no

Font
Theme

chapter 30

အခန်း ၃၀ ဒုက္ခ

ရွှီယွဲ့ကျား စာတစ်ကြောင်းဖတ်လိုက်တိုင်း ရွှီယွိရွှမ်က နောက်သို့ ခြေလှမ်းတစ်လှမ်း ဆုတ်နေသည်။ ကလေးငယ်၏ မျက်နှာလေးက ငြင်းဆန်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။

သူ့တုံ့ပြန်မှုကို သတိပြုမိသွားသောအခါ ရွှီယွဲ့ကျားက စာဖတ်ခြင်းကို ရပ်လိုက်ပြီး လှမ်းမေးလိုက်သည်။

"ဒီစာအုပ်ကို သားမကြိုက်ဘူးလား"

ရွှီယွိရွှမ်က ခေါင်းကို အတွင်တွင် ခါပြနေသည်။

ရွှီယွဲ့ကျားက စာအုပ်ကို ပိတ်လိုက်ပြီး ထပ်မေးလိုက်သည်။

"ဒါဆို သား ဘယ်စာအုပ်ကို ဖတ်ချင်လဲ"

'ဖေဖေက တစ်စက်မှ ပျော်ဖို့ မကောင်းဘူး၊ ရွှမ်အာက မေမေကို လွမ်းလှပြီ’

ရွှီယွိရွှမ်က အထိန်းတော်ကျိထံသို့ သူ့လက်ကလေးကို ပြတ်ပြတ်သားသား ကမ်းပေးလိုက်ရင်းသည်။

"ကျိမား... ပြန်မယ်"

အထိန်းတော်ကျိ : "..."

......။......။......

ဝေ့အချိန် (မွန်းလွဲ ၃ နာရီ) ခန့်တွင် အကြီးဆုံးအဒေါ်နှင့် သူမ၏ချွေးမဖြစ်သူတို့ ရွှီနယ်စားမင်းအိမ်တော်သို့ ရောက်ရှိလာကြသည်။ သူမတို့ ခရီးပန်းလာသည့်အပြင် တစ်ကိုယ်လုံး နှင်းများ၊ မြူများ ဖုံးလွှမ်းနေပြီး ပုံပန်းသဏ္ဌာန်က အတော်လေး ဖရိုဖရဲ ဖြစ်နေကြရှာသည်။

ရာသီဥတုက အလွန်ပင် ခန့်မှန်းရခက်လှပြီး နှင်းများကလည်း တဖြည်းဖြည်း ပိုကျနေသည့်အပြင် လမ်းတွင် နှင်းပြိုမှုမှလည်း ကပ်သီလေးသာ ရှောင်လွှဲနိုင်ခဲ့သည်။ ရွှီနယ်စားမင်းအိမ်တော်ထဲသို့ ခြေချလိုက်နိုင်သည့်အခါမှသာ သူမတို့ စိတ်အေးချမ်းနိုင်ကြတော့သည်။

သူမတို့ကို မြင်လိုက်ရချိန်တွင် သခင်မလုက မူလအစီအစဉ်များကို ပြောင်းလဲလိုက်ပြီး ကြိုတင်ပြင်ဆင်ထားသော ခြံဝင်းဆီသို့ ချက်ချင်း ခေါ်သွားပေးလိုက်သည်။ ညစာစားချိန်မှသာ ပင်မဆောင်တွင် ကျန်သည့်မိသားစုဝင်များနှင့် တွေ့ဆုံခိုင်းရန် ပြန်စီစဥ်လိုက်သည်။

သခင်မလုကလည်း အကြီးဆုံးအဒေါ်နှင့် မတွေ့ဖြစ်သည်မှာ ကြာနေပြီ ဖြစ်သောကြောင့် သူမကို ရက်ရောပြီး ပွင့်လင်းသူတစ်ဦးအဖြစ်သာ မှတ်မိတော့သည်။

ထိုစဉ်အခါက မြို့တော်၏ နိုင်ငံရေးအခြေအနေ မတည်မငြိမ် ဖြစ်နေပြီး အကြီးဆုံးအဒေါ်က သူမသား၏ ပညာရေး ထိခိုက်မည်ကို စိုးရိမ်ကာ ခင်ပွန်းသည်၏ ဇာတိမြေသို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။ သားဖြစ်သူ နန်းတွင်းစာမေးပွဲ အောင်မြင်ပြီးမှသာ မြို့တော်သို့ ပြန်လာခဲ့ကြသည်။ ထို့နောက် သားဖြစ်သူက လင်းချန်၏ လက်အောက်ခံ နယ်မြေတစ်ခုတွင် မြို့ဝန်အဖြစ် ခန့်အပ်ခံရပြီး သူမလည်း လိုက်ပါသွားခဲ့သည်။

သူမ၏သားက မြို့ပိုင်အဖြစ် တာဝန်ထမ်းဆောင်နေသည်မှာ နှစ်အနည်းငယ် ရှိနေပြီ ဖြစ်သည်။

သေသေချာချာ တွက်ကြည့်မည်ဆိုလျှင် သခင်မလု အကြီးဆုံးအဒေါ်နှင့် မတွေ့ရသည်မှာ ငါးနှစ်၊ ခြောက်နှစ်ခန့် ရှိနေချေပြီ။

လမ်းလျှောက်နေစဉ်အတွင်း သခင်မလုက အကြီးဆုံးအဒေါ်ကို သေသေချာချာ ရှင်းပြနေသည်။

"ကျွန်မ ရေနွေးနဲ့ ကိုယ်လက်သန့်စင်ဖို့ လိုအပ်တာတွေ အားလုံး ပြင်ပေးထားပါတယ်၊ အကြီးဆုံးအဒေါ်နဲ့ ဟွေ့နျန်းတို့ ရေချိုးသန့်စင်ပြီးရင် စားစရာတစ်ခုခု စားပြီး ခဏလောက် အနားယူလိုက်ပါဦး၊ ညရောက်မှပဲ မိသားစု စုံစုံလင်လင်နဲ့ ညစာစားကြမယ်လေ"

ဟွေ့နျန်းဆိုသည်က အကြီးဆုံးအဒေါ်၏ ချွေးမဖြစ်ပြီး သူမ၏မျိုးရိုးအမည်က ယောင် ဖြစ်ကာ လင်းချန်မှ ဒေသခံအုပ်ချုပ်ရေးအမတ်တစ်ယောက်၏ သမီး ဖြစ်သည်။

အကြီးဆုံးအဒေါ်က စိတ်အားထက်သန်သည့် မျက်နှာထား၊ ရိုးသားသည့် အမူအရာဖြင့် ပြန်ပြောလိုက်သည်။

"နင် စီစဉ်ပေးတဲ့အတိုင်းပဲ လုပ်ကြတာပေါ့၊ ဟွေ့နျန်းနဲ့ ငါလည်း တကယ်ကို ပင်ပန်းနေကြပြီ"

ထိုခြံဝင်းက အကြီးဆုံးအဒေါ် လက်မထပ်မီက နေထိုင်ခဲ့သည့် ခြံဝင်း ဖြစ်သော်လည်း သခင်မလုက ဤနှစ်အတော်ကြာအတွင်း မွမ်းမံမှုအချို့ ပြုလုပ်ထားခဲ့သည်။

အတွင်းခန်းထဲမှ ခန်ခုတင်က နွေးနေပြီ ဖြစ်သည်။ လူတိုင်းကို နေရာချပေးပြီးနောက် အစေခံမိန်းကလေးများ တစ်ယောက်ပြီးတစ်ယောက် ဝင်လာကာ လက်ဖက်ရည်ပူပူနှင့် စားစရာများ တည်ခင်းပေးနေကြသည်။

သခင်မလုကလည်း သူမတို့ဘေးတွင် ထိုင်ကာ စကားပြောရင်း ဧည့်ခံနေသည်။

အကြီးဆုံးအဒေါ်က အားနာမနေဘဲ လက်ဖက်ရည်ပူပူကို အရင် သောက်နေသည်။ သူမ၏ ခန္ဓာကိုယ်၌ နွေးထွေးလာသည့်အခါမှသာ အငွေ့တထောင်းထောင်း ထနေသည့် ဝမ်တန်ဟင်းရည်ကို ဇွန်းဖြင့် ခပ်စားနေခဲ့သည်။

မြို့တော်သို့ မြန်မြန်ရောက်လာရန်အတွက် လမ်းခရီး၌ ရေနွေးကျိုရန်ပင် အချိန်မပေးဘဲ အအေးဒဏ်ကို အံတုကာ လာခဲ့ရကြခြင်း ဖြစ်သည်။

ဝမ်တန်အနည်းငယ် စားပြီးနောက် အကြီးဆုံးအဒေါ်က သူမ၏ ချွေးမ ယောင်ရှီ ဖြည်းဖြည်းချင်းနှင့် ယဥ်ယဥ်ကျေးကျေး စားနေသည်ကို သတိပြုမိသွားသည်။ သူမက မျက်မှောင်ကြုတ်ရင်း လှမ်းပြောလိုက်သည်။

"နင့်ရဲ့ အကြီးဆုံးယောင်းမက နင့်ကို ကိုက်စားမှာ မဟုတ်ပါဘူးဟယ်၊ ကြောက်မနေပါနဲ့၊ ပြီးတော့ ပုံမှန်ဆို နင် စပ်တာကိုမှ ကြိုက်တတ်တာ မဟုတ်ဘူးလား"

သူမက စားပွဲပေါ်က ငရုတ်သီးပန်းကန်ကို တစ်ချက်ကြည့်ကာ ထပ်ပြောနေပြန်သည်။

"အအေးဒဏ် ပျောက်ပြီး နွေးသွားအောင် ငရုတ်သီး နည်းနည်း ထည့်စားလေ"

သူမက ချွေးမဖြစ်သူအတွက် ငရုတ်သီး ထားပေးရန် သခင်မလုကို အထူးတလည် တောင်းဆိုထားခဲ့ခြင်း ဖြစ်သည်။

ယောင်ရှီ၏ မျက်နှာက ချက်ချင်း ရဲတက်သွားသည်။ သူမက စားပွဲအောက်မှ ယောက္ခမ၏ အင်္ကျီလက်ကို အလျင်အမြန် ဆွဲလိုက်ရင်း တိုးတိုးလေး ကပ်ပြောလိုက်သည်။

"အမေ... ဆက်မပြောပါနဲ့တော့"

သူမက မြို့တော်သို့ ပထမဆုံးအကြိမ် ရောက်ဖူးခြင်း ဖြစ်ပြီး ယောက္ခမ၏ မိသားစုအိမ်တော်တွင် တည်းခိုရသောကြောင့် သိက္ခာရှိပြီး ယဉ်ကျေးသိမ်မွေ့သည့် အမျိုးသမီးတစ်ဦးအဖြစ် နေထိုင်ပြရန် ကြိုးစားနေခြင်း ဖြစ်သည်။ သူမကြောင့် သူမ၏ ယောက္ခမ၊ ခင်ပွန်း သို့မဟုတ် ယောင်မိသားစု အရှက်ကွဲရမည်ကို သူမ စိုးရိမ်နေမိသည်။

သခင်မလုက ယောက္ခမနှင့် ချွေးမကြားမှ ရင်းနှီးသော ဆက်ဆံရေးကို မြင်သွားပြီး အပြုံးလေးဖြင့် ဝင်ပြောလိုက်သည်။

"အရမ်းကြီး ယဥ်ကျေးနေဖို့ မလိုပါဘူး၊ ကိုယ့်အိမ်ကိုယ်ယာလိုပဲ သဘောထားပါ"

ဝမ်ယဲ့၏ ပုံစံကို မြင်ဖူးထားသဖြင့် အကြီးဆုံးအဒေါ် ဝမ်တန် နှစ်လုံး၊ သုံးလုံးကို တစ်လုတ်တည်း ငုံစားနေခြင်းအား သခင်မလု အံ့သြမနေတော့ပေ။

ထို့အတူ ဝမ်တန်ဟင်းရည်ထဲသို့ ငရုတ်သီးများ ထည့်စားသည်ကလည်း သူမအတွက် ထူးဆန်းသည့် ကိစ္စမဟုတ်တော့ပေ။

သခင်မလု၏ စကားက အားနာစရာမလိုလောက်အောင် ရိုးသားမှန်း သိလိုက်ရမှသာ ယောင်ရှီက သူမ၏ ဝမ်တန်ပန်းကန်ထဲသို့ ငရုတ်သီးမှုန့် အနည်းငယ် ထည့်လိုက်သည်။

ကြက်စွပ်ပြုတ်နှင့် လုပ်ထားသည့် ဝမ်တန်မှာ အရသာရှိပြီးသားဖြစ်သော်လည်း စပ်စပ်ကလေးမှ ကြိုက်တတ်သည့် ယောင်ရှီကတော့ အရာရာတိုင်းတွင် ငရုတ်သီး သို့မဟုတ် ငရုတ်သီးအနှစ်တစ်ဇွန်းခန့် ထည့်ရမှသာ ကျေနပ်နိုင်သူဖြစ်သည်။

အကြီးဆုံးအဒေါ်က သူမ ဗိုက်ဝလုနီးပါး ဖြစ်နေသောကြောင့် အစေခံမိန်းကလေးတစ်ယောက်အား ဝမ်တန်ဟင်းရည် သီးသန့်သာ ထည့်ပေးရန် တောင်းဆိုလိုက်သည်။ သူမက ဟင်းရည်ကို ဖြည်းဖြည်းချင်း သောက်နေရင်း သခင်မလုနှင့် စကားစမြည် ပြောဆိုနေသည်။

"ကျိထန်း နောက်တစ်ကြိမ် အိမ်ထောင် ပြုလိုက်ပြီလို့ နင် ပြောခဲ့တာမဟုတ်ဘူးလား၊ သူ့ဇနီးအသစ်ကို ဘာလို့ အခုထိ မမြင်ရသေးတာလဲ"

သခင်မလုက ရှင်းပြလိုက်သည်။

"သူက ဒီမနက်တင် ကျွန်မကိုယ်စား မြို့ပြင်က ခြံဝင်းကို စစ်ဆေးဖို့ သွားနေရလို့ပါ၊ ကျွန်မ ထင်ထားတာကတော့ သူ အလုပ်တွေ အမြန်ဖြတ်ပြီး တညအိပ်လောက်နဲ့ ပြန်ရောက်လာရင် အကြီးဆုံးအဒေါ်တို့ ရောက်လာတဲ့အချိန်နဲ့ အတော်ပဲ ဖြစ်မယ်လို့ တွေးထားခဲ့တာ"

အကြီးဆုံးအဒေါ်က ထိုအချက်ကို စိတ်ထဲမထားဘဲ ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်သည်။

