chapter 18
အခန်း ၁၈ ကလေးကို လှည့်စားခြင်း
နေ့လယ်စာစားချိန်တွင် အမျိုးသားနှင့် အမျိုးသမီးများကို သီးခြားစီ နေရာချထားသော်လည်း ကလေးငယ်များကိုတော့ "အမျိုးသမီးစားပွဲ"တွင်သာ ထိုင်စေသည်။
ဝမ်ယဲ့၏ ဘယ်ဘက်တွင် ညီမငယ်ဝမ်ရန် ရှိနေပြီး ညာဘက်တွင် ရွှီယွိရွှမ် ရှိနေသည်။
ရွှီယွိရွှမ်က သေးငယ်သောကြောင့် ထိုင်ခုံပေါ်တွင် ထိုင်နေချိန်၌ စားပွဲပေါ်သို့ ခေါင်းလေးပေါ်အောင် မနည်းဖော်ထားရသည်။
အထိန်းတော်ကျိက ရွှီယွိရွှမ်ကို ကိုယ်တိုင် ခွံကျွေးနေသဖြင့် ဝမ်ယဲ့လည်း သူမဘာသာ အေးအေးဆေးဆေး စားသောက်နိုင်သည်။ အခြားသော ညီအစ်မများ၏ ကလေးများအပေါ် ထားရှိသည့် အမူအရာနှင့် နှိုင်းယှဉ်လျှင် ဝမ်ယဲ့၏ ချဉ်းကပ်ပုံက ပို၍ ပေါ့ပေါ့ပါးပါး ဖြစ်နေပုံရသည်။
ဤအခိုက်အတန့်တွင် သူမက မိထွေးတစ်ယောက်၏ အစစ်မှန်ဆုံးသော ပုံရိပ်ကို ဖော်ပြနေလေသည်။
ယနေ့တွင် "ထမင်းစားချိန်နှင့် အိပ်ချိန်၌ စကားမပြောရ" ဟူသော စည်းကမ်းကို ဘေးဖယ်ထားကြသည်။ အမျိုးသားများ၏စားပွဲတွင် ဆွေးနွေးငြင်းခုံသံများ ဆူညံနေပြီး ရှန်းသခင်မကလည်း အခြားသူများကို ထိန်းချုပ်မထားတော့ပေ။
ဝမ်ယဲ့က အခြားသူများ စကားကောင်းနေချိန်ကို အခွင့်ကောင်းယူကာ အတော်လေး အဝစားလိုက်သည်။
နေ့လယ်စာကို သူမ၏ အကြီးဆုံးယောင်းမဖြစ်သူ ယန်ရှီကိုယ်တိုင် ကြီးကြပ်ပြင်ဆင်ထားခြင်းသည်ဟု သူမ ကြားထားခဲ့သည်။ မျှော်လင့်ထားသည့်အတိုင်း ဟင်းလျာတစ်ခုချင်းစီက သူမ၏ အရသာခံအာရုံကို အလွန်ကျေနပ်စေခဲ့သည်။
"ဒါလေးက တကယ်ကောင်းတာပဲ"
ဝမ်ယဲ့က ဝက်ပေါင်ခြောက်တစ်ပြားကို မြည်းကြည့်လိုက်ပြီး သူမ ယခင်က စားဖူးသမျှထက် ပိုအရသာရှိသည်ဟု သတ်မှတ်လိုက်သည်။ သူမက အမှတ်တမဲ့ဖြင့် လှမ်းယူရန် ခက်ခဲနေသော ဝမ်ရန်အတွက် ဝက်ပေါင်ခြောက်တစ်ပြား ခပ်ထည့်ပေးလိုက်သည်။
"ကျေးဇူးတင်ပါတယ်၊ စတုတ္ထအစ်မ"
ဝမ်ရန်က ပြောလိုက်သည်။
ရွှီယွိရွှမ်ကတော့ မနက်ပိုင်းတွင် သူ အထားခံခဲ့ရသည်ကို မှတ်မိနေပြီး စိတ်ကောက်နေသေးသည်။ သူ့၏ ခွေးပေါက်လေးကဲ့သို့ မျက်လုံးဝိုင်းလေးများတွင် မျက်ရည်စများ ရစ်ဝဲနေဆဲပင်။
ရွှီယွိရွှမ်က ဝမ်ယဲ့၏ ကြွေပန်းကန်ပေါ်မှ ဝက်ပေါင်ခြောက်ပြားကို စိုက်ကြည့်နေမှန်း သတိပြုမိသွားသည့် အထိန်းတော်ကျိ သူလည်း စားချင်နေသည်ဟု ယူဆလိုက်သည်။ ထို့ကြောင့် သေချာစဉ်းစားပြီးနောက် သူမက သူ့အတွက် တစ်ပြား ခပ်ထည့်ပေးလိုက်သည်။
ဝက်ပေါင်ခြောက်က အနည်းငယ် ငံပြီး ရွှီယွိရွှမ်က ငယ်သေးသောကြောင့် အထိန်းတော်ကျိက ပုံမှန်အားဖြင့် သူ့ကို ပေါ့သောစားစရာများကိုသာ ကျွေးလေ့ရှိသည်။
သို့သော်လည်း ဝက်ပေါင်ခြောက်တစ်ပြားလောက်ကို တစ်ခါတစ်ရံ ကျွေးရုံဖြင့် ဘာမှ မဖြစ်နိုင်ပေ။
အထိန်းတော်ကျိက ရွှီယွိရွှမ်ကို ဝက်ပေါင်ခြောက် ကျွေးရန် ပြင်ဆင်နေချိန်တွင် မမျှော်လင့်ဘဲ ကလေးလေးက ငြင်းဆန်လာခဲ့သည်။
အထိန်းတော်ကျိက သူ့ကို နူးညံ့စွာ ချော့မော့လိုက်သည်။
"သခင်လေး... ဒါက ဒုတိယသခင်မရဲ့ ပန်းကန်ထဲက ဟင်းနဲ့ အတူတူပဲလေ"
ရွှီယွိရွှမ်က ခေါင်းကို ပြင်းပြင်းထန်ထန် ခါယမ်းရင်း ငြင်းဆန်နေသည်။
"ဟင့်အင်း... ဟင့်အင်း မဟုတ်ဘူး"
ထမင်း ဆက်စားရန် ပြင်နေသည့် ဝမ်ယဲ့က ထိုရုတ်ရုတ်သဲသဲ အသံများကို ကြားသွားပြီး ရွှီယွိရွှမ်ကို တစ်ချက် လှည့်ကြည့်ကာ မေးမြန်းလိုက်သည်။
"ရွှမ်အာက.. ဘာဖြစ်လို့လဲ"
အထိန်းတော်ကျိက ရှင်းပြလာသည်။
"သခင်လေးက ဒုတိယသခင်မရဲ့ ပန်းကန်ထဲက ဝက်ပေါင်ခြောက်ကို စိုက်ကြည့်နေတော့ သခင်လေး စားချင်တယ် ထင်လို့ ကျွန်မ တစ်ပြား ခပ်ပေးလိုက်တာပါ၊ ကျွန်မ အထင်မှားသွားပုံရတယ်၊ သခင်လေးက မစားဘူးလို့ ငြင်းနေတယ်"
ထိုစကားကြောင့် ဝမ်ယဲ့၏ အကြည့်က ရွှီယွိရွှမ်ဆီသို့ ပြန်ရောက်သွားပြီး ခေတ္တမျှ တုံ့ဆိုင်းသွားသည်။ ကလေး၏ မျက်လုံးလေးများအတိုင်း သူမ လှည့်ကြည့်လိုက်ရာ ညီမငယ်ဝမ်ရန်က သူမ ထည့်ပေးထားသည့် ဝက်ပေါင်ခြောက်ပြားကို တိတ်တဆိတ် ကိုက်ဝါးနေသည်ကို ဝမ်ယဲ့ တွေ့လိုက်ရသည်။
ကလေးတစ်ယောက်၏ ပိုင်စိုးလိုစိတ်က တစ်ခါတစ်ရံ အမှန်တကယ် နားလည်ရခက်ခဲလွန်းလှသည်။
နောက်ဆုံးတွင် အထိန်းတော်ကျိကလည်း ရိပ်မိသွားပြီး တွန့်ဆုတ်ဟန်ဖြင့် ပြောလာခဲ့သည်။
"ဖြစ်နိုင်တာကတော့... သခင်လေးက ဒုတိယသခင်မကိုယ်တိုင် ခပ်ပေးတဲ့ စားစရာကို လိုချင်နေတာ ထင်တယ်"
ဝမ်ယဲ့ : "..."
'ထမင်းတစ်နပ် စားဖို့ကိုတောင် ဒီလောက် လိုအပ်ချက်တွေ များနေတာလား'
သို့သော်လည်း နောက်ဆုံးတွင် ဝမ်ယဲ့ကသာ လိုက်လျောပေးလိုက်ရသည်။ ထိုသို့မဟုတ်ပါက ကလေးကို စိတ်ဆိုးအောင်လုပ်မိပြီး သူ ငိုချလိုက်သည်နှင့် သူမ ဤအရသာရှိလှသော စားဖွယ်ရာများကို အေးအေးဆေးဆေး စားနိုင်တော့မည် မဟုတ်ပေ။
ဝမ်ယဲ့ကိုယ်တိုင် ခပ်ပေးလိုက်သော ဝက်ပေါင်ခြောက်ပြားကို ရသည်နှင့် အထိန်းတော်ကျိကလည်း ရွှီယွီရွှမ်ကို ဆက်ခွံကျွေးနိုင်ခဲ့သည်။
အရာအားလုံး အဆင်ပြေသွားပြီဟု အထိန်းတော်ကျိ ထင်နေစဉ်မှာပင် ရွှီယွိရွှမ်က ဝက်ပေါင်ခြောက်ကို စားပြီးသည်နှင့် သူ၏နှုတ်ခမ်းလေးများကို ထပ်မံ စေ့ပိတ်ထားလိုက်ပြန်သည်။ ၎င်းက ရင်းနှီးပြီးသားဖြစ်သော သိသိသာသာ ငြင်းဆန်သည့် အမူအရာလေး ဖြစ်သည်။
သူ၏ မျက်လုံးလေးများကို ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း ဝမ်ယဲ့ကိုသာ စိုက်ကြည့်နေတော့သည်။
အထိန်းတော်ကျိလည်း ဘာလုပ်ရမှန်းမသိတော့ဘဲ ဝမ်ယဲ့ကိုသာ အကူအညီတောင်းရတော့သည်။
"ဒုတိယသခင်မ... အခု ဘာဆက်လုပ်ရမလဲဟင်..."
ဝမ်ယဲ့၏ မျက်နှာအမူအရာက အနည်းငယ် ပျော့ပျောင်းသွားပြီး ထပ်မေးလိုက်သည်။
"ရွှမ်အာ... သား ဘယ်ဟင်းကို စားချင်လဲ"
ရွှီယွိရွှမ်က စိတ်လှုပ်ရှားစွာဖြင့် သူနှင့် အနီးဆုံးရှိ ဟင်းတစ်ပွဲကို လက်ညှိုးထိုးပြသည်။
"အသား"
ဝမ်ယဲ့က ဟင်းခပ်ဇွန်းကို ကိုင်လိုက်ပြီး အသားဟင်းဘေးက ဟင်းသီးဟင်းရွက်တစ်ဇွန်းကို ခပ်ယူကာ သူ့အတွက် ထည့်ပေးလိုက်သည်။
ထို့နောက် သူမက အေးအေးဆေးဆေး ပြောလိုက်သည်။
"ရွှမ်အာ၊ အသားလေး စားလိုက်နော်"
ရွှီယွိရွှမ်က ပန်းကန်ထဲက ဟင်းရွက်များကို မျက်လုံးပြူးလေးဖြင့် ကြည့်ပြီး ခေါင်းပြန်မော့ကာ လှမ်းခေါ်လိုက်သည်။
“မေမေ”
ဝမ်ယဲ့က ရုတ်တရက် ရွှီယွိရွှမ်၏ ခေါင်းကို ကြင်ကြင်နာနာ ပုတ်ပေးရင်း ထပ်ပြောလိုက်သည်။
"ဒါက အသားလေ၊ ကျိမားက သားကို လိမ်ပြောခဲ့တာ၊ ကျိမား သားရဲ့ အသားတွေကို ခိုးစားချင်လို့ဖြစ်မယ်"
အခြားကလေးများနည်းတူ ရွှီယွိရွှမ်ကလည်း သူ၏ အစားအသောက်အပေါ် ပိုင်စိုးလိုစိတ် ပြင်းပြသူ ဖြစ်သည်။ ထိုစကားကို ကြားသည်နှင့် သူက ခေါင်းလှည့်ကာ အထိန်းတော်ကျိကို အပြစ်တင်သလို ကြည့်နေလေသည်။
ပန်းကန်လုံးလေးနှင့် ဇွန်းလေးကို ကိုင်ထားသော အထိန်းတော်ကျိကတော့ ဆွံ့အသွားရရှာသည်။
'ဒုတိယသခင်မက သခင်လေးကို သူမ ပြောသမျှ ယုံကြည်သွားအောင် ဘယ်လိုတောင် လှည့်စားလိုက်တာလဲ'
စားပွဲထိပ်တွင် ထိုင်နေသော ရှန်းသခင်မက ၎င်းကို ဆက်ကြည့်မနေနိုင်တော့ဘဲ ကြားဝင်ပြောလိုက်သည်။
"တော်ပါတော့၊ ရွှမ်အာကို အဲဒီလောက်အထိ မစပါနဲ့တော့"
ရွှီယွိရွှမ်က ငယ်သေးသော်လည်း ဟင်းသီးဟင်းရွက်များက အသားလောက် အရသာမရှိမှန်း သူ သိနေပြီ ဖြစ်သည်။ သူ့မေမေက သူ့ကို လှည့်စားလိုက်မှန်း သိသွားသည်နှင့် သူက ဝမ်ယဲ့ကို အပြစ်တင်သည့် အကြည့်များဖြင့် ကြည့်နေလေသည်။ ကလေးလေးက လျစ်လျူရှုခံရပြီး လိမ်ညာခံရသလို ခံစားနေရရှာသည်။
ဝမ်ယဲ့ကတော့ တည်တည်ငြိမ်ငြိမ် ထိုင်နေဆဲ ဖြစ်ပြီး သူ့ကို ထပ်မေးလိုက်သည်။
"ရွှမ်အာ... အသားအပြင် တခြားဘာစားချင်သေးလဲ"
ရွှီယွိရွှမ်က သူ့၏ မကျေမနပ်ဖြစ်နေမှုများကို မေ့သွားပြီး သူ့ရှေ့မှ ဟင်းသီးဟင်းရွက်ပန်းကန်တစ်ခုကို အမြန်လက်ညှိုးထိုးကာ အဆောတလျင် ပြောလိုက်သည်။
"အသား"
ရွှီယွိရွှမ်က ယခင်အဖြစ်အပျက်မှ အနည်းငယ် သင်ယူခဲ့ပုံရပြီး ပိုပါးနပ်လာသည်။
ဝမ်ယဲ့က မျက်ခုံးတစ်ချက် ပင့်လိုက်ပြီး ရွှီယွိရွှမ် 'အသား'ဟု ညွှန်ပြသော အရွက်ဟင်းကို ဟင်းခပ်ဇွန်းဖြင့် ခပ်ပေးလိုက်သည်။
သူ့ပန်းကန်ထဲသို့ နောက်ထပ် ဟင်းရွက်တစ်မျိုး ရောက်လာသည်ကို မြင်လိုက်ရချိန်တွင် ရွှီယွိရွှမ်၏ ဖြူစင်သော မျက်လုံးလေးများ ဝိုင်းဆက်သွားပြီး ဘာတွေဖြစ်နေမှန်း နားမလည်နိုင် ဖြစ်နေရှာသည်။
ထိုနောက်ပိုင်းတွင်တော့ ရွှီယွိရွှမ် အသားကို ညွှန်ပြတိုင်း ဝမ်ယဲ့က ဟင်းရွက်ကိုသာ ခပ်ပေးနေသည်။ သူက ဟင်းရွက်ကို ညွှန်ပြလျင်လည်း သူမက ဟင်းရွက်ကိုသာ ခပ်ပေးနေမြဲပင်။ ရွှီယွိရွှမ် ငိုတော့မည့်ရုပ်လေး ပေါက်လာမှသာ သူမက အသားတစ်တုံးဖြင့် သူ့ကို ချက်ချင်း ပြန်ချော့နေသည်။
ဤအတိုင်း ထပ်ခါတလဲလဲ ဖြစ်နေသဖြင့် နောက်ဆုံးတွင် အထိန်းတော်ကျိလည်း ထုံထိုင်းသွားရသည်။
‘ငါ ဘာပြောနိုင်ဦးမှာလဲ၊ အနည်းဆုံးတော့ ဒီထမင်းတစ်နပ်က သခင်လေးရဲ့ ဟင်းရွက်မစားတဲ့ အကျင့်ဆိုးကို ပြောင်းလဲပေးနိုင်ခဲပြီ မဟုတ်ဘူးလား’
တစ်ချိန်လုံး ကြည့်နေခဲ့သော ရှန်းသခင်မကလည်း ပြောစရာ စကားပင် ရှာမရတော့ပေ။
‘ဒီလိုတွေ ဖြစ်မယ်ဆိုတာ ငါ သိသားပဲ’
ဝမ်ယွိဝမ်ကလည်း တိတ်ဆိတ်နေသည်။
‘အမေ ပြောခဲ့သလိုပဲ ငါရဲ့ စတုတ္ထညီမ ဝမ်ယဲ့က အခြားသူတွေနဲ့ တကယ်ကို ကွဲပြားခြားနားနေတာပဲ’
ဝမ်လန်ကတော့ သူမ၏ ကိုယ်ပိုင်အတွေးထဲတွင် နစ်ဝင်နေသည်။
‘ငါတို့ရဲ့ စတုတ္ထညီမက အခုထိ ကလေးဆန်နေတုန်းပဲ’
ဝမ်ဟွေ့လည်း တိတ်ဆိတ်နေပြီး တစ်စုံတစ်ခုကို တွေးနေလေသည်။
‘စတုတ္ထညီမ ငါ့ကို လာမစနောက်နေရင် ဒါက ကြည့်ရတာ တော်တော်လေး ပျော်စရာကောင်းတယ်’
မည်သို့ပင်ဖြစ်စေ အားလုံး၏အတွေးထဲတွင် တူညီသော ထင်မြင်ချက်တစ်ခုလည်း ရှိနေသေးသည်။
‘ရွှီယွိရွှမ်က ဝမ်ယဲ့ရဲ့ သားဖြစ်လာဖို့ အတိတ်ဘဝမှာ မကောင်းမှုတွေ အများကြီး စုဆောင်းခဲ့ပြီး ဒီဘဝမှာ ကံဆိုးမိုးမှောင်ကျတာများ ဖြစ်နိုင်လား’
‘ဟူး..... သူ အခုမှ အသက်နှစ်နှစ်ပဲ ရှိသေးတယ်၊ ရှေ့လျှောက် သွားရမယ့်လမ်းက အဝေးကြီး လိုသေးတော့ သူ အများကြီး ဒုက္ခရောက်ရှာတော့မယ်၊ ကျစ်... သနားစရာ ကလေးလေး’
........။........။........
ဤရှေးခေတ် ကျင်းမင်းဆက်၏ ဓလေ့ထုံးတမ်းများအရ သတို့သမီးသစ် မိဘအိမ်ပြန်သည့်နေ့တွင် ထိုအိမ်၌ ညအိပ်တည်းခိုခွင့် မရှိပေ။
ထို့ကြောင့် ရှန်အချိန်(ညနေ ၃-၅ နာရီ) မကုန်ဆုံးမီ ပြန်ထွက်ခွာရမည် ဖြစ်သည်။
ထို့ကြောင့် နေ့လယ်စာ စားပြီးနောက် ဝမ်ယဲ့က ရှီးစွေ့ခြံဝင်းသို့ နောက်တစ်ကြိမ် ထပ်သွားခဲ့သည်။
နံနက်ပိုင်းက သူမ၏ "ဦးနှောက်ဆေးခြင်း" နှင့် သူမ၏ ပန်းရောင်သန်းနေသော ပါးပြင်၊ စွမ်းအင်ပြည့်ဝ တက်ကြွသော အမူအရာတို့ကြောင့် သူမ၏ မိခင်ရင်းနှင့် တရားဝင်မိခင်တို့က သူမ ရွှီအိမ်တော်၌ အဆင်ပြေနေသည်ဟု ယုံကြည်သွားကြသည်။
ယခုတစ်ကြိမ်တွင်တော့ သူမ နှုတ်ဆက်ရန် ရောက်လာခြင်း ဖြစ်သည်။
မည်သို့ပင်ဖြစ်ဖြစ် လျိုရှီ၏ ကလေး ရက်တစ်ရာပြည့် အခမ်းအနား မတိုင်ခင်အထိ သူမ မိခင်နှင့် ညီမလေးကို ထပ်တွေ့ရတော့မည် မဟုတ်ပေ။
နာရီဝက်မပြည့်မီမှာပင် ဝမ်ယဲ့က ယွင်ကျီ၊ ထောင်ကျီတို့နှင့်အတူ ရှီးစွေ့ခြံဝင်းမှ ပြန်ထွက်ခွာလာခဲ့သည်။ သူမတို့နောက်တွင် မျက်လုံးများနီနေသော ကိုယ်လုပ်တော်ချန်းနှင့် ညီမငယ်ဝမ်ရန်တို့ ကျန်ရစ်ခဲ့သည်။
ဝမ်ယဲ့ကတော့ နောက်လှည့်မကြည့်ခဲ့ပေ။
‘ဘာပဲဖြစ်ဖြစ် ခွဲခွာခြင်းဆိုတာက ရှောင်လွှဲလို့ မရဘူးလေ၊ မြန်မြန်ဆန်ဆန် လုပ်လိုက်တာက ပိုကောင်းတယ်’
ဝမ်ယဲ့ အဓိကတံခါးဝသို့ ရောက်သွားချိန်တွင် အထိန်းတော်ကျိက ရွှီယွိရွှမ်ကို ရထားလုံးပေါ်၌ နေရာချပေးနေဆဲ ဖြစ်သည်။ ရထားလုံးဘေးတွင် ရပ်နေသော ရွှီယွဲ့ကျားက သူမဘက်သို့ စူးစမ်းသော အကြည့်ဖြင့် လှည့်ကြည့်လာသည်။
လေအေးတစ်ချက် ဝေ့တိုက်သွားသဖြင့် ဝမ်ယဲ့ ခေတ္တမျှ တုံ့ဆိုင်းသွားပြီးမှ ခြေလှမ်းအရှိန်ကို မြှင့်တင်လိုက်သည်။ သူမက ရထားလုံးအနားသို့ ချဉ်းကပ်သွားရင်း လေသံအေးလေးဖြင့် လှမ်းပြောလိုက်သည်။
"စောင့်ခိုင်းမိတဲ့အတွက် တောင်းပန်ပါတယ်၊ ယောကျာ်း"
‘အပြင်လူတွေ ရှိနေတော့ ငါတို့နှစ်ယောက်လုံး အရှက်ရစရာမဖြစ်အောင် ပုံမှန်အတိုင်း ဟန်ဆောင်ပေးရမှာပေါ့’
ရွှီယွဲ့ကျားက အေးအေးဆေးဆေး ပြန်ပြောလာခဲ့သည်။
"ကိစ္စမရှိပါဘူး၊ ရထားလုံး ပေါ်တက်လေ"
ဝမ်ယဲ့က “အမ်း”ဟု အသာအယာ တုန့်ပြန်ပြီး ရထားလုံးပေါ်သို့ အရင် တက်လိုက်သည်။
သူတို့ နယ်စားမင်းအိမ်တော်သို့ ပြန်ရောက်ချိန်တွင် ညနေစောင်းနေပြီ ဖြစ်သည်။ ဝမ်ယဲ့က အနောက်ခြံဝင်းသို့ သွားပြီး၊ ရွှီယွဲ့ကျားကတော့ အရှေ့ခြံဝင်းရှိ စာကြည့်ခန်းသို့ တန်းသွားကာ ရွှီယွိရွှမ်ကိုတော့ အထိန်းတော်ကျိတို့က အဓိကခြံဝင်းသို့ ပွေ့ချီသွားကြသည်။
မိသားစုဝင် သုံးယောက်လုံးက 'အိမ်' တစ်ခုတည်းကို မျှဝေသုံးစွဲခြင်း မရှိဘဲ မိမိတို့၏ ကိုယ်ပိုင်ကမ္ဘာလေးများဆီသို့ အသီးသီး ဦးတည်နေကြသည်။
.......။.......။........
အဓိက ခြံဝင်း......
တစ်နေ့လုံးနီးပါး ရွှီယွိရွှမ်ကို မတွေ့ရသေးသည့် လုသခင်မက အဓိကခြံဝင်း၌ စောင့်မျှော်နေသည်မှာ ကြာနေပြီ ဖြစ်သည်။
ယနေ့ နေ့လယ်ပိုင်းတွင် နယ်စားမင်းက အနောက်ဘက်ဆင်ခြေဖုံးရှိ တပ်စခန်းမှ ပြန်ရောက်လာသည်။ ယခု သူလည်း လုပ်စရာမရှိဘဲ အားလပ်နေသည်ဖြင့် လုသခင်မနှင့်အတူ အဓိကခြံဝင်းတွင် ထိုင်နေခဲ့သည်။
ကလေးက အိပ်ချိန် အများကြီး လိုအပ်ပြီး အထိန်းတော်ကျိက အိပ်ပျော်နေသော ရွှီယွိရွှမ်ကို အဓိကခြံဝင်းသို့ ပွေ့ချီလာခဲ့သည်။
၎င်းကို မြင်သည်နှင့် လုသခင်မက ရွှီယွိရွှမ်ကို ဂရုတစိုက် စောင့်ရှောက်ရန်အတွက် အထိန်းတော်များကို ညွှန်ကြားပြီး သူ့အခန်းဆီသို့ ခေါ်သွားခိုင်းလိုက်သည်။
အထိန်းတော်ကျိကိုတော့ မေးမြန်းရန်အတွက် ကျန်နေစေခဲ့သည်။
လုသခင်မက ဝမ်မိသားစုမှ ရွှီယွိရွှမ်အပေါ် ထားရှိသည့် သဘောထားကို စူးစမ်းချင်ရုံသာမက ဝမ်ယဲ့နှင့် သူမ၏သား ရွှီယွိရွှမ်တို့ကြားမှ ဆက်ဆံရေးကိုလည်း စိတ်ဝင်စားနေခဲ့သည်။
အထိန်းတော်ကျိ၏ အဖြေများက ဘက်မလိုက်ဘဲ တရားမျှတမှုသာ ရှိသည်။ ဝမ်မိသားစုက ရွှီယွိရွှမ်အပေါ် အလွန်အမင်း တက်ကြွနွေးထွေးသည့် အမူအရာမျိုး မပြသော်လည်း သူ့ကို အခြားသောမြေးများနှင့် တန်းတူရည်တူ ဆက်ဆံခဲ့သည်။
ရှန်းသခင်မက ဝမ်မိသားစု၏ တရားဝင်သမီးကြီးမှ မွေးဖွားသော အမြွှာကလေးနှစ်ယောက်မှလွဲ၍ ကျန်ရှိသော မြေးအားလုံးကို တတန်းတည်း ဆက်ဆံခဲ့သည်။ ထိုအထဲတွင် ရွှီယွိရွှမ်လည်း အပါအဝင် ဖြစ်ပြီး အလွန်အမင်း နွေးထွေးမှု မရှိသလို အေးစက်နေခြင်းလည်း မရှိချေ။
ထိုစကားကို ကြားလိုက်ရမှသာ လုသခင်မ၏ မျက်နှာထားလည်း ပြေလျော့သွားခဲ့သည်။
သူမက ရှန်းသခင်မနှင့် သိပ်မရင်းနှီးသောကြောင့် ထိတွေ့ဆက်ဆံမှု အလွန်နည်းပါးသည်။ အကယ်၍ သူမ၏ မတ်ဖြစ်သူနှင့် ဝမ်မိသားစုမှ မိန်းခလေးတစ်ဦး လက်ထပ်သည့်ကိစ္စသာ မရှိခဲ့လျှင် ရှန်းသခင်မကို အသိအကျွမ်းတစ်ယောက်အဆင့်ထက် ပိုသိလိမ့်မည်မဟုတ်ပေ။
ဝမ်မိသားစုက ရွှီယွိရွှမ်ကို မြေးအရင်းကဲ့သို့ ရင်းရင်းနှီးနှီး ဆက်ဆံရန်တော့ လုသခင်မလည်း မမျှော်လင့်ထားခဲ့ပေ။ သူတို့၏ ကိုယ်လုပ်တော်ဖွားသမီးများမှ မွေးဖွားသည့် အခြားမြေးများနှင့် မခွဲခြားဘဲ ဆက်ဆံပေးခြင်းကပင် သူမကို အလွန် ကျေနပ်စေသည်။
လုသခင်မက စိတ်အေးသွားသော အမူအရာဖြင့် မြို့စားမင်းဘက်သို့ လှည့်ကာ ညည်းတွားလိုက်သည်။
"အစပိုင်းမှာ ကျွန်မကပဲ အမြင်ကျဉ်းမြောင်းခဲ့ပုံရတယ်၊ ကျွန်မတို့ရဲ့ ကျိထန်းက ကျွန်မထက် အကဲခတ် ပိုတော်တာပဲ"
နယ်စားမင်းက ပြန်မေးလိုက်သည်။
"အခုတော့... မင်း စိတ်အေးသွားပြီမလား"
လုသခင်မက ခေါင်းငြိမ့်ပြပြီး အထိန်းတော်ကျိကို ဆက်မေးနေပြန်သည်။
"ဒါနဲ့... ဝမ်ရှီက ငါတို့ရဲ့ ရွှမ်အာကို ဘယ်လို ဆက်ဆံလဲ"
"ဒါကတော့..."
"အမှန်အတိုင်းသာ ပြောပါ"
အထိန်းတော်ကျိကလည်း ဘာမှ ချန်မထားဘဲ နယ်စားမင်းအိမ်တော်မှ စထွက်ခွာချိန်မှစကာ ဝမ်အိမ်တော်မှ ပြန်ထွက်လာချိန်အထိ ဝမ်ယဲ့နှင့် ရွှီယွိရွှမ်တို့ကြား ဖြစ်ပျက်ခဲ့သမျှကို အကုန်အစင် ပြန်ပြောပြလိုက်သည်။
အကြောင်းစုံကို ကြားပြီးနောက် လုသခင်မက ခေတ္တမျှ တိတ်ဆိတ်သွားပြီး သူမ၏ အကြည့်က ဝမ်အိမ်တော်သို့ လိုက်ပါသွားခဲ့သော ချင်းမေ့ဆီသို့ မသိမသာ ရွေ့လျားသွားသည်။
ချင်းမေ့ကလည်း ခေါင်းတစ်ချက် အသာအယာ ငြိမ့်ပြလိုက်သည်။
လုသခင်မ : "..."
သို့သော် မြို့စားမင်းကတော့ ခပ်ဟဟ ရယ်မောလိုက်ပြီး မှတ်ချက်ပေးလိုက်သည်။
"ကြည့်ရတာ အမေနဲ့သားက အတော်လေး အဆင်ပြေပြေ ရှိနေကြတာပဲ"
လုသခင်မက မြို့စားမင်းကို တစ်ချက် ကြည့်လိုက်ပြီး ရန်တွေ့လိုက်သည်။
"ရှင်ကတော့ အရမ်းကို အေးဆေးလွန်းနေတာပဲ"
နယ်စားမင်းရွှီက ဘာမှမသိသလို ဟန်ဆောင်နေပြီး အရှေ့ခြံဝင်းတွင် အကျယ်ချုပ် ကျနေသော သူ၏ သားကြီးကို သတိရကာ မေးလိုက်သည်။
"ဒုတိယခြံဝင်းကိစ္စကရော ဘယ်လိုလဲ"
လုသခင်မနှင့် နယ်စားမင်းရွှီက ငယ်စဥ်ကတည်းက စေ့စပ်ထားသော ငယ်ကျွမ်းဆွေများ ဖြစ်ကြပြီး နောင်တွင် လင်မယား ဖြစ်လာပြီး သူတို့၏ တစ်ဦးအပေါ်တစ်ဦး ထားရှိသည့် ခံစားချက်က နက်ရှိုင်းသလို အချင်းချင်း စကားမပြောဘဲ နားလည်နိုင်စွမ်းလည်း ရှိကြသည်။
နယ်စားရွှီက စကားကို မပြည့်မစုံ ပြောတတ်သည့် အလေ့အထ ရှိပြီး အခြားသူများ နားလည်ရန် ခက်ခဲနိုင်သော်လည်း လုသခင်မကတော့ သူ့စကားကို အမြဲတမ်း ရှင်းရှင်းလင်းလင်း နားလည်နိုင်သည်။
"ရှင့်ရဲ့ အကြီးဆုံးသားကို လွှတ်ပေးပြီမှ သူ့ကို ဒုတိယခြံဝင်းဆီ သွားခိုင်းပြီး ကိုယ်တိုင် တောင်းပန်ခိုင်းလိုက်မယ်"
လုသခင်မက ပြန်ဖြေလိုက်သည်။
"အဲ့ဒါအပြင် သူ သူ့ရဲ့ တင်ပါးကိုလည်း သေသေချာချာ ဂရုစိုက်ဖို့ လိုဦးမယ်"
အရေးအကြီးဆုံးက လုရှင်းရုံ၏ ပြဿနာကို မဖြေရှင်းရသေးခြင်းပင်။ လုသခင်မက နောက်ရက်အနည်းငယ်အတွင်း နှင်းများ အရည်ပျော်သည်အထိ စောင့်ဆိုင်းပြီးမှ တင်းအန်းမြို့စားမင်းအိမ်တော်သို့ ကိုယ်တိုင်သွားရောက်ရန် စီစဉ်ထားသည်။
......။.......။.....
ဤဖြစ်ရပ်ပြီးသွားပြီးနောက် ဘဝက ပုံမှန်အတိုင်း ဆက်လက်လည်ပတ်နေခဲ့သည်။ ဝမ်ယဲ့အတွက် တစ်ခုတည်းသော ဝမ်းသာစရာကတော့ သူမ၏ လစဉ်ဓမ္မတာ ပြီးဆုံးသွားခြင်းပင်။
ထိုကြောင့် ဝမ်ယဲ့က ထောင်ကျီကို ရေချိုးရန်အတွက် ရေပူပြင်ဆင်ခိုင်းလိုက်သည်။
အတွင်းခန်းတစ်ခုလုံးတွင် ရေနွေးငွေ့များ ဖုံးလွှမ်းသွားပြီး အအေးဓာတ်များအားလုံး ကွယ်ပျောက်သွားသည်။ ဝမ်ယဲ့က နွေးထွေးသော ရေချိုးကန်ထဲတွင် သက်သောင့်သက်သာ လဲလျောင်းနေသည်။
အားလပ်နေသည့်အချိန်တွင် ဝမ်ယဲ့က ထောင်ကျီကို သူမ ဖတ်ရန် စာအုပ်တစ်အုပ် ယူလာပေးဖို့ ပြောလိုက်သေးသည်။
ယခုတစ်ကြိမ်တွင်တော့ သူမ ဖတ်နေသည်က အမှန်တကယ် စာအုပ်ကောင်း တစ်အုပ်ဖြစ်ပြီး စိတ်အေးချမ်းမှုကို ဖြစ်စေမည့် ကျမ်းစာတစ်အုပ် ဖြစ်သည်။
စာမျက်နှာအချို့ကို လှန်လှောဖတ်ရှုပြီးနောက် ဝမ်ယဲ့က သက်ပြင်းတစ်ချက် ချလိုက်သည်။
ခန်းဆီးအပြင်ဘက်တွင် စောင့်နေသော ထောင်ကျီက အနားသို့ တိုးလာပြီး မေးမြန်းနေသည်။
"တစ်ခုခု ဖြစ်လို့လား၊ သခင်မ"
ဝမ်ယဲ့က ကျမ်းစာကို ပိတ်လိုက်ပြီး ခေါင်းခါပြလိုက်သည်။
"ငါ ရုတ်တရက် တစ်ခုခုကို သဘောပေါက်သွားလို့ပါ"
ထောင်ကျီကတော့ နားမလည်နိုင်ဖြစ်နေရှာသည်။
‘ရေချိုးနေရင်းနဲ့ ရုတ်တရက်ကြီး တစ်ခုခုကို သဘောပေါက်သွားနိုင်လို့လား’
ထောင်ကျီ မမေးမီမှာပင် ဝမ်ယဲ့က ဆက်ပြောလိုက်သည်။
"ထောင်ကျီ... အရှေ့ဆောင်ကို သွားပြီး လျိုရှင်းကို သွားရှာ၊ ပြီးရင် ငါတို့ရဲ့ သခင် ရွှီယွဲ့ကျားကို နားချပေးဖို့ပေါ့ သူ့ကို ပြောလိုက်၊ ဒီလို အေးစက်ပြီး နှင်းကျနေတဲ့ ညမျိုးမှာ ရုံးတော်ကိစ္စတွေကြောင့် သူ့ကျန်းမာရေးကို လျစ်လျူမရှုသင့်ဘူးလေ၊ ဒီရက်ပိုင်း သူ အရမ်းအလုပ်လုပ်နေရတာဆိုတော့ ကောင်းကောင်း အနားယူဖို့ လိုတယ်လို့ ပြောခိုင်းလိုက်"
ထောင်ကျီက ချက်ချင်း တုံ့ပြန်လိုက်သည်။
"အခုချက်ချင်း သွားပြောလိုက်ပါ့မယ်"
ထောင်ကျီတစ်ယောက် လမ်းလျှောက်နေရင်း စိတ်ထဲမှ တွေးနေပြန်သည်။
‘ဒီည ငါတို့ရဲ့ သခင်မက ဘာလို့ ဒုတိယသခင်ကို အာရုံစိုက်နေရတာလဲ’
ထောင်ကျီ၏ သတင်းစကားကို လက်ခံရရှိခဲ့သည့် အရှေ့ဘက်အဆောင်မှ လျိုရှင်းကလည်း အလားတူ ဇဝေဇဝါ ဖြစ်နေခဲ့သည်။
‘ဒုတိယသခင်နဲ့ ဒုတိယသခင်မတို့ လက်ထပ်ပြီးကတည်းက သူတို့ရဲ့ဆက်ဆံရေးက သိပ်မကောင်းဘူးဆိုတာ လူတိုင်း သိတယ်လေ’
‘ဒီည ဒုတိယသခင်မ ဘာတွေ ဖြစ်နေတာလဲ’
ဝမ်ယဲ့၏ အပြုအမူနောက်ကွယ်မှ ရည်ရွယ်ချက်ကို သူမ နားမလည်နိုင်သော်လည်း လျိုရှင်းက စာကြည့်ခန်းသို့သွားကာ ဝမ်ယဲ့၏ သတင်းစကားကို ရွှီယွဲ့ကျားထံ အမှန်အတိုင်း သတင်းပို့လိုက်သည်။
ရွှီယွဲ့ကျားက ဘာမှ ပြန်မပြောပေ။
နောက်ဆုံးတွင် လျိုရှင်းက သူမ၏ ခန့်မှန်းချက်ကိုပါ ထည့်ပြောလိုက်သည်။
"ဖြစ်နိုင်တာကတော့... ဒုတိယသခင်မက သခင် ညစာ ကောင်းကောင်း မစားခဲ့ရမှာကို စိုးရိမ်နေတာလား မသိဘူး"
ယနေ့ တရားရေးဝန်ကြီးဌာနတွင် အရေးပေါ်အမှုတစ်ခု ရှိနေသဖြင့် ရွှီယွဲ့ကျားက အလုပ်ပြီးချိန်ကျော်လွန်မှ ပြန်ရောက်လာခဲ့သည်။ သူက အပြင်တွင် ညစာစားလာခဲ့သည်။ သူ ပြန်ရောက်သည့်အချိန်တွင် အနောက်ခြံဝင်းသို့ မသွားတော့ဘဲ စာကြည့်ခန်းထဲသို့ တန်းဝင်လာခဲ့သည်။
ထို့ကြောင့် လျိုရှင်းက ဤသို့ ခန့်မှန်းလိုက်ခြင်း ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ရွှီယွဲ့ကျားက တိတ်ဆိတ်နေသောကြောင့် လျိုရှင်း ထပ်မပြောရဲတော့ပေ။
အတော်ကြာပြီးနောက် ရွှီယွဲ့ကျားက ညွှန်ကြားလိုက်သည်။
"အနောက်ခြံဝင်းကို သွားပြီး... ငါ ဒီည အနောက်ဘက်ခြံဝင်းကို ပြန်လာခဲ့မယ်လို့ သခင်မကို သွားပြောလိုက်ပါ"
သူ၏ စကားသံထဲတွင် အားကိုးရာမဲ့သည့် အရိပ်အယောင် အနည်းငယ် ပါဝင်နေသည်။
လျိုရှင်းက ခေတ္တမျှ မှင်တက်သွားပြီးမှ ညွှန်ကြားချက်ကို လက်ခံလိုက်သည်။
"ဒီအစေခံ အခုချက်ချင်း သွားပြောလိုက်ပါ့မယ်"
စာကြည့်ခန်းထဲမှ ထွက်လာချိန်တွင် လျိုရှင်းတစ်ယောက် မနေနိုင် မထိုင်နိုင် တွေးနေပြန်သည်။
'ဒုတိယသခင်မ ထောင်ကျီကို လွှတ်ပြီး သတင်းစကားပါးလိုက်တာက ဒီလိုမျိုးဖြစ်လာဖို့ ရည်ရွယ်ခဲ့တာလား'
🌟🌟🌟🌟🌟 Thank you for always being my greatest supporter. 🌟🌟🌟🌟🌟