အခန်း - (၈.၁)
ရီထျန်းဂိုဏ်း၏ ဒုတိယအကြီးအကဲသည် ချီစုဆောင်းခြင်းအဆင့် တပည့် ၃၀ နှင့် အခြေခံတည်ဆောက်ခြင်းအဆင့် တပည့် ၁၂ ဦးကို ခေါ်ဆောင်လာခဲ့သည်။ အရေအတွက်အားဖြင့် ထိုက်ဟွာတောင်ထက် သာလွန်နေသော်လည်း အကယ်၍ တကယ်တမ်း တိုက်ခိုက်ကြမည်ဆိုလျှင် ရီထျန်းဂိုဏ်းမှ အခြေခံတည်ဆောက်ခြင်းအဆင့် တပည့်ဆယ့်နှစ်ဦးသည် ထိုက်ဟွာတောင်မှ အခြေခံတည်ဆောက်ခြင်းအဆင့် တပည့်လေးဦးကို အနိုင်ရရန် ခဲယဉ်းလှသည်။
ထိုက်ဟွာတောင်မှ အခြေခံတည်ဆောက်ခြင်းအဆင့် တပည့်လေးဦးစလုံးက အသက် ၅၀ အောက်သာ ရှိကြပြီး အငယ်ဆုံးမှာ အသက် ၃၀ ပင် မပြည့်သေးပေ။ တစ်ဖက်တွင်မူ ရီထျန်းဂိုဏ်း၏ အငယ်ဆုံး အခြေခံတည်ဆောက်ခြင်းအဆင့် တပည့်က အသက် ၆၀ ကျော်နေပြီ ဖြစ်သည့်အပြင် အများစုက ဆေးလုံးများကို အလွန်အကျွံသုံးစွဲကာ အဆင့်တက်ထားကြသူများဖြစ်၍ သူတို့၏ အခြေခံက ခိုင်မာမှုမရှိကြပေ။
ရီထျန်းဂိုဏ်းမှ အခြေခံတည်ဆောက်ခြင်းအဆင့် တပည့် ၁၂ ဦးအနက် တစ်ဦးသာ အလယ်အလတ်အဆင့်တွင်ရှိပြီး ကျန်သူများက အခြေခံတည်ဆောက်ခြင်းအဆင့် ကနဦးပိုင်းမှသာ ဖြစ်ကြသည်။ ထိုက်ဟွာတောင်ဘက်တွင်မူ အခြေခံတည်ဆောက်ခြင်းအဆင့် ကနဦးပိုင်းနှင့် အလယ်အလတ်အဆင့်မှ တစ်ဦးစီသာပါဝင်ပြီး ကျန်နှစ်ဦးသည် နှောင်းပိုင်းအဆင့်သို့ ရောက်ရှိနေကြပြီ ဖြစ်၏။
ထိပ်တန်းဂိုဏ်းကြီးများ၏ အင်အားသည် သာမန်ဂိုဏ်းငယ်လေးများ စိတ်ကူးကြည့်၍ မရနိုင်လောက်အောင်ပင် ကွာခြားလှသည်။ ထို့ကြောင့် အကြီးအကဲလျိုက ခေါင်းဆောင်လာသူသည် လော့ကျန့်ချင်းဖြစ်ကြောင်း သိလိုက်ရသောအခါ ဂိုဏ်းသို့ ချက်ချင်းအစီရင်ခံခဲ့ပြီး ရီထျန်းဂိုဏ်းမှ ရွှေရရောင်အမြုတေအဆင့်ရှိသော ချောင်ဟိုင်နင်းကို လော့ကျန့်ချင်းအား ကိုယ်တိုင်ကိုယ်ကျ လာရောက်ကြိုဆိုရန် စေလွှတ်ခဲ့ခြင်း ဖြစ်သည်။
ယခုအခါ နှစ်ဖက်စလုံး လူစုံပြီဖြစ်ရာ ပထမဆုံး လုပ်ဆောင်ရမည့်အလုပ် အဖွဲ့များကို ပေါင်းစည်းပြီး ရှေးဟောင်းအပျက်အစီးများရှိရာသို့ ဝင်ရောက်ရန် ပြင်ဆင်ခြင်းပင် ဖြစ်သည်။
ရီထျန်းဂိုဏ်းမှ တပည့်များက လော့ကျန့်ချင်းတို့အဖွဲ့ကို မြင်သောအခါ မျက်လုံးအဝိုင်းသားဖြင့် စူးစမ်းကြည့်ရှုကြတော့သည်။ မိန်းကလေးငယ်အများစုမှာ လော့ကျန့်ချင်းထံမှ အကြည့်များ မလွှဲနိုင်ကြပေ။ ကြည်လင်သော ကောင်းကင်အောက်တွင် မတ်မတ်ရပ်နေသော လော့ကျန့်ချင်းက စိမ်းပြာရောင်ဝတ်ရုံကို ဆင်မြန်းထားပြီး မျက်ခုံးနှစ်ခုကြားတွင် သေးငယ်သော မှဲ့နီလေးတစ်ခု ရှိနေကာ အလွန်တရာ ကျော့ရှင်းပြီး ထူးခြားသော အရှိန်အဝါကို ပေးစွမ်းနေသည်။
“အဲ့ဒါက ထိုက်ဟွာတောင်က ရှစ်ရှုန်းထင်တယ်နော်။ သူလည်း အခြေခံတည်ဆောက်ခြင်းအဆင့်ပဲ ဖြစ်မှာပါ။”
“ငါ့အထင်တော့ သူက အခြေခံတည်ဆောက်ခြင်းအဆင့် နှောင်းပိုင်းလောက်ဖြစ်မှာ။ သူက ထိုက်ဟွာတောင်ကလေ။”
“ဟုတ်တယ်၊ အခြေခံတည်ဆောက်ခြင်းအဆင့် နှောင်းပိုင်းပဲ ဖြစ်ရမယ်။ သူက တကယ်ကို အစွမ်းထက်တာပဲ။”
သူ(မ)တို့က တိုးတိုးလေး ပြောနေကြခြင်း ဖြစ်သော်လည်း လော့ကျန့်ချင်းတို့အဖွဲ့က မကြားဘဲမနေပေ။ ထိုမိန်းကလေးများ၏ အကြည့်များနှင့် တီးတိုးပြောနေကြသည်ကို မြင်သောအခါ ထိုက်ဟွာတောင်မှ အခြေခံတည်ဆောက်ခြင်းအဆင့် တပည့်လေးဦးက တစ်ဦးကိုတစ်ဦး ကြည့်ကာ သိတတ်စွာဖြင့် ပြုံးလိုက်ကြသည်။
နှစ်ဖက်စလုံး အဆင်သင့်ဖြစ်သောအခါ ရီထျန်းဂိုဏ်းမှ အကြီးအကဲကျောက်က သူတို့ကို ဦးဆောင်ကာ တောင်တန်းများအတွင်းသို့ ခေါ်ဆောင်သွားခဲ့သည်။ အကွေ့အကောက် များလှသော တောင်တန်းကြီးမှာ ပင်လယ်ထဲသို့ စီးဝင်သွားသည့် ချောင်းငယ်လေးများနှယ် တည်ရှိနေပြီး သူတို့အားလုံးက မြင့်မားသော တောင်ထိပ်တစ်ခုဆီသို့ ဦးတည်နေသည်။ လော့ကျန့်ချင်းသည် သူ၏ ပျံသန်းနိုင်သော ရတနာလှေပေါ်မှနေ၍ တပည့်အားလုံးကို လှေပေါ်တွင် စုဝေးစေပြီး အောက်ဘက်ရှိ ကြမ်းတမ်းလှသော တောင်တန်းကြီးကို ငုံ့မိုးကြည့်ရှုလိုက်သည်။
ရတနာလှေပေါ်တွင် အကြီးအကဲကျောက်က ရုတ်တရက် လေထဲသို့ ပျံတက်သွားပြီး လုံးဝန်းချောမွေ့သော ကျောက်စိမ်းဖြူ ပုတီးစေ့တစ်လုံးကို ထုတ်လိုက်သည်။ ထိုက်ဟွာတောင်မှ တပည့်များက စူးစမ်းစွာ ကြည့်နေကြသော်လည်း လော့ကျန့်ချင်းကမူ အသာအယာ ဝေ့ကြည့်ပြီးနောက် အကြည့်လွှဲလိုက်သည်။
