အခန်း - (၃.၂)
သူက စကားများနေရင်းမှ လော့ကျန့်ချင်း၏ ရုတ်တရက် သဘောတူလိုက်သံကို ကြားလိုက်ရသည့်အခါ အတိုင်းမသိ ဝမ်းသာသွားပြီး ပြိုင်ပွဲကွင်းဘက်သို့ စိတ်လှုပ်ရှားစွာ ကြည့်လိုက်တော့သည်။
သို့သော် နောက်တစ်စက္ကန့်တွင်မူ-
သန်မာထွားကျိုင်းသော ရွှီဟွာသည် ရုတ်တရက် သူ့ဗိုက်ကို အုပ်လိုက်ပြီး ပြောလာ၏။
“အား... နာလိုက်တာ... ဒိုင်... ရှစ်ရှုန်းတို့... ကျွန်တော့်ကို ခဏလောက် အချိန်ပေးပါဦး။”
ဒိုင်များ: “...”
လီရှို့ချန်: “...”
ရှဲ့ကျိကျော့မှာ ဆွံ့အသွားခဲ့သည်။
“...”
လော့ကျန့်ချင်းမှာတော့ လုံးဝကို စကားမပြောနိုင်တော့ပေ။
“...”
ကောင်းကင်ဘုံကြီးက လီရှို့ချန်ဘက်သို့ လုံးဝ အစွန်းရောက်အောင် မျက်နှာလိုက်နေမည်ဟု သူခန့်မှန်းထားခဲ့သော်လည်း ဤမျှအထိ မျက်နှာလိုက်လိမ့်မည်ဟု သူမထင်ထားခဲ့ပေ။
လီရှို့ချန်၏ ပထမဆုံးပွဲစဉ်သည် အခြားတစ်ယောက်၏ ဗိုက်နာမှုကြောင့် မတိုက်ရဘဲ အနိုင်ရသွားခဲ့သည်။
လီရှို့ချန်၏ ဒုတိယပွဲစဉ်လည်း အခြားတစ်ယောက်က စတိုက်မည်အလုပ်တွင် ရုတ်တရက် ခါးနာသွားသဖြင့် မတိုက်ရဘဲ အနိုင်ရသွားပြန်သည်။
လီရှို့ချန်၏ တတိယပွဲစဉ်က လျိုရှောင်ရှောင်နှင့် ဖြစ်သည်။ လျိုရှောင်ရှောင်က လီရှို့ချန်၏ လက်မောင်းကို ရိုက်ရန် လက်ကို ဆန့်လိုက်စဉ်ပင် လီရှို့ချန်က နာကျင်စွာ အော်ဟစ်လိုက်သဖြင့် လျိုရှောင်ရှောင်က ကြောက်လန့်တကြားနှင့် လက်ကို ပြန်ရုပ်လိုက်ပြီး စိုးရိမ်တကြီး မေးလိုက်သည်။
“ချန်ကော... အဆင်ပြေရဲ့လား။”
ထို့နောက်တွင် လီရှို့ချန်က သူ(မ)ကို အနိုင်တိုက်လိုက်လေတော့သည်။
ကြည့်နေသူအားလုံး လုံးဝ ဆွံ့အသွားကြ၏။
လော့ကျန့်ချင်းက သက်ပြင်းချလိုက်သည်။
ရှဲ့ကျိကျော့မှာမူ ဖြေမဆည်နိုင်အောင် ဖြစ်နေပြီး မကျေမနပ် ဖြစ်နေတော့သည်။
“ဒါက မတရားဘူး။ ဒါက ကံကောင်းလို့ပဲ။ အားလုံးက ကံကောင်းနေလို့ ဖြစ်တာ။”
လော့ကျန့်ချင်းက ခေါင်းကို ဖြည်းညင်းစွာ ခါလိုက်ပြီး ရယ်မောကာ ပြောလိုက်သည်။
“ရှစ်တိ... ငါတို့ ကျင့်ကြံသူတွေ ပြောသလိုပဲ၊ ကံကောင်းခြင်းဆိုတာက စွမ်းအားတစ်ခုပဲလေ။”
ရှဲ့ကျိကျော့က ပြိုင်ပွဲကွင်းကို ဒေါသတကြီး ကြည့်နေသည်။ သူက ဒေါသတကြီး ပြောလိုက်သည်။
“လူ ၃ ယောက်ပဲ ကျန်တော့တာ။ ကျန်တဲ့ နှစ်ယောက်လုံးက အကြီးဆုံး အထက်တန်းလွှာ မျိုးနွယ်စု ၈ ခုထဲက ကလေးတွေပဲ။ ကျွန်တော် မယုံဘူး။ တစ်ယောက်က ခန္ဓာကိုယ်ဖွဲ့စည်းပုံ အဆင့် ၁ ရှိပြီး နောက်တစ်ယောက်က အဆင့် ၂ ရှိတယ်။ သူတို့က ဘာအရည်အချင်းမှ မရှိတဲ့ ကောင်လေးထက် ဘယ်လိုလုပ် ညံ့နိုင်မှာလဲ။”
လီရှို့ချန်၏ စတုတ္ထမြောက် ပြိုင်ဘက်သည်လည်း ကံကောင်းစွာဖြင့် ပွဲမှ နုတ်ထွက်သွားသဖြင့် မတိုက်ရဘဲ အနိုင်ရသွားပြန်သည်။
ရှဲ့ကျိကျော့ မျက်ရည်များ စီးကျလာပြီး ဘာမှ မပြောနိုင်တော့ပေ။
“...”
အောက်ဘက်တွင်မူ ကွင်းပြင်တစ်ခုလုံး တိုးတိုးတိုးတိုး ရေရွတ်သံများဖြင့် ပြည့်နှက်နေပြီး လူအများအပြား လီရှို့ချန်ကို လက်ညှိုးထိုးနေကြသည်။ မိန်းကလေးငယ်လေး လျိုရှောင်ရှောင်မှာ နာကျင်နေသော သူ(မ)၏ ဗိုက်ကို ပွတ်နေခြင်းအား မရပ်သေးသော်လည်း သူ(မ)၏ ချန်ကောနှင့် အနီးကပ် မထိုင်တော့ချေ။ လီရှို့ချန်၏ လက်ဖဝါးက သူ(မ)၏ ခန္ဓာကိုယ်ကို ရက်ရက်စက်စက် ရိုက်ခဲ့ခြင်းဖြစ်သည်။ သူ(မ)သည် ငယ်ရွယ်ပြီး သူ(မ)နှင့်ရင်းနှီးသော ချန်ကောကိုသာ အားကိုးတတ်သော်လည်း မ'အပေ။
လီရှို့ချန်၏ လက်ဝါးရိုက်ချက်က အမှန်တကယ်၌ အင်အားမကြီးသော်လည်း သူ(မ)က အလွန်ဝမ်းနည်းသွားကာ သူ(မ)၏ ချစ်စရာကောင်းသော မျက်နှာလေးတွင် စိတ်ပျက်အားငယ်မှုများဖြင့် ပြည့်နှက်နေသည်။
ဖြစ်ပျက်ခဲ့သမျှက အတိတ်ဘဝနှင့် ဘာမှ မခြားနားပေ။ လီရှို့ချန်သည် အဆင့်မြင့်စာမေးပွဲတွင် ဒုတိယဆုကို ထပ်မံရရှိခဲ့ပြီး အတွင်းစည်းတပည့် ဖြစ်လာရန် သေချာသွားခဲ့သည်။ ထို့နောက်တွင် လီရှို့ချန်က ပျော်ရွှင်စွာဖြင့် ဂုဏ်ယူစွာ ရေရွတ်နေလေတော့သည်။
“ဒါက ဇာတ်လိုက်အရှိန်အဝါပေါ့။ တကယ်ကို မိုက်တာပဲ၊ ဟားဟား။”
လော့ကျန့်ချင်းသည် လီရှို့ချန်၏ အလွန်အမင်း ဂုဏ်ယူနေသည့် မျက်နှာကို ရှုပ်ထွေးသော ခံစားချက်များဖြင့် ကြည့်နေမိသည်။ သူ့ကို အကြာကြီး ကြည့်နေပြီးနောက် သူက ဖြည်းညင်းစွာ ပြုံးလိုက်၏။ သူ့ခေါင်းကို မော့ကာ ကြည်လင်ပြီး ပြာလွင်သည့် ကောင်းကင်ကြီးကို ကြည့်လိုက်ရင်း ရှေးဟောင်းအတိတ်မှ အရာများကို မြင်နေရသကဲ့သို့ ခံစားလိုက်ရသည်။ သူ၏ နုနယ်လှပသော မျက်နှာထက်တွင် နူးညံ့သောအပြုံးတစ်ခုသာ ရှိနေသည်။
‘လီရှို့ချန်က ဒီတစ်ကြိမ်လည်း ဒုတိယဆု ရပြန်ပြီ။ ဒါပေမဲ့ ကွဲပြားသွားတဲ့ အရာအချို့တော့ ရှိနေပြီ။’
အတိတ်ဘဝတွင် လီရှို့ချန် ဒုတိယဆု ရပြီးနောက် စင်ပေါ်မှ တပည့်များ အားလုံးက အံ့သြချီးကျူးခဲ့ကြသည်။ မည်သည့် စွမ်းရည်မှ မရှိသည့် ငတိလေးတစ်ယောက် ပြိုင်ပွဲစင်မြင့်ထက်တွင် တောက်ပနေပြီး ချီစွမ်းအား စုဆောင်းခြင်းအဆင့်သို့ ရောက်ရှိခဲ့သည့် တစ်ဦးတည်းသော တပည့်ဖြစ်လာခြင်းက လူအများကို မချီးကျူးဘဲ မနေနိုင်အောင် ဖြစ်စေခဲ့သည်။ ထို့အပြင် ထိုကောင်လေးက ငယ်သူငယ်ချင်းကို ဆုံးရှုံးထားရသူဖြစ်ကြောင်း သိကြသဖြင့် လူများစွာက သူ့ကို စာနာခဲ့ကြသည်။
သို့သော် ယခုမူ-
“ဒီလူက တကယ် ကံကောင်းတာပဲနော်။”
“ဟုတ်တယ်၊ အဲ့ဒီလူက တကယ် ရက်စက်တာပဲ။ သူသိတဲ့ ကောင်မလေးကိုတောင် စင်ပေါ်ကနေ ရိုက်ချလိုက်သေးတယ်။”
“သူက ဒုတိယဆုနဲ့ အတွင်းစည်းတပည့် ဖြစ်လာဆိုပေမဲ့ နောင်ရော ဒီလောက်အထိ ကံကောင်းပါဦးမလား မသိဘူး။”
လော့ကျန့်ချင်းသည် ထိုပြောဆိုသံများကို ဘာမှပြန်မပြောဘဲ အပြုံးလေးတစ်ခုဖြင့်သာ နားထောင်နေခဲ့သည်။ ရှဲ့ကျိကျော့မှာမူ သူ့ဘေးတွင် မတ်တတ်ရပ်နေရင်း အားလျော့လွန်းသဖြင့် ထိုင်ခုံပေါ်သို့ ပုံကျသွားတော့သည်။ သူက စိတ်ဓာတ်ကျစွာဖြင့် ပြောလိုက်၏။
“ကောင်းကင်ကြီးက မတရားလိုက်တာ။ တကယ်ကို မတရားလွန်းဘူးလား။ ဒီလိုကံကောင်းမှုမျိုးက ငါ ရှဲ့ကျိကျော့ တစ်သက်လုံး တစ်ခါမှတောင် မကြားဖူးဘူး။ ကောင်းကင်ကြီးက မတရားဘူး။”
လော့ကျန့်ချင်းက တစ်ချက်ရယ်လိုက်ပြီး တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
“ရှစ်တိ၊ ကောင်းကင်ဘုံဆိုတာ ဘယ်တုန်းကများ တရားခဲ့လို့လဲ။”
အမှန်စင်စစ် ရှဲ့ကျိကျော့သည် မစဉ်းစားဘဲ ရေရွတ်လိုက်ခြင်းသာဖြစ်ပြီး လော့ကျန့်ချင်းထံမှ အဖြေပြန်ရလိမ့်မည်ဟု မမျှော်လင့်ထားပေ။ သူသည် သူ့ရှစ်ရှုန်းကို မော့ကြည့်လိုက်ရာ လော့ကျန့်ချင်း၏ မျက်နှာပေါ်တွင် ခဏမျှ ဝမ်းနည်းရိပ်သန်းသွားသည်ကို တွေ့လိုက်ရသည်။ ထို့နောက် လော့ကျန့်ချင်းက ခါးသီးစွာပြုံးရင်း ပြော၏။
“ကောင်းကင်ကြီးက မတရားဘူးဆိုရင်လည်း ငါတို့ကိုယ်တိုင် တရားအောင်လုပ်ရမှာပေါ့။ ရှစ်တိ၊ ငါတို့ရဲ့ ကျင့်ကြံခြင်းဆိုတာ ငါတို့ကိုယ်တိုင်အပေါ်ပဲ မူတည်တယ်။ ကောင်းကင်ဘုံရဲ့ အလိုဆန္ဒပေါ် မူတည်တာမဟုတ်ဘူး၊ ငါပြောတာကို မင်းနားလည်ရဲ့လား။”
ရှဲ့ကျိကျော့မှာ ခဏမျှ ကြောင်သွားပြီးနောက် အစောပိုင်းက ပေါ့ပျက်ပျက်နိုင်မှုများ ပျောက်ကွယ်သွားကာ ရိုသေစွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။
“ဟုတ်ကဲ့။”
တောင်ထိပ်ပေါင်းစုံ စစ်ဆေးပွဲကြီး ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။
စာမေးပွဲတွင် အတော်ဆုံး ခြောက်ယောက်က အတွင်းစည်းတပည့်များ ဖြစ်လာကြပြီး ကျန်ရှိသူများက အပြင်စည်းတပည့်များ ဖြစ်လာကြသည်။ ပထမ၊ ဒုတိယနှင့် တတိယ ရရှိသူသုံးဦးကမူ ၎င်းတို့သွားလိုရာ တောင်ထိပ်ကို အစီအစဉ်အလိုက် ရွေးချယ်ခွင့် ရကြသည်။
ပထမဆုရသူသည် မိသားစုကြီးတစ်ခုမှ လာသူဖြစ်ပြီး ပထမအဆင့် ကိုယ်ခန္ဓာဖွဲ့စည်းပုံရှိသူ ဖြစ်သောကြောင့် ထိုက်ဟွာတောင်၏ ဂိုဏ်းချုပ်ရှိရာ ဆန်းရွှမ်းတောင်ထိပ်ကို ချက်ချင်း ရွေးချယ်ခဲ့သည်။ ဆန်းရွှမ်းတောင်ထိပ်မှ တပည့်တစ်ယောက်က ရောက်ရှိလာပြီး သူ့ကို ခေါ်ဆောင်သွားလေသည်။
နောက်တစ်လှည့်က လီရှို့ချန် ဖြစ်သည်။
လော့ကျန့်ချင်းသည် စင်မြင့်အလယ်တွင် ရပ်နေရင်း သူ၏ချောမောသော မျက်နှာကို တည်ငြိမ်စွာထားကာ အေးဆေးစွာ ပြောလိုက်သည်။
“လွန်ခဲ့တဲ့ ဆယ်ရက်အတွင်း အတွင်းစည်းတပည့်တစ်ယောက်က မင်းတို့ကို ငါတို့ထိုက်ဟွာတောင်ရဲ့ အခြေအနေတွေကို ပြောပြပြီးလောက်ပြီ ထင်တယ်။ မင်းက အဆင့်မြင့်စာမေးပွဲ ဒုတိယရခဲ့တဲ့အတွက် ထိုက်ဟွာတောင်ရဲ့ တောင်ထိပ်ခြောက်ခုထဲက ကြိုက်ရာတစ်ခုကို ရွေးချယ်ခွင့်ပေးမယ်၊ မင်း ဘယ်ကို သွားချင်လဲ။”
ပထမဆုရတပည့်နှင့် မတူသည်က လော့ကျန့်ချင်း၏ စကားအဆုံးတွင် မည်သူမျှ ဘာမှမပြောကြခြင်းပင်။
တပည့်သစ်များကို လာရောက်လက်ခံကြသည့် တောင်ထိပ်ခြောက်ခုမှ တပည့်ကြီးများအားလုံးက နှုတ်ဆိတ်နေကြပြီး စင်ပေါ်မှ လီရှို့ချန်ကို ထူးဆန်းသလို ကြည့်နေကြသည်။ ၎င်းတို့သည် ဤအားနည်းလှသော ရှစ်တိကို သိပ်မနှစ်သက်ကြသလို မည်သူကမှလည်း သူ့ကို ကိုယ်တိုင်သင်ကြားပေးပြီး သန်မာအောင် လုပ်ပေးချင်စိတ် မရှိကြပေ။
ဤအခြေအနေသည် အတိတ်ဘဝနှင့် လုံးဝကွာခြားနေသည်။ ထိုစဉ်က လူတိုင်းက လီရှို့ချန်ကို အလုအယက် ခေါ်ယူချင်ခဲ့ကြသော်လည်း ယခုမူ မည်သူကမျှ စိတ်မဝင်စားကြချေ။ လီရှို့ချန်ကို ကြည့်ရင်း လော့ကျန့်ချင်း၏ မျက်နှာအမူအရာက ဝမ်းနည်းခြင်း၊ ဝမ်းသာခြင်း မရှိဘဲ တည်ငြိမ်နေသည်။ နှင်းဖုံးနေသော ကောင်းကင်ယံမှ နတ်ဘုရားတစ်ပါးကဲ့သို့ သူ၏တည်ရှိမှုနှင့် အေးစက်သော အမူအရာက ဖိအားပေးနေသကဲ့သို့ ရှိသည်။
သို့သော် အတိတ်ဘဝမှ အတိုင်းပင် လီရှို့ချန်သည် လက်အုပ်ချီကာ ရိုသေစွာ နှုတ်ဆက်ပြီး တည်ကြည်စွာ ပြောလိုက်သည်။
“တာ့ရှစ်ရှုန်း၊ ထိုက်ဟွာဂိုဏ်းမှာ တောင်ထိပ်ခုနစ်ခု ရှိတယ်လို့ ကျွန်တော် ကြားဖူးပါတယ်။ ဘာဖြစ်လို့ တောင်ထိပ်ခြောက်ခုထဲကပဲ ရွေးခွင့်ရှိတယ်လို့ ပြောတာလဲခင်ဗျာ။”
သူ၏စကားအဆုံးတွင် လူတိုင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားကြတော့သည်။
လော့ကျန့်ချင်း၏ ရင်ထဲတွင် အေးစက်စက်နှင့် တုန်လှုပ်သွားသော်လည်း သူက နူးညံ့သောအပြုံးဖြင့် ပြောလိုက်၏။
“ငါနေထိုင်တဲ့ ယွီရှောင်တောင်ထိပ်က တပည့်လက်မခံဘူး။ အဲ့ဒီမှာ ငါတစ်ယောက်တည်းပဲ ရှိတာမို့ ကျန်တဲ့ တောင်ထိပ်ခြောက်ခုထဲကပဲ ရွေးလိုက်ပါ။”
ထိုစကားကို ကြားရသောအခါ လီရှို့ချန်၏ မျက်ဝန်းထဲတွင် ဝမ်းသာရိပ်များ ဖြတ်ပြေးသွားသည်။ သူက ဘာမှမဖြစ်သလို ဟန်ဆောင်ရင်း ဆက်ပြောလိုက်၏။
“တာ့ရှစ်ရှုန်း၊ ကျွန်တော် ယွီရှောင်တောင်ထိပ်ကိုပဲ ဝင်ချင်ပါတယ်။ ရှစ်ဖူ ရွှမ်လင်ကျိက ဘယ်သူနဲ့မှ မနှိုင်းယှဉ်နိုင်အောင် တော်တယ်။ မိစ္ဆာကျင့်ကြံသူတွေကိုလည်း သူ့ရဲ့ကိုယ်ပိုင်စွမ်းအားနဲ့ တိုက်ထုတ်နိုင်ခဲ့တဲ့အတွက် ကျွန်တော်တို့ ကျင့်ကြံသူတွေအတွက် စံပြပုဂ္ဂိုလ်တစ်ယောက်ပါ။ အမှန်အတိုင်း ပြောရရင် ကျွန်တော် ထိုက်ဟွာတောင်ကို လာခဲ့တာ ရှစ်ဖူ ရွှမ်လင်ကျိရဲ့ တပည့်အဖြစ် သင်ယူချင်လို့ပါ။ အခိုင်းအစေတပည့် ဖြစ်ရမယ်ဆိုရင်တောင် ကျွန်တော် တကယ်ပဲ လိုလိုလားလား ရှိပါတယ်။”
အတိတ်ဘဝတွင် ဤသို့ဖြစ်ပျက်စဉ်က လော့ကျန့်ချင်းသည် အလွန်ဒေါသထွက်ခဲ့သဖြင့် ကိုယ်ထဲမှ ဝိညာဉ်စွမ်းအားများပင် ဖောက်ပြန်ကုန်ကာ သူ၏အင်္ကျီလက်ကို တစ်ချက်ဝေ့ယမ်းလိုက်ရုံဖြင့် ထိုကောင်လေးကို သေလုနီးပါးအထိ ဖြစ်စေခဲ့သည်။
သူ့ဘဝတွင် အရာအားလုံး၌ ထူးချွန်ပြီး သည်းခံနိုင်စွမ်း အလွန်ကောင်းသော်လည်း သူ၏ တစ်ခုတည်းသော အားနည်းချက်က ထိုလူပင် ဖြစ်သည်။ လီရှို့ချန်သည် သူ၏ အားနည်းချက်ကို ကွက်တိ ထိမှန်သွားစေသဖြင့် ဒေါသကို မထိန်းနိုင်ခဲ့ပေ။ သူက လီရှို့ချန်ကို ဒဏ်ရာရအောင် လုပ်ခဲ့မိရာ တောင်ပေါ်မှ တစ်ခါမှ ဆင်းမလာဖူးသော ထိုလူက ရုတ်တရက် ယွီရှောင်တောင်ထိပ်မှ ဆင်းလာကာ လီရှို့ချန်ကို ကိုယ်တိုင်ကုသပေးခဲ့သည်။ ထို့နောက် သူ့ကို တည်ငြိမ်သောလေသံဖြင့် ပြောခဲ့သည်။
“ကျန့်ချင်း၊ ဒီနေ့ကစပြီး သူက မင်းရဲ့ ရှစ်တိ ဖြစ်လာလိမ့်မယ်။”
အတိတ်ဘဝတွင် လီရှို့ချန်၏ လုပ်ကြံဖန်တီးမှုများစွာကို သူခံခဲ့ရသော်လည်း လီရှို့ချန် ပြောခဲ့သည့်အထဲ၌ အမှန်တရားတစ်ခု ပါဝင်ခဲ့သည်။
သူ လီရှို့ချန်ကို မုန်းသည်။ ထိုလူ၏ တပည့်အဖြစ် သူတစ်ယောက်တည်းသာ ရှိရမည့်နေရာကို လီရှို့ချန်က ဝင်ယူခဲ့ခြင်းကြောင့် သူမုန်းသည်။
အတိတ်က အဖြစ်အပျက်များသည် တိမ်တိုက်များကဲ့သို့ မျက်စိရှေ့တွင် ဖြတ်ပြေးသွားကြသည်။ လော့ကျန့်ချင်း လီရှို့ချန်ကို ငုံ့ကြည့်လိုက်၏။ လီရှို့ချန်က သူ့ကို ကြောက်ရွံ့စိတ် အနည်းငယ်ဖြင့် ကြည့်နေသော်လည်း မျက်ဝန်းထဲတွင်မူ တစ်ခုခုကို စောင့်မျှော်နေသည့် မျှော်လင့်ချက်အရိပ်အယောင်များ ရှိနေသည်။ သို့သော် ဤတစ်ကြိမ်တွင်မူ လော့ကျန့်ချင်းသည် သက်ပြင်းတစ်ချက်သာ ပြင်းပြင်းချလိုက်၏။ အဝတ်စများအောက်တွင် သူ့လက်သည်းများက လက်ဖဝါးကို နာကျင်အောင် ထိုးဖောက်ထားမိသည်။ သူက နူးညံ့သောအပြုံးဖြင့် ပြောလိုက်၏။
“ယွီရှောင်တောင်ထိပ်က ဘယ်တုန်းကမှ တပည့်အသစ် လက်မခံခဲ့ဘူး။ ရှစ်တိ၊ တခြားတောင်တစ်ခုကိုပဲ ရွေးလိုက်ပါ။”
လီရှို့ချန်မှာ ချက်ချင်းပင် ဆွံ့အသွားတော့သည်။
သူသည် လော့ကျန့်ချင်းက သူ့ကို စတင်တိုက်ခိုက်လာမည့်အချိန်ကို စောင့်နေခဲ့ခြင်း ဖြစ်သည်။ ထိုအခါမှသာ ရွှမ်လင်ကျိ ရောက်လာပြီး လော့ကျန့်ချင်းနှင့် ပြဿနာကို ဖြေရှင်းပေးရင်း သူ့ကို ယွီရှောင်တောင်ထိပ်သို့ ခေါ်သွားလိမ့်မည်ဟု တွေးထားခဲ့သည်။
‘လော့ကျန့်ချင်းက ဘာလို့ သူ့ကို တစ်ချက်ကလေးတောင် လက်ဖျားနဲ့မတို့ရတာလဲ။’
‘သူ စာအုပ်ထဲကို ကူးပြောင်းလာမိလို့ အရာအားလုံး ပြောင်းလဲသွားတာလား။’
ခဏမျှ စောင့်ဆိုင်းနေပြီးနောက် လီရှို့ချန်မှာ မျက်နှာပျက်ယွင်းကာ ဘာပြောရမှန်း မသိတော့ပေ။
သူကလည်း ဘာမှမပြောသလို လော့ကျန့်ချင်းကလည်း ဘာမှမပြောဘဲ စိတ်ရှည်စွာ စောင့်နေသည်။ သို့သော် ဘေးမှ ရှဲ့ကျိကျော့က စိတ်မရှည်တော့ပေ။
“မတွေဝေနေနဲ့တော့၊ သွားချင်တဲ့နေရာကို အမြန်ရွေးစမ်းပါ။ ဟို တတိယရတဲ့ ရှစ်မေ့၊ မင်းရဲ့ ကိုယ်ခန္ဓာဖွဲ့စည်းပုံက တော်တော်လေး ကောင်းတာပဲ။ ဒီရှစ်ရှုန်းနောက်ကို လိုက်ပြီး ဟောက်မင်တောင်ထိပ်ကို မလာချင်ဘူးလား။ ငါတို့ ဟောက်မင်တောင်ထိပ်က ထိုက်ဟွာတောင်မှာ အလှဆုံးလေ။ မင်းလို ချစ်စရာကောင်းတဲ့ ညီမလေးနဲ့ အကိုက်ညီဆုံးပဲ...”
စောင့်နေကြသည့် အခြားတပည့် ငါးယောက်က ၎င်းတို့သွားလိုရာ တောင်များကို ရွေးချယ်ပြီးကြသော်လည်း လီရှို့ချန်ကမူ ရပ်မြဲအတိုင်း မလှုပ်မယှက် ရပ်နေဆဲပင်။ လျိုရှောင်ရှောင်သည် ချင်းလန်တောင်ထိပ်မှလူက လာခေါ်သည့်အခါ ခဏမျှ တွန့်ဆုတ်နေပြီးမှ လီရှို့ချန်ကို ပြောလိုက်သည်။
“ချန်ကော၊ ချင်းလန်တောင်ထိပ်က တကယ်ကောင်းပါတယ်။ ကျွန်မနဲ့အတူ ချင်းလန်တောင်ထိပ်ကို လိုက်ခဲ့ပါလား။”
လီရှို့ချန်က သူ(မ)ကို ခိုင်မာသောလေသံဖြင့် ပြန်ဖြေလိုက်သည်။
“ငါက ရှစ်ဖူ ရွှမ်လင်ကျိဆီမှာပဲ ပညာသင်ချင်တာ။”
လော့ကျန့်ချင်းက ထိုစကားကို ကြားလိုက်သည်။ သူ၏ နှုတ်ခမ်းထက်မှ အပြုံးက ပိုမိုနက်ရှိုင်းသွားသော်လည်း သူက ဘာမှပြန်မပြောခဲ့ပေ။
နောက်ဆုံးတွင် ကျန်ရှိသော တပည့် ၂၃ ယောက်လုံး သူတို့သွားလိုရာ တောင်ထိပ်များကို ရွေးချယ်ပြီးသွားကြပြီ ဖြစ်သော်လည်း လီရှို့ချန်တစ်ယောက်သာ ဆုံးဖြတ်ချက်မချနိုင်ဘဲ ကျန်နေခဲ့သည်။ သူက လော့ကျန့်ချင်းကို မော့ကြည့်လိုက်ပြီး လော့ကျန့်ချင်းကလည်း သူ့ကို ငုံ့ကြည့်နေသည်။ ထိုနှစ်ယောက်ထဲတွင် တစ်ဦးက စင်မြင့်ထက်တွင် ဝတ်ရုံဖြူကို ဝတ်ဆင်ကာ ကျော့ရှင်းတင့်တယ်စွာ ရပ်နေပြီး တစ်ကမ္ဘာလုံး၏ တောက်ပမှုကို ပိုင်ဆိုင်ထားသကဲ့သို့ ချောမောလှပလွန်းသည်။ ကျန်တစ်ဦးကမူ နိမ့်ကျသောနေရာတွင် လျှော်တေအဝတ်ကို ဝတ်ဆင်ထားကာ မျက်ဝန်းထဲတွင်မူ ကောက်ကျစ်စဉ်းလဲမှုများ ပြည့်နှက်နေသည်။
ခဏအကြာတွင် လော့ကျန့်ချင်းက နူးညံ့စွာ ပြောလိုက်၏။
“ရှစ်တိ၊ မင်းက ဟောက်မင်တောင်ထိပ်ကိုပဲ သွားသင့်တယ်။ သူတို့ရဲ့ နည်းစနစ်တွေက မင်းနဲ့ ပိုကိုက်ညီလိမ့်မယ်။”
လီရှို့ချန်က ခေါင်းကို ပြတ်ပြတ်သားသား ခါယမ်းလိုက်သည်။
“မလုပ်ဘူး။ ရှစ်ရှုန်း၊ ကျွန်တော် ထိုက်ဟွာတောင်ကို လာခဲ့တာ ယွီရှောင်တောင်ထိပ်ကို ဝင်ဖို့၊ ရှစ်ဖူ ရွှမ်လင်ကျိဆီမှာ ပညာသင်ဖို့ပဲ။”
“ရှစ်ဖူ ရွှမ်လင်ကျိ” ဟူသော စကားလုံးကြောင့် လော့ကျန့်ချင်း၏ အပြုံးက သူ့မျက်ဝန်းများဆီသို့ နာကျင်စွာ ရောက်ရှိသွားသည်။ သူ၏ လက်ဖဝါးကို လက်သည်းများဖြင့် ထိုးစိုက်ထားသဖြင့် သွေးများပင် ထွက်နေပြီ ဖြစ်သော်လည်း သူ၏ ခံစားချက်အစစ်အမှန်ကို အစကတည်းက တစ်စက်ကလေးမျှ မပြသခဲ့ပေ။ သူသည် နှုတ်ခမ်းထောင့်ကို မြှင့်လိုက်ပြီး လီရှို့ချန်ကို ဆက်၍ အာရုံမစိုက်တော့ပေ။ ထိုအစား သူက အကျပ်ရိုက်နေသော ရှဲ့ကျိကျော့ဘက်သို့ လှည့်ကာ ပြောလိုက်သည်။
“ရှစ်တိ၊ သူ့ကို ခေါ်ထုတ်သွားလိုက်ပါ။”
ရှဲ့ကျိကျော့က တစ်ခုခု ပြောချင်နေသော်လည်း လော့ကျန့်ချင်း၏ မျက်ဝန်းထဲတွင် သွေးကြောမျှင်လေးများ နီမြန်းနေသည်ကို မြင်လိုက်ရသဖြင့် ဘာမှမပြောဘဲ ခေါင်းညိတ်ပြလိုက်သည်။ ရှဲ့ကျိကျော့က လူများကို လီရှို့ချန်အား ခေါ်သွားရန် အမိန့်ပေးလိုက်သည့်အခါ လီရှို့ချန်က အော်ဟစ်ဆူညံနေဆဲပင်။
“မလုပ်ဘူး။ ကျွန်တော် ယွီရှောင်တောင်ထိပ်ကို သွားချင်တာ၊ ယွီရှောင်တောင်ထိပ်ကို သွားမှာ။ ကျွန်တော် ရှစ်ဖူ ရွှမ်လင်ကျိကို တွေ့ချင်တယ်၊ ရှစ်ဖူ ရွှမ်လင်ကျိကို တွေ့ချင်တယ်!”
ကောင်းကင်ယံက ကြည်လင်နေ၏။ စင်မြင့်၏ တစ်ဖက်ခြမ်းတွင် ရှိနေကြသော ထိုက်ဟွာတောင်မှ အပြင်စည်းတပည့်များ အားလုံးနီးပါး တိတ်ဆိတ်နေကြသည်။ ထိုက်ဟွာတောင်၏ တည်ငြိမ်ပြီး အေးချမ်းလှသော တပည့်ကြီးမှာမူ တည်ငြိမ်သော မျက်နှာထားဖြင့် ရပ်နေရင်း အတင်းအဓမ္မ ခေါ်ထုတ်သွားခြင်း ခံနေရသည့် ရှစ်တိလေး၏ အော်ဟစ်သံကို ကြည့်နေသည်။
‘ဘယ်သူကမှ ဒီလိုဖြစ်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။’
သို့သော် သူသည် မိုးကုပ်စက်ဝိုင်းတွင် တိမ်တိုက်များ လွင့်မျောလာသည်ကို မြင်လိုက်ရပြီး ရွှေရောင်ဓားအလင်းတန်းတစ်ခုက ကောင်းကင်ယံကို ဖြတ်သန်းကာ ရောက်ရှိလာခဲ့သည်။
ထိုကြီးကျယ်ခမ်းနားသော ဓားအလင်းတန်းက ထိုက်ဟွာတောင်တစ်ခုလုံးကို လွှမ်းမိုးသွားသည်။ လေထုက ရပ်တန့်သွားသကဲ့သို့ ရှိပြီး ရေစီးသံများပင် ပျောက်ကွယ်သွားသည်။ ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံထားသော ထိုရွှေရောင်ဓားအလင်းတန်းကြောင့် လူတိုင်း၏ ဓားများက သစ္စာစောင့်သိမှုကို ပြသသကဲ့သို့ တုန်ခါနေကြတော့သည်။ တပည့်များမှာ ကြောက်လန့်တုန်လှုပ်သွားကြပြီး ဒူးထောက်ကျမတတ်ပင် ဖြစ်သွားသည်။
ရှေးဟောင်းကမ္ဘာမှ လာသကဲ့သို့ နက်ရှိုင်းပြီး ရှည်လျားသော အသံတစ်ခုသည် အဝေးတစ်နေရာမှ ပဲ့တင်ထပ်ကာ ထွက်ပေါ်လာ၏။ သက်ပြင်းသံ ခပ်ဖျော့ဖျော့နှင့်အတူ ထိုအသံက ကောင်းကင်ယံမှ နူးညံ့စွာ ထွက်ပေါ်လာသည်။
“ကျန့်ချင်း။”
**
Aurora Novel Translation Team