အခန်း - (၃.၁)
လူသစ် ၂၄ ယောက်သည် တစ်ယောက်ပြီးတစ်ယောက် ယှဉ်ပြိုင်ကြသော်လည်း မည်သူတစ်ဦးတစ်ယောက်မျှ ဝိညာဉ်စွမ်းအား အခြေခံပင် မရှိကြသေးပေ။ ထိုကဲ့သို့သော ပြိုင်ပွဲမျိုးသည် အလွန်ကို ပျင်းရိဖွယ်ကောင်းလှသဖြင့် တပည့်အများစုမှာ စိတ်ကုန်လက်ကုန်ဖြင့်သာ ကြည့်နေကြသည်။ အမှန်စင်စစ် လီရှို့ချန် အလှည့်ရောက်သည့်တိုင်အောင် လူအများစုက သူ့ကို လှည့်ပင်မကြည့်ကြချေ။
သို့သော် လော့ကျန့်ချင်း တစ်ယောက်သာလျှင် ထိုသာမန်ရုပ်ရည်ရှိသည့် လူငယ်လေးပေါ်သို့ အကြည့်မခွာဘဲ စူးစိုက်ကြည့်နေခဲ့သည်။
သူ၏ အတိတ်ဘဝတစ်လျှောက်လုံးတွင် လော့ကျန့်ချင်းအနေဖြင့် သာမန်ကိုယ်ခန္ဓာဖွဲ့စည်းပုံသာရှိသည့် လူငယ်တစ်ယောက်က မည်သို့သော စွမ်းအားမျိုးဖြင့် အဆင့်မြင့်စာမေးပွဲများတွင် ထူးချွန်သူများကို ဖိနှိပ်ကာ ဒုတိယဆု ရယူနိုင်ခဲ့သည်ကို လုံးဝနားမလည်နိုင်ခဲ့ပေ။ အခြားတပည့်သစ်များတွင် ဝိညာဉ်စွမ်းအား မရှိကြသော်လည်း ၎င်းတို့ထဲတွင် ငယ်စဉ်ကတည်းက သိုင်းပညာကို လေ့လာလိုက်စားခဲ့သည့် မျိုးနွယ်စုများမှ လာသူများစွာ ပါဝင်နေသဖြင့် သာမန်လူတစ်ယောက်ထက် စွမ်းအားများစွာ သာလွန်ကြသည်။
သို့သော်လည်း လီရှို့ချန်သည် ဆယ်ရက်အတွင်း ချီစွမ်းအား စုဆောင်းခြင်းအဆင့်သို့ ရောက်ရှိခဲ့သည့် တစ်ဦးတည်းသောသူဖြစ်သည်။
ပြည်နယ် ၃၆ ခုရှိ လူသားကျင့်ကြံသူများကို အဆင့်ကိုးဆင့် ခွဲခြားထားသည်။ ၎င်းတို့က ချီစွမ်းအားစုဆောင်းခြင်းအဆင့်၊ အခြေခံတည်ဆောက်ခြင်းအဆင့်၊ ရွှေရောင်အမြုတေအဆင့်၊ ဝိညာဉ်သန္ဓေသားအဆင့်၊ ရုပ်ခန္ဓာမှလွတ်မြောက်ခြင်းအဆင့်၊ ခန္ဓာကိုယ်ပေါင်းစည်းခြင်းအဆင့်၊ အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့်၊ မဟာယာနအဆင့်နှင့် နတ်ဘုရားအသွင်ပြောင်းလဲခြင်း တို့ပင်။ အဆင့်တိုင်းတွင် ကနဦး၊ အလယ်အလတ် နှင့် နှောင်းပိုင်းအဆင့်ဟူ၍ အဆင့်ခွဲများ ရှိသော်လည်း ချီစွမ်းအားစုဆောင်းခြင်းအဆင့်ကိုမူ အဆင့် ၁ မှ ၉ အထိ အပိုင်းကိုးပိုင်း ခွဲခြားထားသည်။
အတိတ်ဘဝတွင် (သေဆုံးသွားသော လျိုရှောင်ရှောင်မှလွဲ၍) တပည့် ၂၃ ယောက်ရှိသည့်အနက် အညံ့ဆုံးဟု ယူဆရသည့် လီရှို့ချန် တစ်ဦးတည်းသာ ချီစွမ်းအားစုဆောင်းခြင်းအဆင့်သို့ ရောက်ရှိသွားခြင်းမှာ အံ့သြစရာပင်။ လီရှို့ချန်သည် ဆင်းရဲနွမ်းပါးစွာ မွေးဖွားလာသူဖြစ်ရုံမက မိသားစုတွင် ကျင့်ကြံရန် ကောင်းမွန်သည့် ပတ်ဝန်းကျင်လည်း မရှိခဲ့ပေ။ ထိုသည်က ပုံပြင်တစ်ပုဒ်ကဲ့သို့ပင် ဖြစ်နေတော့သည်။
ယခုအခါ “နတ်ဘုရားဖြစ်ရန် လမ်းစဉ်ရှာဖွေခြင်း” ကို ဖတ်ပြီးမှသာ လော့ကျန့်ချင်း တစ်ယောက် မည်သည်ကြောင့်ဆိုသည်ကို နားလည်သွားတော့သည်။
မည်သို့ ပြောရမည်နည်း။ ထိုအရာက လီရှို့ချန်သည် ကောင်းကင်ဘုံ၏ မျက်နှာသာပေးမှုကို ခံရသည့် သားတော် ဖြစ်နေသောကြောင့်ပင်။
ခေါင်းမော့လိုက်လျှင် မှော်ဆေးနည်းကို တွေ့ရပြီး၊ ခေါင်းငုံ့လိုက်လျှင် ဝိညာဉ်သားရဲနှင့် တိုးတတ်ခြင်းက သူ့အတွက်တော့ အမှန်တရားတစ်ခုပင် ဖြစ်သည်။
လီရှို့ချန်နှင့် ကျန်ရှိသော တပည့်သစ်များကို ထိုက်ဟွာတောင်၏ အပြင်စည်းတပည့်များအဖြစ် ယာယီသတ်မှတ်ကာ ဆယ်ရက်ကြာ ကျင့်ကြံစေခဲ့သည်။ “နတ်ဘုရားဖြစ်ရန် လမ်းစဉ်ရှာဖွေခြင်း” ထဲတွင် ဖော်ပြထားသည်မှာ–
“လီရှို့ချန်သည် သူ၏ ချစ်လှစွာသော ငယ်သူငယ်ချင်း အသတ်ခံရမှုကြောင့် အားအင်ကြီးမားလာရန် ဆုံးဖြတ်ပြီး နေ့စဉ်ကြိုးစားကျင့်ကြံခဲ့သည်။ သို့သော် သူ၏ မွေးရာပါပါရမီက အလွန်နိမ့်ကျလွန်းသဖြင့် အခြားသူတစ်ရက်ကျင့်ကြံသည်က သူရှစ်ရက်ကျင့်ကြံသည်ထက်ပင် သာလွန်နေသည်။
ထို့ကြောင့် စာမေးပွဲများ မစတင်မီညတွင် သူသည် စိတ်အပန်းဖြေရန် တောင်နောက်ဘက်သို့ သွားခဲ့ရာမှ... ဆေးလုံးတစ်လုံးကို နင်းမိခဲ့လေတော့သည်။
၎င်းသည် ဝိညာဉ်စုဆောင်းခြင်း ဆေးလုံးပင် ဖြစ်သည်။”
၎င်းဆေးလုံးကို သာမန်အဆင့်အတန်းဟု ယူဆနိုင်ပြီး ဆေးပညာရှင်တစ်ယောက်က မတော်တဆ ချန်ထားမိခဲ့ခြင်းဖြစ်ကြောင်း လီရှို့ချန် မသိခဲ့ပေ။
ဝိညာဉ်စုဆောင်းခြင်းဆေးလုံးက သာမန်အဆင့် ၁ ဆေးလုံးမျှသာ ဖြစ်သည်။ ထိုဆေးလုံးပေါင်း ၁ သောင်းကို လော့ကျန့်ချင်းရှေ့တွင် ချထားလျှင်ပင် သူက လှည့်ကြည့်မည်မဟုတ်ပေ။ သို့သော် သူသည် တောက်ပနေသည့် ဇာတ်လိုက်အရှိန်အဝါကိုမူ မယှဉ်နိုင်ခဲ့ချေ။ ထိုဆေးလုံးက သာမန်မဟုတ်ဘဲ ကောင်းကင်အဆင့်ရှိ ဝိညာဉ်စုဆောင်းခြင်းဆေးလုံး ဖြစ်နေခဲ့သည်။ ၎င်းကို သောက်သုံးပြီးနောက် လီရှို့ချန်၏ သွေးကြောများက တစ်ညအတွင်း သန့်စင်ပြီး သန်မာသွားကာ ကျင့်ကြံခြင်း၏ ပထမအဆင့်သို့ တရားဝင် ရောက်ရှိသွားခဲ့သည်။
စာအုပ်ထဲက ထိုနေရာကို ဖတ်မိသည့်အခါ လော့ကျန့်ချင်းမှာ ဆွံ့အသွားခဲ့သည်။
“ကောင်းကင်အဆင့် ဝိညာဉ်စုဆောင်းခြင်း ဆေးလုံးတဲ့လား။”
ထိုက်ဟွာတောင်တစ်ခုလုံးတွင် ချင်းလန်တောင်ထိပ်သခင် ယွီချင်းကျိ တစ်ဦးသာ ထိုသို့သောအဆင့်ရှိ ဆေးလုံးများကို ဖော်စပ်နိုင်သည်။ သို့သော် ကောင်းကင်အဆင့် ဆေးလုံးကို ဖော်စပ်နိုင်သည့် ဆရာကြီးတစ်ယောက်က အဆင့် ၁ ဆေးလုံးကို အဘယ်ကြောင့် ဖော်စပ်နေမည်နည်း။ ထို့ပြင် ထိုအဘွားကြီးက အလုပ်အားနေ၍ အပြင်စည်းတပည့်များ လမ်းလျှောက်တတ်သည့် တောင်နောက်ဘက်သို့ သွားကာ ကောင်းကင်အဆင့် ဆေးလုံးကို မတော်တဆ ချပေးခဲ့မည်လား။
“ဒါက ဘယ်လိုတောင် ကျိုးကြောင်းဆီလျော်မှု မရှိတာမျိုးလဲ။ ဒါက ဘယ်လိုမှ ဖြစ်နိုင်တဲ့ကိစ္စ မဟုတ်ဘူး။”
ထို့ကြောင့် လွန်ခဲ့သည့် သုံးရက်က လော့ကျန့်ချင်းသည် ယွီရှောင်တောင်ထိပ်မှ ဘာမှမပြောဘဲ ထွက်လာခဲ့ကာ ပစ္စည်းများရှာဖွေရန် တောင်နောက်ဘက်သို့ ဦးတည်ခဲ့သည်။
လီရှို့ချန်မဟုတ်ဘဲ အခြားသူတစ်ဦးဦးသည်လည်း ထိုဆေးလုံးကို နင်းမိနိုင်သော်ငြား လော့ကျန့်ချင်းမှာမူ တစ်တောင်လုံးကို ပြောင်းပြန်လှန်ပြီး ရှာဖွေခဲ့ရသည်။
နောက်ဆုံးတွင် တစ်ညလုံးရှာဖွေပြီးနောက် တောက်ပနေသည့် ရွှေရောင်ဆေးလုံးကို သူရှာတွေ့ခဲ့သည်။ ဤဆေးလုံးက ဖော်ပြထားသကဲ့သို့ အမှန်ပင် ထူးခြားလှပေသည်။ ကောင်းကင်ဘုံ၏ လိုအင်ဆန္ဒကား မျက်နှာကိုပင် မမြင်ရလောက်အောင် ဘက်လိုက်လွန်းလှ၏။
လော့ကျန့်ချင်းက သူ၏ ဝိညာဉ်အာရုံဖြင့် စစ်ဆေးကြည့်ပြီးနောက် ကောင်းကင်အဆင့် ဝိညာဉ်စုဆောင်းခြင်းဆေးလုံးကို သိုလှောင်လက်စွပ်ထဲသို့ ထည့်လိုက်ကာ ပါးလွှာသော နှုတ်ခမ်းအစုံတို့က အနည်းငယ် ကွေးညွှတ်သွားပြီး အေးချမ်းလှပသည့် အပြုံးတစ်ခု ပေါ်လွင်လာခဲ့သည်။ သူ၏ မည်းနက်သော မျက်ခုံးအစုံက ပြေလျော့သွားကာ မျက်ဝန်းများကလည်း လခြမ်းကွေးလေးသဖွယ် ဖြစ်သွားသည်။ ဤပုံရိပ်ကို မြင်တွေ့လိုက်ရသည့် တပည့်မများစွာမှာ ရင်ခုန်သံများ ဆူညံသွားကြတော့သည်။ သို့သော် လော့ကျန့်ချင်း၏ အကြည့်ကမူ ပြိုင်ပွဲကွင်းအတွင်းမှ အဖြစ်အပျက်များပေါ်တွင်သာ တည်ရှိနေပြီး စိတ်အာရုံ လုံးဝမပျံ့လွင့်ခဲ့ပေ။
“မင်းမှာ ဝိညာဉ်စုဆောင်းခြင်းဆေးလုံး မရှိတော့ရင် သာမန်လူတစ်ယောက်အနေနဲ့ ပြိုင်ဘက်ကို ဘယ်လိုများ အနိုင်ယူမလဲဆိုတာ ကြည့်ရသေးတာပေါ့။”
လော့ကျန့်ချင်းက တွေးလိုက်သည်။
လော့ကျန့်ချင်း၏ ကျောက်စိမ်းကဲ့သို့ သွယ်လျသော လက်ချောင်းလေးများက သံစားပွဲကို ဖြည်းညင်းစွာ ခေါက်နေသည်။ သူ့မျက်ဝန်းများက အနည်းငယ် မှေးစင်းနေပြီး သူ့အပြုံးက နက်နဲလှသည်။
ပြိုင်ပွဲကွင်းအတွင်းတွင် လီရှို့ချန်မှာ စိတ်မသက်မသာ ဖြစ်နေပြီး ရင်ထဲတွင်လည်း ဂနာမငြိမ် ဖြစ်နေသည်။ သူသည် “နတ်ဘုရားဖြစ်ရန် လမ်းစဉ်ရှာဖွေခြင်း” စာအုပ်ကို ပြန်ဖတ်ချင်စိတ်ပင် ပေါက်နေမိသည်။
“နတ်ဘုရားဖြစ်ရန် လမ်းစဉ်ရှာဖွေခြင်း” ဆိုသည် အလွန်အားကောင်းသည့် ကံကောင်းမှုများ ပါဝင်သည့် နာမည်ကြီး ဝတ္ထုတစ်ပုဒ် ဖြစ်သည်။ အတိတ်ဘဝတွင် လီရှို့ချန်သည် ၎င်းကို ၁၀ ကြိမ်ထက်မနည်း ဖတ်ခဲ့ဖူးသည်။ သူ့စိတ်ထဲတွင် အသေးစိတ် အချက်အလက်များကို ထပ်ခါတလဲလဲ ပြန်စဉ်းစားသော်လည်း ထူးခြားမှု ဘာမှမရှိပေ။ ကိုးရက်မြောက်နေ့ ထိုက်ဟွာတောင် နောက်ဘက်တွင် လမ်းလျှောက်ရင်း ကောင်းကင်အဆင့် ဝိညာဉ်စုဆောင်းခြင်းဆေးလုံးကို နင်းမိကာ ကျင့်ကြံဆင့်ကို တစ်ခါတည်း မြှင့်တင်နိုင်ခဲ့သည်ကို သူအသေအချာ မှတ်မိနေသည်။ သို့သော် မနေ့ညက အပြင်စည်းတပည့်များ ရှိရာ တောင်နောက်ဘက်သို့ တစ်ညလုံး လမ်းလျှောက်ခဲ့သော်လည်း ကောင်းကင်အဆင့် ဆေးလုံးနေနေသာသာ ဝိညာဉ်မြစ်တစ်ခုပင် မတွေ့ခဲ့ရချေ။
“တကယ်ပဲ ငါ့ကို စိတ်ဓာတ်ကျအောင် လုပ်နေတာလား။”
ကောင်းကင်အဆင့် ဝိညာဉ်စုဆောင်းခြင်းဆေးလုံး မရှိဘဲနှင့် မျိုးနွယ်စုများမှ ရောက်လာသည့် တပည့်များကို သူမည်သို့ အနိုင်ယူနိုင်ပါမည်နည်း။
သူ၏ခန္ဓာကိုယ်သည်လည်း ဘာမှမထူးခြားချေ။
“ထိုက်ဟွာတောင် တပည့်သစ် အဆင့်မြင့်စာမေးပွဲ ၁၀ ကြိမ်မြောက် ပွဲစဉ်၊ ချန်ကျိုးမှ ရွှီဟွာ၊ ခန္ဓာကိုယ်ဖွဲ့စည်းပုံ အဆင့် ၄၊ ယွီကျိုးမှ လီရှို့ချန်၊ ခန္ဓာကိုယ်ဖွဲ့စည်းပုံ မရှိ။”
ကြေညာသံအပြီးတွင် ဒိုင်အဖြစ် ဆောင်ရွက်သည့် တပည့်ကြီးများက တပည့်သစ်များအတွက် နေရာဖယ်ပေးကာ နောက်သို့ ဆုတ်လိုက်ကြသည်။ သူနှင့် မျက်နှာချင်းဆိုင်ရှိ ထွားကျိုင်းသော ရွှီဟွာကို ကြည့်ရင်း လီရှို့ချန်၏ မျက်နှာက တွန့်ရှုံ့သွားသည်။ သူ့၌ သန်မာသည့် လက်မောင်းတစ်ဖက်တောင် မရှိပါဘဲနှင့် မည်သို့တိုက်ရပါမည်နည်း။ သူသည် ထိုးကြိတ်ခံရမည့် အိတ်တစ်လုံးထက် မပိုချေ။
မြင့်မားသော စင်မြင့်ထက်တွင် လူနှစ်ယောက်က ဤကွာဟလွန်းသော အင်အားကို ကြည့်နေကြသည်။ အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် ရှဲ့ကျိကျော့က ရယ်မောရင်း လော့ကျန့်ချင်း၏ နားနားသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။
“ရှစ်ရှုန်း... ကျွန်တော် စောစောက ပြောသားပဲ။ သူနိုင်ဖို့ အခွင့်အရေးရှိတယ်လို့ ရှစ်ရှုန်း ဘယ်လိုများ ပြောနိုင်ရတာလဲ။ အဲ့ဒီ ရွှီဟွာရဲ့ ခန္ဓာကိုယ်က အဆင့် ၄ ရှိပြီး ကျင့်ကြံဆင့်ကလည်း တစ်ဆင့် ပိုမြင့်နေပြီ။ လီရှို့ချန်ကျတော့ ဘာစွမ်းရည်မှ မရှိတဲ့အပြင် ပိန်ပိန်သေးသေးလေး။ အကယ်၍ သူသာ နိုင်သွားမယ်ဆိုရင် ကောင်းကင်ကြီးက အရမ်းကို ဘက်လိုက်လွန်းရာ မရောက်ဘူးလား။”
လော့ကျန့်ချင်းက ရှဲ့ကျိကျော့ဘက်သို့ လှည့်ကြည့်လိုက်ပြီး သူ၏လှပသော မျက်ဝန်းများက အပြုံးတစ်ခုဟန် ကွေးညွှတ်သွားသည်။ သူက ပုံပန်းသဏ္ဌာန် မသပ်မရပ်ရှိလှသော သူ၏ရှစ်တိကိုကြည့်ကာ ခပ်ယဲ့ယဲ့ ပြုံးလိုက်ရင်း မေးလိုက်သည်။
“မင်းက သူရှုံးမယ်လို့ ဒီလောက်တောင် သေချာနေတာလား။”
ရှဲ့ကျိကျော့က အသေအချာပင် ပြောလိုက်သည်။
“ဒါပေါ့၊ အကယ်၍ သူသာ နိုင်သွားရင် မနက်ဖြန် ကျွန်တော် စီကော်တောင်ကမ်းပါးကို သွားပြီး ဝေ့ရှစ်ကျဲနဲ့ အတူတူ သွားနေလိုက်မယ်။”
လော့ကျန့်ချင်းက အံ့သြဟန်ဆောင်ကာ မျက်ခုံးပင့်လိုက်ပြီး ပြောလိုက်သည်။
“မင်းက ဒီလောက်အထိ အလောင်းအစား လုပ်ရဲတာလား။”
ရှဲ့ကျိကျော့က လျှို့ဝှက်ဆန်းကြယ်သည့် လေသံဖြင့် ပြန်ဖြေလိုက်သည်။
“ဟုတ်တာပေါ့၊ ဘာပဲဖြစ်ဖြစ် ရှစ်ရှုန်း...အကယ်၍ ရှစ်ရှုန်းသာ မှားသွားမယ်ဆိုရင်... ရှစ်ရှုန်း နေ့တိုင်းသုံးတဲ့ ကျောက်စိမ်းနွားရုပ်ဘီးလေးကို ကျွန်တော့်ကို ပေးရမယ်နော်။”
လော့ကျန့်ချင်း၏ နှုတ်ခမ်းအစုံ ပြုံးယောင်သန်းသွားသော်လည်း ဘာမှ ပြန်မပြောခဲ့ပေ။
ရှဲ့ကျိကျော့က သူ၏ရှစ်ရှုန်းထံမှ ‘မင်း ဒီလောက်တောင် ရူးနေတာလား’ ဟူသော အကြည့်ကို မြင်လိုက်သဖြင့် ချက်ချင်းပင် လက်ခါကာ ရှင်းပြလိုက်သည်။
“ဒါက ကျွန်တော် လိုချင်တာ မဟုတ်ပါဘူးနော်။ ချီရှစ်မေ့ လိုချင်နေတာပါ။ ရှစ်ရှုန်း သိလား၊ ရှစ်မေ့လေးက ရှစ်ရှုန်းကို ငယ်ငယ်ကတည်းက စိတ်ဝင်စားနေတာ။ မဟုတ်ရင် သူ(မ)က ဘယ်တော့မှ ဆေးဖော်စပ်မှာ မဟုတ်ဘူး။ ဒါမျိုး မဖြစ်စေချင်ပေမဲ့ ရှစ်ရှုန်းအနေနဲ့ သူ(မ)ကို ငြင်းနိုင်တယ်လေ။ ဒါပေမဲ့ သူ(မ)ရဲ့ အကြီးမားဆုံးဆန္ဒက ရှစ်ရှုန်းရဲ့ ကျောက်စိမ်းဘီးကို သုံးကြည့်ဖို့ပဲ။”
“... ချီရှစ်မေ့က ငါ့ရဲ့ ကျောက်စိမ်းဘီးကို ဘာလို့ လိုချင်ရမှာလဲ။”
ရှဲ့ကျိကျော့က မျက်လုံးပြူးကာ မယုံနိုင်ဟန်ဖြင့် ပြောလိုက်သည်။
“ဘာလို့ မလိုချင်ရမှာလဲ။ ယွီရှောင်တောင်ထိပ်ကသာ စည်းကမ်းမကြီးရင် ကျွန်တော်တို့ ရှစ်မေ့လေးက အပေါ်ကို ရောက်နေလောက်ပြီ။ သူ(မ)က ရှစ်ရှုန်းကို ခိုးကြည့်ဖို့ ညဘက်ကြီးတောင် တောင်ပေါ်ကို တက်လိမ့်မယ်လို့ ပြောရင် ရှစ်ရှုန်း ယုံမလား။”
လော့ကျန့်ချင်း ဘာမှ ပြန်မပြောနိုင်တော့ပေ။
ရှဲ့ကျိကျော့၏ စကားများက ရပ်တန့်ခြင်းမရှိဘဲ စီးဆင်းနေဆဲပင်။ သူက သူတို့၏ ရှစ်မေ့လေး မည်မျှအထိ ဆိုးသွမ်းပြီး ထူးဆန်းသည်ကို ပြောနေသော်လည်း သူ့စကားများထဲတွင် နှိမ်လိုသည့်သဘော တစ်စက်ကလေးမျှ မပါရှိပေ။ ထိုအစား သူက ဂုဏ်ယူစွာဖြင့်သာ သက်ပြင်းချနေမိသည်။
“ရှစ်မေ့လေးက တကယ့်ကို စိတ်ထင်တိုင်း လုပ်တတ်တာပဲ။ ကျွန်တော်သာ သူ့(မ)တစ်ဝက်လောက် သတ္တိရှိမယ်ဆိုရင် နေ့တိုင်း ဆန်းရွှမ်းတောင်ထိပ်ကို သွားနေမိမှာ။”
ထိုစကားကို ကြားရသည့်အခါ လော့ကျန့်ချင်း ဘာမှမပြောဘဲ ပြုံးနေမိသော်လည်း သူ့ရင်ထဲတွင် ခါးသီးသော ခံစားချက်တစ်ခု စတင်ဖြစ်ပေါ်လာသည်။
သူသည် သူတို့၏ ရှစ်မေ့လေးနှင့် ငယ်စဉ်ကတည်းက အလွန်ရင်းနှီးခဲ့သည်။ သူ(မ)အိမ်ထောင်ပြုရမည့် အရွယ်မရောက်မီကပင် မည်သူ့ကိုမျှ လက်ထပ်မည်မဟုတ်ကြောင်း ကြေညာခဲ့သော်လည်း နောက်ဆုံးတွင်တော့ သူ(မ)သည် လီရှို့ချန်၏ ဇနီးအဖြစ် ပေါင်းသင်းနေထိုင်ခဲ့ရသည်။
မာနကြီးပြီး ခေါင်းမာလှသည့် သူတို့၏ ရှစ်မေ့လေး ထိုကဲ့သို့သော အခြေအနေမျိုးကို တွေ့ကြုံရလိမ့်မည်ဟု သူတစ်ခါမျှ မမျှော်လင့်ခဲ့ပေ။ ထို့ပြင် လီရှို့ချန်သည် သူ(မ)အပြင် အခြားဇနီး ၉ ယောက်ကိုလည်း ထပ်ယူခဲ့သေးသည်။ လီရှို့ချန်အား အခြားသော ဇနီးမယားများနှင့်အတူ ဂရုတစိုက် ပြုစုစောင့်ရှောက်နေသည့် သူ၏ရှစ်မေ့လေးအကြောင်းကို သူကြားသိရသော်လည်း ထိုကဲ့သို့သော အရာမျိုးကို သူစိတ်ကူး၍ပင် မကြည့်ရဲပေ။
ပြာလွင်သော ကောင်းကင်နှင့် ပူပြင်းသော နေရောင်အောက်တွင် သူ(မ)က ကောင်းကင်အဆင့် ဆေးလုံးကို ကိုင်ဆောင်ကာ သူ့ကို မာနတကြီးဖြင့် ပြောခဲ့ဖူးသည်။
“လော့ကျန့်ချင်း၊ ကျွန်မက ချင်းလန်တောင်ထိပ်ရဲ့ တပည့်ကြီးပဲ။ ရှင်သာ ကျွန်မကို လက်ခံမယ်ဆိုရင် ရှင့်တစ်ဘဝလုံး ဆေးလုံးတွေ ဘယ်တော့မှ မပြတ်လပ်စေရဘူး။”
သူ(မ)သည် ထိုကဲ့သို့သော လူစားမျိုးပင်။ ထိုအနီရောင်ဝတ်စုံက မီးကဲ့သို့ တောက်ပနေခဲ့သည်။ သူ(မ)သည် နောက်ဆုံးတွင် မည်သို့ဖြစ်၍ လီရှို့ချန်ထံ၌ ကျဆုံးသွားခဲ့သနည်း။
‘ဘာကြောင့်လဲဆိုတော့ သူက မိန်းမလှလေးတွေကို ကယ်တင်တဲ့ သူရဲကောင်းဖြစ်နေလို့လား၊ ဒါမှမဟုတ် ကာမစိတ် အဆိပ်တွေက သူ့ကိုယ်ထဲ စီးဆင်းနေလို့လား။’
‘ကောင်းကင်ဘုံက ဘယ်တုန်းက တရားခဲ့လို့လဲ။ ကောင်းကင်ဘုံက လီရှို့ချန် တစ်ယောက်တည်းအတွက်ပဲ တရားမျှတခဲ့တာ။’
သူ၏လှပပြီး ဖြူဖျော့သော မျက်နှာထက်တွင် ဝမ်းနည်းရိပ်များ ခေတ္တမျှ ဖြတ်ပြေးသွားပြီး ချက်ချင်းပင် ပျောက်ကွယ်သွားသည်။ လော့ကျန့်ချင်းက လီရှို့ချန်ကို ရှုပ်ထွေးသော အကြည့်ဖြင့် ကြည့်နေမိ၏။ ဘာကြောင့်မှန်း မသိဘဲ သူ မစဉ်းစားဘဲ ပြောလိုက်မိသည်။
“ကောင်းပြီ၊ တကယ်လို့ သူရှုံးသွားမယ်ဆိုရင် ငါ့ရဲ့ ကျောက်စိမ်းဘီးကို မင်းကို ပေးမယ်။”
ရှဲ့ကျိကျော့က သူ့ကို အပြင်းအထန် နားချနေခဲ့ပြီး တစ်ခါတစ်ရံတွင် ဝေ့ချုံးယင်းကိုပါ ဆွဲထည့်ပြောနေသည်။
“ဝေ့ရှစ်ကျဲနဲ့ အတူနေရမှာက တကယ် ကြောက်စရာကောင်းတဲ့ အတွေးပဲ။ ရှစ်ရှုန်း... ရှစ်ရှုန်းအနေနဲ့ ကျောက်စိမ်းဘီးလေး ပေးရရုံနဲ့ ဘာမှ မဆုံးရှုံးပါဘူး။”
***
Aurora Novel Translation Team