no

Font
Theme

chapter 12

အခန်း ၁၂ အနောက်ဘက်ခြံဝင်း၏ အစေခံများ

နယ်စားမင်းရွှီက မကြာသေးမီကပင် အနောက်ဘက်ဆင်ခြေဖုံး၌ စစ်သည်တော်များအား လေ့ကျင့်ပေးရန် တာဝန်ပေးအပ်ခြင်း ခံထားရပြီး ရွှီယွဲ့ကျားကလည်း ရုံးတော်တာဝန်များဖြင့် အလုပ်ရှုပ်နေသူ ဖြစ်သည်။ ထို့ကြောင့် သူတို့နှစ်ဦးစလုံး အဓိကခြံဝင်းတွင် ကြာကြာမနေနိုင်ဘဲ သူတို့၏တာဝန်များ ထမ်းဆောင်ရန် ထွက်ခွာသွားကြသည်။

ဝမ်ယဲ့ကိုတော့ လုသခင်မက စကားပြောရန် ခဏနေခိုင်းထားသည်။

လုသခင်မက သူမကို အချိန်အကြာကြီး ဆွဲမထားဘဲ အနောက်ဘက်ခြံဝင်းနှင့်ပတ်သက်သည့် ကိစ္စရပ်အချို့ကိုသာ ရှင်းပြခဲ့သည်။ လက်ဖက်ရည်တစ်ခွက်စာ အချိန်ခန့်ကြာပြီးနောက် ဝမ်ယဲ့ကို ပြန်ခွင့်ပေးလိုက်သည်။

သို့သော် ရွှီယွိရွှမ်က အဓိကခြံဝင်းတွင် ကျန်ရစ်ခဲ့ပြီး ဝမ်ယဲ့တစ်ယောက်တည်း ပြန်လာခဲ့ရသည်။

လူအားလုံး ထွက်ခွာသွားပြီးနောက်တွင် လုသခင်မက ရွှီယွိရွှမ်ကို သူမ၏ရင်ခွင်ထဲ၌ ပွေ့ပိုက်ထားရင်း တိုးတိုးလေး သင်ကြားပေးနေသည်။

"ရွှမ်အာ... စောစောက တွေ့ခဲ့တဲ့ အမျိုးသမီးက သားရဲ့မေမေနော်၊ သား နားလည်လား"

"မေမေ..."

အသက်နှစ်နှစ်အရွယ် ကလေးငယ်တစ်ယောက်၏ မှတ်မိနိုင်စွမ်းက အကန့်အသတ် ရှိနေဆဲပင်။ ရွှီယွိရွှမ်က သူ၏လုံးဝန်းသော ခေါင်းလေးကို စောင်းငဲ့ထားပြီး သူ့မျက်နှာလေးတွင် ဇဝေဇဝါဖြစ်နေမှုများ ပြည့်နှက်နေသည်။

ထိုမြင်ကွင်းကို ကြည့်ပြီး လုသခင်မတစ်ယောက် မသက်ပြင်းမချဘဲ မနေနိုင်တော့ပေ။ စောစောက သူမ ဝမ်ယဲ့ကို အဓိပ္ပာယ်ပါသော အကြည့်များစွာ ပေးခဲ့ပြီး ရွှမ်အာနှင့် ပိုမိုရင်းနှီးအောင် လုပ်စေချင်ခဲ့သည်။ သို့သော် ဝမ်ယဲ့က အနေရခက်ဟန်ဖြင့် တိတ်ဆိတ်နေခဲ့ပြီး ရွှမ်အာက သူမနှင့် မရင်းနှီးနိုင် ဖြစ်သွားရသည်။

'ကြည့်ရတာ နေ့ဘက်တွေမှာ ရွှမ်အာကို အနောက်ဘက်ခြံဝင်းဆီ ပိုပြီးခေါ်သွားပေးဖို့ အထိန်းတော်ကို ညွှန်ကြားမှ ဖြစ်တာ့မယ်၊ ကလေးကို အဲဒီမှာ အချိန်ပို နေခိုင်းရမယ်'

ထိုအချိန်တွင် ရွှီကျင့်ရုံက သူ၏ညီလေး ရွှီကျင့်လင်းကို ဆွဲခေါ်ကာ အခန်းထဲသို့ ပြေးဝင်လာသည်။ သူက လုသခင်မအနားသို့ ချဉ်းကပ်လာပြီး တောင်းဆိုလိုက်သည်။

"အမေ... ရွှမ်အာကို အနောက်ဘက်ခြံဝင်းဆီ မလွှတ်ပါနဲ့၊ အဲဒီမိန်းမက သူ့ကို ကောင်းကောင်းဆက်ဆံမှာ မဟုတ်ဘူး၊ အဲ့ဒါက သေချာနေပြီ၊ အမေက ရွှမ်အာကို ဆက်ပြီး မစောင့်ရှောက်ပေးနိုင်တော့ဘူးဆိုရင်လည်း သူ့ကို အရှေ့ဘက်ခြံဝင်းဆီ ပို့လိုက်လေ၊ ကျွန်တော်နဲ့ ဒုတိယညီလေး သူနဲ့အတူ နေပြီး စောင့်ရှောက်ပေးပါ့မယ်"

မည်သို့ပင်ဆိုစေ အရှေ့ခြံဝင်းက ကျယ်ဝန်းပြီး ရွှမ်အာ လာနေလျှင်ပင် ဘာပြဿနာမှ ရှိမည်မဟုတ်ပေ။

သူ့ဘေးနားရှိ ရွှီကျင့်လင်းကလည်း ဘာမှနားမလည်ဘဲ ခေါင်းညိတ်ပြနေသည်။ သူက အခြေအနေကို သေချာနားမလည်သော်လည်း အစ်ကိုဖြစ်သူ ရွှီကျင့်ရုံက 'မင်းသာ ခေါင်းမငြိမ့်ရင် ညီလေးကို အဝေးပို့ပစ်လိမ့်မယ်' ဟု ပြောထားသောကြောင့် သူ သူ့ညီလေးကို မခွဲချင်ဘဲ အစ်ကိုဖြစ်သူနောက်သို့ လိုက်ကာ အသနားခံပေးနေခြင်း ဖြစ်သည်။

လုသခင်မက လက်ဆန့်လိုက်ပြီး ရွှီကျင့်ရုံ၏ နဖူးကို အသာအယာ တောက်ကာ ဆူပူမာန်မဲလိုက်သည်။

"မင်း ညီလေးရှေ့မှာ ဘာတွေလျှောက်ပြောနေတာလဲ၊ မင်းတို့ရဲ့ ဒုတိယအဒေါ်က ရွှမ်အာရဲ့ အမေလေ"

လုသခင်မအနေဖြင့် ဝမ်ယဲ့အပေါ် သံသယအချို့ ရှိနေသော်လည်း ကလေးများအတွက်တော့ ဝမ်ယဲ့က သူတို့၏ လူကြီးသူမ ဖြစ်နေဆဲပင်။ သူမ၏သားနှစ်ယောက် လူကြီးတစ်ယောက်အပေါ် ရိုသေမှုမရှိခြင်းက လက်ခံနိုင်စရာမရှိသဖြင့် မိခင်ဖြစ်သည့် သူမက ပြုပြင်ပေးရန် လိုအပ်သည်ဟု လုသခင်မ ယူဆထားသည်။

ထို့အပြင် သူမအနေဖြင့် ရွှမ်အာကို သူမနှင့်အတူ ထားချင်သော်လည်း နောက်ဆုံးတွင် ကလေးက အနောက်ခြံဝင်းသို့ ပြန်သွားရမည်သာ ဖြစ်သည်။ ဝမ်ယဲ့နှင့် ရွှမ်အာကြားမှ သားအမိသံယောဇဉ်ကလည်း မလွဲမသွေ ဖြစ်ပေါ်လာရပေလိမ့်မည်။

ရွှမ်အာ၏ အနာဂတ်အတွက် လုသခင်မက သူမ၏သားများကို ဝမ်ယဲ့အကြောင်း ကွယ်ရာတွင် အတင်းပြောခြင်း သို့မဟုတ် မကောင်းပြောခြင်းမျိုး လုံးဝ ခွင့်မပြုနိုင်ပေ။

ထို့ကြောင့် လုသခင်မက တည်တင်းသော မျက်နှာထားဖြင့် ထပ်ပြောလိုက်သည်။

"သွား... မင်းရဲ့ဆရာ ပေးထားတဲ့ ဆောင်းပါးကို အကြိမ်နှစ်ဆယ် သွားထပ်ကူးတော့၊ မနက်ဖြန် ဒီလိုအချိန် ငါ့ဆီ လာပြရမယ်၊ ကျင့်လင်းကတော့ စာလုံး‌ရေ နှစ်ဆယ်တိတိ လက်ရေးလှ ရေးရမယ်"

ရွှီကျင့်ရုံနှင့် ရွှီကျင့်လင်းတို့ နှစ်ယောက်စလုံး မှင်တက်သွားကြသည်။

၎င်းက မိုးကြိုးပစ်ချခံလိုက်ရသလိုပင်။

"မေမေ... အကြိမ်ရေ နည်းနည်းလောက် လျှော့ပေးလို့ မရဘူးလား"

အသက်ရှစ်နှစ်အရွယ် ရွှီကျင့်ရုံက အလွန်ဆိုးသွမ်းသောအရွယ် ဖြစ်ပြီး လူတိုင်းအတွက် ခေါင်းကိုက်စေသည့်သူ ဖြစ်သည်။ သူ့အတွက် တစ်နေကုန် ငြိမ်ငြိမ်ထိုင်ပြီး စာကူးနေရခြင်းက ကြိမ်ဒဏ်နှစ်ချက် အရိုက်ခံရခြင်းထက်ပင် ပိုဆိုးနေလေသည်။

ရွှီကျင့်လင်းကလည်း ဝင်ပြောလိုက်ပြန်သည်။

"မေမေ... စာလုံးနှစ်ဆယ်ဆိုရင် အကြာကြီး ရေးရမှာပေါ့၊ သား လက်တွေ နာကုန်လိမ့်မယ်"

ထို့နောက် သူက လုသခင်မ၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ ချွဲနွဲ့လိုက်သည်။ ပုံမှန်ဆိုလျှင်တော့ လုသခင်မ၏နှလုံးသားကို အရည်ပျော်စေပြီး ချစ်ခင်မှုများ လွှမ်းခြုံစေကာ အလိုလိုက်မိစေမည့် အပြုအမူလေး ဖြစ်သည်။

သို့သော် ယနေ့တွင်တော့ လုသခင်မက မလှုပ်မယှက် တည်တည်ငြိမ်ငြိမ်ပင် ရှိနေပြီး တင်းမာစွာ ထပ်ပြောလိုက်သည်။

"ဝမ်ရှီက မင်းတို့ရဲ့ ဒုတိယအဒေါ်ပဲ၊ မင်းတို့ရဲ့ ဦးလေးကို ရိုသေသလိုမျိုး သူ့ကိုလည်း အလားတူ ရိုသေရမယ်၊ နားလည်လား"

ရွှီကျင့်ရုံတစ်ယောက် ထပ်ပြီး မငြင်းရဲတော့ပေ။ အကယ်၍ သူ ယခုထိ နားမလည်သေးဘူးဟု ပြောမိလျှင် အကြိမ်နှစ်ဆယ်ထပ်မက ပိုပြီး အပြစ်ပေးခံရနိုင်သည်ကို သူ နားလည်နေသည်။ သူ အလျင်အမြန် ခေါင်းညိတ်ပြလိုက်သည်။

"သား နားလည်ပါပြီ"

အသက်ငယ်သေးသည့် ရွှီကျင့်လင်းကတော့ တုံ့ပြန်မှု အနည်းငယ် နှေးနေဆဲပင်။

"ကျင့်လင်း နောက်တစ်ခါ မလုပ်တော့ပါဘူး... ဝူး ဝူး ဝူး... ဒါတွေအားလုံးက အစ်ကိုကြီးကြောင့်..."

သူက ပြောရင်းနှင့် ငိုချလိုက်သည်။ ရွှီကျင့်ရုံက ညီဖြစ်သူ၏ ပါးစပ်ကို အမြန်ပိတ်ကာ အခန်းထဲမှ ဆွဲခေါ်သွားသည်။

‘ဒီကောင်လေးက သူ ပြသနာရှာခိုင်းတာလို့ စွပ်စွဲလိုက်ရင် အဲဒါက ပိုကြောက်စရာကောင်းသွားလိမ့်မယ်’

လုသခင်မက ညီအစ်ကိုနှစ်ယောက်ကြားမှ လျှို့ဝှက်ချက်ကို ဂရုမစိုက်ဘဲ အထိန်းတော်များနှင့် အစေခံမလေးများအား သူတို့နောက်သို့ မြန်မြန်လိုက်သွားရန် ညွှန်ကြားလိုက်သည်။

ရွှီယွိရွှမ်ကတော့ သူ၏မျက်လုံးဝိုင်းလေးများဖြင့် အံ့သြတကြီး လှမ်းကြည့်နေသည်။

‘သူ့အစ်ကိုတွေက ဘယ်လိုများ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားရတာပါလိမ့်’

လုသခင်မက သူ့အမူအရာကို ကြည့်ရင်း ရယ်မောနေကာ ကလေး၏ပါးပြင်လေးကို အသာအယာ ပွတ်သပ်ပေးလိုက်သည်။

ထိုအချိန်တွင် လုသခင်မ၏ ယုံကြည်ရသော လူရင်းအစေခံတစ်ဦးဖြစ်သည့် အထိန်းတော်ရှန်းက စကားစပြောလာခဲ့သည်။

"အကြီးဆုံးသခင်လေးနဲ့ ဒုတိယသခင်လေးတို့ရဲ့ စကားတွေက နည်းနည်း ပွင့်လင်းလွန်းသလို ဖြစ်နေပေမယ့် လုံးဝ အမှားကြီးတော့လည်း မဟုတ်ပါဘူး၊ သခင်မကိုယ်တိုင်လည်း တတိယသခင်လေးကို သွားခိုင်းဖို့ တွန့်ဆုတ်နေတာ မဟုတ်ဘူးလား"

လုသခင်မက ခေါင်းခါရင်း ပြန်ပြောလိုက်သည်။

"ကျွန်မ တကယ်ကို တွန့်ဆုတ်နေမိတာတော့ အမှန်ပဲ၊ ဒါပေမယ့် ရွှမ်အာက အဓိကခြံဝင်းမှာပဲ ထာဝရ နေလို့ မဖြစ်ဘူးလေ၊ အခုလောလောဆယ်တော့ ဘာမှမဟုတ်သလို ထင်ရပေမယ့် အချိန်ကြာလာရင်တော့..."

သူမအနေဖြင့် မတ်ဖြစ်သူ၏သားကို အကန့်အသတ်မရှိ ဆက်လက်ပြုစုပျိုးထောင်ပေးနေ၍ မရပေ။ လောလောဆယ်တွင် နယ်စားမင်းအိမ်တော်က အရှိန်အဝါ ကြီးမားနေပြီး မည်သူမျှ အတင်းအဖျင်း မပြောရဲသော်လည်း ဘဝဆိုသည်က ခန့်မှန်းရခက်ခဲလွန်းလှသည်။ အနာဂတ်တွင် ဘာဖြစ်လာမည်ကို မည်သူကမျှ အာမခံနိုင်မည် မဟုတ်ပေ။

.......။.......။......

ဝမ်ယဲ့ကတော့ သူမ ထွက်ခွာသွားပြီးနောက် ဘာတွေဖြစ်ပျက်ခဲ့သည်ကို မသိတော့ချေ။ အနောက်ခြံဝင်းသို့ ပြန်ရောက်သည်နှင့် တစ်ပြိုင်နက် မီးဖိုချောင်သို့ နံနက်စာ ယူဆောင်လာပေးရန် ချက်ချင်း အမိန့်ပေးလိုက်သည်။

အဓိကခြံဝင်းတွင် စားခဲ့ရသော ဂျုံယာဂုတစ်ပန်းကန်က သူမ၏ဗိုက်ကို ပြည့်စေရန် မလုံလောက်ပေ။

သူမ၏ အတိတ်ဘဝတွင် ဝမ်ယဲ့က သူမ၏ပုံရိပ်ကို ထိန်းသိမ်းရန်အတွက် မိမိကိုယ်ကို အမြဲ ထိန်းချုပ်ခဲ့ရပြီး မည်သည့်အခါမျှ ဗိုက်ဝအောင် မစားခဲ့ရပေ။ ယခု တစ်ဖန်ပြန်လည်မွေးဖွားလာချိန်တွင်တော့ သူမက အတိတ်ဘဝ၏ အချုပ်အနှောင်များမှ ရုန်းထွက်လိုက်ပြီ ဖြစ်ကာ သူမ စိတ်ကြိုက် စားသောက်လေ့ရှိသည်။

သို့သော်လည်း ဝမ်ယဲ့က အလွန်အကျွံတော့ စားလေ့မရှိပေ။ သူမ ဗိုက်ဝပြီဟု ခံစားရသည်နှင့် ထမင်းစားတူကို ပြန်ချထားလေ့ရှိသည်။ မည်သို့ပင်ဆိုစေ အစားအလွန်အကျွံစားခြင်းက ကျန်းမာရေးကို ထိခိုက်စေနိုင်မှန်း သူမ နားလည်နေသည်။

ယခုဘဝတွင် သူမ အသက်တစ်ရာအထိ နေထိုင်ရန် ဆုံးဖြတ်ထားပြီး ထိုသို့နေနိုင်ရန်အတွက် ကောင်းမွန်သော ကျန်းမာရေးက အဓိက လိုအပ်ချက်ပင်။

သူမ ဗိုက်ပြည့်သွားသည့်အခါမှသာ ဝမ်ယဲ့တစ်ယောက် အစေခံမလေး နှစ်ယောက်ကို ခေါ်ယူ စကားပြောရန်အတွက် အားလပ်သွားတော့သည်။

"ကျန်တဲ့သူတွေကရော ဘယ်လိုနေကြလဲ၊ နေသားကျကြသွားပြီလား"

ဝမ်ယဲ့က သူမ၏အစေခံမလေးများကို မေးမြန်းလိုက်သည်။

ယွင်ကျီက အရင်ဦးအောင် ပြန်ဖြေလာသည်။

"သခင်မ ခုနကစားလိုက်တဲ့ နံနက်စာကို ဟုန်ရှင်း ပြင်ဆင်ပေးထားတာပါ"

ဟုန်ရှင်းက ဝမ်ယဲ့ အိမ်ထောင်မပြုမီ ဟမ့်ဝူခြံဝင်း၏မီးဖိုချောင်တွင် အလုပ်လုပ်ခဲ့သည့် စားဖိုဆောင်အစေခံမလေး ဖြစ်သည်။ သူမ၏ ချက်ပြုတ်မှု အတတ်ပညာ အတော်များများကို ဝမ်ယဲ့ သင်ကြားပေးခဲ့ခြင်း ဖြစ်သည်။

ဝမ်ယဲ့က ခေါင်းညိတ်လိုက်ရင်း မှတ်ချက်ချလိုက်သည်။

"ဒါကြောင့် အရသာက ဒီလောက် ရင်းနှီးနေတာကိုး"

ထောင်ကျီက ဝမ်ယဲ့၏ နောက်တွင် ရပ်ကာ သူမ၏ပုခုံးကို နှိပ်ပေးရင်း မေးလာခဲ့သည်။

"သခင်မ... အနောက်ခြံဝင်းက လူတွေအားလုံးကို သခင်မနဲ့ တွေ့ဖို့ ခေါ်လိုက်ရမလား"

သူမပင်လျှင် ယွင်ကျီ အချက်ပြနေသည့် အရိပ်အယောင်ကို နားလည်နေလျှင် ဝမ်ယဲ့ နားမလည်ရန် မဖြစ်နိုင်ပေ။

မနေ့က ဝမ်ယဲ့ ပထမတန်းစားအစေခံမလေးနှစ်ယောက်ဖြစ်သည့် လျိုယာနှင့် လျိုရှင်းတို့ကိုသာ တွေ့ခဲ့ရသည်။ ကျန်သည့်သူများကို မတွေ့ရသေးပေ။

ထို့ကြောင့် ဝမ်ယဲ့က ချက်ချင်း သဘောတူလိုက်သည်။

"ယွင်ကျီ၊ ဒီကိစ္စကို နင့်ဆီပဲ လွှဲထားလိုက်မယ်နော်"

ယွင်ကျီက အမိန့်ကို နာခံကာ အခန်းအတွင်းမှ ပြန်ထွက်သွားသည်။

မကြာမီမှာပင် လျိုယာနှင့် လျိုရှင်းတို့ ဦးဆောင်သော အစေခံမလေးများနှင့် အသက်ကြီးပိုင်း အစေခံအမျိုးသမီးတစ်အုပ် အခန်းထဲသို့ ဝင်လာကြသည်။

ဝမ်ယဲ့က အတွင်းခန်းတွင် ထိုင်နေရာမှ ထရပ်လိုက်ပြီး အပြင်ဘက်သို့ ထွက်လာခဲ့သည်။ လျိုယာနှင့် လျိုရှင်းတို့ ဦးဆောင်သော အစေခံနှင့် အလုပ်သမား တစ်ဒါဇင်ကျော်ခန့်က သူမကို တညီတညွတ်တည်း ဦးညွှတ်ဂါရဝပြုလိုက်ကြသည်။

သူတို့၏ လှုပ်ရှားမှုများက တိကျသေသပ်နေပြီး အပြစ်ပြောစရာမရှိချေ။ ၎င်းက နယ်စားမင်းအိမ်တော်ရှိ အစေခံများကို စည်းကမ်းတကျ သင်ကြားထားသည့် သက်သေပင် ဖြစ်သည်။

ဝမ်ယဲ့က အခန်း၏ အလယ်မှ ထိုင်ခုံတွင် ဝင်ထိုင်လိုက်ပြီး စမေးလိုက်သည်။

"လျိုယာ... နင် အနောက်ခြံဝင်းကို တာဝန်ယူ စီမံနေတာ ဘယ်လောက်ကြာပြီလဲ"

သူမ၏အမည်ကို အခေါ်ခံလိုက်ရသဖြင့် လျိုယာတစ်ယောက် နှလုံးခုန်မြန်သွားရသော်လည်း တည်တည်ငြိမ်ငြိမ်ဖြင့် ရှေ့သို့ တစ်လှမ်းတိုးကာ တရိုတသေ ပြန်ဖြေလိုက်သည်။

"ဒုတိယသခင်မ... ကျွန်မကို သခင်မက လွန်ခဲ့တဲ့ နှစ်နှစ်ကတည်းက အနောက်ခြံဝင်းမှာ တာဝန်ပေးထားခဲ့တာပါ"

"လွန်ခဲ့တဲ့ နှစ်နှစ်ကလား"

ဝမ်ယဲ့က ထိုအချက်ကို သတိပြုမိသွားပြီး မျက်ခုံးတစ်ချက် ပင့်လိုက်သည်။

‘တစ်ခုခုတော့ မမှန်သလိုပဲ...’

လျိုယာနှင့် လျိုရှင်းတို့က ရွှီယွဲ့ကျား၏ ပထမဇနီး အိမ်ထောင်ပြုစဉ်က လိုက်ပါလာသည့် ခန်းဝင်အစေခံများဟု သူမ ထင်မှတ်ထားခဲ့သည်။ ယခုတော့ ထိုသို့ မဟုတ်ပုံရသည်။

"နင်ကရော... လျိုရှင်း"

ဝမ်ယဲ့က ဆက်မေးလိုက်သည်။

"ဒုတိယသခင်မကို အစီရင်ခံပါတယ်... ကျွန်မလည်း လျိုယာနဲ့အတူတူပါပဲ၊ အဲဒီနှစ်မှာပဲ အနောက်ခြံဝင်းကို ရောက်လာခဲ့တာပါ"

လျိုရှင်းက တည်ငြိမ်စွာဖြင့် တုံ့ဆိုင်းခြင်း မရှိ ပြန်ဖြေလိုက်သည်။

ဝမ်ယဲ့က ကျန်နေသည့်လူအုပ်စုဘက်ကို အကြည့်လွှဲလိုက်ပြီး ထပ်ပြောလိုက်သည်။

"ကျန်တဲ့သူတွေလည်း ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ပေးကြ၊ တစ်ယောက်ချင်းစီက အနောက်ခြံဝင်းကို ဘယ်တုန်းက ရောက်ခဲ့လဲဆိုတာ ပြောပြ"

အနောက်ခြံဝင်းတွင် ပထမအဆင့်အစေခံမလေး ၂ ယောက်၊ ဒုတိယအဆင့် ၄ ယောက်၊ တတိယအဆင့် ၆ ယောက်၊ ထမင်းချက် ၂ ယောက်နှင့် အစေခံအမျိုးသမီးကြီး ၃ ယောက် ရှိသည်။ ၎င်းက အရှေ့ဘက်အ‌ဆောင်မှ လူအင်အားကို ထည့်မတွက်ရသေးသည့် အခြေအနေသာ ဖြစ်သည်။

ဝမ်ယဲ့ကတော့ ရွှီယွဲ့ကျားထံတွင် သူ့ကို ပြုစုခစားပေးမည့်သူ ဤမျှလောက် များပြားနေသည်ကို ကြည့်ပြီး သူ တော်တော်လေး ကံကောင်းသည်ဟု တအံ့တဩ တွေးနေမိသည်။

သို့သော် သူမ စိတ်ဝင်စားသွားသည့်အချက်က ထိုသူများထဲမှ သက်တမ်းအရင့်ဆုံးသူပင်လျှင် ဤနေရာသို့ ရောက်ရှိနေသည်မှာ နှစ်နှစ်သာ ရှိနေသေးခြင်းပင်။

သူတို့မရောက်ခင်က အနောက်ခြံဝင်း၌ မည်သူရှိနေခဲ့သည်ကိုတော့ ဝမ်ယဲ့က အသေးစိတ် လိုက်မမေးတော့ပေ။

မေးခွန်းတချို့ မေးမြန်းပြီးနောက်တွင် ဝမ်ယဲ့က လျိုယာနှင့် လျိုရှင်းတို့ နှစ်ယောက်မှလွဲ၍ ကျန်သူအားလုံးကို အလုပ်ဆက်ပ်ရန် ပြန်လွှတ်လိုက်သည်။

ကျန်ရစ်နေခဲ့သည့် နှစ်ယောက်ထဲတွင် လျိုယာက ပို၍ စိုးရိမ်နေပုံရသည်။ သူမက သူမအတွက်သာမကဘဲ သခင်မအသစ်က ယခုအချိန်ကို အခွင့်ကောင်းယူပြီး လျိုရှင်းအား တစ်ခုခု ပစ်မှတ်ထား လုပ်ဆောင်မည်ကိုလည်း ပူပန်နေရှာသည်။

လျိုရှင်းကတော့ သူမကိုယ်သူမ ယုံကြည်မှု အပြည့်ရှိနေခဲ့သည်။ သူမက အရှေ့ဘက်အဆောင်ကို ဘာပြဿနာမှမရှိအောင် စီမံခန့်ခွဲပေးနေသူ ဖြစ်သည်။ အကယ်၍ သခင်မအသစ်က သူမတို့ကို မတရားသဖြင့် အပြစ်ရှာခဲ့လျှင် နောင်တစ်ချိန်၌ သခင်လေးကို စိတ်ရင်းနဲ့ ဂရုစိုက်ပါ့မလားဟု သူမ တွေးနေလေသည်။

အကယ်၍ ထိုသို့သောနေ့မျိုး ရောက်လာခဲ့လျှင် နယ်စားမင်းကတော်က တရားမျှတစွာ ဆုံးဖြတ်ပေးလိမ့်မည်ဟု လျိုရှင်း ယုံကြည်ထားသည်။

ဝမ်ယဲ့ကလည်း စကားအနည်းငယ် ပြောရုံဖြင့် ထိုပထမအဆင့် အစေခံမလေး နှစ်ယောက်၏ စိတ်နေသဘောထားနှင့် အမူအကျင့်များကို အကြမ်းဖျင်း ခန့်မှန်းမိသွားပြီ ဖြစ်သည်။

လျိုယာက နူးညံ့သည့် စိတ်သဘောထားရှိပြီး လျိုရှင်းကတော့ မာန်မာန အနည်းငယ် ရှိပုံရသည်။ သို့သော်လည်း သူတို့၏ အပြုအမူနှင့် မျက်နှာပေးတွင် ရိုသေမှုကင်းမဲ့သည့် အရိပ်အယောင်ကိုတော့ ဝမ်ယဲ့ မတွေ့ရပေ။

"အကြီးဆုံးယောင်းမက မင်းတို့နှစ်ယောက်လုံးကို အရမ်း ချီးကျူးနေတာ"

ဝမ်ယဲ့က စကားကောင်းဖြင့် စတင်ကာ ဆက်ပြောလိုက်သည်။

"လျိုယာက အလုပ်လုပ်တဲ့ နေရာမှာ အရမ်းစေ့စပ်သေချာတယ်လို့ ပြောတယ်၊ ဒါကြောင့် ငါနဲ့အတူပါလာတဲ့ အစေခံတွေကို တာဝန်ခွဲဝေပေးဖို့ မင်းကိုပဲ လွှဲပေးလိုက်မယ်၊ နောက်ဆိုရင်လည်း နင်ကပဲ အနောက်ဘက်အဆောင်ကို ဆက်ပြီး စီမံခန့်ခွဲပေးပေါ့၊ လကုန်တိုင်းမှာတော့ ငါ့ဆီကို တစ်လတစ်ခါ လာအစီရင်ခံရင်မယ်"

လျိုယာက ဂါရဝ ပြုပြီး ပြန်ဖြေလိုက်သည်။

"ဟုတ်ကဲ့ပါ သခင်မ"

သို့သော် သူမ ရင်ထဲတွင်တော့ အံ့သြနေမိသည်။

‘သခင်မအသစ်က အာဏာကို သိမ်းယူဖို့ စီစဉ်ထားတာ မဟုတ်ဘူးလား.... ငါက အဲ့အတွက် ကြိုတင်ပြင်ဆင်ထားပြီးပြီလေ’

"အရှေ့အဆောင်ကိုတော့ လျိုရှင်းပဲ ဆက်ပြီး တာဝန်ယူရမယ်"

ဝမ်ယဲ့က လျိုရှင်းဘက်သို့ လှည့်ကာ ဆက်ပြောလိုက်သည်။

"ငါ့ခင်ပွန်းက ရုံးတော်ကိစ္စတွေနဲ့ အမြဲ အလုပ်ရှုပ်နေတာဆိုတော့ သူ့ကို ကောင်းကောင်း ဂရုစိုက်ပေးပါ။ သူ့ရဲ့ လက်ဖက်ရည်နဲ့ စားသောက်ဖွယ်ရာတွေကိုလည်း အဆင်ပြေအောင် ပြင်ဆင်ပေးပါ"

"...ဟုတ်ကဲ့ပါ သခင်မ"

ယခုတော့ လျိုရှင်းလည်း ဇဝေဇဝါ ဖြစ်သွားရသည်။ လျိုယာက အနောက်ဆောင်ကို တာဝန်ယူပြီး သခင်ဖြစ်သူ အနောက်ဆောင်တွင် နေထိုင်သည့်အချိန်က ရှားပါးလွန်းသောကြောင့် သူတို့နှစ်ဦးကြား ထိတွေ့မှု သိပ်မရှိခဲ့ပေ။ ဆန့်ကျင်ဘက်အနေဖြင့် လျိုရှင်းက အရှေ့အဆောင်၏ စာကြည့်ခန်းကို အမြဲတမ်း တာဝန်ယူခဲ့ရသူ ဖြစ်သည်။

လျိုရှင်း ထင်ထားခဲ့သည်မှာ သခင်မအသစ် အိမ်တော်ထဲ ဝင်ရောက်လာသည်နှင့် ပထမဆုံး လုပ်မည့်အလုပ်က သူမကို အရှေ့အဆောင်မှ ဖယ်ရှားပစ်လိမ့်မည်ဟူ၍ ဖြစ်သည်။

သို့သော် သူမ ထင်ထားသည်နှင့် လုံးဝဆန့်ကျင်ဘက် ဖြစ်နေကာ သခင်မအသစ်က သူမကို အရှေ့အဆောင်တွင် ဆက်ပြီး တာဝန်ပေးထားခဲ့သည်။

ဝမ်ယဲ့ကတော့ သူမ၏ အိမ်ထောင်ရေး သာယာမှုကို စတင်ခံစားနေရပြီ ဖြစ်၍ ရွှီယွဲ့ကျားတစ်ယောက် ကျန်းမာရေးကို ကောင်းကောင်းဂရုစိုက်ပြီး အလုပ် သိပ်မပင်ပန်းရန်သာ မျှော်လင့်နေခဲ့သည်။

‘ဘာပဲဖြစ်ဖြစ်၊ ငါအတွက် နောင်လာမယ့်နှစ်ပေါင်းများစွာအထိ သူ့ကို လိုအပ်နေဦးမှာပဲ မဟုတ်လား’

လျိုရှင်းက အခြားသူများကို ပြုစုခစားရာတွင် ကျွမ်းကျင်သည်ဟု လုသခင်မက ပြောခဲ့ဖူးသည်။ ထို့ကြောင့် ဝမ်ယဲ့က ရွှီယွဲ့ကျားအား စောင့်ရှောက်ရန် လျိုရှင်းအား အရှေ့အဆောင်၏စာကြည့်ခန်း၌ ဆက်ထားရန် ဆုံးဖြတ်လိုက်သည်။

"အခု အားလုံးလည်း တွေ့ဆုံပြီးပြီဆိုတော့ ကိုယ့်တာဝန်ကိုယ် ပြန်သွားလုပ်ကြတော့လေ"

ဝမ်ယဲ့က နူးညံ့သောအပြုံးဖြင့် သူမတို့ကို ထွက်သွားခွင့်ပေးလိုက်သည်။

"ငါ့အနားမှာ ယွင်ကျီနဲ့ ထောင်ကျီ ရှိရင် လုံလောက်ပြီ"

လျိုယာနှင့် လျိုရှင်းတို့က တစ်ဦးကို တစ်ဦး ခဏမျှ ကြည့်လိုက်ကြပြီး တစ်ပြိုင်နက်တည်း ပြန်တုံ့ပြန်လိုက်ကြသည်။

"ဟုတ်ကဲ့ပါ သခင်မ"

ထို့နောက် သူမတို့နှစ်ဦးစလုံး ပင်မအဆောင်ကြီးအတွင်းမှ ဆုတ်ခွာသွားကြတော့သည်။

အခြားလူများ အားလုံး ထွက်သွားကြပြီးနောက် ဝမ်ယဲ့က အတွင်းဆောင်ရှိ နူးညံ့သော ညောင်စောင်းပေါ်သို့ ပြန်တက်သွားသည်။

ယွင်ကျီကတော့ သူမ၏ စိုးရိမ်မှုကို မအောင့်နိုင်ဘဲ ပြောလာခဲ့သည်။

"သခင်မ... လျိုရှင်းကို အရှေ့ခြံဝင်းမှာ ဆက်ထားလိုက်ရင်... နောင်တစ်ချိန်မှာ သခင်ကြီးက..."

သူမက စကားလုံးကို ဂရုတစိုက် ရွေးချယ်ရင်း ထပ်မေးလာပြန်သည်။

"တကယ်လို့ အဲဒီလိုမျိုး ဖြစ်လာခဲ့ရင် သခင်မ ဘယ်လိုလုပ်မလဲဟင်"

ဝမ်ယဲ့က ထောင်ကျီ ကမ်းပေးသည့် လက်ဖက်ရည်ကို တစ်ငုံသောက်လိုက်ပြီးမှ ပြန်ဖြေလိုက်သည်။

"အဲဒီလိုကိစ္စမျိုးတွေက ငါ့ရဲ့ ထိန်းချုပ်မှုအပြင်ဘက်မှာ ရှိတဲ့ကိစ္စတွေလေ"

ယွင်ကျီက ခေတ္တတုံ့ဆိုင်းသွားပြီးမှ ခေါင်းညိတ်ပြလာခဲ့သည်။

"သခင်မ ပြောတာ မှန်ပါတယ်"

‘အမျိုးသမီးကိစ္စတွကို စိတ်မဝင်စားလို့ နာမည်ကြီးတဲ့ သခင်မရဲ့အဖေ ဝမ်လူကြီးမင်းမှာတောင် ကိုယ်လုပ်တော် သုံးယောက်ရှိခဲ့တာပဲလေ’

သူမတို့ ဆက်တွေးလိုက်ချိန်တွင် ရွှီယွဲ့ကျားက ဝမ်ယဲ့နှင့် မတွေ့ခင်ကတည်းက တစ်ကြိမ် အိမ်ထောင်ကျဖူးပြီးသား ဖြစ်သည်။

ထောင်ကျီကတော့ မကျေမနပ်ဖြင့် ရေရွတ်လိုက်သည်။

"ယောက်ျားဖြစ်ရတာ တော်တော် ကောင်းတာပဲ"

ဝမ်ယဲ့က ခပ်တိုးတိုး ရယ်မောလိုက်ပြီး ပြတင်းပေါက် အပြင်ဘက်ကို ငေးကြည့်နေပြန်သည်။

‘တကယ်တော့ လျိုရှင်း တစ်နေ့မှာ ကိုယ်လုပ်တော် ဖြစ်လာမလားဆိုပြီး သူမ တွေးတော ပူပန်နေတာမျိုး မရှိဘူးလေ’

‘တကယ်လို့ ရွှီယွဲ့ကျားကသာ လျိုရှင်းအပေါ် စိတ်ဝင်စားနေခဲ့ရင် သူမ လျိုရှင်းကို ကမ္ဘာ့ဆုံးတဲ့အထိ နှင်ထုတ်လိုက်ပါစေဦး၊ အပိုအလုပ်ပဲ ဖြစ်သွားလိမ့်မယ်၊ လျိုရှင်း မရှိရင်တောင် နောက်ထပ် 'ရှောင်ရှင်း'တွေ ‘ကျင်းရှင်း’တွေ ထပ်ရှိလာနိုင်သေးတယ်’

‘အဲ့လိုကိစ္စရပ်တွေက အစကတည်းက စိတ်ကူးယဉ်မျှော်လင့်ချက်ထားပြီး ချဉ်းကပ်သင့်တဲ့အရာတွေ မဟုတ်ဘူး’

‘အနောက်ဘက်အဆောင်ရဲ့ အိမ်တွင်းရေးကိစ္စတွေဆိုရင်လည်း လျိုယာက လုံလောက်တဲ့ အရည်အချင်းရှိတဲ့အတွက် ဘာလို့ သူမက အပိုတာဝန်တွေ ယူပြီး အပင်ပန်းခံနေရဦးမှာတုန်း’

‘လူတိုင်း ကိုယ့်အလုပ်ကို လုပ်ကြပြီး လူတိုင်း ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်ကြရင် ပိုကောင်းမှာ မဟုတ်ဘူးလား’

🌟🌟🌟🌟🌟 Thank you for always being my greatest supporter. 🌟🌟🌟🌟🌟

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment