no

Font
Theme

chapter 27

အခန်း ၂၇ တစ်ခါတည်း အပြီးအပိုင် ဖြေရှင်းမယ်

"ကျန်းမိသားစုရဲ့ အကြီးဆုံးသား ကျန်းမင် အဖမ်းခံရတယ်" ဆိုသည့် သတင်းကို မချေဖျက်နိုင်သေးခင် သူမ၏ ဒုတိယမောင်လေးပါ ပါဝင်ပတ်သက်နေသည်ဟူသော သတင်းကြောင့် လုသခင်မ ပိုအံ့ဩသွားရသည်။

သူမက တိုးတိုးလေး ရေရွတ်လိုက်သည်။

"မြို့တော်ဝန်ရုံးက အရာရှိတွေ တရားခံဖမ်းနေတာကို ကျိထန်းက ဘာလို့ ဒီမှာ ရှိနေရတာလဲ"

ချင်းရွှယ်က ပြန်ဖြေလိုက်သည်။

"ဒီအစေခံအနေနဲ့ အသေးစိတ် စုံစမ်းဖို့ မတတ်နိုင်ခဲ့ပါဘူး"

"တရားရေးဝန်ကြီးဌာနရော၊ မြို့တော်ဝန်ရုံးပါ ပူးပေါင်းဖမ်းဆီးရတယ်ဆိုရင် ဒါက ရိုးရှင်းတဲ့ကိစ္စ မဟုတ်တော့ဘူး၊ ကြီးလေးတဲ့ ရာဇဝတ်မှု ဖြစ်နိုင်မယ်"

လုသခင်မက ချက်ချင်း ရှင်းလင်းချက် မရနိုင်မှန်း သိသွားပြီး အေးအေးဆေးဆေး မှတ်ချက်ပေးလိုက်သည်။

"မင်း အသေးစိတ် မသိခဲ့တာကလည်း ပုံမှန်ပါပဲ"

‘ဒါပေမယ့် အဖမ်းခံရတဲ့သူက ကျန်းမိသားစုရဲ့ အကြီးဆုံးသခင်လေး ကျန်းမင် ဖြစ်နေတာကတော့...’

ထိုအတွေးနှင့်အတူ လုသခင်မက သူမအနားသို့ တိုးကပ်လာသည့် ဝမ်ယဲ့ကို လှမ်းကြည့်လိုက်သည်။ သူမ၏ မျက်နှာပေါ်တွင် ဖတ်ရခက်ခဲသော အမူအရာအချို့လည်း ရှိနေသေးသည်။

ဝမ်ယဲ့ : "..."

အပြင်ဘက်တွင်လည်း အခြေအနေ ရှုပ်ထွေးနေခဲ့သည်။ ရာဇဝတ်သားက အဖမ်းမခံဘဲ ခုခံနေသဖြင့် လမ်းပေါ်တွင် ဆူညံပွက်လောရိုက်ကာ ဖရိုဖရဲ ဖြစ်နေပြီး လမ်းများလည်း ပိတ်ဆို့နေသည်။ သူမတို့၏ ရထားလုံးများလည်း ခဏတာအတွင်း ရှေ့ဆက်နိုင်မည့်ပုံ မပေါ်တော့ပေ။ လုသခင်မက ချင်းရွှယ်ကို အနောက်မှ ရထားလုံးဆီသို့ အမြန် ပြန်သွားရန် ညွှန်ကြားလိုက်ပြီး စပ်စုလိုသော အကြည့်များမှ ကာကွယ်ရန် ရထားလုံးကန့်လန့်ကာကို ပြန်ချလိုက်သည်။

"ဒီနေ့က ချန်အာရဲ့ တစ်လပြည့်ပွဲလေ၊ ဒီကျန်းမင်က အဖေ့ဘက်က ဦးလေးဝမ်းကွဲအနေနဲ့ ချန်းနန်မြို့စားမင်း အိမ်တော်မှာ ပွဲတက်နေရမယ့်အစား၊ အခုတော့ လမ်းမပေါ်မှာ အဖမ်းခံနေရတယ်၊ ဒေါ်လေးရွှီနဲ့ လီသခင်မတို့ သိသွားရင်တော့ တော်တော်လေးကို ဂယက်ရိုက်ကုန်တော့မှာပဲ"

လုသခင်မက သက်ပြင်းချရင်း ညည်းညည်းညူညူ ပြောနေပြန်သည်။

ကျန်းမင်၏ ဖခင်က စတုတ္ထအဆင့်အရာရှိ ရာထူးရထားသူဖြစ်ကြောင်း ဝမ်ယဲ့ မှတ်မိနေသည်။

‘မြို့တော်ဝန်ရုံးက လူတွေက အရာရှိရဲ့ သားကိုတောင် လမ်းပေါ်မှာ ဗြောင်ကျကျ ဖမ်းရဲကြတယ်ပေါ’

လုသခင်မက ဝမ်ယဲ့၏ ဇဝေဇဝါဖြစ်နေသော ပုံစံကို သတိပြုမိသွားပြီး ချက်ချင်း ရှင်းပြလိုက်သည်။

"မြို့တော်ဝန်ရုံးအနေနဲ့ဆိုရင် မြို့တော်ဝန်ဝမ်က သူတို့ဘာသာ မဖမ်းရဲလောက်ဘူး၊ ဒါပေမယ့် အခု ကျိထန်းက တရားရေးဝန်ကြီးဌာနတစ်ခုလုံးကို ထိထိရောက်ရောက် ထိန်းချုပ်ထားနိုင်ပြီလေ၊ မြို့တော်ဝန်ရုံးက အမှုတွေ အားလုံးကလည်း နောက်ဆုံးတော့ အဲ့ဒီကိုပဲ ရောက်သွားတာ၊ မြို့တော်ဝန်ဝမ်အနေနဲ့ ကျန်းမိသားစုကို ကြောက်လို့ တွန့်ဆုတ်နေရင်တောင် ကျိထန်းကို ဆန့်ကျင်မိလို့ စော်ကားမိတာမျိုးတော့ လုံးဝ အဖြစ်ခံမှာ မဟုတ်ဘူး"

ဝမ်ယဲ့က ခံစားချက်လုံးဝမပါသည့် ချီးကျူးစကားတစ်ခွန်းပြောလိုက်သည်။

"ဒါဆို ကျိထန်းသခင်လေးက တကယ့်ကို အစွမ်းထက်တာပဲ"

သူမ၏ စကားများက အမှန်တရား ဖြစ်နေသော်လည်း သူမ ပြောလိုက်သည့် လေသံက တစ်မျိုးကြီး ဖြစ်နေပြန်သည်။ လုသခင်မကတော့ သူမ အတွေးလွန်နေခြင်းသာ ဖြစ်မည်ဟု ယူဆလိုက်သည်။

လမ်းပေါ်ရှိ သာမန်အရပ်သားများ၏ စကားသံများက လုသခင်မ၏ နားထဲသို့ တိုးဝင်လာပြီး သူမ စိတ်ပျက်လက်ပျက် ဖြစ်နေပြန်သည်။

"အရှင်မင်းမြတ် နန်းတက်တာ နှစ်တွေ အတော်ကြာနေပြီ၊ ဒါပေမယ့် ဒီမှူးမတ်မိသားစုက သခင်လေးတွေကတော့ ကျင့်ဝတ်နဲ့ ဥပဒေကို လုံးဝလျစ်လျူရှုပြီး အခုထိ မဆင်မခြင် လုပ်နေကြတုန်းပဲ"

ဝမ်ယဲ့ကလည်း ထိုကိစ္စကို အနည်းငယ် သိထားခဲ့သည်။

ယခင် နှောင်းဧကရာဇ်မင်း ထီးနန်းစိုးစံခဲ့သော နှောင်းပိုင်းကာလများတွင် နှောင်းဧကရာဇ်မင်း၏ အသက်အရွယ်ကြောင့် အုပ်ချုပ်မှု လျော့ရဲသွားပြီး မင်းသားများ အာဏာလုကြသဖြင့် တိုင်းပြည်လည်း ပရမ်းပတာ ဖြစ်ခဲ့ဖူးသည်။ လက်ရှိ ဧကရာဇ်က မိဖုရားကြီးမှ မွေးသော တရားဝင်နန်းလျာဖြစ်နေသည့်တိုင် အခြားမင်းသားများနှင့် မခြားဘဲ သာမန်မင်းသားဘွဲ့ကိုသာ ရရှိခဲ့သည်။

ထိုဆယ်စုနှစ်အတွင်း မြို့တော်တွင် အကျင့်ပျက်ခြစားမှုများနှင့် စည်းမဲ့ကမ်းမဲ့ပြုမူမှုများ ပြည့်နှက်နေခဲ့သည်။

ဝမ်ယဲ့ မှတ်မိနေသည်မှာ သူမတို့၏ ဖခင်က မလိုအပ်ဘဲ အပြင်မထွက်ရန် အမြဲ သတိပေးလေ့ရှိခြင်းပင်။ ထိုစဥ်က ဝမ်အိမ်တော်မှ သခင်လေးများနှင့် အမျိုးသမီးများအားလုံး မဖြစ်မနေမှသာ အပြင်ထွက်ခွင့်ရပြီး တင်းကျပ်သောစည်းကမ်းများကို လိုက်နာခဲ့ရသည်။

ထိုအချိန်က မျက်နှာသာအပေးခံရပြီး လွှမ်းမိုးနိုင်ဆုံးလူက တော်ဝင်ကြင်ယာတော်ချိုက်မှ မွေးဖွားသော နဝမမင်းသား ဖြစ်သည်။ တတိယမင်းသား၊ စတုတ္ထမင်းသားနှင့် သတ္တမမင်းသားတို့ကတော့ အင်အားနှင့် ဩဇာအာဏာ သက်ရောက်မှု တန်းတူမျှသာ ဖြစ်သည်။ လက်ရှိ ဧကရာဇ်ဖြစ်လာမည့် ဆဋ္ဌမမင်းသားကတော့ အားလုံးထဲတွင် မျက်နှာသာအပေးမခံရဆုံး ဖြစ်ခဲ့သည်။

အရာရှိ အတော်များများက သူတို့၏ ဆန္ဒအရဖြစ်စေ၊ အတင်းအကျပ် ဖိအားပေးခံရ၍ဖြစ်စေ ဆယ်ယောက်တွင် ခုနစ်ယောက်၊ ရှစ်ယောက်ခန့်က တစ်ဖက်ဖက်ကို ရွေးချယ်ရပ်တည်ကြသည်။

တော်ဝင်မင်းသားများနှင့် ဩဇာကြီးမားသော မင်းမျိုးမင်းနွယ်များက သူတို့၏အာဏာကို အသုံးပြုပြီး အခြားသူများကို အနိုင်ကျင့်ခြိမ်းခြောက်ခဲ့ကြသည်။ သူတိုနှင့် မဟာမိတ်ဖွဲ့ထားသော အရာရှိများကလည်း ထိုတော်ဝင်မင်းသားများကို စံနမူနာယူကာ အာဏာကို အလွဲသုံးစားလုပ်ကြပြီး အကျင့်ပျက်ခြစားခြင်းနှင့် အန္တရာယ်ရှိစေသော ဓလေ့များက တဖြည်းဖြည်း အမြစ်တွယ်လာခဲ့သည်။

ဝမ်ယဲ့၏ ခန့်မှန်းချက်အရ လွန်ခဲ့သော နှစ်နှစ်၊ သုံးနှစ်ခန့်ကမှသာ အခြေအနေများ ပြန်လည် ပြောင်းလဲ တိုးတက်လာခြင်းဖြစ်သည်။

လက်ရှိ ဧကရာဇ်မင်းကလည်း သူ နန်းတက်ပြီးကတည်းက တိုင်းပြည်ကို ကြိုးကြိုးစားစား စီမံအုပ်ချုပ်နေပြီး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် အမှန်တကယ် စိတ်အားထက်သန်ကြောင်း ထင်ရှားနေသည်။ သူ့ခမည်းတော် လက်ထက်ကတည်းက သူကိုယ်တိုင် သီလနှင့်ပြည့်စုံသော မင်းသားအဖြစ် ကျော်ကြားခဲ့ခြင်းမှာ အလကား မဟုတ်ခဲ့ပေ။

ထိုသို့မဟုတ်ပါက ရွှီယွဲ့ကျားအနေဖြင့် မည်မျှပင် ထူးချွန်ထက်မြက်ပြီး နယ်စားမင်းအိမ်တော်၏ ထောက်ပံ့မှု ရှိနေပါစေ၊ ဤကာလတွင် နန်းတွင်းအာဏာထက် ကျော်လွန်ပြီး ဩဇာသက်ရောက်နိုင်ရန် မည်သို့မျှ မဖြစ်နိုင်ပေ။

........။........။........

တစ်ဖက်တွင်လည်း မြို့တော်ဝန်ဝမ်က ရွှီယွဲ့ကျား ရောက်ရှိလာသည်အထိ စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေခဲ့ပြီးမှ သူ့၏လက်အောက်ငယ်သားများအား ဖမ်းဆီးမှုများ လုပ်ဆောင်ရန် ခွင့်ပြုခဲ့သည်။

အတိအကျပြောရလျှင် ကျန်းမိသားစုမှ အကြီးဆုံးသခင်လေး ကျန်းမင်က နယ်စားမင်းအိမ်တော်နှင့် အနည်းငယ် ပတ်သက်မှုရှိသည်။ သူ့၏အဒေါ်က ထိုအိမ်တော်မှ ဆင်းသက်လာသူ ဖြစ်သောကြောင့် မသေချာ မရေရာလျှင် မြို့တော်ဝန်ဝမ်လည်း သတ္တိရှိရှိ ဖမ်းဆီးဝံ့မည် မဟုတ်ပေ။ သူလည်း အတိတ်တွင် ဤကဲ့သို့ အတွေ့အကြုံများကြောင့် ဖိနှိပ်မှုများစွာ ရင်ဆိုင်ခဲ့ရသေးသည်။ ထိုကြောင့်လည်း သူ၏ ထိတ်လန့်တုန်လှုပ်က အမြစ်တွယ်နေပြီ ဖြစ်သည်။

သို့သော် ရွှီယွဲ့ကျား ရောက်လာပြီး သူ သဘောတူနေသရွေ့ မြို့တော်ဝန်ဝမ်အတွက် ဘာမှ တွန့်ဆုတ်နေစရာ မလိုတော့ပေ။ ရွှီယွဲ့ကျားက အမှုအခင်းများကို ကိုင်တွယ်ရာတွင် ဘက်လိုက်မှုကင်းခြင်းကြောင့် ကျော်ကြားနေသူ ဖြစ်သည်။ နယ်စားမင်းအိမ်တော်မှ အခြားသူများက ကျန်းမိသားစုကို ကူညီမည်ဆိုလျှင်တောင် ရွှီယွဲ့ကျားသာ ခိုင်ခိုင်မာမာ ရပ်တည်နေသရွေ့ မည်သူမျှ မြို့တော်ဝန်ရုံး၏ ကိစ္စရပ်များကို ဝင်ရောက်စွက်ဖက်နိုင်တော့မည်မဟုတ်ပေ။

အသက်လေးဆယ်ကျော်ဟု ထင်ရသော မြို့တော်ဝန်ဝမ်က ရဲမက်များ၏ ဖမ်းဆီးချုပ်နှောင်ခြင်းကို ခံထားရသော်လည်း ရုန်းကန်နေဆဲဖြစ်သော ရာဇဝတ်သားကို စိုက်ကြည့်နေသည်။

‘နောက်ဆုံးတော့ ဒီပြဿနာကောင် ငါ့လက်ထဲကို ရောက်လာပြီ’

‘အရာရှိအိမ်တော်က သခင်‌လေးတစ်ယောက် သူရဲ့အမဲလိုက်ခွေး ညံ့ဖျင်းလို့ လောင်းကစားဝိုင်းမှာ ရှုံးနိမ့်သွားတာကို လူသတ်မှုကျူးလွန်တဲ့အထိ လုပ်ရဲလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ’

‘မိသားစုတစ်ခုလုံးရဲ့ အဓိက အားကိုးရာ နိမ့်ကျတဲ့ စျေးသည်လေးကတော့ ဘယ်လောက်တောင်သနားစရာ ကောင်းလိုက်သလဲ...

အိုမင်းမစွမ်းတဲ့ မိဘတွေကို လုပ်ကျွေးပြုစုနေရပြီး ကလေးငယ်တွေကို ပြုစုပျိုးထောင်နေရတဲ့သူ.....

အသက်ရှင်နေတဲ့၊ အသက်ရှူနေတဲ့ လူသားတစ်ယောက်က ခွေးတစ်ကောင် ရောင်းချလိုက်မိလို့ ပျောက်ကွယ်သွားရရှာတယ်’

မြို့တော်ဝန်ဝမ်က အတွေးနှင့်အတူ စိတ်ထဲမှ သက်ပြင်းချလိုက်ပြီး ရွှီယွဲ့ကျားဘက်သို့ လှည့်ကာ ဦးညွှတ်လိုက်သည်။

"အခုလို ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အမတ်မင်းရွှီ"

ကြက်သွေးရောင် အရာရှိဝတ်ရုံကို ဝတ်ဆင်ထားသော ရွှီယွဲ့ကျားက ခံ့ညားထည်ဝါနေပြီး သူ၏မူပိုင် အေးစက်တည်ငြိမ်သော အငွေ့အသက်များ ထွက်ပေါ်နေသည်။

"မြို့တော်ဝန်ဝမ်အနေနဲ့ တရားမျှတမှုကို ဘက်လိုက်မှုမရှိဘဲ ဆောင်ရွက်ပေးဖို့သာ အာရုံစိုက်ပါ"

သူက ခပ်အေးအေး ပြန်ပြောလိုက်သည်။

မြို့တော်ဝန်ဝမ်က စိတ်ထဲမှ အပြင်းအထန် တုန်လှုပ်သွားပြီး ကိုယ်ကို မတ်ကာ အာမခံလိုက်သည်။

"ဒီအရာရှိက သေသေချာချာ ဆောင်ရွက်ပါ့မယ်"

‘ရွေးချယ်ခွင့်ရှိမယ်ဆိုရင် ဘယ်သူက ဖြောင့်မတ်တဲ့ အရာရှိတစ်ယောက် မဖြစ်ချင်ပဲ နေမှာတုန်း’

မြို့တော်ဝန်ဝမ်က သူ လက်ရှိ ဧကရာဇ် နန်းတက်ပြီးမှသာ မြို့တော်သို့ ရာထူးတိုးကာ ရောက်ရှိလာခဲ့ခြင်းအတွက် ကံကောင်းသည်ဟု တွေးနေပြန်သည်။ ယခင် မြို့တော်ဝန်က သူ၏သက်တမ်းတစ်လျှောက် ငွေစပေါင်း သောင်းနှင့်ချီ လာဘ်စားခဲ့ပြီး မတရားစီရင်ထားသော အမှုပေါင်း ရာနှင့်ချီ၍ ရှိခဲ့သည်ဟု သူ ကြားခဲ့ဖူးသည်။ အရှင်မင်းမြတ် နန်းတက်ပြီးနောက် ထိုသူလည်း ချက်ချင်း အဖမ်းခံခဲ့ရပြီး စစ်ဆေးမေးမြန်းခံရကာ မိသားစုပိုင်ဆိုင်မှုများ သိမ်းဆည်းခံခဲ့ရသည်။

မြို့တော်ဝန်ဝမ်က ရွှီယွဲ့ကျားကို နှုတ်ဆက်ပြီး ရာဇဝတ်သားကို သူကိုယ်တိုင် ဦးဆောင်ပြီး ရုံးတော်သို့ ခေါ်ဆောင်သွားသည်။ ဘေးမှကြည့်နေသော လူအုပ်ကြီးကလည်း ပွဲပြီးသွားပြီဖြစ်၍ တဖြည်းဖြည်း လူစုကွဲသွားကြသည်။ လမ်းရှင်းသွားသည်နှင့် ပိတ်မိနေသော ရထားလုံးများလည်း စတင်လှုပ်ရှားလာကြသည်။

ထိုအချိန်တွင် ရွှီယွဲ့ကျားက နယ်စားမင်းအိမ်တော်၏ အမှတ်အသားပါသော ရထားလုံးများကို သတိပြုမိသွားသည်။

ရထားလုံးက သူ့ရှေ့တွင် ညင်သာစွာ ရပ်တန့်သွားပြီး ကန့်လန့်ကာလည်း ပွင့်လာခဲ့သည်။ လုသခင်မက အပြင်တွင် ရှိနေသူမှာ ရွှီယွဲ့ကျားဖြစ်ကြောင်း အတည်ပြုနိုင်သွားပြီး လှမ်းမေးလိုက်သည်။

"ဒုတိယမောင်လေး... ငါတို့နဲ့အတူ အိမ်တော်ကို တူတူပြန်လိုက်မလား"

ရထားလုံးထဲတွင် ပုန်းနေသော ဝမ်ယဲ့ကတော့ ဘာကိုမျှ စိတ်မဝင်စားဟန်ဖြင့် လက်ဖက်ရည်စားပွဲလေးပေါ်က မုန့်များကို တမြုံ့မြုံ့စားနေသည်။

ရွှီယွဲ့ကျားက လုသခင်မ၏ နောက်ကွယ်ရှိ ဝတ်စုံအနားသတ်လေးကို တစ်ချက်လှမ်းမြင်လိုက်ရပြီး ယခင်ကထက် လေသံအနည်းငယ် လျော့ကာ ပြန်ပြောလိုက်သည်။

"ကျိထန်းမှာ လုပ်စရာ အလုပ်ကိစ္စတွေ ကျန်ပါသေးတယ်"

လုသခင်မကလည်း ဤအဖြေကို ခန့်မှန်းထားပြီးသားဖြစ်ကာ ထပ်မတိုက်တွန်းတော့သော်လည်း အနည်းငယ်တော့ ထပ်ပြောလိုက်သေးသည်။

"မင်းရဲ့ ဇနီးလည်း ရထားလုံးထဲမှာ ရှိနေတယ်”

သူမက ဝမ်ယဲ့အတွက် နေရာဖယ်ပေးကာ ဇနီးမောင်နှံနှစ်ဦး စကားပြောရန် အခွင့်အရေးပေးလိုက်သော်လည်း ဝမ်ယဲ့တစ်ယောက် ခိုးကြောင်ခိုးဝှက် မုန့်စားနေသည်ကို တွေ့လိုက်ရသည်။

လုသခင်မတစ်ယောက် ခဏမျှ ကြောင်အမ်းနေပြီးမှ လှမ်းပြောလိုက်ရသည်။

"ညီမလေး... အပြင်မှာ နင့်ရဲ့ ခင်ပွန်း ရောက်နေတယ်လေ"

ဝမ်ယဲ့က 'ပြီးရင် အိမ်မှာ ပြန်တွေ့မှာပဲကို၊ ဘာလို့ လမ်းလယ်ခေါင်မှာ တွေ့နေရဦးမှာလဲ' ဟု ပြန်ပြောချင်နေသော်လည်း၊ ကံကောင်းထောက်မစွာဖြင့် သူမ၏အသိစိတ်က သူမကို ပြန်ထိန်းပေးလိုက်သည်။ လုသခင်မ၏ စိတ်မရှည်သော အကြည့်များအောက်တွင် ဝမ်ယဲ့တစ်ယောက် ရထားလုံး၏အပေါက်ဝဆီသို့ တိုးကပ်သွားတော့သည်။

သူမ ခေါင်းလေးပြူကာ အပြင်သို့ ချောင်းကြည့်လိုက်သည်။

ကြက်သွေးရောင် အရာရှိဝတ်ရုံဖြင့် တစ်ကိုယ်တည်း မတ်တပ်ရပ်နေသော ရွှီယွဲ့ကျားက တည်ငြိမ်ခံ့ညားလှပြီး ဝမ်ယဲ့၏ မျက်လုံးများကို ချက်ချင်း ဖမ်းစားနိုင်ခဲ့သည်။

ဝမ်ယဲ့၏ မျက်လုံးလေးများက ချက်ချင်းပင် တောက်ပသွားသည်။ ဤသည်မှာ ရွှီယွဲ့ကျားကို အရာရှိဝတ်စုံဖြင့် သူမ ပထမဆုံး မြင်ဖူးခြင်း ဖြစ်သည်။

‘ကြက်သွေးရောင်က သူနဲ့ တကယ်ကို လိုက်ဖက်လွန်းတာပဲ’

"တကယ့်ကို တိုက်ဆိုင်တာပဲနော်...ယောက်ျား... လမ်းမှာ ဒီလိုဆုံရမယ်လို့ မထင်ထားမိဘူး၊ အိမ်တော်ကို အတူတူ ပြန်ကြမလားဟင်"

လုသခင်မ : "..."

'ဒါက ဘယ်လို စကားအသုံးအနှုန်းကြီးလဲ'

ရွှီယွဲ့ကျား၏ အကြည့်က ဝမ်ယဲ့၏ နှုတ်ခမ်းထောင့်လေးဆီတွင် ခဏမျှ ဝဲနေပြီးနောက် အကြည့်လွှဲကာ ပြန်ဖြေလိုက်သည်။

"ပြန်လို့ မရသေးဘူး၊ ကိုယ့်မှာ အလုပ်ကိစ္စတွေ ကျန်သေးတယ်"

"အော်... ဒါဆိုရင်တော့ ကျွန်မနဲ့ မမတို့ အရင်ပြန်နှင့်တော့မယ်နော်"

ထိုဝတ်စုံနှင့် သူ မည်မျှ ချောမောနေသည်ကို အသိအမှတ်ပြုသောအားဖြင့် ဝမ်ယဲ့က ဝန်လေးခြင်းမရှိဘဲ ထပ်ပြောလိုက်သေးသည်။

"ဒီနေ့ တော်တော်အေးတယ်နော်၊ ယောက်ျား... နွေးနွေးထွေးထွေးနေဖို့ ဂရုစိုက်သင့်တယ်"

"ဂရုစိုက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ရှင်မ"

"ကျေးဇူးတင်နေဖို့ မလိုပါဘူး"

‘ဒါက စကားတစ်ခွန်းပါပဲ၊ ပြောဖို့ ဘာမှ အားစိုက်ထုတ်စရာ မလိုဘူးလေ။’

ထို့နောက် ဝမ်ယဲ့က ရထားထိန်းအား ဆက်သွားရန် အချက်ပြလိုက်ပြီး ကန့်လန့်ကာကို ချက်ချင်း ပြန်ချလိုက်သည်။

စကားဝိုင်းတစ်ခုလုံးကို နားထောင်နေသည့် လုသခင်မကတော့ သံကို သံမဏိဖြစ်အောင် မထုရိုက်နိုင်သည့် စိတ်ပျက်မှုကို ပထမဆုံးအကြိမ် ခံစားလိုက်ရသည်။

......။.......။.......

ဝမ်ယဲ့နှင့် လုသခင်မတို့ နယ်စားမင်းအိမ်တော်သို့ ပြန်ရောက်ပြီး တစ်နာရီ မပြည့်ခင်မှာပင် ကျန်းမိသားစု၏ အကြီးဆုံးသခင်လေး ကျူးလွန်ခဲ့သော ပြစ်မှုအပြည့်အစုံကို သိလိုက်ရပြီး အသေးစိတ်သတင်းများကိုလည်း သိလိုက်ကြရသည်။

သတင်းပိုရန် ရောက်လာသူက ဒေါ်လေးရွှီ ဖြစ်သည်။ ဝမ်ယဲ့က ပင်မခန်းမဆောင်တွင် ထိုင်ရင်း ဒေါ်လေးရွှီတစ်ယောက် တဖွဖွ ကျိန်ဆဲနေသည်ကို နားထောင်နေရသည်။

"ဒီကျန်းမင်ကတော့ တကယ့်ကို ကံဆိုးမှုူတွေပဲ ယူလာပေးတယ်"

ဒေါ်လေးရွှီက ဒေါသတကြီး ထပ်ပြောနေသေးသည်။

"ပွဲမှာ ကျန်းမင်ကို မတွေ့တာ မဆန်းတော့ဘူး၊ သူ လောင်းကစားသွားလုပ်နေတာကိုး၊ ဒီတစ်ခါ သူ လုပ်ခဲ့တဲ့ ရှုပ်ပွနေတဲ့အရာကို ကြည့်လိုက်ဦး၊ အခုတော့ လူ့အသက်ကိုတောင် နှုတ်ယူရဲနေပြီ၊ အဲ့ဒီအမျိုးသမီး လီသခင်မ ဒီအရှုပ်ထုတ် ပြဿနာကို ဘယ်လို ဖြေရှင်းမလဲဆိုတာ စောင့်ကြည့်ရသေးတာပေါ့!"

သူမ၏ မြေးဦးလေး တစ်လပြည့်ပွဲနေ့၌ လူသတ်မှု ကျူးလွန်ရသည်က အမှန်တကယ် ကံဆိုးမိုးမှောင်ကျစေသည်ဟု သူမ တွေးကာ ဒေါသပိုထွက်နေခြင်း ဖြစ်သည်။

လုသခင်မက ဒေါ်လေးရွှီကို စကားအနည်းငယ်ဖြင့် နှစ်သိမ့်ပေးပြီးမှ ပြတ်ပြတ်သားသား ထပ်ပြောလိုက်သည်။

"ဒေါ်လေး... နယ်စားမင်းအိမ်တော်အနေနဲ့ ဒီကိစ္စမှာ ပါဝင်ပတ်သက်မှာ မဟုတ်ဘူးဆိုတာကိုတော့ နားလည်ပေးစေချင်တယ်"

ဒေါ်လေးရွှီက လုသခင်မကို စိုက်ကြည့်ကာ ပြန်ပြောလိုက်သည်။

"နင်က ငါ့ကို ဘယ်လိုလူလို့ ထင်နေတာလဲ၊ မြို့စားအိမ်တော်မှာ ငါ ဒေါသထွက်ရင်တောင် ဖြစ်သလို ကျိန်ဆဲဖို့ မဖြစ်နိုင်လို့ ကိုယ့်အမျိုးတွေဆီ ပြန်လာပြီး ရင်ဖွင့်နေတာလေ၊ အဲ့ဒါတောင် မရဘူးလား"

‘အဲ့ဒီ အလိုက်မသိတဲ့ လီသခင်မက မြိုးစားမင်းအိမ်တော်မှာ သူလျှိုတွေ ထည့်ထားလားဆိုတာ ဘယ်သူက သိနိုင်မှာလဲ’

ဝမ်ယဲ့ကတော့ မရယ်မိအောင် မနည်းအောင့်ထားရသည်။

‘ဒေါ်လေးရွှီက တကယ်ကို စကားပြောတတ်ပြီး ဟာသတွေတောင် ပြောတတ်သေးတယ်’

လုသခင်မက ကူကယ်ရာမဲ့ သက်ပြင်းချလိုက်သည်။ သူမက အဒေါ်ဖြစ်သူ၏ စရိုက်ကို သိနေသော်လည်း ဦးလေးကျန်း သူ့အစ်ကိုကြီးဘက်မှ ဖိအားပေးမှုကို ခံရပြီး ဒေါ်လေးရွှီအား အကျပ်ရိုက်စေမည်ကို သူမ စိုးရိမ်နေခြင်း ဖြစ်သည်။

လုသခင်မက လေသံကို လျှော့ကာ ထပ်ပြောလိုက်သည်။

"ကျိထန်းရဲ့ စရိုက်ကို ဒေါ်လေးလည်း သိနေတာပဲ၊ ဒေါ်လေး ပြန်သွားရင် ဦးလေးကို အကျိုးအကြောင်း သေသေချာချာ ရှင်းပြပေးဖို့တော့ ကျွန်မ မျှော်လင့်မိတယ်၊ ချန်းနန်မြို့စားမင်း အိမ်တော်အနေနဲ့လည်း အဲ့ဒီအမှုနဲ့ ဝေးဝေးနေသင့်တယ်"

ဒေါ်လေးရွှီက ယုံကြည်မှုရှိရှိ ခေါင်းညိတ်လိုက်သည်။

"စိတ်မပူပါနဲ့၊ နင်တို့ ဦးလေးက ဒါမျိုးကိစ္စမှာ ဝင်ပါရလောက်အောင် မိုက်မဲတဲ့သူ မဟုတ်ပါဘူး"

အကယ်၍ တခြားသူသာ အမှုကို ကိုင်တွယ်နေခြင်းဖြစ်ပါက ဦးလေးကျန်းအနေဖြင့် သူ၏ တူဖြစ်သူ အသက်ဘေးမှ လွတ်မြောက်ရန် ကြိုးပမ်းပေးမိကောင်း ကြိုးစားပေးမိပေလိမ့်မည်။ သို့သော် ယခု အမှုကို ဦးဆောင်ကိုယ်တွယ်သူက ရွှီယွဲ့ကျား ဖြစ်နေခဲ့သည်။

သူမ၏ ခင်ပွန်းက ဤကိစ္စမှ ကင်းကင်းရှင်းရှင်း နေလိမ့်မည်ကို ဒေါ်လေးရွှီ အကြွင်းမဲ့ ယုံကြည်နေသည်။

ဒေါ်လေးရွှီ၏ အာမခံချက်ကြောင့် လုသခင်မလည်း စိတ်အေးသွားရသည်။ နယ်စားမင်းအိမ်တော်အနေဖြင့် ဤကိစ္စတွင် မပတ်သက်ရသည့် အကြောင်းရင်း နှစ်ချက် ရှိသည်။ ပထမအချက်က ကျန်းမင် အမှန်တကယ် ပြစ်မှုကျူးလွန်ခဲ့ပြီး ခိုင်လုံသော သက်သေအထောက်အထားများ ရှိနေခြင်းကြောင့် ဖြစ်သည်။ မည်သူကမျှ သူ့ကို မဟုတ်မတရား စွပ်စွဲထားခြင်း မဟုတ်ပေ။ လူသတ်သမားတစ်ဦးအတွက် အသနားခံပေးခြင်းက နယ်စားမင်းအိမ်တော်၏ ဂုဏ်သတင်းကို ညှိုးနွမ်းစေမည် ဖြစ်သည်။

ဒုတိယအချက်အနေဖြင့် အပေါ်ယံတွင် ရွှီယွဲ့ကျားက နယ်စားမင်းအိမ်တော်ကို အားကိုးနေရသည်ဟု ထင်ရသော်လည်း၊ လုသခင်မ သိသည်မှာ သူ၏ တကယ့် ကျောထောက်နောက်ခံက ဧကရာဇ်မင်းကိုယ်တိုင် ဖြစ်နေခြင်းပင်။ ဧကရာဇ်၏ ထောက်ပံ့မှုသာ မရှိလျှင် နယ်စားမင်းအိမ်တော် အများအပြား ပေါင်းထားလျှင်တောင်မှ ဘက်ပေါင်းစုံမှ လာမည့် ခြိမ်းခြောက်မှုများကြား၌ သူ့ကိုယ်သူပင် ကာကွယ်နိုင်မည် မဟုတ်ပေ။

ဤကဲ့သို့သော အချိန်မျိုးတွင် နယ်စားမင်းအိမ်တော်အနေဖြင့် ဤရှုပ်ထွေးသော အမှုထဲသို့ ဝင်ပါလိုက်ရခြင်းက ရွှီယွဲ့ကျားကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေနိုင်သည်။

လုသခင်မက တခုခုကို သတိရသွားဟန်ဖြင့် မေးလိုက်ပြန်သည်။

"မေးဖို့ မေ့တော့မလို့... ကျန်းမင်နဲ့အတူ လောင်းကစားလုပ်တဲ့ သခင်လေးတွေက ဘယ်မိသားစုကလဲ"

ဒေါ်လေးရွှီက တွန့်ဆုတ်ခြင်းမရှိဘဲ ချက်ချင်း ပြန်ဖြေလိုက်သည်။

"ဘယ်သူရှိဦးမှာလဲ... မေးဖို့တောင် မလိုဘူး၊ လီသခင်မရဲ့ အစ်ကိုကြီးကနေ မွေးတဲ့ အသုံးမကျတဲ့ သားတွေပဲ ဖြစ်မှာပေါ့"

ယခင် နှောင်းဧကရာဇ်မင်းလက်ထက်၌ လီသခင်မ၏ အစ်ကိုက မြှောက်ပင့်ဖားယားရင်း ဒုတိယအဆင့်ရာထူးတစ်ခုကို ရရှိရန် စွမ်းဆောင်နိုင်ခဲ့သည်။ သူ၏သားများကလည်း ဖခင်၏ အရှိန်အဝါကို အလွဲသုံးစားလုပ်ကာ လောင်းကစားဝိုင်းများတွင် ပျော်မွေ့နေခဲ့ကြသည်။

လီသခင်မ၏ အစ်ကိုကြီး ရာထူးချခံရပြီးနောက် ထိုသားများ လိမ်မာလာလိမ့်မည်ဟု ဒေါ်လေးရွှီ ထင်ခဲ့သော်လည်း သူတို့က အရင်အတိုင်း အရှက်မရှိ ဆက်လက် ပြုမူနေကြဆဲပင်။

"ဒီကိုမလာခင် ငါ့အစေခံတွေကို စုံစမ်းခိုင်းခဲ့သေးတယ်၊ လီမိသားစုက လီသခင်မဆီမှာ ရှင်းလင်းချက် တောင်းနေကြတယ်တဲ့"

ဒေါ်လေးရွှီက ထပ်ပြောပြနေသည်။

"တကယ်တမ်း လူသတ်ခဲ့တာက ကျန်းမင်ဆိုပေမယ့် လီမိသားစုရဲ့ သားတွေက ရာဇဝတ်မှုကျူးလွန်ဖို့ မြှောက်ပင့်ပေးခဲ့တယ်လို့ သံသယရှိနေကြတာ၊ ရဲမက်တွေက သူတို့အိမ်တံခါးဝကို ရောက်သွားပြီး စကားတစ်လုံးမှ မပြောဘဲ သူတို့ကို ခေါ်သွားခဲ့ကြတာတဲ့"

ထိုစကားကို ကြားလိုက်ရချိန်တွင် လုသခင်မက ချက်ချင်း မျက်မှောင်ကြုတ်သွားသည်။

"ဒေါ်လေးရဲ့ အကြီးဆုံးယောင်းမက သူ့အမျိုးတွေကို အမြဲ မျက်နှာသာပေးတတ်တယ်လေ၊ တကယ်လို့ လီမိသားစုကသာ အသည်းအသန် အသနားခံလာခဲ့ရင် သူက အရှက်မရှိပဲ မြို့စားအိမ်တော်ကို လာပြီး ဒေါ်လေးရဲ့ခင်ပွန်းကို အသနားခံလိမ့်မယ်၊ ဒေါ်လေး... ဦးလေးကို ရက်အနည်းငယ်လောက် ဖျားနာချင်ယောင်ဆောင်ခိုင်းလိုက်ပါလား၊ အမှုပြီးပြတ်သွားတော့မှ ပြန်သက်သာလာရင် အကောင်းဆုံးပဲ"

ထိုစကားက ဒေါ်လေးရွှီကို ထိတ်ခနဲ ဖြစ်သွားစေသည်။

‘အဲ့မိန်းမက တွယ်ကပ်မိရင် ဘယ်လောက်တောင် ခွာချဖို့ ခက်တယ်ဆိုတာ ငါ့ ဘာလို့ မေ့သွားရတာလဲ’

"နင် ပြောတာ မှန်တယ်၊ နင်တို့ ဦးလေးကို ခဏလောက် နေမကောင်းဖြစ်ခိုင်းဖို့ လိုအပ်နေပြီ"

ဒေါ်လေးရွှီက လုသခင်မ၏အကြံပေးချက်ကို ချက်ချင်း သဘောတူလိုက်သည်။

‘လီသခင်မလို အရှက်မရှိတဲ့ မိန်းမမျိုးက စိတ်ရူးပေါက်လာရင် ဘာမဆို လုပ်ရဲတဲ့သူလေ’

ဝမ်ယဲ့က ဘေးမှ ပွဲကြည့်ရင်း မုန့်များကို တမြုံ့မြုံ့ စားနေသော်လည်း ဒေါ်လေးရွှီက သူမဘက်သို့ ရုတ်တရက် လှည့်ကြည့်ကာ လှမ်းပြောလိုက်သည်။

"ဒါနဲ့ မိန်းခလေးယဲ့... နင်လည်း သတိထားဦးနော်၊ လက်ပေါက်ကပ်တဲ့ ငါ့ယောင်းမက နယ်စားမင်းအိမ်တော်ကို ရောက်လာပြီး နင့်ဆီကို ပြဿနာလာရှာတာမျိုးလည်း ဖြစ်နိုင်တယ်"

ဝမ်ယဲ့ကလည်း သူမ ထိုရှုပ်ထွေးမှုထဲသို့ ဆွဲခေါ်ခံရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ခဏမျှ စဉ်းစားပြီးနောက် သူမက ပြန်မေးလိုက်သည်။

"အဲဒါက ဒီနေ့ နေ့လယ်က ဖြစ်ခဲ့တာတွေကြောင့်လား"

ဒေါ်လေးရွှီက ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ်၊ နင် သူနဲ့ ထိပ်တိုက်တွေ့ခဲ့တယ်လေ၊ ပွဲပြီးပြီးချင်းမှာပဲ ကျိထန်းက သူရဲ့ သားနဲ့ တူကို ဖမ်းလိုက်တာဆိုတော့... ကျိထန်းက နင့်အတွက် လက်စားချေပေးတာလို့ အဲ့မိန်းမက ကောလာဟလတွေ လွှင့်ကောင်း လွှင့်လာနိုင်တယ်"

ဝမ်ယဲ့က ကိုယ်ကို အနည်းငယ် မတ်လိုက်ပြီးမှ ပြန်ပြောလိုက်သည်။

"ဒါက တိုက်ဆိုင်မှုသက်သက်ပါပဲ"

ဘက်လိုက်မှုမရှိခြင်းကြောင့် ကျော်ကြားသော ထိုအမျိုးသားက သူမအတွက် ဥပဒေကို ချိုးဖောက်လိမ့်မည်ဟု ဝမ်ယဲ့ စိတ်ကူးပင် မယဉ်မိချေ။

"ဒါက တိုက်ဆိုင်မှုဆိုတာ ငါတို့လည်း သိတာပေါ့၊ ဒါပေမဲ့ အမှန်တရားကို မသိတဲ့သူတွေ ဒါမှမဟုတ် မသိချင်ယောင်ဆောင်နေတဲ့သူတွေ အများကြီး ရှိတတ်တယ်၊ နင့်အနေနဲ့ သတိထားဖို့တော့ လိုလိမ့်မယ်"

လုသခင်မကလည်း ဝင်ပြောသည်။

"လီသခင်မ ဒီအိမ်တော်ထဲကို ဝင်ခွင့်မရအောင် တံခါးစောင့်တွေကို ကျွန်မ ညွှန်ကြားထားလိုက်ပါ့မယ်"

ထိုစကားကို ကြားလိုက်ရချိန်တွင် ဝမ်ယဲ့က ချိုမြန်ပြီး အပြစ်ကင်းစင်သော အပြုံးလေးတစ်ခု ဖော်ပြလိုက်သည်။

"ဒါဆိုရင်တော့ မမကိုပဲ ဒုက္ခပေးရတော့မှာပဲ"

လုသခင်မ : "..."

'ဝမ်ရှီကတော့ တာဝန်ကနေ ရှောင်ဖို့ ပြန်ပြင်နေပြီ ထင်တယ်'

သို့သော် နောက်တစ်ကြိမ် ပြန်စဉ်းစားကြည့်ပြီးနောက် လုသခင်မက ဝမ်ယဲ့ကို အပြစ်မတင်တော့ပေ။ လက်ထပ်ပြီးခါစ သတို့သမီးသစ်တစ်ဦးအနေဖြင့် ဤကဲ့သို့သော အရှုပ်အထွေးများတွင် ပါဝင်ပတ်သက်ခြင်းက သူမ၏ ဂုဏ်သတင်းကို ထိခိုက်စေနိုင်သည်။

ဒေါ်လေးရွှီ အိမ်ပြန်သွားပြီးနောက် လုသခင်မ ခန့်မှန်းသည့်အတိုင်း အတိအကျ ဖြစ်လာခဲ့သည်။ လီသခင်မက ဒေါ်လေးရွှီ မရှိခိုက်တွင် မြို့စားမင်းအိမ်တော်သို့ အတင်းဝင်ရန် ကြိုးစားခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် ဒေါ်လေးရွှီက အချိန်မီ ပြန်ရောက်သွားခဲ့ပြီး ဦးလေးကျန်း "အသည်းအသန် ဖျားနေသည်" ဟု ချက်ချင်း ကြေညာလိုက်သည်။ အသနားခံရန် လမ်းစပျောက်သွားသော လီသခင်မလည်း ခြေထောက်နှစ်ဘက်ကြား အမြီးညှပ်သလို လက်မှိုင်ချပြီး ကျန်းအိမ်တော်သို့ ပြန်သွားခဲ့ရသည်။

အနောက်ဘက်ခြံဝန်း၌ ရှိနေသည့် ဝမ်ယဲ့က နှစ်ရက်ကြာပြီးမှာသာ ထိုသတင်းကို ပြန်ကြားခဲ့သည်။ သူမက ထောင်ကျီကို ပင်မခြံဝန်းသို့ နို့လက်ဖက်ရည်တစ်ခွက် သွားပို့ခိုင်းရင်း ချင်းရွှယ်ထံမှ သတင်းနှိုက်ခိုင်းခဲ့ခြင်း ဖြစ်သည်။

ထောင်ကျီက အဖြစ်အပျက်များကို ပြန်ပြောပြပြီးနောက် ဒေါသတကြီး ရေရွတ်နေသည်။

"ဒီကျန်းသခင်မက တကယ်ကို ဆိုးသွမ်းတာပဲ၊ သူ့သားက လူသတ်ထားတာလေ"

ဝမ်ယဲ့က စဉ်းစားဟန်ဖြင့် ပြန်ပြောလိုက်သည်။

"ဒီနေရာမှာ ဆိုးသွမ်းတာက ကျန်းသခင်မ တစ်ယောက်တည်းလား"

ထောင်ကျီက ခဏမျှ ဇဝေဇဝါ ဖြစ်သွားပြီး မတွေးနိုင်တော့သောကြောင့် ပြန်မေးလိုက်သည်။

"တခြား ဘယ်သူရှိသေးလို့လဲ... သခင်မ"

ဝမ်ယဲ့က ဖတ်လက်စ ဝတ္ထုကို ချလိုက်ပြီး ခေါင်းမော့ကာ ရှင်းပြလိုက်သည်။

"ဒီကိစ္စဖြစ်တာ ရက်အတော်ကြာနေပြီ၊ ဒါပေမယ့် သားအတွက် နေရာအနှံ့ ပြေးလွှား အသနားခံနေတာက ကျန်းသခင်မ တစ်ယောက်တည်းပဲ"

ဝမ်ယဲ့၏ အရိပ်အယောင်ပေးမှုကြောင့် ထောင်ကျီ ချက်ချင်း နားလည်သွားသည်။

"သခင်မ ဆိုလိုတာက... ကျန်းသခင်ကြီးကို ပြောတာလား"

ဝမ်ယဲ့က ဘာမှပြန်မပြောဘဲ ပြုံးရုံသာ ပြုံးပြလိုက်သည်။

ထောင်ကျီကတော့ ပို၍ သေချာသွားပုံရသည်။

"ဒါပေါ့၊ အိုးတိုင်းမှာ လိုက်ဖက်တဲ့ အဖုံးရှိတယ်ဆိုတာက အလကားမှ မဟုတ်တာ၊ တူရာတူရာ စုကြတာပဲ၊ ကျန်းသခင်မက ဒီလောက်ဆိုးသွမ်းနေမှတော့ ကျန်းသခင်ကြီးကလည်း လူကောင်းဖြစ်မှာ မဟုတ်ဘူး၊ သူက သူ့ဇနီးနောက်မှာ ပုန်းနေပြီး ဇနီးကို လူရှေ့သူရှေ့ အရှက်ရစေတာပဲ... တကယ်ကို စက်ဆုပ်ရွံရှာဖို့ ကောင်းလိုက်တာ"

ထိုစကားကို ကြားလိုက်ရချိန်တွင် ဝမ်ယဲ့က မနေနိုင်တော့ဘဲ ဟန့်တားလိုက်သည်။

"ထောင်ကျီ... စကားကို ဆင်ခြင်ပြော"

တစ်စုံတစ်ယောက်က ကြားသွားပြီး လျှောက်ဖြန့်လိုက်လျှင် မည်သည့်အတွက်မျှ ကောင်းလာမည် မဟုတ်ပေ။

ထောင်ကျီကည်း သူမ၏ပါးစပ်ကို လက်ဖြင့် ချက်ချင်း အုပ်ကာ တောင်းပန်လိုက်သည်။

"ဒီအစေခံ စကားမှားသွားပါတယ်"

ဝမ်ယဲ့က သူမကို အပြစ်မတင်သော်လည်း နောက်ပိုင်းတွင် ထောင်ကျီကို ဝတ္ထု အများကြီး မဖတ်ခိုင်းတော့ဘူးဟု စိတ်ထဲမှ တေးထားလိုက်သည်။

‘ကြည့်စမ်း... ဝတ္ထုတွေက သူမကို ဘယ်လိုတောင် "အဆိပ်သင့်" စေခဲ့သလဲဆိုတာ ကြည့်စမ်းပါဦး’

သို့သော် ထောင်ကျီ ပြောသည်ကလည်း လုံးဝတော့ မမှားနေခဲ့ပေ။ ဝမ်ယဲ့က လုသခင်မကို တီးခေါက်ကြည့်ခဲ့ပြီး ကျန်းသခင်ကြီးက အမှန်တကယ် လူကောင်းတစ်ယောက်မဟုတ်ကြောင်း သိခဲ့ရသည်။

"ဒါနဲ့... ယွင်ကျီရော ဘယ်ရောက်နေလဲ"

ဝမ်ယဲ့က သူမဘေးမှ တစ်ယောက်ယောက် ပျောက်နေသည်ကို သတိပြုမိသွားပြီး ထပ်မေးလိုက်သည်။

ထောင်ကျီက ပြန်ဖြေလာသည်။

"ယွင်ကျီက သခင်ငယ်လေးကို သွားခေါ်ဖို့ ပင်မခြံဝန်းကို သွားပါတယ်၊ တင်းအန်းမြို့စားမင်းအိမ်တော်က အဘွားအို အအေးမိနေလို့ လုသခင်မက စိုးရိမ်ပြီး သွားကြည့်ဖို့ ဆုံးဖြတ်လိုက်တာပါ၊ သခင်ငယ်လေးက လိုက်သွားဖို့ အရမ်းငယ်သေးတော့ လုသခင်မက မထွက်ခွာခင် သခင်လေးကို ဒီကို ခေါ်ထားဖို့ ညွှန်ကြားခဲ့ပါတယ်"

ဝမ်ယဲ့က ဇဝေဇဝါ ဖြစ်သွားဟန်ဖြင့် မေးလိုက်ပြန်သည်။

"ကျိမားတို့လည်း ရှိနေတာပဲ မဟုတ်လား"

‘ကလေးကို ဒီအထိ ခေါ်လာဖို့က မလိုအပ်သလိုပြဟယ်’

ထောင်ကျီက ခဏမျှ တုံ့ဆိုင်းနေပြီးမှ ပြောလာခဲ့သည်။

"ကျိမားကလည်း အသက်ကြီးလာပြီလေ၊ ပြီးတော့ အခုတလောလည်း နေမကောင်းဖြစ်နေတယ် ကြားတယ်၊ သူက သခင်ငယ်လေးကို သေသေချာချာ မပြုစုနိုင်တော့ဘူးလေ"

"အေးပါ၊ ဒါဆိုလည်း ပြီးတာပဲ"

ထောင်ကျီက ရွှီယွီရွှမ်အတွက် စကားကောင်းနည်းနည်း ပြောပေးနေသေးသည်။

"သခင်ငယ်လေးက တစ်ခါတလေကျရင် တကယ်ကို ချစ်ဖို့ကောင်းတယ်"

ဝမ်ယဲ့က စိတ်ရင်းဖြင့် ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်ပါ့... ကျိမားတောင် နေမကောင်းဖြစ်သွားရလောက်အောင်ကို ချစ်ဖို့ ကောင်းတာ"

ထောင်ကျီ : "..."

ဝမ်ယဲ့ စကားပြောလို့ မဆုံးသေးမီမှာပင် ရွှီယွီရွှမ်ကို ချီထားသော ယွင်ကျီ ပေါ်လာခဲ့သည်။ ကလေးငယ်ကို အဝတ်အစားများ ထုပ်ပိုးထားသောကြောင့် ဘောလုံးလေးတစ်လုံးနှင့်ပင် တူနေရှာသည်။ အကယ်၍ သူသာ လူးလွန့်မနေပါက ယွင်ကျီတစ်ယောက် မပေါက်သေးတဲ့ "နတ်သူငယ် နီကျား" ဥကြီးကို ယူလာသည်ဟု ဝမ်ယဲ့ ထင်မိပေလိမ့်မည်။

ထို နီကျားလေးက ကြမ်းပြင်ပေါ်သို့ ရောက်သည်နှင့် သူမကို လှမ်းခေါ်လိုက်သည်။

"မေမေ"

ဝမ်ယဲ့ကတော့ ဟန်ဆောင်ပန်ဆောင် မိခင်မေတ္တာဖြင့် ပြန်ထူးလိုက်သည်။

"အာ...ရွှမ်အာလေး ရောက်လာပြီပေါ့"

ရွှီယွီရွှမ်က ဝမ်ယဲ့ဆီသို့ ယိုင်တိုင်တိုင် လမ်းလျှောက်လာပြီး သူမကို မော့ကြည့်ကာ သူမလဲလျောင်းနေသော ညောင်စောင်းအိအိလေးကို လှမ်းကြည့်နေသည်။ သူ၏ ခြေထောက်လေးများက လှုပ်စိလှုပ်စိ ဖြစ်နေပြီး သူ ညောင်စောင်းပေါ်သို့ တက်ချင်နေကြောင်း သူ့မျက်နှာပေါ်တွင် အထင်သား ပေါ်လွင်နေသည်။

ထိုအမူအရာလေးကို သတိပြုမိသွားသည့် ဝမ်ယဲ့က ယွင်ကျီကို အချက်ပြလိုက်သည်။ ယွင်ကျီက ချက်ချင်း ကုန်းလိုက်ပြီး ရွှီယွီရွှမ်ကို ပွေ့ကာ ညောင်စောင်းပေါ်သို့ တင်ပေးလိုက်သည်။

ညောင်စောင်းပေါ်သို့ ရောက်သွားသော်လည်း ရွှီယွီရွှမ်က သိပ်ကျေနပ်ပုံမရပေ။ သူက ဘယ်ပြန်ညာပြန် လူးလွန့်နေပြီးနောက် အောက်သို့ ပြန်လျှောဆင်းသွားသည်။ ဝမ်ယဲ့က သူ့ကို တစ်ချက်ကြည့်လိုက်သော်လည်း ထိုကလေး ဘာတွေးနေသည်ကို သူမ ခန့်မှန်းမရနိုင် ဖြစ်နေခဲ့သည်။

ထို့ကြောင့် သူမလည်း ကလေးကို ဂရုမစိုက်တော့ဘဲ သူမ၏ ဝတ္ထုကိုသာ ဆက်ဖတ်နေလိုက်သည်။

အောက်သို့ ရောက်သွားသော ရွှီယွီရွှမ်က ပြန်လှည့်လာပြီး ဝမ်ယဲ့ဘက်သို့ မျက်နှာမူကာ ညောင်စောင်းအစွန်းတွင် သူ့လက်ကလေးကို တင်လိုက်သည်။ ထို့နောက် ခြေထောက်တစ်ဖက်ကို ညောင်စောင်းပေါ် တင်နိုင်ရန် ကြိုးစားနေပြန်သည်။

ဝမ်ယဲ့က နောက်တစ်ကြိမ် လှမ်းကြည့်လိုက်သည်။

'အော်... သူကိုယ်တိုင် တက်ချင်တာကိုး'

‘ဒါဆိုရင်တော့ ငါ ဝင်ပါဖို့ မလိုအပ်တော့ဘူး’

ညောင်စောင်းက သိပ်မမြင့်လှသည့်အပြင် ယွင်ကျီနှင့် ထောင်ကျီတို့ကလည်း စိုးရိမ်တကြီး စောင့်ကြည့်နေကြသဖြင့် ရွှီယွီရွှမ်တစ်ယောက် လူးလှိမ့်ကြိုးစားရင်း နောက်ဆုံးတွင် ညောင်စောင်းပေါ်သို့ ပြန်တက်နိုင်သွားခဲ့သည်။

ညောင်စောင်းပေါ်သို့ တက်လာပြီးနောက် ရွှီယွီရွှမ်က ဘယ်ညာ လူးလွန့်နေသဖြင့် ဝမ်ယဲ့တစ်ယောက် သူမ၏ ဝတ္ထုစာအုပ်ကို လွှတ်ချလုနီးပါး ဖြစ်သွားရသည်။ သူမ၏ အကြည့်များက စာအုပ်မှ ကွာသွားပြီး ကလေးငယ်၏ မျက်လုံးများနှင့် အကြည့်ချင်းဆုံသွားရသည်။

ရွှီယွီရွှမ်၏ မျက်လုံးများက ဖြူစင်တောက်ပနေပြီး ကလေးသံလေးဖြင့် ခေါ်နေပြန်သည်။

"မေမေ"

ဝမ်ယဲ့ ခဏမျှ တောင့်တင်းသွားပြီး ကလေးကို သူမရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ကာ ညင်ညင်သာသာ မေးလိုက်ရသည်။

"ပျင်းနေတာလား၊ ဒါဆိုရင် မေ‌မေ စာဖတ်တာကို ခဏလောက် အဖော်လုပ်ပေးပါဦး"

ယွင်ကျီနှင့် ထောင်ကျီတို့ကတော့ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ဘာပြောရမှန်းမသိ ဆွံ့အသွားကြရသည်။

ရွှီယွီရွှမ်က ဝမ်ယဲ့၏ ပွေ့ဖက်မှုကို တော်တော်လေး သဘောကျနေရှာသည်။ သူက ဘာမှနားမလည်နိုင်လောက်အောင် ငယ်ရွယ်နေသေးသော်လည်း သူ့အမေ၏ရင်ခွင်က အဒေါ်၏ ပွေ့ဖက်မှုနှင့် မတူဘဲ တစ်မျိုးလေး ထူးခြားနေသည်ဟု ခံစားနေရရှာသည်။

မိခင်နှင့်သား ပုံပြင်စာအုပ် အတူဖတ်ခြင်းက ဤတစ်ကြိမ်တွင် ပထမဆုံးမဟုတ်ပေ။ ရွှီယွီရွှမ်က ဝမ်ယဲ့၏ရင်ခွင်ထဲတွင် ငြိမ်သက်စွာ လဲလျောင်းရင်း ထူးထူးခြားခြား လိမ်မာနေခဲ့သည်။

သို့သော်လည်း သူတို့ စာမျက်နှာ နှစ်မျက်နှာပင် မပြီးသေးမီ လျိုယာ ရောက်ရှိလာခဲ့သည်။

"ဒုတိယသခင်မ... ကျန်းအိမ်တော်ရဲ့ အကြီးဆုံးသခင်မက အိမ်တော်တံခါးဝကို ရောက်လာပြီး သခင်မနဲ့ တွေ့ခွင့်တောင်းနေပါတယ်"

လျိုယာက သတင်းပို့နေပြီး ဝမ်ယဲ့က မျက်လုံးပင့်ကာ ရေရွတ်လိုက်သည်။

"သူ တကယ်ကို ရောက်လာတာပဲ"

လျိုယာက ထပ်ရှင်းပြနေသည်။

"အကြီးဆုံးသခင်မက ကျန်းသခင်မကို အိမ်တော်ထဲ ပေးမဝင်ဖို့ ညွှန်ကြားထားပါတယ်၊ ဒီအစေခံက သခင်မကို အသိပေးရုံသက်သက် လာ အစီရင်ခံတာပါ"

ဝမ်ယဲ့က ပုံပြင်စာအုပ်ကို ပိတ်လိုက်ပြီး ဘေးမှ စားပွဲပေါ်သို့ တင်လိုက်ကာ ပြန်မေးလိုက်သည်။

"သူ အပြင်မှာ ရှိနေတုန်းပဲလား"

လျိုယာက ခေါင်းညိတ်ပြနေသည်။

ဝမ်ယဲ့က ခဏမျှ စဉ်းစားပြီးနောက် ထပ်ပြောလိုက်သည်။

"အနားတိုးခဲ့ဦး၊ နင့်ကို တစ်ခုခု ပြောစရာရှိတယ်"

လျိုယာက ယွင်ကျီနှင့် ထောင်ကျီတို့ထံ တစ်ချက်လှမ်းကြည့်လိုက်ပြီး သူမတို့က ဘာတုံ့ပြန်မှုမှ မပြသဖြင့် ဝမ်ယဲ့အနားသို့ ဖြည်းဖြည်းချင်း တိုးသွားလိုက်သည်။

ဝမ်ယဲ့က သူမ၏နား နားသို့ တစ်စုံတစ်ခု ကပ်ပြောလိုက်သည်။ ရွှီယွီရွှမ်ကလည်း ချက်ချင်း အနားသို့ တိုးလာကာ မျက်လုံးဝိုင်းဝိုင်းလေးများဖြင့် နားထောင်ရန် ကြိုးစားနေသည်။ သို့သော်လည်း ဝမ်ယဲ့က သူ့နားလေးနှစ်ဖက်ကို သူမ၏လက်တစ်ဖက်တည်းနှင့် အုပ်ထားလိုက်သည်။

ဝမ်ယဲ့၏ စကားကို ကြားပြီးနောက် လျိုယာ၏ မျက်နှာအမူအရာက အနည်းငယ် ထူးဆန်းသွားပြီး ဝမ်ယဲ့နှင့် ရွှီယွီရွှမ်တို့ကို တစ်လှည့်စီ ကြည့်နေပြန်သည်။

သူမက တွန့်ဆုတ်ဟန်ဖြင့် ပြန်မေးနေသေးသည်။

"ဒုတိယသခင်မ... ဒါကို တကယ်လုပ်ဖို့ ရည်ရွယ်ထားတာလား"

ဝမ်ယဲ့က တိုတိုတုတ်တုတ် ပြန်ဖြေသည်။

"ဒါက အမြဲတမ်းအတွက် အကောင်းဆုံး နည်းလမ်းပဲ၊ တစ်ချက်တည်းနဲ့ အပြီးအပိုင် ဖြေရှင်းရမယ်"

လျိုယာအနေဖြင့် နာခံရုံသာ ရှိပြီး ရှုပ်ထွေးသော မျက်နှာထားဖြင့် အနောက်ဘက်ခြံဝန်းမှ ထွက်ခွာသွားတော့သည်။

.......။.......။......

နှစ်နာရီခန့်အကြာတွင် မြို့တော်၏ မှူးမတ်အသိုင်းအဝိုင်းအတွင်း သတင်းတစ်ခု ပျံ့နှံ့လာခဲ့သည်။ ၎င်းက နယ်စားမင်းကတော် မရှိသည့်အချိန်တွင် ကျန်းသခင်မက နယ်စားမင်းအိမ်တော်ထဲသို့ အတင်းဝင်ရောက်ကာ ရွှီယွဲ့ကျား၏ဇနီး ဝမ်ယဲ့အား အသနားခံရန် ကြိုးစားခဲ့သည်။ ထိုသို့ ပြုမူစဉ် ရုန်းရင်းဆန်ခတ်ဖြစ်ကာ ဝမ်ယဲ့၏ ဦးခေါင်းအား ဒဏ်ရာရရှိသွားစေခဲ့ပြီး နယ်စားမင်းအိမ်တော်၏ တတိယသခင်လေး ရွှီယွီရွှမ်လည်း ထိတ်လန့်တကြား ငိုယိုခဲ့ရသည် ဟူ၍ ဖြစ်သည်။

ထိုသတင်း တရားရေးဝန်ကြီးဌာနသို့ ရောက်ရှိသွားချိန်တွင် ရွှီယွဲ့ကျားက အကျဉ်းထောင်ခန်းများထဲမှ အပြင်သို့ လှမ်းထွက်လာရုံရှိသေးသည်။

ရုံးတော်စာရေးဝမ်က ထိုသတင်းကို သူ့ဆီသို့ သတင်းလာပို့ပေးခြင်း ဖြစ်သည်။

ရုံးတော်စာရေးဝမ်က စေတနာဖြင့် အကြံပြုနေသေးသည်။

"အမတ်ကြီးကျန်းလည်း ဒီမှာ ရှိနေတာဆိုတော့... အမတ်မင်းရွှီအနေနဲ့ နေ့တစ်ဝက်လောက် ခွင့်ယူပြီး အိမ်ပြန်ကြည့်သင့်တယ် ထင်တယ်"

တစ်ချိန်လုံး မျက်မှောင်ကြုတ်နေသော ရွှီယွဲ့ကျားက ခေါင်းညိတ်လိုက်သည်။

"ဒါဆိုရင်တော့ ငါ့ကိုယ်စား အမတ်ကြီးကျန်းကို အသိပေးဖို့ စာရေးကြီးကိုပဲ ဒုက္ခပေးရတော့မယ်"

ရုံးတော်စာရေးဝမ်က အာမခံလိုက်သည်။

"ရပါတယ်... စိတ်မပူပါနဲ့"

ရွှီယွဲ့ကျားက မြင်းရထားကိုပင် မစီးတော့ဘဲ သူ၏မြင်းကိုသာ စီးပြီး နယ်စားမင်းအိမ်တော်သို့ တန်းပြန်လာခဲ့သည်။

သူ ပြန်ရောက်လာပြီး အရာရှိဝတ်စုံကိုပင် မလဲနိုင်ဘဲ အနောက်ဘက်ခြံဝန်းဆီသို့ တန်းလာခဲ့သော်လည်း ပင်မခြံဝန်းအဝင်တွင် ရုတ်တရက် ရပ်တန့်သွားရသည်။

သူ့နှာခေါင်းထဲတွင် နှမ်းနံ့တစ်ခု ရလိုက်သောကြောင့် ဖြစ်သည်။

ရွှီယွဲ့ကျားက နှုတ်ခမ်းကို တင်းတင်းစေ့ကာ ခြံဝန်းထဲသို့ ဝင်လာခဲ့သည်။

သူ ခန်းမတံခါးဝသို့ ရောက်သွားချိန်တွင် ထမင်းစားပွဲ၌ ထိုင်ကာ ဟော့ပေါ့ကို အားရပါးရ မြိန်ရည်ရှက်ရည် စားနေကြသော မိခင်နှင့်သားကို တွေ့လိုက်ရသည်။ သူ ခဏမျှ တိတ်ဆိတ်စွာ ရပ်ကြည့်နေမိသည်။

အပြင်တွင် ရွှီယွဲ့ကျား ရောက်နေသည်ကို ထောင်ကျီက အရင်မြင်သွားပြီး ဝမ်ယဲ့အား အမြန်သတိပေးလိုက်သည်။

"သခင်မ... ဒုတိယသခင် ပြန်ရောက်နေပါပြီ"

ဝမ်ယဲ့က မော့ကြည့်လိုက်ပြီး ရွှီယွဲ့ကျား ဖြစ်နေသည်ကို မြင်လိုက်သောကြောင့် ချက်ချင်း လှမ်းမေးလိုက်သည်။

"ယောက်ျား.... ရှင် သတင်းကြားလို့ ပြန်လာတာလား"

ရွှီယွဲ့ကျားက ခန်းမထဲသို့ ဝင်လာပြီး စားပွဲဆီသို့ လျှောက်သွားကာ ဝင်ထိုင်လိုက်သည်။

"မင်း ဒဏ်ရာရတယ်ဆိုလို့..."

သူက စားပွဲတစ်ဖက်ရှိ ရွှီယွီရွှမ်ကိုလည်း လှမ်းကြည့်လိုက်ပြီး ကလေးငယ်၏ မျက်လုံးများတွင် ငိုထားသည့် အရိပ်အယောင် အနည်းငယ်မျှ မတွေ့ရပေ။

ဝမ်ယဲ့က သူမ၏ နှုတ်ခမ်းထောင့်လေးကို လက်ညှိုးညွှန်ပြကာ ပြန်ပြောလိုက်သည်။

"ဒီမှာလေ... မြင်လား"

ရွှီယွဲ့ကျားကတော့ ကိုယ်တွင်းအပူကြောင့် ပေါက်နေသော သူမ၏နှုတ်ခမ်းပေါ်မှ အရည်ကြည်ဖုလေးကို ကြည့်နေရင်း နောက်တစ်ကြိမ် ဆွံ့အသွားရပြန်သည်။

နောက်ဆုံးတွင် သူက အကြံပေးလိုက်သည်။

"မင်းမှာ ကိုယ်တွင်းအပူတွေ များနေတာဆိုရင် ပိုပြီး ပေါ့ပေါ့ပါးပါး စားသင့်တယ်"

"ကျွန်မလည်း ပေါ့ပေါ့ပါးပါး စားနေတာပါပဲ၊ ဒါက အရိုးပြုတ်ရည်လေ၊ ဘာအစပ်မှလည်း မပါဘူး"

ဝမ်ယဲ့က အပြစ်အကင်းဆုံးဟန်လေးဖြင့် ပြန်ဖြေနေသည်။

ရွှီယွဲ့ကျား : "..."

သူမ၏ ပန်းကန်ထဲရှိ နောက်ဆုံးအသားဖတ်ကို စားပြီးနောက် ဝမ်ယဲ့က သူ့ကို စရှင်းပြလိုက်သည်။

"ကျန်းသခင်မကို အထဲပေးဝင်ခဲ့တာတော့ အမှန်ပါပဲ၊ ဒါပေမယ့် အနောက်ဘက်ခြံပြင်က အဆောင်လေးထဲမှာ ခဏထိုင်ခိုင်းပြီး ပြန်လွှတ်လိုက်တာပါ"

ရွှီယွဲ့ကျားက မေးလိုက်သည်။

"မင်း ဘာလို့ အဲ့ဒီလို လုပ်ရတာလဲ"

ဝမ်ယဲ့က သူမ ဘာမှ မလုပ်ထားသလို ပြန်ဖြေလိုက်သည်။

"ဒုက္ခတွေကို ရှောင်ချင်လို့လေ။ ကျွန်မ ဒဏ်ရာရ နေတယ်ဆိုရင် အိမ်မှာပဲနေပြီး ခဏနားနေရတော့မယ် မဟုတ်လား”

‘ဒါဆိုရင် လက်ထောက်ဝန်ကြီးရဲ့ ဇနီးဆိုပြီး ငါ့ကို လာကပ်ချင်တဲ့သူတွေ ဒါမှမဟုတ် ကြိုးကိုင်ချင်တဲ့သူတွေကိုလည်း ရှောင်ပြီးသား ဖြစ်သွားတာပေါ့’

"ပြီးတော့ ကျန်းသခင်မကသာ နယ်စားမင်းအိမ်တော်ကို လာပြီး ပြဿနာမရှာခဲ့ရင် သူ့ခင်ပွန်း ကျန်းအမတ်က သူ့သားအတွက်နဲ့ သိက္ခာတွေ အကုန်ချပြီး ရူးသွပ်နေတဲ့ ဇနီးကို ထွက်တားပါ့မလား"

ဝမ်ယဲ့၏ စကားများက လက်တွေ့ကျလှသည်။

အမတ်မင်းကျန်းက သူ၏သားကြီး သေဆုံးသွားမည့်အရေးကို တွန့်ဆုတ်နေနိုင်သော်လည်း ဝမ်ယဲ့ ယုံကြည်သည်က သူက သားဖြစ်သူ၏ အသက်ထက် သူ့၏ ရာထူးဂုဏ်ရှိန်ကို ပို၍ တန်ဖိုးထားသူ ဖြစ်သည်ဟုပင်။

ဤသို့တွေးရင်း ဝမ်ယဲ့က ရုတ်တရက် ရွှီယွဲ့ကျားဘက်သို့ လှည့်ကာ မေးလိုက်သည်။

"ယောက်ျား.... ကျွန်မဘာသာ ဆုံးဖြတ်ပြီး လုပ်လိုက်တဲ့အတွက် ရှင် ကျွန်မကို အပြစ်မတင်ပါဘူးနော်"

ရွှီယွဲ့ကျားက ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ပြန်ပြောလိုက်သည်။

"ကျင့်ဝတ်တွေ အပေါ်မူတည်ပြီး အများအမြင်အရ ပြောရရင်တော့ ကောလာဟလတွေ ဖြန့်တာက တကယ်ကို မသင့်တော်ဘူး"

ဝမ်ယဲ့က သူမ၏မျက်ခုံးလေးကို မသိမသာ ပင့်လိုက်ရင်း ထပ်မေးလိုက်သည်။

"ဒါဆို ကိုယ်ရေးကိုယ်တာ ရှုထောင့်ကနေဆိုရင်ရော...."

ရွှီယွဲ့ကျား : "မင်း လုပ်တာ မှန်တယ်"

ဝမ်ယဲ့၏ အပြုံးလေးက ပိုပြီး ရိုးသားလာသည်။ သူမက ရွှီယွီရွှမ်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး တစ်ခုခုကို ရုတ်တရက် သတိရသွားပုံပေါ်သည်။

"အိုး... ဒါနဲ့"

သူမက ရွှီယွဲ့ကျားဘက်သို့ ပြန်လှည့်ကာ မေးနေပြန်သည်။

"ဒီနွေဦးမှာ ရွှမ်အာအတွက် ဆရာတစ်ယောက် ငှားပေးမယ်လို့ ရှင် ပြောခဲ့တာကို ကျွန်မ မှတ်မိတယ်၊ ဟုတ်တယ်မလား"

ရွှီယွဲ့ကျားက ခေါင်းညိတ်ပြလိုက်သည်။

"အဲ့ဒီအတိုင်း စီစဉ်ထားတယ်"

ဝမ်ယဲ့က ချက်ချင်း အလေးအနက် အကြံပြုလိုက်သည်။

"ဒါဆိုရင်တော့ ရှင် ဆရာကောင်းကို သေသေချာချာ ရွေးချယ်ရမယ်နော်... ယောကျာ်း၊ အခြေခံ ပညာရေးအတွက်ပဲ ဆိုပြီး ပေါ့ပေါ့တန်တန် မလုပ်သင့်ဘူး"

ရွှီယွဲ့ကျားက သူမ၏ စကားကို ကြားလိုက်ပြီး သူ့မျက်နှာတွင် စူးစမ်းလိုစိတ်နှင့် ဇဝေဇဝါဖြစ်ဟန် အနည်းငယ် ပေါ်လာခဲ့သည်။

၎င်းက အလွန်သိသာခြင်း မရှိသော်လည်း ကံကောင်းထောက်မစွာဖြင့် ဝမ်ယဲ့က ချက်ချင်း ထပ်ပြောလိုက်သည်။

"ကျွန်မ အသက်ကြီးလာတဲ့အခါကျမှ ပြဿနာရှာတတ်တဲ့ သားဆိုးကြောင့် တခြားသူတွေကို လိုက်ပြီး အသနားခံတာတို့၊ တောင်းပန်ရတာတို့ မလုပ်ချင်ဘူး"

"အဲဒါက အရမ်းကို အရှက်ရမှာ သေချာတယ်"

ရွှီယွဲ့ကျား : "..."

‘မျှော်လင့်ထားတဲအတိုင်းပဲ... ငါ အတွေးလွန်သွားပြန်ပြီ’

🌟🌟🌟🌟🌟 Thank you for always being my greatest supporter. 🌟🌟🌟🌟🌟

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment