no

Font
Theme

အခန်း - (၅.၁)

ကျောက်စိမ်းရောင် ဝါးပင်များသည် လေအဝှေ့တွင် လွတ်လပ်စွာ ယိမ်းနွဲ့နေကြပြီး သွယ်လျသော ဝါးရွက်ကလေးများသည်လည်း ဟိုဟိုဒီဒီ ကခုန်နေကြသည်။

ယွီရှောင်တောင်ထိပ်သည် ထိုက်ဟွာတောင်၏ အလယ်ဗဟိုတည့်တည့်တွင် တည်ရှိပြီး အခြားတောင်ထိပ်ခြောက်ခုက ဝန်းရံထားသည်။ ထိုနေရာသည် မြေကမ္ဘာအမျိုးအစား ဝိညာဉ်ကြောများ အကောင်းဆုံး စီးဆင်းရာ နေရာလည်းဖြစ်၏။ ယွီရှောင်တောင်ထိပ်တွင် ပထမအဆင့် တားမြစ်နေရာ ၈၁ ခု၊ ဒုတိယအဆင့် ၃၆ ခုရှိရာ ထိုအရေအတွက်က ပြည်နယ်ပေါင်း ၃၆ ခုနှင့် တိုက်ဆိုင်နေသည်။ နောက်ဆုံးတွင် တတိယအဆင့်က ၉ ခုရှိပြီး ၎င်း ၉ ခု ကို ၉ နှင့်စားလျှင် ၁ ရသည်ဟူသော အဓိပ္ပာယ်ကို ဖော်ဆောင်နေခြင်း ဖြစ်သည်။

ထိုတားမြစ်နေရာများသည် အလွန်များပြားလှသဖြင့် ယခင်မျိုးဆက် အကြီးအကဲများအားလုံး စုပေါင်း၍ တောင်ထိပ်တွင် ကြီးမားလှသော စစ်တပ်ကြီးတစ်ခုသဖွယ် အစီအရင်များဖြင့် ပိတ်ဆို့ထားခဲ့ကြသည်။ ၎င်းသည် မဟာယာနအဆင့် သို့မဟုတ် ထိုအောက်နိမ့်သော မည်သည့်ကျင့်ကြံသူကိုမဆို ပိတ်မိအောင် ပြုလုပ်နိုင်သည်။

အကယ်၍ ထိုက်ဟွာတောင်သည် ကျင့်ကြံသူအားလုံး၏ သန့်စင်နယ်မြေဖြစ်ပါက ယွီရှောင်တောင်ထိပ်သည် ထိုက်ဟွာတောင်၏ အခြေခံအုတ်မြစ်ပင် ဖြစ်သည်။

လွန်ခဲ့သော ၁၃ မျိုးဆက်မြောက်အထိ ယွီရှောင်တောင်ထိပ်သည် တပည့်တစ်ဦးတည်းကိုသာ လက်ခံသင်ကြားသည့် အစဉ်အလာရှိခဲ့သည်။ အကြောင်းရင်းတစ်ခုမှာ ယွီရှောင်တောင်ထိပ်၏ တပည့်လက်ခံသည့် စံနှုန်းက အလွန်မြင့်မားပြီး ထူးကဲအဆင့် ခန္ဓာကိုယ်ဖွဲ့စည်းပုံရှိရန် လိုအပ်သောကြောင့် ဖြစ်သည်။ အခြားအကြောင်းရင်းမှာ တပည့်တစ်ဦးတည်းကိုသာ အစွမ်းကုန် အားစိုက်ထုတ်၍ ပြုစုပျိုးထောင်ပေးလိုသောကြောင့် ဖြစ်သည်။ အကယ်၍ သာမန်တပည့်တစ်ဦးသာဆိုလျှင် ပြဿနာမရှိသော်လည်း ယွီရှောင်တောင်ထိပ်၏ တပည့်များသည် ဂိုဏ်း၏နောက်မျိုးဆက် အကြီးအကဲများ ဖြစ်လာစေရန် ရည်ရွယ်၍ ပျိုးထောင်ခံရခြင်း ဖြစ်သည်။

ရွှမ်လင်ကျိ၏ ကျင့်ကြံသက်သည် ၃၁၆ နှစ်ထက် မပိုသေးသော်လည်း ယနေ့တွင် သူသည် တစ်ကမ္ဘာလုံး၌ ဝိညာဉ်သန့်စင်ခြင်းအဆင့်သို့ ရောက်ရှိထားသည့် တစ်ဦးတည်းသော ကျင့်ကြံသူဖြစ်သည်။ လော့ကျန့်ချင်းကမူ အသက် ၁၇ နှစ်တွင် အခြေခံတည်ဆောက်ခြင်းအဆင့်၊ ၃၂ နှစ်တွင် အမြုတေဖြစ်တည်ခြင်းအဆင့်သို့ ရောက်ရှိခဲ့ရာ သူသည်လည်း ယခုမျိုးဆက်၏ ထိပ်တန်းလူသားတစ်ဦး ဖြစ်နေပြီဖြစ်သည်။ တစ်နေ့တွင် သူသည်လည်း ဝိညာဉ်သန့်စင်ခြင်းအဆင့်ကို ကျော်ဖြတ်နိုင်လိမ့်မည်ဟု ယုံကြည်ချက်အပြည့် ရှိနေသည်။

လက်ရှိတွင်မူ ရွှမ်လင်ကျိသည် သူ့တပည့်၏ လက်ဖဝါးမှ သွေးစွန်းနေသော ဒဏ်ရာများကို ဘာမှမပြောဘဲ ငုံ့ကြည့်နေသည်။

အမြုတေဖြစ်တည်ခြင်းအဆင့်သို့ ရောက်ရှိထားသော ကျင့်ကြံသူများ၏ ခန္ဓာကိုယ်သည် သံမဏိကဲ့သို့ မာကျောနေပြီဖြစ်ရာ ဒဏ်ရာရရန် ခဲယဉ်းလှသည်။

လခြမ်းပုံသဏ္ဌာန် ဒဏ်ရာများသည် အသစ်စက်စက်ဖြစ်ပြီး ပိုင်ရှင်ကိုယ်တိုင်၏ လက်သည်းများကြောင့် ဖြစ်ပေါ်နေခြင်းမှာ ထင်ရှားလှသည်။ သူ၏ စိတ်ပိုင်းဖြတ်မှု မည်မျှအထိ ပြင်းထန်နေသနည်း။ လက်သည်းရှည်များ မရှိသည့်တိုင်အောင် ထိုမျှမာကျောသော အရေပြားမှ သွေးထွက်အောင် ပြုလုပ်နိုင်ခဲ့သည်က အံ့သြစရာပင်။

ရွှမ်လင်ကျိက ဘာမှမမေးမြန်းသေးဘဲ သူ၏ သိုလှောင်လက်စွပ်ထဲမှ ကျောက်စိမ်းဖြူရောင် ပုလင်းလေးတစ်လုံးကို ထုတ်ယူလိုက်သည်။ သူသည် အဆင့်မြင့်ကျောက်စိမ်းဆေးရည် တစ်စက်ကို ထုတ်ယူကာ ဒဏ်ရာများပေါ်သို့ အသာအယာ သုတ်လိမ်းပေးလိုက်သည်။ သူ၏ ချောမွေ့လှသော လက်ချောင်းထိပ်လေးများက လော့ကျန့်ချင်း၏ လက်ဖဝါးမှ နုနယ်သော အရေပြားကို ထိတွေ့မိသွားသည်။ လော့ကျန့်ချင်း၏ ခန္ဓာကိုယ်တစ်ခုလုံး အနည်းငယ် တုန်ခါသွားပြီး လက်ဖဝါးမှတစ်ဆင့် ထုံကျင်သော ခံစားချက်တစ်ခု ဖြတ်သန်းသွားသည်။

ရွှမ်လင်ကျိကမူ ဆေးလိမ်းပေးနေစဉ်တွင် ပုံမှန်အတိုင်းပင် တည်ငြိမ်အေးစက်နေပြီး မည်သည့် တုန်လှုပ်မှုမျှ မရှိပေ။

သူ၏မျက်ဝန်းများသည် အောက်သို့ အသာအယာ စိုက်ကျနေပြီး၊ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းထားသော ဝတ်ရုံဖြူကြီးကလည်း ဂုဏ်သရေရှိလှသည်။ နဖူးပေါ်မှ ရွှေရောင်ဓားအမှတ်အသားကြောင့် သူသည် ခံ့ညားထည်ဝါပြီး မည်သူမျှ မချဉ်းကပ်ဝံ့လောက်အောင် မြင့်မြတ်နေပုံရသည်။ လော့ကျန့်ချင်း၏ ဘယ်ဘက်လက်ဖဝါးကို ဆေးလိမ်းပေးပြီးနောက် သူသည် ကျန်ရှိသော လက်တစ်ဖက်ကိုပါ ဆွဲယူလိုက်သည်။

သို့သော် လော့ကျန့်ချင်းက သူ့လက်ကို ရုတ်တရက် ရုပ်သိမ်းလိုက်ပြီး အက်ကွဲသောအသံဖြင့် ပြောလိုက်သည်။

“ရှစ်ဖူ... ကျွန်တော့်ဘာသာပဲ လိမ်းလိုက်ပါ့မယ်။”

ရွှမ်လင်ကျိ၏ လှုပ်ရှားမှုများ ရုတ်တရက် တုံ့ဆိုင်းသွား၏။ ခဏအကြာတွင် သူက ခေါင်းကို အသာအယာ ညိတ်ပြလိုက်ပြီး ဆေးပုလင်းကို လော့ကျန့်ချင်းထံ ကမ်းပေးလိုက်သည်။

လော့ကျန့်ချင်းသည် အစိမ်းနုရောင် ဆေးဆီအနည်းငယ်ကို ယူကာ သူ၏ ညာဘက်လက်ဖဝါးတွင် သုတ်လိမ်းလိုက်သည်။

သူသည် ညာဘက်လက်ဖြင့် ဓားကို ကိုင်ရသူဖြစ်ရာ ဓားကျင့်ကြံသူတစ်ဦးအနေဖြင့် ဤလက်က အရေးကြီးဆုံး ဖြစ်သည်။ ဘယ်ဘက်လက်ကို ထိတွေ့စဉ်ကပင် သူအလွန်ခံစားလွယ်နေခဲ့သည်။ အကယ်၍သာ ဤလူကို သူ၏ ညာဘက်လက်အား ဆေးလိမ်းခွင့် ပေးလိုက်မည်ဆိုလျှင် သူမည်ကဲ့သို့ ပြုမူမိမည်ကိုပင် မသိတော့ချေ။

မကြာမီ ဆေးလိမ်းပြီးသွားခဲ့သည်။

အစိမ်းနုရောင် ဆေးဆီက ချက်ချင်းပင် ပျော်ဝင်သွားပြီး လော့ကျန့်ချင်းသည် ဒဏ်ရာများ အနည်းငယ် ထုံကျင်သွားသလို ခံစားလိုက်ရသည်။ လက်ကို မြှောက်ကြည့်လိုက်သည့်အခါ ဒဏ်ရာငယ်လေးများ ပျောက်ကွယ်သွားပြီး ပန်းရောင်အမာရွတ်ကလေးများသာ ကျန်ရစ်တော့သည်။

ရွှမ်လင်ကျိက တိုးညင်းစွာ ပြောလိုက်သည်။

“ဒီဆေးပုလင်းကို မင်းနဲ့အတူ ယူထားလိုက်၊ နောက်တစ်ခါ ကိုယ့်ကိုယ်ကိုယ် နာကျင်အောင် ထပ်မလုပ်နဲ့တော့။”

လော့ကျန့်ချင်းက ခေါင်းညိတ်၍ ပြန်ထူးလိုက်သည်။

မကြာမီပင် ထိုဆရာတပည့်နှစ်ဦးက ဝါးအိမ်အပြင်ဘက်ရှိ ကွင်းပြင်သို့ ထွက်လာကာ ဓားကို စမ်းသပ်ရန် ပြင်လိုက်ကြသည်။

လော့ကျန့်ချင်း၏ ညာဘက်လက်၌ ဓားကို ကိုင်ထားပြီး သူ့အကြည့်တို့က ရှေ့တည့်တည့်သို့ စူးစိုက်နေသည်။ သူသည် ရန်သူတစ်ဦးနှင့် ရင်ဆိုင်နေရသည့်အလား အလွန်လေးနက်နေ၏။ သူ့လက်ထဲမှ ရွှမ်းဖူ ဓားသည်လည်း အသိအမှတ်ပြုသည့် အနေဖြင့် အစိမ်းရောင် အခိုးအငွေ့များကို စိတ်လှုပ်ရှားစွာ ထုတ်လွှတ်နေပြီး အသုံးတော်ခံရန် စိတ်လောနေပုံရသည်။

နောက်တစ်စက္ကန့်တွင်မူ သူ့ဓားက ရှေ့သို့ တိုးဝင်သွားပြီး တောက်ပသော ဓားအလင်းတန်းများကို ထုတ်လွှတ်လိုက်သည်။

သူ၏ဓားကွက်များသည် ကခုန်နေသကဲ့သို့ ရှိပြီး၊ ဝတ်ရုံလက်က လေထဲတွင် ဝှေ့ယမ်းနေသည်။ အစိမ်းရောင် ဓားအလင်းတန်းများသည် စိမ်းစိုသော ဝါးပင်များကြားတွင် နဂါးတစ်ကောင် ပျံသန်းနေသည့်အလား လှုပ်ရှားနေပြီး သဲနှင့် ဖုန်မှုန့်များကို လွင့်စင်သွားစေသည်။ သူ၏ ဓားအရှိန်အဝါက သန်မာသော မြစ်ကြီးတစ်စင်းကဲ့သို့ တောအုပ်တစ်ခုလုံးကို လွှမ်းခြုံသွားသော်လည်း သူသည် အလွန်ကျွမ်းကျင်လွန်းလှသဖြင့် ဝါးပင်များကို မထိခိုက်စေဘဲ ပြင်းထန်စွာ လှုပ်ခါသွားအောင်သာ ပြုလုပ်နိုင်ခဲ့သည်။

ဤဓားသည် မြေကမ္ဘာအဆင့်ရှိ အသက်ဝိညာဉ် မှော်လက်နက်ဖြစ်ပြီး ၎င်းကို ကိုင်ဆောင်နေသူလည်း မျိုးဆက်သစ်လူငယ်များထဲမှ ထိပ်တန်းကျွမ်းကျင်သူဖြစ်သည်။

လော့ကျန်ချင်း၏ နက်မှောင်သော ဆံနွယ်များက လေမတိုက်ဘဲ လွင့်မြောနေပြီး၊ ထူးကဲလှပသော ရုပ်ရည်ကို ဓားကွက်များအကြားတွင် ခပ်ရေးရေး မြင်တွေ့နေရသည်။ သူ၏ အမူအရာက ပေါ့ပါးသော်လည်း ဓားစွမ်းအင်မှာမူ ဖိအားပေးလှသည်။ အကယ်၍ သူ၏ရှစ်မေ့လေးသာ ဤမြင်ကွင်းကို မြင်တွေ့ခဲ့လျှင် ချစ်ခြင်းမေတ္တာစိတ်များ ပေါ်ပေါက်လာနိုင်ဖွယ် ရှိသည်။ သို့သော် ဘေးမှ ကြည့်နေသူက ရွှမ်လင်ကျိ ဖြစ်သည်။ သူသည် မည်သည့် ဝေဖန်မှုမျှ မရှိဘဲ တည်ငြိမ်အေးစက်စွာသာ ကြည့်နေခဲ့သည်။

ဓားကို ပထမဆုံးအကြိမ် စမ်းသပ်ပြီးနောက် လော့ကျန့်ချင်းသည် ရွှမ်းဖူဓားကို ကိုင်ဆောင်ကာ ဝါးအိမ်သို့ ပြန်လာခဲ့သည်။

“ရှစ်ဖူ၊ ဒီဓားက ကျွန်တော့်ရဲ့ နှလုံးသားနဲ့ တစ်သားတည်း ဖြစ်နေသလိုပဲ။”

ရွှမ်လင်ကျိက အေးစက်စွာ ခေါင်းညိတ်၍ ပြောလိုက်သည်။

“အင်း၊ ကြိုးစားပြီး လေ့ကျင့်။”

“ဟုတ်ကဲ့။”

လော့ကျန့်ချင်း၏ ဆံပင်များက ချွေးများဖြင့် စိုရွှဲနေပြီး၊ တောက်ပသော မျက်ဝန်းများမှာ ရေပြင်ကဲ့သို့ လှိုင်းထနေသည်။ သူ့နှုတ်ခမ်းများက နီမြန်းနေပြီး ပါးပြင်များမှာလည်း ပန်းရောင်သန်းနေသည်။

နတ်ဘုရားတစ်ပါးကဲ့သို့ လှပသော သူ့မျက်နှာက ယခုအခါ ပို၍ပင် ဆွဲဆောင်မှုရှိနေပြီး တောင်တန်းနှင့် ရေပြင်များအကြားတွင် လွင့်မြောနေသည့် ဖမ်းဆုပ်ရန်ခက်သော မြူခိုးများအလား ရှိနေသည်။ သူ၏လှပမှုသည် ကျား၊ မ ခွဲခြားမှုကိုပင် ကျော်လွန်နေပြီ ဖြစ်သည်။

သို့သော် ရွှမ်လင်ကျိမှာမူ ဤအလှအပများကို မမြင်သည့်အလား တုံ့ပြန်မှု မရှိချေ။ သာမန်ကိစ္စအချို့ကို ပြောဆိုပြီးနောက် သူသည် လှည့်ထွက်ရန် ပြင်လိုက်၏။

လော့ကျန့်ချင်းက အနည်းငယ် အံ့သြသွားပြီး စိတ်လိုက်မာန်ပါဖြင့် အော်ခေါ်လိုက်မိသည်။

“ရှစ်ဖူ။”

ရွှမ်လင်ကျိက သူ့ဘက်သို့ လှည့်ကြည့်ကာ မေးလိုက်သည်။

“ဘာဖြစ်လို့လဲ။”

လော့ကျန့်ချင်းက နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး အတော်ကြာမှ မေးလိုက်သည်။

“ရှစ်ဖူ... ဒီတစ်ခါ ဘယ်လောက်ကြာအောင် တံခါးပိတ်ကျင့်ကြံမှာလဲ။”

ရွှမ်လင်ကျိက အဖြေရှာမရသည့်အလား အတန်ကြာအောင် တိတ်ဆိတ်သွားပြီးမှ ပြောလိုက်သည်။

“အမြန်ဆုံးဆိုရင် လဝက်လောက်၊ အကြာဆုံးဆိုရင်တော့ သုံးနှစ်...”

လော့ကျန့်ချင်း၏ မျက်နှာက မှောင်ကျသွားသည်။

ဤသည်က အတိတ်ဘဝနှင့် လုံးဝ ကွာခြားနေသည်။

အတိတ်ဘဝတွင်မူ ရွှမ်လင်ကျိသည် လီရှို့ချန်ကို တပည့်အဖြစ် လက်ခံပြီးနောက်တွင် မည်သည့်အခါမှ အချိန်အကြာကြီး တံခါးပိတ်ကျင့်ကြံခြင်း မပြုတော့ပေ။

၁၈ နှစ်တာ ကာလပတ်လုံး သူသည် လီရှို့ချန်ကို သင်ကြားပေးရန်အတွက် အချိန်များစွာ အကုန်ခံခဲ့သည်။ ထိုကြောင့်ပင် ပါရမီမရှိလှသော လီရှို့ချန်သည် အသက် ၂၀ တွင် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ရှိခဲ့ပြီး ထူးကဲသော ခုခံနိုင်စွမ်းကို ပိုင်ဆိုင်ခဲ့ခြင်း ဖြစ်သည်။

အတိတ်ဘဝက လော့ကျန့်ချင်း၏ ကျင့်ကြံမှုသည် အတော်လေး မြင့်မားနေပြီဖြစ်ပြီး အမြုတေဖြစ်တည်ခြင်းအဆင့်၏ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေကာ ဝိညာဉ်သန္ဓေသားအဆင့်သို့ တက်လှမ်းရန် ခြေတစ်လှမ်းသာ လိုတော့သည်။ သို့သော် ထိုစဉ်က လီရှို့ချန်သည် အသက် ၃၄ နှစ်သာ ရှိသေးပြီး အခြေခံတည်ဆောက်ခြင်းအဆင့်၏ နောက်ဆုံးအဆင့်သာ ရှိသေးသည်။ ထိုသို့ဆိုသည့်တိုင်အောင်

လီရှို့ချန်သည် လူအုပ်ကြီးကို ဦးဆောင်ကာ အဆင့်ကွာခြားမှုများကို ကျော်လွန်ကာ သူ့နှလုံးသားထဲသို့ ဓားဖြင့် ထိုးစိုက်နိုင်ခဲ့သည်။

လီရှို့ချန် ရှိနေစဉ်က ဤလူသည် ၁၈ နှစ်တာလုံး သူ၏ကျင့်ကြံမှုကို ဝိညာဉ်သန့်စင်ခြင်း ရှေ့ဦးအဆင့်၌သာ ရပ်တန့်ထားပြီး လီရှို့ချန်ကို အချိန်ပေးခဲ့သည်။ ယခုမူ လီရှို့ချန် မရှိသဖြင့် သူ၏ကျင့်ကြံခြင်းကို ချက်ချင်း ပြန်လည်စတင်ခဲ့ပြီး သူ့ကိုမူ သာမန်စကားလေး အနည်းငယ်သာ ပြောကာ ထွက်သွားတော့မည် ဖြစ်သည်။

တဖြည်းဖြည်းနှင့် ခါးသီးသော ခံစားချက်များက နာကျင်မှုအဖြစ်သို့ ပြောင်းလဲသွားပြီး၊ နောက်ဆုံးတွင် ဒေါသမီးတောက်အဖြစ် လော့ကျန့်ချင်း၏ နှလုံးသားကို လောင်ကျွမ်းစေတော့သည်။

သူ၏ ချောမောတည်ငြိမ်သော မျက်နှာတွင် ယခင်ကဲ့သို့ ပျော်ရွှင်မှု အရိပ်အယောင်များ မရှိတော့ချေ။ လော့ကျန့်ချင်းက လက်အုပ်ချီလျက် နှုတ်ဆက်လိုက်ပြီး အမူအရာမရှိဘဲ ပြောလိုက်သည်။

“ရှစ်ဖူ... ဒီတပည့် တောင်းဆိုချင်တာကတော့ ထိုက်ဟွာတောင်ကို ဘယ်တုန်းကမှ မဝင်ခဲ့သင့်တဲ့ အဲ့ဒီတပည့်သစ်ကို တောင်ပေါ်ကနေ နှင်ထုတ်ပေးဖို့ အကြီးအကဲတွေကို ပြောပေးစေချင်ပါတယ်။”

လော့ကျန့်ချင်းသည် ခေါင်းငုံ့ထားရင်း ရွှမ်လင်ကျိ၏ အဖြေကို အကြာကြီး စောင့်နေခဲ့သည်။ နောက်ဆုံးတွင် အခြားတစ်ယောက်က အေးစက်စွာ ပြောလိုက်သည်ကို ကြားလိုက်ရသည်။

“ဘာဖြစ်လို့လဲ။”

လော့ကျန့်ချင်းက ထပ်ပြောလိုက်သည်။

“သူဘယ်သူလဲဆိုတာ ရှစ်ဖူ မမေးတော့ဘူးလား။”

ရွှမ်လင်ကျိက ပြောသည်။

“ယွီရှောင်တောင်ထိပ်ကို ဝင်ချင်နေတဲ့ ကောင်လေး မဟုတ်လား။”

လော့ကျန့်ချင်း၏ ခန္ဓာကိုယ်တစ်ခုလုံး တင်းမာသွားသည်။

သူ့ရှစ်ဖူသည် လူနာမည်များကို ဘယ်တုန်းကမှ မမှတ်မိတတ်ပေ။ ထိုက်ဟွာတောင်၏ တောင်ထိပ်ခုနစ်ခုမှ ထိပ်တန်းတပည့်ခုနစ်ယောက်ကိုပင် သူမမှတ်မိချေ။ သို့သော် အံ့သြစရာကောင်းသည်မှာ လီရှို့ချန်ကိုမူ သူမှတ်မိနေခြင်းပင်။

လော့ကျန့်ချင်းက မျက်မှောင်ကြုတ်ကာ ခေါင်းငုံ့ထားရင်း အပြင်ဘက်မှ ဝါးတောအုပ်ထက် ပို၍အေးစက်သော အသံဖြင့် ပြောလိုက်သည်။

“ဟုတ်ပါတယ်၊ သူပါပဲ၊ ရှစ်ဖူ... မိုးကြိုးလမ်းမှာ သူက သူ့နောက်က လိုက်လာတဲ့ ငယ်ငယ်ရွယ်ရွယ် မိန်းကလေးငယ်လေးရဲ့ နောက်မှာ ပုန်းပြီး၊ သူ့အတွက် မိုးကြိုးဒဏ်ကို ခံပေးဖို့ အဲ့ဒီမိန်းကလေးရဲ့ ဝတ်ရုံစကို ဆွဲခဲ့တာကို ကျွန်တော်ကိုယ်တိုင် မြင်ခဲ့ရပါတယ်။ ဒီလောက်အထိ ရက်စက်ပြီး ကိုယ်ချင်းစာတရားမရှိတဲ့ တပည့်မျိုးကို ကျွန်တော်တို့ ထိုက်ဟွာတောင်ထဲ ပေးမဝင်သင့်ပါဘူး၊ ရှစ်ဖူ... ကျေးဇူးပြုပြီး သေချာစဉ်းစားပေးပါ။”

လော့ကျန့်ချင်းသည် သူ့လက်ချောင်းများကို တင်းတင်းဆုပ်ထားရင်း အဖြေကို ဇွတ်တရွတ် စောင့်နေမိသည်။

ခဏအကြာတွင် ရွှမ်လင်ကျိက တည်ငြိမ်သော လေသံဖြင့် ပြောလိုက်သည်။

“သူက ဟောက်မင်တောင်ထိပ်ကို ရောက်သွားပြီဆိုတော့ ဒီကိစ္စကို ကွမ်းလင်ရှစ်ရှုန်းကပဲ ကိုင်တွယ်ရမှာပေါ့။ မင်း ကွမ်းလင်ရှစ်ရှုန်းနဲ့ ဆွေးနွေးပြီး သေချာစုံစမ်းခိုင်းလိုက်၊ မင်းပြောတာ တကယ်မှန်တယ်ဆိုရင်တော့ ဘယ်လိုမှ ခွင့်လွှတ်ပေးမှာ မဟုတ်ဘူး။”

လော့ကျန့်ချင်းက အံကိုတင်းတင်းကြိတ်ကာ ရင်ထဲတွင် ဒေါသမီးများ ပြန်လည်တောက်လောင်လာသည်။

“ကျန့်ချင်း... မင်း ဒီကိစ္စကို ဘာမှဝင်မပါနဲ့တော့။ မင်းရဲ့ ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်ဖို့ သတိရပါ။ အဲဒီတပည့်နဲ့ ထဲထဲဝင်ဝင် သွားပတ်သက်မနေနဲ့။”

စကားအဆုံးတွင် ဝါးအိမ်တံခါးက ပိတ်သွားတော့သည်။

လော့ကျန့်ချင်းသည် ဝါးအိမ်ပြင်ပတွင် တစ်ဦးတည်း ရပ်ကျန်ရစ်ခဲ့ပြီး လက်ကိုယှက်ကာ ရှိနေခဲ့သည်။

အတော်ကြာမှ သူက ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်း ပြန်မတ်လိုက်ပြီး ဝါးအိမ်ထဲမှ လူကို မြင်နေရသည့်အလား နာကျင်ရှုပ်ထွေးသော အကြည့်ဖြင့် စိုက်ကြည့်နေမိသည်။

‘ဟုတ်သားပဲ...ငါမေ့သွားခဲ့တာ၊ အဲ့ချိန်တုန်းက ဒီလူရဲ့ အသက်ဝိညာဥ်ဓားက ငါ့ရဲ့ ဝမ်းဗိုက်ကို ရက်ရက်စက်စက် ထိုးဖောက်ခဲ့တာလေ။ အဲဒီဓားက သူ့ရဲ့ ပိုင်ရှင်လိုပဲ အေးစက်နေခဲ့တာ၊ နောက်ဆုံးတော့ ဆယ်စုနှစ်ပေါင်းများစွာ အတူရှိခဲ့တဲ့ ဆရာတပည့် သံယောဇဉ်က ၁၈ နှစ်ပဲ သိခဲ့ရတဲ့ လီရှို့ချန်ကို မယှဉ်နိုင်ခဲ့ဘူး။ အကယ်၍ သူ့ထက်အဆင့်မြင့်တဲ့ ရွှမ်လင်ဓားသာ မရှိရင် လီရှို့ချန်ရဲ့ ကံကောင်းမှုတွေက ဘာမှမဟုတ်ဘူး၊ သူက အဆင့်တွေကို ကျော်ဖြတ်ပြီး ငါ့ကို သတ်နိုင်မှာ မဟုတ်ဘူး။’

‘ကံဆိုးစွာနဲ့ပဲ... အဲ့ဒါက တကယ်ကို ရွှမ်လင်ဓား ဖြစ်နေခဲ့တယ်။’

စိတ်ထဲတွင် မကောင်းသော အငွေ့အသက်များ ဆူပွက်လာသဖြင့် လော့ကျန့်ချင်း၏ မျက်ဝန်းများက ကျဉ်းမြောင်းသွားပြီး သူ၏ ကိုယ်ပိုင်ဝါးအိမ်ထဲသို့ အမြန်ပြေးဝင်လိုက်သည်။ အထဲရောက်သည်နှင့် သူသည် ရင်ခေါင်းထဲမှ ဆန်တက်လာသော သွေးတစ်လုပ်ကို အန်ထုတ်လိုက်ရသည်။ သူပြန်လည်မွေးဖွားလာကတည်းက ပဲ့တင်ထပ်နေသော ဝမ်းနည်းကြေကွဲမှုများ ပျောက်ကွယ်သွားပြီး၊ ထိုအစား ဒေါသတရားများက လွှမ်းမိုးသွားတော့သည်။

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment