no

Font
Theme

အခန်း - (၈.၂)

လီရှို့ချန်၏ အသံသည် လူတိုင်း၏နားထဲသို့ တိုက်ရိုက်ဝင်ရောက်သွားသည်။ ရီထျန်းဂိုဏ်းမှ တပည့်များမှာ ကြောင်သွားကြပြီး ထိုက်ဟွာတောင်မှ တပည့်များကမူ သူ့ကို ထူးဆန်းသော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။

ရီထျန်းဂိုဏ်းမှ တပည့်အချို့က မျက်နှာပေါ်တွင် ဖိနပ်ရာကြီးနှင့်လူ၏ အခြေအနေကို နားမလည်ကြသေးပေ။ သို့သော် သူ့စကားကို ကြားပြီးနောက် တပည့်အများအပြားက တီးတိုး ပြောဆိုလာကြသည်။

“ထိုက်ဟွာတောင်က တာ့ရှစ်ရှုန်းက ပါရမီရှိတာ သိပါတယ်။ ဒါပေမဲ့ ဒီတစ်ယောက်က ဘာလို့ သူကပဲ ငါတို့ကို ဦးဆောင်နေသလို လာပြောနေရတာလဲ။ သူက ဘာလို့ ဒီလောက်တောင် မာနကြီးနေရတာလဲ။”

“ဟုတ်ပါ့၊ သူက ဘာလို့ အဲ့ဒီလိုမျိုး အထက်စီးက လုပ်နေရတာလဲ။”

“ဒီထိုက်ဟွာတောင်က တပည့်အသစ်က ဘာပါရမီရှိလို့လဲ။ သူက အဆင့် (၁) လား။”

သူတို့၏အသံများက အလွန်တိုးလှသဖြင့် ချီစုဆောင်းခြင်းအဆင့် (၂) သာရှိသော လီရှို့ချန်က မကြားနိုင်ပေ။ သို့သော် ထိုက်ဟွာတောင်မှ ချီစုဆောင်းခြင်းအဆင့် (၄) တပည့်အချို့မှာမူ ကြားလိုက်ရသဖြင့် ရှက်ကိုးရှက်ကန်းနှင့် ခေါင်းငုံ့သွားကြသည်။ အခြေခံတည်ဆောက်ခြင်းအဆင့် တပည့်လေးဦးကမူ မျက်နှာပျက်သွားကြပြီး ဟောက်မင်တောင်ထိပ်မှ တပည့်တစ်ဦးက လီရှို့ချန်၏ ဦးခေါင်းနောက်စေ့ကို ဖြတ်ရိုက်လိုက်ရာ လီရှို့ချန်မှာ ဟန်ချက်ပျက်ပြီး လဲကျလုနီးပါး ဖြစ်သွားသည်။

“မင်းပါးစပ်က ဘာတွေပြောနေတာလဲ၊ ဘာတွေ လုပ်ချင်နေတာလဲ။ ဒါကို မင်းတစ်ယောက်တည်း သိတယ်လို့ ထင်နေတာလား။ ငါတို့ဟောက်မင်တောင်ကတော့ ဒီအရှက်မရှိတဲ့ကောင်ကြောင့် မျက်နှာပျက်ပါပြီ။”

လီရှို့ချန်က သူ့ခေါင်းကိုကိုင်ကာ ဟောက်မင်တောင်ထိပ်မှ တပည့်ကို ဒေါသတကြီး ကြည့်လိုက်သော်လည်း သူဘာမှားပြောလိုက်သည်ကိုမူ လုံးဝနားမလည်ပေ။

အခြေအနေက ပေါ်သွားပြီဖြစ်ရာ လော့ကျန့်ချင်းလည်း ဖုံးကွယ်မနေတော့ပေ။ သူသည် လက်ကိုဝှေ့ယမ်းကာ အကြီးဆုံးလှေကို ဆင့်ခေါ်လိုက်ပြီး အေးဆေးစွာ ပြောလိုက်သည်။

“အားလုံး လှေပေါ်တက်ကြ။ ဒီမြစ်က မိုင် ၁၀၀ ကျော် ကျယ်တယ်။ ငါ ဘယ်အထိ ပို့ပေးနိုင်မလဲတော့ မသေချာဘူး။ ဒါပေမဲ့ တစ်ဆင့်ချင်းစီ သွားကြတာပေါ့။”

ရီထျန်းဂိုဏ်းမှ တပည့်များက လော့ကျန့်ချင်းကို ကျေးဇူးတင်စွာ ကြည့်လိုက်ကြသည်။

အားလုံး လှေပေါ်တက်ပြီးနောက် လီရှို့ချန်ကလည်း ဒေါသတကြီးနှင့် တက်လာ၏။ သူလှေပေါ်ခြေချလိုက်သည်နှင့် လော့ကျန့်ချင်း၏ အေးစက်စက် အသံကို ကြားလိုက်ရသည်။

“ရှစ်ကျို့ရှစ်တိ ဒီလူ့ရဲ့ ပါးစပ်ကို ပိတ်ထားလိုက်စမ်း။”

ဟောက်မင်တောင်ထိပ်မှ ၁၉ ယောက်မြောက်ဖြစ်သော ရှစ်တိက ဝမ်းသာအားရ လက်ဟန်ပြကာ ပြန်ပြောသည်။

“ဟုတ်ကဲ့ တာ့ရှစ်ရှုန်း။”

လီရှို့ချန်မှာ ထိတ်လန့်သွားသော်လည်း သူဘာမှ မလုပ်နိုင်ခင်ပင် အဝတ်စုတ်တစ်စက သူ့ပါးစပ်ထဲသို့ ရောက်ရှိသွားတော့သည်။ ထိုအဝတ်စကို တစ်နေရာရာမှ ဆုတ်ဖြဲထားခြင်းဖြစ်ပုံရပြီး အနံ့အနည်းငယ်ပင် ထွက်နေသည်။ လီရှို့ချန်က အဝတ်ကို ဆွဲထုတ်ရန် ကြိုးစားသော်လည်း လော့ကျန့်ချင်းက သူ့ကို တစ်ချက်လှမ်းကြည့်လိုက်ရာ သူသည် တစ်ကိုယ်လုံး တောင့်တင်းသွားပြီး မလှုပ်ရဲတော့ပေ။

“အင်း... အင်း။”

လီရှို့ချန်က စကားပြောရန် ကြိုးစားသော်လည်း အသံတစ်သံမှ ထွက်မလာပေ။

လော့ကျန့်ချင်းက လှည့်ကာ ပြောလိုက်၏။

“ဂိုဏ်းတွင်းက ကိစ္စလေးတစ်ခုကို ရှင်းလိုက်တာပါ။ အနှောင့်အယှက် ဖြစ်သွားရင် တောင်းပန်ပါတယ်။”

ရီထျန်းဂိုဏ်းမှ တပည့်များက လီရှို့ချန်ကို မမြင်ချင်ယောင်ဆောင်ကာ ခေါင်းခါပြကြသည်။

“ရပါတယ် တာအိုရောင်းရင်းလော့၊ ဆက်လုပ်ပါ။”

လီရှို့ချန်၏ စကားကြောင့် သူတို့အားလုံး လှေပေါ်တက်ခွင့် ရခဲ့သော်လည်း အကယ်၍ သူတို့သာ ထိုက်ဟွာတောင်မှ တပည့်များဖြစ်ခဲ့လျှင် ထိုငတုံးကောင်ကြောင့် စိတ်ပျက်မိမှာ အမှန်ပင်။

အားလုံး လှေပေါ်တက်ပြီးနောက် လော့ကျန့်ချင်းသည် လှေဦးသို့သွားကာ ဧရာမပုတီးစေ့ကြီးကို ကြည့်လိုက်သည်။ သူသည် မျက်မှောင်ကြုတ်ကာ ထိုပုတီးစေ့ပေါ်သို့ လက်တင်လိုက်ပြီး သူ့ဝိညာဉ်စွမ်းအားကို ပို့လွှတ်လိုက်သည်။ ရုတ်တရက် အဖြူရောင်အလင်းတန်းတစ်ခုက ဝင်းခနဲဖြစ်သွားပြီး လှေတစ်စီးလုံး တုန်ခါသွားသည်။ နောက်တစ်စက္ကန့်တွင်မူ လှေကြီးသည် လေနှင့်လှိုင်းကို ဖြတ်ကျော်ကာ မရပ်မနား အရှိန်အဟုန်ဖြင့် ရှေ့သို့ တိုးထွက်သွားတော့သည်။

(၁၂၈) မိုင်ခရီးတစ်လျှောက်လုံးတွင် လော့ကျန့်ချင်းသည် တည်ငြိမ်နေပြီး မျက်ခုံးတစ်ချက်ပင် မတွန့်ခဲ့ပေ။

ကမ်းခြေသို့ ရောက်သောအခါ သူက ခြေဖျားလေးဖြင့် တို့ကာ ပထမဆုံး ဆင်းသက်လိုက်၏။ သူ၏ ဝတ်စုံစများက လေထဲတွင် လှပစွာ လွင့်ဝဲနေသည်မှာ ထိုက်ဟွာတောင်မှ ဂိုဏ်းသားများသာမက ရီထျန်းဂိုဏ်းသားများပါ အားကျရိုသေစွာ ကြည့်ရလောက်ပေသည်။

မီတာရာဂဏန်းခန့် လမ်းလျှောက်ပြီးနောက် တစ်ယောက်က သတိရသွား၏။

“ဟေး... ထိုက်ဟွာတောင်က အဲ့ဒီတပည့်က လှေပေါ်မှာ ကျန်ခဲ့ပုံပဲ။ သူ ငါတို့နောက်ကို လိုက်မလာဘူး။”

လော့ကျန့်ချင်းက ခပ်တိုးတိုး ရယ်မောကာ ပြောလိုက်သည်။

“ငါ မေ့သွားလို့။”

အခြားသူများကမူ စိတ်ထဲမှ တွေးနေကြသည်။

‘မင်း တကယ်ပဲ မေ့သွားတာလား။’

လော့ကျန့်ချင်းသည် လက်အင်္ကျီကို ဝှေ့ယမ်းကာ မြစ်ကမ်းနားသို့ ပြန်ပျံသွားပြီး ခဏအကြာတွင်မူ လီရှို့ချန်တစ်ယောက် မျက်နှာပေါ်မှ ဖိနပ်ရာကြီးနှင့်အတူ သနားစဖွယ် အပြေးအလွှား လိုက်လာသည်ကို တွေ့လိုက်ရသည်။ သူသည် လူအုပ်နောက်ဆုံးတွင် ခေါင်းမဖော်ဝံ့ဘဲ တိတ်တဆိတ် ရပ်နေသည်မှာ တကယ်ပင် သင်ခန်းစာရသွားပုံ ပေါ်သည်။

လော့ကျန့်ချင်းက သူ့ကို တစ်ချက်သာ ကြည့်ပြီးနောက် ရှေ့သို့ ဆက်လက်ဦးဆောင်သွား၏။

အကယ်၍ လီရှို့ချန်သာ စကားမပြောခဲ့လျှင် သူလည်း နားလည်မည် မဟုတ်ပေ။

လှေရပ်လိုက်ချိန်တွင် ပထမဆုံး ပျံထွက်သွားခြင်းက သူ့စရိုက်နှင့် မကိုက်ညီပေ။ သို့သော်လည်း လှေရပ်လိုက်သည့် အချိန်၌ပင် ကျောက်စိမ်းဖြူရောင် အလင်းတစ်ခုက သူ့ထံသို့ ပျံလာခဲ့၍ သူက ထိုအရာကို ခုန်ဖမ်းလိုက်ခြင်းဖြစ်သည်။ ဤအဆင့်ကို အောင်မြင်သည့်အတွက် ဆုလာဘ်ပင်။

ထိုဆုလာဘ်က ကျောက်စိမ်းဖြူ တံဆိပ်ပြားလေးတစ်ခု ဖြစ်၏။ ‘နတ်ဘုရားအဖြစ် လမ်းစဉ်ရှာဖွေခြင်း’ စာအုပ်ထဲတွင် မုန့်ရှစ်မေ့က အဆင့် (၁) ကျောက်စိမ်းဖြူတံဆိပ်ကို ရရှိခဲ့ပြီး ၎င်းကို ချေဖျက်လိုက်ပါက လူကို မိုင်ပေါင်း ၆၀ ကျော်အထိ ရွှေ့ပြောင်းပေးနိုင်သဖြင့် ထွက်ပြေးရန်အတွက် အလွန်ကောင်းသော ရတနာဖြစ်သည်။ လော့ကျန့်ချင်း ရရှိခဲ့သည်ကမူ အထူးအဆင့် ကျောက်စိမ်းဖြူတံဆိပ်ဖြစ်ပြီး မိုင်ပေါင်း ၁၂၀ ကျော်အထိ ရွှေ့ပြောင်းပေးနိုင်သည်။

ယခင်ဘဝတွင် လီရှို့ချန်က အဆင့် (၁) တံဆိပ်ကို ရရှိခဲ့သည်။ အကြောင်းမှာ ရှင်းလှ၏။ ရှစ်မေ့သည် သူ(မ)ရရှိသမျှကို လီရှို့ချန်အား ပေးခဲ့ရသည်။ အလဲအလှယ်အနေဖြင့် ဖြစ်ပျက်ခဲ့သည့် ကိစ္စများကို လီရှို့ချန်က နှုတ်ပိတ်ပေးထားရန်ဖြစ်၏။

သို့သော် ယခုမူ... လော့ကျန့်ချင်းက ခပ်ပါးပါးလေး ပြုံးကာ ရှေ့သို့ ဆက်လျှောက်သွားသည်။

‘အခုဆိုရင် လီရှို့ချန်အနေနဲ့ ဘာမှရဖို့ စိတ်မကူးနဲ့တော့။’

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment