no

Font
Theme

chapter 20

အခန်း ၂၀ အထင်လွဲမှားမှု

ထောင်ကျီက အလောတကြီး ထပ်ပြောလိုက်သည်။

"သခင်မ... ကျွန်မ အခုပဲ သွားလိုက်ရမလား၊ ညစာစားချိန်ရောက်ရင် အဓိကခြံဝင်းထဲကို သွားမှာဆိုတော့ အကြီးဆုံးသခင်လေးဆီကို တစ်ခါတည်း ပို့ပေးလို့ ရတာပေါ့"

ဝမ်ယဲ့က ခဏလောက် စဉ်းစားပြီး သဘောတူလိုက်သည်။ အချိန်က စောသေးသလို စာအုပ်ဆိုင်ကလည်း သိပ်မဝေးလှပေ။ သူမက ယွင်ကျီကို ခေါ်ပြီး ထောင်ကျီအား ငွေလျန်နှစ်ရာ ပေးရန် ညွှန်ကြားလိုက်သည်။

ယခုအချိန်တွင် ဝမ်ယဲ့ထံ၌ ငွေကြေးပြတ်လပ်မှု လုံးဝ မရှိတော့ပေ။ ကိုယ်လုပ်တော်မှ မွေးဖွားသည့် သမီးတစ်ယောက်အနေဖြင့် ဝမ်မိသားစုတွင် ရှိစဉ်က သူမ လစဉ်သုံးငွေ ဆယ်လျန်သာ ရရှိခဲ့သော်လည်း နယ်စားမင်းအိမ်တော်သို့ လက်ထပ်ဝင်ရောက်ပြီးနောက်တွင် နှစ်ဆတိုးကာ ငွေလျန်နှစ်ဆယ် ရရှိလာသည်။ ထို့အပြင် အိမ်တော်ကို လုသခင်မက စီမံခန့်ခွဲနေခြင်းပြီး ခြံဝင်းတစ်ခုစီအတွက် ကုန်ကျစရိတ်များကို မျှမျှတတ ခွဲဝေထားပြီးသား ဖြစ်သည်။ ရွှီယွဲ့ကျား၏ အသုံးစရိတ်မှအပ အနောက်ဘက်ခြံဝင်းရှိ ကျန်ရှိသော အရင်းအမြစ်အားလုံးကို ဝမ်ယဲ့ စိတ်ကြိုက် အသုံးပြုနိုင်သည်။

လက်ထပ်ပြီး လတစ်ဝက်ခွဲခန့်ကာလအတွင်း ဟုန်ရှင်းအား ဆုလာဘ်ပေးခဲ့သည်မှ လွဲ၍ ဝမ်ယဲ့က သူမ၏ စုဆောင်းငွေများကို တစ်ပြားမှ မထိရသေးပေ။

ကြိုတင်ပြင်ဆင်ထားသော စာအုပ်စာရင်း ရှိနေသောကြောင့် ထောင်ကျီ ထွက်သွားသည်က တစ်နာရီပင် မပြည့်ခဲ့ပေ။ သူမက သေတ္တာများကို ဝိုင်းကူသယ်ပေးသည့် အစေခံနှစ်ယောက်ကို ဦးဆောင်ကာ ပြန်ရောက်လာသည်။

ဝမ်ယဲ့ ပေးလိုက်သော ငွေလျန်နှစ်ရာကတော့ နောက်ဆုံးတစ်လျန်ပင်မကျန်သည်အထိ ကုန်သွားခဲ့သည်။ ကြေးပြားအနည်းငယ်သာ ပိုသော်လည်း အိမ်ပြန်လမ်းတွင် ကန်စွန်းဥဖုတ် ရောင်းသူနှင့် တွေ့သဖြင့် ထောင်ကျီက အနည်းငယ် ဝယ်ယူခဲ့သေးသည်။

မမျှော်လင့်ထားသော စားစရာကို မြင်လိုက်ရသဖြင့် ဝမ်ယဲ့တစ်ယောက် ပျော်မဆုံးဖြစ်သွားပြီး ထောင်ကျီကို ချီးကျူးလိုက်သည်။

"ငါ နင့်ကို အလိုလိုက်ထားရတာ အလကားတော့ မဟုတ်ဘူးပဲ"

ထောင်ကျီက တဟီးဟီး ရယ်မောရင်း ပြန်ပြောလိုက်သည်။

"သခင်မကလည်း အမြဲတမ်း အဲ့ဒီလိုပဲ ပြောနေတာပဲ"

ဝမ်ယဲ့က ကန်စွန်းဥဖုတ်ကို တစ်ဇွန်းခတ်ကာ ပါးစပ်ထဲ ထည့်လိုက်ပြီး အလွန်အမင်း ကျေနပ်နေလေသည်။ ကန်စွန်းဥဖုတ်ကြောင့် ရရှိလာသော စိတ်ကြည်နူးမှုလေးက ညစာစားချိန်အထိ ကြာရှည်သွားခဲ့သည်။

ရှန်အချိန်ကုန်ခါနီးတွင် ရွှီယွဲ့ကျားတစ်ယောက် အနောက်ဘက်ခြံဝင်းသို့ ပြန်ရောက်လာသည်။ ဝမ်ယဲ့က သူ့ကို မြင်သည်နှင့် လှမ်းပြောလိုက်သည်။

"ယောကျ်ား... ခဏလောက် စောင့်ဦးနော်၊ ကျွန်မ အခုပဲ အဆင်သင့် ဖြစ်တော့မှာ"

စာအုပ်က ဆယ်အုပ်ကျော်ကျော်သာ ရှိသော်လည်း အားလုံးကို ဆင့်လိုက်ချိန်တွင် တော်တော်လေး လေးလံနေသည်။ ဝမ်ယဲ့က ထိုစာအုပ်များကို သစ်သားသေတ္တာ နှစ်လုံးထဲသို့ ခွဲထည့်လိုက်ပြီး ယွင်ကျီနှင့် ထောင်ကျီတို့ကို သယ်ခိုင်းလိုက်သည်။

ရွှီယွဲ့ကျားက သစ်သားသေတ္တာများကို တစ်ချက်ကြည့်ကာ ဝမ်ယဲ့ကို လှမ်းကြည့်လိုက်သည်။ သူ ဘာမေးချင်နေမှန်းကို ရိပ်မိနေသည့် ဝမ်ယဲ့က ချက်ချင်း ပြောပြလိုက်သည်။

"ဒါတွေက အကြီးဆုံးသခင်လေးအတွက် ကျွန်မ ပြင်ဆင်ထားတဲ့ လက်ဆောင်လေးတွေပါ၊ ဘာလဲဆိုတာကိုတော့ ထပ်မမေးပါနဲ့ဦး"

သူမ၏ စကားက ရွှီယွဲ့ကျား၏ သိချင်စိတ်ကို ထိရောက်စွာ ပိတ်ပင်လိုက်သလို ဖြစ်သွားခဲ့သည်။

အရာအားလုံး အဆင်သင့်ဖြစ်ပြီဆိုမှ ဝမ်ယဲ့က ထပ်ပြောလိုက်သည်။

"ယောက်ျား၊ သွားလို့ ရပါပြီ"

သို့သော် ရွှီယွဲ့ကျားက ထူးထူးဆန်းဆန်း ပြန်ပြောလာခဲ့သည်။

"ကိုယ်... မင်းနဲ့ ဆွေးနွေးစရာ တစ်ခုရှိတယ်"

ဝမ်ယဲ့ ခဏတာ မှင်တက်သွားပြီးမှ အစေခံမလေးများဘက်သို့ လှည့်ပြီး ညွှန်ကြားလိုက်သည်။

"နင်တို့နှစ်ယောက် အပြင်မှာ ခဏစောင့်နေကြ"

ယွင်ကျီနှင့် ထောင်ကျီတို့က သစ်သားသေတ္တာများကို ကိုင်ကာ အရိုအသေပြုပြီး အခန်းထဲမှ ထွက်သွားကြသည်။

ထိုအခါမှ ဝမ်ယဲ့က မေးလိုက်သည်။

"ယောက်ျား၊ ဘာ‌ပြောချင်လို့လဲ"

"ကိုယ်က ဟိုင်အချိန်မှာ အိပ်ပြီး ယင်အချိန်မှာ နိုးတယ်၊ ကိုယ်ရဲ့ အစားအသောက်တွေကလည်း အမြဲတမ်း စနစ်တကျ ရှိတယ်၊ စပ်လွန်းတာ၊ ငန်လွန်းတာနဲ့ အလွန်အကျွံ စားတာမျိုး မရှိဘူး၊ နောက်ပြီး သိုင်းပညာ လေ့ကျင့်တာကိုလည်း တစ်ရက်မှ မပျက်ကွက်ဘူး"

ရွှီယွဲ့ကျားက တည်ကြည်သော မျက်နှာပေးဖြင့် မေးလာပြန်သည်။

"မင်း နားလည်လား"

ဝမ်ယဲ့က ဝေခွဲမရ ဖြစ်နေခဲ့သည်။

‘ဒါတွေက ဘာကိစ္စနဲ့ သက်ဆိုင်နေလို့လဲ’

"နည်းနည်းလောက် ရှင်းရှင်းလင်းလင်း ပြောပြပေးပါလား"

ရွှီယွဲ့ကျား၏ စိတ်အခြေအနေက မကြည်မလင် ဖြစ်နေပြီး ၎င်းက သူမနှင့် ပတ်သက်နေသည်ဟု ဝမ်ယဲ့ ခံစားလိုက်ရသည်။

ရွှီယွဲ့ကျားက ပြန်ပြောလာသည်။

"ကိုယ် ဆိုလိုတာက တရားရေးဝန်ကြီးဌာနမှာ ရုံးတော်ရဲ့ မီးဖိုချောင် ရှိတယ်၊ မင်း အဲ့ဒီကို စွပ်ပြုတ်တွေ ထပ်ပို့နေဖို့ မလိုတော့ဘူး"

ဝမ်ယဲ့က ဇဝေဇဝါဖြင့် ပြန်မေးလိုက်သည်။

"ဒီကိစ္စကြောင့် ကျွန်မကို စိတ်ဆိုးနေတာလား"

ရွှီယွဲ့ကျားက မျက်မှောင်ကြုတ်လိုက်ကာ မေးခွန်းကို မေးခွန်းဖြင့် တုံ့ပြန်နေသည်။

"ကိုယ်... မင်းကို စိတ်ဆိုးတယ်လို့ ဘယ်တုန်းက ပြောလို့လဲ"

‘သူက နောက်ထပ် နားလည်မှုလွဲတာမျိုးတွေ မဖြစ်စေချင်ရုံလေးပါ’

ဝမ်ယဲ့က ခဏလောက် စဉ်းစားပြီးမှ ထပ်ပြောလိုက်သည်။

"ရှင့်ရဲ့ မျက်နှာကို ကြည့်ရတာ အဲ့ဒီစွပ်ပြုတ်ကြောင့် တစ်ခုခု နားလည်မှု လွဲတာမျိုး ဖြစ်ခဲ့လို့လား"

ရွှီယွဲ့ကျားက ဘာမှပြန်မပြောဘဲ နှုတ်ဆိတ်နေသောကြောင့် ဝမ်ယဲ့က ပြုံးချင်စိတ်ကို အောင့်ထားရင်း ရှင်းပြလိုက်သည်။

"ယောက်ျား... ရှင် နားလည်မှုလွဲနေပြီ၊ အဲ့ဒါက ရိုးရိုးသိုးသားစွပ်ပြုတ်တစ်ခွက်ပါပဲ၊ တခြား ဘာမှ မရှိပါဘူး၊ ဆောင်းတွင်းမှာ ယောက်ျားရဲ့ ခန္ဓာကိုယ် နွေးအောင်လို့ ပို့ခိုင်းလိုက်တာပါ၊ သခင်မလုနဲ့ ရွှမ်အာဆီကိုလည်း ကျွန်မ ပို့ပေးခဲ့သေးတယ်"

ဝမ်ယဲ့ လိမ်ပြောနေခြင်း မဟုတ်ပေ။ သူမ ရွှီယွဲ့ကျားကို စွပ်ပြုတ်ပို့ပေးခြင်းက စနောက်လို၍ မဟုတ်ဘဲ သူ၏ ကျန်းမာရေးကို အမှန်တကယ် စိုးရိမ်သောကြောင့် ဖြစ်သည်။

‘ဘာပဲဖြစ်ဖြစ် အခု သူက ငါ့ရဲ့ ပိုင်ဆိုင်မှုတစ်ဝက် ဖြစ်နေပြီ မဟုတ်ဘူးလား’

ဝမ်ယဲ့က ဆက်ပြောလိုက်သည်။

"ယောက်ျား မကြိုက်ဘူးဆိုရင် နောက်ခါ ကျွန်မ မပို့တော့ဘူးလေ"

ထိုအရာက နားလည်မှုလွဲခြင်း သက်သက် ဖြစ်သော်လည်း မည်သည့်ယောင်္ကျားမှ မိမိ၏ စွမ်းဆောင်ရည်နှင့် ပတ်သက်ပြီး ထိုကဲ့သို့ အမေးခံရသည်ကို နှစ်သက်မည် မဟုတ်ပေ။

သူမ မနက်က စိတ်ကူးပေါက်ရာ လုပ်လိုက်ခြင်းဖြစ်ပြီး ရွှီယွဲ့ကျား အလုပ်လုပ်သည့် တရားရေးဝန်ကြီးရုံးတွင် တခြားအရာရှိများ ရှိနေမည်ကို ဝမ်ယဲ့ သတိမမူမိခဲ့ပေ။ စွပ်ပြုတ်ပို့သည့် အစေခံက တစ်ခုခု ပြောလိုက်ခြင်းကို ဘေးလူများ ကြားသွားခဲ့ခြင်း ဖြစ်နိုင်သည်ဟု သူမ ခန့်မှန်းလိုက်သည်။

ဝမ်ယဲ့၏ မျက်ဝန်းများက ရိုးသားမှုအပြည့် ရှိနေသောကြောင့် ခေတ္တမျှ တိတ်ဆိတ်နေခဲ့သည့် ရွှီယွဲ့ကျားက ပြောလာခဲ့သည်။

"ကိုယ်... မင်းကို နားလည်မှု လွဲသွားတယ်၊ တောင်းပန်ပါတယ်"

မိမိ၏အမှားကို ဝန်ခံတတ်သော ယောင်္ကျားက ခင်ပွန်းကောင်း တစ်ယောက် ဖြစ်သောကြောင့် ဝမ်ယဲ့လည်း သူ့ကို ချက်ချင်း ခွင့်လွှတ်ပေးလိုက်ရုံမှတစ်ပါး အခြားဘာမှ မတတ်နိုင်တော့ပေ။ သို့သော် နောက်ပိုင်းတွင် နားလည်မှု မလွဲစေရန် အကြံပြုလိုက်သေးသည်။

"အချိန်ရရင် ယောက်ျား ဘာကြိုက်တယ်၊ ဘာမကြိုက်ဘူးဆိုတာကို စာရင်းလေး တစ်ခုလောက် လုပ်ပေးထားပါလား"

ရုံးတော်မှ လုပ်ဖော်ကိုင်ဖက်များ၏ ထူးဆန်းသော အကြည့်များက သူ့ကို ခြောက်လှန့်နေဆဲ ဖြစ်သောကြောင့် ရွှီယွဲ့ကျားက ချက်ချင်း သဘောတူလက်ခံလိုက်သည်။

"ကောင်းပြီလေ"

ထိုကိစ္စလေး ပြီးသွားသည့်နောက် သူတို့နှစ်ဦးကြားမှ လေထုက ထူးထူးခြားခြား တိတ်ဆိတ်သွားပြီး အဓိကခြံဝင်းဆီသို့ ထွက်လာခဲ့ကြသည်။

အဓိကခြံဝင်းအတွင်းတွင် ညစာက အဆင်သင့် ပြင်ဆင်ထားပြီး ဖြစ်ကာ ဇနီးမောင်နှံနှစ်ဦး ရောက်လာမည့်အချိန်ကို စောင့်နေကြသည်။ စားပွဲပေါ်တွင် ဟင်းလျာတစ်ဒါဇင်ကျော် ခင်းကျင်းထားသည်။

တစ်နေ့လုံး ဝမ်ယဲ့ကို မမြင်ရသော ရွှီယွိရွှမ်က ပြေးလာပြီး သူမနှင့် ရွှီယွဲ့ကျား ကြားထဲသို့ အတင်းတိုးဝင် ထိုင်ရန် ကြိုးစားနေသည်။

ဝမ်ယဲ့က ရွှီယွိရွှမ်ကို တချက်ကြည့်လိုက်ပြီး သူ ဘာလုပ်ချင်နေမှန်းကို ဝေခွဲမရ ဖြစ်နေသည်။ ဘာအကြောင်းကြောင့်ဖြစ်စေ ဝမ်ယဲ့က သူမ၏ ထိုင်ခုံကိုတော့ အလွယ်တကူ ဖယ်ပေးမည့်သူ မဟုတ်ပေ။ ထို့ကြောင့် သူမက ရွှီယွဲ့ကျားကို အကူအညီတောင်းသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။

စောစောက နားလည်မှုလွဲခဲ့သည့် ကိစ္စကြောင့် အားနာနေသေးသော ရွှီယွဲ့ကျားက ဝင်ဟန့်လိုက်သည်။

"ရွှမ်အာ..."

ရွှီယွိရွှမ်က ဝမ်ယဲ့၏ ခြေထောက်ကို ဖက်တွယ်ထားပြီး ရွှီယွဲ့ကျားကို ပြန်ပြောလိုက်သည်။

"ဟင့်အင်း... မရဘူး"

နယ်စားမင်းက ဝင်ပြောလိုက်သည်။

"သူ ထိုင်ချင်တယ်ဆိုရင်လည်း ထိုင်ခွင့်ပေးလိုက်ပါ"

ရွှီယွဲ့ကျားက ခတ္တ တုံ့ဆိုင်းသွားပြီး မတ်တပ်ထရပ်ကာ သူ့ထိုင်ခုံကို ဖယ်ပေးလိုက်သည်။ အထိန်းတော်ကျိက အထူးပြုလုပ်ထားသော ခုံအမြင့်လေး တစ်ခုကို ယူလာပြီး ဇနီးမောင်နှံနှစ်ဦးကြားတွင် ချပေးလိုက်ရာ ရွှီယွိရွှမ်တစ်ယောက် သူ လိုချင်သော နေရာကို အောင်မြင်စွာ ရရှိသွားခဲ့သည်။

ဝမ်ယဲ့ကတော့ ကလေးလေး၏ အတွေးကို နားမလည်နိုင်ဖြစ်နေရသည်။

‘ဘယ်နေရာမှာ ထိုင်ထိုင် ဘာကွာခြားသွားလို့လဲ...’

ခုံအမြင့်ပေါ်တွင် ထိုင်နေသော ရွှီယွိရွှမ်က သူ့ရှေ့ရှိ အသားလုံးဟင်းကို ကြည့်ပြီး အထိန်းတော်ကျိကို ကလေးသံလေးဖြင့် လှမ်းပြောလိုက်သည်။

"ကျိမား... အသားလုံး"

အထိန်းတော်ကျိက အသားလုံးကို အလျင်အမြန် ခပ်ယူကာ ဇွန်းဖြင့် အပိုင်းလေးများ ဖြစ်အောင် ဖိချေပြီး သူ့ကို ကျွေးလိုက်သည်။ ရွှီယွိရွှမ်က အသားလုံးကို မြိန်ရည်ယှက်ရည် စားလိုက်ပြီး ပါးစပ်မှ အစားကို ဝါးနေရင်း ဝမ်ယဲ့ကို လှမ်းပြောလိုက်သည်။

"မေမေ... သားကို ကြည့်ဦး"

သူ့အသံက အတော်လေး ကျယ်လောင်သဖြင့် ထမင်းကိုသာ အာရုံစိုက် စားနေသည့် ရွှီကျင့်လင်း အပါအဝင် လူတိုင်း လှည့်ကြည့်လာကြသည်။ ဝမ်ယဲ့ကလည်း ထိုကလေး‌လေးကို ငုံ့ကြည့်လိုက်သည်။

ကလေး၏ မျက်ဝန်းများထဲတွင် ဂုဏ်ယူဝင့်ကြွားမှုနှင့် စိတ်လှုပ်ရှားမှုများ အထင်အသား ပေါ်လွင်နေပြီး စစ်ပွဲတစ်ခု၌ အနိုင်ရထားသလို ပြုမူနေသည်။

ဝမ်ယဲ့ ကြည့်နေသည်ကို မြင်လိုက်ရချိန်တွင် ရွှီယွိရွှမ်က နောက်ထပ် အသားဟင်း တစ်ခွက်ကို ထပ်ညွှန်ပြကာ ထပ်ပြောလိုက်ပြန်သည်။

"ကျိမား... အသား"

အထိန်းတော်ကျိ ကိုင်ထားသော တူများက ရွှီယွိရွှမ် ညွှန်ပြသည့် ကြက်သားဟင်းဆီသို့ ချက်ချင်း ရောက်သွားသည်။ ထိုအချိန်မှသာ ဝမ်ယဲ့လည်း သဘောပေါက်သွားခဲ့သည်။

'အင်း... ဒီကလေးက မှတ်ဉာဏ် တော်တော်ကောင်းတာပဲ'

ထိုပုံစံမျိုး အကြိမ်ကြိမ် လုပ်ဆောင်ပြီးနောက်တွင် တခြားလူများကတော့ ဘာမှ သတိမထားမိကြဘဲ ရွှီယွိရွှမ်တစ်ယောက် ဝမ်ယဲ့အပေါ် ချွဲနွဲ့နေသည်ဟုသာ ထင်နေကြသည်။

အထိန်းတော်ကျိတို့ဆီမှ အဖြစ်အပျက်ကို ကြားထားဖူးသည့် နယ်စားမင်းနှင့် သခင်မလုတို့ပင်လျှင် ဘာမှ ရိပ်မိခြင်း မရှိကြပေ။ သို့သော် အသားဟင်းများကို အခါခါ ခပ်ကျွေးနေရသည့် အထိန်းတော်ဟန် တစ်ယောက်သာလျှင် တစ်ခုခုကို စတင် သံသယဝင်လာခဲ့သည်။

သခင်မလုက ဝမ်ယဲ့ကို အကဲခတ်နေသည်။ ဝမ်ယဲ့၏ အမူအရာက နူးညံ့သိမ်မွေ့ပြီး သူမ၏မျက်ဝန်းများက ကြည်လင်နေကာ ရွှီယွိရွှမ်နှင့် ဆက်ဆံရာတွင် စိတ်မရှည်သည့် အရိပ်အယောင် အနည်းငယ်မျှပင် မရှိပေ။

'ဒီကလေး ဝမ်ရှီကို ဒီလောက်ခင်တွယ်နေတာ မဆန်းပါဘူး'

ရွှီယွိရွှမ်၏ သိမ်မွေ့သော ကလဲ့စားချေမှုကို တုံ့ပြန်သည့်အနေဖြင့် ဝမ်ယဲ့က ဟင်းခပ်ဇွန်းကို အသုံးပြုပြီး ဟင်းသီးဟင်းရွက်တချို့ကို ခပ်ယူကာ ကလေး၏ပန်းကန်ထဲသို့ ပန်းကန်ဝက်ခန့်ပုံပေးလိုက်ပြီး ညင်ညင်သာသာ ချော့မော့လိုက်သည်။

"သားက ငယ်သေးတယ်လေ၊ အသားတွေ အများကြီးစားတာ ကျန်းမာရေးအတွက် မကောင်းဘူး၊ ဟင်းသီးဟင်းရွက်တွေလည်း မျှတအောင် စား‌ပေးရမယ်၊ နားလည်လား"

ရွှီယွိရွှမ်၏ မျက်လုံးလေးများ ပြူးကျယ်သွားပြီး ငြင်းရန်ပြင်နေချိန်မှာပင် သခင်မလုက ဝင်ပြောလိုက်သည်။

"သားရဲ့ မေမေပြောတာ မှန်တယ်၊ ကျိမား... ရွှမ်အာကို အသားတွေ ထပ်မကျွေးနဲ့တော့၊ ဝမ်ရှီ ထည့်ပေးထားတဲ့ ဟင်းသီးဟင်းရွက်တွေပဲ ကျွေးလိုက်တော့"

သခင်မလု၏ အမိန့်ကြောင့် အထိန်းတော်ကျိက အသားပန်းကန်ကို အမြန်ချလိုက်ပြီး ဝမ်ယဲ့ ပြင်ပေးထားသည့် ဟင်းသီးဟင်းရွက် ပန်းကန်ကို ပြောင်းကိုင်လိုက်သည်။

ရွှီယွိရွှမ်ကတော့ ကန့်ကွက်နေသေးသည်။

"မရဘူး"

ဝမ်ယဲ့က သူ့ခေါင်းလေးကို အသာအယာ ပုတ်ပေးရင်း ချော့မော့သော အသံဖြင့် ပြောလိုက်သည်။

"လိမ္မာတယ်နော်... စားလိုက်ဦး"

အဖြစ်အပျက်တစ်ခုလုံးကို ကြည့်နေသည့် ရွှီကျင့်ရုံနှင့် ရွှီကျင့်လင်းတို့ ညီအစ်ကိုနှစ်ယောက်ကတော့ သူတို့ပန်းကန်ထဲမှ အသားများကို ဘယ်သူမှ လာမလုနိုင်အောင် တိတ်တဆိတ် ကာကွယ်ထားကြသည်။ သူတို့ အသက်ကြီးနေပြီ ဖြစ်၍ ကြိုက်တာစားနိုင်သည့်အတွက် တော်သေးသည်ဟု ဂုဏ်ယူနေကြသည်။

သို့သော် အရွယ်ရောက်လာခြင်းက အရာအားလုံး မိမိစိတ်တိုင်းကျ ဖြစ်လာလိမ့်မည်ဟု မဆိုလိုကြောင်းကိုတော့ ထိုကလေးနှစ်ယောက် မသိသေးပေ။

"ဒါနဲ့ အကြီးဆုံးယောင်းမ..."

ဝမ်ယဲ့က စိတ်အေးလက်အေး ဖြစ်နေသည့် ညီအစ်ကိုနှစ်ယောက်ကို တစ်ချက်ကြည့်လိုက်ပြီး လုသခင်မကို လှမ်းပြောလိုက်သည်။

"အရင်က ညီမလေးအတွက် စာအုပ်တွေ လိုက်ရှာရင်းနဲ့ အသက်ဆယ်နှစ်အောက် ကလေးတွေနဲ့ သင့်တော်မယ့် စာအုပ်တချို့ကို တွေ့ခဲ့လို့ပါ၊ အကြီးဆုံးသခင်လေးက ဒီနွေဦးမှာ ကျောင်းစတက်တော့မယ်လို့ ကျွန်မ ကြားခဲ့တယ်၊ သူ့ရဲ့ အဒေါ်တစ်ယောက်အနေနဲ့ သင့်တော်မယ့်စာအုပ်တချို့ကို ရွေးပြီး ယူလာပေးခဲ့ပါတယ်"

ရွှီကျင့်ရုံတစ်ယောက် အံ့အားသင့်ပြီး မှင်တက်သွားရသည်။

"တကယ်လား"

လုသခင်မကတော့ အံ့သြဝမ်းသာဖြစ်နေရှာသည်။

"ဝမ်ရှီက တော်တော်လေးကို ဂရုတစိုက် ရှိတာပဲ၊ အလုပ်ရှုပ်သွားရပြီ...ယောင်းမ"

ဝမ်ယဲ့က အပြုံးဖြင့် ပြန်ပြောလိုက်သည်။

"ကျွန်မတို့က မိသားစုတွေလေ"

ထို့နောက် သူမက ယွင်ကျီနှင့် ထောင်ကျီတို့ကို အချက်ပြလိုက်သည်။ မိန်းခလေးနှစ်ယောက် ရှေ့တိုးလာချိန်တွင် လုသခင်မက ချင်းရွှယ်ကို သစ်သားသေတ္တာများအား ဖွင့်ခိုင်းလိုက်ရာ အတွင်း၌ စာအုပ်များ သပ်သပ်ရပ်ရပ် စီထားသည်ကို တွေ့လိုက်ရသည်။

နယ်စားမင်းကလည်း စိတ်ဝင်စားသွားပြီး စာအုပ်တစ်အုပ်ကို ကောက်ကိုင်ကာ လှန်လှောကြည့်ပြီးနောက် ချီးကျူးလိုက်သည်။

"ဒီစာအုပ်တွေကို ရှာဖွေပြင်ဆင်ဖို့က တော်တော်လေး အားစိုက်ခဲ့ရမှာပဲ"

နယ်စားမင်းအိမ်တော်တွင် စာအုပ်စာပေ မရှားပါးသော်လည်း ဝမ်ယဲ့၏ စေတနာနှင့် ဂရုစိုက်မှုကိုတော့ အလေးထားရမည် ဖြစ်သည်။ သခင်မလုက ပို၍ပင် စိတ်လှုပ်ရှားသွားပြီး ဝမ်ယဲ့ကို ကြည့်သည့် အကြည့်များက သိသိသာသာ ပိုနူးညံ့လာသည်။

ထို့နောက် သူမက ကြောင်တောင်တောင် ရပ်နေဆဲဖြစ်သော သားကြီးဖြစ်သူဘက်သို့ လှည့်ကာ လှမ်းပြောလိုက်သည်။

"ကျင့်ရုံ... မင်းရဲ့ ဒုတိယအဒေါ်ကို ဘာလို့ ကျေးဇူးမတင်သေးတာလဲ"

ရွှီကျင့်ရုံက ရှုံမဲ့နေသည့်မျက်နှာလေးကို မပြုံးချင်ပြုံးချင် ပြုံးနေပြီး ပြောလာခဲ့သည်။

"ကျေးဇူးတင်ပါတယ် ဒုတိယအဒေါ်ခင်ဗျာ"

ဝမ်ယဲ့က ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။

"ရပါတယ်ကွယ်"

ရွှီကျင့်ရုံက သေတ္တာထဲမှ ခေါင်းကိုက်စရာ စာအုပ်ပုံကြီးကို တစ်ချက်ကြည့်ပြီး မမေးဘဲ မနေနိုင်တော့ပေ။

"ဒါက ဒုတိယအဒေါ် ပြောတဲ့ ကျွန်တော့်အတွက် လက်ဆောင်ဆိုတာလားဟင်"

ဝမ်ယဲ့က ခပ်ဖျော့ဖျော့လေး ပြုံးလိုက်သည်။

"ဟုတ်တယ်လေ... သခင်လေးက မကြိုက်လို့လား"

ရွှီကျင့်ရုံတစ်ယောက် သူ့မိဘနှစ်ပါးလုံးဆီမှ စူးစူးဝါးဝါး အကြည့်များကို သတိထားမိနေသောကြောင့် မချိပြုံးဖြင့် လက်ခံလိုက်ရသည်။

"ကျင့်ရုံ... ကြိုက်ပါတယ်ခင်ဗျာ"

သခင်မလုက ထပ်ပြောနေသေးသည်။

"နှစ်သစ်ကူးပြီးလို့ ကျောင်းတော်ကို သွားတဲ့အချိန်ကျရင် မင်း စာကို ကြိုးကြိုးစားစား သင်ယူရမယ်။ ကြီးကြီးကျယ်ကျယ် အောင်မြင်မှုတွေ ရဖို့ ငါ မမျှော်လင့်ဘူး၊ ဒါပေမယ့် အနည်းဆုံးတော့ အရင်ကထက်စာရင် အသိတရားရှိပြီး ယဉ်ကျေးသိမ်မွေ့တဲ့သူ တစ်ယောက်တော့ ဖြစ်လာရမယ်"

ရွှီကျင့်ရုံကတော့ စိတ်ဓာတ်ကျနေသည့် ပုံစံလေးဖြင့် ခေါင်းငြိမ့်ပြရှာသည်။

ဘေးနားရှိ ရွှီကျင့်လင်းကတော့ သူ၏ အစ်ကိုကြီးရော၊ ညီလေးပါ ဒုတိယအဒေါ်၏ လက်ချက်မိသွားသည်ကို မြင်လိုက်ရသဖြင့် ခေါင်းလေးကို ပုလိုက်ပြီး ပါးစပ်ထဲမှ အသားကို တိတ်တိတ်လေး ဝါးနေလေသည်။

သို့သော် ကိစ္စက ထိုမျှနှင့် မပြီးသေးပေ။

ဝမ်ယဲ့က ရုတ်တရက် တစ်ခုခုကို သတိရသွားဟန်ဖြင့် ထပ်ပြောလိုက်ပြန်သည်။

"ဪ... ဒါနဲ့၊ အဲ့ဒီထဲမှာ အခြေခံသင်ယူနေတုန်းဖြစ်တဲ့ ကျင့်လင်းအတွက်လည်း စာအုပ်နှစ်အုပ် ပါသေးတယ်"

ရွှီကျင့်လင်း၏ အသားဝါးနေမှုက ရုတ်တရက် ရပ်တန့်သွားပြီး သူ ချက်ချင်း ကန့်ကွက်လိုက်သည်။

"သားက ငယ်သေးတယ်လေ၊ ကျောင်းတော်ကို သွားဖို့ မလိုသေးဘူးမလား"

နယ်စားမင်းရွှီက ကြားဖြတ်ဝင်ပြောလိုက်သည်။

"မင်း အခြေခံပညာ သင်နေတာ နှစ်နှစ်တောင် ရှိပြီပဲ၊ ကျောင်း မတက်ရသေးရင်တောင် ပညာကိုတော့ ဆက်သင်နေရမှာပဲ၊ ဒီစာအုပ်တွေကိုလည်း မင်း ဖတ်ကို ဖတ်ရမယ်"

ရွှီကျင့်လင်းတစ်ယောက် သူ့ပါးစပ်ထဲမှ အသားက အရသာ မရှိတော့သလို ရုတ်တရက် ခံစားလိုက်ရသည်။ ရွှီကျင့်ရုံကတော့ ညီဖြစ်သူပါ အတူတူ ဒုက္ခရောက်ရသည်ကို မြင်မှသာ သူ့၏ စိတ်မချမ်းမြေ့မှုများ အနည်းငယ် ပေါ့ပါးသွားသလို ခံစားလိုက်ရသည်။

သခင်မလုက စာအုပ်များကို အမြန်ရေတွက်ကြည့်ရာ စုစုပေါင်း တစ်ဆယ့်သုံးအုပ် ရှိနေမှန်း သိလိုက်ရသည်။

'ဝမ်ရှီတစ်ယောက် ဒီစာအုပ်တွေအတွက် ငွေအတော်များများ သုံးလိုက်ရမှာပဲ'

‘ကိုယ်လုပ်တော်ဖွား သမီးတစ်ယောက်အတွက် မိသားစုက ပြင်ဆင်ပေးလိုက်တဲ့ ခန်းဝင်ပစ္စည်းကလည်း အရမ်း များမယ် မထင်ဘူး’

‘ကုန်ကျစရိတ်ကို ထည့်မတွက်ရင်တောင် ဝမ်ရှီရဲ့ စေတနာနဲ့ ဂရုစိုက်မှုကိုတော့ လျစ်လျူရှုလို့ မရဘူး’

ခေတ္တမျှ တွေးနေပြီးနောက် လုသခင်မက ပြောလိုက်သည်။

"ငါ့မှာ အရည်အသွေးမြင့် ပတ္တမြားသေတ္တာ တစ်လုံး ရှိတယ်၊ နောက်ကျရင် အဲ့ဒါကို ယူပြီး နင့်အတွက် လက်ဝတ်ရတနာ တစ်စုံလောက် လုပ်လိုက်လေ"

‘ပတ္တမြားတွေလား’

ဝမ်ယဲ့က စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ပြီး ယဉ်ယဉ်ကျေးကျေး ငြင်းဆိုလိုက်သည်။

"အဲ့ဒါက တန်ဖိုးကြီးလွန်းပါတယ်၊ ကျွန်မ မယူဝံ့ပါဘူး"

သခင်မလုက ချမ်းသာကြွယ်ဝသော မြို့စားမင်းမိသားစုမှ ဆင်းသက်လာသူဖြစ်ပြီး နယ်စားမင်းအိမ်တော်၏ ဘဏ္ဍာရေးကို စီမံခန့်ခွဲနေသူဖြစ်ရာ ငွေကြေးချို့တဲ့သူ မဟုတ်ပေ။

"ငါ ပေးတာပါ၊ ယူသာ ယူထားလိုက်"

‘ဘာပဲဖြစ်ဖြစ် ဒါက ပတ္တမြားသေတ္တာလေးတစ်လုံးပဲ မဟုတ်ဘူးလား’

ဝမ်ယဲ့ကလည်း ပြန်ပြောလိုက်သည်။

"ဒါဆိုရင်တော့... ကျေးဇူးတင်ပါတယ် အကြီးဆုံးယောင်းမ"

သခင်မလုက ခဏစဉ်းစားမျှပြီး ထပ်ပြောလိုက်သေးသည်။

"နောင်ကို ဘာပဲလိုလို အဓိကခြံဝင်းကို လူလွှတ်ပြီး ငါ့ကို အသိပေးလို့ရတယ်နော်"

ဝမ်ယဲ့က ရင်ထဲမှ ပျော်ရွှင်မှုကို ထိန်းထားရင်း ခေါင်းငြိမ့်ပြလိုက်သည်။

'ဒါက ချမ်းသာတဲ့ အမျိုးသမီးကြီး တစ်ယောက်ဆီကနေ အလိုလိုက်မှုကို ခံရတဲ့ ပျော်ရွှင်မှုမျိုးလား'

ဝမ်ယဲ့က တစ်ခုခုကို သတိရသွားဟန်ဖြင့် ခေါင်းကို အနည်းငယ် စောင်းလိုက်ကာ ရွှီယွဲ့ကျားကို ခပ်ဖျော့ဖျော့လေး လှမ်းကြည့်လိုက်သည်။ သူကလည်း သူမ၏ အကြည့်ကို သတိပြုမိသွားဟန်ဖြင့် ခေါင်းမော့ကြည့်လာပြီး နှစ်ဦးသား၏ မျက်ဝန်းများ အကြည့်ချင်းဆုံသွားကြသည်။

ဝမ်ယဲ့က သူ့ကို ခေါင်းလေး အသာအယာ ခါပြလိုက်သည်။

ရွှီယွဲ့ကျား : "..."

ဘာကြောင့်ရယ်မှန်းမသိ ရွှီယွဲ့ကျားက တခုခုကို ချက်ချင်း နားလည်သွားခဲ့သည်။

🌟🌟🌟🌟🌟 Thank you for always being my greatest supporter. 🌟🌟🌟🌟🌟

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment