no

Font
Theme

အခန်း - (၄)

အတိုင်းအဆမဲ့လှသော ဝိညာဉ်စွမ်းအင်များသည် ကောင်းကင်ယံတစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး ပင်လယ်ပြင်ကြီးတစ်ခုအလား သိပ်သည်းလွန်းလှသဖြင့် ထိုနေရာရှိ တပည့်များအားလုံး ဖိအားဒဏ်ကြောင့် ခေါင်းပင် မဖော်နိုင်ကြတော့ချေ။ စင်မြင့်ထက်တွင် ရပ်နေသည့် လော့ကျန့်ချင်း တစ်ဦးတည်းသာလျှင် ထိုကြောက်မက်ဖွယ်ကောင်းသော ဖိအားကို ကျင့်သားရနေသည့်အလား ခေါင်းကို အသာအယာ မော့လိုက်သည်။ သူ့အကြည့်တို့သည် ဝေးကွာသော တစ်နေရာဆီသို့ စူးစိုက်လျက် ရှိနေသည်။

လူကိုယ်တိုင်ကို မမြင်ရသေးသော်လည်း အသံက အရင်ဦးစွာ ရောက်ရှိလာခြင်း ဖြစ်၏။

ခမ်းနားထည်ဝါလှသော ရွှေရောင်ဓားအလင်းတန်းကြီး ဖြတ်သန်းသွားပြီးနောက်တွင်မှ ဝတ်ရုံဖြူကို ဝတ်ဆင်ထားသည့် လူရိပ်တစ်ခုအား မြင်လိုက်ကြရသည်။

နက်မှောင်ရှည်လျားသော ဆံနွယ်တို့ကို ရိုးရှင်းသည့် ကျောက်စိမ်းဖြူ ဦးရစ်ဖြင့် စည်းနှောင်ထားပြီး၊ သိပ်သည်းနက်နဲသော ချည်ထိုးပုံစံများပါရှိသည့် ဝတ်ရုံဖြူကြီးကို ဝတ်ဆင်ထားသည်။ ပြာလွင်သော ကောင်းကင်ယံနောက်ခံတွင် လက်ကျယ်ဝတ်ရုံနှင့် ထိုသူက အလွန်ပင် တောက်ပလွန်းလှသဖြင့် လူတိုင်း၏ရင်ထဲတွင် ရိုသေကိုင်းရှိုင်းစိတ်များ အလိုလို ပွင့်လန်းလာရသည်။ သူသည် သက်ရှိသတ္တဝါအားလုံး၏ အထက်ရှိ ကောင်းကင်ယံတွင် ရပ်နေရင်း အောက်ဘက်မှ လူအုပ်ကြီးကို တည်ငြိမ်အေးစက်သော အကြည့်တို့ဖြင့် ငုံ့ကြည့်နေသည်။ နောက်ဆုံးတွင်မူ သူ့အကြည့်တို့သည် စင်မြင့်ထက်တွင် ရပ်တန့်သွားတော့သည်။

လော့ကျန့်ချင်းက ခေါင်းကို မော့ထားဆဲပင်။ မီတာရာပေါင်းများစွာ ကွာဝေးသော ကောင်းကင်နှင့် မြေပြင်အကြားတွင် ထိုနှစ်ယောက်က တစ်ဦးကိုတစ်ဦး စိုက်ကြည့်နေကြသည်။

နှစ်ပေါင်းတစ်သိန်းမျှ မတွေ့ရသည့်အလား လော့ကျန့်ချင်းက သူ့ကို စကားတစ်ခွန်းမှမဆိုဘဲ ငေးကြည့်နေမိပြီး တစ်ဖက်လူကလည်း တည်ငြိမ်စွာပင် ပြန်လည်စိုက်ကြည့်နေသည်။ ခဏအကြာတွင် သူ့လက်ဖဝါးမှ သွေးစွန်းနေသော ဒဏ်ရာက လောင်ကျွမ်းတော့မတတ် ပူလောင်လာခဲ့သည်။ လော့ကျန့်ချင်းသည် ရိုသေမှုကို ပြသသည့်အနေဖြင့် လက်ကို မြှောက်လိုက်ပြီး လေးနက်စွာ ဆိုလိုက်သည်။

“ရှစ်ဖူ။”

ရွှမ်လင်ကျိက တိမ်တိုက်များကြားမှနေ၍ ခပ်အေးအေးပင် ပြန်ထူးလိုက်သည်။

“အင်း။”

သူသည် ထိုက်ဟွာတောင်ဂိုဏ်းမှ ယွီရှောင်တောင်ထိပ်သခင် အရှင်ရွှမ်လင်ကျိဖြစ်ပြီး လက်ရှိ ကျင့်ကြံရေးလောကတွင် နံပါတ်တစ် နတ်ဘုရားအသွင်ပြောင်းခြင်းအဆင့်မှ ကျင့်ကြံသူဖြစ်သည်။ အသက် ၁၅ နှစ်တွင် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ရှိခဲ့ပြီး ၂၅ နှစ်တွင် ရွှေရောင်အမြုတေအဆင့်၊ ၅၆ နှစ်တွင် ဝိညာဉ်သန္ဓေသားအဆင့်ကို အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့သူဖြစ်သည်။ လက်ရှိတွင် သူ၏ ကျင့်ကြံသက်က နှစ်ပေါင်း ၃၀၀ မကျော်သေးသော်လည်း ကောင်းကင်အောက်တွင် ဝိညာဉ်စွမ်းအား သန့်စင်ခြင်း၌ တစ်ဦးတည်းသော ထိပ်တန်းကျင့်ကြံသူဖြစ်၏။ လွန်ခဲ့သော နှစ်ပေါင်း ၅၀၀၀ ကို ပြန်ကြည့်လျှင်ပင် သူသည် ကောင်းကင်ဘုံသို့ တက်လှမ်းကာ နတ်ဘုရားဖြစ်ရန် မျှော်လင့်ချက်ရှိသည့် တစ်ဦးတည်းသော ကျင့်ကြံသူလည်းဖြစ်သည်။

တပည့်ပေါင်းများစွာက ရွှမ်လင်ကျိကို မြင်လိုက်ရသည့်အခါ အံ့အားသင့်ကာ မျက်လုံးများ ပြူးသွားကြသည်။ တပည့်သစ်များဆိုလျှင် မယုံနိုင်လောက်အောင် ဖြစ်နေကြပြီး ထိုသူကို ကြည့်ရန်ပင် မဝံ့မရဲ ဖြစ်နေကြသည်။ ခဏမျှ စိုက်ကြည့်မိပြီးနောက်တွင်လည်း ကြောက်ရွံ့စိတ်ဖြင့် အကြည့်တို့ကို ချက်ချင်း လွှဲဖယ်လိုက်ကြရ၏။

ဤသည်မှာ အဆင့်ကြီးတစ်ခုသို့ ရောက်ရှိထားသည့် ဂုဏ်သရေရှိ လူကြီးမင်းတစ်ဦး၏ ထူးကဲသော စွမ်းအားပင် ဖြစ်သည်။ သူ့ကို တစ်ချက်ကြည့်ရုံမျှဖြင့် လူတိုင်း ထိတ်လန့်တုန်လှုပ်သွားကြရ၏။

ထိုတပည့်များထဲတွင် လီရှို့ချန်က အပျော်ဆုံး ဖြစ်နေသည်။ သူသည် ဝတ်ရုံဖြူကို ဝတ်ဆင်ထားသည့် မြင့်မြတ်သောအရှင်ကို ကြည့်နေရင်း အတိုင်းမသိ ဝမ်းသာနေတော့သည်။ အချိန်ကြာကြာ မကြည့်ရဲသော်လည်း သူ့စိတ်ကို မထိန်းနိုင်လောက်အောင် ရင်ခုန်နေမိသည်။

‘ရွှမ်လင်ကျိ ရောက်လာပြီ! ရွှမ်လင်ကျိက ငါ့ကို သူ့တပည့်အဖြစ် လက်ခံတော့မယ်။’

ရွှမ်လင်ကျိ၏ အေးစက်ချောမောသော မျက်နှာထက်တွင် မည်သည့် ခံစားချက်အရိပ်အယောင်မျှ မရှိချေ။ ပတ်ဝန်းကျင်ရှိ တပည့်များကိုလည်း စိတ်ဝင်စားပုံမရဘဲ သူ၏ တပည့်ရင်းကိုသာ စိုက်ကြည့်နေသည်။ သူ့နဖူးအလယ်ရှိ ရွှေရောင်ဓားအမှတ်အသားမှ ရွှေရောင်အလင်းတန်းများ ခပ်ဖျော့ဖျော့ ထွက်ပေါ်နေသည်။ မျက်ခုံးတန်းရှည်များ၊ ဓားဖြင့် ထွင်းထုထားသည့်အလား ထင်ရှားသော နှာတံနှင့် သွေးရောင်မရှိသည့် နှုတ်ခမ်းအစုံတို့ကြောင့် သူသည် လောကီကိစ္စများကို စိတ်မဝင်စားသည့် ရိုးရှင်းတင့်တယ်သော နတ်ဘုရားတစ်ပါးအသွင် ပေါက်နေပြီး လူတိုင်းကို ရိုသေကိုင်းရှိုင်းစိတ် ဖြစ်ပေါ်စေသည်။

ရွှမ်လင်ကျိက စင်မြင့်ထက်မှ သူ့တပည့်ကို စေ့စေ့ကြည့်နေစဉ် လော့ကျန့်ချင်းက ခေါင်းငုံ့ကာ တိတ်ဆိတ်နေခဲ့သည်။

ခဏအကြာတွင် ရွှမ်လင်ကျိ၏ မျက်ဝန်းများက ကျဉ်းမြောင်းသွားပြီး စင်မြင့်ထက်သို့ ရုတ်တရက် ရောက်ရှိလာတော့သည်။

သူပေါ်လာသည်နှင့် လော့ကျန့်ချင်းဘေးမှ ရှဲ့ကျိကျော့မှာ ကြောက်ဒူးတုန်သွားတော့သည်။ ရှဲ့ကျိကျော့က ကမန်းကတန်းပင် နှုတ်ဆက်လိုက်သည်။

“ရှစ်ရှူး။”

(EN/ ဆရာဦးလေး၊ဂိုဏ်းတူဦးလေး)

ရွှမ်လင်ကျိက သူ့ကို အသာအယာ ခေါင်းညိတ်ပြလိုက်ရာ ရှဲ့ကျိကျော့မှာ ထိုပါရမီရှင် ရှစ်ရှူး၏ဘေးတွင် မတ်တတ်မရပ်ဝံ့တော့သဖြင့် စင်ပေါ်မှ အမြန်ဆင်းပြေးတော့သည်။

“မင်းက ခေါင်းကို တကယ်ပဲ မမော့တော့ဘူးလား။”

ရွှမ်လင်ကျိက အေးစက်စွာ မေးလိုက်၏။

လော့ကျန့်ချင်းကမူ အရင်အတိုင်းပင် ရိုသေစွာ ခေါင်းငုံ့ထားဆဲဖြစ်ပြီး ဘာမှ ပြန်မဖြေခဲ့ပေ။

ရွှမ်လင်ကျိက မျက်ခုံးနှစ်ဖက်ကို စုကြုတ်လိုက်ရင်း သူ၏ ခေါင်းမာနေသော တပည့်ကို ငုံ့ကြည့်ကာ လေသံနှိမ့်၍ ထပ်မေးလိုက်သည်။

“မင်းရဲ့ ရှစ်ဖူက ကျင့်ကြံရာကနေ အခုလေးတင် ထွက်လာတာ။ မင်းက တပည့်သစ်တွေအတွက် စာမေးပွဲတွေ စီစဉ်ပေးနေတယ်လို့ ကြားတယ်။ မင်းရဲ့ ပျံသန်းနိုင်တဲ့ ဓားကိုလည်း ထုလုပ်ပြီးသွားပြီ။ မင်း ကြည့်ချင်လား။”

လော့ကျန့်ချင်းက ခေါင်းငုံ့ထားမြဲပင်။ မည်သည့် တုံ့ပြန်မှုမျှ မရှိ။

ဤအခြေအနေကြောင့် ရွှမ်လင်ကျိမှာ မျက်မှောင်ကြုတ်သွားရသည်။ အမြဲတမ်း သိတတ်နားလည်သည့် သူ့တပည့်လေး ဘာဖြစ်နေမှန်း သူစဉ်းစားမရဖြစ်နေသည်။ သူ၏ အေးစက်သော နှုတ်ခမ်းများက တစ်ခုခုမေးရန် ပြင်လိုက်စဉ်တွင်ပင် စင်အောက်မှ ဝမ်းသာအားရ အော်ဟစ်သံတစ်ခုကို ကြားလိုက်ရသည်။

“ဆရာသခင်! ကျွန်တော်က လီရှို့ချန်ပါ၊ ဆရာသခင်ကို ကြည်ညိုနေတာ ကြာပါပြီ၊ ဆရာသခင်ရဲ့ တောင်ထိပ်ကို ဝင်ခွင့်ပြုပါခင်ဗျာ။”

ရွှမ်လင်ကျိက ထိုအသံကို မကြားချင်ယောင်ဆောင်ကာ လက်နှစ်ဖက်ကို နောက်ပစ်လျက် သူ့တပည့်ကိုသာ ဆက်လက်စိုက်ကြည့်နေသည်။

အတန်ကြာသည်တွင် ဖိအားကြီးလှသော ပင်လယ်ပြင်အလား စွမ်းအားကြီးမားသည့် အရှိန်အဝါများ ထွက်ပေါ်လာသဖြင့် စင်မြင့်အနီးရှိ တပည့်များ၏ မျက်နှာများ ဖြူရော်ကုန်ကြသည်။ စောစောက အော်ဟစ်လိုက်သည့် လီရှို့ချန်ပင်လျှင် ကြောက်စိတ်ကြောင့် ချွေးပြန်နေတော့သည်။ ထိုဖိအားများ၏ အလယ်ဗဟိုတွင် ရှိနေသည့် ဝတ်ရုံဖြူနှင့် တပည့်ကြီး လော့ကျန့်ချင်းလည်း ကျောပင်မဆန့်နိုင်လောက်အောင် ခံစားနေရသည့်တိုင် အံကို တင်းတင်းကြိတ်ကာ မည်သည့်အသံမျှ မထွက်ခဲ့ချေ။

ရွှမ်လင်ကျိက သက်ပြင်းတစ်ချက် ပြင်းပြင်းချလိုက်ပြီး သူ့ဖိအားများကို ပြန်ရုပ်သိမ်းလိုက်သည်။

“ယွီရှောင်တောင်ထိပ်ကို ပြန်ရအောင်။”

လော့ကျန့်ချင်း အံ့သြတကြီးဖြင့် ခေါင်းမော့ကြည့်လိုက်သည်။ သူက တစ်ဖက်လူကို ကြည့်ကာ မယုံနိုင်ဟန်ဖြင့် မေးလိုက်သည်။

“ရှစ်ဖူ...”

ဤတစ်ကြိမ်တွင်မှ ရွှမ်လင်ကျိသည် သိတတ်လှသော သူ့တပည့်၏ မျက်ဝန်းများ အနီရောင်သန်းနေသည်ကို သတိပြုမိလိုက်သည်။ သူ၏လှပသော မျက်နှာထက်တွင် ချွေးများ စိုရွှဲနေပြီး ဆံနွယ်အချို့လည်း မျက်နှာတွင် ကပ်နေသည်။ ဝိညာဉ်စွမ်းအားများပါ ကုန်ခန်းနေပုံရသော်လည်း ဤသို့သော ထိတ်လန့်တုန်လှုပ်နေသည့် ပုံစံက သူ့ကို ပို၍ပင် ကြည့်ကောင်းစေသည်။

ရွှမ်လင်ကျိက ထိုအလှအပကို စိတ်မဝင်စားဘဲ တည်ငြိမ်စွာပင် ခေါင်းညိတ်ပြလိုက်၏။

“ပြန်ရအောင်။ မင်းရဲ့ ဓားအသစ်ကို ပြပေးမယ်။”

မျှော်လင့်မထားသော သတင်းကောင်းကြောင့် လော့ကျန့်ချင်းမှာ ဝမ်းသာသွားပြီး ချက်ချင်းပင် ပြန်ဖြေလိုက်သည်။

“ဟုတ်ကဲ့။”

ထို့သို့ပြောပြီးနောက် လော့ကျန့်ချင်းသည် စာမေးပွဲ၏ ကျန်ရှိသော အလုပ်များကို ဘေးရှိ တပည့်အား လွှဲပြောင်းပေးကာ သူ၏ ရှစ်ဖူနှင့်အတူ ပြန်ရန် ပြင်လိုက်သည်။ ထိုစဉ် လီရှို့ချန်က စင်မြင့်ဘေးသို့ ပြေးလာပြီး ခေါင်းကိုမော့ကာ အော်ပြောလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ကြပေ။

“အရှင်ရွှမ်လင်ကျိ၊ ဒီတပည့်က ယွီရှောင်တောင်ထိပ်ကို ဝင်ပြီး ဆရာသခင်ရဲ့ တပည့် ဖြစ်ချင်ပါတယ်!”

ထိုစကားကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး ထူးဆန်းစွာ တိတ်ဆိတ်သွားတော့သည်။

လော့ကျန့်ချင်း၏ အပြုံးက ချက်ချင်းပင် ပျောက်ကွယ်သွား၏။ သူ့လက်ချောင်းများကို တင်းတင်းဆုပ်ထားမိရာ လက်သည်းများက စောစောက ဒဏ်ရာဟောင်းထဲသို့ ထပ်မံစိုက်ဝင်သွားပြန်သည်။ အနာဖေးတက်စပြုနေသည့် ဒဏ်ရာမှ သွေးများ ပြန်လည်စိမ့်ထွက်လာ၏။ နာကျင်မှုကြောင့် လော့ကျန့်ချင်းက မျက်လုံးကို မှေးစင်းကာ စင်အောက်မှ လီရှို့ချန်ကို ကြည့်လိုက်သည်။

လီရှို့ချန်၏ မျက်နှာက အလွန်ကို တည်ကြည်လေးနက်နေသော်လည်း ရင်ထဲတွင်မူ လျှို့ဝှက်စွာ စိတ်လှုပ်ရှားနေသည်။

အကယ်၍ သူသာ ရွှမ်လင်ကျိ၏ တပည့်ဖြစ်ပြီး ယွီရှောင်တောင်ထိပ်သို့ ရောက်သွားလျှင် ကျင့်ကြံရေးလောက၏ အသန်မာဆုံးသူထံမှ အသေးစိတ် သင်ကြားပြသမှုကို ခံယူရမည်ဖြစ်ပြီး အသက် ၂၀ တွင် အခြေခံတည်ဆောက်ခြင်းအဆင့်၊ အသက် ၄၀ တွင် အမြုတေဖြစ်တည်ခြင်းအဆင့်သို့ ရောက်ရှိနိုင်သည်။

‘ရွှမ်လင်ကျိလောက် မတော်ရင်တောင် အဆင်သင့်ဖြစ်နေဖို့က အရေးကြီးတယ်လေ။’

သူ၏ အားနည်းသော ပါရမီက ပြဿနာမဟုတ်။ သူ့၌ ဇာတ်လိုက်စွမ်းအား ရှိသည်။ ပထမဆုံးအဆင့်က ဆရာကောင်းတစ်ယောက် ရှာရန်ပင်။ ထို့နောက်တွင်မူ သူ ရှေ့သို့ ဆက်တက်လှမ်းနိုင်ပေလိမ့်မည်။

အရာအားလုံးက အစီအစဉ်အတိုင်းပင် ဖြစ်သော်လည်း ဤလော့ကျန့်ချင်းက အနည်းငယ် ထူးဆန်းနေသည်။ သို့သော်လည်း နောက်ဆုံးတွင် ရွှမ်လင်ကျိက ရောက်လာခဲ့ပြီ ဖြစ်သည်။ သူသည် စာအုပ်ထဲမှအတိုင်း ယွီရှောင်တောင်ထိပ်ကို ဝင်နိုင်တော့မည်။

လီရှို့ချန်သည် ဝမ်းသာလွန်းသဖြင့် စင်မြင့်ထက်တွင် မည်သည့်ကိစ္စများ ဖြစ်နေသည်ကို သတိမမူမိတော့ပေ။

ရွှမ်လင်ကျိ၏ အေးစက်လှသော ဝတ်ရုံဖြူနှင့် နဖူးပေါ်မှ တောက်ပသော ရွှေရောင်ဓားအမှတ်အသားကိုသာ မြင်တွေ့နေရသည်။ ရွှမ်လင်ကျိက လီရှို့ချန်ကို တစ်ချက်ငုံ့ကြည့်လိုက်ပြီးနောက် သူ၏တပည့်ဘက်သို့ ပြန်လှည့်ကာ ကြည့်လိုက်သည်။ သူက တည်ငြိမ်အေးစက်သော အမူအရာဖြင့် မေးလိုက်၏။

“ကျန့်ချင်း၊ ယွီရှောင်တောင်ထိပ်က တပည့်သစ်တွေ လက်ခံနေပြီလား။”

ထိုစကားကို ကြားလိုက်ရသည့်အခါ လော့ကျန့်ချင်းမှာ မှင်တက်သွားပြီး သူ့ရင်ထဲမှ ကြီးမားလှသော အမုန်းတရားများအားလုံး ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။ သူက သူ့ရှစ်ဖူကို အံ့သြတကြီး ကြည့်နေမိပြီး စဉ်းစားဆင်ခြင်ဉာဏ်များပင် ခဏတာ ပျောက်ဆုံးသွားရသည်။

တောက်ပနေသော နေရောင်အောက်တွင် ရွှမ်လင်ကျိက သူ့ကို အရင်အတိုင်းပင် ခပ်အေးအေး စိုက်ကြည့်နေသည်။ လော့ကျန့်ချင်းသည် သူ့ရှစ်ဖူ ပြောလိုက်သော ထိုစကားစုကို သူ၏ နှလုံးသား အောက်ခြေတွင် နက်ရှိုင်းစွာ မြှုပ်နှံထားလိုက်သည်။ သူ့ဘဝ၏ နာကျင်မှုနှင့် ခါးသီးမှုများကို သူ မဖျောက်ဖျက်နိုင်ခဲ့သော်လည်း ယခုမူ ထိုခံစားချက်များက အနည်းငယ် ပေါ့ပါးသွားသကဲ့သို့ ခံစားလိုက်ရသည်။

လော့ကျန့်ချင်းက နှုတ်ခမ်းကို အသာအယာ ဟလိုက်၏။ သူစကားပြောလိုက်သည့်အခါ သူ့အသံက အက်ကွဲနေသည်ကို သတိပြုမိလိုက်သည်။

“...လက်မခံပါဘူး ရှစ်ဖူ။”

“ဒါဆို သွားကြရအောင်။”

“ဟုတ်ကဲ့။”

အရာအားလုံးက အလွန်လျင်မြန်စွာ ဖြစ်ပျက်သွားသည်။ လီရှို့ချန်သည် ထိုဆရာနှင့်တပည့် နှစ်ယောက်သားကို အံ့အားသင့်စွာ ကြည့်နေမိပြီး အတော်ကြာအောင် စိတ်နှင့်ကိုယ်နှင့် မကပ်နိုင် ဖြစ်နေတော့သည်။ သူသတိပြန်ဝင်လာသည့် အခါတွင်မူ တောင်တန်းများအထက်တွင် ရွှေရောင်အလင်းတန်းများ ပျောက်ကွယ်သွားပြီးနောက် ထိုနှစ်ယောက်သားက လီရှို့ချန်နှင့် ကြည့်နေကြသည့် တပည့်များကို ထားရစ်ခဲ့ကာ ထွက်ခွာသွားကြပြီ ဖြစ်သည်။

“ယွီရှောင်တောင်ထိပ်က နှစ်ပေါင်းများစွာ တပည့်လက်မခံခဲ့တာကို ဒီတပည့်သစ်က မသိဘူးလား မသိဘူး။”

“ငါကြားတာတော့ အရင်တုန်းက ရှစ်ရှူးရွှမ်လင်ကျိက ယွီရှောင်တောင်ထိပ်ရဲ့ တစ်ဦးတည်းသော တပည့်ပဲတဲ့။ အခုလည်း ယွီရှောင်တောင်ထိပ်မှာ တပည့်တစ်ယောက် ရှိနေပြီးပြီလေ။ သူက ဝင်လို့ရဦးမယ်လို့ ထင်နေတာလား။”

“ယွီရှောင်တောင်ထိပ်ရဲ့ တပည့်လက်ခံတဲ့ စံနှုန်းက အရမ်းမြင့်တာ။ ဒီလူက ဘယ်လိုမှ မကိုက်ညီဘူး။ ရှစ်ရှူးရွှမ်လင်ကျိက ထူးကဲအဆင့် ပါရမီရှိသလို တာ့ရှစ်ရှုန်းလော့ကလည်း အတူတူပဲ။ ဒီလူက ဘာပါရမီမှ ရှိပုံမရဘူး။ ရှစ်ရှူးရွှမ်လင်ကျိက သူ့ကို ဘယ်လိုလုပ် လှည့်ကြည့်မှာလဲ။”

လီရှို့ချန်၏ မျက်လုံးများက ပြူးကျယ်နေပြီး ထိုနှစ်ယောက် ပျောက်ကွယ်သွားသည့် နေရာကို ဇဝေဇဝါဖြင့် ကြည့်နေမိသည်။ သူ ဟောက်မင်တောင်ထိပ်သို့ ရောက်ရှိသွားပြီး သူ့ကိုပေးထားသည့် အခန်းထဲသို့ ရောက်သည့်အခါတွင်မူ စိတ်လွတ်နေသူတစ်ဦးကဲ့သို့ ရေရွတ်နေတော့သည်။

“မဟုတ်ဘူး... မဟုတ်ဘူး... ဒါက ဘယ်လိုဖြစ်နိုင်လဲ။ ဘယ်လိုဖြစ်ရတာလဲ။ ငါ ဘယ်နေရာ မှားသွားလို့လဲ၊ ဘယ်နေရာလဲ... ဟင်၊ လော့ကျန့်ချင်း!”

ထိုသို့ တွေးမိလိုက်သည်နှင့် လီရှို့ချန်မှာ လျှပ်စီးအပစ်ခံရသည့်အလား ဖြစ်သွားသည်။ ခဏအကြာတွင် သူက ကျယ်လောင်စွာ ဆဲရေးလိုက်တော့သည်။

“ဟုတ်သားပဲ၊ အဲ့ဒီကောင်မလေးက မိုးကြိုးပစ်ခံရမှာလေ။ ဘာလို့ လော့ကျန့်ချင်းက ရုတ်တရက် ပေါ်လာရတာလဲ။ ပြီးတော့ ဒီနေ့လည်း လော့ကျန့်ချင်းက ငါ့ကို ဘာလို့ တစ်ချက်မှ မထိတာလဲ။ လော့ကျန့်ချင်း... လော့ကျန့်ချင်း... သူလည်း ကူးပြောင်းလာတာလား။ တောက်! လော့ကျန့်ချင်း၊ မင်းက ဘယ်သူလဲ။”

လော့ကျန့်ချင်းမှာမူ လီရှို့ချန်၏ ဆဲဆိုသံများကို မကြားနိုင်တော့ချေ။ သူသည် ရွှမ်လင်ကျိနောက်မှ လိုက်ပါရင်း ယွီရှောင်တောင်ထိပ်သို့ ပြန်လာခဲ့သည်။ မကြာမီပင် ရိုးရှင်းလှပသော ဝါးအိမ်နှစ်လုံးကို မြင်တွေ့လိုက်ရ၏။ ဝါးအိမ်များကို သိပ်သည်းလှသော ဝါးတောအုပ်ကြီးက ဝန်းရံထားသည်။ စိမ်းစိုနေသော ဝါးပင်များသည် လေအဝှေ့တွင် အသာအယာ ယိမ်းနွဲ့နေကြသည်။

သူတို့ ဝါးအိမ်သို့ ပြန်ရောက်သည့်အခါ ရွှမ်လင်ကျိသည် သူ၏ သိုလှောင်လက်စွပ်ထဲမှ ဓားတစ်လက်ကို ထုတ်ယူလိုက်သည်။

“ဒီဓားက ၃ ပေနဲ့ ၇ လက်မ ရှည်ပြီး ၃၁၂ ပေါင် လေးတယ်။ မင်း အရင်က ယူလာပေးတဲ့ နှစ်တစ်သောင်းသက်တမ်း သံနက်၊ နှစ်တစ်ထောင် မိုးကြိုးကျောက်ပွင့်၊ အဆင့် ၄ ရှိတဲ့ မိုးကြိုးလုံးတွေကို ပေါင်းစပ်ပြီး ထုလုပ်ထားတာ။ ဒီဓားက အရမ်းမြန်သလို မိုင်ပေါင်းတစ်သောင်းအထိ မိုးကြိုးတွေကို ဆင့်ခေါ်ပြီး ရန်သူကို တိုက်ခိုက်နိုင်တယ်။ ဒါကို မြေကမ္ဘာအဆင့်ရှိတဲ့ မှော်လက်နက်လို့ သတ်မှတ်လို့ရတယ်။”

ထိုသို့ပြောရင်း ရွှမ်လင်ကျိက ဓားကို လက်တစ်ဖက်ဖြင့် ကိုင်ကာ သူ့တပည့်ထံသို့ ကမ်းပေးလိုက်သည်။

“ကျန့်ချင်း၊ ဒီနေ့ကစပြီး ဒါက မင်းရဲ့ အသက်ဝိညာဉ် မှော်လက်နက် ဖြစ်လာလိမ့်မယ်။ ဒါကြောင့် နာမည်တစ်ခု ပေးလိုက်ဦး။”

ဓားဦးဖျားက ခပ်ပြာပြာလေး တောက်ပနေပြီး ထက်မြက်လှသော ဓားသွားသည် ကောင်းကင်ယံကိုပင် ခုတ်ဖြတ်နိုင်စွမ်း ရှိပုံရသည်။ သို့သော် ၎င်းကို ရွှမ်လင်ကျိ၏ ဝိညာဉ်စွမ်းအားဖြင့် ယာယီပိတ်ဆို့ထားသည်။ ဓားက အသာအယာ တုန်ခါနေပြီး ဤဝါးအိမ်လေးထဲတွင် လက်လျှော့အရှုံးပေးရန် ငြင်းဆန်နေသည့်အလား။ ရွှမ်လင်ကျိက ဓားကို ကိုင်ထားရင်း သူ့တပည့် လှမ်းယူမည့်အချိန်ကို စောင့်နေသည်။

သို့သော် လော့ကျန့်ချင်းသည် ထိုဓားကို စူးစိုက်ကြည့်နေပြီး တုံ့ပြန်ရန် နှေးကွေးနေခဲ့သည်။

အတိတ်ဘဝတွင် သူသည် ဤဓားကို “ကျွေ့ယင်း” ဟု နာမည်ပေးခဲ့သည်။

သူ၏ ရှစ်ဖူက ဘာကြောင့် ဤနာမည်ကို ပေးရသလဲဟု အံ့သြတကြီး မေးမြန်းခဲ့သည်။ ထိုစဉ်က သူပြန်ဖြေခဲ့သည်။

“ဒီဓားက အရမ်းမြန်ပြီး အသံရဲ့ အလျင်အတိုင်း အမီလိုက်နိုင်လို့ ကျွေ့ယင်း လို့ ပေးတာပါ။”

ထိုစဉ်က သူ၏ ရှစ်ဖူက ခေါင်းညိတ်ရုံသာ ပြုလုပ်ခဲ့ပြီး ထပ်မမေးတော့ပေ။ သို့သော် ဤဓားနာမည်၏ အဓိပ္ပာယ်အစစ်အမှန်ကို သူတစ်ဦးတည်းသာ သိခဲ့သည်။

ထိုက်ဟွာတောင် ယွီရှောင်တောင်ထိပ်သခင်၏ ကျင့်ကြံသူအမည်က ရွှမ်လင်ကျိဖြစ်သော်လည်း သူ၏အမည်ရင်းက “ဝူယင်း” ဖြစ်သည်။

‘အသံ၏နောက်ကို လိုက်နေခြင်း၊ အသံရဲ့ အလျင်အတိုင်း လိုက်နေခြင်း၊ သို့မဟုတ် အသံမရှိခြင်းပေလော။’

ထိုဓားကို ကြည့်ရင်း လော့ကျန့်ချင်း၏ ရင်ထဲတွင် တဆစ်ဆစ် နာကျင်လာခဲ့သည်။ ခဏအကြာတွင် သူသည် ဓားကို လှမ်းယူလိုက်၏။ အစောက အော်ဟစ်မြည်တမ်းနေသော ဓားက လော့ကျန့်ချင်း၏ လက်ထဲသို့ ရောက်ရှိသွားသည့်အခါ ရုတ်တရက် ငြိမ်သက်သွားပြီး အပြာရောင်အလင်းတန်းများ ထွက်ပေါ်လာကာ တိုးညင်းသော အသံလေးတစ်ခု ထုတ်လွှတ်လိုက်သည်။

ရွှမ်လင်ကျိက ဤမြင်ကွင်းကို ကြည့်ရင်း ကျေနပ်သွားသည်။ ဤဓားသည် ၎င်း၏ သခင်ကို အသိအမှတ်ပြုသွားပြီ ဖြစ်ကြောင်း သူနားလည်လိုက်သည်။ သို့သော် သူဘာမှ ထပ်မတွေးရသေးမီပင် သူ့တပည့်က တိုးညင်းစွာ ပြောလိုက်သည်ကို ကြားလိုက်ရသည်။

“ရှစ်ဖူ၊ ဒီဓားရဲ့ နာမည်ကို ‘ရွှမ်းဖူ’ လို့ ပေးပါ့မယ်။”

ရွှမ်လင်ကျိ၏ ခန္ဓာကိုယ်တစ်ခုလုံးက တုန်လှုပ်သွားပြီး လော့ကျန့်ချင်းကို မော့ကြည့်လိုက်သည်။ အတန်ကြာမှ သူက မေးလိုက်၏။

“...ဘာအကြောင်းကြောင့်လဲ။”

လော့ကျန့်ချင်းက ရယ်မောလိုက်ပြီး ပြော၏။

“မိုးကြိုးသံက လျှပ်စီးတွေကို ပျံ့လွင့်စေတယ်။ နှင်းပွင့်တွေက လွင့်စင်ပြီး နှင်းခဲတွေ ဖြစ်သွားတယ်။ ဒီဓားက မိုင်ပေါင်းတစ်သောင်းအထိ မိုးကြိုးတွေကို ဆင့်ခေါ်နိုင်တဲ့အတွက်ကြောင့် ဒါကို ရွှမ်းဖူ လို့ အမည်ပေးလိုက်တာပါ။”

လော့ကျန့်ချင်း၏ စကားအဆုံးတွင် ဓားက အသာအယာ တုန်ခါသွားပြီး သူ့စကားကို သဘောတူသည့်အလား ရှိနေသည်။

လော့ကျန့်ချင်းက သူ၏ဓားကို ပြုံး၍ ကြည့်လိုက်ပြီးနောက် ဝါးတောထဲသို့ သွားရောက် စမ်းသပ်ရန် လှည့်ထွက်လိုက်သည်။ သို့သော် သူလှည့်အထွက်တွင်ပင် သူ့နောက်ကွယ်မှ ရွှမ်လင်ကျိ၏ အေးစက်သော အသံကို ကြားလိုက်ရသည်။

“ကျန့်ချင်း... မင်းရဲ့ လက်က ဘာဖြစ်တာလဲ။”

နောက်တစ်စက္ကန့်တွင် အေးစက်သော လက်တစ်ဖက်က လော့ကျန့်ချင်း၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ပြီး သူ့ကို နောက်သို့ ဆွဲခေါ်လိုက်လေတော့သည်။

__

(EN/ ရီဒါလေးတွေ မရှင်းမှာဆိုးလို့။ ရွှမ်လင်ကျိရဲ့နာမည် ဝူယင်းဆိုတာက အသံမရှိလို့ အဓိပ္ပာယ်ရပါတယ်။ ကျန့်ချင်းက သူ့ဓားကိုပေးတဲ့ ကျွေးယင်းဆိုတာက အသံနောက်ကိုလိုက်ခြင်းပါ။ အရင်တုန်းက ကျန့်ချန်းက သူ့တစ်ဘဝလုံး သူ့ဆရာနောက်ကိုပဲ လိုက်နေမှာလို့ အဓိပ္ပာယ်နှစ်ခွနဲ့ ပြောချင်ခဲ့တာ။ ရိုတယ်နော် ကလေးက 🤭)

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment