ချင်းက မယုံကြည်ပေ။ အကြောင်းမှာ ရှဲ့ကျိကျော့က အမြုတေဖြစ်တည်ခြင်း ရှေ့ဦးအဆင့်သာ ရှိသေးရာ၊ အဆင့်ခြောက် ဝိညာဉ်သားရဲကို မည်သို့ ခြိမ်းခြောက်နိုင်မည်နည်း။ သို့သော် လောကကြီးတွင် ခန့်မှန်းရခက်သောအရာများ ရှိနေသည်။ ထိုဝိညာဉ်သားရဲတွင် အတွင်းဒဏ်ရာ ရှိနေသည်ကို ရှဲ့ကျိကျော့ မသိခဲ့ပေ။ ဝူရှစ်တိ ထွက်သွားရခြင်းသည်လည်း ထိုသားရဲအတွက် ဆေးလုံးသွားယူခြင်း ဖြစ်သည်။ ရှဲ့ကျိကျော့၏ အရှက်မရှိ ပြောင်ချော်ချော် လုပ်ရပ်များကြောင့် ထိုဝိညာဉ်သားရဲက အားကုန်ထုတ်၍ ပြန်လည်တိုက်ခိုက်ခဲ့သည်။ သို့သော်လည်း ရှဲ့ကျိကျော့က အတွင်းဒဏ်ရာရနေသော ထိုသားရဲကို ထပ်မံတိုက်ခိုက်မိသဖြင့် ဒဏ်ရာကို ပိုပြင်းသွားစေခဲ့သည်။

ရှဲ့ကျိကျော့သည် အစက “ငါ တကယ်ပဲ ဒီလောက်တောင် သန်မာသွားတာလား” ဟု တွေးနေခဲ့သော်လည်း၊ သူ၏ရှစ်တိက ပြန်ရောက်လာပြီး သူ့ကို အရှက်ခွဲရန် ပြင်ဆင်နေကြောင်း ကြားလိုက်ရသည်။

ဝူရှစ်တိသည် ယွီရှို့တောင်ထိပ်ရှိ တပည့်အားလုံးကို ရှဲ့ကျိကျော့ကို မြင်လျှင် ဝိုင်းရိုက်ရန် အမိန့်ပေးထားပြီး၊ အကယ်၍ မနိုင်ပါက သူ့ကိုပါ လာခေါ်ရန် ပြောထားသည်။ ထို့ကြောင့် လော့ကျန့်ချင်း မရှိသည့် ရက်များတွင် လူတိုင်းက ရှဲ့ကျိကျော့ကို ဝိုင်းရိုက်ရန် ရှာနေကြသည်။ အခြေအနေ အလွန်ဆိုးရွားလှသဖြင့် သူသည် မကြာခဏ ပုန်းရှောင်နေရတော့သည်။

ရှဲ့ကျိကျော့သည် သူ့အမှားကို သိသဖြင့် ထိုဝိညာဉ်သားရဲကို သေမင်းလက်မှ ကယ်တင်နိုင်ရန် ရှစ်မေ့လေးထံမှ ဆေးလုံးတစ်လုံး တောင်းချင်သည်။ သို့သော် ရှစ်မေ့လေးက ဂရုမစိုက်သဖြင့် ယနေ့တွင် လော့ကျန့်ချင်းကို လာရှာခြင်းပင်။

ရှဲ့ကျိကျော့က မျက်ရည်စက်လက်ဖြင့် ရှိုက်ကြီးတငင် ငိုကြွေးရင်း ပြော၏။

“ရှစ်ရှုန်း... နောက်နှစ် ဂိုဏ်းပေါင်းစုံ ပြိုင်ပွဲကြီး ရှိတယ်လေ။ ကျွန်တော်သာ ဒီဝိညာဉ်သားရဲကိစ္စကို မဖြေရှင်းနိုင်ရင် ဝူရှစ်တိက ကျွန်တော့်ကို သတ်လိမ့်မယ်။ သူ့ရဲ့ ကျင့်ကြံမှုက ကျွန်တော့်လောက် မမြင့်ပေမဲ့ သူ့ရဲ့ ဝိညာဉ်သားရဲတွေက အရမ်းကြောက်စရာကောင်းတယ်၊ ကျွန်တော့်ကို ကယ်ပါဦး။”

