no

Font
Theme

အခန်း - (၁၁.၂)

“အား။ နာလိုက်တာ။”

ရွှမ်းဖူဓားက လီရှို့ချန်၏ ဘယ်ဘက်ပခုံးကို ထိုးဖောက်သွားပြီး လက်မောင်းတစ်ဖက်ကို လုံးဝ အသုံးမပြုနိုင်တော့လုနီးပါး ဖြစ်သွားစေခဲ့သည်။

လော့ကျန့်ချင်း၏ မျက်ဝန်းအိမ်များ ကျဉ်းသွားပြီး အကြောင်းရင်းကို ချက်ချင်းပင် နားလည်လိုက်တော့သည်။

“ကောင်းကင်ဘုံရဲ့ အလိုဆန္ဒပဲ။”

ဒေါသထွက်နေသော အသံကြောင့် လီရှို့ချန်တစ်ယောက် လှည့်ကြည့်လိုက်မိသည်။ လော့ကျန့်ချင်းကို မြင်လိုက်ရသောအခါ သူက ရုတ်တရက် ကြောင်သွားပြီး ထို့နောက် ဘေးသို့ အမြန်ရှောင်တိမ်းလိုက်ကာ သူ့လက်မောင်းမှ စူးရှရှ နာကျင်မှုကိုပင် ဂရုမစိုက်နိုင်တော့ဘဲ အရေးတကြီး မေးလိုက်သည်။

“ဘာ... မင်း ဘာလုပ်ချင်နေတာလဲ။ ငါ့ကို သတ်ချင်နေတာလား။”

လော့ကျန့်ချင်း ပြန်မဖြေ။ ရွှမ်းဖူဓားက အစိမ်းရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး သူ့ညာလက်ထဲသို့ ပြန်ရောက်လာသည်။ သူ၏ ချောမောခံ့ညားသော မျက်နှာလေးက ဆီးနှင်းကဲ့သို့ အေးစက်နေပြီး ခံစားချက်ကင်းမဲ့သော အကြည့်များက သက်မဲ့ဝတ္ထုတစ်ခုကို ကြည့်နေသကဲ့သို့ လီရှို့ချန်အပေါ်သို့ ကျရောက်နေသည်။

ယခုအခါ လီရှို့ချန်လည်း ရုတ်တရက် နားလည်သွားတော့သည်။

“မင်း ငါ့ကို သတ်ပြီး ဇာတ်လိုက်နေရာကို ဝင်ယူချင်နေတာမလား။ လော့ကျန့်ချင်း... အဲ့ဒါ လုံးဝ မဖြစ်နိုင်ဘူး။ ငါကမှ ဇာတ်လိုက်ကွ။ မင်း အခုချက်ချင်း ဓားကိုချပြီး ငါနဲ့လိုက်ခဲ့။ အနာဂတ်မှာ မင်းကို ငါနဲ့အတူ မသေမျိုးအဖြစ် တက်လှမ်းနိုင်အောင် လုပ်ပေးမယ်လို့ ငါကတိပေးတယ်။ အနာဂတ်မှာလည်း ငါ မင်းကို မသတ်ဘဲ နေပေးမယ်။”

လော့ကျန့်ချင်းက သူ့ကို လျစ်လျူရှုလိုက်သည်။ ဓားအလင်းတန်းတစ်ခုက လီရှို့ချန်၏ နှလုံးသားဆီသို့ အလျင်အမြန် ထိုးစိုက်သွား၏။

လီရှို့ချန်တစ်ယောက် ရှေ့သို့ ဆက်တိုက် ပြေးနေသော်လည်း လျှပ်စီးကဲ့သို့ မြန်ဆန်သော ရွှမ်းဖူဓားထံမှ မလွတ်မြောက်နိုင်ချေ။ ဓားဖျားသည် လီရှို့ချန်၏ နှလုံးသားကို ထိုးဖောက်ခါနီး ဖြစ်နေသည်ကို မြင်လိုက်ရသော်လည်း လော့ကျန့်ချင်းက လျှော့မပေးလိုက်ပေ။ သူက လက်ချောင်းများကို စုစည်းလိုက်ရာ ဓားချီစွမ်းအား သုံးခုက လက်ချောင်းထိပ်များမှ ထွက်ပေါ်လာပြီး လီရှို့ချန်၏ အခြားထွက်ပေါက်လမ်းကြောင်း သုံးခုကိုပါ ပိတ်ဆို့လိုက်သည်။

ရွှမ်းဖူဓား၏ အဖျားက လီရှို့ချန်၏ အဝတ်အစားများကို ထိုးဖောက်မိနေချေပြီ။

လော့ကျန့်ချင်းက မျက်လုံးများကို ပြူးကျယ်လျက် ထိုအခိုက်အတန့် ရောက်လာမည့်အချိန်ကို စောင့်မျှော်နေလိုက်သည်။

ထိုအချိန်တွင်... ကောင်းကင်ယံ၌ ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်ခု ပေါ်ထွက်လာပြီး အဖြူရောင် အလင်းတန်းများက နေရာတစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။ လော့ကျန့်ချင်းတစ်ယောက် မျက်လုံးများကို ပြန်ဖွင့်လိုက်သောအခါ လီရှို့ချန်မှာ ကျယ်ပြောသော တောရိုင်းမြေမှ ပျောက်ကွယ်သွားလေပြီ။ လော့ကျန့်ချင်း ဤမြင်ကွင်းကို တွေတွေကြီး စိုက်ကြည့်နေမိသည်။ ခဏအကြာတွင် သူက ညာလက်ကို ဆုပ်လိုက်ပြီး ရွှမ်းဖူဓားကို ပြန်လည်သိမ်းဆည်းလိုက်ကာ ကောင်းကင်ကို ဒေါသတကြီး လက်ညှိုးထိုးလိုက်တော့သည်။

“ကောင်းကင်ဘုံရဲ့ အလိုဆန္ဒပဲပေါ့!”

နောက်တစ်စက္ကန့်တွင် အဖြူရောင် အလင်းတန်းများက လော့ကျန့်ချင်း၏ ပတ်ပတ်လည်တွင် လက်ခနဲ ဖြစ်သွားပြီး သူသည်လည်း တောရိုင်းမြေမှ ပျောက်ကွယ်သွားသည်။

ပတ်ပတ်လည်တွင် အမှောင်ထုသာ ရှိနေပြီး လော့ကျန့်ချင်း၏ မျက်နှာသည်ကား မိုးရွာချလောက်အောင်ပင် သုန်မှုန်နေတော့သည်။ သူက လက်ထဲမှ ရွှမ်းဖူဓားကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားမိသည်။ သူက ဆဋ္ဌမအဆင့်ဖြစ်သော ‘ထျန်းရွှမ်ကြယ်’သို့ ကူးပြောင်းရောက်ရှိသွားခြင်း ဖြစ်သဖြင့် ပတ်ဝန်းကျင်တွင် ဘာကိုမှ မမြင်ရပေ။

“နတ်ဘုရားဖြစ်ရန် လမ်းစဉ်ရှာဖွေခြင်း” ဝတ္ထုထဲတွင် ဤအဆင့်က ဖြတ်ကျော်ရန် အလွယ်ကူဆုံးဖြစ်ပြီး ခဏမျှ ငြိမ်ငြိမ်နေလိုက်ရုံဖြင့် အောင်မြင်နိုင်သည်ဟု ဖော်ပြထားသည်။

အဆုံးအစမရှိသော ရှုပ်ထွေးပွေလီမှုများကြားတွင် လော့ကျန့်ချင်းတစ်ယောက် အက်ရှပြီး လုံးထွေးနေသော အသံတစ်သံကို ကြားလိုက်ရသည်။ ထိုအသံက ကြမ်းတမ်းပြီး နားဝင်ဆိုးကာ စကားလုံးလေးလုံးကို ဘယ်တော့မှ မမောပန်းနိုင်သကဲ့သို့ ထပ်ခါတလဲလဲ ရွတ်နေသည်။

“လူသားလား... မိစ္ဆာလား...”

“လူသားလား... မိစ္ဆာလား...”

“လူသားလား... မိစ္ဆာလား...”

ထိုအသံက တစ်သံတည်း ဖြစ်သော်လည်း ရှေးကျသော အငွေ့အသက်များ ပါဝင်နေပြီး ဤနေရာတွင် အဆုံးမရှိ ပဲ့တင်ထပ်နေသည်။ လော့ကျန့်ချင်းတစ်ယောက် တည်တည်ငြိမ်ငြိမ်ပင် ရပ်နေလိုက်ပြီး ထိုအသံက သူ့အနားတွင် ရုတ်တရက် ရပ်သွားကာ တီးတိုးပြောလိုက်သည့်အချိန်အထိ ဂရုမစိုက်ဘဲ နေလိုက်သည်။

“မင်းက လူသားပဲ။”

လော့ကျန့်ချင်းက ချက်ချင်းပင် ဓားကို ဝှေ့ယမ်းလိုက်သော်လည်း လေဟာပြင်ကိုသာ ပိုင်းမိလိုက်သည်။

အမှန်တကယ်ပင် လီရှို့ချန်က လူသားဖြစ်သောကြောင့် သတ္တမမြောက် အဆင့်သို့ ကူးပြောင်းရောက်ရှိသွားပြီဖြစ်၏။

“လူသားလား... မိစ္ဆာလား... လူသားလား... မိစ္ဆာလား... လူသားလား... မိစ္ဆာလား...”

အသံက လော့ကျန့်ချင်း ရှိရာအရပ်သို့ ဖြည်းဖြည်းချင်း နီးကပ်လာသည်။ ဤအချိန်၌ သူ၏ ဒေါသအကြွင်းအကျန်များ အချည်းနှီး ဖြစ်သွားခဲ့ချေပြီ။ လော့ကျန့်ချင်းက ရွှမ်းဖူဓားကို အေးဆေးတည်ငြိမ်စွာ ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်ပြီး ဤအဆင့်၏ စိန်ခေါ်မှုကို ရင်ဆိုင်ရန် စောင့်နေလိုက်တော့သည်။ အသံက နောက်ဆုံးတွင် သူ့ဘေးသို့ ရောက်လာပြီး တစ်စုံတစ်ခုက သူ့ရှေ့တွင် ရပ်သွားသည်ကို သူဝိုးတဝါး အာရုံခံမိလိုက်သည်။

“လူသားလား... ဒါမှမဟုတ် မိစ္ဆာလား...”

ထိုတီးတိုးစကားသံကို သူထပ်ကြားလိုက်ရပြန်သည်။

ရုတ်တရက် အသံတိတ်သွားပြီး ခဏအကြာတွင် ထိုအသံက စူးရှရှ အာမေဋိတ်အသံတစ်ခု ပြုလိုက်တော့သည်။

“မင်းက မိစ္ဆာပဲ!”

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment