အခန်း - (၇.၂)
ညနေစောင်းတွင် အဖွဲ့သားအားလုံး တောင်ကုန်းမြက်ခင်းပြင်ပေါ်တွင် ထိုင်၍ အနားယူကြသည်။ သူတို့သည် မီးပုံ နှစ်ပုံ ခွဲကာ ထိုင်ကြရာ လော့ကျန့်ချင်းတို့အဖွဲ့က တစ်ပုံနှင့် ကျန်တပည့်များက တစ်ပုံ ဖြစ်သည်။ အကြီးအကဲ ချောင်ဟိုင်နင်းသည် လော့ကျန့်ချင်းကဲ့သို့ပင် ရွှေရောင်အမြုတေအဆင့်မှ ကျင့်ကြံသူဖြစ်သော်လည်း ထိုက်ဟွာခုနစ်ဖော်၏ အဖွဲ့ခေါင်းဆောင်ဖြစ်သော ဤလူငယ်သည် အခြေခံတည်ဆောက်ခြင်းအဆင့်တွင် ရှိစဉ်ကပင် ရွှေရောင်အမြုတေအဆင့်မှ မိစ္ဆာကျင့်ကြံသူတစ်ဦးကို သတ်ဖြတ်ခဲ့ဖူးကြောင်း သိထားသည်။ သူ၏အစွမ်းသည် မိမိထက် များစွာ သာလွန်ကြောင်း သူနားလည်၏။
အကြီးအကဲချောင်က လော့ကျန့်ချင်းကို အဝေးမှ ကြည့်ကာ သက်ပြင်းချလိုက်သည်။
“တာအိုရောင်းရင်းလော့က တကယ်ကို ကြိုးစားတာပဲ။ လမ်းခရီးတစ်လျှောက်လုံး ကျင့်စဉ်ကိုပဲ အမြဲလေ့ကျင့်နေတယ်။”
အခြေခံတည်ဆောက်ခြင်းအဆင့်မှ တပည့်တစ်ဦးက ရယ်မောကာ ပြောလိုက်သည်။
“အကြီးအကဲချောင် မသိလို့ပါ။ တာ့ရှစ်ရှုန်းကို ရှစ်ရှူးက ထိုက်ဟွာတောင်ဆီ ခေါ်လာတုန်းက ကလေးလေးပဲ ရှိသေးတာ။ အဲ့ဒီအချိန်တုန်းက အာ့ရှစ်ရှုန်းက အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်နေပြီ။ တာ့ရှစ်ရှုန်းထက်တောင် မျိုးဆက်တစ်ဆက် ပိုကြီးသေးတယ်။ ဒါပေမဲ့ အခုကြည့်ပါဦး...တာ့ရှစ်ရှုန်းက ရွှေရရောင်အမြုတေ အလယ်အဆင့်ကို ရောက်နေပြီ။ အာ့ရှစ်ရှုန်းကတော့ အစောပိုင်းအဆင့်ပဲ ရှိသေးတယ်။”
အကြီးအကဲချောင်က အံ့အားသင့်သွားပြီး မေးလိုက်သည်။
“တာအိုရောင်းရင်းလော့က အဲ့ဒီလောက်တောင် အစွမ်းထက်တာလား။”
အခြားသော အခြေခံတည်ဆောက်ခြင်းအဆင့် တပည့်တစ်ဦးက ရှင်းပြသည်။
“ရှစ်ရှူးက တာ့ရှစ်ရှုန်းအပေါ် အရမ်း တင်းကျပ်တယ်လို့ ပြောရမှာပဲ။ တာ့ရှစ်ရှုန်းက ရှစ်ရှူးရဲ့ အခြေခံတည်ဆောက်ခြင်းအဆင့်ကိုရောက်တဲ့ စံချိန်ကို ချိုးနိုင်ခဲ့ပေမဲ့ ရှစ်ရှူးက တာ့ရှစ်ရှုန်းရဲ့ အခြေခံအုတ်မြစ်က မခိုင်မာသေးဘူးဆိုပြီး ဝမ်ရှို့တောင်တန်းမှာ မိစ္ဆာတွေနဲ့ သားရဲတွေကို သုံးနှစ်တိတိ သွားသတ်ခိုင်းခဲ့သေးတယ်။ အဲ့ဒီနောက်မှ အခြေခံတည်ဆောက်ခြင်းအဆင့်ကို တက်ခွင့်ပြုခဲ့တာ။”
သူက ခဏရပ်ကာ သက်ပြင်းချရင်း ဆက်ပြောသည်။
“အဲဒီ့အချိန်တုန်းက တာ့ရှစ်ရှုန်းက ဆယ်ကျော်သက်အရွယ်လေးပဲ ရှိသေးတာ...”
