no

Font
Theme

chapter 17

အခန်း ၁၇ မိခင်နှင့် သားကြားမှ နှောင်ကြိုး

ဝမ်မိသားစုက နာမည်ဂုဏ်သတင်းကြီးမားပြီး ရှည်လျားသည့် ရိုးရာအစဉ်အလာရှိ မျိုးနွယ်စု ဖြစ်နေသည့်တိုင် နယ်စားမင်းအိမ်တော်၏ အာဏာနှင့် စည်းစိမ်ချမ်းသာကိုတော့ ယှဉ်နိုင်စွမ်း မရှိပေ။

နှုတ်ဆက်စကား အနည်းငယ် ပြောပြီးနောက် အားလုံး အိမ်တော်အတွင်းသို့ ဝင်လာခဲ့ကြသည်။

ဝမ်သခင်ကြီးက သားနှစ်ယောက်နှင့်အတူ ရွှီယွဲ့ကျားကို အရှေ့ဆောင်သို့ ခေါ်သွားပြီး ထိုနေရာတွင် ကြိုဆိုရန် ထွက်လာကြသော အခြားသော သမက်အချို့နှင့် ဆုံတွေ့ခဲ့ကြသည်။

ဝမ်ယဲ့နှင့် ရွှီယွိရွှမ်တို့ကိုတော့ ရှန်သခင်မက လက်ခံကြိုဆိုပြီး အမျိုးသမီးဆွေမျိုးများရှိရာ အတွင်းဆောင်သို့ ခေါ်ဆောင်လာခဲ့သည်။ သူမတို့က နောက်ပိုင်းတွင်မှ စားသောက်ပွဲအတွက် ပင်မခန်းမဆောင်သို့ ရွှေ့ပြောင်းကြမည် ဖြစ်သည်။

ရှန်သခင်မက ဝမ်ယဲ့ဘေးရှိ အထိန်းတော်ကျိ ပွေ့ချီထားသော ကလေးငယ်ကို တစ်ချက်ကြည့်လိုက်ပြီး သူမ၏မျက်နှာတွင် အံ့သြရိပ် အနည်းငယ် ဖြတ်ပြေးသွားသည်။

ဤမျှအေးစက်လှသော ရာသီဥတုတွင် နယ်စားကတော်ကြီးက အဖိုးတန်ကလေးလေးကို အိမ်ပြင်ထွက်ခွင့် ပြုလိုက်လိမ့်မည်ဟု သူမ မထင်ထားသောကြောင့်ပင်။

ရွှီယွိရွှမ်၏ အဆင့်အတန်းအရ ဝမ်ယဲ့၏ မိဘအိမ်ပြန်ခရီးအတွင်း သူ လိုက်မလာခဲ့လျှင်လည်း မည်သူကမျှ အပြစ်ပြောနိုင်မည်မဟုတ်ချေ။

ရှန်သခင်မ၏ အကြည့်က ကလေးထံတွင် ကြာကြာရှိမနေဘဲ အမှတ်မထင် ကြည့်လိုက်သယောင်သာ ရှိပြီး နောက်ဆုံးတွင် ဝမ်ယဲ့၏ ပြည့်ဖြိုးနေဆဲဖြစ်သော မျက်နှာဝိုင်းဝိုင်းလေးများဆီသို့ ရောက်ရှိသွားသည်။ သူမက ခပ်တိုးတိုး မှတ်ချက်ပေးလိုက်သည်။

"ကြည့်ရတာတော့ အိမ်ထောင်သည်ဘဝက မင်း မျှော်လင့်ထားတဲ့အတိုင်း ဖြစ်နေပြီး အဆင်ပြေနေပုံရတယ်"

ဝမ်ယဲ့က သူမ၏ တရားဝင်မိခင်ဖြစ်သူ ရှန်သခင်မအပေါ် ကျေးဇူးတင်နေဆဲဖြစ်ကာ အပြုံးလေးဖြင့် ပြန်ဖြေလိုက်သည်။

"အမေက တကယ်ကို အကဲခတ်တော်တာပဲ၊ အမေမှာ ထိုးထွင်းသိမြင်တတ်တဲ့ မျက်လုံးတွေ ရှိတယ်"

ရှန်သခင်မက သူမ၏ ကိုယ်လုပ်တော်ဖွားသမီးများအပေါ် စစ်မှန်သော သံယောဇဉ် မရှိသော်လည်း သူမတို့ တစ်ဦးချင်းစီက သူမတို့၏ ဘဝများအား အဆင်ပြေပြေ ဖြတ်သန်းနိုင်ရန်တော့ မျှော်လင့်နေဆဲဖြစ်သည်။

‘ဘာပဲဖြစ်ဖြစ် ဒီလောကမှာ အမျိုးသမီးတွေက အမျိုးသားတွေကို မှီခိုပြီးမှပဲ ရှင်သန်နိုင်ကြတာလေ’

"အင်း၊ ဒါက မင်း ရွေးချယ်တဲ့လမ်းဆိုတော့ မင်းဘာသာ လျှောက်ရမှာပဲ"

ရှန်သခင်မက ပေါ့ပေါ့ပါးပါး ပြောလိုက်ရင်း ရွှီယွိရွှမ်ကို တစ်ချက်ဝေ့ကြည့်လိုက်သည်။ ဝမ်ယဲ့အနေဖြင့် နောင်တွင် နောင်တမရပါစေရန်လည်း သူမ မျှော်လင့်နေမိသည်။

ဝမ်ယဲ့က ရှန်သခင်မ၏ အကြည့်ကို သတိပြုမိပြီး ခပ်ဖွဖွ ပြုံးလိုက်သည်။

လမ်းတစ်လျှောက်တွင်လည်း သူမ၏ အကြီးဆုံးယောင်းမဖြစ်သူ ယန်ရှီက ဝမ်ယဲ့နှင့် တရင်းတနှီး စကားစမြည်ပြောနေပြီး နှစ်ပေါင်းများစွာ ကွဲကွာနေသော ညီအစ်မရင်းများကဲ့သို့ပင် နောက်ပြောင်နေလေသည်။

ရှန်သခင်မကတော့ ဝင်ရောက်စွက်ဖက်ခြင်း မရှိပေ။

ဝမ်ယဲ့ကလည်း ယန်ရှီ၏ ရုတ်တရက် နွေးထွေးလာမှုအပေါ် စိတ်မဆိုးပေ။ သူမ၏ အကြီးဆုံးယောင်းမ အမြဲတမ်း ပါးနပ်သူ ဖြစ်ပြီး ဝမ်ယဲ့ ကိုယ်လုပ်တော်သမီး ဖြစ်နေစဉ်ကလည်း နှိမ်ချဆက်ဆံခြင်းမျိုး မရှိခဲ့ပေ။ ယခုအချိန်တွင် သူမက ယခင်ကထက် ပို၍ တက်ကြွပြီး နွေးနွေးထွေးထွေး ဆက်ဆံနေရုံသာ ဖြစ်သည်။

ဝမ်ယဲ့က လူ့သဘာဝကို ကောင်းကောင်းနားလည်နေသည်။ သူမကိုယ်တိုင်လည်း ယခင်ဘဝတွင် အောင်မြင်မှုအတွက် ပြင်းပြင်းထန်ထန် ကြိုးစားယှဉ်ပြိုင်ခဲ့ရပြီး အာဏာနှင့် အဆက်အသွယ်များ၏ တန်ဖိုးကို သူမ အလွန်အလန့် သိထားခဲ့သည်။

ထို့ကြောင့် သူမက ယန်ရှီကို လျစ်လျူမရှုဘဲ တစ်ချိန်လုံး နူးညံ့နွေးထွေးသော အပြုံးလေးဖြင့် တုံ့ပြန်နေခဲ့သည်။

အဓိကခြံဝင်းသို့သွားရာ လမ်းတွင် ယန်ရှီက ဝမ်ယဲ့ကို သတင်းအချို့လည်း ဝေမျှပေးခဲ့သေးသည်။ သူမ၏ ဒုတိယယောင်းမဖြစ်သူ လျိုရှီတွင် ကိုယ်ဝန် သုံးလရှိနေသည့်အကြောင်းပင်။

သို့သော်လည်း အေးစက်သော ရာသီဥတုကြောင့် ရှန်သခင်မက သူမကို အဓိကခြံဝင်းမှာပင် နေစေပြီး အိမ်ပြန်လာသော အခြားအမျိုးသမီးများနှင့် စကားပြောနေရင်း စောင့်နေရန် ညွှန်ကြားထားခဲ့သည်။

လျိုရှီ ကိုယ်ဝန်ရှိသည့်ကိစ္စကလည်း ဝမ်ယဲ့အတွက် အံ့သြစရာ မဖြစ်လာခဲ့ပေ။ လျိုရှီ ဝမ်မိသားစုထဲသို့ လက်ထပ်ဝင်ရောက်လာသည်မှာ ခြောက်လကျော် ရှိပြီ ဖြစ်ပြီး သူမနှင့် ဝမ်မိသားစုမှ ဒုတိယသခင်လေးတို့ကလည်း ရင်းနှီးသော ဆက်ဆံရေး ရှိကြသည်။ သူတို့ ကလေးရလာခြင်းက သဘာဝကျသော ကိစ္စသာ ဖြစ်သည်။

သို့သော် ယန်ရှီ၏ ထိုစကားက ဝမ်ယဲ့အား သူမ၏ ကိုယ်ပိုင်အခြေအနေကို တွေးတောမိစေသည်။ သူမက ဤဘဝတွင် ကလေးမယူရန် ဆုံးဖြတ်ထားခဲ့သည်။

ရွှီယွဲ့ကျားက သူမ၏ ထူးဆန်းသော အပြုအမူအချို့ကို သည်းခံနိုင်ကောင်း သည်းခံနိုင်လိမ့်မည် ဖြစ်သော်လည်း မျိုးဆက်ပြန့်ပွားရေး ကိစ္စတွင်တော့ သူ လိုက်လျောလိမ့်မည် မဟုတ်ပေ။

သူမ ကျန်းမိသားစုမှ သားနှင့် စေ့စပ်ထားချိန်တွင် ဝမ်ယဲ့က နာတာရှည်ရောဂါကို အကြောင်းပြကာ သန္ဓေတားဆေးအမျိူးမျိုးကို တိတ်တဆိတ် ရှာဖွေခဲ့ဖူးသည်။ ထိုဆေးများက ကိုယ်ဝန်ရနိုင်ခြေကို အနည်းငယ်သာ လျော့ချပေးနိုင်ပြီး အကြွင်းမဲ့ စိတ်မချရသော်လည်း အားသာချက်အနေဖြင့် သူမ၏ခန္ဓာကိုယ်ကို ထိခိုက်စေမည် မဟုတ်ပေ။

သို့သော် ဝမ်ယဲ့က သူမ အချိန်တိုင်း ကံကောင်းမည်မဟုတ်ကြောင်းလည်း နားလည်နေသည်။ ဤကိစ္စက ခင်ပွန်းဖြစ်သူနှင့် ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြီး သဘောတူညီမှု ရယူမှသာ အဆင်ပြေချောမွေ့ပေလိမ့်မည်။

‘ဘာပဲဖြစ်ဖြစ်ပါလေ... အချိန်တွေ အများကြီး ရှိပါသေးတယ်၊ ငါလည်း နယ်စားမင်းအိမ်တော်ကို ဝင်ကာစပဲ ရှိသေးတယ်။ အဓိကမိသားစုဝင်တွေရဲ့ စိတ်နေစိတ်ထားကို အပြည့်အဝ နားမလည်သေးပေ။ အရာအားလုံးကို ဖြည်းဖြည်းချင်းပဲ လုပ်တာပေါ့။’

‘ကံဆိုးပြီး မမျှော်လင့်ထားတဲ့ အံ့သြစရာမျိုးတွေ ဖြစ်မလာစေဖို့တော့ ဒီကိစ္စကို အသေအချာ မဖြေရှင်းနိုင်သေးခင် ရွှီယွဲ့ကျားနဲ့ ရင်းနှီးကျွမ်းဝင်ရမယ့် အခိုက်အတန့်တွေကို အတိုင်းအတာတစ်ခုအထိ ကန့်သတ်ထားရမယ်။’

ယန်ရှီက ဝမ်ယဲ့၏ မျက်နှာရိပ်မျက်နှာကဲ အနည်းငယ် ပြောင်းလဲသွားသည်ကို သတိထားမိသွားပြီး လျိုရှီ ကိုယ်ဝန်နေရှိသည့်သတင်းကြောင့် ဝမ်ယဲ့တစ်ယောက် မနာလိုဖြစ်သွားသည်ဟု ထင်မှတ်လိုက်သည်။

နယ်စားမင်းအိမ်တော်က ချမ်းသာကြွယ်ဝသည်မှန်သော်လည်း ဝမ်ယဲ့က မိထွေးအဖြစ် လက်ထပ်ခဲ့ရခြင်း ဖြစ်သည်။ ပထမဇနီးက သားတစ်ယောက် ချန်ထားရစ်ခဲ့ပြီး နယ်စားကတော်ကလည်း ထိုကလေးကို အလွန်အမင်း အလိုလိုက်ထားခဲ့သည်။ နောင်တွင် ဝမ်ယဲ့ကိုယ်တိုင် သားတစ်ယောက် ရလာပါက အစ်ကိုကြီးဖြစ်သူကို ကျော်တက်နိုင်ရန် ခဲယဉ်းမည်မှာ သေချာနေသည်။

ယန်ရှီက ခေတ္တမျှ စဉ်းစားပြီးနောက် သူမကို နှစ်သိမ့်သည့်အနေဖြင့် တိုးတိုးလေး ပြောလိုက်သည်။

"စတုတ္ထညီမ... အရမ်းတော့ စိတ်မပူပါနဲ့၊ ညီမနဲ့ ဒုတိယသခင်လေးရွှီတို့ လက်ထပ်တာက မကြာသေးဘူးလေ၊ အရာအားလုံးအတွက် အချိန်တွေ အများကြီး ရှိပါသေးတယ်"

ဝမ်ယဲ့ကတော့ ထိုအထင်မှားမှုကို ပြင်မပေးသလို ရှင်းပြဖို့လည်း စိတ်မကူးပေ။ သူမက ဘာမှ မဖြစ်သလို ခေါင်းခါပြလိုက်ပြီး သာမန်စကားအနည်းငယ်သာ ထပ်ပြောလိုက်သည်။

ဝမ်ယဲ့ ရောက်ရှိသွားချိန်တွင် အဓိကခြံဝင်းအတွင်း၌ လူစည်ကားနေပြီ ဖြစ်သည်။

ယန်ရှိ၏ သားနှစ်ယောက်နှင့် အနားတွင် ထိုင်နေသော လျိုရှီတို့အပြင်၊ ဝမ်ယွိဝမ်၊ ဝမ်ဟွေ့နှင့် ဝမ်လန်တို့လည်း ရောက်ရှိနေကြပြီ ဖြစ်သည်။ အတွင်းဆောင်က အတော်လေးကို သက်ဝင်လှုပ်ရှားနေသည်။

ဝမ်ယွိဝမ်က သူမ၏ အမြွှာကလေးနှစ်ယောက်ကိုသာ ခေါ်လာခဲ့ပြီး ထိုကလေးများက မိခင်ဖြစ်သူ၏ ဘေးတွင် လိမ္မာယဉ်ကျေးစွာ စည်းကမ်းတကျ ထိုင်နေကြသည်။

ဝမ်လန်ကတော့ သူမ၏ လေးနှစ်အရွယ် သမီးလေးကို ခေါ်လာသော်လည်း တစ်နှစ်သားအရွယ် သားငယ်ကိုတော့ ချန်ထားခဲ့သည်။ သူမ ခေါ်လာချင်လျှင်ပင် သူမ၏ ယောက္ခမက ခွင့်ပြုလိမ့်မည် မဟုတ်ပေ။

ဝမ်ဟွေ့ကတော့ နှစ်လကြာပြီးနောက်တွင် ယခင်ကထက် ပိုဣန္ဒြေရှိလာပုံရသည်။ သူမနှင့်အတူ ငါးနှစ်အရွယ် အကြီးဆုံးသားသာ လိုက်ပါလာခဲ့သည်။

တုမိသားစုက သူမကို သေသေချာချာ "ဦးနှောက်ဆေး" ပေးလိုက်သည်မှာ သိသာနေသည်။ ရှန့်ကျင်းမြို့တော်က ရှန်းခရိုင် မဟုတ်ဘဲ ဆိုရိုးစကားပင် ရှိနေသေးသည်။

'ဒီနေရာမှာ အုတ်ခဲတစ်ခဲနဲ့ ပစ်ပေါက်လိုက်ရင်တောင် အနည်းဆုံး ပဉ္စမအဆင့်ရှိတဲ့ အရာရှိတစ်ယောက်ကို မှန်နိုင်တယ်'တဲ့။

တုမိသားစုတွင် လောလောဆယ် ပဉ္စမအဆင့်နှင့် ဆဋ္ဌမအဆင့် အရာရှိတစ်ဦးစီသာ ရှိသောကြောင့် ဝမ်ဟွေ့လည်း သူတို့၏ အကြံပေးချက်များကို မဖြစ်မနေ နှလုံးသွင်းထားပုံရသည်။

သို့သော် ဝမ်ယဲ့ ပထမဆုံး သတိထားမိသည်က စားပွဲအဆုံးနားတွင် ထိုင်နေသော သူမ၏ ညီမငယ်လေး ဖြစ်သည်။

ရက်အနည်းငယ်သာ ရှိသေးသော်လည်း သူမ အနည်းငယ် ပိန်သွားပုံရသည်။

ကိုယ်လုပ်တော်ချန်းက ဤကဲ့သို့သော စုဝေးပွဲများသို့ တက်ရောက်ခွင့်မရှိသော်လည်း ရှန်းသခင်မ၏ စိတ်နေစိတ်ထားအရ နေ့လယ်စာမစားမီ ရှီးချန်တစ်ဝက်ခန့် ဝမ်ယဲ့ကို ရှီးစွေ့ခြံဝင်းသို့ သွားခွင့်ပြုပေလိမ့်မည်။

ဝမ်ယဲ့က အားလုံးကို အရင်ဆုံး နှုတ်ဆက်စကား ပြောလိုက်ပြီးမှ သူမ၏ ညီမငယ်လေးဘက်သို့ အာရုံလှည့်လိုက်သည်။

ထိုမိန်းမငယ်လေးက သူမ၏ အကြည့်ကို သိရှိသွားပုံရပြီး ဝမ်ယဲ့ကို ပြုံးပြနေသည်။

ထိုအပြုံးကို မြင်လိုက်သည့် ရှန်သခင်မက လှမ်းပြောလိုက်သည်။

"မင်းတို့ ညီအစ်မတွေ ပိုပြီး နီးနီးကပ်ကပ် ထိုင်ကြလေ"

ဝမ်မိသားစု၏ ပုံမှန်ထိုင်ခုံအစီအစဉ်အရ ဝမ်ယဲ့နှင့် ဝမ်ရန်တို့ ပုံမှန်အတိုင်း အတူတူ ထိုင်ရမည်ဖြစ်သော်လည်း ဝမ်ယဲ့က ရွှီယွဲ့ကျားနှင့် လက်ထပ်လိုက်သောကြောင့် မူလအစီအစဉ်အရ သူမက အကြီးဆုံးအစ်မဖြစ်သည့် ဝမ်ယွိဝမ်နှင့် မျက်နှာချင်းဆိုင် ထိုင်ခွင့်ရမည် ဖြစ်သည်။

သို့သော် ရှန်သခင်မ၏ အကြံပြုချက်ကြောင့် ဝမ်ယဲ့တစ်ယောက် သူမ၏ ပုံမှန်ထိုင်ခုံဟောင်းလေးသို့ ပြန်ရောက်ရှိသွားခဲ့သည်။

ဝမ်ယဲ့ နေရာတွင် ဝင်ထိုင်လိုက်သည်နှင့် အထိန်းတော်ကျိလည်း ရွှီယွိရွှမ်ကို ဆက်လက် ပွေ့ချီမထားနိုင်တော့ပေ။ အခြားသော သခင်လေးများနှင့် သခင်မလေးများက သူတို့မိခင်များ၏ ဘေးတွင် ထိုင်နေကြသောကြောင့်ပင်။

ထို့ကြောင့် ဝမ်ယဲ့၏ဘေးတွင် ကပ်တွယ်နေသော အဖော်လေးတစ်ယောက် ရောက်ရှိလာခဲ့သည်။

ရွှီယွိရွှမ်အတွက်တော့ အထိန်းတော်ကျိ၏ ရင်ခွင်ထဲတွင် ခဏတာမျှ မှေးခနဲဖြစ်သွားစဉ်အတွင်း သူစိမ်းများ ဝန်းရံနေသည့်နေရာသို့ ရောက်ရှိလာခဲ့ရသည်။

ရင်းနှီးပြီးသားဖြစ်သော အထိန်းတော်က သူ့ကို ပွေ့မထားတော့သဖြင့် သူက စိုးရိမ်နေသော သူ့နှလုံးသားလေး တည်ငြိမ်စေရန် ဝမ်ယဲ့၏ ခြေထောက်ကို တင်းတင်း ကုပ်တွယ်ထားသည်။

ဝမ်ယဲ့ကလည်း ထိုအပြုအမူလေးအတွက် စိတ်မဆိုးခဲ့ပေ။

‘ဘာပဲပြောပြော သူက ကလေးတစ်ယောက်ပဲလေ၊ ဝမ်အိမ်တော်ကိုလည်း ဒါ ပထမဆုံးအကြိမ် ရောက်ဖူးတာ မဟုတ်ဘူးလား၊ စိမ်းသက်တဲ့ နေရာတစ်ခု ဖြစ်နေတဲ့အပြင် ရင်းနှီးပြီးသား အထိန်းတော်တွေနဲ့ အစေခံတွေကလည်း အကွာအဝေးတစ်ခုမှာ ရှိနေကြတယ်၊ အတူတူ ရှိနေတာ သိပ်မကြာသေးတဲ့ သူမဆီကနေ နွေးထွေးမှုကို ရှာဖွေတာက သဘာဝကျလှတာပေါ့။ သူ မငိုတာကတောင် သူ သတ္တိရှိမှန်း သိသာနေပြီး ချီးကျူးစရာ ကောင်းလှပြီ’

ထို့ကြောင့် ဝမ်ယဲ့က သိုးမွှေးဦးထုပ်လေးကို ချွတ်ထားပြီးဖြစ်သော ကလေးလေး၏ ခေါင်းလုံးလုံးလေးကို ဖွဖွလေး ပုတ်ပေးလိုက်သည်။

ခေါင်းလေးက လုံးဝန်းပြီး နွေးထွေးနေသောကြောင့် ဝမ်ယဲ့ သတိမထားမိခင် သူမ၏လက်က မရပ်နိုင်ဘဲ ဆက်ပြီးပွတ်သပ်ပေးနေမိသည်။

အစောပိုင်းမှ စိုးရိမ်စိတ်များ လျော့ပါးသွားပြီးနောက် ရွှီယွိရွှမ်က သူ့ဆံပင်များကို ကစားနေသည့် လက်တစ်ဖက်အား သတိထားမိသွားသည်။

သူက ဝမ်ယဲ့ကို မျက်လုံးဝိုင်းလေးများဖြင့် မော့ကြည့်ပြီး မေးခွန်းထုတ်ချင်ဟန်လေးဖြင့် ခေါ်လိုက်သည်။

"မေမေ"

ဝမ်ယဲ့က ခဏမျှ တုံ့ဆိုင်းသွားပြီးမှ အပြုံးဖြင့် ချီးကျူးလိုက်သည်။

"ရွှမ်အာ... သားရဲ့ ခေါင်းလေးက တကယ်ကို လုံးဝန်းပြီး အချိုးကျတာပဲ"

ရွှီယွိရွှမ်က သူမ ချီးကျူးနေမှန်း နားလည်သွားပုံရပြီး ရှက်ကိုးရှက်ကန်းဖြင့် နှုတ်ခမ်းလေးကို စေ့ထားကာ သူ့ပါးစပ်ထောင့်လေးတွင် အပြုံးသေးသေးလေးတစ်ခု ဖြစ်ပေါ်လာသည်။

ကလေးများက ချီးကျူးခံရလျှင် ပျော်တတ်ကြပြီး ဝမ်ယဲ့ကတော့ စကားတစ်ခွန်းတည်းဖြင့် သူ့ခေါင်းလေးကို ဆက်ပွတ်သပ်ခွင့်ရသွားခဲ့သည်။

သို့သော် ကျန်သူများ၏အမြင်တွင် ထိုအမူအရာက အဓိပ္ပာယ်တစ်မျိုး သက်ရောက်နေသည်။

ရှန်းသခင်မက တည်တည်ငြိမ်ငြိမ် ရှိနေသော်လည်း ရှန်းသခင်မထံမှ ကြိုတင်သတိပေးချက် ရထားဖူးသည့် ဝမ်ယွိဝမ်ပင်လျင် ခဏမျှ အံ့သြသွားပြီးမှ ပုံမှန်အတိုင်း ဖြစ်အောင် ပြန်ထိန်းလိုက်ရသည်။

ကျန်သူများက ရွှီယွိရွှမ်အနေဖြင့် သူ့၏မိထွေးဖြစ်သူ ဝမ်ယဲ့အပေါ် ဤမျှလောက်အထိ သံယောဇဉ်ရှိလိမ့်မယ်လို့ မထင်ထားကြပေ။

သူမတို့၏အမြင်တွင် မိထွေးနှင့် လင်ပါသားသမီး ဆက်ဆံရေးဆိုသည်က သဘာဝအတိုင်း ရန်သူလို ဖြစ်နေရမည်ဟု ထင်ထားကြသည်။ ယောက္ခမနှင့် ချွေးမကြားမှာ စစ်မှန်သည့် သဟဇာတဖြစ်မှု ရှားပါးသလိုမျိုးသာ ဖြစ်သည်။ ထို့ကြောင် ဝမ်ယဲ့ကို ကြည့်သည့်အမြင်က ပြောင်းလဲသွားပြန်သည်။

‘ကြည့်ရတာ နယ်စားမင်းအိမ်တော်ကို ဝင်သွားနိုင်တဲ့သူက သာမန်တော့ မဟုတ်ဘူးပဲ’

ယန်ရှီက လျိုသခင်မကို တိုးတိုးလေး ကပ်ပြောလိုက်သည်။

"ကြည့်ရတာ စတုတ္ထညီမနဲ့ နယ်စားအိမ်တော်ရဲ့ သခင်ငယ်လေးကြားမှာ မိခင်နဲ့ သားလို သံယောဇဉ် ရှိနေကြတာပဲ"

ဝမ်ယဲ့ကတော့ သူမတို့၏ တိတ်တဆိတ် အပြန်အလှန် အကဲခတ်မှုတွေကို ဂရုမစိုက်ပေ။ လောလောဆယ်တွင် သူမက ရွှီယွိရွှမ်၏ခေါင်းလေး အဘယ်ကြောင့် ဤမျှလုံးဝန်းနေရသည်ကို စိတ်ဝင်စားနေခြင်း ဖြစ်သည်။

ထိုအချိန်မှာပင် ဝမ်ယဲ့ကို "စတုတ္ထအစ်မ" ဟု နှုတ်ဆက်ပြီး စကားအနည်းငယ် ပြောဆိုနေသည့် ဝမ်ရန်က ရွှီယွိရွှမ်အပေါ် စိတ်ဝင်စားလာသည်။

သူမက ခပ်တိုးတိုး မေးလိုက်သည်။

"ဒါက ညီမရဲ့ တူလေးလားဟင်"

ဝမ်ယဲ့က ခေါင်းငြိမ့်ပြလိုက်သည်။

"အဲဒီလို ပြောလို့ ရတာပေါ့"

ရွှီယွိရွှမ်က သူမကို "မေမေ" ဟု ခေါ်နေပြီ ဖြစ်သောကြောင့် ဝမ်ရန်ကလည်း တစ်နည်းအားဖြင့် ကလေး၏ ဒေါ်လေးဖြစ်သွားချေပြီ။

ဝမ်ရန်၏ မျက်လုံးလေးများက ခဏမျှ တောက်ပသွားပြီးမှ ပြန်မှိန်ဖျော့သွားသည်။ သူမက ယခုအခါ "မိထွေး" ဟူသော စကားလုံး၏ အဓိပ္ပာယ်ကို နားလည်နေပြီ ဖြစ်ပြီး လူမှုပတ်ဝန်းကျင်က ထိုကဲ့သို့သော သူများကို အမြင်စောင်းကာ အထင်သေးတတ်ကြသည်ကိုလည်း သိရှိထားခဲ့သည်။

သူမ၏ စတုတ္ထအစ်မက ယခု ထိုနေရာသို့ ရောက်နေခဲ့သည်။

အပြင်လူများက ဝမ်ယဲ့ အိမ်ထောင်ဖက်ကောင်း ရသွားသည်ဟု ထင်ကောင်းထင်ကြမည်ဖြစ်သော်လည်း ညီမအရင်းဖြစ်သည့် ဝမ်ရန်ကတော့ စိတ်မကောင်းဖြစ်ရသလို စိုးရိမ်ပူပန်မှုများလည်း ရှိနေလေသည်။

မိခင်တစ်ဦးတည်းမှ မွေးဖွားလာသည့် ညီအစ်မများဖြစ်သောကြောင့် ဝမ်ယဲ့က ဝမ်ရန်၏ မျက်နှာပေါ်က ခံစားချက်ကို အလွယ်တကူ ဖတ်နိုင်သည်။ သို့သော် အချို့သောအရာများကိုတော့ ပွင့်ပွင့်လင်းလင်း ရှင်းပြရန် မဖြစ်နိုင်သေးပေ။

သူမ၏ အိမ်ထောင်ရေးက လူအများ၏ မနာလိုမှုကို နှိုးဆွပြီးသားဖြစ်ရာ အကယ်၍ သူမ နယ်စားမင်းအိမ်တော်တွင် သာသာယာယာ နေထိုင်နေရကြောင်း သတင်းပျံ့သွားသည်နှင့် ရှန့်ကျင်းမြို့တော်မှ အထက်တန်းလွှာ သခင်မများ၏ အတင်းအဖျင်းကြား၌ သူမ နစ်မွန်းသွားပေလိမ့်မည်။

ဝမ်ယဲ့ အဓိကခြံဝင်းတွင် နာရီဝက်ခန့်သာ နေပြီးနောက်တွင် ရှန်းသခင်မက သူမနှင့်အတူ ဝမ်လန်၊ ဝမ်ဟွေ့တို့ကို သူမတို့၏သက်ဆိုင်ရာ အဆောင်ဆီသွားပြီး မွေးမိခင်များအား သွားတွေ့ရန် အကြံပြုလာသည်။

ထိုအရာက တရားဝင် အကြောင်းပြချက်သာ ဖြစ်ပြီး ရှန်းသခင်မက သူမတို့ ကိုယ်လုပ်တော်မိခင်များနှင့် စကားပြောရန် အချိန်ပေးလိုက်ခြင်းဖြစ်မှန်း အားလုံး သိနေကြသည်။

သို့သော် ကိုယ်လုပ်တော်ပိုင် မရှိတော့သည့်အပြင် ရာသီဥတုကလည်း အလွန်အေးနေသဖြင့် ဝမ်ဟွေ့က အဆောင်ပြန်ရမည့် အလုပ်ကို ရှောင်လွှဲလိုက်ပြီး ဆင်ခြေတစ်ခုပေးကာ အဓိကခြံဝင်း၌ ကျန်နေခဲ့သည်။

ဝမ်ဟွေ့ ပြဿနာမရှာသရွေ့တော့ သူမ နေခဲ့သည်ဖြစ်စေ၊ သွားသည်ဖြစ်စေ ရှန်းသခင်မက ဂရုမစိုက်ချေ။

သူမ မထွက်ခွာမီ ဝမ်ယဲ့က သူမကို ကပ်တွယ်နေသော ရွှီယွိရွှမ်ကို ကြည့်ကာ နူးနူးညံ့ညံ့ မေးလိုက်သည်။

"သား၊ ဒီမှာ နေခဲ့နော်"

အထိန်းတော်ကျိအပြင် လုသခင်မက လွှတ်လိုက်သော ချင်းရွှယ်နှင့် ပိုင်မေတို့လည်း ရှိနေသလို ရှန်းသခင်မကိုယ်တိုင်ကလည်း အရာအားလုံးကို ကြီးကြပ်နေသဖြင့် ရွှီယွိရွှမ်ကို အဓိကခြံဝင်း၌ ထားခဲ့ခြင်းက မသင့်တော်စရာ ဘာမှ မရှိပေ။ ဝမ်ယဲ့ကတော့ လုံးဝ စိတ်အေးလက်အေး ဖြစ်နေခဲ့သည်။

ရွှီယွိရွှမ်ကို ကိုယ်လုပ်တော်ချန်ဆီ ခေါ်သွားလျှင် သူမ သွားရသည့် အရှိန်လျော့ သွားနိုင်ပြီး အထိန်းတော်ကျိနှင့် အခြားအစေခံမလေးများလည်း လိုက်လာကြပေလိမ့်မည်။ ရှီးစွေ့ခြံဝင်းက အလွန်သေးသောကြောင့် သူမ၏ အမေနှင့် ညီမငယ်ကို မည်သိုမျှ စကားကောင်းကောင်းပြောနိုင်တော့မည် မဟုတ်ပေ။

ဝမ်ယဲ့က သူ့အား ပစ်ထားခဲ့တော့မည်ကို သိလိုက်ရချိန်တွင် ရွှီယွိရွှမ်က ဝမ်ယဲ့၏ ခြေထောက်ကို ချက်ချင်း တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ပြီး နေခဲ့ရန် ငြင်းဆန်နေသည်။

ထိုအချိန်တွင် အထိန်းတော်ကျိက ရှေ့တိုးလာပြီး တွန့်ဆုတ်ဟန်ဖြင့် ဝင်ပြောလာသည်။

"ရာသီဥတုက အေးနေပေမယ့် သခင်ငယ်လေးကို နွေးနွေးထွေးထွေး ဝတ်ပေးထားတော့ ဘာမှ ဆိုးဆိုးရွားရွား မဖြစ်နိုင်လောက်ပါဘူး"

အထိန်းတော်ကျိ၏ စိတ်ထဲတွင် ဝမ်ယဲ့က ရွှီယွိရွှမ်ကို ရှီးစွေ့ခြံဝင်းသို့ မခေါ်ချင်ရခြင်းမှာ သွားရလာရသည့် ခရီးတစ်လျှောက် သခင်လေး အအေးမိသွားမည်ကို စိုးရိမ်နေပြီး ထိုအတွက် တာဝန်မယူချင်သောကြောင့် ဖြစ်လိမ့်မည်ဟု ယူဆထားသည်။

အမှန်တကယ်တွင် အဓိကခြံဝင်းထဲ၌ နေခဲ့ခြင်းက အကောင်းဆုံးဖြစ်ပြီး အထိန်းတော်ကျိကလည်း ၎င်းကို အပြည့်အဝ သဘောတူနေသည်။

သို့သော် သခင်လေးက ဒုတိယသခင်မအနားသို့ ကပ်နေချင်နေပြီး ယခုလည်း သူမနှင့် မခွဲနိုင်မခွာရက် ဖြစ်နေသည့် ပုံစံလေး ဖြစ်နေရှာသည်ဟု တွေးကာ သူမ ဝင်ပြောပေးလိုက်ခြင်းပင်။

ဝမ်ယဲ့ကတော့ အထိန်းတော်ကျိ၏ အကြောင်းပြချက်ကြောင့် စိတ်မလှုပ်ရှားဘဲ အားလုံးအဆင်ပြေစေမည့် ညွှန်ကြားချက်တစ်ခု ပေးလိုက်သည်။

သူမက ချင်းရွှယ်နှင့် ပိုင်မေတို့ကို ကြည့်ကာ လှမ်းပြောလိုက်သည်။

"သခင်လေးက သူ့ဖေဖေကို မတွေ့ရတာ ကြာနေပြီပဲ၊ သူတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် အရမ်းလွမ်းနေကြမှာ သေချာတယ်"

"ချင်းရွှယ်... အရှေ့ခြံဝင်းကို သွားပြီး သခင်လေးက သူ့ဖေဖေကို လွမ်းနေပါတယ်လို့ သွားပြောလိုက်ဦး"

"ပိုင်မေ...နင်နဲ့ ကျိမားတို့ကတော့ သခင်လေးကို အရှေ့ခြံဝင်းဆီ ဘေးကင်းကင်းနဲ့ ပို့ပေးဖို့ သေသေချာချာ ဂရုစိုက်ပေးလိုက်"

ချင်းရွှယ်၊ ပိုင်မေနှင့် အထိန်းတော်ကျိ : "..."

......။.......။......

ထိုကိစ္စကို အဆင်ပြေချောမွေ့စွာ ဖြေရှင်းပြီးနောက် ဝမ်ယဲ့က သူမ၏ ညီမငယ်၊ ထောင်ကျီ၊ ယွင်ကျီတို့နှင့်အတူ ရှီးစွေ့ခြံဝင်းသို့ ခြေလှမ်းသွက်သွက်ဖြင့် လျှောက်လှမ်းသွားသည်။

တစ်ဖက်တွင်လည်း အရှေ့ခြံဝင်း၌ နန်းတွင်းရေးရာများ ဆွေးနွေးနေကြသော အမျိုးသားများက ရွှီယွဲ့ကျား၏ ရင်ခွင်ထဲက ကလေးငယ်ကို ကြည့်ရင်း အားလုံး တိတ်ဆိတ်သွားကြသည်။

နောက်ဆုံးတွင် ဝမ်သခင်ကြီးက အနေရခက်သော တိတ်ဆိတ်မှုကို ချောင်းတစ်ချက်ဟန့်ကာ ဖြိုခွင်းလိုက်ပြီး ဝမ်ယဲ့ကိုယ်စား ဆင်ခြေတစ်ခု ရှာပေးနေသည်။

"ယဲ့အာရဲ့ အပြုအမူက တကယ်ပဲ နည်းနည်းတော့ မသင့်တော်ဘူး ဖြစ်သွားတယ်၊ ကျိထန်းအနေနဲ့ ခွင့်လွှတ်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်"

ရွှီယွဲ့ကျားက သူ့ရင်ခွင်ထဲတွင် အနည်းငယ် စိတ်မကောင်းဖြစ်နေသော သားဖြစ်သူကို ငဲ့ကြည့်ပြီးမှ ပြန်ပြောလိုက်သည်။

"ရွှမ်အာရဲ့ မေမေက အရမ်း ဂရုစိုက်တတ်ပါတယ်၊ ဒါက ကျိထန်းအတွက် ကံကောင်းခြင်းတစ်ခုပါပဲ၊ ယောက္ခမကြီး စိတ်မပူပါနဲ့"

🌟🌟🌟🌟🌟 Thank you for always being my greatest supporter. 🌟🌟🌟🌟🌟

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment