no

Font
Theme

chapter 14

အခန်း ၁၄ ရိုင်းစိုင်းသောစကားများ

သူမ၏ အကြီးဆုံးသားဖြစ်သူက ဝမ်ယဲ့အပေါ် ခေါ်ဝေါ်သုံးနှုန်းလိုက်သည့် စကားကို ကြားလိုက်ရချိန်တွင် လုသခင်မ၏ မျက်ခုံးများက ချက်ချင်း တွန့်ချိုးသွားသည်။

ရွှီကျင့်ရုံ တစ်ခုခု ထပ်အော်ပြောရန် ပြင်လိုက်စဉ်မှာပင် လုသခင်မက ပြတ်ပြတ်သားသား ဖြတ်ပြောလိုက်သည်။

"ရွှီကျင့်ရုံ"

လုသခင်မက သူမ၏သားများကို နာမည်အပြည့်အစုံ ခေါ်လေ့မရှိပေ။ သူမ၏ လေသံအရ ဒေါသထွက်နေသည်မှာ ထင်ရှားနေပြီ ဖြစ်သည်။

ရွှီယွိရွှမ်ကို ပွေ့ချီကာ ပြန်ရောက်လာသည့် အထိန်းတော်ကျိနှင့် အခြားအစေခံများကလည်း လုသခင်မ၏ ဒေါသသံကို ကြားလိုက်ရပြီး တောင့်ခဲသွားကြသည်။ သူမတို့အားလုံး အသက်ပင် ရဲရဲမရှုဝံ့ကြတော့ဘဲ လှုပ်ရှားမှုတိုင်းကို သတိထားနေကြသည်။

လုသခင်မ၏ ကိုင်တွယ်ဖြေရှင်းပုံ နည်းလမ်းများအကြောင်း သူမတို့အားလုံး ကြားဖူးနားဝ ရှိကြပြီး ဖြစ်သည်။

အစေခံအချို့ကတော့ သူမတို့ သခင်လေးကို ကောင်းကောင်း မစောင့်ရှောက်နိုင်သောကြောင့် လုသခင်မ စိတ်ဆိုးနေသည်ဟု တွေးကာ စိုးရိမ်ထိတ်လန့်နေကြသည်။

ရွှီကျင့်ရုံကလည်း အမေဖြစ်သူ၏ ဒေါသကြောင့် ကြောင်အမ်းသွားပြီး သူ့မျက်နှာလေးတွင် နာကျင်ဝမ်းနည်းရိပ်များ ယှက်သန်းသွားသည်။

လုသခင်မကတော့ သူ့ကို တစ်ချက်ပင် လှည့်မကြည့်တော့ချေ။ ထိုအစား သူမက အထိန်းတော်ကျိ၏ ရင်ခွင်ထဲမှ ရွှီယွိရွှမ်ကို ကြည့်ကာ နူးညံ့သောအပြုံးဖြင့် ညွှန်ကြားလိုက်သည်။

"ရွှမ်အာကို ငါ့ဆီ ပေးခဲ့၊ ကျန်တဲ့သူတွေ အကုန်ထွက်သွားကြတော့"

"ဟုတ်ကဲ့ပါ"

အထိန်းတော်ကျိနှင့် အခြားသူများက တရိုတသေ ပြန်ပြောလိုက်ပြီး ပင်မအဆောင်အတွင်းမှ တိတ်တဆိတ် ပြန်ထွက်ခွာသွားကြသည်။

ရွှီယွိရွှမ်က လုသခင်မနှင့် ရင်းနှီးသူဖြစ်ပြီး သူမကို အဒေါ်အဖြစ် မှတ်မိနေသည်။ ထို့ကြောင့် ကလေးက သူမ ပွေ့ချီလိုက်သည်ကို ငြိမ်ခံနေခဲ့သည်။ သို့သော်လည်း သူ့မျက်နှာလေးပေါ်မှ စက္ကူစများကိုတော့ အထိမခံဘဲ ငြင်းဆန်နေဆဲပင်။

ထိုစက္ကူစများကို ဂျုံမုန့်အနည်းငယ်ဖြင့်သာ ကပ်ထားခြင်းဖြစ်သည်ကို မြင်ရပြီးနောက် လုသခင်မက အစေခံများအား အတင်းအကြပ် ဖယ်ရှားခိုင်းခြင်း မလုပ်တော့ပေ။ ၎င်းက ကလေးအတွက် အန္တရာယ်ဖြစ်စေမည့် အရာမျိုးလည်း မဟုတ်ဟု သူမ သတ်မှတ်လိုက်သည်။

လက်ရှိတွင် အခန်းထဲ၌ လုသခင်မ၊ သူမ၏ သားနှစ်ယောက်၊ ယုံကြည်ရသော အစေခံအချို့နှင့် ဘာမှနားမလည်သေးသည့် ရွှီယွိရွှမ်တို့သာ ကျန်ရစ်တော့သည်။

လုသခင်မက ရွှီယွိရွှမ်ကို ပွေ့ချီကာ အဓိကထိုင်ခုံတွင် ထိုင်လိုက်ပြီး အခန်းထဲတွင် ခဏတာမျှ တိတ်ဆိတ်သွားသည်။

ရွှီယွိရွှမ်ကတော့ ဘာမှ နားမလည်ပဲ သူ့မျက်နှာပေါ်မှ စက္ကူစရှည်လေးများကို အပေါ်မြှောက်လိုက် ပြန်ချလိုက်ဖြင့် တစ်ယောက်တည်း ပျော်နေရှာသည်။

ဂျုံကော်က သိပ်မကပ်သောကြောင့် အနည်းငယ် ဆွဲလိုက်ရုံဖြင့် စက္ကူစအများစု ကွာကျသွားပြီး သူ့မျက်နှာလေးပေါ်တွင် ကော်ဖတ်လေးများသာ ကျန်ရစ်နေသည်။ ထို့ကြောင့် ကလေးလေးက မုန့်ခိုးစားနေသည့် သူခိုးလေးနှင့် တူနေလေသည်။

ကလေးများက လူကြီးများကဲ့သို့ ပတ်ဝန်းကျင်၏ အခြေအနေကို ခံစားသိရှိနိုင်သည်။ ရွှီယွိရွှမ်က သူ၏အဒေါ်ဖြစ်သူ စိတ်အနှောင့်အယှက်ဖြစ်နေသည်ကို ရိပ်မိသွားပုံရပြီး သူမ၏ရင်ခွင်ထဲသို့ ပိုတိုးဝင်လိုက်သည်။

ထိုအပြုအမူလေးက လုသခင်မ စိတ်ချမ်းသာအောင် သူ လုပ်နေကျ ပုံမှန်နည်းလမ်းလေး ဖြစ်သည်။

လုသခင်မက ရွှီယွိရွှမ်အပေါ် စိတ်ဆိုးနေခြင်း မရှိဘဲ သူမ၏ အကြီးဆုံးသားနှင့် စကားမပြောမီ အနောက်ဘက်ခြံဝင်းမှ ကိစ္စကို အရင်စုံစမ်းရန် တွေးနေခြင်း ဖြစ်သည်။

လုသခင်မက ရွှီယွိရွှမ်ကို သူမ၏ရင်ခွင်ထဲမှ အသာအယာ ဆွဲထုတ်ကာ မျက်နှာချင်းဆိုင်လိုက်ပြီး နူးညံ့သောလေသံဖြင့် မေးလိုက်သည်။

"ရွှမ်အာ၊ ဒီနေ့ မေမေနဲ့ ဆော့ရတာ ပျော်ခဲ့လား"

ရွှီယွိရွှမ်၏ မျက်ခုံးပေါ်တွင် စက္ကူစလေးနှစ်ခု ကျန်နေသေးသည်။ သူက လက်မြှောက်ပြီး ထိုစက္ကူစများကို ထိလိုက်ပြီးမှ တစ်ခုခုကို သတိရသွားသည့်ဟန်ဖြင့် မျက်လုံးလေးများ အရောင်တောက်လာသည်။ သူက အပြင်ဘက်ကို လက်ညှိုးထိုးပြရင်း "မေမေ"ဟု နှစ်ကြိမ်တိုင်တိုင် ခေါ်လိုက်သေးသည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသည့် လုသခင်မအတွက်တော့ နောက်ထပ် မေးခွန်းများ မမေးရန် မလိုတော့ပေ။ သူမက အစေခံမလေးပိုင်မေ့ကို ခေါ်ပြီး ရွှီယွိရွှမ် နေ့လယ်ခင်း အိပ်စက်ရန်အတွက် အခန်းထဲသို့ ပြန်ခေါ်သွားခိုင်းလိုက်သည်။

ထိုနောက်မှသာ သူမက အောက်တွင် တိတ်တဆိတ် ရပ်နေသည့် ရွှီကျင့်ရုံဘက်သို့ တင်းမာသော အကြည့်ဖြင့် ကြည့်ကာ မေးမြန်းလိုက်သည်။

"မင်း ဘာတွေမှားခဲ့လဲဆိုတာ မင်း သိလား"

ရွှီကျင့်ရုံက အမေဖြစ်သူ၏ ဆူပူမှုကို ခံထားရသဖြင့် စိတ်ကောက်နေဆဲ ဖြစ်သည်။ သူက ခေါင်းကို တစ်ဖက်သို့ ခပ်စောင်းစောင်းလှည့်ကာ ပြန်ပြောလိုက်သည်။

"သား ဘာမှ မမှားဘူး"

သူက အမှားကို ဝန်မခံသဖြင့် လုသခင်မက အတင်းအကျပ် မမေးတော့ဘဲ ခပ်ပြတ်ပြတ် ထပ်ပြောလိုက်သည်။

"မင်းကိုယ်မင်း မမှားဘူးလို့ ထင်နေရင်တော့ ဆောင်းပါးတွေကို နောက်ထပ် စာမျက်နှာ နှစ်ဆယ် ထပ်ကူးရမယ်၊ ပြီးတော့ မင်းအဖေ ပြန်လာရင်လည်း ဒီနေ့ မင်း လုပ်ခဲ့သမျှ အရာအားလုံးကို တစ်လုံးမကျန် ပြန်ပြောပြမယ်"

ရွှီကျင့်ရုံ၏ မျက်လုံးများက မယုံနိုင်လောက်အောင် ပြူးကျယ်သွားပြီး မလိုလားဟန်ဖြင့် ငြင်းဆန်လိုက်သည်။

"အမေ၊ အမေက သားကို မချစ်တော့ဘူး၊ ဒုတိယဦးလေး အဲဒီမိန်းမနဲ့ အိမ်ထောင်ပြုပြီးကတည်းက အမေက သားကိုပဲ အမြဲဆူနေတာ၊ အဲဒီ အကျင့်မကောင်းတဲ့ မိန်းမက မေမေတို့ကို ဘယ်လိုမှော်ဆေးရည်တွေ တိုက်ထားတာလဲ"

ထိုသို့ပြောပြီးသည်နှင့် သူက ပင်မအဆောင်အတွင်းမှ ဒေါသတကြီး ပြေးထွက်သွားသောကြောင့် ကျန်နေသည့်လူများ အားလုံး မှင်တက်ကျန်ရစ်နေခဲ့ရသည်။

လုသခင်မ သတိပြန်ဝင်လာချိန်တွင် ရွှီကျင့်ရုံ ပျောက်ကွယ်သွားပြီ ဖြစ်သည်။ လုသခင်မက အလွန်အမင်း ဒေါသထွက်သွားပြီး နယ်စားမင်း၏ ကြိမ်လုံးကို သွားယူရန် အထိန်းတော်ရှန်းကို ချက်ချင်း အမိန့်ပေးလိုက်သည်။

‘နယ်စားမင်း ပြန်လာတာကို ဘာလို့ စောင့်နေရမှာလဲ၊ ငါကိုယ်တိုင်ပဲ ဆုံးမပဲ့ပြင်လိုက်တော့မယ်’

အထိန်းတော်ရှန်းက သူမကို အမြန်ဝင် ဖျောင်းဖျလိုက်သည်။

"သခင်မ... သခင်လေးက စိတ်တိုနေလို့ ပြောမိပြောရာ ပြောသွားတာပါ"

လုသခင်မက ဒေါသတကြီး ဆူပူနေပြန်သည်။

"သူ့ကို ကြည့်ဦး၊ အသက်ရှစ်နှစ်တောင် ရှိနေပြီ၊ အခုထိ မရင့်ကျက်သေးဘူး၊ သူ လူကြီးသူမကို မရိုမသေ လုပ်တာက တကြိမ်တောင်မကဘူး၊ သူက နယ်စားမင်းအိမ်တော်မှာ ကြီးပြင်းလာတာ၊ ဒီလောက် ရိုင်းစိုင်းတဲ့ စကားလုံးတွေ ပြောဖို့ ဘယ်တုန်းက သူ့ကို သင်ပေးခဲ့လို့လဲ"

အထိန်းတော်ရှန်းက သူမ၏သခင်မကို ဆက်‌ချော့မော့နေသည်။

"သခင်လေးက အရင်က ဒီလိုမဟုတ်ပါဘူး၊ အရင်ဆုံး သခင်မ စိတ်အေးအေးထားပါဦး"

လုသခင်မလည်း တဖြည်းဖြည်း စိတ်ပြန်တည်ငြိမ်လာပြီ ဖြစ်သည်။ အထိန်းတော်ရှန်း၏ မတော်တဆ ပြောလိုက်သော စကားကြောင့် တစ်ခုခု မှားယွင်းနေသည်ကို သူမ သတိထားမိသွားသည်။

အခန်းထဲတွင် အထိန်းတော်ရှန်းနှင့် ချင်းရွှယ်တို့သာ ကျန်နေတော့သည်။ လုသခင်မက သူမတို့ကို ကြည့်ရင်း ထပ်ပြောလိုက်ပြန်သည်။

"ငါ မှတ်မိသလောက်တော့ ကျိထန်းနဲ့ ဝမ်ရှီတို့ရဲ့ မင်္ဂလာရက် သတ်မှတ်ပြီးပြီးချင်းမှာ ရွှီကျင့်ရုံနဲ့ ရွှီကျင့်လင်းတို့နှစ်ယောက် တင်းအန်းမြို့စားအိမ်တော်မှာ ခဏသွားနေခဲ့ကြတယ် မဟုတ်လား"

တင်းအန်းမြို့စားအိမ်တော်က လုသခင်မ၏ မိဘအိမ်ဖြစ်ပြီး သူမ၏ သားများအတွက် မိခင်များ၏ အဘိုးအဘွားအိမ် ဖြစ်သည်။

ထိုအတောအတွင်း လုသခင်မက မင်္ဂလာဆောင်အတွက် ပြင်ဆင်နေပြီး အလုပ်ရှုပ်နေသောကြောင့် သူမ၏သားများကို ဂရုမစိုက်နိုင်ခဲ့ပေ။ ကလေးများက အဘိုးအဘွားများကို လွမ်းသည်ဟု ပြောသောကြောင့် သူမက သူတို့၏ ပစ္စည်းများကို ထုတ်ပိုးပေးပြီး မြို့စားအိမ်တော်တွင် ရက်အနည်းငယ် သွားနေရန် လွှတ်လိုက်ခြင်း ဖြစ်သည်။

အထိန်းတော်ရှန်းက ခေါင်းငြိမ့်ပြီး ပြန်ဖြေလိုက်သည်။

"ဟုတ်ပါတယ်၊ ဆယ်ရက်လောက် ဒါမှမဟုတ် လဝက်နီးပါးလောက် ကြာခဲ့ပါတယ်"

လုသခင်မက အချိန်အတော်ကြာ တိတ်ဆိတ်သွားပြန်သည်။

အတန်ကြာမှ သူမက ပြောလိုက်ပြန်သည်။

"သွား... ရွှီကျင့်လင်းကို ဒီကို ခေါ်ခဲ့"

သူမ၏ သားနှစ်ယောက်က အမြဲတပူးပူးတတွဲတွဲ ရှိနေကြသူများဖြစ်သောကြောင့် ရွှီကျင့်လင်းထံမှ တစ်ခုခု သိနိုင်ရန် သူမ မျှော်လင့်နေခဲ့သည်။

ရွှီကျင့်လင်းက သူ့အခန်းထဲတွင် လက်ရေးလှ ကျင့်နေခြင်း ဖြစ်သည်။ သူ စာမျက်နှာ ၂၀ ရေးရမည် ဖြစ်ပြီး အကယ်၍ လက်ရေးမလှလျှင်လည်း မိခင်ဖြစ်သူက လက်ခံမည်မဟုတ်ချေ။ သူ တစ်မနက်လုံး ရေးနေသော်လည်း တစ်ဝက်ပင် မပြီးသေးသောကြောင့် စိတ်ပူနေရှာသည်။ သူ နေ့လယ်စာကိုပင် ကောင်းကောင်းမစားဘဲ အမြန်ပြန်လာပြီး စာဆက်ရေးနေခြင်း ဖြစ်သည်။

ချင်းရွှယ် ရောက်သွားချိန်တွင် ကလေးငယ်က စားပွဲတွင် သေသေချာချာ ထိုင်နေပြီး မျက်နှာလေး ရှုံ့မဲ့လျက် စာရေးရန် အာရုံစိုက်နေသည်ကို တွေ့လိုက်ရသည်။

ထိုမြင်ကွင်းက ချင်းရွှယ်၏ စိတ်ကို နူးညံ့သွားစေသည်။ သူမက ကလေး၏အနားသို့ ချဉ်းကပ်ပြီး တိုးတိုးလေး ပြောလိုက်သည်။

"သခင်လေး... သခင်မက ပင်မအဆောင်ကို လာခဲ့ဖို့ ခေါ်ခိုင်းလိုက်ပါတယ်"

ရွှီကျင့်လင်းက တွန့်ဆုတ်နေဟန်လေးဖြင့် ပြန်ပြောလာသည်။

"ကျွန်တော်က အမေခိုင်းတဲ့အတိုင်း လက်ရေးလှ လေ့ကျင့်နေတာပါ"

ချင်းရွှယ်က သူ စိုးရိမ်နေသည်ကို နားလည်နေပြီး နူးညံ့သော အပြုံးဖြင့် ထပ်ပြောလိုက်သည်။

"မစိုးရိမ်ပါနဲ့ သခင်လေးရယ်၊ သခင်မက သခင်လေးတို့ တင်းအန်းမြို့စားမင်းအိမ်တော်မှာ နေခဲ့တုန်းက အကြောင်းတွေကို မေးချင်လို့ပါ"

ရွှီကျင့်လင်းက သူ၏ ကြည်လင်သော မျက်လုံးလေးများဖြင့် ပြူးကြည့်ကာ ပြန်မေးလိုက်သည်။

"တကယ်လား"

ချင်းရွှယ်က ခေါင်းငြိမ့်ပြရင်း ပြန်ပြောလိုက်သည်။

"ကျွန်မ သခင်လေးကို မလိမ်ပါဘူး"

စိုးရိမ်စိတ်နှင့် မျှော်လင့်ချက်များ ရောပြွမ်းနေရှာသည့် ရွှီကျင့်လင်းက ပင်မအဆောင်သို့ ရောက်လာခဲ့သည်။

'မေမေက ငါ့ကို သနားသွားလို့ စာမျက်နှာ ၂၀ ရေးရမှာကို ကင်းလွတ်ခွင့် ပေးတော့မှာလား'

လုသခင်မက သူမ၏ သားငယ်ကို မြင်သည်နှင့် ချက်ချင်း လှမ်းခေါ်လိုက်သည်။

"ကျင့်လင်း... ဒီကိုလာပါဦး"

လုသခင်မက သူ့ကို လက်ရေးလှရေးလေ့ကျင့်ခိုင်းခြင်းဖြင့် အပြစ်ပေးခဲ့သော်လည်း ရွှီကျင့်လင်း၏နှလုံးသားထဲတွင် အမေဖြစ်သူကို အရင်းနှီးဆုံးဟု သတ်မှတ်ထားဆဲ ဖြစ်သည်။

လုသခင်မကလည်း ရွှီကျင့်လင်းကို ညင်ညင်သာသာ ပွေ့ဖက်လိုက်ပြီး ဂရုတစိုက်ဖြင့် မေးခွန်းအချို့ မေးလိုက်သေးသည်။ ထို့နောက်မှသာ အဓိကအချက်ကို မေးလိုက်သည်။

"သားနဲ့ သားရဲ့အစ်ကိုကြီးတို့ အဘွားတို့အိမ်မှာ ပျော်ခဲ့ကြလား"

ရွှီကျင့်လင်းက အပြစ်ကင်းစင်စွာ ပြန်ဖြေရှာသည်။

"ဟုတ်ကဲ့! ဦးလေးကလည်း သားတို့အပေါ် အရမ်းကောင်းတယ်"

လုသခင်မ၏ အငယ်ဆုံးမောင်လေးက အသက် ၁၁ နှစ်သာ ရှိသေးပြီး ရွှီကျင့်ရုံ၊ ရွှီကျင့်လင်းတို့နှင့် ကောင်းကောင်း ကစားနိုင်သည့် တက်ကြွသော ကောင်လေးတစ်ယောက် ဖြစ်သည်။

လုသခင်မက ထပ်မေးလိုက်သည်။

"အဲဒီအပြင် တခြားဘာတွေရှိသေးလဲ၊ သားရဲ့အစ်ကိုကြီးက သားကို တစ်ယောက်တည်း ထားခဲ့တာမျိုးရော ရှိလား"

ရွှီကျင့်လင်းက တစ်ခုခုကို သတိရသွားပုံရပြီး ရုတ်တရက် မကျေမနပ် ဖြစ်သွားကာ ပြန်ဖြေလိုက်သည်။

"မေမေ... အစ်ကိုကြီးက တော်တော်ဆိုးတာပဲ"

လုသခင်မက စိတ်ဝင်စားသွားဟန်ဖြင့် ပြန်မေးလိုက်သည်။

"သူ ဘာလုပ်လို့လဲ"

ရွှီကျင့်လင်းက သူ၏လက်သီးဆုပ်လေးများကို တင်းတင်းဆုပ်လိုက်သည်။

"အဘွားက ကျောက်မားမားကို ကွေ့ဟွားမုန့်တွေ လုပ်ခိုင်းခဲ့တယ်၊ အဲ့ဒါကို အစ်ကိုကြီးက တစ်ယောက်တည်း အကုန်စားပစ်တာ၊ သားအတွက် တစ်ခုမှ မချန်ထားဘူး၊ သူက တော်တော်ဆိုးတယ်"

"အဲဒါအပြင်ရော.... တခြားလူတွေက သားရဲ့အစ်ကိုကြီးနဲ့ စကားပြောတာမျိုးရော ရှိလား"

"ရှိတာပေါ့၊ အဘိုးက ဖူရုံကျီကနေ မုန့်တွေကို အထူးတလည် ဝယ်လာပေးတာကိုလည်း အစ်ကိုကြီးက သားကို တစ်ခုမှ မကျွေးဘူး"

သူ ထိုစကားကို ပြောပြီးသည်နှင့် သူ၏ ဗိုက်လေးထဲမှ "ဂွီ" ဟုသော မြည်သံ အကျယ်ကြီး ထွက်လာတော့သည်။

လုသခင်မ : "......"

‘ဒါက တကယ်ပဲ ငါ့သားမှ ဟုတ်ရဲ့လား’

ရွှီကျင့်လင်းက ရှက်ကိုးရှက်ကန်းဖြစ်သွားပြီး သူ၏ဗိုက်လေးကို အမြန်ဖုံးကာ မျက်နှာနီနီလေးဖြင့် ခေါ်လိုက်သည်။

“မေမေ”

လုသခင်မက စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချလိုက်သည်။ သူမက ချင်းရွှယ်ကို ရွှီကျင့်လင်းအတွက် မုန့်ပန်းကန်အသေးတစ်လုံး ယူခိုင်းလိုက်ပြီးမှ သူ့ကို အရှေ့ခြံဝင်းသို့ ပြန်ပို့ခိုင်းလိုက်သည်။

‘ကြည့်ရတာတော့ ငါရဲ့ သားငယ်လေးဆီကနေ အသုံးဝင်တဲ့ သတင်းအချက်အလက် တစ်ခုမှ ရနိုင်မယ် မထင်ဘူး’

လုသခင်မက အခြားသူများဘက်သို့ လှည့်ကာ ထပ်ပြောလိုက်သည်။

"ရှန်းမား... အိမ်တော်ထဲမှာ တစ်ယောက်ယောက်က သခင်လေးရဲ့ နားထဲအထိ တစ်ခုခု သွားပြောထားတာမျိုး ရှိ၊ မရှိ စုံစမ်းပေးပါဦး"

အထိန်းတော်ရှန်းက ချက်ချင်းနားလည်သွားပြီး ချက်ချင်း ပြန်ဖြေလိုက်သည်။

"ဒီအစေခံအိုကြီး အခုပဲ သွားလိုက်ပါ့မယ်"

ထို့နောက် လုသခင်မက ချင်းရွှယ်ဘက်သို့ လှည့်ပြောလိုက်ပြန်သည်။

"မနက်ဖြန်ကျရင် နင် တင်းအန်းမြို့စားမင်းအိမ်တော်ကို သွားပြီး ငါ့အမေကို သွားတွေ့ခဲ့၊ သခင်လေး အဲဒီမှာနေတုန်းက ဘယ်သူတွေနဲ့ အဓိက ထိတွေ့ဆက်ဆံခဲ့လဲဆိုတာ စုံစမ်းပြီး ငါ့ကို ပြန်ပြောပြရမယ်"

ချင်းရွှယ်က ဦးညွှတ်ရင်း ပြန်ဖြေလိုက်သည်။

"ဒီအစေခံ နားလည်ပါပြီ"

အထိန်းတော်ရှန်း ထွက်သွားပြီးနောက် လုသခင်မက အနောက်ဘက်ခြံဝင်းမှ ဝမ်သခင်မအကြောင်းကို တွေးမိသွားသည်။ သူမက ခေတ္တမျှ စဉ်းစားပြီးမှ ချင်းရွှယ်ကို ထပ်ညွှန်ကြားလိုက်သည်။

"ငါ့ရဲ့ သိုလှောင်ရုံထဲကနေ ငွေလျန်နှစ်ထောင်နဲ့ ကျောက်စိမ်းရုယီတစ်စုံ သွားယူလိုက်၊ ပြီးရင် အနောက်ဘက်ခြံဝင်းကို နင် ကိုယ်တိုင်သွားပို့ပေးရမယ်"

ထိုအရာက သခင်လေး၏ ရိုင်းစိုင်းမှုအတွက် လုသခင်မက ဝမ်ယဲ့ကို ပြန်လည်လျော်ကြေးပေးခြင်းဖြစ်ကြောင်း ချင်းရွှယ် နားလည်နိုင်သည်။

.......။........။......

ကလေးငယ်ကို ပြန်ပို့ပြီးနောက် ဝမ်ယဲ့လည်း ကြာကြာဆက်မကစားခဲ့ပေ။

ယနေ့က ကဒ်ကစားရန် ကံမကောင်းသောနေ့ဟု သူမ တွက်ဆလိုက်သည်။

ကဒ်များကို သိမ်းဆည်းနေသော ထောင်ကျီက ဝမ်ယဲ့၏ ပွစိပွစိပြောဆိုသံကို ကြားသွားပြီး တခိခိ ရယ်မောနေသည်။

"ဒါက ကံကြောင့်မဟုတ်ပါဘူး သခင်မရယ်၊ သခင်မမှာ ကျွမ်းကျင်မှု မရှိတာ သိသာနေတာပဲ၊ သခင်လေးရဲ့ မျက်နှာမှာတောင် စက္ကူစတွေ ကပ်ဖို့ နေရာမလောက်တော့တဲ့အထိလေ"

ဝမ်ယဲ့က တည်တည်တံ့တံ့ မျက်နှာထားဖြင့် လှမ်းပြောလိုက်သည်။

"ထောင်ကျီ၊ ဒီည နင့်အတွက် ဝက်ခြေထောက်ကင် မရှိတော့ဘူးနော်"

ထောင်ကျီကတော့ လက်မခံနိုင်ဘဲ ချက်ချင်း ကန့်ကွက်လိုက်သည်။

"သခင်မ... မတရားလုပ်လို့ မရဘူးနော်၊ ကျွန်မသာ ဆယ်ပွဲဆက်တိုက်နိုင်ရင် ဝက်ခြေထောက်ကင် ဝေစုရမယ်လို့ သခင်မ ပြောခဲ့တယ်လေ"

ဝမ်ယဲ့ကတော့ သူမကို ကြည့်ပင်မကြည့်တော့ဘဲ မျက်လုံးမှိတ်ကာ ညောင်စောင်းပေါ်တွင် ခြေချင်းချိတ်ထိုင်လိုက်သည်။

"နင် ပြောသလိုပဲလေ၊ ငါက သခင်မဆိုတော့ ငါ ပြောတာ အတည်ပဲ"

ထောင်ကျီတစ်ယောက် ပြောစရာစကားပင် ပျောက်ရှသွားရသည်။

ယွင်ကျီက လက်ဖက်ရည်အိုးကို ကိုင်ပြီး ဝင်လာခဲ့သည်။ သူမက ထောင်ကျီ၏ မကျေမနပ်မျက်နှာထားကို မြင်သွားပြီး ရယ်မောနေပြန်သည်။

"တော်ပါတော့၊ နင်က ဘာလို့ သခင်မနဲ့ အပြိုင်ငြင်းခုံနေရတာလဲ"

ထောင်ကျီက "ဟွန့်" ဟု နှာခေါင်းရှုံ့လိုက်သည်။

ယွင်ကျီက သူမကို ဆက်မချော့တော့ဘဲ ဝမ်ယဲ့အနားသို့ ချဉ်းကပ်ကာ လက်ဖက်ရည်ငှဲ့ပေးရင်း စိုးရိမ်တကြီး ပြောလာခဲ့သည်။

"သခင်မ၊ သခင်မ သခင်လေးရဲ့ မျက်နှာပေါ်ကို စက္ကူစတွေ အများကြီး ကပ်လိုက်တယ်မလား၊ လုသခင်မ သိသွားရင် စိတ်ဆိုးမလား မသိဘူးနော်"

သူမကလည်း ကိုယ်လုပ်တော်ချန်းကဲ့သို့ စိုးရိမ်တတ်သူ ဖြစ်သည်။ ဝမ်ယဲ့က မိထွေးတစ်ယောက်ဖြစ်နေပြီး တစ်ဖက်အိမ်တော်မှ လူများ၏ အကဲခတ်အကြည့်များအား ရင်ဆိုင်ရမည်ကို သူမ ကြောက်နေမိခြင်း ဖြစ်သည်။

‘သခင်လေးက ဘယ်လောက်တောင် အဖိုးတန်သလဲဆိုတာ လူတိုင်း သိနေတာပဲ မဟုတ်ဘူးလား’

ဝမ်ယဲ့က မျက်လုံးဖွင့်လိုက်ပြီး စိတ်ထဲမှ သက်ပြင်းချကာ ပြန်ပြောလိုက်သည်။

"မစိုးရိမ်ပါနဲ့၊ ဘာမှ မဖြစ်ပါဘူး"

ယွင်ကျီကတော့ စိတ်မအေးသေးပေ။

"ကျွန်မ သွားပြီး စုံစမ်းကြည့်ရမလား"

‘သခင်လေး အနောက်ဘက်ခြံဝင်းက ထွက်သွားတာ တစ်ရှီးချန်နီးပါး ရှိနေပြီလေ၊ ငါ သွားလိုက်ရင် တခုခု သိရနိုင်တယ်’

ဝမ်ယဲ့က သူမကို တားဆီးလိုက်သည်။

"မလိုဘူး၊ နင့်သခင်မက ဒီလောက်အသက်ကြီးနေပြီ၊ ဒီလို ကိစ္စသေးသေးလေးအတွက် အလွန်ဆုံးရှိလှ အခန်းထဲမှာ ရက်အနည်းငယ် အောင်းနေခိုင်းရုံပဲ ရှိမှာပါဟယ်"

‘ဒီထက်ပိုပြီး ဖြစ်လာစရာလည်း ဘာအကြောင်းမှ မရှိဘူးလေ၊ ဖြစ်လာခဲ့ရင်လည်း ငါတစ်ယောက်တည်း အရှက်ရမှာမှ မဟုတ်တာ’

‘ပြီးတော့ သဘက်ခါကျရင်လည်း ငါတို့ မိဘအိမ်ကို ပြန်ရဦးမယ်၊ လုသခင်မက တကယ် စိတ်ဆိုးနေရင်လည်း အဲ့ခရီးစဉ်ပြီးတဲ့အထိ စောင့်ရမှာပဲ’

မကြာမီမှာပင် လျိုယာ ရောက်လာပြီး အဓိကခြံဝင်းမှ ချင်းရွှယ် ရောက်လာကြောင်း သတင်းပို့လာပြန်သည်။

ယွင်ကျီကတော့ သူမ ကြောက်နေသည့်အရာက လက်တွေ့ဖြစ်လာပြီဟု ချက်ချင်း ခံစားလိုက်ရသည်။

ဝမ်ယဲ့က သူမကို စကားအနည်းငယ်ဖြင့် နှစ်သိမ့်ပေးလိုက်ပြီး ညောင်စောင်းပေါ်မှထကာ ဖိနပ်စီးပြီးမှ သူမ၏အဝတ်အစားကို သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြန်ပြင်လိုက်သည်။ ထို့နောက်မှသာ သူမက အတွင်းခန်းထဲမှ ထွက်လာခဲ့သည်။

လျိုယာက ချင်းရွှယ်ကို ဧည့်ခန်းဆောင်အတွင်းသို့ ခေါ်ဆောင်လာပြီး စောင့်ခိုင်းထားသည်။

ဝမ်ယဲ့က သူမ ထိုင်သင့်သည့်နေရာတွင် ဝင်ထိုင်လိုက်ပြီး တည်ငြိမ်စွာ စမေးလိုက်သည်။

"ချင်းရွှယ်... အနောက်ဘက်ခြံဝင်းကို ဘာကိစ္စနဲ့ ရောက်လာတာလဲ"

ချင်းရွှယ်က တရိုတသေ ဦးညွှတ်ပြီးမှ ပြန်ပြောလိုက်သည်။

"သခင်မက ဒုတိယသခင်မအတွက် တစ်ခုခု ပေးခိုင်းလိုက်လို့ပါ"

ထိုသို့ပြောပြီးနောက် သူမက အနောက်သို့ တစ်ချက်ကြည့်လိုက်ပြီး ပိုးထည်သေတ္တာလေးကို ကိုင်ထားသည့် အစေခံမလေးတစ်ဦး ရှေ့တိုးလာသည်။ ချင်းရွှယ်က ထိုသေတ္တာကို ဖွင့်ပြလာခဲ့သည်။

အစပိုင်းတွင် ဝမ်ယဲ့ ဇဝေဇဝါဖြစ်သွားရသော်လည်း သေတ္တာထဲကို တစ်ချက်ကြည့်လိုက်ရုံဖြင့် သူမ၏မျက်လုံးများက ပါဝင်သည့်အရာများအပေါ်သို့ ချက်ချင်း ကျရောက်သွားသည်။

၎င်းက ငွေလျန်နှစ်ထောင်တန် ငွေစက္ကူများနှင့် ကျောက်စိမ်းရူယီတစ်စုံ ဖြစ်သည်။

ချင်းရွှယ်က ရှင်းပြနေသည်။

"အကြီးဆုံးသခင်လေးက အဓိကခြံဝင်းကို ရောက်နေပါတယ်၊ ဒါတွေက ဒုတိယသခင်မအတွက် တောင်းပန်တဲ့ လက်ဆောင်တွေပါ"

ထိုကိစ္စကို အသေးစိတ် မစုံစမ်းရသေးသောကြောင့် ချင်းရွှယ်က ဒုတိယသခင်မရော အကြီးဆုံးသခင်လေးပါ မျက်နှာမပျက်ရလေအောင် အထူးတလည် ပွင့်ပွင့်လင်းလင်း မပြောဘဲ ထိန်းပြောနေခြင်း ဖြစ်သည်။

ဝမ်ယဲ့က မျက်ခုံးတစ်ချက်ပင့်လိုက်ပြီး ပြန်မေးလိုက်သည်။

"ဒါတွေက ငါ့အတွက်လား"

ချင်းရွှယ်က ခေါင်းငြိမ့်ပြရင်း ပြန်ဖြေလာသည်။

"ဟုတ်ပါတယ်"

ယွင်ကျီနှင့် ထောင်ကျီတို့က ဇဝေဇဝါ ဖြစ်နေဆဲဖြစ်သော်လည်း ဝမ်ယဲ့ကတော့ အကြမ်းဖျင်း ရိပ်မိလိုက်သည်။ အကြီးဆုံးသခင်လေးက လုသခင်မရှေ့၌ သူမအကြောင်း တစ်ခုခု မကောင်းပြောလိုက်ခြင်းဖြစ်မည်ဟု သူမ ခန့်မှန်းလိုက်သည်။

ဤပစ္စည်းများကတော့ လုသခင်မဘက်က ပြန်လည်လျော်ကြေးပေးသည့် နည်းလမ်း ဖြစ်ပေလိမ့်မည်။

ဝမ်ယဲ့က အလိုလိုက်ခံရပြီး ဆိုးသွမ်းနေသည့် ကလေးများကို အများကြီး မြင်ဖူးခဲ့သည်။ သူမက သေတ္တာထဲမှ ငွေစက္ကူများကို နောက်တစ်ကြိမ် ကြည့်လိုက်ပြီးနောက် မိမိကိုယ်ကိုယ် သဘောထားကြီးသူတစ်ယောက်ဖြစ်ကြောင်း စိတ်ထဲမှ မှတ်ချက်ချလိုက်သည်။

ဝမ်ယဲ့က ငွေစက္ကူများနှင့် ကျောက်စိမ်းရုယီများကို သိမ်းဆည်းရန် ထောင်ကျီကို အချက်ပြပြီး ခပ်ပေါ့ပေါ့ ပြောလိုက်ပြန်သည်။

"အကြီးဆုံးသခင်မရဲ့ စေတနာကို ငါ နားလည်ပါတယ်"

ချင်းရွှယ်က အနောက်ခြံဝင်းတွင် ကြာကြာမနေပေ။ သူမ ထွက်သွားသည်နှင့် ဝမ်ယဲ့က ငွေလျန်နှစ်ထောင်တန် ငွေစက္ကူများကို ယွင်ကျီထံသို့ ချက်ချင်းကမ်းပေးလိုက်သည်။

"နောက်ပိုင်း အခွင့်အ‌ရေးရရင် ဒီငွေစက္ကူတွေကို ငွေတုံးတွေနဲ့ သွားလဲလိုက်ဦး"

ငွေစက္ကူများက ပါးလွှာလွန်းပြီး ပျောက်ရှသွားရန် လွယ်ကူ‌သောကြောင့် ဝမ်ယဲ့က ၎င်းကို မနှစ်သက်ပေ။

ထောင်ကျီကတော့ စိတ်ကူးကောင်းကောင်းဖြင့် လျှောက်တွေးနေလေသည်။

"လုသခင်မက ဘာလို့ ဒါတွေ ပေးခိုင်းရတာလဲ၊ သခင်မက သခင်လေးမျက်နှာကို စက္ကူစတွေ ကပ်လိုက်တာကို သူ သဘောကျနေတာ ဖြစ်နိုင်လား"

ဝမ်ယဲ့က သူမကို တစ်ချက်ကြည့်ကာ ပြန်ဖြေလိုက်သည်။

"ဖြစ်နိုင်တာပဲလေ"

ချင်းရွှယ်၏ အမူအရာက ယွင်ကျီကို စိတ်အေးသွားစေသည်။ သူမက သက်ပြင်းချရင်း ပြောနေပြန်သည်။

"ဘာမှ ပြဿနာမရှိရင်ပဲ တော်ပါပြီ"

ဝမ်ယဲ့က ခေါင်းငြိမ့်ပြလိုက်သော်လည်း သူမ၏စိတ်ထဲတွင်တော့ အနည်းငယ် နောင်တရမိနေသည်။

‘လုသခင်မက ဘာလို့ စိတ်မဆိုးတာလဲ’

‘ငွေစက္ကူတွေက ဆွဲဆောင်မှုရှိတာတော့ အမှန်ပါပဲ၊ ဒါပေမယ့် လုသခင်မက ငါ့ကို အပြစ်ပေးတဲ့အနေနဲ့ အခန်းထဲမှာ ဆယ်ရက်၊ ဆယ့်ငါးရက်လောက် ပိတ်ထားလိုက်ရင် ပိုတောင် ကောင်းဦးမယ်’

ဝမ်ယဲ့က ကလေးများနှင့် ဆက်ဆံရမည့်ကိစ္စကို စိတ်မပါသောကြောင့် ထိုသို့တွေးနေခြင်းဖြစ်သည်။

***

နံနက်ခင်းက မိသားစုနှင့် မိတ်ဆက်ပေးခြင်း အခမ်းအနား ပြီးဆုံးသွားကတည်းက ဝမ်ယဲ့ ရွှီယွဲ့ကျားကို နေ့လယ်နှောင်းပိုင်းအထိ ပြန်မတွေ့ရတော့ပေ။

ဝမ်ယဲ့ သိထားသလောက် ရွှီယွဲ့ကျားအတွက် မင်္ဂလာဆောင်ခွင့် ငါးရက် ရရှိထားသည်။

သို့သော်လည်း သူမ၏ ခင်ပွန်းကို တစ်ခါတစ်ရံမှ တွေ့ရခြင်းကပင် ဝမ်ယဲ့အတွက် လုံလောက်နေပြီ ဖြစ်သည်။

ထို့ကြောင့် မင်္ဂလာဆောင်ပြီး နောက်တစ်ရက်၌ ရွှီယွဲ့ကျား အလုပ်ထဲသို့ စိတ်နှစ်လိုက်သည့် ဆုံးဖြတ်ချက်ကို ဝမ်ယဲ့က လှိုက်လှိုက်လှဲလှဲ ထောက်ခံနေသည်။

"ယောက်ျား၊ အရှေ့ဘက်ခြံဝင်းမှာပဲ ညစာစားမှာလား"

ဝမ်ယဲ့က ဖတ်နေသည့် ဝတ္ထုကို အသာချလိုက်ပြီး အနောက်ဘက်စာကြည့်ခန်းထဲမှ ထွက်လာရင်း မေးလိုက်သည်။

ရွှီယွဲ့ကျားက သူမကို တစ်ချက်ကြည့်လာခဲ့သော်လည်း သူ၏မျက်နှာထားက အေးစက်နေဆဲပင်။

"အင်း"

ဝမ်ယဲ့က အစေခံများကို ညစာပြင်ရန် ညွှန်ကြားလိုက်ပြီး သူ့ဘေးမှ ဖြတ်ကာ အတွင်းဆောင်ထဲသို့ ဝင်သွားသည်။

ယခုအချိန်တွင် ရွှီယွဲ့ကျား ပြန်ရောက်လာပြီ ဖြစ်သောကြောင့် အနောက်ဘက် စာကြည့်ခန်းက သူမ၏ နယ်မြေ မဟုတ်တော့ချေ။

ဝမ်ယဲ့က နားနေခုံပေါ်သို့ ထိုင်ချာကာ မှီနေရင်း သက်ပြင်းအရှည်ကြီး တစ်ချက်ချလိုက်သည်။ ထိုအချိန်တွင် သူမ တစ်ခုခုကို မေ့နေသလို ခံစားလိုက်ရသည်။

ခဏအကြာတွင် ဝမ်ယဲ့က ရုတ်တရက် ထထိုင်လိုက်ပြီး ပုခုံးပေါ်မှ စောင်ကို ဖယ်ကာ အတွင်းခန်းမှ ထွက်လာပြီး အနောက်ဘက်စာကြည့်ခန်းဆီသို့ အပြေးတပိုင်း ထွက်သွားတော့သည်။

တချိန်တည်းမှာပင် ရွှီယွဲ့ကျားက ဝမ်ယဲ့ စားပွဲပေါ်တွင် ဒီအတိုင်း ထားခဲ့သည့် ဝတ္ထုစာအုပ်ကို ကောက်ကိုင်လိုက်ပြီ ဖြစ်သည်။

"နေဦး"

ဝမ်ယဲ့တစ်ယောက် အသက်ပင် ရှူမှားမတတ် ဖြစ်သွားသော်လည်း အချိန်မီ တားဆီးနိုင်ခဲ့သည်။

သူမက ရွှီယွဲ့ကျား၏ လက်ထဲမှ ဖွင့်လက်စ စာအုပ်ကို လုယူလိုက်ပြီး နူးညံ့လွန်းသော လေသံလေးဖြင့် ပြောလိုက်သည်။

"ဒီစာအုပ်က ရှင်နဲ့ မသင့်တော်ဘူး"

ရွှီယွဲ့ကျားက စာကြည့်ခန်းထဲ ဝင်ဝင်ချင်း စာအုပ်စင်အသစ်တစ်စင် တိုးလာသည်ကို သတိထားမိခဲ့သည်။ ထို့နောက် စားပွဲပေါ်တွင် 'ကွန်ဖြူးရှပ်ကျမ်း' ကို တွေ့လိုက်ရသည်။ သို့သော် သူ ဖွင့်ကြည့်လိုက်သည့်အချိန်တွင်တော့ ၎င်းက 'ကွန်ဖြူးရှပ်ကျမ်း' မဟုတ်ဘဲ စာအုပ်ဆိုင်များတွင် ရောင်းလေ့ရှိသည့် ခေတ်စားနေသည့် ဝတ္ထုစာအုပ် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

သူ သေချာမကြည့်ရသေးခင် ဝမ်ယဲ့က လာလုသွားသည်။

"နေ့လယ်က ရွှမ်အာ လာလည်သွားလို့လေ၊ ဒီဝတ္ထုက သူ့အပေါ် မကောင်းတဲ့ အကျိုးဆက်တွေ လွှမ်းမိုးသွားမှာ စိုးရမ်လို့ မျက်နှာဖုံး အတုနဲ့ အုပ်ထားတာပါ"

ဝမ်ယဲ့က အလိမ်အညာ စကားကို ပေါ့ပေါ့ပါးပါး ပြောချလိုက်ပြီးမှ ရွှီယွဲ့ကျားကို နူးညံ့သိမ်မွေ့သော အမူအရာဖြင့် မော့ကြည့်ကာ ထပ်ပေးလိုက်သည်။

"ရှင် စိတ်မရှိဘူးမလားဟင်"

ယခု သူမတို့နှစ်ဦး၏ ဆက်ဆံရေးအရ ဝတ္ထုထဲမှ အကြောင်းအရာများကို သူ သိသွားရန် အချိန်မတန်သေးပေ။

ရွှီယွဲ့ကျားက ဝတ္ထု၏ အကြောင်းအရာကို မမြင်လိုက်သော်လည်း တရားရေးဝန်ကြီးဌာနတွင် နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့သူပီပီ တစ်ဖက်လူ လိမ်ပြောနေသည်ကိုတော့ ခံစားမိနေသည်။

ရွှီယွဲ့ကျား၏ အကြည့်က ဝမ်ယဲ့နှင့် စာအုပ်အပေါ် ခေတ္တမျှ ဝဲနေပြီး သူက ပြန်ပြောလိုက်သည်။

"စိတ်မရှိပါဘူး"

ဝမ်ယဲ့က ဝတ္ထုကို စာအုပ်စင်ထဲ ပြန်ထိုးထည့်လိုက်ပြီး လုံးဝခြားနားသော အမူအရာဖြင့် ပြန်လှည့်လာသည်။

"ညစာ အဆင်သင့်ဖြစ်နေပြီ၊ ယောက်ျား လာစားတော့လေ"

ရွှီယွဲ့ကျား : "..."

🌟🌟🌟🌟🌟 Thank you for always being my greatest supporter. 🌟🌟🌟🌟🌟

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment