chapter 22
အခန်း ၂၂ စာရင်းများ
ဝမ်ယဲ့က သတင်းစကားပါးရန် ရောက်လာသည့် ပိုင်မေ့၏နောက်မှ လေးလံသော ခြေလှမ်းများဖြင့် အဓိကခြံဝင်းဆီသို့ လျှောက်လှမ်းနေသည်။
သူမ၏နောက်တွင် ထူထဲလှသော စာရင်းအင်းစာအုပ်များ ပြည့်နှက်နေသည့် သေတ္တာကြီးများကို ကိုယ်စီ သယ်ဆောင်ထားသည့် အစေခံမလေး လေးယောက် လိုက်ပါလာကြသည်။
လမ်းတစ်လျှောက်တွင် ဝမ်ယဲ့တစ်ယောက် ဤအခက်အခဲမှ မည်သို့ရှောင်လွှဲရမည်ကို အသည်းအသန် စဉ်းစားနေခဲ့သည်။
‘လက်ဖက်ရည်ဆက်သတဲ့နေ့တုန်းက သခင်မလုက ဒုတိယခြံဝင်းကို ဘယ်သူက စီမံခန့်ခွဲနေတယ်ဆိုရုံလောက်ပဲ ပြောခဲ့ပြီး ကျန်တဲ့ကိစ္စတွေကို တခွန်းမှ မဟခဲ့ဘူး။ ဒါပေမယ့် ဒီနေ့ကျမှ ဘာကြောင့် ရုတ်တရက် စာရင်းစာအုပ်တွေ ယူပြီး အဓိကခြံဝင်းကို လာခဲ့ဖို့ ခေါ်ရတာတုန်း’
နယ်စားမင်းအိမ်တော်သို့ ဝင်ရောက်လာပြီးမှသာ မိသားစုပိုင်ဆိုင်မှုများကို နယ်စားကတော်အိုကြီး မကွယ်လွန်မီကတည်းက ခွဲဝေပေးခဲ့ပြီးသားဖြစ်ကြောင်း ဝမ်ယဲ့ သိခဲ့ရသည်။ အဘွားအိုက ဆိုင်ခန်းများ၊ ခြံမြေများနှင့် အခြားသော ပိုင်ဆိုင်မှု စာချုပ်စာတမ်းများကို ညီအစ်ကိုနှစ်ယောက်၏ နာမည်ဖြင့် အသီးသီး ပြောင်းလဲပေးခဲ့သည်။
ပိုင်ဆိုင်မှုများ ခွဲဝေထားသော်လည်း မိသားစုက တစ်အိမ်တည်း၌ စုပေါင်းနေထိုင်ကြပြီး သခင်မလုက အိမ်တွင်းရေးနှင့် ဘဏ္ဍာရေးကို စီမံခန့်ခွဲခဲ့သည်။ လစဉ်အသုံးစရိတ်များကိုလည်း အိမ်ထောင်စုနှစ်ခုကြား မျှတစွာ ခွဲဝေသုံးစွဲခဲ့ကြသည်။
ဒုတိယခြံဝင်းရှိ အရာအားလုံးကို လျိုယာက စီမံနေသည်ဟု ဝမ်ယဲ့ ထင်ထားခဲ့သော်လည်း အမှန်စင်စစ်တွင် လျိုယာက စားဝတ်နေရေးကဲ့သို့သော နေ့စဉ်လိုအပ်ချက်များကိုသာ စီမံနေခြင်း ဖြစ်သည်။ ရွှီယွဲ့ကျား၏ အမည်ပေါက် ဆိုင်ခန်းများနှင့် ခြံမြေများကိုတော့ ဝမ်ယဲ့နှင့် လျိုရှင်းတို့က တစ်လတစ်ကြိမ် စာရင်းစစ်ပေးရသည်။ ထို့နောက် ထိုစာရင်းဇယားများကို အဓိကခြံဝင်းသို့ ယူသွားပြီး သခင်မလုက နှစ်ကြိမ်လောက် ပြန်စစ်ဆေးလေ့ရှိသည်။ သူမ အတည်ပြုပြီးမှသာ ထိုစာရင်းကို မှန်ကန်သည်ဟု သတ်မှတ်နိုင်သည်။
အကယ်၍ စာရင်းဇယားများတွင် တစ်ခုခု လွဲချော်ခဲ့ပါက ကိစ္စများအားလုံး ရှုပ်ထွေးသွားပေလိမ့်မည်။ ထိုပြဿနာက လူကြောင့်လား၊ သို့မဟုတ် ပိုင်ဆိုင်မှုများကြောင့်လား ဆိုသည်ကိုပါ သေသေချာချာ ခွဲခြားစစ်ဆေးရပေမည်။ ဝမ်ယဲ့ကတော့ ထိုအသေးစိတ်အချက်အလက်များကို စဉ်းစားရန်ပင် ဝန်လေးနေမိသည်။
သူမ အများကြီး တွေးမိလျှင်လည်း ခေါင်းကိုက်ရပေသည်။
ဝမ်ယဲ့က အေးအေးဆေးဆေး ပေါ့ပေါ့ပါးပါး နေထိုင်ရသည့် ဘဝကို အသားကျနေပြီး ယခင်ဘဝကဲ့သို့ ပင်ပန်းဆင်းရဲစွာ အလုပ်လုပ်ရသည့် ဘဝမျိုးကို လုံးဝ ပြန်မသွားချင်တော့ပေ။
သူမ တွေးတောရင်းဖြင့် အဓိကခြံဝင်းသို့ ရောက်ရှိလာခဲ့ပြီး ဝမ်ယဲ့တစ်ယောက် ခြံဝင်းတံခါးကို ငေးကြည့်နေမိပြန်သည်။ ယခင်က ခြံဝင်းနှစ်ခုကြား အကွာအဝေးက တော်တော်ဝေးသည်ဟု သူမ ခံစားခဲ့ရသော်လည်း ယနေ့တွင် ခြေလှမ်းအနည်းငယ်အတွင်း ရောက်သွားသလို ဝမ်ယဲ့ ခံစားနေရသည်။
ပိုင်မေ့က ဝမ်ယဲ့ကို နွေးထွေးသည့် အတွင်းခန်းထဲသို့ ခေါ်ဆောင်သွားသည်။
သူမ ပထမဆုံး မြင်လိုက်ရသည်က အပူပေးထားသည့် အုတ်ကုတင်(ခန်)ပေါ်တွင် ကစားနေသော ရွှီယွိရွှမ် ဖြစ်သည်။
ငယ်ရွယ်သည့် အစေခံမလေး အချို့က ကုတင်ဘေးတွင် ဝိုင်းရံ ရပ်နေကြပြီး သခင်မလုကတော့ ကုတင်၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေကာ ကုတင်အောက်ခြေ၌ သစ်သားသေတ္တာကြီးတစ်လုံး ချထားသည်။ ထိုသေတ္တာက ယွင်ကျီတို့ သယ်လာသော သေတ္တာများထက် ပိုကြီးမားပြီး စာရင်းစာအုပ်များ ပြည့်နှက်နေသည်။
သခင်မလုက စာအုပ်တစ်အုပ်ကို လှန်လှောကြည့်နေပြီး စားပွဲငယ်လေးပေါ်ရှိ ပေသီးကလည်း တတောက်တောက် မြည်နေသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသည်နှင့် ဝမ်ယဲ့၏ ဆုံးဖြတ်ချက်က ပိုခိုင်မာလာသည်။
သူမက ရှေ့သို့ အနည်းငယ် တိုးကာ အရိုအသေပြု နှုတ်ဆက်လိုက်သည်။
သခင်မလုက အသံကြောင့် မော့ကြည့်လာပြီး ပေါ့ပေါ့ပါးပါး ဖိတ်ခေါ်လိုက်သည်။
"လာလေ... ထိုင်ဦး"
ကုတင်ပေါ်ရှိ ရွှီယွိရွှမ်ကလည်း ဝမ်ယဲ့ကို မြင်သွားပြီး သူ့မျက်နှာလေး ဝင်းပလာသည်။ ကလေးလေးက သူ ကစားနေသော ကြိမ်လုံးလေးကို ဘေးသို့ ပစ်ချလိုက်ပြီး ကုတင်ပေါ်မှ လျောဆင်းလာသည်။ သူက ဝမ်ယဲ့ နောက်တစ်ခါ ထပ်ပြေးသွားမည်ကို စိုးရိမ်နေသည့်အလား သူမကို အတင်းလှမ်းဖက်လိုက်သည်။
"မေမေ.... လာ"
ရွှီယွိရွှမ်၏ ခေါ်သံကြောင့် ဝမ်ယဲ့လည်း မတတ်သာတော့ဘဲ သူ့ဘေးတွင် ဝင်ထိုင်လိုက်ရသည်။
အတွင်းခန်းက တော်တော်လေး နွေးထွေးနေသောကြောင့် ကလေးငယ်က အတွင်းခံအင်္ကျီလေးသာ ဝတ်ဆင်ထားသည်။ သူ့၏ ဖွံ့ဖွံ့ထွားထွား ကိုယ်လုံးလေးက နွေးထွေးပြီး နူးညံ့နေသည်။
အစပိုင်းတွင် ဝမ်ယဲ့တစ်ယောက် ကလေးကို မကပ်စေချင်သော်လည်း သိပ်မကြာခင် စိတ်လျှော့လိုက်ကာ ကလေးငယ်ကို သူမအပေါ် မှီထားခွင့် ပေးလိုက်သည်။
ရွှီယွိရွှမ်က သက်တောင့်သက်သာ ဖြစ်စေသည့် အနေအထားကို ရှာဖွေလိုက်ပြီး သူ၏ လက်တိုတိုလေးနှစ်ဖက်ဖြင့် ဝမ်ယဲ့၏ လက်မောင်းကို ဖက်တွယ်ကာ တိုးတိုးလေး ခေါ်နေရှာသည်။
"မေမေ"
ကလေးငယ်က သူမ သူ့ကို ထားခဲ့ဖူးသည်များအား လုံးဝ မေ့သွားပုံရသည်။
ဝမ်ယဲ့ကလည်း တုံ့ပြန်သည့်အနေဖြင့် သူ့ခေါင်းလေးကို ပုတ်ပေးလိုက်သည်။
သခင်မလုက စာရင်းတွက်နေသည်ကို ခေတ္တရပ်လိုက်ပြီး ဝမ်ယဲ့အား ဖက်တွယ်နေသည့် ရွှီယွိရွှမ်ကို တစ်ချက်ကြည့်လိုက်သည်။
"ဒီနေ့ ငါ နင့်ကို ဘာလို့ ခေါ်လိုက်လဲဆိုတာ နင် သိပြီးသား ဖြစ်မှာပါ"
ဝမ်ယဲ့က နာနာခံခံ ခေါင်းငြိမ့်ပြလိုက်သည်။
"ဟုတ်ကဲ့... ပိုင်မေ့က ကျွန်မကို အကုန်ပြောပြပြီးပါပြီ"
ဘာမှ ထပ်မပြောခင် သခင်မလုက အစေခံမလေးများအား သစ်သားသေတ္တာများကို ချထားခဲ့ပြီး ထွက်သွားရန် ညွှန်ကြားလိုက်သည်။
"အခု နင်လည်း အိမ်ထောင်ကျပြီး နယ်စားမင်းအိမ်တော်ကို ရောက်လာပြီဆိုတော့ ဒုတိယခြံဝင်းရဲ့ ကိစ္စတွေကို ဖြည်းဖြည်းချင်း လွှဲပြောင်းယူသင့်ပြီ၊ လျိုယာနဲ့ လျိုရှင်းတို့က နင့်ကို ဝိုင်းကူကြလိမ့်မယ်"
ဝမ်ယဲ့က ခေါင်းငြိမ့်ပြလိုက်သော်လည်း သူမ၏ မျက်နှာတွင် ဝေခွဲမရဖြစ်နေသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။
သခင်မလုက ၎င်းကို သတိပြုမိသွားပြီး အလိုက်သင့် မေးမြန်းလိုက်သည်။
"ဘာဖြစ်လို့လဲ၊ အခက်အခဲတစ်ခုခု ရှိလို့လား"
ဝမ်ယဲ့က သူမကို မော့ကြည့်လိုက်ပြီး ရိုးသားဟန်လေးဖြင့် ပြန်ဖြေလိုက်သည်။
"ကျွန်မ အရင်က ဒီလိုကိစ္စတွေကို တစ်ခါမှ မစီမံခဲ့ဖူးဘူး၊ ကောင်းကောင်းမလုပ်နိုင်မှာကို စိုးရိမ်နေတာပါရှင့်"
အမှန်တကယ်တွက် ဝမ်ယဲ့ထံ၌ ယခင်က အတွေ့အကြုံအချို့ ရှိခဲ့ဖူးသည်။ သခင်မရှန်းက တင်းကြပ်သူဖြစ်သော်လည်း ဝမ်ယဲ့ အရွယ်ရောက်လာသည်နှင့် ဆိုင်ခန်းငယ်လေး နှစ်ဆိုင်ကို စီမံခန့်ခွဲခိုင်းခဲ့ဖူးသည်။ မည်သို့ပင်ဖြစ်ဖြစ် ဝမ်မိသားစုမှ သမီးတစ်ယောက်အနေဖြင့် အခြားအိမ်တော်သို့ လက်ထပ်ဝင်ရောက်သွားသည့်အခါ ဤသို့သော အိမ်တွင်းမှုကိစ္စများကို ဘာမှနားမလည်ဘဲ ရောက်သွားလျှင် မိသားစုသိက္ခာ ကျဆင်းနိုင်ပေသည်။
သို့သော် ယခု ဝမ်ယဲ့က စကားကို လှည့်ပတ်ပြောနေခြင်း ဖြစ်သည်။ သူမ "တစ်ခါမှ မစီမံခဲ့ဖူးဘူး" ဟု ပြောခြင်းက ဤမျှကြီးမားလှသော ပိုင်ဆိုင်မှုများကို မကိုင်တွယ်ဖူးခြင်းဟု ဆိုလိုသည်။ ထို့ကြောင့် သူမ လုံးဝလိမ်ပြောနေခြင်းတော့ မဟုတ်ပေ။
တစ်ဖက်တွင်လည်း သခင်မလုက ဤအချက်ကို ကြိုတင်တွက်ဆထားပုံရသည်။
"အဲ့ဒါကြောင့်ပဲ ဒီနေ့ နင့်ကို ခေါ်လိုက်တာပေါ့... ငါကိုယ်တိုင် သင်ပေးဖို့လေ"
တင်းအန်းမြို့စားမင်းအိမ်တော်၏ သမီးကြီးတစ်ယောက်အနေဖြင့် သခင်မလုက အသက်ငါးနှစ်အရွယ်ကတည်းက ဤအရာများကို စတင်သင်ယူခဲ့ရခြင်း ဖြစ်သည်။ ရိုးရှင်းရာမှ ရှုပ်ထွေးရာသို့၊ အစီအစဉ်မကျရာမှ စနစ်တကျရှိရာသို့ တဖြည်းဖြည်း တိုးတက်လာအောင် သူမ နှစ်ပေါင်းများစွာ သင်ယူလေ့ကျင့်ခဲ့ရသည်။
သခင်မလု၏ အစီအစဉ်က နှစ်ကုန်ပိုင်း အလုပ်မများမီ တစ်လခန့်အချိန်ယူကာ ဝမ်ယဲ့ကို သင်ကြားပေးရန်ဖြစ်ပြီး သူမအတွက် အားကိုးရမည့် လက်ထောက်တစ်ယောက် ရရှိနိုင်ရန် မျှော်လင့်နေခြင်းပင်။
ဝမ်ယဲ့က သခင်မလု၏ အတွေးကို မသိသော်လည်း သူမ၏ မျက်နှာပေါ်မှ ပြတ်သားမှုကို မြင်ရုံနှင့် ဤကိစ္စ ညှိနှိုင်း၍မရနိုင်တော့မှန်း နားလည်လိုက်သည်။ ခဏမျှ စဉ်းစားပြီးနောက် ဝမ်ယဲ့က ရိုးသားလှသော မျက်နှာပေးလေးကို ထုတ်ဖော်ကာ သခင်မလုအပေါ် အားကိုးတကြီးရှိဟန်ဖြင့် ပြန်ပြောလိုက်သည်။
"ဒါဆိုရင်တော့ အားနာနာနဲ့ပဲ အကြီးဆုံးယောင်းမကို ဒုက္ခပေးရတော့မှာပဲ"
သခင်မလုကတော့ ဝမ်ယဲ့၏ အမူအရာကြောင့် အပြုံးဖြင့် နှစ်သိမ့်ပေးနေရှာသည်။
"မစိုးရိမ်ပါနဲ့၊ နင် တစ်ခါလောက် လုပ်ဖူးပြီဆိုရင် အလိုအလျောက် ကျွမ်းကျင်သွားလိမ့်မယ်၊ စိတ်အေးအေးထားပါ"
ဝမ်ယဲ့က အပြင်ပန်းတွင် ထိုစကားကို ယုံကြည်ပြီး ထောက်ခံသယောင် ပြုမူနေသော်လည်း အတွင်းစိတ်ထဲကတော့ လှောင်ပြောင်နေမိသည်။
'အလိုအလျောက် ကျွမ်းကျင်သွားမယ် ဟုတ်လား... မဖြစ်နိုင်တာ'
‘ဝမ်မိသားစုက မျိုးရိုးစဥ်ဆက် ချမ်းသာကြွယ်ဝခဲ့တယ်ဆိုရင်တောင် နယ်စားမင်းအိမ်တော်ရဲ့ ပိုင်ဆိုင်မှုတွေနဲ့ ယှဉ်လိုက်ရင် ကောင်းကင်နဲ့ မြေကြီးလို ကွာခြားတယ်။ အဲ့လိုအခြေအနေမှာတောင် သခင်မရှန်းတစ်ယောက် စိတ်အေးလက်အေးနဲ့ အနားယူနေနိုင်တာကို မြင်ရဖို့ဆိုတာ ဖြစ်တောင့်ဖြစ်ခဲ ကိစ္စပဲ’
‘အခု နယ်စားမင်းအိမ်တော်လို့ ကြီးမားတဲ့ အိမ်တော်ကြီးဆိုရင် ပိုပြီး ကြောက်စရာကောင်းနေမှာ မဟုတ်ဘူးလား’
ဝမ်ယဲ့က သူမ၏စကားကို အလေးအနက်ထားသည်ဟု ထင်မှတ်သွားသော သခင်မလု၏ လေသံက နူးညံ့သွားသည်။
"နင် ကြောက်နေဖို့ မလိုပါဘူး၊ နင် အမှားလုပ်မိရင်တောင် ငါက နင့်ကို အပြစ်မပေးပါဘူး၊ ရွှမ်အာကို စနောက်နေတယ်လို့ပဲ သဘောထားပြီး စလုပ်ကြည့်ပေါ့"
ဘာမှ ပြန်မပြောနိုင်သည့် ဝမ်ယဲ့ကတော့ အပြုံးကိုသာ ဆင်မြန်းထားလိုက်သည်။
‘ဘဝက ပင်ပန်းရတဲ့ကြားထဲ အပြောပါ ခံနေရသေးတယ်’
ဝမ်ယဲ့ကို မှီပြီး ငိုက်မြည်းနေသော ကလေးငယ်က သူ့နာမည် ကြားလိုက်ရသဖြင့် ပယင်းရောင် မျက်လုံးဝိုင်းလေးများကို ဖွင့်ကာ သူ့ကိုယ်လေးကို လူးလွန့်ရင်း အသံလာရာအရပ်ကို လိုက်ရှာနေသည်။
သူ့၏ချစ်စဖွယ် အမူအရာလေးက အမှန်တကယ် ရင်အေးသွားစေသည်။
သခင်မလုက ရယ်မောပြီးနောက် ဝမ်ယဲ့၏ တိတ်ဆိတ်နေမှုကို သတိပြုမိသွားပြီး မျက်ခုံးပင့်ရင်း ထပ်မေးလိုက်သည်။
"ဘာလဲ... ငါ ပြောတာ တစ်ခုခု မှားနေလို့လား"
ဝမ်ယဲ့က အမြန်ခေါင်းခါလိုက်သည်။
"မရှိပါဘူး၊ အကြီးဆုံးယောင်းမ ပြောသမျှ အားလုံး မှန်ပါတယ်ရှင့်"
သခင်မလု : "..."
‘ဝမ်ရှီက ဒီလောက် မြှောက်ပင့်တတ်မှန်း ငါ အရင်က ဘာလို့ သတိမထားမိခဲ့တာလဲ’
"နင့်အတွက် ရိုးရှင်းတဲ့ စာရင်းစာအုပ်တစ်အုပ် ငါ ရွေးပေးထားတယ်၊ ဒီတစ်အုပ်ကနေ အရင်စလေ့လာကြည့်ပေါ့၊ နင် နားမလည်တာရှိရင် ငါ့ကို မေးလို့ ရတယ်"
သခင်မလုက သူမ ကြိုတင်ရွေးချယ်ထားသော စာရင်းစာအုပ်တစ်အုပ်ကို ဝမ်ယဲ့ဆီသို့ ကမ်းပေးလိုက်သည်။
ဝမ်ယဲ့က ထိုစာအုပ်ကို လက်နှစ်ဖက်ဖြင့် လှမ်းယူလိုက်ကာ မျက်လွှာချရင်း တိတ်တဆိတ် သက်ပြင်းချလိုက်သည်။
‘ထူလိုက်တဲ့ စာအုပ်ကြီးဟယ်...’
ထိုအချိန်တွင် ချင်းရွှယ်က အသင့်ပြင်ထားသော ပေသီးခုံကို ဝမ်ယဲ့ရှေ့သို့ ချပေးလိုက်သည်။ စိမ်းပြာရောင်ကျောက်စိမ်းများဖြင့် ပြုလုပ်ထားသော ပေသီးစေ့လေးများက ချောမွေ့တောက်ပြောင်နေပြီး အနာအဆာ လုံးဝမရှိနေချေ။
‘မှူးမတ်မျိုးနွယ်တွေ စာရင်းတွက်တဲ့ ပေသီးကတောင် ဒီလောက် လှပပြီး တန်ဖိုးရှိတာလား၊ ချမ်းသာရတာနဲ့ အာဏာရှိရတာက တကယ်ကောင်းတာပဲ’
"ကဲ... စကြည့်တော့လေ"
သခင်မလု၏ တိုက်တွန်းနေသော အကြည့်အောက်တွင် ဝမ်ယဲ့တစ်ယောက် စာရင်းစာအုပ်၏ ပထမဆုံး စာမျက်နှာကို လှန်လိုက်ရတော့သည်။
၎င်းက ပိုးထည်ဆိုင်တစ်ဆိုင်၏ စာရင်းစာအုပ် ဖြစ်သည်။ အပေါ်ယံကြည့်လျှင်ပင် စာရင်းများက သိပ်မရှုပ်ထွေးဘဲ နားလည်ရလွယ်ကူမှန်း သိသာနေသည်။ သို့သော်လည်း "သင်ယူမှုနှေးသူ" အဖြစ် ဟန်ဆောင်ရန် ဆုံးဖြတ်ထားသော ဝမ်ယဲ့က ပထမဆုံးစာမျက်နှာမှာပင် အချိန်အတော်ကြာ ရပ်တန့်နေခဲ့သည်။
ဘေးနားရှိ ကလေးငယ်ကလည်း ဝမ်ယဲ့ဘက်သို့ တိုးကပ်လာပြီး ချောင်းကြည့်နေသည်။ သူက ဝမ်ယဲ့ အိမ်ပြန်သည့်နေ့က ရထားလုံးပေါ်တွင် ပုံပြင်စာအုပ် အတူဖတ်ခဲ့ကြသည်ကို သတိရသွားပုံပေါ်ပြီး ယခုလည်း ဝမ်ယဲ့၏ ပေါင်ပေါ်သို့ တက်ရန် ကြိုးစားနေသည်။
မိခင်နှင့် သားဖြစ်သူကြားမှ ထိုလှုပ်ရှားမှုလေးများက သူမ၏ပေသီးခုံဖြင့် စာရင်းတွက်နေပြီး အလုပ်ရှုပ်နေသော သခင်မလု၏ အာရုံအောက်မှ မလွတ်မြောက်နိုင်ခဲ့ပေ။ သူမက ထိုနှစ်ယောက်ကို ကြည့်ကာ လှမ်းပြောလိုက်သည်။
"ရွှမ်အာ... မေမေ စာရင်းကြည့်နေတုန်း မနှောက်ယှက်ရဘူးလေ"
သို့သော် ရွှီယွိရွှမ်က ထိုမျှလောက် အပြောခံရရုံနှင့် ရပ်တန့်မည့်သူ မဟုတ်ပေ။ ယခု သူ့ကိုယ်လေး၏ တစ်ဝက်က ဝမ်ယဲ့ဘက်သို့ ရောက်နေပြီဖြစ်သောကြောင့် ဝမ်ယဲ့ကလည်း သူမ၏ ဘယ်ဘက်လက်ကို သူ့နောက်ကျောလေးပေါ်သို့ မသိမသာ တင်လိုက်ပြီး သူ့ကို သူမ ပေါင်ပေါ်သို့ ဆွဲတင်လိုက်သည်။
သူ လုပ်ချင်သည့်အရာကို လုပ်နိုင်သွားသည့် ရွှီယွိရွှမ်က ဝမ်ယဲ့ကို မော့ကြည့်ပြီး တဟီးဟီး ရယ်နေလေသည်။
ဝမ်ယဲ့က သူ့ခေါင်းလေးကို တစ်ခါ ထပ်ပုတ်ပေးလိုက်ပြီး စိတ်ထဲမှ ရေရွတ်လိုက်သည်။
'ကဲ... အခုတော့ အရာအားလုံး မင်းအပေါ်မှာပဲ မူတည်နေတာနော်’
သခင်မလု နောက်တစ်ကြိမ် မော့ကြည့်လိုက်ချိန်တွင် ရွှီယွိရွှမ်က ဝမ်ယဲ့၏ ရင်ခွင်ထဲသို့ ရောက်နေပြီး မိခင်ရော သားပါ စောစောက သူမ ပေးထားသည့် စာရင်းစာအုပ်အား စိုက်ကြည့်နေကြသည်ကို တွေ့လိုက်ရသည်။
ခဏအကြာတွင် သူတို့နှစ်ဦးစလုံး၏ မျက်မှာပေါ်၌ ဇဝေဇဝါဖြစ်နေသည့် အရိပ်အယောင်းလေးများ အလားတူ ဖြစ်ပေါ်လာသည်။ တစ်ယောက်က အကြီး၊ တစ်ယောက်က အသေးဖြစ်နေသော်လည်း သူတို့၏ ဝိုင်းစက်ပြီး ဖောင်းအိနေသော မျက်နှာလေးများကတော့ ရုတ်တရက်ကြည့်လိုက်လျှင် အနည်းငယ် ဆင်တူနေသလို ခံစားရစေသည်။
ဝမ်ယဲ့က ပေသီးခုံပေါ်မှ ပေသီးစေ့များကို သုံးလေးကြိမ်သာ ရွှေ့ရသေးပြီး ပထမစာမျက်နှာမှာပင် ရှိနေသေးသည်ကို မြင်လိုက်ရသောကြောင့် သခင်မလုက လှမ်းမေးလိုက်ပြန်သည်။
"နားမလည်တာရှိရင် မေးလေ"
‘အရင်တုန်းက ရွှမ်အာနဲ့ စနောက် ဆော့တုန်းကတော့ ပါးနပ်နေပြီး အခုကျမှ ဘာလို့ ဒီလောက် ထုံထိုင်းနေရတာလဲ’
ဝမ်ယဲ့က စာအုပ်ထဲမှ နေရာတစ်ခုကို ချက်ချင်း လက်ညှိုးထိုးလိုက်ပြီး သခင်မလုကို ပြလိုက်သည်။
"အကြီးဆုံးယောင်းမ... ဒီနေရာကို ကျွန်မ သိပ်နားမလည်ဘူး"
သူမ ရှေ့သို့ အနည်းငယ် ကိုင်းလိုက်ချိန်တွင် သူမ၏ပေါင်ပေါ်မှ ကလေးကလည်း လိုက်ကိုင်းသွားရသည်။ ဝမ်ယဲ့က ရွှီယွိရွှမ်၏ ဖောင်းအိနေသော ခါးလေးကို လက်တစ်ဖက်ဖြင့် အမြန်လှမ်းထိန်းပေးလိုက်သည်။
ရွှီယွိရွှမ်က စာရင်းစာအုပ်ကို ချောင်းကြည့်ပြီး ဝမ်ယဲ့ ပြောသည့်အတိုင်း လိုက်ပြောနေသည်။
"နားမလည်ဘူး"
သူက ခေါင်းလေးကိုပင် တည်တည်တံ့တံ့ ခါပြနေသေးသည်။
ဝမ်ယဲ့ကတော့ ရသမျှ အခွင့်အရေးကို အသုံးချနေပြီး နောက်ထပ်နေရာတစ်ခုကို ထပ်ပြလိုက်သည်။
"ပြီးတော့ ဒီနေရာကလည်း..."
ရွှီယွိရွှမ်က ထပ်တူ လိုက်ပြောနေသည်။
"ဒီနေရာလည်း...."
ဝမ်ယဲ့ : "နောက်ဆုံးကတော့ ဒီနေရာပါ၊ ပိုးထည်အမျိုးအစားက အတူတူပဲကို ဘာလို့ ဝယ်ဈေးက ကွာနေရတာလဲဟင်"
ရွှီယွိရွှမ်က တိုးတိုးလေး လိုက်ပြောနေပြန်သည်။
"ဈေးက... ကွာတာလဲ"
သခင်မလုကတော့ ကလေးလေး၏ အမူအရာကို ကြည့်ပြီး မရယ်ဘဲ မနေနိုင်တော့ပေ။ ဝမ်ယဲ့အား စာရင်းများ ရှင်းပြရဦးမည်ကို သူမ သတိရလိုက်ချိန်တွင် အချိန်က တော်တော်လေး ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။
ထို့နောက် သခင်မလု ဘာမှ သတိမထားမိဘဲ ဝမ်ယဲ့ နားမလည်သည့် နေရာများကို စိတ်ရှည်လက်ရှည် စတင်ရှင်းပြနေသည်။ ထိုအချိန်မှသာ သူမ၏ ယောင်းမလေးက အိမ်တွင်းမှု စီမံခန့်ခွဲရေးကိစ္စများတွင် လုံးဝ အစိမ်းသက်သက်ဖြစ်နေကြောင်း သခင်မလု နားလည်လိုက်ရသည်။
စာရင်းစာအုပ်၏ ပထမဆုံး စာမျက်နှာကိုပင် သုံးလေးကြိမ်လောက် ပြန်ရှင်းပြနေရသောကြောင့် အားကိုးရမည့် လက်ထောက်တစ်ယောက် ရလာတော့မည်ဆိုသည့် သူမ၏ အိပ်မက် မဖြစ်နိုင်တော့ကြောင်း သခင်မလု ကြိုမြင်နိုင်သွားပြီ ဖြစ်သည်။
ကံကောင်းသည်က ဝမ်ယဲ့ထံတွင် စိတ်ရှည်မှုလည်း ရှိနေခြင်းပင်။ သူမက ပထမတစ်ခါ နားမလည်လျှင် ဒုတိယတစ်ခါ၊ ဒုတိယတစ်ခါ နားမလည်လျှင် တတိယတစ်ခါ၊ အကြိမ်ကြိမ် နားလည်အောင် ကြိုးစားနေရှာသည်။ သူမက ဝီရိယရှိပြီး သင်ယူလိုစိတ်လည်း ပြင်းပြနေပုံရသည်။
မနက်ခင်း အချိန်က အလျင်အမြန် ကုန်ဆုံးသွားခဲ့သည်။ သခင်မလု၏ အသေးစိတ် ရှင်းပြမှုများအောက်တွင် ဝမ်ယဲ့လည်း သူမ၏လက်ထဲမှ စာရင်းစာအုပ်ကို နောက်ဆုံးစာမျက်နှာအထိ ဖတ်နိုင်ခဲ့သည်။ သို့သော်လည်း အစေခံများ သယ်လာသည့် သေတ္တာကြီး လေးလုံးနှင့် ယှဉ်လျှင် စာအုပ်တစ်အုပ်ဆိုသည်က ရေကန်ထဲက ရေတစ်ပေါက်မျှသာ ဖြစ်နေလေသည်။
ဘေးနားတွင် ပုံနေသည့် စာရင်းစာအုပ်ပုံကြီးကို တစ်ချက်ကြည့်ပြီးနောက် သခင်မလုက တွေးတွေးဆဆ ပြောလာခဲ့သည်။
"ဒီစာရင်းစာအုပ်တွေကို ပြန်ယူသွားပြီး နင့်ဘာသာနင် အေးအေးဆေးဆေး အရင်ဖတ်ကြည့်လိုက်လေ၊ နားမလည်တာတွေ ရှိရင်တော့ မှတ်ထားပေါ့၊ နောက်မှ ငါ ပြန်ရှင်းပြပေးမယ်၊ အဲ့လိုဆိုရင် ဘယ်လိုလဲ"
‘ဝမ်ရှီကို ရှင်းပြလိုက်၊ စာရင်းလုပ်လိုက်နဲ့ ဒီနေ့နှုန်းအတိုင်းဆိုရင်တော့ ငါ ဒီနှစ်ရဲ့စာရင်းတွေကို နောက်နှစ်အထိ လုပ်နေရတော့မယ်’
"အကြီးဆုံးယောင်းမ... ကျွန်မ လုပ်တာက အရမ်း နှေးတယ် ထင်နေတာလားဟင်"
ဝမ်ယဲ့က စိတ်မကောင်းဟန်လေးဖြင့် ရှက်နေသလို မေးလိုက်သော်လည်း သူမ၏ လက်ကတော့ ‘ဝီးခနဲ’ မြည်သည်အထိ စာရင်းစာအုပ်ကို အလျင်အမြန် ပိတ်ပြီးသွားပြီ ဖြစ်သည်။
သခင်မလုကတော့ ဝမ်ယဲ့၏ ပွင့်လင်းလွန်းလှသော စကားကြောင့် ခေတ္တမျှ မှင်တက်သွားပြီး သူမ၏ လျင်မြန်လှသော လက်လှုပ်ရှားမှုကို သတိမထားမိလိုက်ပေ။
‘ငါ ဒီလောက်ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်တဲ့ မိန်းခလေးမျိုးကို တစ်ခါမှ မတွေ့ဖူးသေးဘူး။ ပုံမှန်ဆိုရင် တချို့ကိစ္စတွေက ထုတ်မပြောဘဲ အပြန်အလှန် နားလည်မှုရှိနေရုံနဲ့ လုံလောက်နေပြီ မဟုတ်ဘူးလား’
သခင်မလုက သူမ၏ အမူအရာကို ပြန်ထိန်းပြီး အဆင်ပြေအောင် ပြန်ပြောလိုက်သည်။
"ပြဿနာတွေကို တစ်ခါတည်း စုပြီး ဖြေရှင်းတာက ပိုပြီး ထိရောက်မှုရှိနတယ်လို့ ငါ တွေးမိသွားလို့ပါ၊ နောက်ပြီး နှစ်သစ်ကူးဖို့က တစ်လကျော်ပဲ လိုတော့တာဆိုတော့ နယ်စားမင်းအိမ်တော်မှာ ပြင်ဆင်စရာတွေ အများကြီး ရှိသေးတယ်လေ၊ အခုကစပြီး ငါလည်း အရမ်းအလုပ်များတော့မှာ"
နောက်ဆုံးတွင် သူမလည်း ဝမ်ယဲ့ကြောင့် အလုပ်နှောင့်နှေးရသည်ဟု တိုက်ရိုက်ဝန်ခံလုနီးပါး ဖြစ်သွားရသည်။
ဝမ်ယဲ့က ဘယ်အချိန် နောက်ဆုတ်ရမည်ကို ကောင်းကောင်းသိထားသလို သူမ၏ ရည်မှန်းချက်လည်း အောင်မြင်သွားပြီ ဖြစ်သဖြင့် လေသံလေးကို နှိမ့်ကာ ပြန်ပြောလိုက်သည်။
"ဒါဆိုရင်တော့ အကြီးဆုံးယောင်းမ အကြံပေးသလို ပြန်ယူသွားပြီးပဲ ဖတ်ကြည့်ပါ့မယ်ရှင်"
သခင်မလုက မသိမသာ သက်ပြင်းချလိုက်ပြီး စိတ်အေးသွားပုံရသည်။ နေလည်စာ စားချိန်နီးနေပြီ ဖြစ်သောကြောင့် သူမက ထပ်ပြောလိုက်သည်။
"အချိန်လည်း လင့်နေပြီဆိုတော့ ငါနဲ့အတူတူ ဒီမှာပဲ ထမင်းစားသွားပါလား"
"အကြီးဆုံးယောင်းမကို မနှောင့်ယှက်တော့ပါဘူး၊ ကျွန်မ အနောက်ဘက်ခြံဝင်းကိုပဲ ပြန်လိုက်ပါ့မယ်၊ အဲ့ဒီမှာဆိုရင် ထမင်းစားရင်းနဲ့ စာရင်းတွေကို ကြည့်လို့ရတယ်လေ၊ ဒီမှာ နေရင် ယောင်းမကို အနှောင့်အယှက် ဖြစ်နေမှာ စိုးလို့ပါ"
သခင်မလုကလည်း ဝမ်ယဲ့ကို အတင်းအကျပ် မတိုက်တွန်းတော့ဘဲ ပေါ့ပေါ့ပါးပါး သတိပေးလိုက်သည်။
"အဲ့လောက်တော့ မလိုပါဘူး၊ နင့်ကိုယ်နင်လည်း သိပ်ပြီး မပင်ပန်းစေနဲ့နော်"
ဝမ်ယဲ့က နာခံမှုအပြည့်ဖြင့် ခေါင်းငြိမ့်ပြရင်း နှုတ်ဆက်လိုက်သည်။
"ဒါဆိုရင် ကျွန်မ သွားလိုက်ပါဦးမယ်၊ အကြီးဆုံးယောင်းမ"
နှုတ်ဆက်ပြီးသည်နှင့် ဝမ်ယဲ့က မတ်တပ်ထရပ်လိုက်ပြီး သူမ၏ရင်ခွင်ထဲမှ ကလေးကို အသာအယာ ဘေးသို့ ချပေးလိုက်သည်။ ရွှီယွိရွှမ်တစ်ယောက် ဘာဖြစ်သွားမှန်း မသိနိုင်သေးခင်မှာ ဝမ်ယဲ့က ခန်ပေါ်မှ အလောတကြီး ဆင်းသွားခဲ့ပြီ ဖြစ်သည်။
ရွှီယွိရွှမ်က လှည့်ကြည့်လိုက်ပြီး သူမ မရှိတော့သည်ကို သိလိုက်သည်နှင့် သူ့မျက်လုံးဝိုင်းလေးများဖြင့် လိုက်လံရှာဖွေတော့သည်။ ဝမ်ယဲ့ကို တွေ့သည်နှင့် ကလေးလေးက သူ့၏ လက်တိုတိုလေးများကို ဆန့်တန်းကာ လှမ်းပြောလိုက်သည်။
"မေမေ... ချီ... ချီ"
ဤတစ်ကြိမ်တွင်တော့ ဝမ်ယဲ့တစ်ယောက် သူ့ကို လျစ်လျူရှုထား၍ မရတော့ပေ။ ဤမြင်ကွင်းကို ကြည့်နေသည့် သခင်မလုက အနည်းငယ် မနာလိုဖြစ်နေမိသော်လည်း ဝင်ပြောလိုက်သည်။
"ဒါဆိုလည်း... ဒီနေ့ ရွှမ်အာကို အနောက်ဘက်ခြံဝင်းကိုပဲ ခေါ်သွားလိုက်ပေါ့၊ ညစာမစားခင်ကျမှ ပြန်ပို့ပေးလေ"
‘အခု သူတို့သားအမိ အတူတူ အချိန်ဖြုန်းပြီး နီးနီးကပ်ကပ် ရှိနေတာလဲ ကောင်းတဲ့ကိစ္စပဲ။ နောက်နှစ် နွေဦးရောက်လို့ ရွှမ်အာ အသက်နည်းနည်း ပိုကြီးလာပြီး ရာသီဥတုကလည်း နွေးထွေးလာပြီဆိုရင် ကလေးကို အနောက်ဘက်ခြံဝင်းကို အပြီးအပိုင် ပြန်ပြောင်းပေးဖို့ အကောင်းဆုံး အချိန်ဖြစ်လာလိမ့်မယ်’
သခင်မလု ဝင်ပြောလိုက်သောကြောင့် ဝမ်ယဲ့လည်း လက်ခံလိုက်ရတော့သည်။
အထိန်းတော်ကျိက ရွှီယွိရွှမ်ကို အင်္ကျီဝတ်ပေးပြီးသော်လည်း ကလေးက ဝမ်ယဲ့ဘက်သို့ လက်ဆန့်ကာ အချီခံရန် တောင်းဆိုနေဆဲပင်။ ဝမ်ယဲ့က သူ့အနားသို့ လျှောက်သွားပြီး သူ့ကို လက်တစ်ဖက်ဖြင့် ပွေ့ချီလိုက်သည်။
‘တော်သေးတာပေါ့၊ ငါ ခန္ဓာကိုယ်အချိုးအစားကို ထိန်းသိမ်းဖို့ လေ့ကျင့်ခန်းတွေ လုပ်ထားလို့သာပဲ၊ မဟုတ်ရင်တော့ ဒီကလေးကို ချီနိုင်မှာတောင် မဟုတ်ဘူး’
အထိန်းတော်ကျိနှင့် အခြားသူများကလည်း နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာကြသည်။
အနောက်ဘက်ခြံဝင်းသို့ ပြန်ရောက်လာချိန်တွင် သူမတို့နှစ်ဦးလုံး၏ ခေါင်းပေါ်တွင် နှင်းအနည်းငယ် တင်နေခဲ့သည်။ ဝမ်ယဲ့က ရွှီယွိရွှမ်ကို အတွင်းခန်းထဲအထိ ချီသွားပြီး ညောင်စောင်းပေါ်တွင် ချထားပေးလိုက်ကာ ကျန်သည့်ကိစ္စများကို အထိန်းတော်ကျိတို့ထံသို့ လွှဲပေးလိုက်သည်။
ဝမ်ယဲ့ သူမ၏အပေါ်ရုံကို ချွတ်ပြီး သက်တောင့်သက်သာရှိသော အဝတ်အစားများကို လဲဝတ်ကာ ပြန်ရောက်လာချိန်တွင် ရွှီယွိရွှမ်က ညောင်စောင်းပေါ်တွင် စောင်အထူကြီးဖြင့် ပတ်ထားပြီးသား ဖြစ်နေသည်။ ဝမ်ယဲ့၏ အခန်းတွင် ခန်ကုတင် မရှိသော်လည်း နံ့သာရနံ့နှင့် ကြမ်းပြင်အောက် အပူပေးစနစ်ကြောင့် အခန်းတစ်ခုလုံး နွေးထွေးနေသည်။
ရွှီယွိရွှမ်နှင့် အကြည့်ချင်း ခဏဖလှယ်ပြီးနောက် ဝမ်ယဲ့က ထောင်ကျီကို နေ့လည်စာပြင်ခိုင်းလိုက်သည်။ စာရင်းကိစ္စများကို စားသောက်ပြီးမှ ဆက်လုပ်ရန် ဆုံးဖြတ်လိုက်သည်။ ရွှီယွိရွှမ် ရှိနေသောကြောင့် စားပွဲပေါ်တွင် ကလေးနှင့် သင့်တော်မည့် အစာကြေလွယ်သော ဟင်းပွဲအချို့ကိုလည်း ထပ်ထည့်ခိုင်းလိုက်သည်။
ဘေးနားတွင် လူကြီးများ မရှိဘဲ ဘာမှနားမလည်သေးသည့် ကလေးငယ်တစ်ဦးသာ ရှိနေသဖြင့် ဝမ်ယဲ့ စိတ်လက်ပေါ့ပါးစွာ စားသောက်နိုင်ခဲ့သည်။
ထမင်းစားပြီးနောက် ဝမ်ယဲ့က ထောင်ကျီကို လျိုယာအား သွားခေါ်ခိုင်းလိုက်သည်။
‘ဒီစာရင်းစာအုပ် သေတ္တာကြီးတွေနဲ့ တခြားအရာတွေ... ဒါတွေကို ကိုင်တွယ်ဖို့ ငါ နည်းလမ်းရှာမှ ဖြစ်မယ်’
လျိုယာက ချက်ချင်းနီးပါး ရောက်လာခဲ့သည်။ သူမ ဝမ်ယဲ့ကို နှုတ်ဆက်ပြီးနောက်တွင် ဝမ်ယဲ့က လိုရင်းကို တိုက်ရိုက်ပြောလိုက်သည်။
"လျိုယာ... နင်က စာရင်းအင်းပိုင်းမှာ အရမ်းတော်ပြီး မြန်မြန်ဆန်ဆန် ဖြေရှင်းနိုင်တယ်လို့ ငါ ကြားထားတယ်၊ ပုံမှန်ဆိုတည်ငြိမ်တတ်တဲ့ လျိုရှင်းထက်တောင် သာတယ်လို့ ပြောနေကြတယ်"
သခင်မလု၏ ယုံကြည်အားကိုးခြင်းခံရသော ပထမတန်းစား အစေခံတစ်ဦးအနေဖြင့် လျိုယာကလည်း အခြားသူများထက် ပိုပါးနပ်ပြီး အလျင်အမြန် တွေးတောနိုင်သူ ဖြစ်သည်။ သူမက အခြားအစေခံများနှင့် ဆက်ဆံရေး ကောင်းမွန်အောင် လိုက်လျောဉီထွေ နေထိုင်တတ်ပြီး မည်သူနှင့်မျှ ပဋိပက္ခ မဖြစ်ဖူးသူလည်း ဖြစ်သည်။
ဝမ်ယဲ့၏ ရုတ်တရက် မှတ်ချက်ကြောင့် လျိုယာတစ်ယောက် တစ်စုံတစ်ယောက်က ဒုတိယသခင်မထံသို့ သူမအကြောင်း အတင်းအဖျင်းပြောခဲ့ပြီး လျိုရှင်းနှင့် သူမကြား ရန်တိုက်ပေးနေသလားဟုပင် သံသယဝင်သွားရသည်။
ထိုသို့တွေးမိသည်နှင့် လျိုယာက အလျင်အမြန် ငြင်းဆန်လိုက်သည်။
"ဒီအစေခံက စာရင်းအင်းပိုင်းမှာ သာမန်ပါပဲရှင့်၊ လျိုရှင်းက ကျွန်မထက် မှတ်ဉာဏ် ပိုကောင်းသလို အလုပ်လုပ်တဲ့နေရာမှာလည်း ပိုပြီး စေ့စပ်သေချာပါတယ်"
လျိုရှင်းက အရှေ့ဘက်ခြံဝင်းကို တာဝန်ယူပြီး လျိုယာက အနောက်ဘက်ခြံဝင်းကို ကိုင်တွယ်ရခြင်းက ကျပန်းခွဲဝေ တာဝန်ချထားခြင်း မဟုတ်ပေ။ သူမတို့၏ အားသာချက်များအပေါ် မူတည်ပြီး တာဝန်ပေးထားခြင်း ဖြစ်သည်။
ဝမ်ယဲ့က တည်တည်ငြိမ်ငြိမ် ဆက်မေးလိုက်သည်။
"အဲ့ဒီတော့... လျိုရှင်းကလည်း စာရင်းအင်းမှာ တော်တာပေါ့"
လျိုယာတစ်ယောက် ဇဝေဇဝါ ဖြစ်သွားသော်လည်း ခေါင်းငြိမ့်ပြလိုက်သည်။
"ဟုတ်ပါတယ်"
ဝမ်ယဲ့ကတော့ ထိုအဖြေကို အလွန်ကျေနပ်နေလေသည်။
‘တစ်ယောက်ထက်စာရင် နှစ်ယောက်က ပိုကောင်းတာ မဟုတ်ဘူးလား’
မကြာမီ လျိုရှင်းပါ ခေါ်ယူခံလိုက်ရသည်။ သူမတို့တစ်ယောက်စီကို စာရင်းစာအုပ် နှစ်သေတ္တာစီနှင့် ပေသီးခုံတစ်ခုစီ ပေးအပ်လိုက်သည်။
ထို့နောက် ဝမ်ယဲ့က ဘာမှ အရေးမကြီးသလို ပြောနေခဲ့သည်။
"ဒါတွေက နင့်တို့သခင်ရဲ့ နာမည်နဲ့ရှိတဲ့ ဆိုင်ခန်းတွေ၊ ခြံမြေတွေရဲ့ စာရင်းစာအုပ်တွေပဲ၊ နင်တို့နှစ်ယောက်လုံး ဒီစာရင်းတွေကို နှစ်ကြိမ်စီ ပြန်စစ်ပေးရမယ်၊ မရှင်းလင်းတာ ဒါမှမဟုတ် မှားယွင်းနေတာတွေ့ရင် အမှတ်အသားလုပ်ထားပြီး ငါ့ကို အစီရင်ခံရမယ်"
ပုံမှန်အားဖြင့် တည်ငြိမ်အေးချမ်းသော လျိုယာပင်လျှင် သူမရှေ့မှ စာရင်းစာအုပ် အပြည့်ပါသည့် သေတ္တာနှစ်လုံးကို မြင်သွားပြီး မှင်တက်သွားရှာသည်။ သူမ မမေးဘဲ မနေနိုင်သောကြောင့် ပြန်မေးလိုက်သည်။
"ဒါတွေ အကုန်လုံးကို ကျွန်မတို့ စစ်ရမှာလားဟင်"
ဝမ်ယဲ့က အပြုံးလေးဖြင့် သူမတို့ကို ချီးကျူးလိုက်သည်။
"နင်နဲ့ လျိုရှင်းက ဒုတိယခြံဝင်းမှာ အားကိုးရဆုံး အစေခံတွေလေ၊ အကြီးဆုံးယောင်းမကလည်း သူ နင်တို့ကို ဒီကို မပို့ခင် သူကိုယ်တိုင် သင်ကြားပေးခဲ့တယ်လို့ ပြောဖူးတယ်။ ဒီစာရင်းတွေက ရိုးရိုးရှင်းရှင်းတွေပါပဲ၊ နင်တို့ သင်ခဲ့ဖူးပြီးသားတွေပါ၊ ဘာမှ မစိုးရိမ်နဲ့... ခက်ခဲမှာ မဟုတ်ဘူး"
နှစ်ယောက်သား ဘာမှ ပြန်မပြောနိုင်ခင်မှာပင် ဝမ်ယဲ့က ထပ်ပြောလိုက်သေးသည်။
"ငါ နင်တို့ကို အချိန်အလုံအလောက် ပေးမှာပါ၊ တခြားကိစ္စတွေမှာလည်း နင်တို့ကို အနစ်နာခံခိုင်းမှာ မဟုတ်ဘူး"
ထိုအချိန်မှာပင် ထောင်ကျီက ရိုးရှင်းသည့် ပိုက်ဆံအိတ်လေးနှစ်လုံး တင်ထားသော ဗန်းလေးကို ကိုင်ကာ ချဥ်းကပ်လာသည်။
ဝမ်ယဲ့က ထိုအိတ်လေးများကို လှမ်းယူလိုက်ပြီး လျိုယာအတွက် တစ်အိတ်၊ လျိုရှင်းအတွက် တစ်အိတ် လှမ်းပေးလိုက်သည်။ အထဲတွင် မနေ့က ရွှီယွဲ့ကျား ပို့ပေးလိုက်သည့် ငွေပြားတစ်ပြားစီကို ထည့်ထားသည်။
‘ကြည့်စမ်းပါဦး... ဘယ်လောက်တောင် ရက်ရောတတ်တဲ့ ငါလေးလဲ၊ ရွှီယွဲ့ကျားရဲ့ စာရင်းအင်းတွေကို ကိုင်တွယ်ပေးနိုင်မယ့်သူ့ကို ရှာပေးရုံတင်မကဘဲ သူတို့အတွက် အချိန်ပိုကြေးကိုတောင် ငါ အိတ်ထဲက စိုက်ထုတ်ပေးတာနော်’
ထိုသို့သော ဖျောင်းဖျမှုအောက်တွင် လျိုယာနှင့် လျိုရှင်းတို့ ငြင်းဆန်ရန် အခွင့်အရေး မရှိတော့ပေ။ မကြာမီမှာပင် အခန်းထဲ၌ ပေသီးခေါက်သံများ ပျံ့လွင့်လာတော့သည်။
ဝမ်ယဲ့ကတော့ ဆိုဖာပေါ်တွင် အေးအေးလူလူ လဲလျောင်းနေရင်း လက်ဖက်ရည်သောက်ကာ မုန့်စားနေသည်။ ရွှီယွိရွှမ်ကလည်း သူမကို အတုယူကာ မုန့်စားလိုက်၊ ရေသောက်လိုက် လုပ်နေလေသည်။
ထောင်ကျီကတော့ ဝမ်ယဲ့တစ်ယောက် သူမကိုပါ စာရင်းတွက်နည်း ခေါ်သင်ပေးမည်ကို စိုးရိမ်သဖြင့် ခပ်ဝေးဝေး၌ သွားရပ်နေသည်။ ယွင်ကျီကလည်း ပုံမှန်ထက် ပိုငြိမ်နေပြီး စာရင်းကိစ္စထဲ ပါမသွားစေရန် လက်ဖက်ရည်နှင့် မုန့်များကို လျိုယာတို့ဆီသို့ အလျင်အမြန် သွားချပေးနေသည်။
........။.........။......
လျိုယာနှင့် လျိုရှင်းတို့ အနောက်ဘက်ခြံဝင်းတွင် နှစ်ရှီးချန်တိတိ အချိန်ကုန်ဆုံးခဲ့ရပြီး ပေသီးခုံကို ဆက်တိုက်သုံးနေရသဖြင့် သူမတို့၏ လက်များပင် တုန်ရီနေလေပြီ။
သူမတို့နှစ်ဦးစလုံး စိတ်ထဲမှ တစ်ပြိုင်တည်း တွေးလိုက်ကြသည်။
'ဒုတိယသခင်မက တကယ်ကို ကြောက်စရာကောင်းတာပဲ'
‘ပြီးတော့... ဘာလို့ ဒီစာရင်းစာအုပ်တွေက ဒီလောက်တောင် များနေရတာလဲ’
သူမတို့၏ အခန်းဆီသို့ ပြန်ရောက်လာချိန်တွင် လျိုယာက နာကျင်နေသော လက်များကို ပွတ်သပ်ရင်း ပြောလိုက်သည်။
"ငါ အကြမ်းဖျင်း တွက်ကြည့်တာတော့ ဒီစာရင်းတွေ ပြီးဖို့ အနည်းဆုံး လဝက်လောက် ကြာလိမ့်မယ်"
လျိုရှင်းကလည်း သူမ၏ နာကျင်နေသော လက်မောင်းများကို နှိပ်နယ်နေပြီး သူမ၏ မျက်နှာပေးက ပုံမှန်ထက် ပိုအေးစက်နေကာ ထုံထိုင်းနေသည့် ပုံစံမျိုး ဖြစ်နေရှာသည်။ ခဏမျှ စဉ်းစားပြီးနောက် သူမ စကားစလိုက်သည်။
"မနက်ဖြန်က သခင်ရဲ့ အားလပ်ရက်ပဲ၊ ငါ အရှေ့ဘက်ခြံဝင်းကို သွားပြီး အလုပ်အကျွေးပြုရမယ်၊ ဒုတိယသခင်မဆီမှာ ခွင့်တစ်ရက် တောင်းရလိမ့်မယ် ထင်တယ်"
လျိုယာက ထိတ်လန့်တကြား သတိပေးလိုက်သည်။
"လျိုရှင်း... စာရင်းတွေက နှောင့်နှေးလို့ မရဘူးလေ"
"ငါ့ရဲ့ ငွေပြားတစ်ဝက်ကို နင့်ကို ပေးမယ်လေ"
သို့သော် လျိုရှင်းက ခိုင်ခိုင်မာမာ ပြောလာခဲ့သည်။
"သခင်က အရေးကြီးဆုံးပဲ"
လျိုယာ : "..."
ရုတ်တရက်ဆိုသလို သူမလည်း အရှေ့ဘက်ခြံဝင်း၌ လက်ဖက်ရည် သွားချပေးချင်စိတ် ဖြစ်ပေါ်လာရသည်။
.......။.......။......
ညစာမစားမီ တွန့်ဆုတ်တွန့်ဆုတ်နှင့် ပြန်သွားရှာသော ရွှီယွိရွှမ်ကို လိုက်ပို့ပေးပြီးနောက် ဝမ်ယဲ့တစ်ယောက် ပျင်းကြောဆန့်လိုက်စဉ် ခြံဝင်းထဲ၌ လူရိပ်တစ်ခုကို တွေ့လိုက်ရသဖြင့် ကိုယ်ကို အမြန်ပြန်မတ်လိုက်ရသည်။
ရွှီယွဲ့ကျားက သူမ နားလည်မှုလွဲမည်စိုးရိမ်နေပုံရပြီး အထဲသို့ ဝင်လာသည်နှင့် ချက်ချင်း ရှင်းပြလိုက်သည်။
"စာအုပ်တစ်အုပ် လာရှာတာပါ"
ဝမ်ယဲ့က နူးနူးညံ့ညံ့လေး ပြုံးပြပြီးမှ ပြန်မေးလိုက်သည်။
"ဘာစာအုပ်ရှာတာလဲဟင်၊ ကျွန်မ ကူရှာပေးရမလား"
ရွှီယွဲ့ကျားက ခေတ္တတန့်သွားပြီး ပြန်ပြောလိုက်သည်။
"အဲ့ဒါက ရွှေရွက်နည်းနည်းနနဲ့ ငွေပြားတချို့ပါပဲ... မင်း ဒီလောက် ဒုက္ခခံနေဖို့ မလိုပါဘူး"
"အဲ့ဒါက မနေ့ကကိစ္စလေရှင်၊ အတိတ်ကို အတိတ်မှာပဲ ထားခဲ့လိုက်ပါ၊ ဒီလို အသေးအမွှားလေးတွေကို ဘာလို့ ပြန်ပြောနေမှာလဲ"
‘တကယ်တော့ ကျွန်မက တစ်ခုခုကို ရယူပြီးသွားရင်တောင် ဘာမှမဖြစ်ခဲ့သလိုမျိုး နေပေးတတ်သည့် ဇနီးကောင်းလေးပါ’
ရွှီယွဲ့ကျား : "..."
‘ငါ ဘာများ ပြောနိုင်ဦးမှာလဲကွာ’
သူ လိုအပ်သည့် စာအုပ်က စာအုပ်စင်၏ ဘေးစွန်းတွင် ရှိနေသဖြင့် ရှာရလွယ်ကူလှသည်။ စာအုပ်ကို ယူပြီးနောက် ရွှီယွဲ့ကျားက စာကြည့်ခန်းမှ ထွက်လာခဲ့သော်လည်း ဝမ်ယဲ့က သူ့နောက်ကနေ ထပ်ကြပ်မကွာ လိုက်လာပြီး ဂရုတစိုက် မေးမြန်းနေသည်။
"ယောက်ျား.... ရှင် ပင်ပန်းနေပြီလားဟင်၊ ကျွန်မ ကျောလေး ဘာလေး နှိပ်ပေးရမလား"
ရွှီယွဲ့ကျားက ခြေလှမ်းရပ်လိုက်ပြီး သူမကို လှည့်ကြည့်ကာ လိုရင်းကို တိုက်ရိုက်မေးလိုက်သည်။
"ဘာကိစ္စရှိလို့လဲ"
ဝမ်ယဲ့ကလည်း သွယ်ဝိုက်မနေတော့ဘဲ သူမ လိုချင်သည့်အရာကို ချက်ချင်း တောင်းဆို လိုက်သည်။
"အရမ်း အရေးကြီးတဲ့ ကိစ္စတော့ မဟုတ်ပါဘူး၊ ယောက်ျားရဲ့ အရှေ့ဘက်ခြံဝင်းက လျိုရှင်းကို ရက်အနည်းငယ်လောက် ငှားချင်လို့ပါ"
ရွှီယွဲ့ကျားက မျက်မှောင်ကြုတ်ရင်း ပြန်ပြောလိုက်သည်။
"သူက အစကတည်းက ဒုတိယခြံဝင်းက အစေခံပဲလေ၊ မင်းမှာ သူ့ကို တာဝန်ခွဲဝေဖို့ လုပ်ပိုင်ခွင့် ရှိပြီးသားပဲ"
ဝမ်ယဲ့၏ မျက်နှာလေးက ဝမ်းသာသွားဟန်ဖြင့် ချက်ချင်း ဝင်းပသွားတော့သည်။
"ယောက်ျားက ပေးမယ်ဆိုမှတော့ ကျွန်မလည်း အားနာမနေတော့ဘူးနော်"
ပြောပြောဆိုဆိုဖြင့် သူမက ထိုလူကြီးကို ကျော်ဖြတ်ကာ အတွင်းခန်းဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားတော့သည်။ သူမက လှည့်တောင်မကြည့်ဘဲ လှမ်းအော်ပြောလိုက်သေးသည်။
"ယောက်ျား... လမ်းမှာ ဂရုစိုက်သွားပါဦးနော်"
သူမ၏ လေသံထဲတွင် တွန့်ဆုတ်နေသည့် အရိပ်အယောင် နည်းနည်းလေးပင် မရှိနေခဲ့ပေ။
ရွှီယွဲ့ကျား : "..."
🌟🌟🌟🌟🌟 Thank you for always being my greatest supporter. 🌟🌟🌟🌟🌟