ကျင်ယွမ်အခန်း - (၁၄)
ရွှမ်လင်ကျိ၏ စကားဆုံးသည်နှင့် ကျောက်ခန်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။
ရွှမ်လင်ကျိက လက်ကွက်တစ်ခုကို အမြန်ဖော်လိုက်သည်နှင့် ရွှေရောင်ဓားစွမ်းအားတစ်ခုက ထိုင်ဖုံရှေ့ရှိ ကျောက်စားပွဲကို ထိုးဖောက်သွား၏။ ရုတ်တရက်ဆိုသလို တုန်ရီနေသော ဝိညာဉ်အကြွင်းအကျန်တစ်ခု ကျောက်စားပွဲပေါ်မှ ထွက်ပေါ်လာသည်။ သူ၏ ပုံသဏ္ဌာန်က ဝေဝါးနေပြီး အချိန်မရွေး ပျောက်ကွယ်သွားနိုင်မည့်ပုံ ပေါက်နေသော်လည်း ပါးစပ်ကမူ စကားလုံးနှစ်လုံးကိုသာ ထပ်ခါတလဲလဲ ရေရွတ်နေတော့သည်။
“လူသားလား မိစ္ဆာလား။”
အကယ်၍ လော့ကျန့်ချင်းသာ ဤအချိန်တွင် နိုးနေပါက ဤအသံသည် သူနှင့် ဆဋ္ဌမအဆင့်တွင် အချိန်အကြာကြီး တိုက်ခိုက်ခဲ့ရသော အသံဖြစ်ကြောင်း သတိပြုမိလိမ့်မည်။ ဤအရာက အသိစိတ် နည်းပါးသည့် ဝိညာဉ်အကြွင်းအကျန်မျှသာ ဖြစ်သော်လည်း မူလပိုင်ရှင်၏ စွဲလမ်းစိတ်များ ကပ်ငြိကျန်ရစ်နေခြင်းပင်။
“လူသားလား မိစ္ဆာလား... လူသားလား မိစ္ဆာလား...”
ရွှမ်လင်ကျိ၏ အေးစက်စက် မျက်နှာပေါ်တွင် မည်သည့်ခံစားချက်မျှ မပေါ်လွင်ဘဲ မျက်ခုံးနှစ်ခုကြားရှိ ပွင့်ချပ်ရှစ်လွှာ ရွှေကြာပန်းက ရုတ်တရက် အကန့်အသတ်မဲ့သော အလင်းရောင်များဖြင့် ပွင့်လန်းလာတော့သည်။ ဝိညာဉ်အကြွင်းအကျန်သည် နာနာကျင်ကျင် အော်ဟစ်လိုက်ပြီး တုန်ရီလျက် သူ့ကို မော့ကြည့်လာ၏။ သူ့ကို အချိန်အကြာကြီး စိုက်ကြည့်ပြီးနောက် စူးစူးဝါးဝါး အော်ချပစ်လိုက်သည်။
“မင်းက မိစ္ဆာပဲ။”
ရွှမ်လင်ကျိက အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး ပြန်မေးလိုက်၏။
“ငါက ဘာလို့ မိစ္ဆာဖြစ်ရမှာလဲ။”
ထိုအသံက ဘာကိုမှ မကြားရသကဲ့သို့ ရွှမ်လင်ကျိဆီသို့ လက်သည်းငါးချောင်းဖြင့် ခုန်အုပ်လိုက်သည်။
ရွှမ်လင်ကျိက ဓားစွမ်းအားဖြင့် ညွှန်လိုက်ရာ ဝိညာဉ်အကြွင်းအကျန်မှာ နာကျင်စွာ အော်ဟစ်လိုက်ရပြန်သည်။ သူ၏ မျက်လုံးများထဲရှိ အရောင်များ တဖြည်းဖြည်း ကြည်လင်လာ၏။ ခဏအကြာတွင် သူက ရွှမ်လင်ကျိကို အံ့အားသင့်စွာ မော့ကြည့်လိုက်ပြီး မေးလိုက်သည်။
“မူလဝိညာဉ်လား။”
ခဏအကြာတွင် ထိုဝိညာဉ်အကြွင်းအကျန်က ကြောက်လန့်တကြား အာမေဋိတ်သံ ပြုလိုက်ပြန်၏။
“မူလဝိညာဉ်တစ်ဝက်... မင်းက မဟာယာနအဆင့် အထက်က ကျင့်ကြံသူတစ်ယောက်ပဲ။”
ရွှမ်လင်ကျိက ဝိညာဉ်အကြွင်းအကျန်၏ စကားများကို လျစ်လျူရှုကာ တည်တည်ငြိမ်ငြိမ်ပင် ပြောလိုက်သည်။
“မင်း အသိစိတ် ပြန်ဝင်လာပြီဆိုတော့ ငါ့တပည့်ကို မိစ္ဆာလို့ စွပ်စွဲခဲ့တာတွေအတွက် ပြန်ပေးဆပ်ချေ။”
တစ်ဖက်လူ တိုက်ခိုက်သည်ကိုပင် မစောင့်ဘဲ ဝိညာဉ်အကြွင်းအကျန်က ဩရှရှအသံဖြင့် အော်လိုက်သည်။
“သူက မိစ္ဆာ... သူက မိစ္ဆာ... သူက မိစ္ဆာ။”
ရွှမ်လင်ကျိကမူ မထီမဲ့မြင် ပြုလိုက်၏။
“မဟုတ်တမ်းတရားတွေ။”
ဝိညာဉ်အကြွင်းအကျန်သည် စကားပြောရင်း တုန်ရီနေတော့သည်။
“သူက ကောင်းကင်လမ်းစဉ် ၈၁ ခုနဲ့ လမ်းစဉ်ငယ် ၃၀၀၀ က လက်မခံတဲ့သူ။ သူက မိစ္ဆာမဟုတ်လို့ ဘာလဲ။”
“လူသားတွေ လျှောက်လှမ်းနိုင်တဲ့ ကောင်းကင်လမ်းစဉ်က လက်မခံတာနဲ့ပဲ မိစ္ဆာဖြစ်ရောလား။”
“ဟုတ်တယ်။”
ရွှမ်လင်ကျိက ဝတ်ရုံလက်ကို ခါလိုက်ရာ ကျောက်ခန်းထဲတွင် ရွှေရောင်အလင်းများ ကျရောက်လာသည်။ သူက အေးစက်စက် မေးလိုက်၏။
“ဒါဆို ငါကရော။”
ဝိညာဉ်အကြွင်းအကျန် ရုတ်တရက် ပြောစရာစကားများ ပျောက်ရှသွားသည်။ ခဏအကြာတွင် သူက တစ်ဖန်ပြန်လည်၍ ရူးသွားသည့်အလား မရပ်မနား ရေရွတ်နေတော့၏။
“မဟာယာနအဆင့် မိစ္ဆာကျင့်ကြံသူ... မဟာယာနအဆင့် မိစ္ဆာကျင့်ကြံသူ... မိစ္ဆာသခင်... သူက မိစ္ဆာသခင်... မင်းက မိစ္ဆာ... မင်းက မိစ္ဆာ... မင်းက မိစ္ဆာ။”
ရွှမ်လင်ကျိ၏ မှေးဆင်းနေသော ဖီးနစ်မျက်လုံးအစုံက ရူးနေသော ဝိညာဉ်အကြွင်းအကျန်ပေါ်သို့ ကျရောက်သွားပြီး၊ သူ့ရှေ့တွင် ခေါင်းကိုအုပ်လျက် နာကျင်နေသော ထိုအရာကို ခံစားချက်မပါဘဲ ကြည့်နေလိုက်သည်။ ဝိညာဉ်အကြွင်းအကျန်၏ ဗီဇစိတ်အရ သူ့ကို တိုက်ခိုက်ချင်ပုံ ရသော်လည်း ရွှမ်လင်ကျိကို မော့ကြည့်မိတိုင်း ကြောက်လန့်တကြားဖြင့် အကြည့်လွှဲသွားလေ့ရှိသည်။
နောက်ဆုံးတွင် ဝိညာဉ်အကြွင်းအကျန်က ဖြည်းဖြည်းချင်း ပျံတက်သွားပြီး ကျောက်ခန်းနံရံများကို ဆက်တိုက် ဝင်တိုက်နေတော့သည်။ သူ့တွင် ရုပ်ခန္ဓာမရှိဘဲ “မိစ္ဆာသခင်” နှင့် “သူက လူသားလား မိစ္ဆာလား” ဟု အော်ရင်း မိမိကိုယ်ကိုသာ နာကျင်အောင် လုပ်နေခြင်းပင်။
ရွှမ်လင်ကျိက ၎င်းကို တိတ်တဆိတ် ကြည့်နေခဲ့၏။ ဝိညာဉ်အကြွင်းအကျန်က သတိလစ်နေသော လီရှို့ချန်ကို ဝင်တိုက်မိပြီး လီရှို့ချန်ခမျာ တိုက်ခိုက်ခံရမှုကြောင့် တုန်တက်သွားသည်ကိုပင် သူမတားခဲ့ချေ။ ဝိညာဉ်အကြွင်းအကျန်က လော့ကျန့်ချင်းကို ဝင်တိုက်လုနီးပါး ဖြစ်သွားမှသာ ရွှမ်လင်ကျိ၏ မျက်လုံးများ မှေးဆင်းသွားပြီး ဝိညာဉ်အကြွင်းအကျန်ကို လက်ဖြင့် ဝှေ့ယမ်းကာ ပြန်ဆွဲခေါ်လိုက်သည်။
အင်အားကြီးမားသော နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူ၏အသံသည် ကျောက်ခန်းကျဉ်းလေးထဲတွင် မိုးကြိုးပမာ ဟိန်းထွက်လာတော့၏။
“မင်းက သေပြီးသားလူပဲလေ၊ ဘာလို့ အစွဲအလမ်း ကြီးနေသေးတာလဲ။ ရှေးပဝေသဏီကတည်းက လူသားနဲ့ မိစ္ဆာဆိုတာ မတည့်ကြဘူး။ ဒီဘဝတော့ လူသားမျိုးနွယ်အတွက် လုပ်ပေးနိုင်တာမှန်သမျှ ငါအကုန်လုပ်ပေးပြီးပြီ။ မျိုးနွယ်စုနှစ်ခုက နှစ်ပေါင်းတစ်ရာကျော်ကြာအောင် ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်လာခဲ့ကြတာ။ အခု မင်းထွက်သွားရမဲ့ အချိန်ရောက်ပြီ။ ဒါက မင်းရဲ့ ကံတရားပဲ။”
“သူက လူသားလား မိစ္ဆာလား... မိစ္ဆာသခင်... မင်းက မိစ္ဆာသခင်...”
“မင်းက ငါ့တပည့်ကို မိစ္ဆာလို့ စွပ်စွဲခဲ့တယ်။ သူ့ကို မိစ္ဆာဝင်ပူးခံရလုနီးပါး ဖြစ်အောင်လည်း လုပ်ခဲ့တယ်။ ဒီလိုအခြေအနေမျိုးအထိ ရောက်အောင်လည်း လုပ်ခဲ့တယ်။ အဲဒီအတွက် မင်း လျော်ကြေးပြန်ပေးရမယ်။”
“မိစ္ဆာသခင်၊ မင်းက မိစ္ဆာသခင်ပဲ…. မင်း... အား!!!”
ရှည်လျားသော ဝတ်ရုံကို ခါလိုက်သည်နှင့် ရွှေရောင်အလင်းတန်းတစ်ခုက ဝိညာဉ်၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားရာ နာနာကျင်ကျင် အော်သံများ ထွက်ပေါ်လာတော့သည်။ လက်ဖက်ရည်တစ်ခွက်စာခန့်အကြာတွင် ဝိညာဉ်၏ အော်သံများ ရုတ်တရက် ရပ်တန့်သွားပြီး ခေါင်းငိုက်ကျကာ သတိလစ်သွားသည့်ပုံ ပေါက်သွားသည်။
ရွှမ်လင်ကျိက လေသံတိုးတိုးဖြင့် ပြောလိုက်၏။
“ဟိုလူကလွဲရင် ကျန်တဲ့သူတွေကို ထိုက်တန်တဲ့ ဆုလာဘ်တွေ ပေးလိုက်။”
ဝိညာဉ်က ထောင့်တစ်နေရာမှ လီရှို့ချန်ကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်၏။
“ဟုတ်။”
ကောင်းကင်ပေါ်ရှိ မိုးကြိုးတိမ်တိုက်များက ပိုမို ထူထဲလာပြီး ရွှမ်လင်ကျိ၏ စကားများကို ပြစ်တင်ရှုတ်ချနေသကဲ့သို့ ဟိန်းဟောက်နေကြသည်။
သို့သော် ရွှမ်လင်ကျိက ၎င်းတို့ကို ဂရုမစိုက်ဘဲ ဆက်ပြောလိုက်သည်။
“ငါ့တပည့်အပေါ် အကြွေးတင်နေတာတွေကို ပြန်ပေးဆပ်လိုက်။”
ဝိညာဉ်အကြွင်းအကျန်က ခေါင်းညိတ်လိုက်၏။
“ဟုတ်။”
ရွှမ်လင်ကျိက လက်ကို ဝှေ့ယမ်းလိုက်ရာ သွေးနီရောင် အလင်းတန်းတစ်ခုက ဝတ်ရုံလက်ရှည်အတွင်းမှ ရုတ်တရက် ပျံထွက်လာသည်။
ကောင်းကင်ပေါ်ရှိ မိုးကြိုးတိမ်တိုက်များက ပိုမိုကြမ်းတမ်းလာပြီး မိုးခြိမ်းသံများနှင့်အတူ ရီထျန်းတောင်တန်း အနီးတစ်ဝိုက်သို့ လျှပ်စီးများ ကျရောက်လာတော့သည်။ ထူထဲပြီး ပျက်စီးခြင်းစွမ်းအား ပြင်းထန်သော အနီရောင် မိုးကြိုးလျှပ်စီး တစ်ခုဆိုလျှင် ရွှမ်လင်ကျိထံသို့ တည့်တည့်ချိန်ရွယ်၍ ပစ်ခတ်လာ၏။
ရွှမ်လင်ကျိ၏ မျက်ခုံးနှစ်ခုကြားတွင် ရွှေရောင်အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားပြီး ရွှမ်လင်ဓားက သူ့လက်ထဲသို့ ရောက်လာသည်။ သူက ဓားကို ကောင်းကင်သို့ ချိန်ရွယ်လိုက်ရာ ကြီးမားလှသော ဝိညာဉ်စွမ်းအားများက အထက်သို့ တက်သွားတော့သည်။
လေထဲတွင် မိုးကြိုးနှင့် ရွှေရောင်ဓားတို့ ထိပ်တိုက်တွေ့ဆုံသွားပြီး နားစည်ကွဲလုမတတ် ပြင်းထန်သော အသံအကျယ်ကြီး ထွက်ပေါ်လာ၏။
ထိုအခိုက်အတန့်တွင် ပေသို့အရှင်၏ အပျက်အစီးနယ်မြေ အနီးရှိ တောင်များအားလုံး မြေလှန်ခံလိုက်ရသကဲ့သို့ ပြိုလဲပျက်စီးသွားကြသည်။ ပြင်းထန်သော အသံလှိုင်းများက အပြင်ဘက်သို့ ပျံ့နှံ့သွားရာ စပ်စုလို၍ လာရောက်ကြည့်ရှုကြသော ကျင့်ကြံသူများ လွင့်စင်ကုန်ကြတော့သည်။ ဝိညာဉ်သန္ဓေသားအဆင့်အောက် ကျင့်ကြံသူများ အားလုံး သွေးအန်ကုန်ကြပြီး အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများမှာမူ ပိုမိုပြင်းထန်စွာ ဒဏ်ရာရပြီး သတိလစ်ကုန်ကြသည်။
မိုးကြိုးတိမ်တိုက်များက ဆက်လက် ဟိန်းနေသော်လည်း မိုးကြိုးကပ်ဘေးကို ထပ်မံ ပစ်ချခြင်းငှာ မစွမ်းသာတော့ချေ။ ကျောက်ခန်းထဲတွင် ဝိညာဉ်အကြွင်းအကျန်သည် ခေါင်းငုံ့လျက် မြေကြီးကို ကြည့်နေပြီး လော့ကျန့်ချင်းမှာမူ သတိလစ်နေဆဲ ဖြစ်၏။ ဤလောကတွင် အစွမ်းထက်ဆုံး ကျင့်ကြံသူတစ်ဦး ယိုင်နဲ့သွားပြီး သွေးတစ်လုပ် အန်လိုက်ရသည်ကိုမူ မည်သူမျှ မသိလိုက်ကြချေ။
သွေးများထဲတွင် ရွှေရောင်အလင်းများ တောက်ပနေပြီး ရွှမ်လင်ကျိက သူ၏ ခန္ဓာကိုယ်တစ်ဝက်ကို ရွှမ်လင်ဓားဖြင့် ထောက်ထားကာ ဝိညာဉ်အကြွင်းအကျန်ကို မော့ကြည့်လိုက်သည်။
“ဒါက ငါ့တပည့် ပိုင်တဲ့အရာပဲ။”
သူစကားဆုံးသည်နှင့် သွေးနီရောင်အလင်းတန်းက ဝိညာဉ်အကြွင်းအကျန်ထံသို့ ပျံသန်းသွားသည်။ ဝိညာဉ်အကြွင်းအကျန်က ဖမ်းယူချင်သော်လည်း ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကြောင့် ကြောက်လန့်နေပြီး ငြိမ်ငြိမ်လေးသာ ရပ်နေရှာသည်။ သွေးနီရောင်အလင်းတန်းက သူ့ရှေ့တွင် ရပ်သွားသည်ကိုသာ သူငေးကြည့်နေမိသည်။
ဝိညာဉ်အကြွင်းအကျန်က လေးစားအားကျစွာဖြင့် ပြန်ဖြေလိုက်၏။
“ဟုတ်။”
ရွှမ်လင်ကျိက သွေးနီရောင်အလင်းတန်းကို အချိန်အကြာကြီး ကြည့်နေပြီးနောက် နောက်ဆုံးတွင် လက်ကို ဝှေ့ယမ်းကာ ထိုအလင်းတန်းထဲမှ တစ်စုံတစ်ခုကို ဖယ်ရှားလိုက်သည်။ ထို့နောက် ချောမောခံ့ညားသော မျက်နှာပေါ်တွင် ချွေးများ စိုရွှဲနေသော်လည်း ပုံမှန်အတိုင်း အသက်ရှူကာ အိပ်ပျော်နေသော လော့ကျန့်ချင်း၏ အနားသို့ လျှောက်သွားလိုက်သည်။
ရွှမ်လင်ကျိက အချိန်အကြာကြီး တိတ်တဆိတ် ကြည့်နေပြီးနောက် သက်ပြင်းတစ်ချက် ချလိုက်ကာ လော့ကျန့်ချင်း၏ နဖူးကို လက်ညှိုးဖြင့် ထောက်လိုက်သည်။ သူက လီရှို့ချန်ကို လုပ်ခဲ့သကဲ့သို့ပင် အဖြူရောင် အလင်းတန်းတစ်ခုကို ယူထုတ်လိုက်၏။ သူ၏ လှုပ်ရှားမှုတို့က အလွန် နူးညံ့သိမ်မွေ့လွန်းသဖြင့် လော့ကျန့်ချင်းသည် တိုးတိုးလေး ညည်းလိုက်ရုံမှလွဲ၍ အခြားတုံ့ပြန်မှု မရှိပေ။
နောက်တစ်ခဏတွင် ရွှမ်လင်ကျိတစ်ယောက် ရုတ်တရက် ပျောက်ကွယ်သွားပြီး ရွှေရောင်အလင်းတန်းတစ်ခုက အပျက်အစီးနယ်မြေ၏ အကာအရံကို ဖောက်ထွက်ကာ ထိုက်ဟွာတောင်ဘက်သို့ ပျံသန်းသွားပြီး နောက်ဆုံးတွင် တောင်၏ ကာကွယ်ရေး အစီအရင်ထဲသို့ ဝင်ရောက်ကာ ပျောက်ကွယ်သွားတော့သည်။
ထိုက်ဟွာတောင်၊ ဆန်းရွှမ်းတောင်ထိပ်။
ဆန်းရွှမ်းတောင်ထိပ်တွင် ခံ့ညားထည်ဝါသော နန်းတော်ကြီးတစ်ခု တည်ရှိပြီး တောင်တစ်ခုလုံးကို အုပ်မိုးကြည့်ရှုနေကာ ဖြောင့်မတ်တည်ကြည်သော အရှိန်အဝါများကို ထုတ်လွှတ်နေသည်။ နန်းတော်ထဲတွင် ဆံပင်ဖြူဖြူနှင့် လူအိုကြီးတစ်ဦးက ထိုင်ဖုံပေါ်၌ မတ်မတ်ထိုင်လျက် တရားမှတ်နေ၏။
သူ့ရှေ့တွင် အသက်မီးအိမ် လေးဆင့် ရှိပြီး၊ စတုတ္ထအဆင့်တွင် မီးအိမ်ပေါင်း ဒါဇင်ချီရှိကာ၊ တတိယအဆင့်တွင် ခြောက်လုံး၊ ဒုတိယအဆင့်တွင် နှစ်လုံးသာ ကျန်ရှိတော့ပြီး အမြင့်ဆုံးအဆင့်တွင်မူ ရွှေရောင် အသက်မီးအိမ် တစ်လုံးတည်းသာ တဖျပ်ဖျပ် လင်းလက်နေသည်။
ထိုက်ဟွာတောင်၏ ဂိုဏ်းချုပ် ဟောက်ရှင်းကျိက မျက်လုံးများ မှိတ်လျက် တရားမှတ်နေသည်။ ထိုအချိန်တွင်ပင် အမြင့်ဆုံးအဆင့်မှ ရွှေရောင် အသက်မီးအိမ်က ရုတ်တရက် မှိန်ကျသွား၏။ ဟောက်ရှင်းကျိက ထိတ်လန့်တကြား မျက်လုံးဖွင့်လိုက်ပြီး တိုးတိုးလေး ရေရွတ်လိုက်သည်။
“ရွှမ်ရှစ်တိ!”
စကားဆုံးသည်နှင့် ဟောက်ရှင်းကျိသည် အဖြူရောင်အလင်းတန်း အဖြစ်ပြောင်းလဲသွားပြီး ထိုက်ဟွာတောင်၏ အလယ်ဗဟိုရှိ ယွီရှောင်တောင်ထိပ်ဆီသို့ ပျံသန်းသွားတော့သည်။
ထိုအချိန်တွင် ထိုက်ဟွာတောင်နှင့် မိုင်ပေါင်းရာချီ ဝေးကွာသော ရီထျန်းတောင်တန်းတွင်မူ ထိုက်ဟွာတောင်နှင့် ရီထျန်းဂိုဏ်းမှ တပည့်များက ခက်ခဲကြမ်းတမ်းသော စိန်ခေါ်မှုများကို ဆက်လက် ပြုလုပ်နေကြဆဲ ဖြစ်၏။
ကျယ်ပြောလှသော တောရိုင်းနယ်မြေတွင် မရေမတွက်နိုင်သော သားရဲများ ပြည့်နှက်နေပြီး ထိုက်ဟွာတောင်မှ ကျင့်ကြံသူများက ငယ်စဉ်ကတည်းက တိုက်ခိုက်ခြင်းနှင့် လက်တွေ့အတွေ့အကြုံများရရန် သားရဲတောင်တန်းများသို့ စေလွှတ်ခြင်း ခံရလေ့ရှိသည်။ သို့သော် ရီထျန်းဂိုဏ်းမှ တပည့်များကမူ မတူကြပေ။ သူတို့အများစုမှာ ပါရမီ မလုံလောက်ကြသလို လက်တွေ့အတွေ့အကြုံလည်း နည်းပါးကြသည်။ သူတို့ထဲမှ အများစုက အပျက်အစီးနယ်မြေမှ ထွက်သွားကြပြီ ဖြစ်သည်။
ထို့ကြောင့် သူတို့ တောရိုင်းနယ်မြေမှ ထွက်လာကြသောအခါ ထိုက်ဟွာတောင်မှ ကျင့်ကြံသူ ၁၅ ဦးသာ ကျန်ရှိပြီး ရီထျန်းဂိုဏ်းမှမူ ၂ ဦးသာ ကျန်တော့သည်။
ဆဋ္ဌမအဆင့်တွင် သူတို့ ၁၇ ယောက်လုံး ထူးဆန်းသော အခြေအနေတစ်ခုနှင့် ကြုံတွေ့ခဲ့ရသည်။ သူတို့ အချိန်အကြာကြီး စောင့်ဆိုင်းခဲ့ကြသော်လည်း ဘာမှမရှိသည့်အလား အမှောင်ထုကိုသာ မြင်တွေ့ရသဖြင့် ဇဝေဇဝါ ဖြစ်ကုန်ကြ၏။
သတ္တမအဆင့်တွင် လော့ကျန့်ချင်း၏ လက်ချောင်းများ အနည်းငယ် လှုပ်ရှားလာပြီး ဖြည်းဖြည်းချင်း သတိပြန်ဝင်လာသည်။
သူက ခန္ဓာကိုယ်ကို လုယူရန် ကြိုးစားသော မြေခွေးမိစ္ဆာနှင့် တိုက်ခိုက်ခဲ့ရသဖြင့် ဝိညာဉ်စွမ်းအားများ ကုန်ခမ်းနေချေပြီ။ ထရပ်,ရန်ပင် အားမရှိတော့သဖြင့် မျက်လုံးဖွင့်ကြည့်လိုက်ရာ ထောင့်တွင် သွေးများဖြင့် ဖုံးကာ လဲနေသော လီရှို့ချန်ကိုသာ တွေ့လိုက်ရသည်။
လော့ကျန့်ချင်းက မျက်လုံးများကို မှေးစင်းလိုက်ပြီး မတုံ့ပြန်နိုင်ခင်ပင် ထူးဆန်းသော အရှိန်အဝါတစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။ သူ ခေါင်းလှည့်ကြည့်လိုက်ရာ တရားထိုင်ဖုံရှေ့တွင် ဝေဝေဝါးဝါး အရိပ်တစ်ခု လွင့်မျောနေပြီး ခေါင်းငိုက်စိုက်ချလျက် တိတ်ဆိတ်နေသည်ကို မြင်လိုက်ရသည်။
လော့ကျန့်ချင်း၏ မျက်လုံးများ ပြူးကျယ်သွားပြီး သိုလှောင်လက်စွပ်ထဲမှ ဝါးထီးကို ထုတ်ယူရန် ပြင်လိုက်သည်။ သို့သော် ဝိညာဉ်အကြွင်းအကျန်က တိုးတိုးလေး ပြောလိုက်သည်ကို ကြားလိုက်ရ၏။
“စမ်းသပ်မှု ပြီးသွားပြီ… မင်း ကျရှုံးသွားတယ်။”
အသံဆုံးသည်နှင့် လီရှို့ချန်၏ ခန္ဓာကိုယ်တွင် အဖြူရောင်အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားသည်။ မျက်စိတစ်မှိတ် အတွင်းပင် သူက အပျက်အစီးနယ်မြေထဲမှ ပျောက်ကွယ်သွားတော့သည်။
လော့ကျန့်ချင်းခမျာ ကြောင်သွားပြီး ဖြစ်ပျက်သွားသည်ကို နားမလည်နိုင် ဖြစ်နေသည်။ သူက ပုံရိပ်ယောင်မြေခွေးနှင့် အချိန်အကြာကြီး တိုက်ခိုက်နေခဲ့ပြီးနောက် သတိလစ်သွားခဲ့ခြင်းပင်။
‘ဝိညာဉ်အကြွင်းအကျန်က ဘယ်လိုလုပ် ရုတ်တရက် ပေါ်လာရတာလဲ။ ပြီးတော့ လီရှို့ချန်ကရော ဘာလို့ ပြင်းပြင်းထန်ထန် ဒဏ်ရာရနေပုံ ပေါက်နေရတာလဲ။’
လော့ကျန့်ချင်းက ပြန်လည်ရရှိလာသော ဝိညာဉ်စွမ်းအား အနည်းငယ်ကို စုစည်းလိုက်ပြီး ပတ်ဝန်းကျင်ကို သတိထား စောင့်ကြည့်နေလိုက်သည်။
ဝိညာဉ်အကြွင်းအကျန်၏ ဩရှရှအသံ ထွက်ပေါ်လာပြန်သည်။
“မင်း ငါ့စမ်းသပ်မှုကို အောင်မြင်ခဲ့တယ်… အခု ငါ့ရဲ့ ရတနာသုံးပါးကို မင်းကို ပေးမယ်။”
ခဏရပ်ပြီးနောက် ဝိညာဉ်အကြွင်းအကျန်၏ မျက်နှာတွင် နာကြည်းရိပ်တစ်ခု ပေါ်လာ၏။
“လူနဲ့ မိစ္ဆာက အတူယှဉ်တွဲနေလို့ မရဘူး။ ငါ ပေသို့အရှင်သခင်က စစ်မြေပြင်မှာ နှစ်ပေါင်းများစွာ နေခဲ့ပြီးတော့ မိစ္ဆာသောင်းချီကို တစ်ယောက်တည်း သတ်ခဲ့တာ။ လူနဲ့ မိစ္ဆာကြားမှာ သူသေရင်သေ မဟုတ်ရင် ကိုယ်ပျက်စီးမှာပဲ။ ဒီရတနာသုံးပါးက မိစ္ဆာတွေကို အာရုံခံနိုင်ဆုံး….မင်းကို မိစ္ဆာသတ်တဲ့နေရာနဲ့၊ မကောင်းဆိုးဝါးတွေကိုချေမှုန်းတဲ့နေရာမှာ ကူညီပေးနိုင်လိမ့်မယ်။”
အဖြူရောင် အလင်းတန်း သုံးခုက လော့ကျန့်ချင်း၏ ရှေ့တွင် ပေါ်လာသည်။
လော့ကျန့်ချင်းခမျာ ဇဝေဇဝါဖြစ်သွားပြီး မေးလိုက်၏။
“ဒါက ဘယ်လိုဖြစ်တာလဲ။”
ဝိညာဉ်အကြွင်းအကျန်က စကားမဆုံးသေးဘဲ ဆက်ပြောလိုက်သည်။
“ဒီမှာ ငါ့ရဲ့ လျှို့ဝှက်ကျင့်စဉ် တစ်ခုလည်း ရှိသေးတယ်။ အဲ့ဒါကိုလည်း မင်းကို ပေးမယ်။”
ဤတစ်ကြိမ်တွင်မူ ဝိညာဉ်က ပေါက်ကရများကို ဆက်မပြောတော့ဘဲ ရိုးရိုးရှင်းရှင်းပင် ပြောလိုက်သည်။ သွေးနီရောင်အလင်းတန်းတစ်ခုက လော့ကျန့်ချင်း၏ မျက်နှာဆီသို့ တန်းတန်းမတ်မတ် ပျံသန်းလာ၏။ ဤအချိန်တွင် လော့ကျန့်ချင်းထံ၌ ဝိညာဉ်စွမ်းအား ၃၀ ရာခိုင်နှုန်းခန့် ပြန်ပြည့်နေပြီဖြစ်၍ လက်လှမ်းပြီး အနီရောင်အလင်းတန်းကို ဖမ်းယူလိုက်သည်။
ထိုအရာက လက်ဖဝါးအရွယ်အစားခန့်သာရှိသော သွေးနီရောင် ကျောက်စိမ်းပြားတစ်ခု ဖြစ်သော်လည်း သွေးများခဲပြီး အစိုင်အခဲ ဖြစ်သွားသကဲ့သို့ ပုံစံရှိသည်။ အရောင်က တောက်ပပြီး စူးရှနေ၏။ ပိုင်ရှင်၏ ဆန်းစစ်မှုကို တည်ငြိမ်စွာ စောင့်ဆိုင်းနေသော်လည်း ကျောက်စိမ်းပြားမှ ထွက်ပေါ်လာသော ပြင်းထန်သည့် ဖိအားကြောင့် လေထုပင် ငြိမ်ကျသွားရသည်။
လော့ကျန့်ချင်းက မျက်မှောင်ကြုတ်လိုက်ပြီး ဝိညာဉ်ဘက်သို့ လှည့်ကာ မေးလိုက်သည်။
“ချန်ပေ့... ကျွန်တော် မသိ...”
သူ့အသံက ရုတ်တရက် ရပ်သွား၏။ လော့ကျန့်ချင်း၏ အံ့သြတကြီး အကြည့်အောက်တွင် ဝိညာဉ်က ဇဝေဇဝါဖြင့် ခေါင်းမော့လာပြီး ခန္ဓာကိုယ်သည်လည်း မရေမတွက်နိုင်သော အဖြူရောင် အစက်အပြောက်များအဖြစ် ပြောင်းလဲသွားကာ ကျောက်ခန်းထဲမှ တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။ ထို့နောက် ဩရှရှ အသံတစ်ခုသာ အချိန်အကြာကြီး ပဲ့တင်ထပ် ကျန်ရစ်ခဲ့သည်—
“လူသားလား... ဒါမှမဟုတ် မိစ္ဆာလား။”
ဤအသံတွင် အချိန်ကာလများကို ဖြတ်သန်းလာသော စွဲလမ်းမှုနှင့် နောင်တများ ရောပြွမ်းနေသည်။
ဝိညာဉ်အကြွင်းအကျန် ပျောက်ကွယ်သွားပြီဖြစ်၍ လော့ကျန့်ချင်းသည် ရထားသော ပစ္စည်းလေးခုကို စစ်ဆေးကြည့်ရန်မှလွဲကာ အခြားရွေးချယ်စရာ မရှိတော့ပေ။ အဖြူရောင် အလင်းတန်းထဲမှ ပစ္စည်းသုံးခုအနက် တစ်ခုသည် မြေကမ္ဘာအဆင့် မှော်ရတနာဖြစ်ပြီး ကျန်နှစ်ခုမှာ ဆန်းကြယ်အဆင့် မှော်ရတနာများ ဖြစ်ကြကာ အားလုံးသည် အဖိုးတန်ပြီး ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူတစ်ဦးသာ ပိုင်ဆိုင်နိုင်သည့် အရာများသာ ဖြစ်သည်။
သွေးနီရောင် ကျောက်စိမ်းပြား တစ်ခုတည်းသာ လော့ကျန့်ချင်းကို အလွန် ဇဝေဇဝါ ဖြစ်စေခဲ့သည်။
ကျောက်စိမ်းပြားမှ ထွက်ပေါ်နေသော ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါသည် ရှေးခေတ်ကာလများကို ဖောက်ထွက်ပြီး သူ့ကို တိုက်ခိုက်နေသကဲ့သို့ ရှိသည်။
‘ပေသို့အရှင်က တကယ်ပဲ ဒီလောက် ကံကောင်းပြီး ကြောက်စရာကောင်းတဲ့ ခုနစ်စဥ်ကြယ်အစီအရင်ကို တည်ဆောက်နိုင်ရုံတင်မဘူး၊ ဒီလို အရှိန်အဝါနဲ့ ကျောက်စိမ်းပြားကိုပါ ရခဲ့တာလား။’
အချိန်အကြာကြီး တွေးတောနေပြီးနောက် လော့ကျန့်ချင်းက ဝိညာဉ်အာရုံ အနည်းငယ်ကို ထုတ်လွှတ်ပြီး ကျောက်စိမ်းပြားထဲသို့ စမ်းသပ်ကြည့်လိုက်သည်။
ရုတ်တရက် ထိတ်လန့်ဖွယ်ရာ ဖိအားအပြည့်နှင့် အသံတစ်ခု သူ့နားထဲတွင် ဟိန်းထွက်လာတော့သည်—
“နှစ်ကာလရှည်ကြာကို သိမ်းယူပါ၊ ကြီးမားကျယ်ပြောတဲ့ ကမ္ဘာမြေကို သိမ်းယူပါ၊ သက်ရှိသတ္တဝါအားလုံးကို သိမ်းယူပါ၊ ကောင်းကင်နဲ့မြေကြီးရဲ့ ဖန်ဆင်းမှုကို သိမ်းယူပါ၊ လူသားကို သိမ်းယူပါ၊ မိစ္ဆာကို သိမ်းယူပါ၊ ကောင်းကင်ဘုံရဲ့ လမ်းစဉ်ကို သိမ်းယူပါ။ ဒီအရာကို ကိုး....”
အသံက ရုတ်တရက် ရပ်တန့်သွားပြီး ခဏအကြာတွင် ဆက်ပြောလာ၏။
“ဒီအရာကို ‘ကောင်းကင်ဘုံသိမ်း ကြာကိုးပွင့်ကျမ်း' လို့ ခေါ်တယ်။”
***
Aurora Novel Translation Team