"နောက်မှ တွေ့လည်း ရပါတယ်၊ ဒီနေ့ကတော့ နှင်းတွေလည်း ရပ်သွားမယ့်ပုံ မပေါ်ဘူး၊ ဒီနေ့ အလျင်စလို ပြန်မလာဖို့ လူလွှတ်ပြီး အကြောင်းကြားလိုက်ပါဦး"

ယနေ့မနက် ကြားလိုက်ရသော နှင်းထုပြိုကျမှုကြောင့် သူမ တုန်လှုပ်နေဆဲဖြစ်သည်။ ဖြတ်သန်းသွားသည့် မြင်းရထားအချို့လည်း နှင်းထဲ၌ နှစ်မြှုပ်သွားကြောင်း သူမ သိခဲ့ရသည်။

သခင်မလုကလည်း ထိုအတိုင်း တွေးထားပြီးသားဖြစ်သည်။ ဝေ့အချိန်မတိုင်မီက နှင်းများ ရံဖန်ရံခါသာ ကျဆင်းနေသော်လည်း ယခု နှင်းပွင့်ကြီးများက သည်းသည်းထန်ထန် ကျဆင်းနေပြီ ဖြစ်သည်။

မြို့ပြင်လမ်းများက သွားရလာရ ခက်ခဲသောကြောင့် နောက်တစ်နေ့ နှင်းဆဲချိန်မှ ပြန်လာခိုင်းခြင်းက အကောင်းဆုံးဖြစ်ပေလိမ့်မည်။

"အကြီးဆုံးအဒေါ် စိတ်မပူပါနဲ့၊ ကျွန်မ လူလွှတ်ထားပြီးပါပြီ"

သခင်မလုက ဆက်ပြောနေသေးသည်။

"ဒါပေမယ့် ကျွန်မရဲ့ ယောင်းမလေးကတော့ ခြံဝင်းထဲမှာ တစ်ညလောက် သည်းခံပြီး အိပ်ရတော့မှာပေါ့"

အဒေါ်ကြီးက ထပ်မေးနေပြန်သည်။

"ကျိထန်းရဲ့ ဇနီးအသစ်နဲ့ နင်နဲ့ရော.. ဘယ်လိုလဲ၊ အဆင်ပြေကြလား"

မြို့တော်မှ ထွက်ခွာသွားခဲ့သည်မှာ နှစ်အတော်ကြာပြီဖြစ်သောကြောင့် အကြီးဆုံးအဒေါ် သိကျွမ်းခဲ့သော မျိုးရိုးမြင့်မိသားစုအတော်များများက မှေးမှိန်သွားကြပြီ ဖြစ်သည်။

မကြာသေးမီနှစ်များအတွင်း တဟုန်ထိုး တက်လာသည့် မိသားစုအသစ်များကိုလည်း သူမ မသိတော့ပေ။ ဝမ်မိသားစုကိုတော့ သူမ ဝေဝေဝါးဝါး မှတ်မိနေသေးသည်။ ထိုစဉ်က ဝမ်မိသားစု၏ အိမ်ထောင်ဦးစီးအနေဖြင့် ရာထူးကြီးကြီးမားမား မရသေးသော်လည်း မျိုးရိုးဂုဏ်ရှိန်ကြောင့် သူတို့ တိုးတက်လာရန် အချိန်တစ်ခုသာ လိုအပ်ကြောင်း သူမ သိထားခဲ့သည်။

သို့သော်လည်း အကြီးဆုံးအဒေါ်က လူမှုအဆင့်အတန်းကို ဂရုစိုက်သူ မဟုတ်ပေ။ သူမ၏အမြင်တွင် ကလေးများ ပျော်ရွှင်နေရုံဖြင့် လုံလောက်ချေပြီ။

"သူက လူကောင်းတစ်ယောက်ပါ၊ ရွှမ်အာအပေါ်မှာလည်း အရမ်းကောင်းတယ်"

သခင်မလုက မျှတစွာ မှတ်ချက်ပေးလိုက်သေးသည်။

"နည်းနည်းလေး ပျင်းရိတာကလွဲရင်ပေါ့"

ထိုစကားကို ကြားလိုက်ရချိန်တွင် အကြီးဆုံးအဒေါ်က လိုရင်းကို တိုက်ရိုက်ထောက်ပြလိုက်သည်။

"အဲ့ဒါကတော့ နင်ရှိနေလို့ပေါ့၊ ရွှီနယ်စားမင်းအိမ်တော်က မိသားစုမှ ခွဲမနေကြသေးတာ၊ ပြီးတော့ နင့်လို အရမ်းတော်တဲ့ ယောင်းမကြီးက အရာရာကို သေသေချာချာ စီမံပေးနေတော့ သူ ဘာမှ အများကြီး လုပ်စရာ မလိုတော့ဘူးလေ"

နှစ်ပေါင်းများစွာ ကြာသွားသည့်တိုင် လုသခင်မက သူမ နှစ်သက်သည့် အမွှေးတိုင်အမျိုးအစားအထိ မှတ်မိနေသေးသည်။

အမှန်တကယ်တွင် နယ်စားမင်းအိမ်တော်သို့ မရောက်မီ အကြီးဆုံးအဒေါ်လည်း အနည်းငယ် စိုးရိမ်နေခဲ့သေးသည်။ သူမ၏ အစ်ကိုနှင့် ယောင်းမဖြစ်သူတို့ အိမ်တော်တွင် မရှိတော့သည့်နောက် ချွေးမဖြစ်သည့် သခင်မလုအပေါ် သူမ၏ သိရှိနားလည်မှုက လွန်ခဲ့သော နှစ်ပေါင်းများစွာမှ အမှတ်တရများအပေါ်သာ အခြေခံထားခြင်း ဖြစ်သည်။ သူမ မြို့တော်မှ ထွက်ခွာသွားသည့် နှစ်များအတွင်း မြို့တော်နှင့် အဆက်အသွယ်ကလည်း နယ်စားမင်းအိမ်တော်နှင့် ချန်းနန်မြို့စားအိမ်တော် နှစ်ခုတည်းသာ ရှိတော့သည်။

သို့သော် ယခု သခင်မလုကို မြင်လိုက်ရသည်နှင့် သူမ စိတ်အေးသွားရသည်။ ရွှီနယ်စားမင်းအိမ်တော်က သူမ မှတ်မိနေသည့်အတိုင်း ရှိနေဆဲပင်။

အကြီးဆုံးအဒေါ်က ဆက်ပြောနေသေးသည်။

"သိပ်ပြီးတော့လည်း တွေးမနေပါနဲ့၊ ဖြစ်နိုင်တာကတော့ မင်းရဲ့ ယောင်းမလေးက ဘာကိုမှ ပူစရာမလိုတဲ့ ဘဝမျိုးကို သဘောကျနေတာလည်း ဖြစ်နိုင်တာပဲ"

ဥပမာအားဖြင့် သူမကိုယ်တိုင်လည်း ချွေးမဖြစ်သူ ရောက်လာပြီး နှစ်လအကြာမှာပင် အိမ်မှုကိစ္စအားလုံးကို လွှဲပေးခဲ့သည်။ အိမ်ထောင်စု သေးသေးလေးဖြစ်သော်လည်း သူမကတော့ စီမံခန့်ခွဲနေရသည်ကို ပျင်းလွန်းလှသည်။

ဝမ်ယဲ့ အိမ်တော်သို့ ရောက်လာပြီးနောက် ဖြစ်ပျက်ခဲ့သည့် ကိစ္စအချို့ကို ပြန်တွေးမိရင်း သခင်မလုတစ်ယောက် မပြုံးဘဲ မနေနိုင်တော့ပေ။

"အကြီးဆုံးအဒေါ် ပြောတာက ကွက်တိပါပဲရှင်"

အကြီးဆုံးအဒေါ်က မျက်ခုံးတစ်ချက် ပင့်လိုက်ရင်း ပြောလာပြန်သည်။

"နင် အဲ့လိုပြောတာ ကြားရတော့ ငါ သူ့ကို ပိုပြီးတောင် တွေ့ချင်လာပြီ"

ယောက္ခမနှင့် ချွေးမဖြစ်သူတို့ ကိုယ်လက်သန့်စင်ကာ အနားယူသွားကြပြီးနောက် သခင်မလုလည်း ပြန်ထွက်လာခဲ့သည်။

ပင်မခြံဝင်းသို့ ပြန်ရောက်လာသည့်တိုင် သခင်မလု အနားမယူနိုင်သေးပေ။ ယနေ့ညနေတွင် ပင်မခြံဝင်း၌ ညစာတည်ခင်းရမည် ဖြစ်သောကြောင့် ပြင်ဆင်မှုများ စတင်ရတော့မည်ဖြစ်သည်။

အကြီးဆုံးအဒေါ်နှင့် ယောင်ရှီတို့၏ အကြိုက်များကို ဟင်းလျာစာရင်း၌ ထည့်သွင်းရမည်ဖြစ်သလို သူမတို့နှင့် မတည့်သော အစားအစာများကိုလည်း ဂရုတစိုက် ရှောင်ကြဉ်ရမည်ဖြစ်သည်။

ညွှန်ကြားချက်များစွာ ပေးပြီးနောက်တွင်မှ သခင်မလုလည်း ခဏတာ ထိုင်နားခွင့်ရခဲ့သည်။

ခြံဝင်းထဲတွင် သည်းထန်စွာ ကျနေသည့် နှင်းများကို ကြည့်ရင်း သူမက အထိန်းတော်ရှန်းအား စိုးရိမ်တကြီး ညည်းတွားပြနေသည်။

"နှင်းတွေ ဒီလောက်ထိ ကျလာမယ်မှန်း သိရင် ဝမ်ရှီကို ဒီနေ့ ခြံဝင်းတွေဆီ သွားခိုင်းမိမှာ မဟုတ်ဘူး"

သခင်မလုတစ်ယောက် ယခုမှ နောင်တရနေရှာသည်။ ဤမျှအေးစိမ့်သော ရာသီဥတုတွင် ခြံဝင်းထဲ၌ ညအိပ်ညနေ နေရသည်က အမှန်တကယ်ကို ပင်ပန်းဆင်းရဲလိမ့်မည်ဟု သူမ တွေးနေမိသည်။

အထိန်းတော်ရှန်းက သူမကို နှစ်သိမ့်ပေးနေသည်။

"စိတ်မပူပါနဲ့ သခင်မရယ်၊ ခြံဝင်းထဲက နေရာထိုင်ခင်းက အိမ်တော်လောက် သက်သောင့်သက်သာ မရှိပေမယ့် သန့်ရှင်းသပ်ရပ်ပါတယ်၊ ဒုတိယသခင်မ တစ်ညလောက် သည်းခံလိုက်ရင် မနက်ဖြန် နှင်းတွေ ရပ်သွားတာနဲ့ ပြန်လာလို့ ရမှာပါ"

သခင်မလုက သက်ပြင်းချရင်း ပြန်ပြောလိုက်သည်။

"အခုတော့လည်း ဒီနည်းပဲ ရှိတာပေါ့"

"ဪ..."

သခင်မလု တစ်ခုခုကို ရုတ်တရက် သတိရသွားပြီး ထပ်ပြောလိုက်သည်။

"ကျွန်မရဲ့ သိုလှောင်ရုံထဲက အဖြူရောင် မြေခွေးသား ဝတ်ရုံကို သွားရှာလိုက်ဦး၊ ဝမ်ရှီ ပြန်ရောက်လာရင် ချင်းရွှယ်ကို အဲ့ဒါလေး သွားပေးခိုင်းလိုက်မယ်"

‘ဘာပဲဖြစ်ဖြစ် ဝမ်ရှီတစ်ယောက် ခြံဝင်းထဲမှာ ပိတ်မိနေတာက ငါ နေမကောင်းချင်ယောင်ဆောင်ခဲ့တာကြောင့်လည်း တစ်စိတ်တစ်ပိုင်း ပါဝင်နေတယ် မဟုတ်ဘူးလား’

‘ငါ့အနေနဲ့ တစ်ခုခုတော့ ပြန်ပေးသင့်တယ်လေ’

‘ဒါပေမယ့် မြေခွေးသားဝတ်ရုံ တစ်ထည်တည်းနဲ့ လုံလောက်ပါ့မလား’

သခင်မလုက ထပ်ပြောလိုက်ပြန်သည်။

"ကျိထန်းရဲ့ ဆိုင်တွေက ရတဲ့ အမြတ်ထဲကနေ ငွေတစ်သောင်း ထုတ်လိုက်၊ ပြီးတော့ ကျွန်မရဲ့ ကိုယ်ပိုင်ငွေထဲက နှစ်ထောင်ပါ ထပ်ပေါင်းလိုက်နော်၊ အဲ့ဒါတွေကို မြေခွေးသားဝတ်ရုံနဲ့အတူ တစ်ခါတည်း ပို့ပေးလိုက်မယ်"

အမှန်တကယ်တွင်လည်း သူမ မေ့လုနီးပါး ဖြစ်နေခဲ့ခြင်းပင်။ နှစ်သစ်ကူး နီးနေပြီဖြစ်သလို ရွှီနယ်စားမင်းအိမ်တော်တွင်လည်း ဆွေမျိုးသားချင်း အများကြီး ရှိနေသေးသည်။ မိသားစုအချင်းချင်း လဲလှယ်ရမည့် လက်ဆောင်စာရင်းများကို ပြုစုပြင်ဆင်နေကြပြီ ဖြစ်သော်လည်း ချက်ချင်း လက်ငင်း မမြင်သာသည့် အသေးအဖွဲ ကုန်ကျစရိတ်လေးများလည်း ရှိနေနိုင်သေးသည်။

ဝမ်ယဲ့ကို သူမ၏ ကိုယ်ပိုင် ခန်းဝင်ပစ္စည်းများထဲမှ ထုတ်သုံးရသည်အထိတော့ လုသခင်မ အဖြစ်မခံနိုင်ပေ။

ဝမ်ယဲ့ထံတွင် ရွှီယွဲ့ကျားဆီမှ ရထားသော ရွှေရွက်နှင့် ငွေပြားသေတ္တာများစွာ ရှိနေသည်ကိုတော့ သခင်မလု မသိရှာပေ။ သူမက ဝမ်ယဲ့ထံတွင် ယခင်က သူမ ပေးထားခဲ့သော ငွေတစ်ထောင်သာ ရှိသည်ဟု ထင်နေခြင်း ဖြစ်သည်။

‘ငွေတစ်ထောင်ဆိုတာက သုံးရင်းစွဲရင်းနဲ့ ကုန်သွားနိုင်တယ်လေ’