အကြီးအကဲကျောက်သည် ထိုပုတီးစေ့ကို လေထဲသို့ မြှောက်တင်ကာ လက်ချောင်းများဖြင့် ပုံရိပ်ယောင်တစ်ခု ဖန်တီးလိုက်သည်။ ပုတီးစေ့မှ တောက်ပသောအလင်းများ ထွက်ပေါ်လာပြီး တိမ်တိုက်များကို ထိုးဖောက်ကာ တောင်ထိပ်ပေါ်သို့ တည့်တည့်ကျရောက်သွားသည်။ ခေတ္တအကြာတွင် မြေကမ္ဘာတစ်ခုလုံး တုန်ဟီးသွားသော အသံကြီးနှင့်အတူ အဖြူရောင် အလင်းကန့်လန့်ကာကြီးတစ်ခု လူတိုင်း၏မျက်စိရှေ့တွင် ပေါ်လာတော့သည်။
အကြီးအကဲကျောက်က လက်ဟန်ပြကာ ပြောလိုက်၏။
“တာအိုရောင်းရင်းလော့... ရှေ့မှာရှိနေတာက ကျွန်တော်တို့ ရှာဖွေတွေ့ရှိထားတဲ့ ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူရဲ့ အကြွင်းအကျန် အပျက်အစီးတွေပါပဲ။ ကျွန်တော် ဆက်ပြီး လမ်းပြပေးပါ့မယ်။ ကျွန်တော့်နောက်က လိုက်ခဲ့ပါ။”
လော့ကျန့်ချင်းက ခေါင်းညိတ်ပြလိုက်သည်။
“ကျေးဇူးပြုပြီး လမ်းပြပေးပါဦး။”
မကြာမီတွင် ရတနာလှေကြီးသည် အလင်းကန့်လန့်ကာကို ဖြတ်ကျော်ကာ အတွင်းသို့ ဝင်ရောက်သွားသည်။ လောကကြီးတစ်ခုလုံး ပြောင်းလဲသွားသကဲ့သို့ လူတိုင်း ခံစားလိုက်ရပြီး လော့ကျန့်ချင်းသည် ရတနာလှေကို သိုလှောင်လက်စွပ်ထဲ ပြန်သိမ်းလိုက်ကာ ထိုထူးဆန်းသော နေရာကို မော့ကြည့်လိုက်သည်။
လူတိုင်း၏ရှေ့တွင် ၃၃ ကျန်း (ပေ ၃၀၀ ကျော်) မြင့်သော သံနက်တံခါးကြီးတစ်ချပ် ရှိနေပြီး ကြီးမားသော ဖိအားများကို ထုတ်လွှတ်နေသည်။ တံခါးဟု ခေါ်သော်လည်း တံခါးချပ်များ မရှိဘဲ ဟင်းလင်းပွင့်နေကာ မည်သူမဆို ဝင်ရောက်နိုင်ရန် ခွင့်ပြုထားသည်။ တပည့်များက ထိုတံခါးကြီးရှေ့တွင် ရပ်နေကြသည်ကပင် သမုဒ္ဒရာထဲမှ ရေတစ်စက်ကဲ့သို့ သေးငယ်လွန်းလှသည်။
ရုတ်တရက် ထိုကဲ့သို့ တံခါးကြီးကို တွေ့လိုက်ရသဖြင့် တပည့်များမှာ စူးစမ်းစွာဖြင့် ဝေခွဲမရဖြစ်နေကြသည်။
အကြီးအကဲကျောက်က အသံကျယ်ကျယ်ဖြင့် ရှင်းပြလိုက်၏။
“ပေသို့အရှင်သခင်က မြောက်ပိုင်းကြယ်ခုနစ်ပွင့် အစီအရင်ကို အကျွမ်းကျင်ဆုံးပဲ။ ဒီတံခါးက ဒီနယ်မြေရဲ့ ပထမဆုံး စမ်းသပ်ချက်ဖြစ်ပြီး ‘တုန်ခါသောအလင်းကြယ်’ လို့ ခေါ်တယ်။ တံခါးဘေးမှာ ရေးထားတဲ့ စာလုံးလေးတွေက ဝင်ရောက်ဖို့ လိုအပ်ချက်တွေကို ဖော်ပြထားတယ်။ ဒီတံခါးကို ဖြတ်မဲ့သူဟာ အသက်တစ်ရာထက် မကျော်ရသလို ကျင့်ကြံမှုအဆင့်ကလည်း ဝိညာဉ်သန္ဓေသားအဆင့်အောက်ပဲ ရှိရမယ်။ အရင်က ကျွန်တော်တို့ ရီထျန်းဂိုဏ်းက သတ်မှတ်ချက်နဲ့ မကိုက်ညီတဲ့ ကျင့်ကြံသူတွေကို ထည့်ကြည့်ခဲ့ဖူးပေမဲ့ အားလုံးက တံခါးရဲ့ ကန်ထုတ်မှုကို ခံရပြီး ပြင်းထန်တဲ့ ဒဏ်ရာတွေ ရခဲ့ကြတယ်။”
အကြီးအကဲကျောက် ပြောပြီးသည်နှင့် လော့ကျန့်ချင်းက ထိုက်ဟွာတောင်မှ တပည့်သစ်တစ်ဦးကို လှမ်းကြည့်လိုက်၏။ သူက တောင်ထိပ်ပေါင်းစုံ စာမေးပွဲတွင် ပထမရခဲ့သူဖြစ်ရာ နားလည်စွာဖြင့် ခေါင်းညိတ်ပြီး တံခါးထဲသို့ လှမ်းဝင်လိုက်သည်။ သူသည် မည်သည့်အတားအဆီးမှမရှိဘဲ အထဲသို့ ရောက်သွားပြီးမှ ပြန်လှည့်ပြောသည်။
“တာ့ရှစ်ရှုန်း... ဘာမှ ပြဿနာမရှိပါဘူး။”
“တာ့ရှစ်ရှုန်း” ဟူသော ခေါ်သံကို ကြားလိုက်ရသည်နှင့် ရီထျန်းဂိုဏ်းမှ တပည့်များ လျှပ်စီးအပစ်ခံလိုက်ရသလို ကြောင်အမ်းသွားကြသည်။
“တာ့ရှစ်...တာ့ရှစ်ရှုန်း... ထိုက်ဟွာတောင်ရဲ့ တာ့ရှစ်ရှုန်း ဟုတ်လား။”
လူအုပ်ကြီးက ရှေ့ဆုံးတွင် တည်ငြိမ်စွာ ရပ်နေသော ထိုလူငယ်ကို မယုံနိုင်သော မျက်လုံးများဖြင့် ကြည့်နေကြတော့သည်။ လော့ကျန့်ချင်းကမူ ဘာမှမသိသလိုပင် ထိုက်ဟွာတောင်မှ တပည့်များကို အရင်ဝင်ခိုင်းလိုက်၏။ သူတစ်ယောက်တည်း ကျန်တော့မှ ပြောလိုက်သည်။
“အကြီးအကဲကျောက်... ကြွပါ။”
ကျောက်ယွီဖုန်းမှာ အစပိုင်းတွင် ဤနယ်မြေသည် ရီထျန်းဂိုဏ်းက ရှာတွေ့သည့် နေရာဖြစ်သော်လည်း ထိုက်ဟွာတောင်မှ တပည့်များကို အရင်ဝင်ခွင့်ပေးလိုက်ရသဖြင့် ရင်နာနေခဲ့သည်။ ယခု လော့ကျန့်ချင်းက ဦးဆောင်မဝင်ဘဲ မိမိတို့ကို ဦးစားပေးသဖြင့် သူက ကျေးဇူးတင်စွာဖြင့် ဂါရဝပြုကာ မိမိ၏ တပည့်များကို အရင်ဝင်ခိုင်းလိုက်သည်။
ရီထျန်းဂိုဏ်းမှ နောက်ဆုံးတပည့် ဝင်သွားပြီးနောက်တွင်မူ တံခါးအပြင်ဘက်တွင် အကြီးအကဲအချို့နှင့် လော့ကျန့်ချင်းသာ ကျန်ရစ်တော့သည်။
လော့ကျန့်ချင်းသည် ရီထျန်းဂိုဏ်းမှ အကြီးအကဲများကို အေးဆေးစွာ ကြည့်လိုက်ပြီးနောက် ခြေဖျားလေးဖြင့် မြေကြီးကို တို့ကာ စိမ်းဖန့်ဖန့် အလင်းတန်းတစ်ခုအသွင်ဖြင့် တံခါးထဲသို့ လျင်မြန်စွာ ဝင်ရောက်သွားခဲ့သည်။
ထိုအချိန်မှစ၍ တံခါးအတွင်းဘက်ရှိ ကိစ္စများသည် ပြင်ပလူများနှင့် မသက်ဆိုင်တော့ဘဲ ရီထျန်းဂိုဏ်း၏ လမ်းပြတာဝန်လည်း ပြီးဆုံးသွားပြီ ဖြစ်သည်။
ပေသို့အရှင်သခင်၏ အမွေအနှစ်နယ်မြေထဲ ရောက်သောအခါ ရီထျန်းဂိုဏ်းမှ အသက်အကြီးဆုံး အခြေခံတည်ဆောက်ခြင်းအဆင့် တပည့်သည် လော့ကျန့်ချင်းထံသို့ ကြောက်ကြောက်လန့်လန့်ဖြင့် လာရောက်တိုင်ပင်လေသည်။ လော့ကျန့်ချင်းက ညင်သာစွာ ပြန်ပြောလိုက်၏။
“ထိုက်ဟွာတောင်က တပည့်တွေနဲ့အတူ လိုက်ခဲ့လို့ရပါတယ်၊ စိတ်မပူပါနဲ့။”
ထိုလူမှာ ထိုအခါမှသာ သက်ပြင်းချနိုင်တော့သည်။
သံမဏိတံခါးမကြီး၏ အတွင်းဘက်တွင် အလင်းမရှိသော တိတ်ဆိတ်သည့် လမ်းကလေးတစ်ခု ရှိနေသည်။ ထိုက်ဟွာတောင်မှ တပည့်များသည် သူတို့၏ အင်္ကျီလက်ထဲမှ လကျောက်များကို ထုတ်လိုက်ကြရာ မှိန်ပျပျ အလင်းရောင်ကလေးများက လမ်းကို လင်းထိန်သွားစေသည်။ နေရောင်ခြည်ကဲ့သို့ မတောက်ပသော်လည်း လမ်းကို မြင်ရရန်အတွက်မူ လုံလောက်သည်။
သူတို့ နာရီဝက်ခန့် လမ်းလျှောက်လာပြီးနောက် လမ်းက တဖြည်းဖြည်း ကျယ်လာသည်။ မကြာလိုက်ဘဲ ရေစီးသံကြီးကို ကြားလိုက်ရပြီး လမ်းအဆုံးသို့ ရောက်သောအခါ လော့ကျန့်ချင်းပင်လျှင် အံ့အားသင့်သွားရသည်။
“တကယ့် မြစ်ကြီးပါလား။”
“မြစ်၊ ဒါက မြစ်ကြီးပဲ...ချောင်းမဟုတ်ဘူး။”
နုန်းမြေများကြောင့် နောက်ကျိနေသော မြစ်ရေပြင်ကြီးသည် တောင်နံရံများကြားတွင် အရှိန်အဟုန်ဖြင့် စီးဆင်းနေသည်။ မြစ်ရေမှာ အဝါရင့်ရောင်ရှိပြီး လှိုင်းလုံးကြီးများနှင့် အလွန်ပင် ကြမ်းတမ်းလှသည်။ လော့ကျန့်ချင်းပင်လျှင် ဤမြစ်သည် မည်မျှအထိ ကျယ်ဝန်းသည်ကို မမြင်နိုင်ဘဲ အနည်းဆုံး မိုင်တစ်ရာကျော် ကျယ်ဝန်းမည်တော့ သေချာသည်။
မိုင်တစ်ရာကျော် ကျယ်ဝန်းသော နေရာကို ဖန်တီးထားခြင်းမှာ သာမန်ကိစ္စမဟုတ်ပေ။
ဤကဲ့သို့ နယ်မြေတစ်ခုကို ဖန်တီးရန်မှာ ကိုယ်ခန္ဓာစုစည်းခြင်းအဆင့်ရှိသော ပညာရှင်ကြီးများသာ လုပ်နိုင်သည့်အရာ ဖြစ်သည်။ ထို့ကြောင့် ဤအရာသည် ပေသို့အရှင်သခင်၏ လက်ရာ မဖြစ်နိုင်ပေ။ သူသည် ဤကဲ့သို့ အံ့ဖွယ်နယ်မြေကို ဖန်တီးရန်အတွက် တစ်စုံတစ်ရာသော ရတနာကို ရရှိထားခဲ့ခြင်း ဖြစ်ရမည်။
လော့ကျန့်ချင်း စေ့စေ့ကြည့်လိုက်သောအခါ မြစ်လယ်တွင် စိုက်ထူထားသော ကျောက်ပြားကြီးတစ်ခုကို တွေ့လိုက်ရသည်။
ထိုကျောက်ပြားက ကမ်းခြေမှ အနည်းဆုံး တစ်မိုင်ခန့် ဝေးကွာနေသဖြင့် အခြေခံတည်ဆောက်ခြင်းအဆင့်နှင့် အထက်ရှိသူများသာ ထိုပေါ်ရှိ စာလုံးများကို မြင်နိုင်မည် ဖြစ်သည်။
ထိုက်ဟွာတောင်မှ တပည့်တစ်ဦးက အသံကျယ်ကျယ်ဖြင့် ဖတ်ပြ၏။
“ကျယ်ပြောလှတဲ့ ဒီမြစ်ကြီးအတွက် လှေအဖြစ် ဘာကိုသုံးမှာလဲ။”
မကြာမီ ချီစုဆောင်းခြင်းအဆင့် တပည့်တစ်ဦးက အော်ပြောသည်။
“ဒီ လှေတွေရှိတယ်၊ လှေတွေ အများကြီးပဲ။”
အခြေခံတည်ဆောက်ခြင်းအဆင့်မှ တပည့်က ဆက်လက်ဖတ်ပြသည်။
“အဆင့် (၇) လှေက လူတစ်ယောက်ကို တင်ဆောင်နိုင်ပြီး တစ်မိုင် ဖြတ်ကူးနိုင်တယ်။ အဆင့် (၆) လှေက လူနှစ်ယောက်ကို တင်ဆောင်နိုင်ပြီး နှစ်မိုင် ဖြတ်ကူးနိုင်တယ်။ အဆင့် (၅) လှေက လူလေးယောက်ကို တင်ဆောင်နိုင်ပြီး လေးမိုင် ဖြတ်ကူးနိုင်တယ်။ အဆင့် (၄) လှေက လူရှစ်ယောက်ကို တင်ဆောင်နိုင်ပြီး ရှစ်မိုင် ဖြတ်ကူးနိုင်တယ်။ အဆင့် (၃) လှေက လူ ၁၆ ယောက်ကို တင်ဆောင်နိုင်ပြီး ၁၆ မိုင် ဖြတ်ကူးနိုင်တယ်။ အဆင့် (၂) လှေက လူ ၃၂ ယောက်ကို တင်ဆောင်နိုင်ပြီး ၃၂ မိုင် ဖြတ်ကူးနိုင်တယ်။ အဆင့် (၁) လှေက လူ ၆၄ ယောက်ကို တင်ဆောင်နိုင်ပြီး ၆၄ မိုင် ဖြတ်ကူးနိုင်တယ်။ အထူးအဆင့် လှေကတော့ လူ ၁၂၈ ယောက်ကို တင်ဆောင်နိုင်ပြီး ၁၂၈ မိုင်အထိ ဖြတ်ကူးနိုင်မယ်။”
စာဖတ်ပြီးသည်နှင့် လော့ကျန့်ချင်းနှင့် လီရှို့ချန်တို့မှလွဲ၍ တပည့်အားလုံး တိတ်ဆိတ်သွားကြသည်။ လော့ကျန့်ချင်းက မျက်မှောင်ကြုတ်နေပြီး လီရှို့ချန်ကမူ ခပ်နောက်နောက် ပြုံးနေသည်။
ကျောက်ပြားပေါ်ရှိ စာသားများက အလွန်ပင် ရိုးရှင်းလှ၏။ ကမ္ဘာပေါ်ရှိ ကျင့်ကြံသူအားလုံးကို ပါရမီအလိုက် ကိုးမျိုး ခွဲခြားထားသည်။ ပထမ လီရှို့ချန်ကဲ့သို့ ပါရမီ လုံးဝမရှိသူများ ဖြစ်သည်။ ဒုတိယ အဆင့် (၄) မှ (၇) အထိရှိသော အနိမ့်စားပါရမီရှင်များ၊ တတိယ အဆင့် (၂) နှင့် (၃) ရှိသော အလယ်အလတ်ပါရမီရှင်များ၊ စတုတ္ထ အဆင့် (၁) ရှိသော ထူးချွန်ပါရမီရှင်များ ဖြစ်ကြသည်။ နောက်ဆုံးတစ်ခုမူ ကျင့်ကြံသူ သန်းပေါင်းများစွာထဲတွင်မှ တစ်ယောက်သာရှိတတ်သည့် ‘အထူးအဆင့်’ ပါရမီရှင်များပင် ဖြစ်သည်။
အထူးအဆင့်ပါရမီသည် အလွန်ပင် ရှားပါးလှပြီး သဘာဝတရားကို ဆန့်ကျင်နေသောအရာ ဖြစ်သည်။
လူဦးရေ သန်းတစ်ထောင်တွင် တစ်ယောက်သာ ကျင့်ကြံသူဖြစ်နိုင်ပြီး ကျင့်ကြံသူ သန်းတစ်ဆယ်တွင်မှ တစ်ယောက်သာ အထူးအဆင့်ပါရမီ ရှိနိုင်သည်။
ထိုက်ဟွာတောင်တွင်ပင် အထူးအဆင့်ပါရမီရှင် နှစ်ဦးသာ ရှိခဲ့ဖူးသည်။ တစ်ဦးမှာ ဝူယင်းဖြစ်ပြီး နောက်တစ်ဦးက လော့ကျန့်ချင်း ဖြစ်သည်။
လီရှို့ချန်သည် မြစ်ကမ်းနားတွင် ရပ်နေသော စိမ်းပြာရောင်ဝတ်စုံနှင့် တာ့ရှစ်ရှုန်းကို ကြည့်လိုက်သည်။ သူ့မျက်နှာပေါ်တွင် ဖိနပ်ရာကြီး ရှိနေသော်လည်း သူ့မျက်လုံးများကမူ တောက်ပနေသည်။
အတည်မပြုနိုင်သေးသော်လည်း လော့ကျန့်ချင်းသည်လည်း သူကဲ့သို့ပင် အခြားကမ္ဘာမှ ကူးပြောင်းလာသူဖြစ်မည်ဟု လီရှို့ချန် ယုံကြည်နေသည်။ သို့မဟုတ်လျှင် မူရင်းဇာတ်လမ်းအရ သူတို့အားလုံး ဤမြစ်ကို ဖြတ်ကျော်နိုင်မည် မဟုတ်ပေ။ မူရင်းတွင်မူ ရှစ်ကျဲမုန့်ထျန်းရှင်းက လူပေါင်း (၆၄) ယောက်ကို တင်ဆောင်သွားရမည်ဖြစ်ပြီး ကျန်သော အဆင့် (၁) ပါရမီရှင် နှစ်ဦးက တပည့် ၅ ယောက်စီကို တင်ဆောင်သွားရမည် ဖြစ်သည်။ အားလုံးက အစွမ်းကုန် ကြိုးစားကာ ရတနာများစွာကို သုံးပြီးမှ ဤမြစ်ကို ခက်ခက်ခဲခဲ ဖြတ်ကျော်နိုင်ကြမည် ဖြစ်သည်။
သို့သော် ယခုမူ အခြေအနေများ ပြောင်းလဲသွားပြီ ဖြစ်၏။
ရှစ်ကျဲမုန့်ထျန်းရှင်းက အကောင်းဆုံး အဆင့် (၁) ပါရမီရှင် ဖြစ်သော်လည်း အထူးအဆင့်တော့ မဟုတ်ပေ။
သို့သော် လော့ကျန့်ချင်းကမူ ‘ထူးကဲပါရမီရှင်’ ဖြစ်သည်။
အကယ်၍ ထိုသို့ဆိုလျှင် ဤပထမစမ်းသပ်ချက်ကို ဖြတ်ကျော်ရန် အလွန်လွယ်ကူသွားပြီ ဖြစ်၏။ လော့ကျန့်ချင်းသာ ဦးဆောင်ပါက သူတို့အယောက် (၇၀) လုံးကို သယ်သွားရန် အလွန်ပင် လွယ်ကူသော ကိစ္စဖြစ်သည်။
ဤသို့တွေးမိပြီး လီရှို့ချန်က ရယ်မောကာ အော်ပြောလိုက်သည်။
“မကြောက်ကြပါနဲ့၊ ငါတို့ ထိုက်ဟွာတောင်ရဲ့ တာ့ရှစ်ရှုန်းက အထူးအဆင့် ပါရမီရှင်ဆိုတာ လူတိုင်းသိတာပဲ။ ငါတို့ အယောက် (၇၀) လုံးကို တင်သွားဖို့ဆိုတာ သူ့အတွက် အပန်းမကြီးပါဘူး။”
***
Aurora Novel Translation Team