no

Font
Theme

အခန်း - (၁)

မိုးကုပ်စက်ဝိုင်းတစ်ခုလုံးတွင် မည်းမှောင်နေသော တိမ်တိုက်များကား မင်ရည်များ သုတ်လိမ်းထားသကဲ့သို့ လိပ်လိပ်ခဲခဲ ဖြစ်နေသည်။ ခဲရောင်သန်းနေသော တိမ်တိုက်များကြားတွင် မိုးကြိုးလျှပ်စီးများက ငွေရောင်မြွေများအလား ဟိုဟိုဒီဒီ ကူးခတ်နေကြ၏။ လေပြည်တစ်ချက်ပင် မတိုက်ခတ်ဘဲ အေးခဲငြိမ်သက်နေသော လေထုက စီးဆင်းမှု ရပ်တန့်သွားသည့် ရေစီးကြောင်းတစ်ခုနှင့် တူလှသည်။

ကြမ်းတမ်းသော တောင်တက်လမ်းပေါ်တွင် လျော်တေအင်္ကျီများ ဝတ်ဆင်ထားသည့် လူငယ်အယောက် ၃၀ ခန့် လျှောက်လှမ်းနေကြ၏။ သူတို့သည် တစ်စုံတစ်ရာသော အန္တရာယ်က နောက်ကလိုက်နေသကဲ့သို့ ခေါင်းငုံ့ကာ အလောတကြီး သွားနေကြပြီး နောက်သို့ပင် တစ်ချက်မျှ လှည့်မကြည့်ရဲကြပေ။

“မြန်မြန်လုပ်ကြ! အချိန်နီးနေပြီ။”

“နာရီဝက်ပဲ ကျန်တော့တယ်။”

ထိုသို့သော အသံများကို လူတန်းကြီးထဲတွင် နေရာအနှံ့ ကြားနေရ၏။ ထိုကလေးငယ်များမှာ အလွန်အမင်း စိုးရိမ်ပူပန်နေကြသဖြင့် မျက်နှာတစ်ပြင်လုံးတွင် ချွေးများ စိုရွှဲနေသည်။ သူတို့သည် တောင်တက်လမ်းကို ဖြတ်ကျော်နိုင်ရန် အရှိန်မြှင့်၍ ဆက်တိုက် လျှောက်လှမ်းနေကြသော်လည်း လမ်းသည် အဆုံးမရှိသကဲ့သို့ အလွန်ပင် ရှည်လျားလှသည်။

ဘေးပတ်ပတ်လည်ရှိ တောင်နံရံများက တိမ်တိုက်များထဲသို့ ထိုးဖောက်ဝင်ရောက်လုမတတ် မြင့်မားလှပြီး ၎င်းနံရံနှစ်ခုကြားရှိ ကျဉ်းမြောင်းသော လမ်းကလေးတစ်ခု၌သာ ဤကလေးများ လျှောက်လှမ်းနိုင်သည်။ မကြာမီတွင် မိန်းကလေးငယ် အများအပြား ဒဏ်မခံနိုင်တော့ဘဲ လဲကျသွားကြ၏။ သို့သော်လည်း အများစုမူ အံကြိတ်ကာ အားတင်း၍ ရှေ့သို့ ဆက်လက် တိုးဝင်နေကြဆဲပင်။

“ဝုန်း... ဝုန်း...”

ရေအိုးခန့် ပမာဏရှိသော မိုးကြိုးတစ်စင်းသည် တောင်တက်လမ်းပေါ်ရှိ လူတန်းကြီး၏ ရှေ့တည့်တည့်သို့ ပစ်ချလိုက်ရာ မြေပြင်ပေါ်တွင် နက်ရှိုင်းပြီး ကြီးမားသော ကျင်းကြီးတစ်ခု ဖြစ်ပေါ်သွားခဲ့သည်။ မိုးခြိမ်းသံများက ကောင်းကင်ယံထက်တွင် ပဲ့တင်ထပ်နေပြီး တစ်စထက်တစ်စ ပို၍ ကျယ်လောင်လာသည်။ လျှပ်စီးလက်မှုကြောင့် မြေပြင်တစ်ခုလုံး လင်းထိန်သွားရာ ရှေ့ဆုံးမှ သွားနေသော အရပ်ရှည်ရှည် လူငယ်လေးမှာ ကြောက်လန့်တကြား တုန်လှုပ်သွားခဲ့၏။

“ငါမသွားတော့ဘူး၊ ငါမသွားတော့ဘူး၊ ဒီမိုးကြိုးသာ မှန်သွားရင် ငါသေသွားမှာပဲ။”

“ငါလည်း မသွားတော့ဘူး၊ နတ်ဘုရားလည်း မဖြစ်ချင်တော့ဘူး၊ ထိုက်ဟွာတောင်ကိုလည်း မဝင်ချင်တော့ဘူး၊ ငါ့ရဲ့ စမ်းသပ်မှုကို ဒီတင် ရပ်လိုက်တော့မယ်။”

“ငါလည်း စမ်းသပ်မှုကို ရပ်ချင်ပြီ။”

“စမ်းသပ်မှု ရပ်တော့မည်” ဟု ပြောသူများသည် ငွေရောင်အလင်းတန်းများကို ရှောင်ကွင်းပြီး တောင်တက်လမ်းပေါ်မှ လျင်မြန်စွာ ပျောက်ကွယ်သွားကြသည်။ ကျန်ရှိသူများကမူ နှောင့်နှေးခြင်းမရှိဘဲ သူတို့၏ စမ်းသပ်မှုများကို ဆက်လက် လုပ်ဆောင်နေကြ၏။

ထိုက်ဟွာတောင်သည် ကျင့်ကြံခြင်းလောကတွင် နံပါတ်တစ် ဂိုဏ်းကြီးဖြစ်သည်။ ဆယ်နှစ်တစ်ကြိမ် ဂိုဏ်းတံခါးကို ဖွင့်လှစ်ပြီး အသက် ၁၅ နှစ်နှင့်အောက် ကလေးငယ်များကို စမ်းသပ်မှုအတွက် လက်ခံလေ့ရှိသည်။ စမ်းသပ်မှု သုံးခုကို အောင်မြင်ပြီးသည်နှင့် ထိုသာမန်ကလေးငယ်များသည် ထိုက်ဟွာတောင်သို့ ဝင်ရောက်ခွင့် ရရှိမည်ဖြစ်ပြီး သာမန်လူတို့ အထွတ်အမြတ်ထားသော အမတများအဖြစ်သို့ တစ်ခဏချင်း ကူးပြောင်းနိုင်မည့် အခွင့်အရေးကို ရရှိကြမည်ဖြစ်သည်။

ထိုက်ဟွာတောင်၏ စမ်းသပ်မှု သုံးခုအနက် ပထမနှစ်ခုက အန္တရာယ်မရှိသော်လည်း နောက်ဆုံး စမ်းသပ်မှုဖြစ်သော “မိုးကြိုးလမ်း” တွင်မူ ကလေးငယ်များ အသက်ဆုံးရှုံးမှု ရှိတတ်သည်။ ထိုမိုးကြိုးနှင့် လျှပ်စီးများက အစစ်အမှန်များ ဖြစ်ကြ၏။ ဤကလေးငယ်များတွင် သာမန်ခန္ဓာကိုယ်များသာ ရှိကြသဖြင့် မိုးကြိုးထိမှန်ပါက ဧကန်မုချ သေဆုံးကြမည်ဖြစ်သည်။ ထို့အပြင် “မိုးကြိုးလမ်း” ကို ဖြတ်ကျော်ရန် အချိန်သတ်မှတ်ချက်လည်း ရှိနေသေးပြီး အချိန်ကျော်လွန်သွားပါက စမ်းသပ်မှုကို ကျရှုံးမည်ဖြစ်သည်။

ယခုအခါ အချိန် ၁၅ မိနစ်သာ ကျန်တော့ပြီး “မိုးကြိုးလမ်း” ပေါ်တွင် ကလေးငယ် ၃၁ ဦးသာ ကျန်ရှိနေသည်။

သူတို့သည် ပန်းတိုင်နှင့် အလွန်ဝေးကွာနေဆဲ ဖြစ်သော်လည်း မိုးကြိုးများက ပို၍ ပြင်းထန်လာ၏။ မိုးကြိုးတစ်ချက် ပစ်ချလိုက်တိုင်း တောင်တန်းကြီးတစ်ခုလုံး ပြိုကျတော့မည့်အလား ကောင်းကင်နှင့် မြေကြီးပါ တုန်လှုပ်ချောက်ချားသွားစေသည်။

အုပ်စုထဲမှ မိန်းကလေးငယ်တစ်ဦးက ကြောက်လန့်တကြား ဖြူဖျော့နေသော မျက်နှာဖြင့် တုန်တုန်ယင်ယင် ပြောလိုက်သည်။

“ချန်ကော... ကျွန်မတို့ လက်လျှော့လိုက်ရအောင်လား၊ ဒီမိုးကြိုးက လူကို သေစေနိုင်တယ်...”

သူ(မ)၏ ရှေ့တွင် လျှောက်နေသော အသက် ၁၄ နှစ်အရွယ် ကောင်လေးက ထိုစကားကို ကြားသောအခါ လှည့်ကြည့်လိုက်သည်။

ထိုလူငယ်လေးက အလွန်အမင်း ရုပ်ချောလှသည် မဟုတ်သော်လည်း တစ်ချက်ကြည့်လိုက်လျှင် မှတ်မိစေမည့် ရုပ်ရည်မျိုးရှိသည်။ သူ့မျက်လုံးများထဲတွင် ပါးနပ်သော အရိပ်အယောင်များ လှစ်ခနဲ ပေါ်သွားပြီး ရှေ့မှ မိန်းကလေးငယ်ကို ထူးဆန်းစွာ ကြည့်လိုက်သည်။ နောက်ဆုံးတွင် သူက ပြုံး၍ ပြောလိုက်၏။

“ရှောင်မေ့... မင်းက သူတို့ထက် သာပါတယ်၊ စိတ်အေးအေးထား။ ငါတို့နှစ်ယောက်လုံး အမတတွေ ဖြစ်နိုင်တယ်၊ ငါ့လက်ကို ကိုင်ပြီး လျှောက်စမ်းပါ။”

မိန်းကလေးငယ်က တစ်စုံတစ်ရာ ပြောလိုသေးသော်လည်း လူငယ်လေး၏ ပြတ်သားသော ဆုံးဖြတ်ချက်ကို မြင်သောအခါ စကားလုံးများကို ပြန်မျိုသိပ်လိုက်သည်။

သူတို့ ရှေ့သို့ ဆက်လက် လျှောက်လှမ်းနေစဉ်ပင် အရှိန်အဟုန်ပြင်းသော မိုးကြိုးတစ်စင်းသည် လူငယ်လေးဆီသို့ တည့်တည့် ပစ်ချလိုက်သည်။ မိန်းကလေးငယ်က ကြောက်လန့်ကာ တုန်လှုပ်သွားသော်လည်း ထူးဆန်းစွာပင် သတ္တိကို မွေးမြူ၍ လူငယ်လေးကို ကာကွယ်ရန် လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး အော်ဟစ်လိုက်သည်။

“ချန်ကော... သတိထား!”

မိုးကြိုးက မိန်းကလေးနှင့် ၁၀ မီတာခန့်သာ ကွာဝေးတော့သော်လည်း သူ(မ)က သတိမထားမိပေ။ သူ(မ)၏ နောက်ကွယ်တွင်မူ သူ(မ)ကာကွယ်ပေးနေသော လူငယ်လေးက အံ့ဩခြင်းမရှိဘဲ အနည်းငယ် ပြုံးနေသည်။ သူ့မျက်လုံးများထဲတွင် တစ်စုံတစ်ရာကို ထိန်းချုပ်ထားရသကဲ့သို့ ဂုဏ်ယူမှုနှင့် မျှော်လင့်ချက်များ ပြည့်နှက်နေသည်။

သို့သော်လည်း မိုးကြိုးက မိန်းကလေးကို ထိမှန်တော့မည့် ဆဲဆဲတွင် စိမ်းဖန့်ဖန့် ဓားအလင်းတန်းတစ်ခုက လေထုကို ခွင်း၍ ထွက်ပေါ်လာခဲ့သည်။

ထိုဓားအလင်းတန်းက လျင်မြန်ထက်မြက်လှပြီး ပြင်းထန်သော မိုးကြိုးကို ရိုက်ခတ်လိုက်ရာ ငွေရောင်အစအနများ လွင့်စင်သွားသည်။ ထိုအလင်းတန်းက အေးစက်ရင့်သီးလှပြီး မိုးကြိုးကို ထိုးခွဲပစ်လိုက်၏။ စိမ်းဖန့်ဖန့် ဓားဦးဖျားမှ ထွက်ပေါ်လာသော အသံများက ခန့်ညားထည်ဝါလှသဖြင့် တောင်တက်လမ်းပေါ်ရှိ ကလေးငယ်များ တုန်လှုပ်သွားကြပြီး မြေပြင်ပေါ်သို့ တစ်ပြိုင်နက်တည်း လဲကျသွားကြသည်။ မိုးကြိုးသည်လည်း တစ်ခဏချင်းပင် ပျောက်ကွယ်သွားတော့သည်။

ထိုနေရာရှိ လူ ၃၁ ဦးလုံး မျက်လုံးများ ပြူးကျယ်သွားကြပြီး ကောင်းကင်ယံထက်တွင် ရုတ်တရက် ပေါ်လာသော ပုဂ္ဂိုလ်ကို အံ့အားသင့်စွာ ငေးကြည့်နေကြသည်။

အဆုံးမရှိသကဲ့သို့ မြင့်မားသော တောင်ကြားလမ်းနှစ်ခုကြားတွင် လက်ကျယ်ဝတ်စုံဖြူကို ဝတ်ဆင်ထားသော နတ်ဘုရားတစ်ပါးက မိုးကြိုးမုန်တိုင်းများကြား၌ မတ်မတ်ရပ်နေသည်ကို တွေ့ရသည်။ သူက မြေပြင်ပေါ်တွင် လဲကျနေသည့် စမ်းသပ်သူများကို တည်ငြိမ်အေးစက်သော မျက်ဝန်းများဖြင့် ကြည့်နေသည်။

သူ့မျက်လုံးများက ဖီးနစ်မျက်လုံးများကဲ့သို့ ရှိပြီး မျက်ခုံးတန်းများသည်လည်း ရှည်လျားသည်။ နှာတံမှာ ဖြောင့်စင်းပြီး နှုတ်ခမ်းလွှာက ပါးလျကာ သူ့မျက်ဝန်းထောင့်လေးတို့က အနည်းငယ် ပင့်တက်နေသည်။ ထို့နောက် မင်ရည်ကဲ့သို့ မည်းနက်သော အလင်းကွင်းတစ်ခုက ဖြည်းညင်းစွာ ပြန့်ကားလာရာ ကလေးငယ်များမှာ အသက်ပင် မရှူရဲဘဲ မှင်တက်သွားကြသည်။ သူ၏ အနက်ရောင် ဆံနွယ်များက လေထဲတွင် လွင့်မြောနေပြီး သူ့နောက်ဘက်တွင် ငွေရောင်မိုးကြိုးများ ဝန်းရံနေသည်။ ထိုပုဂ္ဂိုလ်သည် မရေမတွက်နိုင်သော မိုးကြိုးများကို အရေးမစိုက်ဘဲ ကလေးငယ်အုပ်စုကို တည်ငြိမ်စွာ ငုံ့ကြည့်နေသည်။

သူသည် လောကီအပူအပင်များ ကင်းစင်ပြီး လွန်စွာ ခံ့ညားတည်ငြိမ်သော မင်းသားတစ်ပါးအလား။

အခြားသော မိုးကြိုးတစ်စင်းက ထပ်မံ၍ ပြင်းထန်စွာ ပစ်ချလာပြန်သည်။ သူက ဓားကို နောက်သို့ တစ်ချက်ဝေ့ယမ်းလိုက်ရုံဖြင့် အရှိန်အဟုန်ပြင်းသော မိုးကြိုးကို အစအနများ ဖြစ်သွားစေသည်။ သူ၏ ရှည်လျားသော ငွေရောင်ဓားက လေထဲတွင် ကခုန်နေပြီး လှပသော မီးပွင့်များကို ဖြစ်ပေါ်သွား၏။ ထို့နောက် ထိုဓားသည် အလင်းတန်းလေးတစ်ခုအဖြစ် သေးငယ်သွားပြီး သူ၏ မျက်ခုံးနှစ်ခုကြားသို့ တိုးဝင်ပျောက်ကွယ်သွားကာ ငွေရောင် အမှတ်အသားတစ်ခုကို ချန်ရစ်ခဲ့သည်။

မိုးကြိုးလမ်း တစ်ခုလုံးတွင် တစ်စုံတစ်ဦးမျှ စကားတစ်လုံးပင် မပြောရဲကြချေ။

စမ်းသပ်မှု၏ အချိန်ကန့်သတ်ချက်က ကုန်ဆုံးသွားသည်မှာ ကြာပြီဖြစ်သော်လည်း မည်သူမျှ သတိမထားမိကြတော့။

မကြာမီတွင် ဝတ်စုံဖြူဝတ် ကျင့်ကြံသူသုံးဦး ပျာပျာသလဲ ပျံသန်းရောက်ရှိလာသည်။ ထိုပုဂ္ဂိုလ်ကို မြင်လျှင်မြင်ခြင်း သူတို့က ချက်ချင်း ဂါရဝပြုလိုက်ကာ အော်ပြောလိုက်ကြသည်။

“တာ့ရှစ်ရှုန်းလော့!”

လော့ကျန့်ချင်းက ခေါင်းကို အနည်းငယ် ညိတ်ပြလိုက်ပြီး ထိုသုံးဦးအား တစ်စုံတစ်ရာ အရိပ်အယောင် ပြလိုက်သည်။ ထို့နောက် သူက မိုးကြိုးလမ်းပေါ်ရှိ ကလေးငယ်များကို ဆက်လက် ကြည့်ရှုနေရင်း လူအုပ်ထဲသို့ ဝေ့ကြည့်လိုက်ရာ မောင်နှမအလား ရှိနေသော စမ်းသပ်ခံသူနှစ်ဦးကို လျင်မြန်စွာ တွေ့ရှိသွားသည်။

ထိုအခြင်းအရာကို မြင်သောအခါ ဘေးမှ ကျင့်ကြံသူက ချက်ချင်းပင် တိုးတိုးလေး ပြောလိုက်၏။

“အဲ့ဒီလူငယ်လေးရဲ့ နာမည်က လီရှို့ချန်ပါ။ ဒီနှစ်ဆို ၁၄ နှစ်ရှိပြီ၊ သာမန် ကိုယ်ခန္ဓာတည်ဆောင်ပုံပဲ ရှိပါတယ်။ ဟိုမိန်းကလေးကတော့ လျိုရှောင်ရှောင် လို့ ခေါ်ပါတယ်။ ဒီနှစ် ၉ နှစ်ရှိပါပြီ၊ သူ(မ)ရဲ့ ကိုယ်ခန္ဓာတည်ဆောက်ပုံက တတိယအဆင့်လို့ သတ်မှတ်လို့ရပါတယ်။”

သူက အသံကို နှိမ့်လိုက်ပြီး ဆက်ပြောသည်။

“တာ့ရှစ်ရှုန်းလော့... ဒီနေ့ မိုးကြိုးလမ်းက ဘာဖြစ်လို့ အခြေအနေတွေ ဒီလောက်တောင် ပြင်းထန်သွားတယ်ဆိုတာ ကျွန်တော်တို့လည်း မသိပါဘူး။ တာ့ရှစ်ရှုန်းသာ အရောက်နောက်ကျသွားရင် ဒီမိန်းကလေးငယ်လေးခမျာ မတရား အသက်ဆုံးရှုံးရတော့မှာ။”

ထိုက်ဟွာတောင်သည် ဆယ်နှစ်တစ်ကြိမ် တံခါးဖွင့်သော်လည်း တပည့်သစ်များကို အမြဲတမ်း လက်ခံလေ့မရှိပေ။ တတိယအဆင့်သည် ပထမအဆင့် ကိုယ်ခန္ဓာတည်ဆောက်ပုံ သို့မဟုတ် ဒုတိယအဆင့်ကဲ့သို့ မမြင့်မားသော်လည်း ကျင့်ကြံသူတစ်ဦး ဖြစ်လာနိုင်ခြေက သာမန်လူများထက်ပို၍ မြင့်မားနေဆဲပင်။ ထို့ကြောင့် သူတို့သည် ထိုက်ဟွာတောင်သို့ ကျင့်ကြံရန် ဝင်ရောက်ခွင့် ရှိသင့်သည်။

လော့ကျန့်ချင်းက ထိုစကားများကို ကြားသောအခါ ထိုမောင်နှမနှစ်ဦးကို အသာအယာ တစ်ချက် ကြည့်လိုက်၏။ ထို့နောက် ခေါင်းလှည့်ကာ စကားစပြောလိုက်သည်။

“တော်သေးတာပေါ့၊ ငါ ဂိုဏ်းကို ပြန်လာချိန်နဲ့ တိုက်ဆိုင်သွားလို့။ ဒီမိုးကြိုးလမ်းရဲ့ ကိစ္စကိုတော့ နောက်နောင် မတော်တဆမှုတွေ မဖြစ်အောင် မင်းတို့ သေချာစစ်ဆေးဖို့ လိုလိမ့်မယ်။”

သူ့အသံက အိပ်မက်ဆန်သော တေးသွားတစ်ခုကဲ့သို့လည်းကောင်း၊ ကျောက်စိမ်းကြိုးချင်း ထိခတ်သံကဲ့သို့လည်းကောင်း နူးညံ့ပျော့ပျောင်းလှသည်။

ထိုသုံးဦးစလုံးက ချက်ချင်းပင် ခေါင်းညိတ်ကာ အသိအမှတ်ပြုလိုက်ကြ၏။

ခဏအကြာတွင် လော့ကျန့်ချင်းက သူ့ဓားကို စီးနင်း၍ ထွက်ခွာသွားသည်။ မျက်တောင်တစ်ခတ်အတွင်းပင် သူသည် “မိုးကြိုးလမ်း” မှ ပျောက်ကွယ်သွားတော့သည်။

သူထွက်ခွာသွားပြီးနောက်မှသာ ကမ္ဘာကြီးက ပြန်လည်သက်ဝင်ကာ လှုပ်ရှားလာသကဲ့သို့ ဖြစ်သွားပြီး ဖိအားပေးနေသော လေထုကြီးလည်း ပျောက်ကွယ်သွားတော့သည်။

လျိုရှောင်ရှောင်မှာ တံတွေးကို ခက်ခဲစွာ မျိုချလိုက်ရ၏။ သူ(မ)က လီရှို့ချန်၏ အင်္ကျီလက်ကို အသာဆွဲပြီး အလွန်သတိထားကာ ပြောလိုက်သည်။

“ချန်ကော... အဲ့ဒီအစ်မက တကယ်လှတာပဲနော်။ ကျင့်ကြံသူတွေ အားလုံးက... အားလုံးက အဲ့ဒီလောက်အထိ ချောကြတာလားဟင်။”

လီရှို့ချန်၏ မျက်နှာက ရေကန်ပြင်လို အေးစက်တည်ငြိမ်နေပြီး ဘာမှ ပြန်မပြောချေ။

မိန်းကလေးက လီရှို့ချန်၏ ထူးဆန်းသော အပြုအမူကို သတိမထားမိဘဲ ဆက်ပြောနေပြန်သည်။

“အဲ့ဒီ အရမ်းလှတဲ့ အစ်မကြီးက ထိုက်ဟွာတောင်ကလား၊ ချန်ကော... ကျွန်မတို့ ထိုက်ဟွာတောင်ကို ရအောင် ဝင်ရမယ်နော်။ သူ(မ)က ကျွန်မတို့ကို ကယ်ခဲ့တာဆိုတော့ ကျေးဇူးတင်ရမယ်။”

“သွားကြရအောင်။”

လီရှို့ချန်က အေးစက်စွာ ပြောလိုက်၏။

လျိုရှောင်ရှောင်က အလန့်တကြား အသက်ရှူလိုက်ပြီး ပြောလိုက်သည်။

“ချန်ကော... ကျွန်မကို ဆွဲတာ အရမ်းနာနေပြီ။”

လီရှို့ချန်သည် သူ(မ)ကို ဆွဲထားသည့် လက်ကို ဖြည်းညင်းစွာ လွှတ်လိုက်သည်။ သူက ဘေးမှ မိန်းကလေးငယ်ကို တစ်ချက် လှည့်ကြည့်ပြီးနောက် ရှေ့သို့ ဆက်လက် လျှောက်သွားသည်။ မိန်းကလေးက ဘာဖြစ်သွားသည်ကို လုံးဝ သတိမထားမိဘဲ တတွတ်တွတ် ရေရွတ်၍ သူ့နောက်မှ အမြန်လိုက်သွားလေသည်။

“ချန်ကောက ခုထိ အရှိန်မလျှော့သေးဘူးလား။”

‘ဒါက မှားနေပြီ! လုံးဝကို မှားနေတာ!’

ထိုမိန်းကလေးငယ်က သူ(မ)ချစ်ခင်ရသော ချန်ကောကို မိုးကြိုးဒဏ်မှ ကာကွယ်ရင်း သူ(မ)၏အသက်သည် ထိုနေရာတွင်ပင် အဆုံးသတ်သွားရမည်ဖြစ်ကြောင်း လုံးဝ သိထားမည်မဟုတ်ပေ။

“မိုးကြိုးလမ်း”တွင် ဖြစ်ပျက်ခဲ့သည်မှာ ပုံမှန်မဟုတ်ချေ။ အခြေအနေများက ရုတ်တရက် ပို၍အန္တရာယ်များလာပြီး သာမန်အကျဆုံး ကိုယ်ခန္ဓာဖွဲ့စည်းပုံသာရှိသော လီရှို့ချန်သည် မိုးကြိုးအပစ်ခံရလုနီးပါး ဖြစ်ခဲ့သည်။ သို့သော် သူ၏ငယ်သူငယ်ချင်း ညီမငယ်လေး လျိုရှောင်ရှောင်က သူ့ကို ကယ်တင်ခဲ့သည်။ လျိုရှောင်ရှောင်သည် ပန်းတစ်ပွင့်ကဲ့သို့ နွမ်းလျသွားရမည်ဖြစ်ပြီး လီရှို့ချန်ကမူ အလွန်အမင်း ဝမ်းနည်းပူဆွေးကာ ငိုကြွေးနေရမည်ဖြစ်သည်။ ထိုအပြုအမူကို ထိုက်ဟွာတောင်မှ ကျင့်ကြံသူများ မြင်တွေ့သွားကာ စိတ်မကောင်းဖြစ်ပြီး ထိုသာမန်ကောင်လေးကို ဂိုဏ်းအတွင်း ဝင်ရောက်ခွင့်ပေးရန် ဆုံးဖြတ်လိမ့်မည်ဖြစ်သည်။

၎င်းသည် “နတ်ဘုရားဖြစ်ရန် လမ်းစဉ်ရှာဖွေခြင်း” ဝတ္ထု၏ ဇာတ်လမ်းအတိုင်းပင်။

လွန်ခဲ့သော သုံးနှစ်က လီရှို့ချန်ကို လီရှို့ချန်ဟု မခေါ်ခဲ့ပေ။ မတော်တဆမှုတစ်ခုကြောင့် သူသည် “နတ်ဘုရားဖြစ်ရန် လမ်းစဉ်ရှာဖွေခြင်း” ကမ္ဘာထဲသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ သူသည် လီရှို့ချန်အဖြစ် ပြောင်းလဲသွားကြောင်း သိလိုက်ရသောအခါ သူ့ကိုယ်သူမထိန်းချုပ်နိုင်လောက်အောင် စိတ်လှုပ်ရှားခဲ့ရသည်။

လီရှို့ချန်...

“နတ်ဘုရားဖြစ်ရန် လမ်းစဉ်ရှာဖွေခြင်း” ဝတ္ထု၏ ဇာတ်လိုက်။

သူသည် မည်သူနှင့်မျှ မယှဉ်နိုင်သော ရွှေရောင်အမြုတေနှင့် စွမ်းအင်များကို ပိုင်ဆိုင်ထားသူဖြစ်သည်။ သူသည် ကောင်းကင်ဘုံ၏ ချစ်မြတ်နိုးခြင်းကို ခံရသော ကလေးတစ်ယောက်နှင့်ပင် တူလှသည်။

သုံးနှစ်စလုံး သူသည် ဇာတ်လမ်း၏ မှတ်ဉာဏ်များပေါ် အခြေခံကာ ဘဝကို အလေးအနက်ထား ဖြတ်သန်းခဲ့သည်။ ထို့နောက် အိမ်နီးနားချင်း ညီမလေးဖြစ်သော လျိုရှောင်ရှောင်ကို ခေါ်ဆောင်ကာ ထိုက်ဟွာတောင်၏ စမ်းသပ်မှုတွင် ပါဝင်ခဲ့သည်။ သူသည် ထိုမိန်းကလေးငယ်ကို စတေးပြီး သူကိုယ်တိုင် ဂိုဏ်းအတွင်းသို့ ဝင်ရောက်ရန် ပြင်ဆင်ထားခဲ့ခြင်း ဖြစ်သည်။

‘ဒါပေမဲ့ အခုတော့ ဘာလို့ အားလုံးက မှားယွင်းနေရတာလဲ၊ ဘယ်နေရာ မှားသွားတာလဲ။’

‘ဘာကြောင့် လော့ကျန့်ချင်းက အခုအချိန်ကြီး ပေါ်လာရတာလဲ။’

ထိုအချိန်တွင် “အစ်မကြီး” ဟု မှားယွင်းစွာ အခေါ်ခံလိုက်ရသော ဝတ်စုံဖြူဝတ် ကျင့်ကြံသူက မိုးကြိုးလမ်းမှ ပျံသန်းထွက်ခွာလာခဲ့သည်မှာ ကြာပြီဖြစ်ပြီး ထိုက်ဟွာတောင်၏ ဂိုဏ်းတံခါးအတွင်းသို့ ရောက်ရှိနေပြီဖြစ်သည်။ ပတ်ဝန်းကျင်ရှိ ဂိုဏ်းတူမောင်နှမများက သူ့ကို စိတ်အားထက်သန်စွာ နှုတ်ဆက်ကြရာ သူကလည်း တစ်ဦးချင်းစီကို နူးညံ့စွာ ပြန်လည် နှုတ်ဆက်နေသည်။ သူ၏ ခံ့ညားသော မျက်နှာထက်တွင် နွေဦးပန်းများအလား တောက်ပ နူးညံ့လှသည့် ဖော်ရွေသောအပြုံးများ ရှိနေသည်။

သို့သော်လည်း လော့ကျန့်ချင်းသည် သူ့အခန်းအတွင်းသို့ ရောက်ရှိသွားသောအခါ အင်္ကျီလက်ကို ဝှေ့ယမ်း၍ တံခါးကို ပြင်းထန်စွာ ဆောင့်ပိတ်လိုက်သည်။

သူ့မျက်နှာပေါ်ရှိ အပြုံးများသည် ချက်ချင်းပင် အစအနမကျန် ပျောက်ကွယ်သွားကာ မျက်လုံးများသည်လည်း အေးစက်စက်ဖြစ်သွားပြီး မလှမ်းမကမ်းရှိ စားပွဲဆီသို့ လှည့်ကြည့်လိုက်၏။ သူ မျက်မှောင်ကြုတ်လိုက်ရာ ထူထဲသော စာအုပ်တစ်အုပ်က သူ့လက်ထဲသို့ ချက်ချင်း ပျံဝင်လာသည်။ စာအုပ်မျက်နှာဖုံးပေါ်တွင် စိတ်ဝိညာဉ်အပြည့်ဖြင့် ရေးသားထားသော စာလုံးကြီးနှစ်လုံး ရှိနေသည်။

“နတ်ဘုရားဖြစ်ရန် လမ်းစဉ်ရှာဖွေခြင်း”

လော့ကျန့်ချင်းသည် ထိုက်ဟွာတောင်၊ ယွီရှောင်တောင်ထိပ်၏ အဓိကတပည့် ဖြစ်ပြီး ကျင့်ကြံခြင်းလောကမှ ထိပ်တန်းပုဂ္ဂိုလ်၏ နောက်ဆုံးတပည့်လည်း ဖြစ်သည်။ သူ၏ ဆရာတူညီငယ် လီရှို့ချန်အပေါ် မနာလိုစိတ်ကြောင့် သူသည် ဂိုဏ်းကို သစ္စာဖောက်ကာ မိစ္ဆာတစ်ကောင် ဖြစ်သွားခဲ့သည်။ နောက်နှစ်ပေါင်းများစွာ ကြာသောအခါ လီရှို့ချန် ဦးဆောင်သော ကျင့်ကြံသူအဖွဲ့က လော့ကျန့်ချင်းကို သတ်ဖြတ်ရန် ကြိုးပမ်းခဲ့ကြသည်။ ဆယ်ရက်ဆယ်ည ကြာအောင် ပြင်းထန်စွာ တိုက်ခိုက်ပြီးနောက် သူသည် လီရှို့ချန်၏ ဓားချက်အောက်တွင် သေဆုံးခဲ့ရသည်။ သူ၏ သေဆုံးမှုက လူတိုင်းအတွက် ကျေနပ်လောက်စရာ ဖြစ်ခဲ့သည်ဟုပင် ဆိုနိုင်သည်။

သို့သော် ယခုမူ...

လော့ကျန့်ချင်း၏ နှုတ်ခမ်းထောင့်များက အေးစက်စက် အပြုံးတစ်ခုအဖြစ် ကွေးတက်သွားသည်။ သူက “နတ်ဘုရားဖြစ်ရန် လမ်းစဉ်ရှာဖွေခြင်း” ဟူသော တောက်ပနေသည့် စာလုံးများကို တည်ငြိမ်သောအကြည့်ဖြင့် ကြည့်လိုက်သည်။

“ငါ... လော့ကျန့်ချင်း ပြန်လာပြီ။”

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment