အခန်း - (၁၂.၁)
စကားသံဆုံးသည်နှင့် ပြင်းထန်သော ဝိညာဉ်စွမ်းအားတစ်ခုက လော့ကျန့်ချင်းကို တိုက်ခိုက်လာတော့သည်။
“မင်းက မိစ္ဆာပဲ။”
ထိုစကားသံကို ကြားလိုက်သည်နှင့် လော့ကျန့်ချင်းတစ်ယောက် မျက်လုံးများကို မှေးစင်းလိုက်ပြီး သိုလှောင်လက်စွပ်ထဲမှ ဝါးထီးကို အလိုအလျောက် ထုတ်ယူလိုက်မိသည်။ လှိုင်းလုံးသဖွယ် ဝင်ရောက်လာသော ဝိညာဉ်စွမ်းအား၏ တိုက်ခိုက်မှုက ဝါးထီးကို ထိမှန်သွားပြီး ထီးရိုးတစ်ချောင်း ကျိုးသွားသည်။
ထိုအဖြစ်အပျက်ကို မြင်လိုက်ရသောအခါ လော့ကျန့်ချင်း၏ ရင်ထဲတွင် အန္တရာယ် သတိပေး ခေါင်းလောင်းသံများ ကျယ်လောင်စွာ မြည်ဟိန်းသွားပြီး ပြန်လည်တိုက်ခိုက်ရန်အတွက် ဓားကို ချက်ချင်း ဆွဲထုတ်လိုက်သည်။
မှိန်ပျပျနှင့် ရှုပ်ထွေးနေသော ပတ်ဝန်းကျင်တွင် လော့ကျန့်ချင်းက မျက်လုံးများကို မှိတ်၍ အသေအချာ နားစွင့်နေပြီး အရပ်မျက်နှာအနှံ့မှ ဝင်ရောက်လာသော တိုက်ခိုက်မှုများကို ဓားဖြင့် ကာကွယ်နေရသည်။ ရန်သူ၏ တိုက်ခိုက်မှုအားလုံးက ဝါးထီးကို ထိမှန်နေသော်လည်း လော့ကျန့်ချင်း၏ တိုက်ခိုက်မှုများကမူ လေဟာပြင်ကိုသာ သက်ရောက်သွားပြီး ရန်သူကို တစ်ချက်မျှ မထိမှန်ချေ။
ဘုန်း! ဘုန်း! ဘုန်း!
ဤတိုက်ခိုက်မှုများက ဝါးထီးရိုးကို ကျိုးသွားစေခဲ့သော ပထမအကြိမ် တိုက်ခိုက်မှုလောက် မပြင်းထန်သော်လည်း ဆယ်ကွက်မျှ ယှဉ်ပြီးတိုင်း ထီးရိုးတစ်ချောင်း ကျိုးသွားစေနိုင်သေးသည်။ လော့ကျန့်ချင်းတစ်ယောက် ဤဝါးထီး ပျက်စီးသွားမည်ကို နှမြောမနေသော်လည်း ဤအတိုင်းသာ ဆက်ဖြစ်နေပါက မကြာခင်တွင် သူအကျပ်အတည်းနှင့် ရင်ဆိုင်ရတော့မည်ကို သိနေခဲ့သည်။
ဤကဲ့သို့သော တိုက်ခိုက်မှုမျိုးကို အနည်းဆုံး ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူတစ်ဦးက ပြုလုပ်ခြင်းဖြစ်ပြီး၊ ဝိညာဉ်သန္ဓေသား အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေသူပင် ဖြစ်လောက်သည်။
လော့ကျန့်ချင်း၏ ဦးနှောက်က အလျင်အမြန် အလုပ်လုပ်နေပြီး သူက ပြန်လည်တိုက်ခိုက်ရင်း တစ်ဖက်တွင်လည်း ဘာများလွဲမှားနေသနည်း ဆိုသည်ကို စဉ်းစားနေ၏။ သူက မိမိကိုယ်ကို မိစ္ဆာတစ်ကောင်ဟု မယုံကြည်ပေ။ ရှေးပဝေသဏီကတည်းက လူသားနှင့် မိစ္ဆာတို့သည် ရန်ဘက်များ ဖြစ်ကြပြီး နတ်ဘုရားအသွင်ပြောင်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်သော ရွှမ်လင်ကျိပင်လျှင် သူက မိစ္ဆာဖြစ်ကြောင်း တစ်ခွန်းမှမပြောဘဲ တပည့်အဖြစ် လက်ခံထားခဲ့သည်။ ထို့ကြောင့် ဤရှေးဟောင်းအမွေအနှစ်နယ်မြေထဲရှိ မည်သူကမျှ သူ့ကို မိစ္ဆာဟု အာရုံခံနိုင်စွမ်း ရှိလိမ့်မည်မဟုတ်ပေ။
ဒါဆိုရင် ဘယ်နေရာများ လွဲမှားနေတာပါလိမ့်။
“မိစ္ဆာအမြုတေ!”
လော့ကျန့်ချင်းက ရပ်တန့်လိုက်ပြီး ထီးကို မြှောက်ကာ တစ်ဖက်လူ၏ တိုက်ခိုက်မှုများကို လျစ်လျူရှုလျက် အကျယ်ကြီး အော်ပြောလိုက်သည်။
“ချန်ပေ့... ကျွန်တော်က မိစ္ဆာမဟုတ်ပါဘူး။”
သူ၏ အသံတွင် ဝိညာဉ်စွမ်းအားအချို့ ပါဝင်နေသဖြင့် အဝေးသို့ ရောက်သွားကာ နောက်ဆုံးတွင် တိုက်ခိုက်မှုများကို ရပ်တန့်သွားစေခဲ့သည်။ ထိုအသံပိုင်ရှင်က ဩရှပြီး နားဝင်ဆိုးသော အသံဖြင့် ဆက်လက် ရေရွတ်နေသေးသည်။
“ဒါက မိစ္ဆာပဲ၊ ဒါက မိစ္ဆာပဲ၊ ဒါက မိစ္ဆာပဲ...”
လော့ကျန့်ချင်းက လက်ကိုလှန်လိုက်ပြီး သိုလှောင်လက်စွပ်ထဲမှ ခရမ်းရောင် မိစ္ဆာအမြုတေတစ်ခုကို ထုတ်ယူကာ လေးလေးစားစား ပြောလိုက်သည်။
“ချန်ပေ့... ဒါက အဆုံးမဲ့တောရိုင်းမြေကနေ ကျွန်တော် အခုလေးတင် ရခဲ့တဲ့ အဆင့် (၆) မိစ္ဆာအမြုတေပါ။ တကယ်တော့ အရင်တုန်းကလည်း ကျွန်တော် မိစ္ဆာပေါင်း ရာချီသတ်ပြီး သူတို့ရဲ့ အမြုတေတွေကို ယူခဲ့ဖူးပါတယ်။ ချန်ပေ့ အထင်လွဲနေတာများလားခင်ဗျာ။”
ရှုပ်ထွေးနေသော ပတ်ဝန်းကျင်၌ ခေတ္တမျှ တိတ်ဆိတ်သွားသဖြင့် လော့ကျန့်ချင်းလည်း တဖြည်းဖြည်း စိတ်အေးသွားရသည်။ မထင်မှတ်ဘဲ ဤအချိန်တွင် ထိုအသံက ရုတ်တရက် စူးရှလာပြီး အော်လိုက်တော့သည်။
“မင်းက မိစ္ဆာပဲ... မင်းက မိစ္ဆာပဲ... မင်းက မိစ္ဆာပဲ။”
နောက်ထပ် လွှမ်းမိုးထားသော တိုက်ခိုက်မှုများက လော့ကျန့်ချင်းထံသို့ ရောက်လာပြန်သည်။ ဝါးထီးဖြင့် ခုခံကာကွယ်နိုင်သော်လည်း ရန်သူက မည်သည့်နေရာတွင် ရှိနေမှန်း မသိသဖြင့် ပြန်လည်တိုက်ခိုက်၍ မရချေ။ ဤအသံက အကျိုးအကြောင်းမသင့်ဟု လော့ကျန့်ချင်းတစ်ယောက် ခံစားလိုက်ရသည်။ သူက မိစ္ဆာတစ်ကောင်ဖြစ်ကြောင်း မည်သည့်နည်းဖြင့် ဆုံးဖြတ်နိုင်သနည်း။ အကယ်၍ သူသာ မိစ္ဆာတစ်ကောင် ဖြစ်ခဲ့လျှင် ထိုက်ဟွာတောင်မှ အကြီးအကဲများနှင့် လေးစားထိုက်သူများအားလုံး လူလှောင်ရယ်စရာတစ်ခု ဖြစ်မသွားပေဘူးလား။
နောက်ထပ် ထီးရိုးတစ်ချောင်း ကျိုးသွားသည်ကို မြင်လိုက်ရသောအခါ လော့ကျန့်ချင်းက အံကို တင်းတင်းကြိတ်ပြီး ဝါးထီးကို လေထဲသို့ ပစ်တင်လိုက်သည်။ ရွှေရောင်လွှမ်းသော မှိန်ပျပျ အလင်းတန်းတစ်ခုက ထီးမှ ဖြာကျလာပြီး လော့ကျန့်ချင်းကို လွှမ်းခြုံထားလိုက်သည်။
လော့ကျန့်ချင်းက ရွှမ်းဖူဓားပေါ်သို့ လက်ချောင်းများဖြင့် ခပ်ဖွဖွ ပုတ်လိုက်ရာ ဓားရှည်က သူ၏ လက်ဝါးပြင်မှ ဖြည်းညှင်းစွာ ပျံတက်သွားပြီး ဓားဖျားက အပြင်ဘက်သို့ ဦးတည်လျက် လေထဲတွင် တွဲလွဲခိုနေသည်။ သူက လက်နှစ်ဖက်ဖြင့် လက်ကွက်များကို အလျင်အမြန် ပြောင်းလိုက်ရာ အစိမ်းရောင် အလင်းတန်းတစ်ခုက လက်များကြားတွင် လက်ခနဲ ဖြစ်သွားပြီး ကြယ်တာရာလေးများ လင်းလက်လာသည်။
ရွှမ်းဖူဓားပေါ်မှ အလင်းရောင်သည်လည်း ပိုမိုတောက်ပလာတော့သည်။
ဤရှုပ်ထွေးမှုများကြားတွင် မိုးခြိမ်းသံ သဲ့သဲ့လေးကို ကြားလိုက်ရသလိုပင်။
လော့ကျန့်ချင်း၏ လက်ကွက်ပြောင်းနှုန်းက ပိုမိုမြန်ဆန်လာပြီး ရွှမ်းဖူဓားသည်လည်း ရန်သူကို တိုက်ခိုက်ရန် အသင့်အနေအထားဖြင့် အလျင်အမြန် လည်ပတ်နေသည်။ သို့သော် ဤအချိန်၌ သူ၏ လက်များကြားမှ အစိမ်းရောင် အလင်းတန်းက အနည်းငယ် မှိန်သွားပုံရ၏။ သို့သော် လော့ကျန့်ချင်းက တုံ့ဆိုင်းမနေဘဲ ညာဘက်ခြေထောက်ဖြင့် မြေကြီးကို ဆောင့်နင်းလိုက်ပြီး ရွှမ်းဖူဓားပေါ်သို့ သွေးပူတစ်လုတ်ကို မှုတ်ထုတ်လိုက်သည်။
ရုတ်တရက် တောက်ပသော အစိမ်းရောင် အလင်းတန်းတစ်ခု ဖြာထွက်လာတော့သည်။
လော့ကျန့်ချင်းက နှုတ်ခမ်းထောင့်မှ သွေးစများ စီးကျနေသည့်တိုင် လက်ကွက်ကို ဆက်လက်ဖော်ဆောင်နေဆဲပင်။
“ဓားတစ်လက်မှ ပွင့်လွှာကိုးချပ်ကြာ!”
ဓားတစ်လက်မှ ကိုးလက်အဖြစ် ပြောင်းလဲသွားပြီး ရှေ့သို့ တဟုန်ထိုး ပြေးဝင်သွားရာ ရွှမ်းဖူဓားသည် ပုံရိပ်ယောင်တစ်ခုအဖြစ် ပေါ်လာကာ ကောင်းကင်ဘုံကိုးထပ်မှ မိုးကြိုးလျှပ်စီးများလည်း ကျဆင်းလာတော့၏။ ရွှမ်းဖူဓားက နှစ်တစ်သောင်း သံမဏိနှင့် နှစ်တစ်ထောင် မိုးကြိုးကျောက်တို့ကို ပေါင်းစပ်သွန်းလုပ်ထားသည့် ဓားဖြစ်သည်။ ထို့ကြောင့်သာ လော့ကျန့်ချင်းအနေဖြင့် ဤတိုက်ကွက်ကို တစ်ရက်တည်း နှစ်ကြိမ်တိုင်တိုင် ထုတ်သုံးနိုင်ခြင်းပင်။ သို့သော် ယခုအခါ သူ၏ ဝိညာဉ်စွမ်းအားများ ကုန်ခန်းနေပြီဖြစ်၍ မိမိကိုယ်ကို ကာကွယ်ရန် ဝါးထီးကိုသာ အားကိုးနေရတော့သည်။
ခရမ်းရောင် လျှပ်စီးများက ငွေရောင်မြွေများသဖွယ် တွန့်လိမ်ရွေ့လျားရင်း နေရာတစ်ခုလုံးကို ပြည့်နှက်သွားသည်။ ဓားကိုးလက်က ပစ်မှတ်ကို ရှာမတွေ့သဖြင့် ဓားကွက်အနေအထားတစ်ခု ဖွဲ့စည်းလိုက်ပြီး တားဆီးမရနိုင်သော အရှိန်အဟုန်ဖြင့် နေရာလပ်မကျန် ဝင်ရောက်မွှေနှောက်လိုက်ကြသည်။
လော့ကျန့်ချင်းလည်း အခြားရွေးချယ်စရာ လမ်းမရှိတော့။ အကယ်၍ သူသာ ဤစမ်းသပ်မှုကို မအောင်မြင်ခဲ့လျှင် ကျောက်စိမ်းတံဆိပ်ပြားကို ချိုးပြီး ဤအပျက်အစီးနယ်မြေမှ ထွက်ခွာရုံသာ ရှိတော့သည်။ သို့သော် ထိုသို့ဆိုလျှင် သူက လီရှို့ချန်ကို လုပ်ကြံသတ်ဖြတ်နိုင်တော့မည် မဟုတ်ဘဲ ယခုတစ်ခေါက် ကြိုးပမ်းမှုများအားလုံး အချည်းနှီး ဖြစ်သွားရလိမ့်မည်။
လော့ကျန့်ချင်းက ရင်ဘတ်ကို ညာလက်ဖြင့် ဖိထားရင်း သူ့ခန္ဓာကိုယ်ထဲမှ ဝိညာဉ်စွမ်းအားများ လုံးဝ ကုန်ခန်းသွားသည်ကို ခံစားလိုက်ရ၏။ ကံမကောင်းစွာဖြင့်သူ၏ စိတ်ဝိညာဉ်စုစည်းခြင်း ဆေးလုံးများသည် ပုံရိပ်ယောင်မြေခွေးနှင့် တိုက်ခိုက်စဉ်ကပင် ကုန်သွားခဲ့လေပြီ။ ထို့ကြောင့် ယခုအချိန်တွင် ရွှမ်းဖူဓားက မျက်ကန်းတိုက်ခိုက်နေသည်ကို ကြည့်ရင်း လော့ကျန့်ချင်းတစ်ယောက် ခါးခါးသီးသီး ပြုံးလိုက်မိပြီး ရေရွတ်လိုက်သည်။
“ငါဒီနေရာမှာပဲ ရပ်သွားရတော့လား။”
နောက်တစ်စက္ကန့်တွင် အဖြူရောင် အလင်းတန်းတစ်ခုက လော့ကျန့်ချင်း၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာပြီး မျက်လုံးများကို ပြန်ဖွင့်လိုက်သောအခါ သူက ကျောက်ခန်းတစ်ခုထဲသို့ ရောက်နေသည်ကို ရုတ်တရက် တွေ့လိုက်ရသည်။
လော့ကျန့်ချင်း ထိုနေရာတွင် အူကြောင်ကြောင်နှင့် ရပ်နေမိသည်။ သူ၏ ပထမဆုံး တုံ့ပြန်မှုသည် ရွှမ်းဖူဓား ရှိရာနေရာကို စစ်ဆေးခြင်းပင်။ သူ၏ ဝိညာဉ်အာရုံထဲတွင် ဓားက ပျော်ရွှင်မြူးတူးစွာ ကခုန်နေသည်ကို ခံစားလိုက်ရမှသာ လော့ကျန့်ချင်းတစ်ယောက် သက်ပြင်းချနိုင်တော့သည်။ သူက မော့ကြည့်လိုက်ပြီး ရုတ်တရက် ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားသည်။
လီရှို့ချန်သည်လည်း ဖရိုဖရဲဖြစ်နေသော လော့ကျန့်ချင်းကို ကြောင်အမ်းအမ်းဖြင့် စိုက်ကြည့်နေသည်။
သူတို့နှစ်ဦး ခဏတာ စိုက်ကြည့်နေကြပြီးနောက် လော့ကျန့်ချင်းက လက်ချောင်းများကို စုစည်းလိုက်ရာ အစိမ်းရောင် ဓားချီစွမ်းအားတစ်ခုက သူ၏ လက်ချောင်းထိပ်များတွင် စုဝေးလာသည်။
လီရှို့ချန်က တရားထိုင်ဖျာတစ်ခုပေါ်တွင် ဒူးထောက်လျက်သား ဖြစ်နေ၏။ ဤအခြေအနေကို မြင်လိုက်ရသောအခါ သူက ကပျာကယာ ထလိုက်ပြီး အသနားခံတော့သည်။
“မင်း... မင်း ငါ့ကို တကယ်သတ်တော့မှာလား။ ငါတို့က နေရာတစ်ခုတည်းက လာကြတဲ့ တစ်ရွာတည်းသားတွေလေကွာ။ ငါ ကတိပေးပါတယ်။ အနာဂတ်မှာ ငါမင်းကို သတ်သင့်ရင်တောင်မှ မသတ်ဘဲ နေပေးပါ့မယ်။ ငါ့အသက်ကိုတော့ ချမ်းသာပေးပါနော်။”
လော့ကျန့်ချင်းက မျက်လုံးများကို ကျဉ်းလိုက်ပြီး လက်ထဲတွင် ဓားကိုကိုင်ကာ ရှေ့သို့ ဆက်တိုးလာသည်။
လီရှို့ချန်က ဆက်ပြောလိုက်သည်။
“ငါမင်းနဲ့ မတိုက်တော့ဘူးလေ။ ဇာတ်လိုက်နေရာကို မင်းကို ပေးလိုက်မယ်။ သတ္တမမြောက်အဆင့်က ဆုလာဘ်အဆင့်ဆိုတာ မင်းလည်း သိပါတယ်။ ငါ ဒီအမွေအနှစ်ကို မလိုချင်ပါဘူး။ ပြီးတော့ ဘာရတနာမှလည်း မလိုချင်ဘူး။ အကုန်လုံး မင်းကို ပေးလိုက်ပါ့မယ်။ နောက်ဆိုရင် ငါ မင်းရဲ့ နောက်လိုက် လုပ်ပါ့မယ်။ ငါ့မှာရှိတာ အကုန်လုံး မင်းအပိုင်ပါပဲ။”
ထိုခဏ၌ပင် လော့ကျန့်ချင်းသည် လီရှို့ချန်၏ ရှေ့သို့ ရောက်နေပြီဖြစ်သည်။ သူက နှာခေါင်းရှုံ့လိုက်ပြီး နှုတ်ခမ်းထောင့်ကို ပင့်တင်လျက် သူ့ရှေ့မှလူကို ကြည့်လိုက်သည်။ ရုတ်တရက် လွန်ခဲ့သော ကာလကြာရှည်က အဖြစ်အပျက်တစ်ခုကို သူသတိရသွားသည်။ သွမ့်ချင်း ချောက်ကမ်းပါးထက်တွင် သူ့ကို အထင်သေးသော မျက်လုံးများဖြင့် ငုံ့ကြည့်ခဲ့သော မျက်နှာသည် ဤမျက်နှာပင်။
ထိုစဉ်က လီရှို့ချန်သည် ထိုသို့ ပြောခဲ့ဖူးသည်။
“လော့ရှစ်ရှုန်း... ဒီနေ့ ခင်ဗျားကို ရှစ်ရှုန်းလို့ နောက်ဆုံးအနေနဲ့ ခေါ်လိုက်ပါ့မယ်။ ခင်ဗျားက မိစ္ဆာလမ်းစဉ်ကို လိုက်ပြီး အာ့ရှစ်ရှုန်းနဲ့ လျို့ရှစ်ရှုန်းကို ဒုက္ခရောက်အောင် လုပ်ခဲ့တယ်။ ခင်ဗျားက သဘာဝတရားကြီးကို ဆန့်ကျင်ပြီး မိုက်မိုက်မဲမဲ ပြုမူခဲ့တယ်လို့ ပြောလို့ရတယ်။ တကယ်လို့ ခင်ဗျားသာ ဒီချောက်ကမ်းပါးပေါ်မှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့ ဆန္ဒရှိမယ်ဆိုရင် ကျွန်တော်တို့ရဲ့ အရင်က သံယောဇဉ်ကို ထောက်ထားပြီး ခင်ဗျားရဲ့ အလောင်းကို အကောင်းပကတိအတိုင်း ချန်ထားပေးဖို့ ကျင့်ကြံသူတွေကို ကျွန်တော် တောင်းဆိုပေးလို့ ရတယ်။”
ထိုအချိန်တုန်းက လီရှို့ချန်သည် အလွန်မောက်မာပြီး ယှဉ်ပြိုင်နိုင်သူမရှိအောင် ဖြစ်ခဲ့သော်လည်း ယခုအခါတွင်မူ အလွန်နှိမ့်ချပြီး ယုတ်ညံ့သိမ်ဖျင်းနေသည်။
မျက်ရည်နှင့် နှာရည်များက လီရှို့ချန်၏ မျက်နှာပေါ်တွင် စီးကျနေတော့၏။ သူ၏ မျက်နှာလိုမျက်နှာရ အကြည့်များက လော့ကျန့်ချင်းကို ရွံရှာစေသော်လည်း သူ ထပ်ပြီး အချိန်မဖြုန်းချင်တော့။ သူက ထက်ရှသော ဓားစွမ်းအားကို ဖြည်းဖြည်းချင်း မြှောက်လိုက်ပြီး ကြောက်လန့်တကြား ဖြူဖပ်ဖြူရော်ဖြစ်နေသော လီရှို့ချန်ထံသို့ တည့်တည့် ချိန်ရွယ်လိုက်တော့သည်။
ဤတစ်ကြိမ်တွင်မူ လော့ကျန့်ချင်းက ပြင်ပတိုက်ခိုက်မှုအပေါင်းကို ကာဆီးရန် ဝါးထီးကို ထုတ်လိုက်သည်။ သူက လီရှို့ချန်ကို ဂရုမစိုက်သော အမူအရာဖြင့် ကြည့်လိုက်ပြီး လက်ညှိုးကို ဖြည်းဖြည်းချင်း မြှောက်လိုက်၏။ ရုတ်တရက်ဆိုသလိုပင် ငွေခေါင်းလောင်းသံကဲ့သို့ တခစ်ခစ် ရယ်သံတစ်ခုက သူ့စိတ်အာရုံထဲ၌ ပဲ့တင်ထပ်လာတော့သည်။
“ဟီးဟီးဟီးဟီးဟီး၊ မင်းတို့ လူသားတွေက အချင်းချင်း သတ်နိုင်ကြသေးတာပဲလား။ လူလေး... မင်းက အဆိုးလေးပဲ။ ဒါပေမဲ့ တို့ကတော့ မင်းကို သဘောကျတယ်နော်။ ဒီလိုဆိုရင်ကော... မင်းကိုယ်မင်း တို့ဆီ ပုံအပ်လိုက်ပါလား။ ဘယ်လိုသဘောရလဲ။”
လော့ကျန့်ချင်းက မျက်လုံးများကို ဖွင့်လိုက်ရာ စူးရှပြင်းထန်သော နာကျင်မှုတစ်ခုက စိတ်အာရုံမှတစ်ဆင့် ဝင်ရောက်လာသည်။
“အား!!!”
သူက ခေါင်းကိုအုပ်လျက် နာကျင်စွာဖြင့် ဘေးသို့ လဲကျသွားရာ လီရှို့ချန်ကလည်း ၎င်းကို အခွင့်ကောင်းယူ၍ နံရံထောင့်သို့ အပြေးလေးသွားပြီး ပုန်းအောင်းလိုက်သည်။
ခရမ်းရောင် မိစ္ဆာအမြုတေတစ်ခုက လော့ကျန့်ချင်း၏ သိုလှောင်လက်စွပ်ထဲမှ ပျံထွက်လာပြီး ခရမ်းရောင် မိစ္ဆာမြူခိုးများက အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော ကျင့်ကြံသူအား အလျင်အမြန် လွှမ်းခြုံသွားတော့သည်။ လီရှို့ချန်က ဘာဖြစ်နေမှန်း နားမလည်မသဖြင့် ထိတ်လန့်တကြား ကြောင်ကြည့်နေမိ၏။
လော့ကျန့်ချင်း ခံစားနေရသော နာကျင်မှုကို သူနားမလည်နိုင်သည်တော့ အသေအချာပင်။
သူ၏ ဝိညာဉ်ပင်လယ်ထဲတွင် ရွှမ်းဖူဓားက ကြောက်ရွံ့စိုးရိမ်သော ဓားသံကို ပြုနေပြီး အဖြူရောင် အလင်းတန်းတစ်ခုက ကျူးကျော်ဝင်ရောက်လာသော ခရမ်းရောင် မိစ္ဆာမြူခိုးများနှင့် တိုက်ခိုက်နေသည်။ လော့ကျန့်ချင်းခမျာ မြေကြီးပေါ်တွင် နာကျင်စွာ လူးလိမ့်နေရပြီး သူ၏ဝတ်ရုံမှာ ဖုန်များဖြင့် ပေကျံကာ ဆံပင်များလည်း ဖရိုဖရဲ ဖြစ်နေတော့သည်။ သူ၏ မျက်လုံးတစ်ဖက်က ကြည်လင်နေဆဲ ဖြစ်သော်လည်း ကျန်တစ်ဖက်၌မူ ခရမ်းရောင်အခိုးအငွေ့များ လွှမ်းခြုံထားချေပြီ။
“လူလေး... ရုန်းမနေပါနဲ့တော့။ မင်းက အခု လမ်းဆုံးနေပြီပဲဟာ။ တို့အလိုကို လိုက်လျောလိုက်ပါတော့လား။”
“အဲ့ဒီအကြောင်းကို တွေးတောင်မတွေးနဲ့။”
“လူလေးရယ်... ဘာလို့ အဲ့လောက်တောင် ခေါင်းမာနေရတာလဲ။”
“မင်း...”
သူ၏ ချောမောခံ့ညားသော မျက်နှာပေါ်တွင် ချွေးများ ရွှဲနစ်နေပြီး လော့ကျန့်ချင်းတစ်ယောက် နာကျင်စွာဖြင့် ခေါင်းကိုအုပ်ကာ နေနေရ၏။ ခရမ်းရောင်သန်းနေသော မျက်လုံးမှလည်း သွေးများ စီးကျလာသည်။
အချိန်မည်မျှ ကြာသွားသည်ကို မည်သူမျှ မသိနိုင်သော်လည်း လီရှို့ချန်ကမူ ဘေးမှနေ၍ တစ်ချိန်လုံး စောင့်ကြည့်နေခဲ့သည်။ ခရမ်းရောင် မြူခိုးများကြားမှ နာကျင်စဖွယ် အော်သံများကို သူနားထောင်နေခဲ့ပြီး လော့ကျန့်ချင်း၏ နာနာကျင်ကျင် ရှိုက်ငိုသံကိုပင် ကြားလိုက်ရသေးသည်။ အချိန်အတော်ကြာ စောင့်ပြီးနောက် ခရမ်းရောင်မြူခိုးများ အနည်းငယ် ပြယ်သွားသည်ကို လီရှို့ချန်တစ်ယောက် မြင်လိုက်ရသော်လည်း မလှုပ်ရဲဘဲ ထောင့်တွင် ဆက်လက် ပုန်းအောင်းနေမိသည်။
ညှို့ဓာတ်ပြင်းသော ညည်းသံသဲ့သဲ့လေးကို ကြားလိုက်ရသည့် အချိန်အထိပင်။
***
Aurora Novel Translation Team