ထိုသို့ပြောရင်း ရှဲ့ကျိကျော့က လော့ကျန့်ချင်း၏ ခြေထောက်ကို ဖက်ထားဆဲဖြစ်ပြီး၊ လွန်ခဲ့သော ၁၀ နှစ်ကျော်က အကြောင်းများကို အသေးစိတ် ရှင်းပြနေတော့သည်။ ပထမဦးစွာ သူတို့ ငယ်စဉ်က လော့ကျန့်ချင်းနှင့်အတူ ဒူးထောက်ပြစ်ဒဏ် ခံခဲ့ရပုံများကို ပြောပြပြီးနောက်၊ သူတို့နှစ်ဦး စန်းရှစ်ကျဲ ရေချိုးနေသည်ကို ချောင်းကြည့်ခဲ့ကြသည့် အဖြစ်အပျက်များကိုပါ ပြောလာတော့သည်။

ထိုစကားများကို ကြားလိုက်ရသည့်အခါ လော့ကျန့်ချင်း၏ နဖူးပေါ်တွင် အကြောများ ထောင်လာတော့သည်။

“ပေါက်ကရတွေ ပြောမနေနဲ့တော့။ အဲဒီတုန်းက မင်းက ငါ့ကို ဘယ်သွားသွား ဆွဲခေါ်သွားလို့ လိုက်သွားမိတာ။ အဲ့ဒါ စန်းရှစ်မေ့ ဖြစ်နေမှန်း ငါမှမသိတာ... အဟမ်း၊ ပြီးတော့ မင်းက ငါ့ကို အဖော်ပြုပေးတာ မဟုတ်ဘူး။ ငါက မင်းကို အဖော်ပြုပေးခဲ့တာ၊ ရှစ်ဖူက...”

သူ့စကားများက ရုတ်တရက် ရပ်တန့်သွား၏။

ရှဲ့ကျိကျော့သည် လော့ကျန့်ချင်း၏ ထူးဆန်းသော အမူအရာကို သတိမမူမိဘဲ ဆက်ပြောနေသည်။

“ဟုတ်တယ် ဟုတ်တယ်၊ ရှစ်ရှူး ရွှမ်လင်ကျိက ရှစ်ရှုန်းအပေါ် အမြဲတမ်း တင်းကျပ်တယ်ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမဲ့ ကျွန်တော်နဲ့အတူ ဒူးထောက်ပေးချင်တာ ရှစ်ရှုန်းရဲ့ အမှားမဟုတ်ပါဘူး။ ရှစ်ရှုန်း... ဒီတစ်ခါတော့ ကျွန်တော့်ကို ကူညီပေးပါ။ ရှစ်ရှုန်းရဲ့ ကျောက်စိမ်းဘီးကို ကျွန်တော် မလိုချင်တော့ပါဘူး။ ရှစ်ရှုန်းက... ဟင်...”

အညိုနုရောင် ကျောက်စိမ်းဘီးလေးတစ်ခုက ရှဲ့ကျိကျော့၏ မျက်စိရှေ့တွင် ရုတ်တရက် ပေါ်လာသည်။

ရှဲ့ကျိကျော့က ကျောက်စိမ်းဘီးကို လှမ်းယူလိုက်ပြီး ခေါင်းကိုမော့ကာ ရှက်ပြုံး ပြုံးလိုက်သည်။ သူက လော့ကျန့်ချင်းကို ကျေးဇူးတင်စကား ပြောချင်နေသော်လည်း “ထိုက်ဟွာ၏ ပန်းပွင့်လေး” ဟု တင်စားရသော သူ့အစ်ကိုကြီး၏ တည်ငြိမ်သော အပြုံးကို မြင်လိုက်ရသည်။ လော့ကျန့်ချင်း၏ ကြည်လင်တင့်တယ်သော မျက်ဝန်းများက ကြယ်ပွင့်များပမာ တောက်ပနေပြီး မည်သူ့ကိုမဆို ဆွဲဆောင်နိုင်လောက်သည်။

“သွားပြီးတော့... ရှစ်မေ့လေးကို ပေးလိုက်ပါ။ ပြီးတော့ ငါ့မှာ တခြားချစ်ရသူ ရှိနေတာမို့ ငါ့ကို ဆက်မစောင့်ပါနဲ့တော့လို့ ပြောပေး။”

သူက ထိုစကားများကို နူးညံ့တိုးညင်းစွာ ပြောလိုက်သဖြင့် ရှဲ့ကျိကျော့ပင်လျှင် စိတ်မကောင်း ဖြစ်သွားရသည်။ လော့ကျန့်ချင်းက သူ့ကို လိုက်ပို့ရန် ထလိုက်သည့် အချိန်တွင်မှ ရှဲ့ကျိကျော့ သတိပြန်ဝင်လာသည်။ သူသည် သူ၏ရှစ်ရှုန်းကို နက်နဲရှုပ်ထွေးသော အကြည့်ဖြင့် ကြည့်လိုက်ပြီး နောက်ဆုံးတွင် မနေနိုင်ဘဲ ပြောလိုက်သည်။

“ရှစ်ရှုန်း... ရှစ်ရှုန်းနဲ့ သူ(မ)က သူငယ်ချင်း ဖြစ်လာတာ ၃၃ နှစ်တောင် ရှိပြီလေ။ ရှစ်မေ့လေးက ရှစ်ရှုန်းကို ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်ဘူး။ ဒီလို ဆင်ခြေမျိုး ပေးမယ်ဆိုရင် သူ(မ)က ယုံမှာမဟုတ်ဘူး။”

လော့ကျန့်ချင်းက အသာအယာ ရယ်မောလိုက်ပြီး ရှဲ့ကျိကျော့ကို ခဏမျှ စိုက်ကြည့်နေမိသည်။

အတိတ်ဘဝကအတိုင်းပင်။

‘ငါ့မှာ တခြားချစ်ရသူရှိနေပြီ ဆိုတာကို လူတိုင်းက ဆင်ခြေတစ်ခုလို့ပဲ ထင်ခဲ့ကြတယ်။ ဒါပေမဲ့ ငါ တကယ်ပြောနေတာဆိုတာ ဘယ်သူမှ မသိခဲ့ကြဘူး။’

ရှဲ့ကျိကျော့၏ စကားများကြောင့် လော့ကျန့်ချင်း တစ်ခုခုကို သတိရသွားကာ မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။

“ငါမှတ်မိသလောက်ဆိုရင် တပည့်သစ်တွေရဲ့ ပထမဆုံး လေ့ကျင့်ရေးက နောက်နှစ်လနေရင် မဟုတ်လား။ အဲ့ဒါကို ရှစ်မေ့လေးက ဦးဆောင်ရမှာလား။”

ရှဲ့ကျိကျော့က လေးနက်စွာ ခေါင်းညိတ်လိုက်၏။

“ဟုတ်ကဲ့ ရှစ်ရှုန်း၊ ရှစ်မေ့လေးကပဲ ဦးဆောင်ရမှာပါ။”

ဤကိစ္စက အလွန်ကြာခဲ့ပြီ ဖြစ်သော်လည်း သတိပေးခံလိုက်ရသည့်အခါ လော့ကျန့်ချင်း တစ်ခုခုကို မှတ်မိသွားသည်။

ရှဲ့ကျိကျော့က ရှစ်မေ့လေးသည် သူ့ကို ဘယ်တော့မှ မေ့နိုင်မည်မဟုတ်ဟု ပြောခဲ့သော်လည်း ရှစ်မေ့လေးသည် နောက်ဆုံးတွင် လီရှို့ချန်နှင့် လက်ထပ်ကာ သူ၏ နံပါတ်တစ်ဇနီး ဖြစ်လာခဲ့သည်။ ထိုသို့ဖြစ်ရခြင်း၏ ပထမဆုံး အကြောင်းအရင်းက လေ့ကျင့်ရေး ခရီးစဉ်အတွင်း ရှစ်မေ့လေးနှင့် လီရှို့ချန်တို့သည် ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူတစ်ဦး၏ ဂူဗိမာန်ဟောင်းထဲသို့ အတူတူ ပြုတ်ကျသွားခဲ့ကြသည်။ ထိုနေရာတွင် သူ(မ)သည် ကာမစိတ်အဆိပ်ကို ထိခတ်ခံလိုက်ရသဖြင့် လီရှို့ချန်နှင့် ထိုကဲ့သို့ ပတ်သက်မှုမျိုး ဖြစ်ခဲ့ရခြင်း ဖြစ်သည်။

လီရှို့ချန်၏ စရိုက်နှင့် သူ့ရှစ်မေ့လေးအပေါ် ပြုမူပုံကို ကြည့်ရုံဖြင့် ဘာဖြစ်ခဲ့မည်ကို လော့ကျန့်ချင်း ခန့်မှန်းနိုင်သည်။ ချီစွမ်းအားစုဆောင်းခြင်း အဆင့် (၃) သာ ရှိသေးသော ထိုကောင်လေးသည် ရွှေရောင်အမြုတေ ကနဦးအဆင့်ရှိပြီး သတိမကပ်တော့သည့် သူ၏ရှစ်မေ့လေးကို စော်ကားခဲ့ခြင်းပင်။ အတိတ်ဘဝတွင် သူ့ရှစ်မေ့လေး ပြန်ရောက်လာပြီးနောက် ငါးနှစ်တိုင်တိုင် တံခါးပိတ်ကျင့်ကြံခြင်း မပြုလုပ်မီ သူရှိရာ ယွီရှောင်တောင်ထိပ်သို့ လာရောက်ရှာဖွေခဲ့သည်ကို သူမှတ်မိနေသည်။

သူ၏ရှစ်မေ့လေးသည် တောင်အောက်တွင် ၁၀ ရက်တိတိ စောင့်နေခဲ့သည်။ သူက သူ(မ)၏ စိတ်ကို ဖြတ်နိုင်ရန်အတွက် ရက်ရက်စက်စက်ပင် သွားမတွေ့ခဲ့ပေ။

ထိုအချိန်တွင် ရှစ်မေ့လေးက အစော်ကားခံထားရကာ ယွီရှောင်တောင်ထိပ်သို့ လာရောက်ချိန်တွင် သူ(မ)ကို အရှက်ခွဲသူက လီရှို့ချန်မှတစ်ပါး အခြားမရှိပေ။ သို့သော်လည်း သူ(မ)သည် သူ(မ)၏ ရန်သူလာရှာမည့် နေရာတွင်ပင် ဇွတ်တရွတ် စောင့်ဆိုင်းနေခဲ့သည်။ ထိုအကြောင်းကို စဉ်းစားမိတိုင်း လော့ကျန့်ချင်း၏ နှလုံးသားက မခံမရပ်နိုင်အောင် နာကျင်ရသည်။

သူ၏ရှစ်မေ့လေးကို ထိုကဲ့သို့ လုပ်နိုင်ရန် ထိုလူယုတ်မာကို သူ နောက်တစ်ကြိမ် အခွင့်အရေး လုံးဝ ပေးမည်မဟုတ်ပေ။

ရှစ်မေ့လေးသည် လီရှို့ချန်၏ ကယ်တင်မှုကို အကြိမ်ကြိမ်ခံရပြီး နောက်ဆုံးတွင် မတတ်သာဘဲ လက်ထပ်ရန် ဆုံးဖြတ်ခဲ့ရသော်လည်း ထိုကဲ့သို့သော အခြေအနေမျိုးတွင် လီရှို့ချန်က သူ(မ)ကို စော်ကားခြင်းကိုမူ သူခွင့်မပြုနိုင်ပေ။ “နတ်ဘုရားဖြစ်ရန် လမ်းစဉ်ရှာဖွေခြင်း” ထဲတွင် အသေးစိတ် အချက်အလက်များမှအစ၊ လျှို့ဝှက်သော ကိစ္စများအထိ အပြည့်အစုံ ရေးသားထားသည်။

“ဒီရှစ်ကျဲဟာ ခန္ဓာကိုယ်တစ်ခုလုံး ပူလောင်နေပေမဲ့ သေမတတ် အားတင်းထားခဲ့တယ်။ နောက်ဆုံးတော့ လီရှို့ချန်က မနေနိုင်ဘဲ သူ(မ)ရဲ့ လက်ကို ဆွဲလိုက်တယ်။ သူ(မ)ရဲ့ မျက်ဝန်းထောင့်ကနေ မျက်ရည်တစ်စက် စီးကျလာပြီး အတော်ကြာမှ လီရှို့ချန်ရဲ့ လက်ကို ပြန်ဆုပ်ကိုင်လိုက်တယ်။ သူ(မ)အရင်က ပြသခဲ့တဲ့ မာနတရားတွေဟာ ကာမစိတ်အဆိပ်ရဲ့ ဒဏ်ကြောင့် ပျောက်ကွယ်သွားခဲ့ရတယ်။

ဒီလိုနဲ့ လီရှို့ချန်က မာနကြီးပြီး ဇွတ်တရွတ်နိုင်တဲ့ ရှစ်ကျဲကို မှောက်ခုံလှဲချလိုက်ပြီး သူ(မ)ရဲ့ အဝတ်အစားတွေကို ဆွဲဖြဲလိုက်တော့တယ်။”

ထိုနောက်ပိုင်း ရေးထားသည့် အရာများမှာမူ ပြောပြရန်ပင် ရှက်စရာကောင်းလှသည်။

လော့ကျန့်ချင်း၏ မျက်ဝန်းများက နီမြန်းနေပြီဖြစ်သော်လည်း သူသည် ဤအခိုက်အတန့်အတွက် ပြင်ဆင်ထားပြီးဖြစ်ရာ စိတ်ကို တတ်နိုင်သမျှ တည်ငြိမ်အောင် ထိန်းလိုက်သည်။ သူက ရှဲ့ကျိကျော့ဘက်သို့ လှည့်ကာ ပြောလိုက်သည်။

“နောက်နှစ်လနေရင် လုပ်မဲ့ လေ့ကျင့်ရေးကို ငါပဲ ဦးဆောင်ခွင့်ပြုဖို့ ဂိုဏ်းချုပ်ကို တောင်းဆိုလိုက်မယ်။ ရှစ်မေ့လေးကိုတော့ အနားယူပြီး မင်းအတွက် ဆေးလုံးဖော်ပေးဖို့ပဲ အချိန်ပေးခိုင်းလိုက်ပါ။”

ရှဲ့ကျိကျော့က ကြောင်တောင်တောင် ဖြစ်သွားပြီး ပြောလိုက်၏။

“ရှစ်ရှုန်း... တပည့်သစ်တွေကို လမ်းပြပေးတာက အရေးမပါတဲ့ ကိစ္စပဲလေ။ ရှစ်ရှုန်းမှာ အဲ့ဒါကို လုပ်ပေးရမဲ့တာဝန် မရှိပါဘူး။”

လော့ကျန့်ချင်းက ပြတ်ပြတ်သားသား ခေါင်းခါပြလိုက်ပြီး ပြောလိုက်သည်။

“ဒီတစ်ခါတော့ ငါသွားမယ်။”

ရှဲ့ကျိကျော့မှာ နားမလည်နိုင်သဖြင့် ခေါင်းကိုသာ ခါယမ်းနေမိသည်။ သူထွက်ခွာတော့မည့် အချိန်တွင် လော့ကျန့်ချင်းက သူ့ကို ကြည့်ကာ တည်ငြိမ်စွာ မေးလိုက်သည်။

“လီရှို့ချန်က ဟောက်မင်တောင်ထိပ်မှာ ဘာတွေလုပ်နေလဲ။”

ထိုနာမည်ကို ကြားလိုက်ရသည့်အခါ ရှဲ့ကျိကျော့၏ မျက်နှာက မှောင်ကျသွားသည်။

“ဘာလုပ်နေရမှာလဲ၊ သူ့ရဲ့ ပါရမီက အရမ်းညံ့လွန်းလို့ အခုထိ ချီစွမ်းအားစုဆောင်းခြင်း အဆင့်ထဲတောင် မဝင်သေးဘူး။”

လော့ကျန့်ချင်းက နားလည်သွားသဖြင့် ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူက နောက်ဆုံးစကားအဖြစ် တိုးညင်းစွာ ပြောလိုက်၏။

“ရှစ်တိ... ငါ သူ့ကို သဘောမကျဘူး။”

ရှဲ့ကျိကျော့က ခေတ္တမျှ စိုက်ကြည့်နေပြီးနောက် ရယ်မောလိုက်သည်။

“ကျွန်တော် သိပါတယ် ရှစ်ရှုန်း၊ စိတ်အေးအေးထားပါ။”

မကြာမီပင် ရှဲ့ကျိကျော့သည် ငွေရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး မိုးကုပ်စက်ဝိုင်းဆီသို့ ပျောက်ကွယ်သွားတော့သည်။

“လီရှို့ချန်ကို ဂိုဏ်းကနေ နှင်ထုတ်ဖို့” ကိစ္စကို လော့ကျန့်ချင်းသည် ရှဲ့ကျိကျော့ကို ဘာမှမပြောခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သက်သေအထောက်အထား မရှိဘဲပြောလျှင် မည်သူမျှ ယုံမည်မဟုတ်ကြောင်း သူသိနေသောကြောင့် ဖြစ်သည်။ ထို့ပြင် လျိုရှောင်ရှောင် ကိုယ်တိုင်ကလည်း ထိုကဲ့သို့သော အဖြစ်အပျက်မျိုး ဖြစ်ခဲ့သည်ကို မသိရှိသလို၊ ကြောက်လန့်နေသည့် ကြားမှပင် သူ(မ)၏ ချန်ကောဘက်မှ ရပ်တည်ပေးဦးမည် ဖြစ်သည်။

လော့ကျန့်ချင်းသည် မဆင်မခြင် ပြုမူ၍ မရပေ။

ယွီရှောင်တောင်ခြေရှိ စိမ်းစိုစို မျက်ခင်းပြင်ကို ကြည့်ရင်း လော့ကျန့်ချင်း မျက်မှောင်ကို အနည်းငယ် ကြုတ်လိုက်မိပြီး နောက်ဆုံးတွင်တော့ သက်ပြင်းတစ်ချက် ပြင်းပြင်းချလိုက်သည်။

နောက်နှစ်လကြာလျှင် သူသည် တပည့်သစ်များကို ဦးဆောင်၍ လေ့ကျင့်ရေး ခရီးစဉ်ကို သွားရမည်။ ထိုကာလအတွင်း သူသည် ကျင့်ကြံခြင်းကိုသာ အပြည့်အဝ အာရုံစိုက်ရမည် ဖြစ်ပြီး၊ အနည်းဆုံးတော့ သူ၏ဖရိုဖရဲ ဖြစ်နေသော ဝိညာဉ်စွမ်းအားများကို ကောင်းမွန်စွာ ထိန်းချုပ်နိုင်ရန် ကြိုးစားရမည်။

‘စည်းတွေကို... ဘယ်တော့မှ... ထပ်ပြီး... မကျော်စေရဘူး။’

__

(EN/ ထိုက်ဟွာခုနစ်ဖော်မှာ မိန်းကလေးက နှစ်ယောက်ပဲပါတာနော်။ ရှစ်မေ့လေးဆိုတာက အကုန်လုံးထဲမှာ အငယ်ဆုံးလည်းဖြစ်၊ မိန်းကလေး‌လည်းဖြစ်နေလို့။ တကယ့်လေးယောက်မြောက်က ရှဲ့ကျိကျော့ပါ။)

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment