အခန်း - (၂.၁)
နောက်တစ်ရက်ကြာပြီးနောက် တပည့်ငယ်တစ်ဦးက လော့ကျန့်ချင်းဆီသို့ အပြေးအလွှား ရောက်ရှိလာပြီး မိုးကြိုးလမ်းတွင် ဖြစ်ပျက်ခဲ့သည့် အမှားအယွင်းက မတော်တဆမှု သက်သက်သာဖြစ်ကြောင်း လာရောက်အစီရင်ခံသည်။
ကျင့်ကြံခြင်းလောက၏ နံပါတ်တစ်ဂိုဏ်းကြီး ဖြစ်သည်နှင့်အညီ ထိုက်ဟွာတောင်သည် ဆယ်နှစ်တစ်ကြိမ် လောကတစ်ခွင်လုံးရှိ ကလေးငယ်များကို တပည့်အဖြစ် လက်ခံလေ့ရှိသည်။ ကျင့်ကြံသူများအတွက် ဆယ်နှစ်ဟူသော အချိန်သည် တစ်ကြိမ်တစ်ခါ တရားထိုင်ကာ ကျင့်ကြံခြင်းမျှသာ ဖြစ်သည်။ တပည့်သစ်လက်ခံသည့် ကိစ္စရပ်များက သာမန်မျှသာ ဖြစ်သဖြင့် ဂိုဏ်းအကြီးအကဲများသည် တိုက်ရိုက်ကိုင်တွယ်ခြင်း မရှိဘဲ မျိုးဆက်သစ် တပည့်များကိုသာ လွှဲအပ်ပေးလေ့ရှိသည်။
လော့ကျန့်ချင်းသည် ထိုက်ဟွာတောင်၏ အကြီးဆုံးတပည့် ဖြစ်သည်မှန်သော်လည်း သတ္တမမြောက်တောင်စဥ်ဖြစ်သည့် ယွီရှောင်တောင်ထိပ်၏ တစ်ဦးတည်းသော တပည့်လည်း ဖြစ်နေသည်။ လွန်ခဲ့သော ဆယ်နှစ်က သူကိုယ်တိုင် ဤကိစ္စများကို စီမံခဲ့ဖူးသော်လည်း ယခုတစ်ကြိမ်တွင်မူ သူသည် အပြင်လောကသို့ ခရီးထွက်နေခဲ့သည်။ ထို့ကြောင့် ဤတာဝန်က ထိုက်ဟွာတောင်၏ တတိယမြောက် တပည့်ဖြစ်သူဝေ့ချုံးယင်း ထံသို့ ရောက်ရှိသွားခြင်းဖြစ်သည်။
သို့သော်လည်း မိုးကြိုးလမ်းတွင် မမျှော်လင့်ဘဲ ချို့ယွင်းချက်တစ်ခု ဖြစ်ပေါ်ခဲ့သည်။
မိုးကြိုးလမ်းကို ဝိညာဉ်ကျောက်တုံးများဖြင့် အသက်သွင်းရသော တာဝန်ခံတပည့်သည် ပေါ့ဆမှုရှိခဲ့ပြီး အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးများ နေရာတွင် အဆင့်လတ် ဝိညာဉ်ကျောက်တုံးများကို မှားယွင်းထည့်သွင်းမိခဲ့သည်။ ၎င်းသည် ဘေးအန္တရာယ်ကို ရုတ်တရက် မြင့်တက်သွားစေပြီး ကပ်ဘေးတစ်ခုအသွင်သို့ပင် ကူးပြောင်းလုနီးပါး ဖြစ်ခဲ့ရသည်။
ဝေ့ချုံးယင်းက သူ(မ)၏ ညွှန်ကြားမှုအောက်တွင် အမှားအယွင်း ဖြစ်သွားခဲ့ကြောင်း သိရှိသဖြင့် ပြစ်ဒဏ်အနေနှင့် စီကော်တောင်ကမ်းပါးတွင် သွားရောက်ကာ တစ်လတိတိ တရားထိုင်ရန် ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် ဂိုဏ်းဝင်ခွင့်အတွက် စမ်းသပ်စစ်ဆေးမှု ကိစ္စရပ်များကို လော့ကျန့်ချင်းထံ လွှဲပြောင်းပေးအပ်ခဲ့လေသည်။
မိုင်ပေါင်းထောင်ချီမှ လွင့်ပျံလာသည့် ဝေ့ချုံးယင်း၏ အသံလွှင့်သဝဏ်လွှာကို နားထောင်ပြီးနောက် လော့ကျန့်ချင်း ရယ်ရခက် ငိုရခက် ဖြစ်သွားရသည်။
“တာ့ရှစ်ရှုန်းလော့... ထိုက်ဟွာတောင်ရဲ့ တောင်ထိပ်ခုနစ်ခုထဲမှာ ရှစ်ရှုန်းရဲ့ ယွီရှောင်တောင်ထိပ်က အသုံးမကျဆုံးပဲ။ ဒီတစ်ခါတော့ ကျွန်မ အမှားလုပ်မိလို့ ပြစ်ဒဏ်ခံယူရမှာ။ ဂိုဏ်းချုပ်ရဲ့ ညွှန်ကြားချက်အရ ရှစ်ရှုန်းအနေနဲ့ စမ်းသပ်စစ်ဆေးမှုတွေမှာ ကျွန်မကို ကူညီပေးဖို့ တောင်းဆိုချင်ပါတယ်။ ကျေးဇူးအများကြီးတင်ပါတယ် ရှစ်ရှုန်း၊ ဝေ့ချုံးယင်း။”
“မင်းက အသုံးမကျဆုံးပဲ” ဟု ပြောပြီးမှ အကူအညီတောင်းသူ မည်သူရှိပါဦးမည်နည်း။
ကြည့်ရသည်မှာ ဝေ့ချုံးယင်းသည် သူ(မ)၏ အတိတ်ဘဝက ပုံစံအတိုင်းပင် ဖြစ်သည်။ သူ(မ)သည် ကျင့်ကြံခြင်းကိုသာ အာရုံစိုက်တတ်ပြီး လူမှုရေးကိစ္စရပ်များကိုမူ နားမလည်သေးချေ။
လော့ကျန့်ချင်းသည် ဤကိစ္စကို ငြင်းပယ်ခြင်း မရှိခဲ့ပေ။ အမှန်စင်စစ် သူသည်လည်း အတိတ်ဘဝက ဤစမ်းသပ်စစ်ဆေးမှုကို စီမံခဲ့ဖူးသည်။ သူသည် သူတော်စင်တစ်ဦးကဲ့သို့ စိတ်ထားမြင့်မြတ်ပုံရသည့် သာမန်ကျသော ကိုယ်ခန္ဓာတည်ဆောက်ပုံရှိသော ကလေးငယ်တစ်ဦးကို ငေးမောကြည့်ခဲ့ရသည်။ တိုတောင်းလှသော ဆယ်ရက်အတွင်းပင် ထိုကလေးငယ်၏ စွမ်းအားများက အံ့မခန်း တိုးတက်လာခဲ့သည်။ နောက်ဆုံးတွင် ထိုကောင်လေးက ထူးခြားသော နည်းလမ်းတစ်ခုဖြင့် စမ်းသပ်စစ်ဆေးမှုတွင် ဒုတိယအဆင့် ရရှိခဲ့ပြီး ယွီရှောင်တောင်ထိပ်၏ ဒုတိယမြောက် တပည့်အဖြစ် တိုက်ရိုက် ဝင်ရောက်လာခဲ့သည်။
လွန်ခဲ့သော သုံးရက်က လော့ကျန့်ချင်းသည် အသေကောင်ပုံကြီးကြားတွင် နိုးထလာခဲ့ခြင်းဖြစ်၏။
သူ့ခန္ဓာကိုယ်ရှိ အရိုးများအားလုံး ကြေမွတော့မည့်အလား ခံစားနေရပြီး ခေါင်းသည်လည်း အလေးချိန် ပိဿာပေါင်း ထောင်ချီပိနေသကဲ့သို့ လေးလံနေခဲ့သည်။ သူဝတ်ဆင်ထားသော ဝတ်စုံဖြူတွင် ရွှံ့နွံများနှင့် သွေးညှီနံ့များ စွဲထင်နေပြီး သူ့ပတ်ပတ်လည်၌ သေဆုံးနေသော သားရဲကောင် ရာပေါင်းများစွာ ရှိနေသည်။ လော့ကျန့်ချင်း မိမိကိုယ်ကိုယ် ငရဲရောက်နေသည်ဟု ထင်မှတ်ခဲ့သော်လည်း သူ၏ ကျင့်ကြံခြင်းစွမ်းအားများ အလိုအလျောက် ပြန်လည်လည်ပတ်လာသည်ကို မြင်သောအခါ အလွန်ဝမ်းသာသွားသည်။ ထိုအချိန်တွင် ဤနေရာသည် မည်သည့်နေရာဖြစ်ကြောင်း ရုတ်တရက် သူသတိရလိုက်၏။
ဝမ်ရှို့တောင်တန်းများပင် ဖြစ်သည်။
လွန်ခဲ့သော နှစ်ပေါင်းများစွာက သူသည် ဝမ်ရှို့တောင်တန်းသို့ လာရောက်ကာ မိစ္ဆာများကို သတ်ဖြတ်ရခြင်းအား အလွန်နှစ်သက်ခဲ့သည်။ တစ်ခါတစ်ရံ နှစ်နှစ်၊ သုံးနှစ်ခန့်အထိပင် ဂိုဏ်းသို့ မပြန်ဘဲ နေတတ်သည်။
ဝမ်ရှို့တောင်တန်းတွင် မိစ္ဆာများကို သတ်ဖြတ်ခြင်းအတွက် မည်သူကမျှ သူ့ကို အပြစ်ပေးမည်မဟုတ်ပေ။ ထို့အတူ မိစ္ဆာကျင့်ကြံသူများသည်လည်း ဤနေရာကို စည်းကမ်းမဲ့နယ်မြေအဖြစ် သတ်မှတ်ကာ လူသားကျင့်ကြံသူများကို လာရောက် သတ်ဖြတ်လေ့ရှိသည်။ လူသားကျင့်ကြံသူများနှင့် မိစ္ဆာကျင့်ကြံသူများက သူတို့၏ ရန်ငြိုးများကို ဖြေရှင်းရန် ဤနေရာသို့ လာလေ့ရှိကြသဖြင့် သတ်ဖြတ်မှုများ အမြဲတစေ ဖြစ်ပွားနေပြီး မည်သူကမျှ ကိုယ်ချင်းစာတရား ထားလေ့မရှိကြချေ။
နိုးလာပြီးနောက် လော့ကျန့်ချင်းက ချက်ချင်း ထမသွားဘဲ သားရဲအသေကောင်ပုံကြီးကြားတွင် ထိုင်ကာ သူ၏အတိတ်ဘဝတွင် ဖြစ်ပျက်ခဲ့သမျှကို ပြန်လည် စဉ်းစားနေမိသည်။ လီရှို့ချန် ထိုက်ဟွာတောင်သို့ မဝင်ရောက်သေးမီနှင့် သူ၏ရှစ်တိ မဖြစ်လာသေးမီ ဖြစ်သော လွန်ခဲ့သော ၁၈ နှစ်မှ အတိတ်ကာလသို့ သူပြန်ရောက်နေပြီဖြစ်ကြောင်း သိရှိလိုက်သည်။
ယခုအချိန်သည် လီရှို့ချန် ဂိုဏ်းအတွင်းသို့ ဝင်ရောက်မည့် အရေးကြီးသော ရက်သတ္တပတ်နှင့် အချိန်ကိုက်ပင်ဖြစ်သည်။
ဤအချက်ကို သတိပြုမိသည်နှင့် လော့ကျန့်ချင်းသည် လီရှို့ချန် ဂိုဏ်းအတွင်းသို့ ဝင်ရောက်ခြင်းအား တားဆီးရန်အတွက် ထိုက်ဟွာတောင်သို့ အမြန်ဆုံးပြန်ရန် ပြင်ဆင်လိုက်သည်။ သို့သော် သူမတ်တတ်ရပ်လိုက်ပြီး ဓားကို မစီးရသေးမီမှာပင် ကောင်းကင်ယံမှ တစ်စုံတစ်ခု ပြုတ်ကျလာပြီး သူ့ခန္ဓာကိုယ်ကို တည့်တည့်မှန်သွားသည်။
လော့ကျန့်ချင်းမှာ တစ်စုံတစ်ဦး၏ လျှို့ဝှက်လက်နက်ဟု ထင်မှတ်ကာ လက်ဖြင့် ဖမ်းဆွဲလိုက်၏။ သူငုံ့ကြည့်လိုက်သောအခါ စာအုပ်တစ်အုပ်ကို တွေ့လိုက်ရသည်။
“နတ်ဘုရားဖြစ်ရန် လမ်းစဉ်ရှာဖွေခြင်း”
ထိုစာအုပ်ကို ဖွင့်ကြည့်လိုက်ပြီးနောက် လော့ကျန့်ချင်း၏ ဘဝတစ်ခုလုံး လုံးဝ ဇောက်ထိုးမိုးမျှော် ဖြစ်သွားရတော့သည်။
သူ့ကမ္ဘာကြီးက စာအုပ်တစ်အုပ်မျှသာဖြစ်၏။ ထို့အပြင်ကို ၎င်းသည် စည်းကမ်း၊ ကျိုးကြောင်းဆင်ခြင်မှုနှင့် ကျင့်ဝတ်သိက္ခာ လုံးဝမရှိသော အမျိုးသားဇာတ်လိုက်ဗဟိုပြု ဝတ္ထုတစ်ပုဒ်ဖြစ်နေသည်။
လီရှို့ချန် ခေါင်းမော့လိုက်လျှင် ကောင်းချီးများ ရရှိတတ်ပြီး ခေါင်းငုံ့လိုက်လျှင် ဝိညာဉ်သားရဲတစ်ကောင်ကို တွေ့ရှိတတ်သည်။ သူသည် ထိုက်ဟွာတောင်သို့ ခြေချလိုက်သည်နှင့် ရေထဲသို့ ပြန်ရောက်သွားသော ငါးတစ်ကောင်ကဲ့သို့ ဖြစ်နေသည့်အလား လောကရှိ ကံကောင်းခြင်းအားလုံးကို သိမ်းကျုံးယူထားသူဖြစ်၏။ ဤစာအုပ်ထဲတွင် မိန်းကလေးတိုင်းက သူ့ကို တွေ့လျှင်တွေ့ချင်း မနှစ်မြို့ကြသော်လည်း လီရှို့ချန်အတွက် သူရဲကောင်းဆန်ဆန် ကယ်တင်နိုင်မည့် အခွင့်အရေးများ အမြဲပေါ်ပေါက်လာတတ်သည်။ ထိုအခါ သူ(မ)တို့၏ အမြင်များက လုံးဝ ပြောင်းလဲသွားပြီး သူ့ကို သူ(မ)တို့၏ နှလုံးသားများ ပေးအပ်လိုက်ကြတော့သည်။
စာအုပ်ကို ဖတ်ပြီးနောက် လော့ကျန့်ချင်းမှာ စိတ်မသက်မသာ ဖြစ်သွားရသည်။ သူ၏ လှပခံ့ညားသော မျက်နှာထက်တွင် ဒေါသရိပ်များ လွှမ်းမိုးသွားပြီး ဖီးနစ်မျက်လုံးများသည်လည်း စူးရှသွားခဲ့သည်။ ထို့နောက် ဓားကိုဆွဲကာ သူ့ကို ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ရန် ပြင်နေသော မိစ္ဆာကျင့်ကြံသူတစ်ဦးကို သတ်ဖြတ်လိုက်ပြီး ဂိုဏ်းသို့ အမြန်ဆုံး ပျံသန်းကာ ပြန်လာခဲ့သည်။
သို့သော်လည်း “နတ်ဘုရားဖြစ်ရန် လမ်းစဉ်ရှာဖွေခြင်း” စာအုပ်က အပြည့်အစုံ မဟုတ်ပုံပင်။ လီရှို့ချန်က လော့ကျန့်ချင်း၏ နေရာတွင် အစားထိုးဝင်ရောက်ကာ ထိုက်ဟွာတောင်၏ အချစ်ခံရဆုံး တပည့်ငယ်လေး ဖြစ်သွားသည့် အပိုင်းအထိသာ ပါရှိသည်။ ထို့နောက်တွင်မူ သူသည် လီရှို့ချန်၏ အကြိမ်ကြိမ် ပရိယာယ်ဆင်မှုကို ခံရမည်ဖြစ်ကြောင်း လော့ကျန့်ချင်း သိရှိနေသည်။ ထိုအခါ သူသည် စိတ်မထိန်းနိုင်ဘဲ လီရှို့ချန်၏ တစ်ကောင်တည်းသော ဝိညာဉ်သားရဲကို သတ်ဖြတ်မိခဲ့ပြီး လီရှို့ချန်ကိုလည်း လျှို့ဝှက်နယ်မြေအတွင်း၌ ပြင်းထန်စွာ ဒဏ်ရာရစေခဲ့သဖြင့် ထိုက်ဟွာတောင်မှ နှင်ထုတ်ခြင်း ခံခဲ့ရသည်။
အမှန်တကယ် ထိုလျှို့ဝှက်နယ်မြေတွင် အစောင့်အရှောက်ရှိသော ရတနာတစ်ခု ရှိနေခဲ့ခြင်းဖြစ်ကာ အတိတ်ဘဝက လီရှို့ချန်နှင့် သူ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့စဉ်က ဤကိစ္စ ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ နောက်ဆုံးတွင် သူသည် လီရှို့ချန်ကို ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ခဲ့သူအဖြစ် အထင်ခံခဲ့ရလေသည်။
ဝမ်ရှို့တောင်တန်းမှ ထိုက်ဟွာတောင်သို့ ပြန်လာသည့် လမ်းတစ်လျှောက်လုံးတွင် လော့ကျန့်ချင်းသည် “နတ်ဘုရားဖြစ်ရန် လမ်းစဉ်ရှာဖွေခြင်း” စာအုပ်ကို ရှေ့နောက် ၁၂ ကြိမ်တိုင်တိုင် ဖတ်ရှုခဲ့သည်။
အတိတ်ဘဝက နှလုံးသားကို ဓားဖြင့် ထိုးခွင်းခံလိုက်ရသော ဝေဒနာက ယခုတိုင် မှတ်ဉာဏ်ထဲတွင် ကျန်ရှိနေသေးသဖြင့် ယခုတစ်ကြိမ်တွင်မူ ထိုသို့သော အဖြစ်မျိုး ထပ်မံ အဖြစ်မခံတော့ဟု သူဆုံးဖြတ်လိုက်သည်။
မိုးကြိုးလမ်းသို့ မရောက်မီပင် လော့ကျန့်ချင်းသည် သူ့ကို ဓားဖြင့် သတ်ခဲ့သည့် လီရှို့ချန်ကို လျင်မြန်စွာ သတိရလိုက်မိသည်။ သို့သော်လည်း ၎င်းက အတွေးမျှသာ ဖြစ်၏။ ထိုအချိန်တွင် မိုးကြိုးလမ်း၌ လူများစွာက သူ့ကို ကြည့်နေကြသဖြင့် ထူးဆန်းသော အပြုအမူများ မလုပ်မိရန် ထိန်းသိမ်းခဲ့သည်။ ထို့ကြောင့်ပင် လော့ကျန့်ချင်းသည် မိုးကြိုးဒဏ်ကြောင့် သေဆုံးရမည့် အပြစ်ကင်းစင်သော မိန်းကလေးငယ်ကို ကယ်တင်ကာ ဇာတ်လမ်း၏ အသွားအလာကို ပြောင်းလဲလိုက်ခြင်းဖြစ်သည်။
သို့သော်ငြားလည်း...
***
Aurora Novel Translation Team