အကြီးအကဲချောင်က မျက်လုံးပြူးကာ ရေရွတ်လိုက်သည်။
“အရှင်ရွှမ်လင်ကျိက တကယ်ကို... တကယ်ကို အံ့ဩစရာ ကောင်းတာပဲ။”
အားလုံးက ဝိုင်းပြီး ရယ်မောကြလေသည်။
ကျင့်ကြံသူများဖြစ်သော်လည်း သူတို့သည် အတင်းအဖျင်း စကားများတွင် နစ်မျောနေကြဆဲပင်။
မကြာမီတွင် အတွေ့အကြုံရှိသော အခြေခံတည်ဆောက်ခြင်းအဆင့် တပည့်များက ထိုက်ဟွာတောင်မှ စိတ်ဝင်စားစရာကောင်းသော ဇာတ်လမ်းများနှင့် ကောလာဟလများကို စတင်ပြောပြကြသည်။ အကြီးအကဲချောင်သာမက ချီစုဆောင်းအဆင့်မှ တပည့်သစ်လေးများကလည်း စိတ်ဝင်တစား နားစွင့်နေကြသည်။
ထိုမှောင်မိုက်သော ညတွင် လီရှို့ချန်က တိတ်တဆိတ် ထလာပြီး လော့ကျန့်ချင်းရှိရာ မီးပုံအနားသို့ တိုးလာသည်ကို မည်သူမျှ သတိမထားမိကြပေ။
လော့ကျန့်ချင်းသည် သူ့ပတ်ပတ်လည်တွင် ရွှေရောင်အမြုတေအဆင့်အောက်ရှိ မည်သည့်ကျင့်ကြံသူမျှ အနားမကပ်နိုင်ရန် အစီအရင်တစ်ခု ပြုလုပ်ထားသော်လည်း အသံလုံအောင်မူ မလုပ်ထားပေ။ လီရှို့ချန်က လော့ကျန့်ချင်းကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်ကာ တိုးတိုးလေး မေးလိုက်၏။
“တီဗီ...”
လော့ကျန့်ချင်းကမူ မျက်လုံးများကို မှိတ်ထားဆဲဖြစ်ပြီး ကျင့်စဉ်ကိုသာ အာရုံစိုက်နေသည်။
လီရှို့ချန်က ထပ်မေးပြန်သည်။
“ကွန်ပျူတာ...ကွန်ထရိုး၊ အင်တာနက်...”
လော့ကျန့်ချင်းက တည်ငြိမ်နေဆဲပင်။ သူ၏ ချောမောလှပသော မျက်နှာက တောက်လောင်နေသော မီးရောင်အောက်တွင် ပို၍ပင် ရင်သပ်ရှုမောဖွယ် ကောင်းနေသည်။
လီရှို့ချန်က မလျှော့သော ဇွဲဖြင့် ထပ်မေးသည်။
“အစ်ကိုကြီး... ၂၀၀၈ အိုလံပစ်။ ကိုရီးယားကောင်လေးအဖွဲ့တွေ။ ဟောင်ကောင်ကျွန်းရဲ့ မင်းသားကြီးလေးယောက်...”
လီရှို့ချန်သည် သုံးမိနစ်ခန့် စကားများ ပြောနေသော်လည်း လော့ကျန့်ချင်းက အကြည့်ပင် မလွှဲခဲ့ပေ။ လီရှို့ချန်က ထပ်ပြောရန် ပြင်လိုက်ချိန်တွင် လော့ကျန့်ချင်းက ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး သူ့ကို အေးစက်သော အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။ လီရှို့ချန်၏ တစ်ကိုယ်လုံးက တုန်တက်သွားပြီး စကားပြောရန် ပြင်လိုက်သော်လည်း လော့ကျန့်ချင်းက အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်သည်အား မြင်လိုက်ရသည်။ လီရှို့ချန်သည် အော်ဟစ်သံနှင့်အတူ ဆယ်မီတာခန့် အဝေးသို့ လွင့်စင်သွားပြီး သစ်ပင်ကြီးတစ်ပင်ကို အုန်းခနဲ အသံနှင့်အတူ ဝင်တိုက်မိသွားလေသည်။
ဘေးမှ ခိုးနားထောင်နေကြသော လူများ တိတ်ဆိတ်သွားကြ၏။
လော့ကျန့်ချင်းက မတ်တပ်ရပ်ကာ အင်္ကျီပေါ်မှ ဖုန်များကို ခါလိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။
“ပါးစပ်ပိတ်ပြီး မင်းနေရာ မင်းပြန်တော့။”
လီရှို့ချန်က အံကြိတ်ကာ ထရပ်လိုက်သည်။ သူသည် လော့ကျန့်ချင်းကို အန္တရာယ်ရှိသော ဒေါသအကြည့်ဖြင့် ကြည့်ရင်း တိုးတိုးလေး ရေရွတ်နေသည်။
“မြစ်ရဲ့ အရှေ့ဘက် အနှစ်သုံးဆယ်၊ အနောက်ဘက် အနှစ်သုံးဆယ်၊ မင်း အခု ဂုဏ်ယူနေလိုက်ဦးပေါ့။ စောင့်ကြည့်နေလိုက်... အား!”
လီရှို့ချန်သည် နောက်သို့ သုံးလေးမီတာခန့် ထပ်မံလွင့်စင်သွားပြီး နှစ်ပေါင်းရာချီ သက်တမ်းရှိသော သစ်ပင်ကြီးနှင့် ထပ်တိုက်မိပြန်သည်ကို အခြားတပည့်များက ထိတ်လန့်တကြား ကြည့်နေကြသည်။ သူ့မျက်နှာပေါ်တွင် ထူးဆန်းသော ဖိနပ်ရာကြီးတစ်ခု ပေါ်နေပြီး နှာခေါင်းမှလည်း သွေးများ စီးကျနေသည်။ ယခုတစ်ကြိမ်တွင်မူ သူ သတိလစ်သွားခဲ့ပြီဖြစ်သည်။
မည်သူမျှ ဘာဖြစ်သွားသည်ကို နားမလည်လိုက်ကြပေ။ ရွှေရောင်အမြုတေအဆင့်ရှိသော အကြီးအကဲချောင် တစ်ဦးတည်းသာလျှင် နဖူးမှ ချွေးများကို သုတ်ရင်း တုန်တုန်ရင်ရင်ဖြင့် တွေးနေမိသည်။
‘ဒါ... ဒါက တကယ်ကို အံ့ဩစရာကောင်းတဲ့ အစွမ်းပဲ။ လှုပ်ရှားမှုက လျှပ်စီးလို မြန်လွန်းတယ်။ လော့ကျန့်ချင်းက လီရှို့ချန်ကို ဘယ်လိုကန်လိုက်တယ်ဆိုတာတောင် မမြင်လိုက်ရဘူး။’
လော့ကျန့်ချင်းကမူ သူ့နေရာသို့ ပြန်သွားကာ တရားဆက်ထိုင်နေလေပြီ။
ထိုက်ဟွာခုနစ်ဖော်၏ အဖွဲ့ခေါင်းဆောင်ဆိုသည့်အတိုင်း တကယ်ကို နာမည်နှင့်လိုက်အောင် အစွမ်းထက်လှပေသည်။
တစ်ရက်အကြာတွင် အဖွဲ့သားအားလုံးသည် အပျက်အစီးများရှိရာ နေရာသို့ ရောက်ရှိလာကြ၏။ လီရှို့ချန်သည် အဖွဲ့၏ နောက်ဆုံးမှ လိုက်လာပြီး သူ့မျက်နှာပေါ်မှ ဖိနပ်ရာကြီးကို မည်မျှပင် ဆေးကြောသော်လည်း ပျောက်မသွားပေ။ သူသည် ခေါင်းငုံ့ကာ မကျေမနပ် ဖြစ်နေသော စိတ်ဖြင့် လျှောက်လှမ်းနေသည်။
ခဏအကြာတွင် ရွှေရောင်အမြုတေ အလယ်အဆင့်ရှိသော ကျင့်ကြံသူတစ်ဦး ပေါ်လာသည်။ သူသည် အကြီးအကဲချောင်ကို အရင်ဆုံး ခေါင်းညိတ်ပြလိုက်ပြီးနောက် လူအုပ်အလယ်တွင် ရပ်နေသော အစိမ်းရောင်ဝတ်စုံနှင့် ခံ့ညားသော ကျင့်ကြံသူကို ကြည့်ကာ နှုတ်ဆက်လိုက်သည်။
“တာအိုရောင်းရင်းလော့... ကျွန်တော်က ရီထျန်းဂိုဏ်းရဲ့ ဒုတိယအကြီးအကဲ ကျောက်ယွီဖုန်းပါ။ ကျွန်တော်က ချီစုဆောင်းခြင်းအဆင့် တပည့် ၃၀ နဲ့ အခြေခံတည်ဆောက်ခြင်းအဆင့် တပည့် ၁၂ ဦးကို ဦးဆောင်ပြီး တာအိုရောင်းရင်းတို့ ရောက်လာမှာကို စောင့်နေတာပါ။”
***
Aurora Novel Translation Team