အထိန်းတော်ရှန်းက ပြန်ဖြေလိုက်သည်။

"ဟုတ်ကဲ့ပါ၊ ဒီအစေခံအိုကြီး အကုန်လုံး မှတ်ထားလိုက်ပါပြီ"

တစ်ဖက်တွင်တော့ ခြံဝင်းထဲ၌ ဒုက္ခရောက်နေလိမ့်မည်ဟု သခင်မလု ထင်နေသော ဝမ်ယဲ့က အခြားခြံဝင်းနှစ်ခုကိုပါ စစ်ဆေးပြီး အလယ်ခြံဝင်းသို့ ပြန်ရောက်နေပြီ ဖြစ်သည်။

သူမ အမှန်တကယ် ဒုက္ခရောက်နေရှာသည်။ နေ့လယ်ပိုင်းတွင် သူမ အသားနှပ်များကို အလွန်အမင်း စားမိသွားသဖြင့် ဗိုက်တင်းလွန်းသောကြောင့် ငိုချင်စိတ်ပင် ပေါက်နေရှာသည်။

ခြံဝင်းနှစ်ခုကို ဆက်တိုက်စစ်ဆေးခဲ့ရပြီး အလုပ်ပြီးချိန်တွင် မိုးချုပ်နေပြီဖြစ်သည်။ ညစာစားချိန် ရောက်လာသော်လည်း ဝမ်ယဲ့ကတော့ သူမ၏ အစေခံမလေးနှစ်ယောက် သူမရှေ့၌ ထိုင်စားနေသည်ကို ကြည့်ရုံသာ ကြည့်နေနိုင်တော့သည်။

‘အိုက်ယား... သနားစရာ‌ကောင်းတဲ့ ငါလေး’

ညနေစာကိုတော့ ရိုးရိုးရှင်းရှင်းသာ ပြန်ဆင်ပေးထားကြသည်။ နေ့လယ်က ကျန်နေသည့် ကြက်သားများကို အာလူးနှင့်ရောကာ ပြန်ချက်ထား‌သောဟင်းတစ်ပွဲနှင့် ခြံဝင်းထဲမှ စားဖိုမှူးကိုယ်တိုင် နယ်ထားသည့် လက်လုပ်ခေါက်ဆွဲပြားများ ဖြစ်သည်။ အနည်းငယ် ဝါကျင့်ကျင့် အရောင်ရှိသော ခေါက်ဆွဲပြားများက ဝါးလိုက်သည်နှင့် အိစက်နေကာ အလွန်စားကောင်းနေသည်။

ဝမ်ယဲ့လည်း အနည်းငယ် မြည်းကြည့်လိုက်သော်လည်း ဗိုက်မဆန့်တော့သဖြင့် မကျေမနပ် ဖြစ်နေရသည်။

အပြင်ဘက်တွင် နှင်းများ ပိုသည်းထန်လာပြီး မြေပြင်တစ်ခုလုံး အဖြူရောင် လွှမ်းခြုံနေကာ ခရီးသွားရန် မဖြစ်နိုင်တော့ပေ။

ဝမ်ယဲ့က ဝိုင်တစ်ခွက်ကို တစ်စိမ့်စိမ့် သောက်လိုက်ရင်း ထောင်ကျီကို လှမ်းပြောလိုက်သည်။

"မနက်ဖြန်မနက် ငါ့ကို မနှိုးနဲ့၊ ငါ အိပ်ရေးဝဝ အိပ်ချင်တယ်"

ထောင်ကျီက သတိပေးနေရှာသည်။

"သခင်မ... ဝိုင်ကို နည်းနည်းပဲ သောက်ပါနော်"

ဝမ်ယဲ့ကတော့ ခပ်အေးအေးပင်။

"တစ်ခွက်တည်းပါဟယ်၊ ငါ တော်တော်လေး ထိန်းသောက်နေတာပါ"

အမှန်တကယ်တွင် သူမ၏အရက်ဒဏ်ခံနိုင်စွမ်းက ထိပ်တန်း ဖြစ်သည်။

ထိုအချိန်တွင် ယွင်ကျီက အပြင်ဘက်မှ ပြန်ဝင်လာသည်။ ခြံဝင်းထဲသို့ ရောက်နေသောကြောင့် စည်းကမ်းများက အိမ်တော်လောက် မတင်းကြပ်ပေ။ အခန်းထဲ၌ အပူပေးခုတင် နှစ်လုံး ရှိနေသဖြင့် သူမရော ထောင်ကျီပါ ဝမ်ယဲ့နှင့်အတူ တစ်ခန်းတည်း အိပ်ကြမည် ဖြစ်သည်။

ဝမ်ယဲ့က လှမ်းမေးလိုက်သည်။

"တခြားသူတွေကိုရော နေရာချပေးပြီးပြီလား"

ယွင်ကျီက ပြန်ဖြေလိုက်သည်။

"အကုန်လုံးကို သေသေချာချာ စီစဉ်ပေးပြီးပါပြီရှင့်"

ဝမ်ယဲ့က ခေါင်းညိတ်ပြရင်း ထပ်ပြောလိုက်သည်။

"လာ... ဒီနားလာပြီး နွေးအောင် လုပ်လိုက်ဦး"

သူမတို့ ခြံဝင်းကို စစ်ဆေးရန် လာကြခြင်းဖြစ်ပြီး သူမတို့ သုံးယောက်နှင့် မြင်းရထားမောင်းသမားတစ်ဦးတည်း ရှိနေခြင်း မဟုတ်ပေ။ သူမ၏ ကိုယ်ပိုင်အစေခံများနှင့် အခြားအစေခံများအပြင် သခင်မလု ထည့်ပေးလိုက်သော ရွှီနယ်စားမင်းအိမ်တော်၏ အစောင့်အရှောက် တစ်ဒါဇင်ခန့်လည်း ပါလာသေးသည်။

ယွင်ကျီက အနားသို့ တိုးလာပြီး ထပ်ပြောလာပြန်သည်။

"နောက်ထပ် တစ်ခုရှိပါတယ် သခင်မ... ရွှီနယ်စားမင်းအိမ်တော်ကနေ စေလွှတ်လိုက်တဲ့ သတင်းပို့သမား ရောက်လာပြီး အကြီးဆုံးအဒေါ် ဒီနေ့ပဲ မြို့တော်ကို ပြန်ရောက်လာပြီလို့ အကြောင်းကြားပါတယ်"

ပင်မဆောင်မှ လွှတ်လိုက်သော ထိုသတင်းပို့သမားက နှင်းများကြားထဲတွင် မြင်းစီးလာခဲ့ရပြီး တစ်ကိုယ်လုံး တောင့်တင်းကာ အေးစက်နေရှာသည်။ ထို့ကြောင့် ယွင်ကျီက အထိန်းတော်ချိုးကို ထိုလူအတွက် အဝတ်အစားခြောက်များ ပြင်ခိုင်းပြီး စွပ်ပြုတ်ပူပူနှင့် စားစရာများပါ ပြင်ဆင်ပေးရန် စီစဉ်ပေးခဲ့သည်။ သူ စားသောက်ပြီးနောက် ချက်ချင်း အနားယူခိုင်းလိုက်သည်။

"အကြီးဆုံးအဒေါ်လား..."

အကြီးဆုံးအဒေါ်ဆိုသည်က မြို့တော်၏ ပြင်ပတွင် တာဝန်ကျနေသော သားဖြစ်သူထံ လိုက်ပါသွားသည့် ရွှီယွဲ့ကျား၏ အဒေါ်အရင်းဖြစ်ကြောင်း ဝမ်ယဲ့ ပြန်သတိရလိုက်သည်။ ရွှီယွဲ့ကျား၏ အဒေါ်ဖြစ်သူက နှစ်သစ်ကူးအတွက် မြို့တော်သို့ ပြန်လာလိမ့်မည်ဟု သခင်မလု ပြောဖူးသည်ကို သူမ ဝေဝေဝါးဝါး မှတ်မိနေသော်လည်း သူမ ခြံဝင်းသို့ ရောက်နေချိန်နှင့် ကွက်တိတိုးလိမ့်မည်ဟုတော့ မထင်ထားခဲ့ပေ။

ယွင်ကျီက ထပ်ပြောလာပြန်သည်။

"ကြည့်ရတာတော့ သခင်မ စီစဉ်ထားသလို ဒီခြံဝင်းထဲမှာ ရက်နည်းနည်းကြာအောင် နေဖို့ မဖြစ်နိုင်တော့ဘူး ထင်တယ်"

ဝမ်ယဲ့ အနည်းငယ် စိတ်ပျက်သွားသော်လည်း အများကြီးတော့ မဟုတ်ပေ။

‘ငါက ဒီတစ်နှစ်တည်း အသက်ရှင်ရမှာမှ မဟုတ်တာလေ၊ ဒီခြံဝင်းကြီးကလည်း ဘယ်မှ ထွက်ပြေးသွားမှာ မဟုတ်ဘူး။’

"ဒါဆို မနက်ဖြန် နေ့လယ်စာစားပြီးမှ ပြန်ကြတာပေါ့"

ဝမ်ယဲ့က ချက်ချင်း ဆုံးဖြတ်လိုက်သည်။

‘ဘာပဲဖြစ်ဖြစ်... ငါကတော့ ငန်းသားပေါင်းကို အရသာရှိရှိ စားဖြစ်အောင် စားသွားမှာပဲ’

......။.......။......

ထိုအချိန်တွင် ရွှီနယ်စားမင်း အိမ်တော်၌လည်း ညစာအဆင်သင့် ဖြစ်နေပြီ ဖြစ်သည်။ သခင်မလုက အကြီးဆုံးအဒေါ်နှင့် ယောင်ရှီတို့အား သွားဖိတ်ခေါ်ရန် ချင်းရွှယ်ကို ညွှန်ကြားလိုက်သည်။

ရွှီယွိရွှမ်က သခင်မလုကို မှီတွယ်ထားရင်း မလှမ်းမကမ်းတွင် မတ်မတ်ထိုင်နေသော ရွှီယွဲ့ကျားကို ခိုးကြည့်နေသည်။ ရွှီယွဲ့ကျားက သူ့ကို လှမ်းကြည့်လိုက်တိုင်း ရွှီယွိရွှမ်က သခင်မလု၏ ရင်ခွင်ထဲသို့ ချက်ချင်း တိုးဝင်ပုန်းကွယ်နေလေသည်။

နေ့လယ်က အနောက်ဘက်ခြံဝင်း၌ ဘာဖြစ်ခဲ့သည်ကို အထိန်းတော်ကျိက သတင်းမပို့ရသေးသဖြင့် သခင်မလု ဘာမှ မသိရသေးပေ။ သူမကတော့ ရွှီယွိရွှမ်တစ်ယောက် မတွေ့ရတာကြာပြီဖြစ်သော ဖခင်ဖြစ်သူကို အနေစိမ်းနေသည်ဟုသာ ထင်နေလေသည်။

ကလေးငယ်‌လေး သူမရင်ခွင်ထဲသို့ တိုးဝှေ့ပုန်းကွယ်နေသည့် ပုံစံကို ကြည့်ရင်း သခင်မလုက ရယ်မောနေသေးသည်။

"ယွိရွှမ်... သားက သားအဖေကိုတောင် မမှတ်မိတော့ဘူးလား"

ရွှီယွိရွှမ်က နှုတ်ခမ်းလေးဆူကာ တစ်ခုခု ပြောချင်နေပုံရသော်လည်း မပြောရဲဖြစ်နေရှာသည်။

ရွှီနယ်စားမင်းကလည်း ကလေးငယ်၏ သက်ဝင်လှုပ်ရှားနေသော အမူအရာကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်ကာ အပြုံးဖြင့် ဝင်ပြောလိုက်သည်။

"မကြောက်ပါနဲ့ကွ... မင်းအဖေက မင်းကို ဘာမှ မလုပ်ပါဘူး"

ရွှီယွိရွှမ်က သူ၏ ဝိုင်းစက်နေသော မျက်လုံးလေးများကို ဖွင့်ကြည့်လိုက်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်သည်။

"ဖေဖေ... မကစားဘူး... ဒန်း..."

အဖြေကို စောင့်နေသော ရွှီနယ်စားမင်းက ဇဝေဇဝါ ဖြစ်သွားပြီး ပြန်မေးလိုက်သည်။

"ဘာလဲ... ငါတော့ နားမလည်ဘူး"

ရွှီယွဲ့ကျား ဒန်းမစီးသည်မှာ ပုံမှန်ပင် ဖြစ်သည်။ သူသာ ဒန်းစီးနေမည်ဆိုလျှင်တော့ ထိတ်လန့်အံ့သြစရာ ဖြစ်သွားပေလိမ့်မည်။

သို့သော် သခင်မလုကတော့ ကလေး ဘာကို ဆိုလိုမှန်း ရိပ်မိလိုက်သည်။

"ရွှမ်အာက ဖေဖေကို ဒန်းလွှဲပေးခိုင်းတာလား"

မနေ့က ဝမ်ယဲ့နှင့် ဒန်းစီးခဲ့ရသည်ကို သူ မဝသေးသဖြင့် ယနေ့ အနောက်ဘက်ခြံဝင်းတွင် သူမကို မတွေ့သောကြောင့် ရွှီယွဲ့ကျားကို အကူအညီတောင်းခဲ့ပြီး စိတ်ပျက်ခဲ့ရခြင်း ဖြစ်မည်ဟု သူမ ခန့်မှန်းလိုက်သည်။

သို့သော် သခင်မလု၏ စကားကိုလည်း ရွှီယွိရွှမ်က ခေါင်းခါပြလိုက်သည်။

"ရွှမ်အာ... မစီးချင်ဘူး"

သူက ဖခင်ဖြစ်သူပြောသော စကားများကို နားမလည်နိုင်ခြင်း ဖြစ်သည်။

ယခုတော့ သခင်မလုပါ ရှုပ်ထွေးသွားရချေပြီ။ သူမက ရွှီယွဲ့ကျားဘက် လှည့်ကာ လှမ်းမေးလိုက်သည်။

"မင်းနဲ့ ရွှမ်အာ ဘာတွေဖြစ်ခဲ့လို့လဲ"

ရွှီယွဲ့ကျားက တည်တည်ငြိမ်ငြိမ် ပြန်ဖြေလိုက်သည်။

"ဘာမှထူးထူးခြားခြား မဟုတ်ဘူး၊ သူ့ကို အပြုအမူနဲ့ဆိုင်တဲ့ အခြေခံသဘောတရားနည်းနည်းလောက် သင်ပေးလိုက်တာပါ"

သခင်မလုတစ်ယောက် ပြောစရာ စကားပင် ပျောက်ရှသွားရသည်။

‘ရွှမ်အာက ငယ်ငယ်လေးပဲ ရှိသေးတာလေ... သူ ဘာနားလည်မှာလဲ’

‘ဒီအခြေအနေက ဖခင်အရင်းက ပထွေးလို ပြုမူနေပြီး၊ မိထွေးကတော့ မိခင်အရင်းလို ဖြစ်နေပြီ၊ တကယ်ကို ထူးဆန်းတဲ့ အခြေအနေမျိုးပဲ’

ရွှီနယ်စားမင်းကလည်း ရွှီယွဲ့ကျားကို မထောက်ခံသည့် အကြည့်ဖြင့် ကြည့်ကာ မှတ်ချက်ချလိုက်သည်။

"ကျင့်ရုံတောင်မှ အဲ့ဒီအရာတွေကို နားမလည်နိုင်သေးတာ၊ မင်းက ရွှမ်အာကို သွားသင်ပေးနေတာလား၊ ကလေး မင်း အနားမကပ်တာ မဆန်းတော့ဘူး"

ထိုအချိန်တွင် အခန်းထဲသို့ ခြေချလိုက်သည့် ရွှီကျင့်ရုံက ထိုစကားကို ကြားသွားပြီး စိတ်ထဲမှ တွေးနေလေသည်။

'အဖေက ငါ့အကြောင်းကို တကယ် သိတာပဲ'

မကြာမီမှာပင် ချင်းရွှယ်က အကြီးဆုံးအဒေါ်နှင့် ယောင်ရှီတို့ကို ခေါ်ဆောင်လာခဲ့သည်။

ရွှီနယ်စားမင်းနှင့် ရွှီယွဲ့ကျားတို့ နှစ်ယောက်စလုံးက မတ်တတ်ရပ်ကာ သူတို့၏အကြီးဆုံးအဒေါ်ကို ဂါရဝပြုလိုက်ကြသည်။

"အကြီးဆုံးအဒေါ်"

ရွှီကျင့်ရုံနှင့် ရွှီကျင့်လင်းတို့ကလည်း ကလေးများလုပ်ရမည့် အမူအရာအတိုင်း ဂါရဝပြုနေကြသည်။

ရွှီယွိရွှမ်ကတော့ အနည်းငယ် နှေးကွေးနေသော်လည်း သူ့အစ်ကိုများကို တုပကာ "ဘွားလေး" ဟု တိုးတိုးလေး လိုက်ခေါ်နေသည်။

အကြီးဆုံးအဒေါ်က ကလေးငယ်၏ ချစ်စရာကောင်းသော အမူအရာကို ကြည့်ကာ သဘောကျသွားပြီး စနောက်လိုက်သည်။

"ရွှမ်အာက ကျိထန်းနဲ့ ရုပ်ချင်း ဆင်ပေမယ့် စရိုက်ကတော့ တစ်စက်မှ မတူဘူးပဲ"

သူမ၏ တူဖြစ်သူကတော့ အမြဲတမ်း မျက်နှာသေနှင့် အေးစက်စက်နိုင်ကာ ပျင်းစရာကောင်းလွန်းသူမှန်း သူမ အသိဆုံးဖြစ်သည်။

သခင်မလုက ဝင်ပြောလိုက်သည်။

"ရွှမ်အာက ကျွန်မဆီမှာပဲ ကြီးပြင်းလာတာလေ၊ ကျင့်ရုံကလည်း သူ့ဆီ မကြာခဏ လာကစားပေးတတ်တော့... ကြာလာတာနဲ့အမျှ သူက ကျိထန်းနဲ့ မတူတော့တာ မဆန်းပါဘူး"

ထိုစကားကို ကြားနေရသည့် ရွှီကျင့်ရုံက တစ်ခုခု ပြန်ပြောချင်သော်လည်း သခင်မလု၏ အကြည့်တစ်ချက်ကြောင့် နှုတ်ဆိတ်သွားရတော့သည်။

‘ဒါဆို ကျွန်တော့်ကြောင့်လို့ ပြောချင်တာလား'

‘ရွှမ်အာက ကျင့်လင်းနဲ့ ပိုတူတာ မဟုတ်ဘူးလား၊ သူတို့နှစ်ယောက်လုံးက အစားအသောက်မက်တာချင်း တူတယ်လေ။’

အားလုံး နေရာတကျ ထိုင်ပြီးသည်နှင့် သခင်မလုက အစေခံများကို ဟင်းပွဲများ တည်ခင်းခိုင်းလိုက်သည်။ ရွှီယွိရွှမ်က သခင်မလု၏ ဘေးတွင် ထိုင်နေပြီး အထိန်းတော်ကျိက သူ့ကို ထိုင်ခုံပေါ်တွင် ထိုင်နိုင်ရန် ကူညီပေးနေသည်။

သူ ဘေးဘီကို ဝေ့ဝဲကြည့်လိုက်သော်လည်း သူ ရှာနေသည့်သူကို မတွေ့သောကြောင့် စိုးရိမ်တကြီး မေးလိုက်သည်။

"မေမေ... မရှိဘူးလား"

သခင်မလုက ညင်ညင်သာသာ ရှင်းပြလိုက်သည်။

"အပြင်မှာ နှင်းတွေ အရမ်းကျနေတော့ လမ်းပေါ်မှာ သွားလာဖို့ ခက်ခဲတယ်လေ၊ သားမေမေက ဒီည ခြံဝင်းမှာပဲ အိပ်ရမှာ၊ မနက်ဖြန်မှ ပြန်လာလိမ့်မယ်"

ရွှီယွိရွှမ်က မော့ကြည့်ပြီး မေးနေပြန်သည်။

"ဘယ်လောက်ကြာမှာလဲ"

သခင်မလု ခဏလောက် စဉ်းစားပြီးမှ သူ နားလည်နိုင်မည့် ပုံစံမျိုးဖြင့် ပြောလိုက်သည်။

"မနက်သားအိပ်ရာနိုးရင် မေမေ့ကို တွေ့ရလိမ့်မယ်"

ရွှီယွိရွှမ်က အားမရှိသလို ခေါင်းညိတ်ပြပြီး ခေါင်းလေးငုံ့သွားသည်။

အကြီးဆုံးအဒေါ်ကလည်း ထိုမြင်ကွင်းကို စိတ်ဝင်တစား စောင့်ကြည့်နေသည်။ သူမက မတွေ့ဖူးသေးသည့် ထိုဒုတိယတူချွေးမအပေါ် ပိုစိတ်ဝင်စားနေပြီ ဖြစ်သည်။

.......။......။......

နောက်တစ်နေ့မနက် မနက်စာ စားပြီးသည်နှင့် ရွှီယွိရွှမ်က အနောက်ဘက်ခြံဝင်းသို့ ခေါ်သွားရန် အထိန်းတော်ကျိကို အတင်းအကျပ် ပူဆာနေသည်။ သူတို့ ရောက်ရှိချိန်တွင် အလင်းရောင် ထွက်ပြူစသာ ရှိနေသေးသည်။

အလွန်အေးစိမ့်နေသော နှင်းတောထဲတွင် ရွှီယွိရွှမ် လမ်းလျှောက်ချင်သည်ဖြစ်စေ၊ မလျှောက်ချင်သည်ဖြစ်စေ အထိန်းတော်ကျိက လုံးဝအလျှော့မပေးဘဲ သူ့ကို ချီခေါ်သွားသည်။

လျိုယာက သူတို့ကို ပင်မဆောင်ထဲသို့ ခေါ်ဆောင်သွားရင်း ပြောပြနေသည်။

"ဒုတိယသခင်က အနောက်ဘက် စာကြည့်ခန်းထဲမှာ ရှိပါတယ်၊ သခင်ငယ်လေး အဲ့ဒီကို သွားချင်လား"

ရွှီယွိရွှမ်က ခေါင်းခါပြလိုက်ပြီး ကြမ်းပြင်ပေါ်သို့ ရောက်သည်နှင့် အိပ်ခန်းထဲသို့ တန်းတန်းမတ်မတ် ပြေးဝင်သွားသည်။ သူ နေရာအနှံ့ ရှာဖွေပြီးနောက် လျိုယာကို လှမ်းမေးလိုက်သည်။

"မေမေရော"

လျိုယာက တုံ့ဆိုင်းစွာ ပြန်ဖြေနေသည်။

"ဒုတိယသခင်မ ပြန်မရောက်သေးပါဘူးရှင့်"

ရွှီယွိရွှမ်က ချက်ချင်း နားလည်သွားသည်။

‘မေမေ ပြန်မလာသေးဘူးပဲ’

လျိုယာက အမြန် ထပ်ပြောလိုက်သည်။

"ဒုတိယသခင်မ မရှိပေမယ့် သခင်ကတော့ ရှိနေပါတယ် သခင်လေး"

ရွှီယွိရွှမ်က နှုတ်ခမ်းလေးဆူကာ အနောက်ဘက် စာကြည့်ခန်းဆီသို့ ဖြည်းဖြည်းချင်း လျှောက်သွားနေသည်။

စားပွဲနောက်တွင်တော့ ရွှီယွဲ့ကျားက မှင်သွေးနေသည်။

ရွှီယွိရွှမ်က ညောင်စောင်းပေါ်သို့ တန်းတက်သွားပြီး သူ့မေမေ အမြဲသုံးနေကျ စောင်လေးကို ခြုံလိုက်သည်။ ထို့နောက် ထုံးစံအတိုင်း တစ်ဦးကိုတစ်ဦး စိုက်ကြည့်သည့် ပြိုင်ပွဲ စတင်တော့သည်။

သို့သော် ယခုတစ်ခါတွင် ရွှီယွိရွှမ်က ဒန်းမစီးချင်တော့ပေ။

ထိုအစား သူက မေးလိုက်သည်။

"ဘယ်မှာလဲ"

ရွှီယွဲ့ကျားက မှင်တုံးကို ပြန်ချလိုက်သော်လည်း မော့မကြည့်ဘဲ ပြန်ဖြေနေသည်။

"ခြံဝင်းမှာ"

ရွှီယွိရွှမ်က ခေါင်းလေးစောင်းကာ ထပ်မေးလိုက်သည်။

"ပြန်လာမှာလား"

ရွှီယွဲ့ကျားက အချိန်တွက်ဆကြည့်ပြီး ပြန်ဖြေလိုက်သည်။

"နောက် နှစ်ရှီးချန်လောက်"

ဘေးတွင် ရပ်နေသော အထိန်းတော်ကျိနှင့် လျိုယာတို့ကတော့ ဇဝေဇဝါဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။

‘ဒီသားအဖနှစ်ယောက် ဘာအကြောင်းတွေ ပြောနေကြတာလဲ’

ရွှီယွိရွှမ်ကတော့ နားလည်သွားပုံရသည်။ သူက စောင်ထဲမှ ခေါင်းလေးသာ ပြူထွက်နေအောင် လှိမ့်ဝင်သွားပြီး အိပ်ရင်း စောင့်နေခဲ့သည်။

......။......။.....

နှစ်ရှီးချန်အကြာ....

မြို့ပြင်ခြံဝင်းတွင်...

ဝမ်ယဲ့တစ်ယောက် ငန်းတစ်ကောင်နောက်သို့ လိုက်ဖမ်းနေသည်။

နှင်းကျနေခြင်း ရပ်သွားသော်လည်း တစ်နေ့နှင့်တစ်ညလုံး နှင်းကျထားသဖြင့် မြေပြင်ပေါ်တွင် နှင်းထုက အတော်လေး ထူနေပြီး ခြေလှမ်းလိုက်တိုင်း နှင်းထဲသို့ နက်ရှိုင်းစွာ ကျွံဝင်သွားတတ်သည်။ ငန်းကလည်း နှင်းတောထဲတွင် ခက်ခဲစွာ ပြေးနေရသလို ဝမ်ယဲ့ကလည်း ထိုနည်းတူပင်။

ယွင်ကျီနှင့် ထောင်ကျီတို့ ဝိုင်းကူဖမ်းပေးသော်လည်း အားလုံး ဖရိုဖရဲ ဖြစ်ကုန်ကြသည်။

ထောင်ကျီက မေးနေရှာသည်။

"သခင်မ... တခြားငန်းတစ်ကောင်ကိုပဲ ရွေးပြီး ပေါင်းစားလို့ မရဘူးလားဟင်"

ဝမ်ယဲ့က ချက်ချင်း ငြင်းလိုက်သည်။

"မရဘူး... ငါ ဒီကောင်ကိုပဲ လိုချင်တယ်၊ သူ ငါ့ကို ကိုက်တယ်"

တစ်ဖက်တွင်လည်း နှစ်ရှီးချန်ကြာအောင် စောင့်ဆိုင်းပြီးနောက် သူ့အမေ ပြန်မလာသေးသည်ကို သိသွားသည့် ရွှီယွိရွှမ်က ရွှီယွဲ့ကျားကို စွပ်စွဲနေသည်။

"ဖေဖေ... လိမ်တယ်"

ရွှီယွဲ့ကျား : "..."

နောက်ဆုံးတွင် ရွှီယွိရွှမ်က ဆက်မစောင့်နိုင်တော့ဘဲ ထိုညောင်စောင်းပေါ်တွင် အိပ်ပျော်သွားပြန်သည်။ ရွှီယွဲ့ကျားက သူ့ကို အိပ်ရာပေါ်သို့ ချီသွားလိုက်သည်။

အနောက်ဘက်ခြံဝင်းတစ်ခုလုံး ခြောက်ကပ်နေပြီး သားအဖနှစ်ယောက်တည်းသာ ရှိနေခဲ့သည်။

အဝေးက ခြံဝင်းထဲတွင်တော့ ဝမ်ယဲ့တစ်ယောက် ငန်းကို မိသွားခဲ့ရုံသာမက ခြံဝင်းထဲမှ ကလေးငယ်များနှင့်လည်း နှင်းလုံးပစ်တမ်း ကစားနေသေးသည်။

သူမက ငန်းဖမ်းရန်အတွက် အစေခံဝတ်စုံ လဲဝတ်ထားပြီး ကလေးများက သူမကို မမှတ်မိသောကြောင့် အားလုံး ပျော်ရွှင်စွာ ဆော့ကစားနေကြသည်။

နာရီဝက်ခန့် ပျော်ပျော်ပါးပါး ဆော့ကစားပြီးနောက်တွင်မှ ဝမ်ယဲ့က သူမ တောင့်တနေခဲ့သော ငန်းသားပေါင်းကို အရသာရှိရှိ စားခွင့်ရခဲ့သည်။

သူမ အမှန်တကယ် ကျေနပ်နေလေသည်။

🌟🌟🌟🌟🌟 Thank you for always being my greatest supporter. 🌟🌟🌟🌟🌟

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment