no

Font
Theme

chapter 28

အခန်း ၂၈ ကလေးကို လိမ်လည်ခြင်း

ရွှီယွဲ့ကျားနှင့် စကားပြောသည့် အခါတိုင်း သူက အခြားသူများနှင့်မတူဘဲ သူမ၏ ထူးခြားချက်တစ်ခုခုကို အမြဲ သတိပြုမိနေသလို ဝမ်ယဲ့ ခံစားနေရသည်။

သူ တိတ်ဆိတ်နေသည်ကို မြင်နေရသည့် ဝမ်ယဲ့က ထပ်မေးလိုက်ပြန်သည်။

"ဒါဆို ရှင်ရော အဲ့ဒီလို အဖြစ်မျိုးကို ရင်ဆိုင်ချင်လား"

ရွှီယွဲ့ကျား : "..."

‘ငါက ဘာလို့ အဲ့လို ရင်ဆိုင်ချင်ရမှာလဲ’

ရွှီယွဲ့ကျားက အသားစားရန် အလုပ်ရှုပ်နေသော သူ့သားလေး ရွှီယွီရွှမ်ကို စိုက်ကြည့်လိုက်ပြီး ခဏမျှ တိတ်ဆိတ်နေသေးသည်။ ထို့နောက် သူက ဆုံးဖြတ်ချက် ချလိုက်ဟန်ဖြင့် ပြောလာခဲ့သည်။

"သူ့အတွက် ဆရာတစ်ယောက် အမြန်ရှာပေးသင့်နေပြီ"

ဝမ်ယဲ့၏ နှုတ်ခမ်းထောင့်များတွင် အပြုံးတစ်ခု ပေါ်လာပြီး ရွှီယွီရွှမ်၏ ခေါင်းကို အသာအယာ ပုတ်ကာ လှမ်းပြောလိုက်သည်။

"ရွှမ်အာ... ကြည့်စမ်းပါဦး၊ သားဖေဖေက သားကို ဘယ်လောက် ချစ်လဲဆိုတာ သား သိရဲ့လား"

ဝမ်ယဲ့တစ်ယောက် အနိုင်ရသူတစ်ဦးကဲ့သို့ ဂုဏ်ယူနေပြီး သူမဘာသာ သတိမထားမိပုံရသည်။

ရွှီယွီရွှမ်က သေသေချာချာ နားမလည်သော်လည်း သူ့ဖခင် ရောက်လာပြီးနောက် မိခင်ဖြစ်သူ၏ အပြုံးက တစ်မျိုးဖြစ်နေကာ ထူးဆန်းနေသလို သူ ခံစားနေရသည်။

ရွှီယွဲ့ကျား အိမ်တော်သို့ ပြန်ရောက်နေပြီ ဖြစ်သောကြောင့် ဝမ်ယဲ့အနေဖြင့် သူမနှင့် ရွှီယွီရွှမ်တို့ နှစ်ယောက်တည်း ဟော့ပေါ့စားနေသည်ကို ဒီအတိုင်း ရပ်ကြည့်ခိုင်းထားရန် မဖြစ်နိုင်တော့ပေ။ ထို့ကြောင့် သူမက ယွင်ကျီအား တူတစ်စုံနှင့် နှမ်းဆီအနှစ်တစ်ပန်းကန် ထပ်ယူခိုင်းလိုက်သည်။

"ယောကျာ်း၊ ရှင်လည်း နည်းနည်းလောက် စားကြည့်ပါဦး၊ ဒီဟင်းရည်က အရိုးပြုတ်ရည်နဲ့ လုပ်ထားတာဆိုတော့ ရှင့်အကြိုက်နဲ့ ကိုက်ညီမှာပါ"

ရွှီယွဲ့ကျားကလည်း မငြင်းပဲ သဘောတူလိုက်သည်။

"ကျေးဇူးတင်ပါတယ်"

သို့သော်လည်း သူက ဘာမှ မစားခင် အတွင်းခန်းသို့ သွားကာ ရိုးရိုးအိမ်နေဝတ်စုံ လဲလှယ်ဝတ်ဆင်လိုက်သည်။

ဝမ်ယဲ့ကတော့ အနည်းငယ် နှမြောမိသွားသည်။

‘သူ အဝတ်မလဲခင် အရာရှိဝတ်စုံနဲ့ သူရဲ့ ခန့်ညားမှုကို အကြာကြီး မကြည့်လိုက်ရဘူး’

သူမတို့မိသားစု သုံးယောက်သား အတူတူ ထမင်းစားဖြစ်ကြသည်က ရှားပါးလှသည်။ ဝမ်ယဲ့က ရွှီယွဲ့ကျားအတွက် အသားဖတ်တစ်ဖတ်ကို အလေးအနက် ပြုတ်ပေးလိုက်ပြီး တိုက်တွန်းလိုက်သည်။

"ဒါလေး မြည်းကြည့်ပါဦး"

ဝမ်ယဲ့၏ ထိုအပြုအမူကြောင့် ရွှီယွဲ့ကျားက သူမ ဘာကို ဆိုလိုမှန်း မသေချာဖြစ်နေကာ သူမကို စိုက်ကြည့်နေသည်။

ဝမ်ယဲ့က ချက်ချင်း ရှင်းပြလိုက်သည်။

"အတွေးမလွန်ပါနဲ့၊ ရွှမ်အာ ရှိနေလို့ပါ"

ရွှီယွဲ့ကျားက သူ့ကို အသည်းအသန် စိုက်ကြည့်နေသော ရွှီယွီရွှမ်ကို တစ်ချက်ကြည့်လိုက်ပြီး ဝမ်ယဲ့အား နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။

ထို့နောက် ဝမ်ယဲ့က ရွှီယွဲ့ကျား၏ ပန်းကန်ထဲမှ အသားဖတ်ကို ကြည့်ကာ ရွှီယွီရွှမ် မနာလိုမဖြစ်စေရန် နောက်ထပ် အသားဖတ်တစ်ဖတ်ကို ကလေးငယ်အတွက် ပြုတ်ပေးလိုက်သည်။

ရွှီယွဲ့ကျားက ရွှီယွီရွှမ်အတွက်ကြောင့်နှင့် အိမ်သို့ ရုတ်တရက် ပြန်လာခဲ့ခြင်း ဖြစ်သော်လည်း နောက်ဆုံးတွင် ဝမ်ယဲ့၏ အစီအစဉ်ကို လက်ခံခဲ့သည်။

ထိုအချက်တစ်ခုတည်းအတွက်နှင့်ပင် သူ့ကို အသားဖတ်တစ်ဖတ် ပြုတ်ပေးရကျိုး နပ်သည်ဟု ဝမ်ယဲ့ သတ်မှတ်လိုက်သည်။

‘ဟုတ်တယ်... တကယ်ကို တစ်ဖတ်တည်းပဲ၊ ထပ်မရတော့ဘူး’

သတင်းကြားကြားချင်း နယ်စားမင်းအိမ်တော်သို့ အပြေးအလွှား ပြန်လာခဲ့ကြသော လုသခင်မနှင့် သူမ၏ သားနှစ်ယောက်လည်း ပင်မခြံဝန်း၏ အပြင်ဘက်မှ ထိုမြင်ကွင်းကို မြင်လိုက်ကြရသည်။ လုသခင်မက ထိုနေရာတွင် ရပ်လိုက်ပြီး သူမကို သတိပြုမိသွားသော အစေခံများကို သတင်းမပို့ရန် လက်ဟန်ဖြင့် အချက်ပြလိုက်သည်။

သို့သော်လည်း ရွှီကျင့်လင်းကတော့ လေထဲမှ မွှေးကြိုင်သော အနံ့ကို ရှူရှိုက်မိသွားပြီး တစ်ခုခု ပြောရန် ပါးစပ်ဟလိုက်သည်။ သူ့ထက် ပိုမြန်သော ရွှီကျင့်ရုန်က သူ့ပါးစပ်လေးကို အမြန် လှမ်းပိတ်လိုက်သည်။

ရွှီကျင့်လင်း : "အွန့်... အွန်း"

‘အစ်ကိုကြီးက ဘာလို့ ငါ့ပါးစပ်ကို လာပိတ်နေတာလဲ၊ မင်းရော... မစားချင်ဘူးလား’

ရွှီကျင့်ရုန်က သူ့ကို စိုက်ကြည့်ရင်း စိတ်ထဲမှ ပြောနေလေသည်။

‘ငါလည်း စားချင်တာပေါ့၊ ဒါပေမယ့် ငါက ငါ့တင်ပါးကို ပိုတန်ဖိုးထားတယ်ကွ’

‘မေမေက ဘယ်သူ့ကိုမှ အသိမပေးခိုင်းတာ မမြင်ဘူးလား၊ ဒါက ရှင်းနေတာပဲ၊ ဒုတိယအဒေါ်၊ ဒုတိယဦးလေးနဲ့ ရွှမ်အာတို့မိသားစု အတူတူ စားနေတာကို မနှောင့်ယှက်ချင်လို့လေ’

လုသခင်မက သူမ၏ သားနှစ်ယောက်ကြားမှ တိတ်တဆိတ် အငြင်းပွားမှုကို လျစ်လျူရှုထားသော်လည်း ရွှီကျင့်လင်းကို အချိန်မီ တားဆီးနိုင်ခဲ့သည့်အတွက် ရွှီကျင့်ရုန်အား ချီးကျူးသည့် အကြည့်တစ်ချက် ပေးလိုက်သည်။ ထို့နောက် အထိန်းတော်ရှန်းကို တိုးတိုးလေး ပြောလိုက်သည်။

"ကျွန်မတို့ ပြန်ကြရအောင်"

အထိန်းတော်ရှန်းက တိုးတိုးလေး ပြန်မေးနေသည်။

"သခင်မက ဒုတိယသခင်မနဲ့ သခင်ငယ်လေးကို ကြည့်ဖို့ အပြေးအလွှား ပြန်လာခဲ့တာ မဟုတ်ဘူးလား"

လုသခင်မက အပြုံးဖြင့် ရှင်းပြလိုက်သည်။

"ကျိထန်း ရောက်နေပြီလေ၊ ကျွန်မက ဘာလို့ ဝင်နှောက်ယှက်ရမှာလဲ၊ ပင်မခြံဝန်းကိုပဲ ပြန်ကြမယ်"

သူမနှင့် နယ်စားမင်းကြီးရွှီတို့က ငယ်သူငယ်ချင်းများ ဖြစ်ကြပြီး နယ်စားမင်းရွှီက သူမကို အလွန်မြတ်နိုးကာ ကိုယ်လုပ်တော်ပင် မယူခဲ့ချေ။ ထို့ကြောင့်လည်း လုသခင်မက အခြားသူများထက် အခြေအနေအရပ်ရပ်ကို ပိုမိုအကဲခတ်မိပြီး ရှင်းရှင်းလင်းလင်း မြင်နိုင်ခဲ့သည်။

ရွှီယွဲ့ကျားက အစားအသောက်ကို အများကြီးစားလေ့မရှိပေ။ စားသောက်ပြီးနောက် သူက ပြောလာပြန်သည်။

"အမှုက မပြီးသေးဘူး၊ ကိုယ် တရားရေးဌာနမှာ နောက်ထပ် ရက်အနည်းငယ်လောက် ထပ်နေရဦးမယ် ထင်တယ်"

တရားရေးဌာနတွင် ရာထူးကြီးသည့် မှူးမတ်များအတွက် ယာယီတည်းခိုရန် နေရာများရှိပြီး အမှုကြီးများရှိသည့်အခါ ရွှီယွဲ့ကျားက ထိုနေရာ၌ပင် ညအိပ်လေ့ရှိသည်။

ဝမ်ယဲ့ကလည်း ကန့်ကွက်စရာ မရှိချေ။ သူမက တူကို ချလိုက်ပြီး ပေါ့ပေါ့ပါးပါး တုံ့ပြန်လိုက်သည်။

"ဒါဆိုလည်း သွားလေ"

ရွှီယွဲ့ကျားက သူ၏ ကြက်သွေးရောင် အရာရှိဝတ်စုံကို ပြန်လဲလိုက်သည်။ သူက မထွက်ခွာမီ ရုတ်တရက် ရပ်တန့်ကာ ဝမ်ယဲ့ဘက်သို့ လှည့်ပြီး ထပ်ပြောလိုက်သည်။

"ကိုယ် ဒီနေ့ မြင်းနဲ့ အလောတကြီး ပြန်လာတာဆိုတော့ လူတွေ အများကြီး မြင်သွားကြမှာ သေချာတယ်၊ မင်း လိုအပ်မယ်ဆိုရင် ဒါကို သုံးပြီး ကောလာဟလတွေ ထပ်ဖြန့်လို့ ရတယ်"

ဝမ်ယဲ့က ခဏမျှ ကြောင်သွားပြီးမှ သူ ပြောချင်သည့် အဓိပ္ပာယ်ကို နားလည်သွားကာ အံ့ဩတကြီး ပြန်မေးလိုက်သည်။

"ရှင်က ဒါကို စိတ်မရှိဘူးလား"

ရွှီယွဲ့ကျားက ခပ်တည်တည် ပြန်ဖြေလာသည်။

"ကိုယ်တို့က လင်မယားတွေပဲလေ၊ တစ်စိတ်တစ်ဝမ်းထဲ ဖြစ်သင့်တာပေါ့၊ ဘာလို့ စိတ်ရှိရမှာလဲ၊ ပြီးတော့ ဒါက ကိုယ်အတွက်လည်း အကျိုးရှိတာပဲ မဟုတ်လား"

သူအကြည့်များကလည်း စကားပြောသယောင် ဖြစ်နေသေးသည်။

'ဒါလေးကိုမှ ပြဿနာလုပ်နေရင် ကိုယ်က ဘယ်လိုယောက်ျားမျိုး ဖြစ်သွားမှာလဲ'

ရွှီယွဲ့ကျားက ဝမ်ယဲ့ထံမှ အကြည့်လွှဲလိုက်ပြီး သူ၏ အရာရှိဦးထုပ်ကို ဆောင်းကာ ခန့်ညားသော ကိုယ်ဟန်ဖြင့် တံခါးခုံကို ကျော်ဖြတ်သွားသည်။ သူ၏ကျောပြင်က တဖြည်းဖြည်းနှင့် ဝေးကွာသွားသည်။

ဝမ်ယဲ့က ပထမဆုံးအကြိမ်အဖြစ် ရွှီယွဲ့ကျားကို လူသားတစ်ယောက်ဟု အမှန်တကယ် မြင်လာမိသည်။ အစပိုင်းတွင် သူက စည်းကမ်းကြီးလွန်းသော လူငယ်တစ်ယောက်ဟု သူမ ထင်ထားခဲ့သော်လည်း ယခုတော့...

ထိုအမျိုးသား သူမ၏ မျက်စိရှေ့မှ ပျောက်ကွယ်သွားမှသာ ဝမ်ယဲ့က အကြည့်လွှဲလိုက်ပြီး ယွင်ကျီကို ညွှန်ကြားလိုက်သည်။

"လျိုယာကို သွားခေါ်လိုက်ဦး"

ယွင်ကျီက ဦးညွှတ်ကာ တုံ့ပြန်လိုက်သည်။

“ဟုတ်ကဲ့”

ရွှီယွဲ့ကျားကိုယ်တိုင်က စိတ်မရှိဟု ပြောသွားသောကြောင့် ဝမ်ယဲ့ကလည်း သူ ကမ်းလှမ်းလာသော စေတနာကို သဘာဝကျကျ လက်ခံလိုက်သည်။

ကျန်းမိသားစုမှ လီသခင်မက ဝမ်ယဲ့ကို ဒဏ်ရာရစေပြီး သခင်ငယ်လေးအား ငိုအောင်လုပ်ခဲ့သည့်ကိစ္စကို တီးတိုးတီးတိုး ပြော၍မှမပြီးသေးခင် ရွှီယွဲ့ကျားက ထိုသတင်းကို ကြားကြားချင်း အရာရှိဝတ်စုံပင် မလဲနိုင်ဘဲ မြင်းစီးပြီး အိမ်သို့ အပြေးအလွှား ပြန်သွားခဲ့သည်ဟူသော ကောလာဟလများ ထပ်မံ ပျံ့နှံ့လာပြန်သည်။

ထိုသတင်းကို ကြားရသူများက မနာလိုမှု၊ ငြိုငြင်မှုနှင့် ခံပြင်းမှုတို့ ရောပြွမ်းနေသည့် ရှုပ်ထွေးလွန်းသော စိတ်ခံစားချက်များကို ခံစားလိုက်ကြရသည်။

'ဝမ်ရှီက ဘာလို့ ဒီလောက် ကံကောင်းနေရတာလဲ၊ ကောင်းတဲ့အရာအားလုံးက သူမ လက်ထဲကို ရောက်နေတော့တာပဲ'

ကောလာဟလများ ပျံ့နှံ့နေပြီး အမှန်တရားက မည်သို့ပင်ရှိစေကာမူ မြို့တော်ရှိ ဩဇာကြီးသော မိသားစုများကတော့ ရွှီယွဲ့ကျားက သူ့ဇနီးအသစ်အပေါ် တူးထူးခြားခြား ဆက်ဆံနေမှန်း နားလည်သွားကြပြီ ဖြစ်သည်။ နောင်တွင် ဝမ်ယဲ့နှင့် ဆုံသည့်အခါ ပိုရင်းရင်းနှီးနှီးနှင့် နွေးနွေးထွေးထွေး ယဥ်ယဥ်ကျေးကျေး ဆက်ဆံရန် သူတို့ စတင်တွေးတောလာကြသည်။

ရွှီယွဲ့ကျား ခန့်မှန်းထားသည့်အတိုင်းပင် သူ၏ "ဇနီးအပေါ် အလိုလိုက်သော ခင်ပွန်း" ဟူသည့် ဂုဏ်သတင်းက မြန်မြန်ဆန်ဆန် ပျံ့နှံ့သွားခဲ့သည်။ ဝမ်ယဲ့ကတော့ မနာလိုမှုများ ပြန်ရခဲ့သည်။ အများစုက သူမ ကံကောင်းသွားသည်ဟု ပြောနေကြသည်။

ဝမ်ယဲ့ကလည်း ဂရုစိုက်တတ်သူ မဟုတ်ပေ။

'ကြိုက်သလို တွေးကြပါစေ၊ သူတို့ လိုချင်တဲ့လူကို မပိုင်ဆိုင်နိုင်လို့ မနာလိုဖြစ်ရုံပဲ တတ်နိုင်ရှာတာပါ၊ သူတို့ခမျာ ကြည့်ရုံပဲ ကြည့်နိုင်ပြီး ဘယ်တော့မှ မြည်းခွင့်ရမှာ မဟုတ်ဘူးလေ'

သို့သော်လည်း သူမနှင့် ရွှီယွဲ့ကျားတို့ကြားရှိ ထိုသံယောဇဉ်ကြောင့်ပင် ကောလာဟလများ ပျံ့နှံ့ပြီး နောက်တစ်ရက် မပြည့်မီမှာပင် အမတ်မင်းကျန်းက ချန်းနန်မြို့စားမင်း အိမ်တော်၏ တံခါးဝတွင် ပေကပ် တောင်းပန်နေသော လီသခင်မကို အတင်းအကျပ် ပြန်ဆွဲခေါ်သွားခဲ့သည်။

ဝမ်ယဲ့က ထောင်ကျီဆီမှ အစီရင်ခံစာကို နားထောင်နေချိန်တွင် လီသခင်မက အမတ်မင်းကျန်း၏နေအိမ်တွင် အကျယ်ချုပ် ချထားခြင်း ခံလိုက်ရပြီး အပြင်၌ အရှက်ခွဲခြင်း မပြုရန် တားမြစ်ခံထားရပြီး ဖြစ်သည်။

သတင်းပို့ပြီးနောက် ထောင်ကျီက မကျေမနပ် ပြောလာပြန်သည်။

"ဒါဆို အမတ်မင်းကျန်းက ဘာမှမဖြစ်ဘဲ လွတ်သွားတာလား"

ဝမ်ယဲ့က သူမကို စိတ်အေးအေးထားရန် ချော့မော့လိုက်သည်။

"အမှုက မပြီးသေးဘူးလေ၊ အလျင်စလို ကောက်ချက်မချပါနဲ့ဦး"

ထောင်ကျီက ဇဝေဇဝါဖြစ်နေဟန်ဖြင့် ပြန်မေးလိုက်သည်။

"သားက ပြစ်မှုကျူးလွန်ရင် အဖေကို ထိခိုက်စေနိုင်လို့လား"

ဝမ်ယဲ့က မရေမရာပင် ပြန်ဖြေလိုက်သည်။

"ဖြစ်ရင်လည်း ဖြစ်နိုင်တာပဲ"

အမတ်မင်းကျန်းတွင် သားတစ်ယောက်တည်း ရှိနေခြင်း မဟုတ်ဘဲ သူ့၏ အကြီးဆုံးသားကို ကယ်တင်ရန် မျှော်လင့်ချက် နည်းပါးနေသည်ကို သူလည်း နားလည်နိုင်သည်။ လီသခင်မအနေဖြင့် နောက်ထပ် ပြဿနာ ထပ်မရှာရန်နှင့် နယ်စားမင်းရွှီ၏ မိသားစုအား စော်ကားမိခြင်းမျိုး မဖြစ်အောင် သူ တားဆီးခဲ့ရသည်။

‘အခုတစ်ကြိမ်မှာ နယ်စားမင်းရွှီအိမ်တော်က ဒီကိစ္စကို ဘာမှ ဆက်မစုံစမ်းဘဲ အရေးမယူဖို့ ဆုံးဖြတ်ခဲ့ကြတယ်၊ ဒါပေမယ့် နောက်တစ်ကြိမ်ဆိုရင်ရော.....’

အမတ်မင်းကျန်းက သူ့အိမ်တော်ထဲ၌ အကြီးအကျယ် ဒေါသထွက်နေလေသည်။

‘လိမ်မာယဉ်ကျေးတဲ့ ဇနီးသည်ကပဲ ကြီးပွားချမ်းသာမှုကို ဆောင်ကြဉ်းပေးနိုင်တယ်လို့ ရှေးလူကြီးတွေ အမြဲပြောခဲ့ကြတယ်၊ ငါကတော့ ဘယ်လို ရူးသွပ်နေတဲ့ မိန်းမမျိုးကို လက်ထပ်ခဲ့ရတာတုန်းကွာ’

သူက ခန်းမထဲတွင် ရပ်နေသော အိမ်တော်ထိန်းကို တိုက်ရိုက် အမိန့်ပေးလိုက်သည်။

"ငါ့ရဲ့ ခွင့်ပြုချက်မရှိဘဲ လီသခင်မကို အပြင်ထွက်ခွင့်မပေးနဲ့"

အိမိတော်ထိန်းက ခဏမျှ တုံ့ဆိုင်းနေပြီးမှ ဦးညွှတ်ပြီး အမိန့်နာခံကြောင်း တုံ့ပြန်လိုက်သည်။ သို့သော် သူက ထပ်ပြောလိုက်သည်။

"ဒါပေမယ့် သခင်လေးကတော့ ခြံထဲမှာ ဒူးထောက်နေတုန်းပါပဲ"

အမတ်မင်းကျန်းက အော်ငေါက်လိုက်သည်။

"သူ့ကိုလည်း အကျယ်ချုပ် ချထားလိုက်"

ဤအငယ်ဆုံးသားက အမြဲတမ်း ဉာဏ်ထိုင်းသူဖြစ်ပြီး အမတ်မင်းကျန်းက သူ့ကို အထူးတလည် ချစ်ခင်ခြင်းမရှိဘဲ မကြာခဏ လျစ်လျူရှုထားလေ့ရှိသည်။

မည်သို့ပင်ဆိုစေကာမူ ကျန်းမိသားစုတွင် သားများ ရှားပါးနေသည်တော့ မဟုတ်ပေ။ ယခုအချိန်တွင် သူ၏ တရားဝင် သားကြီးက မျှော်လင့်ချက် မရှိတော့သော်လည်း၊ အမတ်မင်းကျန်းက သူ၏ ပိုမိုထက်မြက်သော အခြားကိုယ်လုပ်တော်ဖွား သားများကိုသာ သူ၏ ဂုဏ်ယူစရာအဖြစ် မှတ်ယူထားဆဲပင်။

ဒေါ်လေးရွှီက သူမ၏ ချွေးမဖြစ်သူ ဝမ်ရှီထံသို့ မြေးလေးအား သွားကြည့်ရင်း ထိုသတင်းကို နားထောင်နေခဲ့သည်။

အစေခံ၏ သတင်းပို့မှုကို နားထောင်ပြီးနောက် ဒေါ်လေးရွှီက နှုတ်ခမ်းကို စေ့လိုက်ပြီး ဝမ်ရှီကို လှမ်းပြောလိုက်သည်။

"နင်တို့ ဦးလေးကတော့ အရင်အတိုင်း နှလုံးသားမဲ့ပြီး ရက်စက်နေတုန်းပဲ"

‘ညှိနှိုင်းလို့ရတဲ့ အနေအထား ရှိနေသေးတာတောင် သူက တခြားလူတွေကို အစွန်းရောက်တဲ့ အခြေအနေအထိ တွန်းပို့လိုက်ပြီ’

လီသခင်မက သူ၏ တရားဝင်ဇနီးကြီး ဖြစ်ပြီး၊ သူမကို ဤကဲ့သို့ အရှက်ခွဲလိုက်ခြင်းက လူကြားထဲတွင် သူမ ဘယ်တော့မှ မျက်နှာ မပြရဲအောင် ရှိသမျှ ဂုဏ်သိက္ခာအားလုံးကို ဖျက်ဆီးပစ်လိုက်ခြင်း ဖြစ်သည်။

ဝမ်ရှီကတော့ လူကြီးများကို ပေါ့ပေါ့တန်တန် မဝေဖန်ရဲဘဲ မယုတ်မလွန်သာ ပြန်ပြောလိုက်သည်။

"အကြီးဆုံးအဒေါ်ရဲ့ ဘဝကတော့ အခုကစပြီး ခက်ခဲတော့မှာပဲ"

ဝမ်ရှီက သူမ လက်မထပ်မီကပင် သူမ၏ဖခင်နှင့် အစ်ကိုများထံမှ အမတ်မင်းကျန်းက မည်သို့သောသူဖြစ်ကြောင်း အကြမ်းဖျင်း ကြားထားဖူးသည်။

အကယ်၍ ကျန်းမိသားစု၏ အဘိုးအိုနှင့် အဘွားအိုတို့ ကွယ်လွန်သွားခြင်းမရှိဘဲ ကျန်းညီအစ်ကိုနှစ်ဦးကလည်း မိသားစုအမွေကို ခွဲဝေယူထားခြင်း မရှိခဲ့ပါက၊ သူမ၏ဖခင်က ဤအိမ်ထောင်ရေးကို မည်သည့်အခါမျှ သဘောတူမည်မဟုတ်ပေ။

ယခုတော့ သူမဖခင်၏ စိုးရိမ်မှုများက မှန်ကန်ကြောင်း သက်သေပြနေသည်။

ကံကောင်းထောက်မစွာဖြင့် သူမ၏ ယောက္ခမများက ကျိုးကြောင်းဆီလျော်သူများ ဖြစ်ကြပြီး သွေးသားတော်စပ်ရုံမျှနှင့် သူမ၏ဦးလေးမိသားစု ချန်ထားခဲ့သော ပြဿနာများကို ဝင်ရောက်မဖြေရှင်းပေးခဲ့ကြပေ။

"သူ့ကို ဂရုမစိုက်နဲ့တော့၊ ဒါက သူ့ဘာသာသူ ရှာခဲ့တဲ့ ဒုက္ခတွေပဲ၊ ငါသာ လီသခင်မနေရာမှာဆိုရင် နင်တို့ဦးလေးကို မျက်နှာအုပ်ပြီး ရိုက်နှက်ဖို့ လူတချို့ ငှားလိုက်မှာ သေချာတယ်"

ဝမ်ရှီ : "..."

‘‌ဪ ငါ့ယောက္ခမကြီး အသည်းအသန် ဖျားချင်နေတာ အံ့သြစရာ မရှိတော့ပါဘူး’

ဒေါ်လေးရွှီက သက်ပြင်းချလိုက်ပြီးနောက် သူမ၏ ချွေးမအနားသို့ တိုးကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။

"နင်တို့ ဦးလေးရဲ့ ကိုယ်လုပ်တော်က သူ့အတွက် နောက်ထပ် သားတစ်ယောက် မွေးပေးလိုက်ပြန်ပြီတဲ့"

ဝမ်ရှီ : "..."

‘ယောက္ခမက ဒါကို ဘာကြောင့် ငါ့ကို ထပ်ပြောနေရပြန်တာလဲ’

ဝမ်ရှီ ဤမိသားစုထဲသို့ လက်ထပ်ဝင်ရောက်လာစဉ်က သူမ၏ ယောက္ခမက ဂုဏ်သိက္ခာရှိပြီး ယဉ်ကျေးပျူငှာသော အမျိုးသမီးတစ်ဦးဖြစ်သည်ကို သိခဲ့ရသဖြင့် စိတ်အေးခဲ့ရသည်။

သို့သော် လအနည်းငယ်အတွင်းမှာပင် သူမ စိတ်အေးမိသည်မှာ စောသွားကြောင်း သူမ သိခဲ့ရသည်။

သူမ၏ ယောက္ခမက လူကောင်းတစ်ဦးဖြစ်သော်လည်း ဝမ်ရှီကို မကြာခဏ ဘာပြန်ပြောရမှန်းမသိအောင် ဆွံ့အသွားစေတတ်သည်။

ရိုးရှင်းသော လူသတ်မှုတစ်ခုကို အလျင်အမြန် စီရင်ချက်ချနိုင်ခဲ့ပြီး ရက်အနည်းငယ်အတွင်းမှာပင် အမိန့်ထွက်လာခဲ့သည်။ ကျူးလွန်သူ ကျန်းမင်အား ခေါင်းဖြတ်သတ်ရန် စီရင်ချက်ချလိုက်ပြီး၊ သူ့ကို မြှောက်ပင့်ပေးခဲ့သူများကိုတော့ သက်သေအထောက်အထားများအပေါ် မူတည်ပြီး အမျိုးမျိုးသော ပြစ်ဒဏ်များ၊ ကြိမ်ဒဏ်၊ ထောင်ဒဏ်နှင့် ပြည်နှင်ဒဏ်များ အသီးသီးကျခံစေသည်။

ပုံမှန်အားဖြင့် ဤကဲ့သို့သော အသေးအဖွဲအမှုကို ဧကရာဇ်မင်းမြတ် အာရုံစိုက်လိမ့်မည် မဟုတ်ပေ။ သို့သော် ထိုအမှုတွင် အရာရှိတစ်ဦး၏ အကြီးဆုံးသား ပါဝင်ပတ်သက်နေသဖြင့် ဧကရာဇ်မင်းမြတ်လည်း အနည်းငယ် သတိပြုမိသွားခဲ့သည်။

အမတ်မင်းကျန်းက လီသခင်မအား အကျယ်ချုပ်ချထားခြင်းမျိုး ဟန်ပြလုပ်ဆောင်ခြင်းကြောင့် နယ်စားမင်းအိမ်တော်မှ သူ့အပေါ် အပြစ်တင်တော့မည်မဟုတ်ဟု ယူဆထားခဲ့သည်။

ဤကိစ္စ ဧကရာဇ်မင်းမြတ်၏ နားတော်အထိ ပေါက်ကြားသွားလိမ့်မည်ဟု သူ အိမ်မက်ပင် မမက်ခဲ့ဖူးပေ။ လက်ရှိ မယ်တော်ကြီးနှင့် ဧကရာဇ်မင်းတို့အပေါ် ကွယ်လွန်သူ နှောင်းဧကရာဇ်က မည်သို့နှိပ်စက်ညှဉ်းပန်းခဲ့သည်ကို မြို့တော်ရှိ မှူးမတ်မိသားစုတိုင်း ကောင်းကောင်းကြီး သိထားကြသည်။

နန်းတက်လာသည့် ဧကရာဇ်အသစ်က ဇနီးကြီးအပေါ် မညှာတာသော သို့မဟုတ် တရားဝင်သားသမီးများအား ပစ်ပယ်ထားသော အရာရှိများကို အထူးတလည် စက်ဆုပ်ရွံရှာသူ ဖြစ်သည်။ သို့သော် အမတ်မင်းကျန်းကတော့ ဧကရာဇ်၏ ဒေါသကို ဆွပေးမိသလို ဖြစ်သွားခဲ့သည်။

အမတ်မင်းကျန်းက ထိုပြသနာကို သိထားသော်လည်း နန်းတော်ထဲရှိ ဧကရာဇ်မင်းကိုယ်တိုင် ကြားသိရသည်အထိ အခြေအနေ ကြီးထွားသွားလိမ့်မည်ဟုတော့ မထင်ထားခဲ့ပေ။ သူ ဧကရာဇ်၏ မကျေနပ်မှုကို သိရှိရချိန်တွင် ရာထူးချသည့် အမိန့်တော်က သူ့အိမ်ရှေ့သို့ ရောက်ရှိနေပြီ ဖြစ်သည်။

သူ ရာထူးအဆင့်ဆင့် လျှော့ချခံလိုက်ရပြီး အာဏာမရှိသော သာမန်ဆဋ္ဌမအဆင့် အရာရှိလေးဘဝသို့ ပြန်ရောက်သွားသည်။ ၎င်းကလည်း ဧကရာဇ်မင်းမြတ်က သူနှင့် ချန်းနန်မြို့စားမင်း၏ သွေးသားတော်စပ်မှုကို ထောက်ထားပေးခဲ့သောကြောင့် ဤမျှနှင့် သက်သာရာရခဲ့ခြင်း ဖြစ်သည်။

ဤအခြေအနေတွင် ဦးနှောက်သူတိုင်း အမတ်မင်းကျန်းအတွက် အသနားခံပေးရန် နောက်တွန့်နေကြသည်။ တစ်ချိန်က ကျန်းမိသားစုနှင့် ကောင်းမွန်သော ဆက်ဆံရေးရှိခဲ့သည့် မိသားစုများပင် ယခုအခါ အဝေးသို့ ရှောင်ဖယ်ကာ ပတ်သက်မိမည်ကို စိုးရိမ်နေကြသည်။

အဖြစ်အပျက်၏ ဇာတ်သိမ်းကတော့ အမတ်မင်းကျန်း၏ တရားဝင်ဇနီး လီသခင်မက ဧကရာဇ်၏ အမိန့်တော်ကြောင့် ရဲတင်းလာကာ အိမ်တော်တွင်းမှ အာဏာကို ပြန်လည်ရရှိသွားခြင်းပင်။ နောက်ဆုံးတွင် အမတ်မင်းကျန်းကိုယ်တိုင် နေအိမ်အကျယ်ချုပ် အခြေအနေသို့ ရောက်ရှိသွားခဲ့ရသည်။

ဝမ်ယဲ့ ထိုသတင်းကို နားထောင်ရင်း သူမက အစေခံအချို့အား ဒန်းတစ်ခု ဆင်ခိုင်းရန် ညွှန်ကြားနေပြီး အလုပ်ရှုပ်နေခဲ့သည်။

သတင်းစုံစမ်းရန် ဟိုပြေးဒီပြေး လုပ်ထားရသဖြင့် မောပန်းနေသော ထောင်ကျီက သူမ၏ အစ်မဖြစ်သူ ယွင်ကျီပေးသော ရေတစ်ခွက်ကို သောက်ရင်း မေးနေရှာသည်။

"သခင်မ... နားထောင်နေသေးရဲ့လား"

ဝမ်ယဲ့က မဆိုင်းမတွ ပြန်ဖြေလိုက်သည်။

"ဒန်းဆင်နေတာကိုပဲ ကြည့်ရအောင်"

ထောင်ကျီ : "..."

‘ငါ သတင်းတွေ လိုက်စုံစမ်းခဲ့သမျှ အချည်းနှီး ဖြစ်သွားရပြီပေါ့’

အနားတွင် ရပ်နေသော ယွင်ကျီကတော့ ပြုံးနေပြီး ဝမ်ယဲ့က သူမတို့ရှေ့တွင် အပြုံးတစ်ခုဖြင့် ရပ်နေသည်။

‘ “စစ်တပ်ကို ရက်ပေါင်း တစ်ထောင် လေ့ကျင့်ပေးထားတာက အခိုက်အတန့်လေး တစ်ခုမှာ သုံးဖို့အတွက်ပဲ" ဆိုတဲ့ စကားက အမှန်ပဲလေ၊ ငါ ထောင်ကျီကို သူတို့အတွက် မုန့်တွေ မကြာခဏ ပို့ခိုင်းခဲ့တာကလည်း ဒီလိုအချိန်မျိုးအတွက်ပဲ။ ကြည့်လိုက်စမ်းပါ... သူတို့ ဘယ်လောက်တောင် စိတ်အားထက်သန်မှုအပြည့်နဲ့ လုပ်ပေးနေကြသလဲဆိုတာ ကြည့်လိုက်ပါဦး’

ဒန်းကို စင်္ကြံအောက်တွင် ဆင်ထားပြီး ဝမ်ယဲ့ တောင်းဆိုထားသည့်အတိုင်း နောက်မှီပါကာ ခြေထောက်မပါသော ပုံစံမျိုး ဖြစ်သည်။ အိစက်ညက်ညောသော ထိုင်ဖုံများ ပါရှိသဖြင့် ထိုင်ရသည်မှာလည်း အလွန်သက်သောင့်သက်သာ ရှိလှသည်။

ရွှီယွီရွှမ်က ဒန်းကို တစ်ခါမှ မမြင်ဖူးပေ။ ပင်မခြံဝန်းတွင် လုသခင်မက ကလေးများ အန္တရာယ်ရှိမည်ကို စိုးရိမ်သဖြင့် မဆင်ခိုင်းခဲ့ပေ။

အရှေ့ဘက်ခြံဝန်းတွင်လည်း ရွှီကျင့်ရုန်က ၎င်းကို မိန်းကလေးများ နှစ်သက်သည့်အရာဟု သတ်မှတ်ထားပြီး မဆင်ခိုင်းခဲ့ပေ။ ရွှီကျင့်လင်းကတော့ သူ့စိတ်ထဲတွင် အစားအသောက်တစ်ခုတည်းသာ ရှိနေလေသည်။

ထို့ကြောင့် ရွှီယွီရွှမ်က တစ်ဝက်တစ်ပျက် ဆင်ထားသော ဒန်းကို ပတ်ချာလည် လိုက်ကြည့်နေပြီး ဤပစ္စည်းအသစ်ကို စူးစမ်းလိုစိတ်၊ ပျော်ရွှင်စိတ်များဖြင့် မျက်လုံးလေးများ တောက်ပနေရှာသည်။

ခဏအကြာတွင် သူက ဝမ်ယဲ့ဆီသို့ ယိုင်တိုင်တိုင် လမ်းလျှောက်လာပြီး ဒန်းကို လက်ညှိုးထိုးပြလိုက် သူ့ကိုယ်သူ လက်ညှိုးထိုးပြလိုက်ဖြင့် မေးနေပြန်သည်။

"မေမေလား၊ သားလား"

ဝမ်ယဲ့က အပြုံးဖြင့် ခေါင်းခါပြလိုက်ပြီး ရက်ရက်စက်စက် ငြန်းပယ်လိုက်သည်။

"ဒီဒန်းက မေမေ ဆော့ဖို့ပဲ၊ ရွှမ်အာနဲ့ ဘာမှမဆိုင်ဘူး"

ရွှီယွီရွှမ်က ထိတ်လန့်သွားပြီး ဝမ်ယဲ့၏ ခြေထောက်ကို ချက်ချင်း ဖက်တွယ်ကာ ချွဲနွဲ့သော အသံလေးဖြင့် အသနားခံနေသည်။

"မေမေ..."

ဝမ်ယဲ့က နှာခေါင်းရှုံ့လိုက်ရင်း ပြန်ပြောလိုက်သည်။

"အဲ့လှည့်ကွက်တွေက မေမေဆီမှာ မလုပ်မဖြစ်ဘူးနော်"

အကယ်၍ လုသခင်မသာဆိုလျှင် ရွှီယွီရွှမ်၏ ဤ "ဒေါ်ဒေါ်ထောင်ချောက်" ထဲသို့ ကျရောက်သွားလောက်ပြီ ဖြစ်သည်။

ရွှီယွီရွှမ်ကတော့ တွေဝေနေရှာသည်။ ဤသည်မှာ သူ သိထားသော တစ်ခုတည်းသော နည်းလမ်းပင်။

အခြားနည်းလမ်း မစဉ်းစားနိုင်တော့သဖြင့် သူက ဝမ်ယဲ့၏ ခြေထောက်ကို တင်းတင်းဖက်ထားပြီး ထပ်ခါတလဲလဲ အော်ခေါ်နေသည်။

"မေမေ... မေမေ... မေမေ..."

ယွင်ကျီနှင့် ထောင်ကျီတို့ပင် ကလေးငယ်ကို သနားနေမိသော်လည်း ဝမ်ယဲ့ကတော့ မတုန်လှုပ်ခဲ့ပေ။ ဒန်းဆင်ပြီးသွားသည်နှင့် သူမက အစေခံတစ်ယောက်အား ရွှီယွီရွှမ်ကို ချီထုတ်သွားခိုင်းလိုက်ပြီး သူမကတော့ ဒန်းပေါ်တွင် ထိုင်ကာ ရှေ့နောက် ညင်ညင်သာသာ လွှဲနေလေသည်။

ရွှီယွီရွှမ်က "မေမေ" ဟု အဖန်တလဲလဲ အော်ခေါ်နေသော်လည်း မိခင်မေတ္တာ အရိပ်အယောင်လေး တစ်စက်မျှပင် မရရှာပေ။

ဆောင်းလေက အေးစက်သော်လည်း နွေဦး သို့မဟုတ် နွေဦးအစောပိုင်း ရောက်လာလျှင် ဤဘေးနားတွင် စားပွဲလေးတစ်လုံးချကာ မုန့်နှင့် လက်ဖက်ရည် တည်ခင်းစေပြီး လေညင်းလေးခံရင်း ဝတ္ထုဖတ်ကာ ဒန်းလွှဲနေမည့် အဖြစ်ကို ဝမ်ယဲ့ စိတ်ကူးနေမိသည်။

ထိုသို့ တွေးလိုက်ရုံနှင့်ပင် သူမ၏ စိတ်ထဲ၌ ကျေနပ်မှုများ ပြည့်လျှံသွားရသည်။

ဝမ်ယဲ့တစ်ယောက် သူမ၏ စိတ်ကူးယဉ်ကမ္ဘာထဲတွင် နစ်မြောနေသော်လည်း ဒန်းစီးရန် ငြင်းပယ်ခံလိုက်ရသော ရွှီယွီရွှမ်ကတော့ မျက်ရည်များ ဝဲနေရှာသည်။ သူ၏ နှုတ်ခမ်းလေးများက တုန်ရီနေသော်လည်း အသံထွက် မငိုမိစေရန် တင်းခံနေဆဲပင်။

အနားတွင် ရပ်နေသော အထိန်းတော်ကျိကလည်း ရင်တထိတ်ထိတ်ဖြင့် စောင့်ကြည့်နေသည်။ ဒုတိယသခင်မအနေဖြင့် သခင်လေးကို ဒန်းလေးတစ်ကြိမ်လောက် ပေးမဆော့သည်ကို သူမ နားမလည်နိုင် ဖြစ်နေရသည်။

‘ဒါက ဒန်းတစ်ခုပဲ မဟုတ်ဘူးလား။’

‘အနောက်ဘက်ခြံဝန်းကလည်း အတော်လေး ကျယ်ဝန်းတာပဲကို၊ နောက်ထပ် ဒန်းတစ်ခုကို အလွယ်တကူ ထပ်ဆင်လို့ ရနိုင်တယ်လေ။’

ဝမ်ယဲ့က သူမ စိတ်တိုင်းကျသည်အထိ အေးအေးလူလူ ဒန်းစီးပြီးနောက်မှသာ ဒန်းပေါ်မှ ဆင်းလိုက်ပြီး မျက်ရည်ဝဲနေသော ကလေးငယ်ကို လှမ်းခေါ်လိုက်သည်။

"ဒီကိုလာခဲ့"

ရွှီယွီရွှမ်ကို တိတ်တဆိတ် သနားနေခဲ့သော အထိန်းတော်ကျိကတော့ သခင်လေး အလွန်ဝမ်းနည်းနေခဲ့ပါလျက် ဝမ်ယဲ့၏ ရိုးရှင်းသော စကားတစ်ခွန်းအောက်၌ ချက်ချင်း တက်ကြွလန်းဆန်းသွားသည်ကို တွေ့လိုက်ရသည်။

ရွှီယွီရွှမ်၏ နှုတ်ခမ်းလေး တုန်နေခြင်း ရပ်တန့်သွားပြီး မျက်နှာအမူအရာကလည်း ပျော့ပြောင်းသွားသည်။ သူက ဘာမှ မဖြစ်ခဲ့သကဲ့သို့ ဝမ်ယဲ့ဆီသို့ ယိုင်တိုင်တိုင် လမ်းလျှောက်သွားကာ ချိုချိုသာသာ ခေါ်လိုက်ပြန်သည်။

"မေမေ"

အထိန်းတော်ကျိကတော့ လုံးဝကို နားမလည်နိုင်ဖြစ်နေပြီး ဘာပြောရမှန်းမသိ ဆွံ့အကျန်ရစ်နေခဲ့သည်။

ဝမ်ယဲ့က ဒန်းပေါ်တွင် ပြန်ထိုင်လိုက်ပြီး ရွှီယွီရွှမ်၏ ဖောင်းအိနေသော ပါးလေးကို အသာအယာ ဆွဲညှစ်လိုက်ကာ မေးလိုက်သည်။

"ထိုင်ချင်လား"

ရွှီယွီရွှမ်၏ မျက်လုံးလေးများက တောက်ပသွားပြီး ခေါင်းကို အသည်းအသန် ညိတ်ပြနေသည်။

"ရွှမ်အာ စီးချင်တယ်"

ဝမ်ယဲ့က သိသိသာသာ သက်ပြင်းချပြီး ထပ်ပြောလိုက်သည်။

"ဒါပေမဲ့ ဒီဒန်းက မေမေ့ရဲ့ အားစိုက်ထုတ်မှုတွေ၊ မေမေရဲ့ ပိုက်ဆံတွေနဲ့ လုပ်ထားတာလေ၊ မေမေကလည်း ဒီပေါ်မှာ အမြဲတမ်း ထိုင်ချင်တယ်၊ ဘာလို့ ရွှမ်အာကို ပေးထိုင်ရမှာလဲ"

ရွှီယွီရွှမ်က သူ့ခေါင်းလေးကို စောင်းကာ ခဏမျှ စဉ်းစားပြီးနောက် ပြန်ဖြေလာသည်။

"မေမေမို့လို့လား"

ဝမ်ယဲ့က သူ့စကားကို လက်ခံသော်လည်း ပြန်ချေပလိုက်သည်။

"ဒါဆို ရွှမ်အာကလည်း မေမေရဲ့ သားပဲလေ၊ သားက ဘာလို့ မေမေ့ကို အလျှော့မပေးတာလဲ"

ရွှီယွီရွှမ်တစ်ယောက် ပါးစပ်အဟောင်းသားလေး ဖြစ်သွားပြီး ဘာပြန်ပြောရမှန်း မသိဖြစ်နေရှာသည်။

ဝမ်ယဲ့က ဆက်ပြောလိုက်သည်။

"ဒါပေမဲ့ ရွှမ်အာ တကယ် ထိုင်ချင်တယ်ဆိုရင်... မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး"

ရွှီယွီရွှမ်က နားထောင်ရန် စိတ်လောနေပုံလေးဖြင့် ဝမ်ယဲ့အနားသို့ ချက်ချင်း တိုးကပ်သွားသည်။

ဝမ်ယဲ့က ကလေးငယ်နှင့် မျက်လုံးချင်းဆုံအောင် ကိုယ်ကို အနည်းငယ် ငုံ့ပြီးမှ ပြောပြလိုက်သည်။

"ဒီဒန်းကို ဆင်ဖို့ မေမေ့ရဲ့ ပိုက်ဆံတွေကို သုံးထားရတာလေ၊ အလကားသက်သက်တော့ စီးလို့ မရဘူး၊ တစ်ခုခုတော့ ပြန်ပေးရမှာပေါ့"

"ပိုက်ဆံလား"

ရွှီယွီရွှမ်က ပိုက်ဆံဆိုသည့် အယူအဆကို အပြည့်အဝ နားမလည်သေးသော်လည်း ၎င်းက တန်ဖိုးရှိသော အရာတစ်ခုဖြစ်သည်ကိုတော့ သိနေပြီ ဖြစ်သည်။

ရုတ်တရက် သူက လှည့်ပြေးသွားပြီး အထိန်းတော်ကျိအား ဆွဲခေါ်ကာ အော်ပြောလိုက်သည်။

"ပြန်၊ ပြန်"

ရုတ်တရက် ပြောင်းလဲသွားသော အခြေအနေကြောင့် အထိန်းတော်ကျိလည်း ကြောင်အသွားရသည်။ သို့သော်လည်း ဝမ်ယဲ့က သူမတို့ကို တားဆီးမည့် အရိပ်အယောင် မပြသဖြင့် သူမ ရွှီယွီရွှမ်ကို ချီကာ ပင်မခြံဝန်းသို့ ပြန်လာခဲ့သည်။

နှစ်သစ်ကူးကာလ နီးကပ်လာပြီ ဖြစ်သောကြောင့် အားလပ်ရက်မတိုင်မီ လုပ်ဆောင်ရမည့် အလုပ်များဖြင့် လူတိုင်း အလုပ်ရှုပ်နေကြသည်။ လုသခင်မက မြို့ပြင်ရှိ သူမ၏ အိမ်ခြံမြေများကို စာရင်းစစ်ရန်အတွက် အိမ်တွင် မရှိသည့်အချိန် ပိုများနေသည်။ ၎င်းက နှစ်စဉ်ပြုလုပ်ရသည့် အလုပ်ဖြစ်သော်လည်း နယ်စားမင်းအိမ်တော်၏ အတိုင်းအတာအရ အနည်းဆုံး ခုနစ်ရက် သို့မဟုတ် ရှစ်ရက်ခန့် ကြာမြင့်တတ်သည်။

ရွှီယွီရွှမ်က ပင်မခြံဝန်း၏ ဘယ်ဘက်အဆောင်တွင် နေထိုင်သည်။ အထိန်းတော်ကျိ သူ့ကို ပြန်ခေါ်လာချိန်တွင် အထိန်းတော်ရှန်း၊ ချင်းမေ့နှင့် ပိုင်မေ့တို့နှင့်အတူ လုသခင်မ ထွက်ခွာသွားသည်မှာ တစ်နာရီကျော်ပင် ရှိနေပြီ ဖြစ်သည်။

အထိန်းတော်ကျိအနေဖြင့် ဖြစ်ပျက်ခဲ့သည်များကို တိုင်ကြားချင်လျှင်ပင် တိုင်ကြားစရာ လူမရှိတော့ပေ။

သူ့အခန်းသို့ ပြန်ရောက်သည်နှင့် ရွှီယွီရွှမ်က သူ့ကို အောက်ချပေးရန် တောင်းဆိုလိုက်ပြီး သူ၏ ကုတင်ဆီသို့ ပြေးသွားတော့သည်။

သူက သူ၏ ဖိနပ်လေးများကို ကန်ထုတ်လိုက်ကာ ကုတင်ပေါ်သို့ တက်သွားပြီး တစ်ခုခုကို ရှာဖွေနေသည်။ နောက်ဆုံးတွင် သူက ပိုးသားဖြင့် ပြုလုပ်ထားသော သေတ္တာလေးတစ်လုံးကို ထုတ်ယူလိုက်သည်။

အထိန်းတော်ကျိက ၎င်းကို မြင်သွားပြီး အံ့ဩသွားပြန်သည်။

"သခင်ငယ်လေး... ဒီသေတ္တာကို အိပ်ယာထဲမှာ ဘယ်တုန်းက ဝှက်ထားတာလဲ"

ထိုသေတ္တာလေး ဤနေရာတွင် ရှိနေမှန်း အထိန်းတော်ကျိ လုံးဝ မသိခဲ့ချေ။

သေတ္တာလေးထဲတွင် လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း လုသခင်မနှင့် နယ်စားမင်းရွှီတို့ ရွှီယွီရွှမ်အတွက် ပေးခဲ့ကြသော နှစ်သစ်ကူး မုန့်ဖိုးများနှင့် ရံဖန်ရံခါ ပေးလေ့ရှိသည့် လက်ဆောင်ငွေစလေးများ ရှိနေသည်။

ရွှီယွီရွှမ်က ဤအသက်အရွယ်တွင် ပိုက်ဆံကို မသုံးတတ်သေးသော်လည်း လုသခင်မက သူ တစ်ခုခုလိုအပ်လာလျှင် သုံးနိုင်ရန်ဟူသော ရည်ရွယ်ချက်ဖြင့် သူ့ကို မုန့်ဖိုးပေးလေ့ရှိသည်။

အထိန်းတော်ကျိလည်း တစ်ချိန်က ထိုအယူအဆကို ထောက်ခံခဲ့သော်လည်း ယခုအချိန်တွင် သူမ၏ ရင်ထဲ၌ မကောင်းသော အငွေ့အသက်တစ်ခု ခံစားနေရပြီ ဖြစ်သည်။

အထိန်းတော်ကျိ၏ အံ့ဩနေသော တုံ့ပြန်မှုကြောင့် ရွှီယွီရွှမ်က သူ လျှို့ဝှက်ချက်တစ်ခုကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့သည်ဟု ခံစားရကာ သူ့ကိုယ်သူ အတော်လေး ကျေနပ်နေပုံရသည်။

သူက ပိုးသားသေတ္တာလေးကို ကိုင်ထားရင်း အထိန်းတော်ကျိ သူ့ဖိနပ်များအား ပြန်ဝတ်ပေးမည်ကို စောင့်ဆိုင်းနေခဲ့သည်။ ထို့နောက် ကြွေးကြော်လိုက်သည်။

"မေမေ့ကို သွားရှာလို့ ရပြီ"

အထိန်းတော်ကျိ၏ မျက်နှာအမူအရာက ရှုပ်ထွေးသွားသော်လည်း ဘာမှမပြောဘဲ ရွှီယွီရွှမ်၏ ညွှန်ကြားချက်အတိုင်း လိုက်နာကာ သူ့ကို ပွေ့ချီကာ အနောက်ဘက်ခြံဝန်းသို့ ပြန်ခေါ်လာခဲ့သည်။

........။.......။.......

အနောက်ဘက်ခြံဝန်းတွင်.....

အထိန်းတော်ကျိနှင့် ရွှီယွီရွှမ်တို့ ထွက်ခွာသွားပြီးနောက် ထောင်ကျီက မအောင့်နိုင်တော့ဘဲ လှမ်းမေးလိုက်သည်။

"သခင်မ... သခင်ငယ်လေးဆီက လှည့်စားပြီး သူ့ ပိုက်ဆံတွေကို ယူမလို့လား"

ဝမ်ယဲ့က သူမကို တစ်ချက်ကြည့်ကာ ပြန်ဖြေသည်။

"'လှည့်စားတယ်' ဆိုတာ ဘာကိုပြောတာလဲ၊ သားက အမေကို ကြည်ကြည်ဖြူဖြူ ပိုက်ဆံပေးတာကို လှည့်စားတယ်လို့ မခေါ်ဘူး"

ထောင်ကျီ : "... သခင်မရယ်၊ ဒီအစေခံက သခင်မကို မယှဉ်နိုင်တော့ပါဘူး"

ဝမ်ယဲ့က မုန့်တစ်ချပ်ကို ကောက်ယူကာ တမြုံ့မြုံ့စားနေရင်း သက်ပြင်းချလိုက်သည်။

"ကိုယ့်ကို ယှဉ်နိုင်တဲ့ ပြိုင်ဘက်မရှိလောက်အောင် အစွမ်းထက်နေရတာကလည်း တကယ့်ကို အထီးကျန်ဖို့ ကောင်းတာပဲ"

ထောင်ကျီကတော့ သူမကို အံ့ဩတကြီး စိုက်ကြည့်နေရှာသည်။

အနားတွင် တိတ်ဆိတ်စွာ ရပ်နေသော ယွင်ကျီက ဘာမှမပြောသော်လည်း စိတ်ထဲတွင်တော့ ထောင်ကျီကို ဆူပူနေသည်။

'ထောင်ကျီ... နင် ဘာလို့ သခင်မကို သွားပြီး ဆွပေးနေရတာတုန်း'

ဝမ်ယဲ့ မုန့်တစ်ပန်းကန် ကုန်သွားချိန်တွင် အထိန်းတော်ကျိနှင့်အတူ ပြန်လာသော ရွှီယွီရွှမ်ကို မြင်လိုက်ရသည်။

ရွှီယွီရွှမ်က ဝမ်ယဲ့က ဒန်းပေါ်တွင် ထိုင်နေဆဲဖြစ်သည်ကို မြင်သွားကာ ချက်ချင်း မျက်နှာလေး ဝင်းပသွားသည်။ သူက သူ၏ ပိုးသေတ္တာလေးကို တင်းတင်းဆုပ်ကိုင်ကာ အထိန်းတော်ကျိ၏ အကူအညီကိုပင် မစောင့်တော့ဘဲ ဝမ်ယဲ့ဆီသို့ ယိုင်တိုင်တိုင် ပြေးလာနေသည်။

ကံကောင်းထောက်မစွာဖြင့် မြေပြင်က ရှင်းလင်းနေပြီး ခြောက်သွေ့ချောမွေ့နေသည်။ ထိုသို့မဟုတ်လျှင် သူ နှစ်ကြိမ်သုံးကြိမ်ခန့် မှောက်လျက်လဲသွားနိုင်ပေသည်။

"မေမေ... ရော့"

ရွှီယွီရွှမ်က ဝမ်ယဲ့ရှေ့သို့ ရောက်လာပြီး ပိုးသေတ္တာလေးကို လက်နှစ်ဖက်ဖြင့် ကမ်းပေးကာ "ပိုက်ဆံ" ဟု ထပ်ပြောနေသေးသည်။

ဝမ်ယဲ့က သေတ္တာကို ယူလိုက်သော်လည်း ချက်ချင်းမဖွင့်သေးဘဲ ရေရွတ်လိုက်သည်။

"အော်... အထဲမှာ တကယ်ကို တစ်ခုခု ရှိနေတာပဲ"

သူမက အနားသို့ ရောက်လာသော အထိန်းတော်ကျိကို လှမ်းကြည့်လိုက်သည်။

အထိန်းတော်ကျိက သူမ မေးချင်သည့် အဓိပ္ပာယ်ကို နားလည်သွားပြီး အမြန်ရှင်းပြနေသည်။

"ဒါက သခင်ငယ်လေး သူ့အိပ်ရာအောက်မှာ သူဘာသာ ဝှက်ထားတာပါ၊ အဲ့ဒီမှာ ရှိနေမှန်းတောင် ဒီအစေခံ လုံးဝ မသိခဲ့ပါဘူး"

ထိုစကားက ဝမ်ယဲ့ကို အနည်းငယ် အံ့ဩသွားစေသည်။ ထို့နောက် သူမက ရွှီယွီရွှမ်၏ ခေါင်းလေးကို အသာပုတ်ကာ ချီးကျူးလိုက်သည်။

"ဒီလောက် ငယ်ငယ်လေးနဲ့ ပိုက်ဆံဝှက်တတ်နေပြီပေါ့၊ တကယ့်ကို မဆိုးဘူးပဲ သူငယ်ချင်းလေး"

ဝမ်ယဲ့က ရွှီယွဲ့ကျား အနောက်ဘက်ခြံဝန်းသို့ ပို့ပေးခဲ့သော ရွှေရွက်၊ ငွေတုံးလေးများကို ရုတ်တရက် သတိရသွားပြီး တခုခုကို နားလည်သွားသည်။

‘ဒါက သူ့အဖေဆီက ပါလာတဲ့ အမွေပဲ ဖြစ်ရမယ်။’

ရွှီယွီရွှမ်က ဝမ်ယဲ့ ဘာကိုဆိုလိုမှန်း အပြည့်အဝ နားမလည်သော်လည်း ၎င်းက ချီးကျူးစကားဖြစ်ကြောင်း ဝေဝေဝါးဝါး သိနေပြီ ဖြစ်သည်။ သူက ပြုံးဖြဲဖြဲလေး လုပ်ပြနေသည်။ ဝမ်ယဲ့က ထပ်ပြောလိုက်သည်။

"ကဲ... ဒါဆို အခု မေမေ ဖွင့်ကြည့်တော့မယ်နော်"

ရွှီယွီရွှမ်က ခေါင်းကို အသည်းအသန် ညိတ်ပြနေသည်။ သူ့မျက်နှာလေးတွင် နှမြောတွန့်တိုသည့် အရိပ်အယောင် အနည်းငယ်မျှပင် မရှိချေ။

အနားတွင် ရပ်နေသော ထောင်ကျီကတော့ သူမ၏ သခင်မ စကားပြောပုံသည် သူမနှင့် ယွင်ကျီကို သခင်မ အမြဲပြောပြလေ့ရှိသော "ဦးထုပ်နီမလေး" ပုံပြင်ထဲမှ ဝံပုလွေအဘွားအိုနှင့် တူနေသည်ဟု ခံစားနေရသည်။

ပိုးသေတ္တာလေးက သော့ခတ်မထားဘဲ လျှို့ဝှက်ချိတ်လေးတစ်ခုနှင့်သာ ပိတ်ထားခြင်းဖြစ်ရာ အလွယ်တကူ ပွင့်သွားသည်။

"အများကြီးပါလား..."

သေတ္တာထဲမှ ရွှေဝက်ရုပ်လေးနှင့် ကြားညှပ်ထားသည့် ငွေဒင်္ဂါးပြားလေးများကို ကြည့်ရင်း ဝမ်ယဲ့က တိုးတိုးလေး ရေရွတ်လိုက်သည်။

‘ဒီရွှေဝက်ရုပ်လေးက သခင်မလု ရွှမ်အာအတွက် နှစ်သစ်ကူးလက်ဆောင် ဒါမှမဟုတ် မွေးနေ့လက်ဆောင်အဖြစ် အထူးတလည် ပြုလုပ်ပေးထားတဲ့ မုန့်ဖိုးဖြစ်မယ် ထင်တယ်’

အမှန်အတိုင်း ပြောရလျှင် ထိုရွှေဝက်ရုပ်လေးက ရွှီယွိရွှမ်နှင့် တော်တော်လေး ဆင်တူနေသည်။ ဝမ်ယဲ့က စိတ်ထဲမှ ထိုနှစ်ခုကို တိတ်တဆိတ် နှိုင်းယှဉ်ကြည့်နေသည်။

"မေမေ... ဒါကို ကြိုက်လားဟင်"

ရွှီယွိရွှမ်က ဝမ်ယဲ့ဘေးနားသို့ တိုးကပ်လာကာ ခေါင်းလေးမော့ပြီး မေးနေသည်။

ဝမ်ယဲ့က ယခင်ဘဝကလို စည်းစိမ်ဥစ္စာနောက်သို့ မရမက လိုက်မနေတော့သော်လည်း မျက်စိရှေ့မှောက်မှ ရွှေဝက်ရုပ်အပြည့်ပါသည့် သေတ္တာကိုတော့ ငြင်းဆန်ရန် ခက်ခဲနေဆဲပင်။

‘ဘာပဲဖြစ်ဖြစ် ငါက လောဘကင်းစင်နေတဲ့ သူတော်စင်မှ မဟုတ်တာ’

အတွေးနှင့်အတူ သူမက ခေါင်းညိတ်ပြလိုက်သည်။

"မေမေ ကြိုက်တာပေါ့... ဒါပေမယ့် ဒါတွေက ရွှမ်အာရဲ့ ပစ္စည်းတွေလေ"

ရွှီယွိရွှမ်က ဝမ်ယဲ့ ငြင်းဆန်လိုက်လျှင် သူ ဒန်းပေါ်၌ ထိုင်ရတော့မည် မဟုတ်ဟု ထင်နေပြီး စိုးရိမ်တကြီး အတင်းအကျပ် ပေးနေရှာသည်။

"မေမေ့ကို ပေးမယ်... မေမေ ကြိက်ရင် ယူ"

ထို့နောက် သူက ထပ်ပြောလိုက်သေးသည်။

"ရွှမ်အာက ဒါတွေကို မလိုချင်ဘူး"

အစပိုင်းတွင် ဝမ်ယဲ့က ရွှီယွိရွှမ်ကို စနောက်ရင်း ငွေဒင်္ဂါး အနည်းငယ်လောက် လိမ်ယူရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။

‘ဘဝဆိုတာ စိတ်ဝင်စားဖို့ကောင်းအောင် ဒီလို အပျော်အပျက်လေးတွေ ရှိဖို့ လိုအပ်တယ်လေ’

သို့သော် ရွှီယွိရွှမ်က ရွှေဝက်ရုပ်တစ်သေတ္တာလုံး ပေးလာလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။ ထို့ကြောင့် သူမ၏ စိတ်ထဲတွင် အနည်းငယ် အပြစ်မကင်းသလို ခံစားလိုက်ရသည်။

'ဒီကလေး အသက်ကြီးလာပြီး ဒီအကြောင်းကို ပြန်တွေးမိရင် တော်တော်လေး နောင်တရရှာမှာပဲ...'

နောင်တရစိတ်လေး ဝင်လာသည်နှင့် ဝမ်ယဲ့က သေတ္တာကို ချက်ချင်း ပြန်ပိတ်လိုက်ပြီး ယွင်ကျီကို ကမ်းပေးကာ အလေးအနက် ညွှန်ကြားလိုက်သည်။

"ဒါကို တခြားပစ္စည်းတွေနဲ့အတူ သေချာသိမ်းထားလိုက်နော်"

ယွင်ကျီကတော့ သေတ္တာကို ကိုင်ထားရင်း အူကြောင်ကြောင် ဖြစ်နေရှာသည်။

'ငါ့သခင်မက တကယ်ပဲ သခင်ငယ်လေးဆီက ပိုက်ဆံတွေကို လိမ်ညာယူနေတာလား...'

ဝမ်ယဲ့ သေတ္တာကို လက်ခံလိုက်သည်အား မြင်သည်နှင့် ရွှီယွိရွှမ်က သူမ ထိုင်နေသော ဒန်းဆီသို့ တောင့်တနေသော မျက်လုံးလေးများဖြင့် ချက်ချင်း လှည့်ကြည့်လာသည်။ ဝမ်ယဲ့ကလည်း ရက်ရက်ရောရော လှမ်းခေါ်လိုက်သည်။

"လာ... မေမေ့ပေါင်ပေါ်ကို လာထိုင်၊ မေမေနဲ့အတူ ဒန်းစီးကြမယ်"

ရွှီယွိရွှမ်က ဒန်းပေါ်တွင် တစ်ယောက်တည်း ထိုင်ရန် ငယ်လွန်းသေးသဖြင့် ဝမ်ယဲ့က သူ့ကို ပေါင်ပေါ်တင်ကာ အသာအယာ လွှဲပေးလိုက်သည်။

သူမက လက်တစ်ဖက်ဖြင့် သူ့ကို ဖက်ထားပြီး ကျန်လက်တစ်ဖက်က ဒန်းကြိုးကို ဆုပ်ကိုင်ထားသည်။ အစေခံများ တွန်းပေးစရာ မလိုဘဲ သူမ၏ ခြေထောက်လေးများဖြင့် မြေကြီးကို အသာကန်လိုက်ရုံဖြင့် ရင်ခွင်ထဲမှ ကလေးငယ်က တခိခိ ရယ်မောနေသည်။

ဝမ်ယဲ့လည်း ပျော်နေမိသည်။

‘ဘာပဲဖြစ်ဖြစ် ဒါက ရွှေဝက်ရုပ် တစ်သေတ္တာလုံးကြီးလေ။’

သူမ အမှန်တကယ် ကြည်နူးနေခြင်းပင်။

ရွှီယွိရွှမ်ကတော့ ရွှေဝက်ရုပ်သေတ္တာလေး ဆုံးရှုံးသွားသည်ကို ဘာမှ မခံစားရပေ။

သူ ခံစားနေရသည်က သူ့မေမေ့ဆီမှ ရရှိသည့် နွေးထွေးမှုနှင့် မေတ္တာတရားသာ ဖြစ်သည်။

ထိုအရာကို သူ အလွန် နှစ်သက်နေရှာသည်။

🌟🌟🌟🌟🌟 Thank you for always being my greatest supporter. 🌟🌟🌟🌟🌟

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment