အခန်း - (၂.၂)
“တာ့ရှစ်ရှုန်းလော့...ဒါကတော့ ဒီနှစ် တပည့်သစ်တွေရဲ့ နာမည်စာရင်းပါ။ ရှစ်ရှုန်း ကြည့်ပေးပါဦး။”
လော့ကျန့်ချင်းသည် နာမည်ပေါင်းများစွာကို ငုံ့ကြည့်လိုက်ရာ “လီရှို့ချန်” ဆိုသော စာလုံးကို မြင်လိုက်ရသည်တွင် သူ့နှုတ်ခမ်းများ အနည်းငယ် တွန့်သွားသည်။ သူက ခေါင်းမော့ကာ တစ်ဖက်လူကို ကြည့်၍ နူးညံ့စွာ ပြောလိုက်သည်။
“ငါမှတ်မိသလောက်တော့ ဒီ လီရှို့ချန် ရဲ့ အခြေခံက တော်တော်လေး သာမန်ပဲ မဟုတ်လား။ ဒါတောင် သူက ဂိုဏ်းထဲကို ဝင်ခွင့်ရသွားတာလား။”
လော့ကျန့်ချင်း၏ ဖြူစင်လှပသော မျက်နှာနှင့် လေညင်းကဲ့သို့ အေးမြသော အပြုံးကို မြင်လိုက်ရသည့် တပည့်ငယ်လေးက တံတွေးကို ခက်ခဲစွာ မျိုချလိုက်မိသည်။ သူက အသံတုန်တုန်ယင်ယင်ဖြင့် ပြောလိုက်၏။
“လီရှို့ချန်ရဲ့ အခြေခံက မကောင်းဘူးဆိုပေမဲ့ သူက မိုးကြိုးလမ်းကို ဖြတ်ကျော်နိုင်ခဲ့ပါတယ်။ တာ့ရှစ်ရှုန်း...တာ့ရှစ်ရှုန်းကိုယ်တိုင် မိုးကြိုးတွေကို တားဆီးပေးခဲ့ပြီးတဲ့နောက် မိုးကြိုးလမ်းကလည်း ချက်ချင်း ပိတ်သွားခဲ့တယ်။ ဒါကြောင့် အဆုံးပိတ်အနေနဲ့ တပည့်အသစ် စုစုပေါင်း ၂၄ ယောက် ရရှိခဲ့တာပါ။”
သူတို့သည် စမ်းသပ်မှု၏ နောက်ဆုံးအပိုင်းတွင် ကျန်ရှိနေသူ အားလုံးနီးပါးကို လက်ခံရရှိခဲ့ခြင်း ဖြစ်သည်။
လော့ကျန့်ချင်းက မျက်ခုံးတစ်ချက် ပင့်လိုက်ပြီး ဘာမှ ဆက်မပြောတော့ချေ။ တပည့်ငယ်လေးက သူ့ကို ရိုသေအားကျသော မျက်ဝန်းများဖြင့် ကြည့်နေသည်။ လော့ကျန့်ချင်း၏ အခန်းထဲမှ ထွက်ခွာသွားချိန်အထိ သူသည် နောက်သို့ ခြောက်ကြိမ်တိုင်တိုင် လှည့်ကြည့်ခဲ့သေးသည်။ သူက ပြောခဲ့သေးသည်။ တောင်ထိပ်အားလုံးဆိုင်ရာ စမ်းသပ်စစ်ဆေးမှုများ စတင်ရန် သုံးရက်အလိုတွင် လော့ကျန့်ချင်းကို လာရောက် ဖိတ်ကြားမည်ဟူ၍။
လော့ကျန့်ချင်းက သူ၏ တောင်းဆိုချက်အားလုံးကို လက်ခံလိုက်သည်။ ထိုတပည့်လေး ထွက်သွားသောအခါ သူ့နှုတ်ခမ်းထက်မှ အပြုံးများလည်း ချက်ချင်းပင် ကွယ်ပျောက်သွားသည်။
သူသည် သက်ပြင်းတစ်ချက်ကို လေးလံစွာ ချလိုက်ပြီး ယွီရှောင်တောင်ထိပ်မှ ထွက်ခွာရန် ပြင်လိုက်သည်။ သူပြန်ရောက်လာသည်က နေ့တစ်ဝက်မျှသာ ရှိသေးသော်လည်း ဖြေရှင်းစရာ ကိစ္စရပ်များစွာ ရှိနေပြီဖြစ်သည်။
သုံးရက်အကြာတွင် စမ်းသပ်စစ်ဆေးမှုများကို သတ်မှတ်ထားသည့်အတိုင်း စတင်သည်။
တပည့်သစ် ၂၄ ဦးက အောက်ဘက်ရှိ ကွင်းပြင်ထဲတွင် မတ်တတ်ရပ်နေကြပြီး ဘေးပတ်ပတ်လည်ရှိ သူတို့၏ ဂိုဏ်းတူမောင်နှမများကို စူးစမ်းသော မျက်လုံးများဖြင့် ကြည့်နေကြသည်။
ထိုတပည့်သစ် ၂၄ ဦးထဲတွင် မိန်းကလေများက ရှစ်ဦးထက် မပိုချေ။ သူ(မ)တို့ထဲတွင် ချစ်စရာအကောင်းဆုံးဖြစ်သည့် လျိုရှောင်ရှောင်က လူအများ၏ အာရုံစိုက်ခြင်းကို ခံနေရသည်။ ဘေးတွင်မူ သူ(မ)၏လက်ကို ဆွဲထားသော ကောင်လေးတစ်ဦးရှိနေပြီး သူကမူ ဘေးပတ်ပတ်လည်ရှိ လူများကို ဂရုမစိုက်ဘဲ စကားပြောနေသည်။
ထိုကောင်လေးက လူအများကြားတွင် ရပ်နေသော်လည်း သူ၏ သာမန်ကျသော ကိုယ်ခန္ဓာတည်ဆောက်ပုံက ပေါ်လွင်နေသည်။
၎င်းက လူအများ၏ စိတ်ဝင်စားမှုကို ရရှိစေသည်။ ဤမျှသာမန်ကျသော လူတစ်ဦးက မည်သို့သော ကံကောင်းခြင်းများ ရှိနေသဖြင့် တတိယအဆင့် ကိုယ်ခန္ဓာတည်ဆောက်ပုံရှိသည့် မိန်းကလေးငယ်၏ နှစ်သက်မှုကို ရရှိထားသနည်းဟု လူအများက သိလိုနေကြသည်။
“ချန်ကော... ရှစ်ရှုန်းတွေပေးတဲ့ ကျင့်စဉ်တွေကို သေချာ လေ့ကျင့်ထားရဲ့လား၊ ကျွန်မကြည့်ရတာ ချန်ကောက သိပ်မကျွမ်းကျင်သေးဘူး ထင်တယ်၊ ဒီနေ့ တစ်ခုခု မှားယွင်းသွားကို မစိုးရိမ်ဘူးလား။”
လီရှို့ချန်က ဂရုမစိုက်စွာ ခေါင်းညိတ်လိုက်ရင်း ပြောလိုက်သည်။
“အင်း။”
တစ်ဖက်လူက ဂရုမစိုက်ပုံရသဖြင့် လျိုရှောင်ရှောင်၏ မျက်နှာလေးမှာ စိတ်မကောင်းစွာဖြင့် ညှိုးငယ်သွားခဲ့သည်။
“ချန်ကော... ချန်ကောပဲ ပြောခဲ့တယ်မဟုတ်လား၊ ကျွန်မတို့ ထိုက်ဟွာတောင်ကို ဝင်နိုင်ရင် ကျင့်ကြံသူတွေ ဖြစ်လာမယ်၊ အဲ့ဒီအခါကျရင် ကျွန်မရဲ့ မိဘတွေလည်း ပျော်ပျော်ရွှင်ရွှင် နေနိုင်မယ်ဆို၊ ဒါပေမဲ့ မနေ့က ရှစ်ရှုန်းတစ်ယောက် ပြောတာက ကျွန်မတို့ စိတ်တိုင်းကျ အိမ်ပြန်လို့ မရဘူးတဲ့။”
လီရှို့ချန်က မကျေမနပ်ဖြင့် ပြောလိုက်သည်။
“အိမ်ပြန်လို့က ရတယ်၊ စောတာနဲ့ နောက်ကျတာပဲ ကွာလိမ့်မယ်။”
ထိုစကားကို ပြောနေစဉ်တွင် လီရှို့ချန်သည် လျိုရှောင်ရှောင်ကို တစ်ချက်ပင် လှည့်မကြည့်ချေ။ ထို့ကြောင့် အသက် ၁၀ နှစ်ပင် မပြည့်သေးသော မိန်းကလေးငယ်မှာ အလွန်ကို စိတ်ထိခိုက်သွားရသည်။
လျိုရှောင်ရှောင်သည် သူ(မ)၏ချန်ကော ဘာဖြစ်နေမှန်း မသိတော့ချေ။ မိုးကြိုးလမ်းသို့ မရောက်မီက ချန်ကောသည် သူ(မ)ကို အမြဲတမ်း အထူးတလည် ဂရုစိုက်ပေးခဲ့သည်။ လွန်ခဲ့သော သုံးနှစ်လုံးလုံး သူ(မ)ကို တန်ဖိုးထား ကာကွယ်ပေးခဲ့သည်။ သို့သော် ယခုအခါ လီရှို့ချန်က သူ(မ)ကို လုံးဝ အရေးမစိုက်တော့သကဲ့သို့ ဖြစ်နေသည်။ သူ(မ)သည် သူ(မ)၏မိဘများကို ချမ်းသာစွာ ထားနိုင်ရန်အတွက် လီရှို့ချန်နောက်သို့ လိုက်ပါလာခဲ့ခြင်း ဖြစ်သော်လည်း ယခုအခါ ရှေ့တွင်ရှိနေသော ဤလူကို သူ(မ) လုံးဝ မမှတ်မိတော့ချေ။
ခဏချင်းပင် ဝမ်းနည်းကြေကွဲမှုများက သူ(မ)၏ နှလုံးသားထဲတွင် ပြည့်လျှံလာသည်။ သူ(မ)သည် ရှစ်နှစ် ကိုးနှစ်အရွယ် မိန်းကလေးငယ်လေးသာဖြစ်၏။ လျိုရှောင်ရှောင် မျက်တောင်တစ်ချက် ခတ်လိုက်ရုံဖြင့် မျက်ရည်များ ဝဲတက်လာသည်။ သို့သော်လည်း သူ(မ) မျက်လုံးကို ပြန်ဖွင့်လိုက်သောအခါ ဝတ်စုံဖြူကို ဝတ်ဆင်ထားသည့် လှပသော ပုဂ္ဂိုလ်ကို မြင်လိုက်ရသဖြင့် အံ့အားသင့်ကာ မျက်လုံးများ ပြူးကျယ်သွားသည်။ သူ(မ)က အကျယ်ကြီး အော်ပြောလိုက်၏။
“အစ်မကြီး! ချန်ကော... ဟိုကိုကြည့်ပါဦး။ ကျွန်မတို့ကို ကယ်ခဲ့တဲ့ အစ်မကြီးပဲ။”
လျိုရှောင်ရှောင်၏ အသံက မတိုးလှသော်လည်း ထိုနေရာရှိ တပည့်အများစုက သူ(မ)ထက် ကျင့်ကြံမှုအဆင့် မြင့်မားကြသူများဖြစ်သဖြင့် သူ(မ)၏ စကားများကို အတိုင်းသား ကြားလိုက်ကြရသည်။
“အစ်... အစ်မကြီးတဲ့။ ဒီမိန်းကလေးက တာ့ရှစ်ရှုန်းလော့ကို အစ်မကြီးလို့ ခေါ်လိုက်တာလား။”
“ဟားဟားဟား... တကယ်ပဲ ငါတို့ရဲ့ တာ့ရှစ်ရှုန်းက သိပ်ကို လှလွန်းတာကိုး။ တကယ်တော့ သူက ပြည်နယ် ၃၆ ခုလုံးမှာရှိတဲ့ မိန်းကလေးတွေရဲ့ အိပ်မက်မင်းသားပဲလေ။”
“ငါ ထိုက်ဟွာတောင်ကို စရောက်တဲ့နေ့ကလည်း တာ့ရှစ်ရှုန်းကို အမျိုးသားဝတ်စုံ ဝတ်ထားတဲ့ ရှစ်ကျဲတစ်ယောက်လို့ ထင်ခဲ့တာ။ သူက တကယ်ကို ရုပ်ချောလွန်းတယ်...”
ထိုစကားများကို ကြားလိုက်ရသည့် လော့ကျန့်ချင်းမှာ ကြောင်အမ်းအမ်း ဖြစ်သွားရသည်။ သူက အံ့အားသင့်စွာဖြင့် အောက်ဘက်ကွင်းပြင်ရှိ မိန်းကလေးငယ်ကို ငုံ့ကြည့်လိုက်ရာ သူ(မ)သည် လီရှို့ချန်၏ လက်မောင်းကို တင်းတင်းကျပ်ကျပ် ဖက်ထားပြီး သူ့ထံသို့ ဝမ်းသာအားရ လက်ဝှေ့ယမ်းပြနေသည်ကို တွေ့လိုက်ရသည်။
သူသည် အရပ်ရှည်ပြီး သူ(မ)ထက် တစ်မီတာကျော်ခန့် ပိုမြင့်သော်လည်း ဤပဲပင်ပေါက်လေးကဲ့သို့ သေးငယ်သော မိန်းကလေးက သူ့ကို အစ်မကြီးဟု ခေါ်လိုက်သည်တဲ့လား။
ဝတ်စုံနက် ဝတ်ဆင်ထားသော လူငယ်တစ်ဦးက တခိခိ ရယ်မောလိုက်ပြီး လော့ကျန့်ချင်း၏ အနီးသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။
“ရှစ်ရှုန်း... ဒီမိန်းကလေးငယ်ရဲ့ အမြင်က တကယ့်ကို ထူးခြားတာပဲ။”
လော့ကျန့်ချင်းက သူ့ကို တစ်ချက် စိုက်ကြည့်လိုက်၏။ ဝတ်စုံနက်နှင့်လူငယ်က ချက်ချင်းပင် ဘာမှမသိသလို ဟန်ဆောင်ကာ လက်ကို ခါပြလိုက်သည်။ လော့ကျန့်ချင်းက ကွင်းပြင်ကို တည်ငြိမ်စွာ ပြန်လည် ဝေ့ကြည့်လိုက်ရာ တိုးတိုးတိုးတိုး ပြောနေကြသော အခြားတပည့်များမှာ ချက်ချင်းပင် ပါးစပ်ပိတ်သွားကြတော့သည်။
သို့သော်လည်း အချို့ကမူ ခိုးကြောင်ခိုးဝှက် အသံလွှင့်ကာ စကားပြောနေကြဆဲပင်။ လော့ကျန့်ချင်း မျက်လုံးမှိတ်ထားလျှင်ပင် သူတို့ ဘာပြောနေကြမည်ကို ခန့်မှန်းနိုင်သည်။ သူ၏ နှုတ်ခမ်းထက်တွင် အပြုံးနုနုလေးတစ်ခု ပေါ်လာပြီး စင်မြင့်ထက်သို့ လျှောက်သွားကာ သူဝတ်ဆင်ထားသော အဖြူရောင်ဝတ်စုံနှင့် လိုက်ဖက်သည့် ငွေရောင်အဆင်းရှိ သလင်းကျောက်တစ်ခုကို ထုတ်ယူလိုက်သည်။
တောက်ပသော နေရောင်ခြည်အောက်တွင် ငွေရောင်အနားသတ်များပါသော ဝတ်စုံဖြူကို ဝတ်ဆင်ထားသည့် ခံ့ညားသော လူငယ်လေးသည် သူ၏ဂိုဏ်းတူမောင်နှမများကို နူးညံ့သော အကြည့်ဖြင့် ဝေ့ကြည့်လိုက်သည်။ သူ၏ ဖြူစင်လှပသောမျက်နှာက ငှက်ကလေးတစ်ကောင်ကဲ့သို့ လွတ်လပ်ပေါ့ပါးနေပြီး လူအများ၏ အကြည့်ကို ဖမ်းစားထားသည်။ သို့သော်လည်း သူ၏ စွမ်းအားပြင်းထန်ပြီး လွှမ်းမိုးနိုင်သော အရှိန်အဝါကြောင့် လူအများက တစ်စုံတစ်ရာ မပြုလုပ်ရဲကြဘဲ သူ့ကို ရိုသေစွာ ငေးကြည့်နေရုံသာ တတ်နိုင်ကြသည်။
လော့ကျန့်ချင်းက လက်ထဲရှိ သလင်းကျောက်ဖြူလေးကို အသာအယာ ဝှေ့ယမ်းလိုက်ရင်း ပြောလိုက်သည်။
“ထိုက်ဟွာတောင်ရဲ့ တောင်ထိပ်ခြောက်ခုကနေ တပည့်သစ်လက်ခံတဲ့ စမ်းသပ်စစ်ဆေးမှုဟာ ဒီအချိန်မှာ အလွန်အရေးကြီးတဲ့ ကိစ္စရပ်တစ်ခု ဖြစ်တယ်။ ဒါကြောင့် မင်းတို့အနေနဲ့ ဘယ်လို ခိုးကြောင်ခိုးဝှက် လုပ်ရပ်မျိုးကိုမဆို ရှောင်ကြဉ်ကြရမယ်။ တကယ်လို့ အသံခိုးလွှင့်ပြီး ဒီသလင်းကျောက်တုံးသာ လင်းလာမယ်ဆိုရင်တော့ ငါ့ရဲ့ ဓားချက်အောက်မှာ မညှာမတာ အပြစ်ပေးခံရတာလို့ ဘယ်သူ့ကိုမှ အပြစ်မတင်နဲ့။ မင်းတို့ကို အနူးညံ့ဆုံး ဝေ့ရှစ်ကျဲ ဆီကိုပဲ ပို့ပေးလိုက်မှာ။”
တပည့်များအားလုံး ချက်ချင်းပင် ငြိမ်ကျသွားကြသည်။
“...”
ဝေးကွာလှသော စီကော်ချောက်ကမ်းပါးပေါ်တွင်မူ ဝေ့ချုံးယင်းမှာ ဘာမှမသိဘဲ အလှောင်ပြောင် ခံနေရရှာသည်။
“...”
ဘေးမှ ဝတ်စုံနက်နှင့် လူငယ်က ပြောလိုက်၏။
“ဟဲဟဲ... ရှစ်ရှုန်း... ရှစ်ရှုန်းကတော့ အာဏာကို တကယ် အလွဲသုံးစားလုပ်တာပဲ။ ကျွန်တော်တို့ အသံလွှင့်တာလေးတောင် မရဘူးလား၊ ပြီးတော့ အနူးညံ့ဆုံး ဝေ့ရှစ်ကျဲ တဲ့လား။ တကယ်လို့ ဝေ့ရှစ်ကျဲသာ နူးညံ့မယ်ဆိုရင်တော့ ဒီလောကမှာ ကျွန်တော့်ထက်ပိုပြီး စိတ်ကူးယဉ်ဆန်တဲ့ ယောက်ျားဆိုတာလည်း ရှိမှာမဟုတ်တော့ဘူး။”
လော့ကျန့်ချင်းက သူ့ကို လှည့်ကြည့်ကာ တည်တည်တံ့တံ့ ပြောလိုက်သည်။
“စစ်ရှစ်တိ... မင်း အခုပြောလိုက်တဲ့ စကားတွေကို မင်းရဲ့ရှစ်ကျဲဆီ ငါလက်ဆင့်ကမ်းပေးလိုက်လို့ ရတယ်နော်။”
ရှဲ့ကျိကျော့မှာ ချက်ချင်းပင် ကြောက်လန့်သွားပြီး ပြောလိုက်၏။
"တာ့ရှစ်ရှုန်း... ရှစ်ရှုန်းက ကျွန်တော့်ကို အနိုင်ကျင့်နေတာပဲ။”
လော့ကျန့်ချင်းက ဘာမှပြန်မပြောဘဲ ပြုံးနေလိုက်သည်။
ဤသည်မှာ ခဏတာ နောက်ပြောင်မှုမျှသာ ဖြစ်ပြီး အချိန်အနည်းငယ်ကြာပြီးနောက် လော့ကျန့်ချင်း၏ ကြေညာချက်နှင့်အတူ စမ်းသပ်စစ်ဆေးမှုများကို တရားဝင် စတင်လိုက်သည်။
တပည့်သစ် ၂၄ ဦးက တစ်ဦးချင်းစီ စင်မြင့်ပေါ်သို့ တက်ကာ တိုက်ခိုက်ရန်အတွက် မဲနှိုက်ကြရသည်။ ၎င်းက လွန်ခဲ့သော ဆယ်ရက်အတွင်း သူတို့၏ ကျင့်ကြံမှု၏ တိုးတက်မှုများကို တောင်ထိပ်ခြောက်ခုမှ ဂိုဏ်းတူမောင်နှမများအား ပြသရန်ဖြစ်သည်။ အနိုင်ရရှိသူက နောက်တစ်ဆင့်သို့ ဆက်တက်ခွင့်ရမည်ဖြစ်ပြီး အရည်အချင်းသာ လုံလောက်ပါက ဂိုဏ်းအကြီးအကဲတစ်ဦး၏ တပည့်အဖြစ်ပင် ရွေးချယ်ခံရနိုင်သည်။
ဂိုဏ်းသို့ ဝင်ခွင့်ရသော တပည့်များက ဂုဏ်သရေရှိ မိသားစုမှ သခင်လေး သို့မဟုတ် သခင်မလေးများ ဖြစ်နေစေကာမူ မည်သည့် ကျင့်ကြံခြင်း အခြေခံမျှ မရှိထားရပေ။ အလွန်ဆုံးအားဖြင့် ကိုယ်ခံပညာ အခြေခံကိုသာ လေ့ကျင့်ထားခွင့်ရှိပြီး ဝိညာဉ်စွမ်းအား အစအနမျှပင် မရှိရပေ။ ထို့ကြောင့် ယခုတစ်ကြိမ် စမ်းသပ်စစ်ဆေးမှုက တပည့်တိုင်း၏ အားစိုက်ထုတ်မှုနှင့် ခွန်အားကို စစ်ဆေးခြင်းဖြစ်သဖြင့် အလွန်ပင် တရားမျှတလှသည်။
မည်သို့ပင်ဖြစ်စေ ထိုတပည့်များက ကျင့်ကြံခြင်း အခြေခံမရှိကြသဖြင့် ထိုတိုက်ပွဲများသည် အလွန်အမင်း စိတ်ဝင်စားစရာ မကောင်းလှချေ။
မိန်းကလေးတပည့် အများစုက စင်မြင့်ထက်ရှိ ဝတ်စုံဖြူနှင့် ထင်ပေါ်နေသော သူ(မ)တို့၏ ဂိုဏ်းတူအစ်ကိုကြီးကိုသာ ခိုးကြည့်နေကြသည်။ လော့ကျန့်ချင်းကမူ အလွန်ပင် တည်ငြိမ်နေပြီး လက်ထဲရှိ သလင်းကျောက်တုံးလေးကို ကစားနေသည်။ သူ့နှုတ်ခမ်းထက်တွင် အပြုံးတစ်ခု ရှိနေပြီး ကွင်းပြင်အတွင်း ဖြစ်ပျက်နေသမျှကို အေးအေးဆေးဆေး ကြည့်နေသည်။
အချိန်အတော်အတန် ကြာပြီးနောက်တွင်မူ သာမန်အဆန်ဆုံး ကိုယ်ခန္ဓာတည်ဆောက်ပုံသာရှိပြီး မမျှော်လင့်ဘဲ ကံကောင်းခဲ့သည့် လီရှို့ချန် စင်မြင့်ပေါ်သို့ တက်ရမည့် အချိန်ရောက်လာသည်။ လော့ကျန့်ချင်း၏ လက်လှုပ်ရှားမှု ရုတ်တရက် ရပ်တန့်သွားသည်ကို ရှဲ့ကျိကျော့က သတိပြုမိလိုက်သည်။ သူက လီရှို့ချန်ကို လှည့်ကြည့်လိုက်ပြီး တိုးတိုးလေး ပြုံး၍ ပြောလိုက်သည်။
“ကြည့်ရတာ ရှစ်ရှုန်းက ဒီလူတွေထဲက အခြေခံ အဆိုးဆုံးဖြစ်တဲ့ ဒီကောင်လေးကို စိတ်ဝင်စားနေပုံပဲ။”
လော့ကျန့်ချင်းက မျက်ခုံးတစ်ချက် ပင့်လိုက်ရင်း ပြောသည်။
“သူနိုင်မယ်လို့ မင်း ထင်လား။”
ရှဲ့ကျိကျော့က အကျယ်ကြီး ရယ်မောလိုက်သည်။
“တကယ်လို့ သူသာ နိုင်သွားမယ်ဆိုရင် ကျွန်တော် တစ်နှစ်တိတိ တရားထိုင်ပြီး ကျင့်ကြံပြလိုက်မယ်။”
လော့ကျန့်ချင်းက လက်တစ်ဖက်ကို ဝေ့ယမ်းလိုက်ရင်း ပြန်ပြော၏။
“အဲ့လောက်ထိ အတင်းအကျပ် လုပ်စရာမလိုပါဘူး။ စီကော်တောင်ကမ်းပါးမှာ မင်းရဲ့ ရှစ်ကျဲကို သွားအဖော်ပြုပေးရင် တော်ပါပြီ။”
ရှဲ့ကျိကျော့၏ မျက်လုံးများ ပြူးကျယ်သွားသည်။
“ရှစ်ရှုန်း... ရှစ်ရှုန်းက တကယ်လူဆိုးကြီးပဲ။”
လော့ကျန့်ချင်း၏ နှုတ်ခမ်းထက်တွင် နူးညံ့သော အပြုံးတစ်ခု ပေါ်လာပြီး အလွန်ပင် ပေါ့ပါးနေပုံရသည်။ သို့သော်လည်း ရှဲ့ကျိကျော့ပင် မသိလိုက်သည့် လော့ကျန့်ချင်း၏ အကြည့်များသည် လီရှို့ချန်ထံသို့သာ အမြဲတစေ ရောက်ရှိနေခြင်းဖြစ်သည်။
မှိုင်းညှို့နေသော မျက်နှာထားဖြင့် စင်မြင့်ပေါ်သို့ တက်လာသည့် ဤသာမန်ထက်ပင် ညံ့ဖျင်းလှသော ကောင်လေးကို သူကြည့်နေမိသည်။ လီရှို့ချန်သည် သူ့ရှေ့ရှိ ပြိုင်ဘက်ကို ရှုပ်ထွေးသော အကြည့်များဖြင့် စိုက်ကြည့်နေသည်။
လော့ကျန့်ချင်း၏ အပြုံးများက ဖြည်းဖြည်းချင်း ကွယ်ပျောက်သွားပြီး သူ၏ ကြည်လင်သော မျက်ဝန်းများထဲတွင် မှောင်ရိပ်တစ်ခု လွှမ်းမိုးသွားသည်။
“...မင်းဆီမှာ အဲ့လို အရာမျိုး ဘာမှမရှိတော့ဘူး လီရှို့ချန်၊ အခု မင်း ဘာဆက်လုပ်မလဲ။”
***
Aurora Novel Translation Team