အခန်း - (၇.၁)
လော့ကျန့်ချင်းသည် “မုန်လာဥလေးများ” ဟု တင်စားရမည့် ကလေးငယ် ၁၂ ဦးနှင့်အတူ လျန်ကျိုးပြည်နယ်ရှိ ရီထျန်းမြို့သို့ ရောက်ရှိလာချိန်တွင် ပူပြင်းလှသော နေမင်းသည် ကောင်းကင်အလယ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
တူညီဝတ်စုံများ ဝတ်ဆင်ထားသည့် ချီစုဆောင်းခြင်းအဆင့် ကျင့်ကြံသူ၁၂ ဦးနှင့်အတူ ရုပ်ရည်ချောမောသော ရွှေရောင်အမြုတေအဆင့် ကျင့်ကြံသူတစ်ဦးတို့ ပါဝင်သည့် ခံ့ညားသော လူအစုအဝေးက လမ်းတစ်လျှောက်ရှိ လူအများ၏ အာရုံစိုက်မှုကို ရရှိခဲ့သည်။ မြို့အတွင်း၌ ပျံသန်းခြင်းကို တားမြစ်ထားသောကြောင့် လော့ကျန့်ချင်းနှင့် အဖွဲ့သည် သူတို့၏ ပျံသန်းနိုင်သော ရတနာပေါ်မှ ဆင်းကာ ရီထျန်းမြို့အတွင်းသို့ ခြေကျင်ဖြင့် လျှောက်လှမ်းဝင်ရောက်ခဲ့ကြသည်။
မြို့ထဲသို့ ဝင်လိုက်သည်နှင့် လော့ကျန့်ချင်းသည် အခြေခံတည်ဆောက်ခြင်းအဆင့်မှ တပည့် ၄ ဦးနှင့် ကျန်ရှိသော တပည့်သစ် ၁၂ ဦးတို့ကို တွေ့လိုက်ရသည်။
ထိုတပည့် ၄ ဦးက လော့ကျန့်ချင်းကို “တာ့ရှစ်ရှုန်း” ဟု ခေါ်ကာ နှုတ်ဆက်ကြ၏။
တပည့်သစ် ၁၂ ဦးကလည်း ချက်ချင်းပင် အရိုအသေပြုကာ လိုက်လံခေါ်ဆိုကြလေသည်။
“တာ့ရှစ်ရှုန်း။”
လော့ကျန့်ချင်းက ခပ်အေးအေးပင် ခေါင်းညိတ်ပြလိုက်ပြီး လူတိုင်းကို တစ်ချက်ဝေ့ကြည့်လိုက်သည်။ လီရှို့ချန်ကို မြင်သောအခါတွင်မူ သူသည် မည်သည့်တုံ့ပြန်မှုမျှ မပြဘဲ အကြည့်ကို လွှဲလိုက်၏။ ထို့နောက် အဖွဲ့ကို မြို့တွင်းရှိ စခန်းသို့ ခေါ်ဆောင်သွားကာ ရီထျန်းဂိုဏ်းမှ စီစဉ်ပေးထားသော လူများထံသို့ လွှဲပြောင်းပေးလိုက်သည်။
မြို့တွင်းရှိ အကြီးဆုံးသော တည်းခိုခန်းထဲတွင် အရပ်ရှည်ရှည် ဗလကောင်းကောင်းနှင့် လူတစ်ယောက်သည် လော့ကျန့်ချင်းကို မြင်သောအခါ အံ့အားသင့်သွားပြီး ရိုသေစွာဖြင့် မိတ်ဆက်စကား ပြောကြားသည်။
“တာအိုရောင်းရင်း... ကျွန်တော်က ရီထျန်းဂိုဏ်းရဲ့ အကြီးအကဲ လျိုတုန်းပါ။ ကျွန်တော်တို့ဂိုဏ်းက လူတွေကို လျှို့ဝှက်နယ်မြေဆီ စူးစမ်းဖို့ လွှတ်ထားပြီးပါပြီ။ ဒီနေ့တော့ ဒီတည်းခိုခန်းမှာပဲ အနားယူလိုက်ပါ။ မနက်ဖြန်မနက်ကျရင် ကျွန်တော်ကိုယ်တိုင် တာအိုရောင်းရင်းတို့ကို လျှို့ဝှက်နယ်မြေရဲ့ အဝင်ဝဆီ လိုက်ပို့ပေးပါ့မယ်။”
သူက ခေတ္တမျှ ရပ်လိုက်ပြီးနောက် မေးမြန်းလိုက်သည်။
“တာအိုရောင်းရင်းကို ဘယ်လိုခေါ်ရမလဲဆိုတာ သိပါရစေ။”
ပြင်ပလူများရှေ့တွင် လော့ကျန့်ချင်းသည် အမြဲတမ်းကဲ့သို့ တည်ငြိမ်အေးစက်စွာဖြင့် ပြန်လည်ဖြေကြားလိုက်သည်။
“လော့ကျန့်ချင်းပါ။”
ထိုလူက ခေတ္တမျှ မှင်တက်သွားပြီး မျက်လုံးများ ပြူးကျယ်သွား၏။ အတော်ကြာမှ ခေါင်းငုံ့ကာ နှုတ်ဆက်လိုက်သည်။
“တာအိုရောင်းရင်းလော့...”
အခြေခံတည်ဆောက်ခြင်းအဆင့်မှ တပည့် ၄ ဦးက တပည့်သစ် ၂၄ ဦးလုံးကို နေရာချပေးပြီးနောက် အကြီးအကဲ လျိုတုန်းသည်လည်း ပြန်လည်ထွက်ခွာသွားသည်။ သူထွက်မသွားမီ လော့ကျန့်ချင်းကို ရှုပ်ထွေးပြီး မရေရာသော အကြည့်များဖြင့် ခိုးကြည့်သွားသေးသည်။
လော့ကျန့်ချင်းကမူ ဤကိစ္စသေးသေးလေးကို ဂရုမစိုက်ပေ။ သို့သော် ထိုအကြီးအကဲ ဘာတွေးနေသလဲဆိုသည်ကိုမူ သူသိနေ၏။
“ထိုက်ဟွာခုနစ်ဖော်” ဟူသော အမည်သည် ရွှမ်ထျန်းတိုက်ကြီးတစ်ခုလုံးတွင် ကျော်ကြားလှပြီး “နတ်ဘုရားဖြစ်ရန်လမ်းစဉ်” ဟူသော စာအုပ်ထဲတွင်လည်း ဖော်ပြထားသည်။ အကြီးအကဲ လျိုတုန်းသည် ထိုက်ဟွာခုနစ်ဖော်ထဲမှ အဖွဲ့ခေါင်းဆောင် ရောက်ရှိလာသည်ဟု ကြားလိုက်ရချိန်တွင် ဤကဲ့သို့ တုံ့ပြန်မိခြင်းမှာ မဆန်းပေ။ ရီထျန်းဂိုဏ်းကဲ့သို့ ဂိုဏ်းငယ်လေးများအတွက် အင်အားအကောင်းဆုံး ကျင့်ကြံသူများသည် ရွှေရောင်အမြုတေအဆင့်၌ရှိပြီး အကြီးအကဲ လျိုတုန်းမှာမူ အခြေခံတည်ဆောက်ခြင်းအဆင့်သာ ရှိသေးသည်။
ထိုက်ဟွာတောင်တွင်မူ ရွှေရောင်အမြုတေ နှောင်းပိုင်းအဆင့်သို့ ရောက်ရှိပြီး ဂိုဏ်းအတွက် ကြီးမားသော အကျိုးပြုမှုများ လုပ်ဆောင်နိုင်သူများသာ အကြီးအကဲ ဖြစ်နိုင်ရန် အခွင့်အရေးရှိပြီး ပုံမှန်အားဖြင့် အကြီးအကဲများသည် ဝိညာဉ်သန္ဓေသားအဆင့်နှင့် ထိုထက်ပို၍ မြင့်မားကြသည်။
တောင်ထိပ် ခုနစ်ခုအနက် ယွီရှောင်တောင်ထိပ်၏ အရှင်သခင်ဖြစ်သော ဝူယင်းသည် ဤလောကတွင် တစ်ဦးတည်းသော နတ်ဘုရားအသွင်ပြောင်းခြင်းအဆင့် ကျင့်ကြံသူဖြစ်သည်။
ကျန်ရှိသော တောင်ထိပ် ခြောက်ခုထဲမှ ငါးခု၏ တောင်သခင်များသည် မဟာယာနအဆင့်များ ဖြစ်ကြပြီး ချင်းလန်တောင်ထိပ်၏ အရှင်သခင် ယွီချင်းကျိ တစ်ဦးတည်းသာလျှင် အတိဒုက္ခဖြတ်ကျော်ခြင်း အဆင့်တွင် ရှိနေခြင်းဖြစ်သည်။
ထိုက်ဟွာတောင်သည် ရွှမ်ထျန်းတိုက်ကြီး၏ အလယ်ဗဟိုတွင် တည်ရှိပြီး ယွီရှောင်တောင်ထိပ်က မိုးတိမ်များထဲသို့ ထိုးဖောက်ကာ သတ္တဝါအပေါင်းကို ငုံ့မိုးကြည့်ရှုနေသကဲ့သို့ ရှိသည်။ ထိုက်ဟွာတောင်၏ ပတ်လည် မိုင်ပေါင်း တစ်သန်းအတွင်းရှိ ဂိုဏ်းအားလုံး ထိုက်ဟွာတောင်၏ စောင့်ရှောက်မှုကို ခံယူကြရသည်။ ထိုသို့ စောင့်ရှောက်မှုကို ခံယူသည့်အတွက် တစ်ခုတည်းသော လိုအပ်ချက်မှာ ထိုဂိုဏ်းများက ရှေးဟောင်းအပျက်အစီးများ သို့မဟုတ် လျှို့ဝှက်နယ်မြေများကို တွေ့ရှိပါက ထိုက်ဟွာတောင်မှ လူများကို လာရောက်စူးစမ်းရန် အကြောင်းကြားရခြင်းပင် ဖြစ်သည်။
ထိုက်ဟွာတောင်သည် ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူတစ်ဦး၏ အကြွင်းအကျန်များကို အမှန်တကယ်အားဖြင့် ဂရုမစိုက်သော်လည်း ဆယ်နှစ်တစ်ကြိမ် ပြုလုပ်သည့် တပည့်သစ်များ၏ လေ့ကျင့်ရေးကာလနှင့် တိုက်ဆိုင်နေသောကြောင့် ဂိုဏ်းချုပ်က တပည့်သစ်များကို လေ့ကျင့်ရန်အတွက် ဤနေရာသို့ လွှတ်လိုက်ခြင်း ဖြစ်သည်။
ဂိုဏ်းငယ်လေးများအတွက်မူ ဤသို့သော ပဏ္ဍာဆက်သခြင်းက ကောင်းမွန်သောအရာ ဖြစ်၏။ သူတို့၏ ကိုယ်ပိုင်အင်အားဖြင့် ရတနာများကို မထိန်းသိမ်းနိုင်သော်လည်း ထိုက်ဟွာတောင်၏ ကာကွယ်မှုအောက်တွင်မူ သူတို့အတွက် အကျိုးရှိမည့် အရာများကို ရရှိနိုင်မည် ဖြစ်သည်။
ထိုညတွင် လော့ကျန့်ချင်းသည် တရားထိုင်ပြီးနောက် အခြေခံတည်ဆောက်ခြင်းအဆင့်မှ တပည့်တစ်ဦးကို ခေါ်ယူလိုက်သည်။
ထိုတပည့်က ဟောက်မင်တောင်ထိပ်မှဖြစ်ပြီး ရှဲ့ကျိကျော့၏ လူယုံတစ်ဦးလည်း ဖြစ်သည်။ သူသည် လော့ကျန့်ချင်း၏ အခန်းထဲသို့ ဝင်လာပြီးနောက် ရိုသေစွာဖြင့် ပြောကြားသည်။
“တာ့ရှစ်ရှုန်း... ရှဲ့ရှစ်ရှုန်းက တာ့ရှစ်ရှုန်း မကြိုက်တဲ့အရာတွေကို သူလည်း မကြိုက်ဘူးတဲ့၊ ဒါကြောင့် အခုရက်ပိုင်းအတွင်း အဲဒါတွေကို သူရှင်းထားပေးတယ်လို့ ပြောခိုင်းလိုက်ပါတယ်။”
သူသည် ပြောရင်းဖြင့် ခပ်ဟဟ ရယ်မောလိုက်သေးသည်။
လော့ကျန့်ချင်းက မျက်ခုံးတစ်ချက် ပင့်လိုက်ပြီး မေးလိုက်၏။
“သူက ဘယ်လို ရှင်းထားတာလဲ။”
တပည့်ဖြစ်သူက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ လော့ကျန့်ချင်းက အခြားသူများ ခိုးနားမထောင်နိုင်ရန် ကာကွယ်ရေး အစီအရင်တစ်ခုကို တည်ဆောက်လိုက်သည်။
ထိုတပည့်က ဆက်လက်ရှင်းပြ၏။
“ကျွန်တော်တို့ ဟောက်မင်တောင်ထိပ်က ဘယ်သူမှ လီရှို့ချန်ကို မကြိုက်ကြဘူး။ ရှစ်ရှုန်း သိတဲ့အတိုင်း နောက်တစ်ကြိမ် ဂိုဏ်းတွင်းပြိုင်ပွဲအတွက် တစ်နှစ်တောင် မလိုတော့ဘူးလေ။ ပြီးခဲ့တဲ့အကြိမ်က ဟောက်မင်တောင်ထိပ်က နောက်ဆုံးကနေရေရင် ဒုတိယပဲ ရခဲ့တာ။ ဆေးဖော်စပ်တာကိုပဲ အာရုံစိုက်တဲ့ ချင်းလန်တောင်ထိပ်ထက် နည်းနည်းလေးပဲ သာခဲ့တာ။ အဲ့ဒါကြောင့် ကျွန်တော်တို့တောင်ထိပ်က လူတိုင်း အဆင့်တက်ဖို့ အစွမ်းကုန် ကြိုးစားနေကြတာ။ အဲ့ဒါကို ဘာအရည်အချင်းမှ မရှိဘဲ ကံကောင်းတာတစ်ခုတည်းနဲ့ မာနကြီးနေတဲ့ တပည့်သစ်တစ်ယောက် ရောက်လာလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။”
ပြိုင်ဆိုင်မှုရှိခြင်းက တိုးတက်မှုကို ဖြစ်ပေါ်စေပြီး ဂိုဏ်းတွင်းပြိုင်ပွဲက တောင်ထိပ်တစ်ခုချင်းစီ၏ အဆင့်အတန်းကို ဆုံးဖြတ်ပေးသည်။ ထိုတပည့်က ဆက်ပြော၏။
“ပိုပြီး ထူးဆန်းတာက လီရှို့ချန်က ဟောက်မင်တောင်ထိပ်ကို ရောက်လာပြီးကတည်းက ကျင့်စဉ်ကို သေချာမကျင့်ဘဲ နောက်ဘက်တောင်ဆီကိုပဲ တစ်ရက်ခြား တစ်ခါ ပြေးသွားနေတာ။ တပည့်သစ်အားလုံးက ချီစုဆောင်းခြင်းအဆင့်ကို ရောက်နေကြပြီကို သူကတော့ အခုထိ အချိန်ဖြုန်းနေတုန်းပဲ။”
ထိုစကားကို ကြားသောအခါ လော့ကျန့်ချင်းက မျက်မှောင်ကြုတ်ရင်း ပြောလိုက်သည်။
“ဒီနေ့ ငါမြင်လိုက်တာတော့ သူက ချီစုဆောင်းခြင်း အဆင့် ၂ ကို ရောက်နေပြီလေ။”
တပည့်ဖြစ်သူက ချက်ချင်း ခေါင်းညိတ်ပြသည်။
“အဲ့ဒါပဲလေ။ အဲ့ဒါက ထူးဆန်းနေတာ၊ သူက ကျင့်စဉ်ကို သိပ်မကျင့်တာ သေချာတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ လဝက်ကမှ ချီစုဆောင်းခြင်းအဆင့်ကို ရုတ်တရက် ရောက်သွားပြီး ခုနစ်ရက်အတွင်းမှာပဲ အဆင့် ၂ ကို ထပ်ရောက်သွားတာ။ ရှဲ့ရှစ်ရှုန်းကလည်း အဲ့ဒါကို ထူးဆန်းတယ်လို့ ထင်ပြီး သူ့ကို မကြည်ဘူး။ အဲ့ဒါနဲ့ ရှဲ့ရှစ်ရှုန်းက တပည့်တချို့ကို လွှတ်ပြီး သူ့ကို သွားရန်စခိုင်းတယ်။ သူ့ရဲ့ ထမင်းထုပ်တွေကိုလည်း ဖြတ်ခိုင်းလိုက်တယ်။ ဒါပေမဲ့ သူက ကျွန်တော်တို့ကို ဒေါသတကြီး ပြန်အော်ပြီး ဘာပြောတယ် မှတ်လဲ...”
စကားပြောရင်း ထိုတပည့်က ခဏစဉ်းစားလိုက်ပြီးမှ ပြောသည်။
“လီရှို့ချန်က ပြောတယ်... ‘မြစ်ရဲ့ အရှေ့ဘက် အနှစ်သုံးဆယ်၊ မြစ်ရဲ့ အနောက်ဘက် အနှစ်သုံးဆယ်၊ လူငယ်လေးတစ်ယောက် ဆင်းရဲတာကို လာပြီး အနိုင်မကျင့်နဲ့’ တဲ့။ သူက ကျောက်တုံးပေါ် ရပ်ပြီး ကျွန်တော်တို့ကို အထက်စီးကနေ ကြည့်ပြီးတော့ ပြောသေးတယ်။ ကျွန်တော်တို့အားလုံးက တစ်နေ့ သူ့ရဲ့ ခြေနင်းတုံးတွေ ဖြစ်လာမှာတဲ့။ အဲ့ဒါကြောင့် ရှဲ့ရှစ်ရှုန်းက သူ့ကို အထင်သေးသွားပြီး တပည့်သစ်တချို့ကို ခေါ်ပြီး သူ့ကို ဝိုင်းရိုက်ခိုင်းလိုက်တယ်။”
လော့ကျန့်ချင်း : “...”
ထိုတပည့်က အားကျသော အကြည့်ဖြင့် ဆက်ပြောသည်။
“ရှဲ့ရှစ်ရှုန်းက တကယ်ကို ရှဲ့ရှစ်ရှုန်းပါပဲ။ သူက တစ်ခွန်းတည်း ပြောလိုက်တာနဲ့ လီရှို့ချန်တစ်ယောက် စကားမပြောနိုင်တော့ဘူး။ သူက ‘ငါက ရွှေရောင်အမြုတေအဆင့်၊ မင်းက ချီစုဆောင်းခြင်းအဆင့်တင် ရှိတာ၊ ငါတို့ ဟောက်မင်တောင်ထိပ်က အသန်မာဆုံးပဲ။ ငါ့လက်ညှိုးတစ်ချောင်းတည်းနဲ့ မင်းကို ဖိသတ်လို့ရတယ်ဆိုတာ ယုံလား’ တဲ့။”
လော့ကျန့်ချင်းမှာ နောက်ဆုံးတွင် မအောင့်နိုင်တော့ဘဲ ရယ်ချလိုက်မိသည်။
“ဟားဟား...”
ထိုတပည့်သည် ဟောက်မင်တောင်ထိပ်တွင် လီရှို့ချန် ကြုံတွေ့ခဲ့ရသည့် ကံဆိုးမှုများကို ဆက်လက်ပြောပြနေသေးသည်။ နာရီဝက်ခန့် ကြာပြီးနောက်မှ လော့ကျန့်ချင်း၏ အခန်းထဲမှ ထွက်ခွာသွားသည်။ မထွက်ခွာမီ လော့ကျန့်ချင်း၏ နဖူးပေါ်မှ ဓားအမှတ်အသားကို အံ့အားသင့်စွာ ကြည့်ရင်း မမေးဘဲ မနေနိုင်ဖြစ်သွားသည်။
“တာ့ရှစ်ရှုန်း... ဒါက ဘာအမှတ်အသားလဲဆိုတာ သိခွင့်ရှိမလား...”
လော့ကျန့်ချင်းသည် ထိုတပည့်၏ အကြည့်ကို သတိထားမိလိုက်ပြီး အင်္ကျီလက်ကို အသာယမ်းကာ တံခါးကို ဖွင့်လိုက်ရင်း အေးဆေးစွာ ပြောလိုက်သည်။
“ဘာမှမဟုတ်ဘူး၊ ဂရုစိုက်မနေနဲ့။”
လော့ကျန့်ချင်း၏ နှင်ထုတ်လိုက်သော အဓိပ္ပာယ်က ထင်ရှားလွန်းသဖြင့် ထိုတပည့်မှာ ဆက်မမေးရဲတော့ဘဲ အရိုအသေပေးကာ ချက်ချင်း ထွက်သွားလေသည်။
အခန်းထဲတွင် မည်သူမျှ မရှိတော့သောအခါ လော့ကျန့်ချင်းသည် လက်ကို မြှောက်လိုက်ပြီး လေထဲတွင် ရေမှန်တစ်ချပ် ဖန်တီးလိုက်သည်။ မှန်ထဲတွင် ပေါ်လာသော မိမိကိုယ်ကို နက်ရှိုင်းပြီး တည်ငြိမ်သော အကြည့်ဖြင့် ကြည့်လိုက်သည်။
ယွီရှောင်တောင်ထိပ်၏ အမြင့်ဆုံးကျင့်စဉ်ဖြစ်သော ‘စစ်မှန်သော ပွင့်ချပ်ကိုးခုကြာပန်းကျင့်စဥ်’ ကို လေ့ကျင့်ပြီး ဓားအတတ်ကို လေ့ကျင့်ပါက နဖူးပေါ်တွင် ဓားအမှတ်အသားတစ်ခု ပေါ်လာတတ်သည်။ ဤဓားအမှတ်အသားက ကြာပန်းပုံစံဖြစ်ပြီး အခြေခံတည်ဆောက်ခြင်းအဆင့်တွင် ပထမဆုံး ကြာပွင့်ချပ် ပွင့်လာကာ၊ ရွှေရောင်အမြုတေအဆင့်တွင် ဒုတိယပွင့်ချပ်...ထိုသို့ဖြင့် အဆင့်တက်လာရင်း ရှစ်ပွင့်မြောက်ပွင့်ချပ် ပွင့်လာမည် ဖြစ်သည်။
နောက်ဆုံး အဆင့်သို့ ရောက်ရှိသောအခါ ကိုးပွင့်မြောက်ပွင့်ချပ်က ပွင့်လာမည်ဖြစ်ပြီး ပြီးပြည့်စုံသည့် ‘စစ်မှန်သော ပွင့်ချပ်ကိုးခုကြာပန်း’ ဖြစ်လာကာ အမတနတ်ဘုရားအဖြစ် အထက်ကောင်းကောင်သို့ ကြွမြန်းနိုင်ပြီး မိုးအောက်မြေပြင်တွင် ရပ်တန့်နိုင်သူ ရှိတော့မည်မဟုတ်ပေ။
လော့ကျန့်ချင်း၏ နဖူးပေါ်တွင် ယခုအခါ အစိမ်းဖျော့ရောင် ဓားအမှတ်အသား နှစ်ခုရှိနေပြီး ဝူယင်း၏ နဖူးတွင်မူ ရွှေရောင်ဓားအမှတ်အသား ရှစ်ခု ရှိနေပြီဖြစ်သည်။
ယခုအချိန်တွင် သူ၏ဓားအမှတ်အသား အလယ်ဗဟို၌ နီရဲသော မှဲ့တစ်လုံး ရှိနေသည်။ ၎င်းသည် မီးတောက်ကဲ့သို့ နီရဲတောက်ပနေပြီး ဤနီရဲသော မှဲ့လေးကြောင့် သူ၏ ထူးခြားခံ့ညားသော မျက်နှာက ပို၍ပင် အသက်ဝင်လာကာ နတ်ဘုရားတစ်ပါးကဲ့သို့ မည်သူမျှ အနားမကပ်ရဲသော အရှိန်အဝါကို ပေးစွမ်းနေသည်။
ဝူယင်း၏ စိတ်အာရုံသည် လော့ကျန့်ချင်း၏ စိတ်အာရုံပင်လယ်ထဲသို့ ဝင်ရောက်ပြီးနောက် ဤနီရဲသော အမှတ်အသားအဖြစ် ပြောင်းလဲသွားခြင်း ဖြစ်သည်။ ရီထျန်းမြို့သို့ လာသည့် လမ်းတစ်လျှောက်တွင် လော့ကျန့်ချင်းသည် ဤအမှတ်အသားကို ဖုံးကွယ်ရန် သို့မဟုတ် ဖယ်ရှားရန် အမျိုးမျိုး ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ဝူယင်းသည် နတ်ဘုရားအသွင်ပြောင်းခြင်းအဆင့်မှ ကျင့်ကြံသူဖြစ်ပြီး သူကမူ ရွှေရောင်အမြုတေအဆင့်သာ ရှိသေးသဖြင့် အဆင့် ၅ ဆင့်မျှ ကွာခြားနေသောကြောင့် ဖြစ်သည်။
လော့ကျန့်ချင်းသည် ရေမှန်ထဲရှိ ထိုအမှတ်အသားကို အကြာကြီး ကြည့်နေပြီးနောက် မျက်လုံးကို မှိတ်ကာ ဝူယင်း၏ ညွှန်ကြားချက်အတိုင်း ကျင့်စဉ်ကို ဆက်လက်လေ့ကျင့်နေခဲ့သည်။ နောက်တစ်နေ့တွင် သူသည် အခြေခံတည်ဆောက်ခြင်းအဆင့်မှ တပည့် ၄ ဦးနှင့် တပည့်သစ် ၂၄ ဦးကို ကြည့်ကာ ကျေနပ်စွာ ခေါင်းညိတ်ပြလိုက်ပြီး သူ၏ ပျံသန်းနိုင်သော ရတနာကို ထုတ်ကာ အားလုံးကို ရှေးဟောင်းအပျက်အစီးများဆီသို့ ခေါ်ဆောင်သွားသည်။
ယခုတစ်ခါတွင် လမ်းပြပေးသူသည် မနေ့က အခြေခံတည်ဆောက်ခြင်းအဆင့်မှ အကြီးအကဲ လျိုတုန်း မဟုတ်တော့ဘဲ အကြီးအကဲ ချောင်ဟိုင်နင်းဟု အမည်ရသော ရွှေရောင်အမြုတေအဆင့် ကျင့်ကြံသူဖြစ်သည်။ အကြီးအကဲချောင်က ယခင်က မှားယွင်းမှုအတွက် တောင်းပန်စကား ဆိုကာ လော့ကျန့်ချင်းကို လမ်းပြပေးရန် ကမ်းလှမ်းခဲ့သည်။ လော့ကျန့်ချင်းကလည်း စိတ်ထဲမထားဘဲ အကြီးအကဲချောင်နှင့် အနည်းငယ် စကားပြောပြီးနောက် အခန်းထဲသို့ ပြန်ကာ ကျင့်စဉ်ကို ဆက်လက် လေ့ကျင့်လိုက်၏။
လော့ကျန့်ချင်း၏ ပျံသန်းနိုင်သော ရတနာသည် အခန်းပေါင်း ၈၁ ခန်း ပါဝင်သည့် သက်သောင့်သက်သာရှိသော လှေပုံစံဖြစ်ပြီး သူ၏လျှို့ရှစ်တိက လက်ဆောင်ပေးထားခြင်း ဖြစ်သည်။ ပျံသန်းသည့်အရှိန်က ရွှေရောင်အမြုတေအဆင့် ကျင့်ကြံသူတစ်ဦးထက် နှေးသော်လည်း တပည့်ငယ်လေးများကို ခေါ်ဆောင်သွားရန်အတွက်မူ အကောင်းဆုံးပင် ဖြစ်သည်။ အပျက်အစီးများ ရှိရာနေရာနှင့် နီးကပ်လာသောအခါ လော့ကျန့်ချင်းသည် ရတနာကို မြေပြင်သို့ ဆင်းသက်စေပြီး တပည့်များနှင့်အတူ ခြေကျင် ဆက်လက်သွားခဲ့သည်။
အပျက်အစီးများက ရီထျန်းတောင်တန်း၏ အတွင်းပိုင်းတွင် ရှိနေသောကြောင့် ရောက်ရှိရန် တစ်နေ့လုံး လမ်းလျှောက်ခဲ့ရသည်။ အကြီးအကဲချောင်က လော့ကျန့်ချင်း စိတ်ဆိုးမည်ကို စိုးရိမ်သောကြောင့် ထိုနေရာသို့ ရောက်ရန် နောက်ထပ် တစ်ရက် လိုသေးကြောင်း အသိပေးသည်။ လော့ကျန့်ချင်းကလည်း နားလည်စွာ ခေါင်းညိတ်ပြလိုက်၏။
လော့ကျန့်ချင်းနှင့် အကြီးအကဲချောင်တို့သာဆိုလျှင် ထိုနေရာသို့ ချက်ချင်း ရောက်နိုင်သော်လည်း တပည့်ငယ်လေးများက ထိုမျှ မသန်မာကြပေ။ သူတို့ထဲတွင် အမြင့်ဆုံး ကျင့်စဉ်အဆင့်မှာ ချီစုဆောင်းခြင်းအဆင့် (၄) သာ ရှိပြီး ချီစုဆောင်းခြင်းအဆင့် (၁) သို့ ယခုမှ ရောက်ခါစ တပည့်သစ်များလည်း အများအပြား ပါဝင်သည်။ ထို့ကြောင့် သူတို့ ယခုလောက်အထိ လမ်းလျှောက်နိုင်သည်ပင် အထင်ကြီးစရာ ကောင်းလှပြီဖြစ်သောကြောင့် လော့ကျန့်ချင်းက သူတို့ကို အတင်းအကျပ် မခိုင်းစေခဲ့ပေ။
***
Aurora Novel Translation Team